Monday, December 26, 2011

သို့.. ဒိုင်ယာရီ

မည့်သည်အရာကိုမဆို ဆုံးရှုံးခံလိုက်ဖို့ ၀န်မလေးတော့တဲ့စိတ် ကိုယ့်ဆီကိုရောက်လာတဲ့အချိန်ကျမှ
အရင်တုန်းက ကိုယ်ဘယ်လောက်ထိ ပင်ပန်းနေခဲ့သလဲဆိုတာ သိလာရတယ်။ အဲ့ဒီအသိနဲ့အတူပဲ တပါတည်း
ရောက်လာတဲ့စိတ်ခံစားမှုက ကုန်ဆုံးတဲ့အချိန်တွေအတွက် ကိုယ်...သိပ်ကို နှမြောနေမိတော့တာပါ။

ဒီအချိန်မှာ ကိုယ့်ချာတိတ်ဘ၀တုန်းက သူငယ်ချင်းတစ်ယောက် ကိုယ့်ကိုအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို
ပြန်အမှတ်ရမိတယ်။ သူပြောလေ့ရှိတာ "နင့်ခံစားချက်အတွက်ပဲ နင်ဦးတည်စဉ်းစားစမ်းပါ " ဆိုတာ။ တကယ်တော့ ကိုယ်လဲ ကိုယ့်ခံစားချက်အတွက်ပဲ စဉ်းစားတာပါ။ ကိုယ်လဲ ပုထုစဉ်လူသားပဲ။ ကိုယ် သူများအတွက်ပဲ စဉ်းစားပါတယ်လို့ မပြောလိုပါဘူး။ ဒိုင်ယာရီ.. မင်းကိုမို့ ကိုယ်ရိုးသားစွာ ၀န်ခံပါတယ်။ ကိုယ် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှ မစဉ်းစားပေးခဲ့ပါဘူး။

တခုရှိတာက ကိုယ့်စဉ်းစားပုံ မှားနေခဲ့တာ နေမှာပါ။

နောက်ထပ်တမျိုး ကိုယ်ထပ်စဉ်းစားမိပြန်တယ်။ တကယ်ပဲ ကိုယ့်စဉ်းစားပုံ မှားခဲ့သလား။မမှားလို့သာ ကိုယ်လုံးဝ ကျွံကျမသွားသေးခင်မှာ သတိထား လိုက်မိတာနေမှာ။ ဒီတော့... ကိုယ်စဉ်းစားတာ နောက်ကျသွားတာပဲ လို့ထင်မိပြန်ရောကွယ်။ သို့မဟုတ်ရင်လဲ စောသွားခဲ့တာ မျိုးလဲ ဖြစ်နိုင်ပါတယ်လို့ ကိုယ်ဒီလိုပဲ တွေးပါတယ် ဒိုင်ယာရီ....။

ဟုတ်တယ်.. ဒီနေရာမှာ ကိုယ်ဘာဖြစ်နေတာလဲဆိုတဲ့ ပွိုင့်ကိုဖမ်းမိသွားပြီ။ ကိုယ်က အမြဲပဲ ကိစ္စရပ်တိုင်းမှာ စောချင်စောနေ၊ ဒါမှမဟုတ်လဲ နောက်ကျချင် နောက်ကျနေတတ်တယ်။ ကိုယ်ရယ်၊ အခြေအနေရယ်၊ အချိန်အခါရယ် အမြဲလွဲနေခဲ့တယ်။

=========

ကိုယ်တို့ တက္ကသိုလ်တက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားဘ၀ အနှစ်သာရ ကို သေချာမခံစားခဲ့ရဘူး။တက္ကသိုလ်ဆိုတာ ဘာမှန်းမသိတဲ့ တက္ကသိုလ်မှာ ကိုယ်တို့တက်ခဲ့ရတယ်။ အဲ့ဒီအခြေအနေကို လက်မခံနိုင်တဲ့ ကိုယ်က အဲ့ဒီအသိုင်းအ၀ိုင်းကနေ စောစောစီးစီးပဲ လက်ပြနှုတ်ဆက် ထွက်လာခဲ့တယ်။ အမှန်တော့ ကိုယ်သေချာမသိတဲ့အရာတွေ ရှိနေခဲ့မှန်း ကိုယ်ခုမှသေချာသိသွားတယ်။ ဘာလဲဆိုတော့ အဲ့ဒီအချိန်ထဲက ကိုယ်တို့တိုင်းပြည်လေးမှာ တက္ကသိုလ်နဲ့မတူတဲ့ တက္ကသိုလ်တွေပဲ ရှိနေပြီး အဲ့ဒီလိုတက္ကသိုလ်တွေမှာ တက်နေခဲ့တာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဆိုတာ...။

