Tuesday, September 23, 2008

အလွမ်းလွန်ရာသီ

ခံစားချက်တွေ တင်းကြမ်းပြည့်လျှံနေလည်း
ကဗျာရေးဖို့ အလွမ်းမသင့်
ကဗျာဆိုတာ အလွမ်းရင့်မှ ရတတ်တာမျိုး။ ။

ကောင်းကင်ကိုကြည့်ပြီး
မြေကြီးကိုချစ်တတ်သူတွေဟာ
ကမ္ဘာဦး သူရဲကောင်းတွေပေါ့။

တစ်ဦးတစ်ယောက်၊တစ်ရုံးတစ်စည်းခံတွင်းမြိန်ဖို့ဆိုတာ
ခံစားနာကျင်မှုတွေရှိဖို့လိုတယ်။
အနက်ဖြန်ကိုမျှော်လင့်ထားရင်
အဲ့ဒီမျှော်လင့်ရာတွေ ကိုယ့်ဆီပြန်လာပါလိမ့်မယ်....။

ဆင်တစ်ဖက်၊မြင်းတစ်ဖက်ဖြစ်နေတဲ့
ဟောဒီအမိုးအကာထဲ ခိုလှုံဖို့ဝေးလို့
စိတ်ကူးအိပ်မက်တွေတောင် ကစဥ့်ကလျားနဲ့မို့
မွေးဖွားသန့်စင်ထားတဲ့ အနှစ်လေးတွေပြန့်ကျဲမသွားအောင်
သေသေချာချာ သိမ်းဆည်းထားရရဲ့။ ။

လမ်းသင့်လို့ ခြေဆန့်မိလည်း
အလွမ်းမသင့်တဲ့ အရိပ်မှာ မခိုလှုံချင်
ခေါင်းခါးခြေလက် မပျက်သေးသမျှ
ယုံကြည်ချက်တွေကို တန်ဖိုးထားချစ်နေရဦးမယ်.
ဖြတ်သန်းမှု နှစ်ကာလ၊လောကဓံဆူးတို့ပွန်းရှ
ဘ၀တံခါးသော့ မပိတ်သေးသရွေ့
ကဗျာနေ့ ကဗျာည
ကဗျာနေ ကဗျာလနဲ့
မျှော်လင့်ချက်တွေကိုရွှေချထားဦးမယ်။ ။

မင်းထက်ခိုင်

ဒီကဗျာက ချယ်ရီမဂ္ဂဇင်းမှတဆင့်ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။
ချယ်ရီမဂ္ဂဇင်းဟာ အသွင်သစ်နဲ့ ကိုယ်ပိုင်စတိုင်နဲ့ပြန်လည်ထုတ်ဝေနေတာဖြစ်ပါတယ်။
သူ့ထဲမှာပါတဲ့ ကဗျာတွေအကုန်လုံးကိုလေးနက်စွာပဲ ဖတ်ဖြစ်ပါတယ်။
ခုပြန်ပြီးကျမစာမျက်နှာပေါ်မှာတင်တယ်ဆိုတာကလဲ အဝေးရောက်နေတဲ့အစ်ကို၊အစ်မ ကဗျာချစ်သူများပြန်လည်ခံစားနိုင်ရန် မျှဝေခြင်းသာဖြစ်ပါတယ်။

No response to “အလွမ်းလွန်ရာသီ”