Tuesday, September 23, 2008

လူကြီးများနှင့် စကားစမြည်

သက်တမ်းရင့် နာမည်ကြီးဂျာနယ်တစ်စောင်ရဲ့ အကြီးအကဲ journalist တစ်ယောက်နဲ့ စကားတစ်ခါ ပြောဖူးပါတယ်။
ဘာလို့ သူ့ကိုအဲ့လို ညွှန်းရသလဲဆိုတော့ နာမည်ရေးရင် လွယ်လွယ်လေးနဲ့ရှင်းသွားနိုင်ပါတယ်၊ဒါပေမယ့် ကျမ မရေးချင်ပါဘူး။
ဆိုပါတော့.. ဗမာပြည်ရဲ့ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး ဂျာနယ်က လူကြီးတစ်ယောက်နဲ့ ကျမ စကားလက်ဆုံကျဖူးပါတယ်။
ပြောဖြစ်တာတွေကတော့ အများကြီးပါပဲ..ကိုယ့်ထက် ရင့်ကျက်တဲ့ လူတွေနဲ့ဆို စကားပြောရတာ သိပ်ကိုနှစ်ခြိုက်တတ်တဲ့ ကျမအတွက်တော့ မဟာအခွင့်အရေးတစ်ခုကို ရသလိုမျိုးကို ခံစားရပြီး ကျေလဲကျေနပ်မိပါတယ်..

အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ လူကြီးဆိုပေမယ့် ကျမလို ငချွတ်တစ်ယောက်ကို (တချို့စကားတွေမှာ)အရေးတယူထားပြီး နားထောင်ပေးပါတယ်..နားလည်ပေးပုံလဲ ပေါ်ပါတယ်...ကျမဒီလိုပြောတာက အကြောင်းရှိပါတယ်..ဘာလို့ဆိုတော့ လူငယ်ဆိုတာ အနာဂတ်ကိုဖန်တီးတယ် ဆိုတဲ့ စကားအရ ဒီနေ့ ကျမတို့ဆီမှာ ဖြစ်နေတဲ့ မပြေလည်မှုတွေအားလုံးဟာ ကျမတို့ လူငယ်တွေ ညံ့ဖျင်းလို့ဆိုတဲ့ အယူအဆတွေဟာ တချို့ လူကြီးတွေမှာ ရှိနေတတ်ပါတယ်...ကျမတကယ်ကြုံဖူးပါတယ်
ကြုံရတိုင်းလဲ အောင့်သက်သက်နဲ့ပဲ ငြိမ်နေရတာပါပဲ..
(မနေလို့လဲ ကိုယ်က သူတို့လောက်မှ မသိ၊မတတ်၊နားမလည်သေးတာကိုး)ဟုတ်ဘူးလား...:)

ကျမတို့ စကားဝိုင်းဟာ ခေါင်းစဉ်အမျိုးမျိုးအောက်ကနေ ပြည့်သိပ်မွမ်းကျပ်လို့နေပါတော့တယ်...
သူတစ်လှည့်ကိုယ်တစ်လှည့်ပြောကြရင်းက ကျမအတွက်မှတ်သားစရာတွေက မနည်းမနောပါပဲ...
လူကြီးနဲ့ လူငယ်စကားပြောရင် ဒီလိုပဲဖြစ်တတ်လေ့ရှိသလားတော့ မသိပါဘူး..ဘာလို့လဲ ဆိုတော့ အဲ့ဒီလူက ချက်ချင်းဆိုသလို ကျမရည်ရွယ်ချက်တွေ၊ဖြစ်ချင်တာတွေကို ခန့်မှန်းသိရှိသွားတယ်လို့ ကျမတော့ထင်ပါတယ်
ဒါကလဲ သိပ်တော့မထူးဆန်းပါဘူး ..
စိတ်ထဲရှိသလို စကားကိုပြောတတ်တဲ့လူတစ်ယောက်ကို ခန့်မှန်းရတာ သိပ်ခဲယဉ်းတဲ့ အလုပ်လဲ မဟုတ်တန်ပါဘူးလေ...

လူကြီးတစ်ယောက်နဲ့ တစ်ခါစကားပြောပြီးတိုင်း ကျမမှာ တွေးစရာတွေ တစ်ပုံတစ်ပင်ရလာတတ်ပါတယ်..
ပြန်တွေးရင်း...သူ့ကိုကျေးဇူးတင်တာတွေလဲ ရှိသလို..တချို့ သဘောထဲ သိပ်မတွေ့တဲ့ အကြောင်းအရာတွေလဲ ပေါ်ပေါ်လာတတ်ပါတယ်..တစ်ခါတစ်လေဆို လူကြီးတွေနဲ့တွေ့ဆုံ စကားပြောပြီးရင် စိတ်ခံစားချက်တွေများလွန်းလို့ နောက်ထပ်တစ်ခါ ဘယ်တော့မှ စကားလက်ဆုံမကျမိအောင် နေမယ်..
ဆုံလဲ ဘာမှ မပြောမိအောင်နေမယ်..ဒီလိုတွေးထားပေမယ့် တကယ့်လက်တွေ့မှာတော့ ဖြစ်မလာသေးပါဘူး..နောက်ပြီး ဒါက မကောင်းတဲ့ အလုပ်မှလဲ မဟုတ်တာပဲလေ လို့...တွေးတွေးနေရပါတယ်...

ဒီစာကို ရေးနေရင်းလဲ တွေးမိပါတယ် ဘာမှ မဟုတ်တာကို ငါလျှောက်ရေးနေမိပြန်ပြီလို့..အတွေးတွေက မရှင်းလို့ ငါရေးတာတွေ မရှင်းမလင်းဖြစ်နေတာနေမှာလို့လဲ တွေးမိပါတယ်..

ကျမကို အဲ့ဒီ experienced journalist ကအဲ့ဒီနေ့တုန်းက ပြောတဲ့..ကျမလဲ စိတ်ထဲစွဲနေတဲ့ စကားတစ်ခွန်းက
"မင်း အတွေးရှင်းအောင်နေရမယ် မင်းအတွေးမရှင်းသရွေ့ မင်းရဲ့ အရေးတွေလဲ ရှင်းမှာ မဟုတ်ဘူး" တဲ့။

ကျမခုလေးတင်ပဲ တွေးမိပါတယ် ...တစ်ခါတစ်လေကျတော့ လူကြီးတွေရဲ့ မှတ်ချက်တွေဟာ သိပ်မှန်တတ်ပါလားလို့

ဒိ့အပြင် ကျမအတွက်ဆိုရင်တော့ မှတ်ချက်တွေဟာ အရိပ်တစ်ခုလို ကျမနောက်ကလိုက်နေတတ်တယ်...

One response to “လူကြီးများနှင့် စကားစမြည်”

kay said...

သိပ္မွန္တာေပါ့..