နောက်တော့ ကိုယ် အလုပ်တွေစလုပ်ဖြစ်တယ်။ ငယ်ရွယ်တယ်၊ ဖျတ်လတ်တက်ကြွတယ်၊ သင်ယူ၊လေ့လာ၊နာခံဖို့အတွက် ကိုယ့်မှာ စိတ်တွေ ၁၀၀ % ဘက်ထရီအင်အားအပြည့်နဲ့။ တစ်ခုခုကို သင်ယူတတ်မြောက်လွယ်မှုဆိုတဲ့နေရာမှာလဲ အားသာချက်၊ အားနည်းချက်တော့ ရှိတာပဲ။
သင်ယူတတ်မြောက်လွယ်မှုကြောင့် ကိုယ်အလုပ်တွေမှာ စောစောစီးစီးနဲ့ လွယ်လွယ်ကူကူ အဆင်ပြေ၊ အသားကျသွားလေ့ရှိတယ်။ ဒါပေနဲ့ ချက်ချင်းပဲ အဲ့ဒီအလုပ်ရဲ့ အကြီးအကဲတွေ၊ လူမှုစီမံခန့်ခွဲမှုတွေကို ကိုယ် စောစောစီးစီးကြီးသိသွားပြန်တယ်။ အထူးသဖြင့် သူတို့ရဲ့ ခံယူချက်တွေကို မနှစ်သက်တော့ပြန်ဘူး။ အဲ့ဒီအခါ ကိုယ်.. အဲ့ဒီပတ်ဝန်းကျင်ကနေ ပြေးထွက်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းကလဲ ကိုယ်မေ့နေခဲ့တာ တစ်ခုရှိတယ်။ "လူ့ဘ၀ကို ရှင်သန်ဖြတ်သန်းမှုပုံစံမှာ ကိုယ်ရောက်ရှိကျင်လည်နေတဲ့ ပတ်ဝန်းကျင်သာ မဟုတ်ဘူး။ နေရာအတော်များများဟာ ညစ်ထေးနေကြတယ်" ဆိုတာ ကိုယ်မေ့လျော့ထားခဲ့တာပေါ့။

ကိုယ် ငယ်ငယ်တုန်းက ကိုယ့်အမေနဲ့ ကိုယ့်အစ်ကိုနဲ့ရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတာ မင်းလဲ အသိပါပဲ ဒိုင်ယာရီရယ်...။ ကိုယ့်အမေက သာမာန်ကျေးတောသူမို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နည်းက သူနဲ့ သူမရဲ့ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနည်းတစ်ခုပေါ့။ ကိုယ့် အစ်ကိုကျတော့ ဒီလိုမဟုတ်ဘူး။ အမေ့လို တရွေ့ရွေ့နဲ့ မသွားဘူး။ သူ့ရဲ့ စီးပွားရေးနယ်ပယ်မှာ ရွေ့လျားမှုနှုန်းက မြန်ဆန်တယ်။ နောက်ပိုင်းမှာ ကိုယ်အရွယ်မရောက်ခင်မှာပဲ ဘယ်လိုစိတ်ကူးနဲ့ ကိုယ့်ကို သူ့အုပ်ထိန်းမှုအောက်ကနေ လွှတ်ပေးခဲ့သလဲ မသိဘူး။ ကိုယ့်လမ်းကို ကိုယ့်ဘာသာကိုယ်ပဲ စမ်းတ၀ါးဝါးနဲ့ စလျှောက်ရတော့တယ်။

သူ့လွှမ်းမိုးမှုအောက်ကနေ လွတ်လွတ်ချင်းမှာ ကိုယ်အရင်ဆုံး သူ့အပေါ်ထားမိသွားတဲ့အမြင်က "ကိုယ့်အစ်ကို သည် တော်တော်လေးကို မရိုးသားတဲ့လူတစ်ယောက်ဖြစ်နေပြီ " ဆိုတာ...။

ဒါနဲ့ပဲ သူ့ထက် ကိုယ့်ရဲ့ ရွေ့လျားမှုနှုန်းက ပိုမြန်ဆန်တယ်ဆိုရမယ်။ ခုအချိန်မှာ ကိုယ်က သူနဲ့ ခံစားမှုတွေတူ၊ ဖြတ်သန်းပုံတွေတူနေပြီ။ ကိုယ့်ထက် အသက် ၁၃ နှစ်လောက်ကြီးတဲ့ အစ်ကိုနဲ့ ကိုယ့်ဖြတ်သန်းပုံတွေ မတူနေသင့်ဘူးမလား။ ကိုယ့်စိတ်တွေ အဲ့လောက်ထိ အိုစာ မနေသင့်ဘူးမလား။

==========

ကိုယ် ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသလဲ..။ အဲ့ဒီအပြောင်းအလဲတွေကို ကိုယ်မသိလိုက်ဘူး။
ဒါပေမယ့် ကိုယ့်ဘ၀မှာ အပြောင်းအလဲတိုင်းက အဲ့ဒီလိုပါပဲ။ ကိုယ်သတိမထားမိ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန်မှာပဲ ကိုယ်ကိုယ်တိုင်က ပြောင်းလဲနေနှင့်ပြီ ဒိုင်ယာရီ... အဲ့ဒါကိုတော့ မင်းလဲ သတိထားမိမယ် ထင်ပါတယ်။

=========

အခုလောလောဆယ်မှာ ကိုယ်ပြောင်းလဲသွားတာ တစ်ခုရှိတယ်။ အဲ့ဒါက ဘယ်သူ့ကိုမဆို ဆုံးရှုံးခံလိုက်ရဖို့ ၀န်မလေးတော့ဘူး ဆိုတာပါပဲ။ ကိုယ့်ခံစားမှုတွေကို ကိုယ်ထိန်းချုပ်ပစ်လိုက်တယ်။ တနည်းအားဖြင့် ကိုယ့်နှလုံးသားရဲ့ စေစားမှုတွေကို ကိုယ်ကိုယ်တိုင် လွှတ်ချပစ်လိုက်တာပါပဲ။ သေသေချာချာ ဆင်ခြင်ကြည့်တဲ့အချိန်ကျတော့.. ကိုယ့်နှလုံးသားမှာ အဲ့ဒီ "မနှမြောတတ်တော့စိတ် " က ပြောင်းလဲ သန္ဒေတည်နေပြီ။

သို့သော်.. အဲ့ဒီအပြောင်းအလဲကိုတော့ ကိုယ် တဆိတ်နောင်တရမိကြောင်း ၀န်ခံလိုပါတယ်။ ဟုတ်တယ်။ ကိုယ်အဲ့ဒီအပြောင်းအလဲကို မနှစ်သက်ဘဲ၊ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပါ ဒိုင်ယာရီ...။

=====

ဒိုင်ယာရီရယ်.. နောက်ဆုံးပြောချင်တာကတော့ ကိုယ်က ကိုယ့်ဘေးနားက မိတ်ဆွေတွေကိုလဲ သူတို့လိုအပ်တဲ့လာတဲ့ အခါမျိုးမှာ၊ သို့မဟုတ် သူတို့ကို တစ်ခုခုပြောပြဖို့အချိန်တန်ပြီလို့ ယူဆရတဲ့အချိန်မျိုးမှာ.. ကိုယ် ဒီလိုပဲ.. သူတို့စိတ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့ဖူးတယ်။ အဲ့ဒီလို တစ်ခါပြောပြီးတိုင်း ကိုယ်က ကြိတ်စက်ထဲ အကြိမ်ကြိမ်ထိုးထည့်ခံခဲ့ရတဲ့ ကြံချောင်းတစ်ချောင်းလို ပျော့ဖတ်နုံးခွေသွားတတ်တာ မင်းလဲ မြင်နေတာပဲလေ။

အခုလို မင်းကိုမှ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောရတဲ့အခါကျတော့ အရင်အခါတွေတိုင်းထက် ကိုယ်... ပိုလို့ ပင်ပန်းပါတယ်။ အဲ့ဒီ အတွက် တောင့်တာမိတာ တစ်ခုရှိကြောင်း ကိုယ် မင်းကိုဝန်ခံပါရစေ...။ ဟုတ်တယ်.. ကိုယ် ပုခုံးလေးတစ်ခုကို တောင့်တနေမိတယ်။ ကိုယ့်အပေါ် ဘာဝန်ထုပ်ဝန်ပိုးမှမဖြစ်စေတဲ့ ပုခုံးလေးတစ်ကိုပေါ့။ အဲ့ဒီ ပုခုံးလေးက အတုလေးပဲဖြစ်စေဦးတော့.. ကိုယ် မက်မက်မောမောကို လိုချင်နေမိပါတယ် ဒိုင်ယာရီရယ်...။

မှ...

မကြေးမုံ

=============



Saturday, December 24, 2011

***( ကြိုးစားပြီး)

ခဲရောင်အတုံးလေးချပြီး မေ့-ပျောက်ထားခဲ့တဲ့
မိတ်ဆွေဟောင်းတချို့နဲ့
*(ကြိုးစားပြီး)
စကားပြန်ပြောတယ်။

လတ်လတ်ဆတ်ဆတ် မိတ်ဆွေသစ်တချို့နဲ့
*(ကြိုးစားပြီး)
မိတ်ဖွဲ့တေးဆိုတယ်။

အလွန် သွေးချင်းနီးခဲ့တဲ့ ရဲဘော်တွေနဲ့
*(ကြိုးစားပြီး)
ပျော်အောင်နေတယ်။

နှစ်သက်ခဲ့ဖူးတဲ့ ၀တ္ထုဟောင်းတွေနဲ့
*(ကြိုးစားပြီး)
ခံစားရင်ခုန်တယ်။

ရူးမတတ် မှိုင်းမိခဲ့တဲ့ သီချင်းဟောင်းတွေနဲ့
*(ကြိုးစားပြီး)
ကိုယ့်နှလုံးသားကို နူးညံ့စေတယ်။

ဖတ်နေဆဲ မြန်မာပြည်ထုတ် ဂျာနယ်တချို့နဲ့
*(ကြိုးစားပြီး)
သတင်းဆာလောင်မှုကို ဖြေဖျောက်တယ်။
...
.....
........

ပြီးတော့ အတိုင်းမသိ ရိုးသားတက်ကြွခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကို
*(ကြိုးစားပြီး)
ပြန်လည်ရှာဖွေနေတယ်။

Mirror
24-12-2011

Wednesday, December 21, 2011

ပျက်၍မပြယ်သော ကဗျာ

နှစ်လေးဆယ် (၄၀) လုံးလုံး ခြေနဲ့ရေးခဲ့သမျှ
ခုမှ လက်နဲ့ ဒရောသောပါး လုိုက်ဖျက်နေရုံနဲ့
ချက်ချင်း ပျော့ပျောင်းသွားရအောင်
ငါ့နှလုံးသားက ရွှံ့နဲ့လုပ်ထားတာ မဟုတ်ဘူး။

ဒီခရီးရဲ့အစကတည်းက
လှေနံကို တစ်ဖက်ထဲနာနာနင်းပြီး ရပ်ခဲ့တာ
လွယ်လွယ်နဲ့ ပြောင်းလဲပစ်ဖို့ မဟုတ်ဘူး။

ငါက..
ကျဉ်းမြောင်းတယ်လုို့ ပြောပါ။
ငါ့လုိုပဲ သင်ယူလွယ်၊ တတ်လွယ်တဲ့ အရွယ်ကောင်းတွေအားလုံး
သေးသိမ်ကျဉ်းမြောင်းအောင် အသင်ခံခဲ့ရတာပဲ၊
ဒီလောက်တော့ ရှိတာပေါ့။

တစ်တုိုင်းပြည်လုံး သင်တို့ရဲ့ "အပြောင်းအလဲ" လေနီကြမ်းအောက်မှာ
ယိမ်းထုိုးမှောက်ခုံဖြစ်သွားစေဦးတော့
ငါ့ အမုန်းတရား အပင်ငယ်လေး အမြစ်တွယ်ဆဲဆုိုတာ
ငါ့ရပ်တည်မှုအတွက် ငါ့သက်သေပဲ။
ငါလျှောက်ခဲ့သောခရီးအတွက် ရင်နဲ့ရင်းတဲ့ ကဗျာပဲ။

Mirror
21-12-2011

Friday, December 09, 2011

ခုတလော

လူ့စိတ်ကို နွားသိုးပေါက်စလေးနဲ့ နှိုင်းကြတယ်။ အပြောင်းအလဲမြန်လွန်း၊ အငြိမ်မနေလွန်းလို့ တဲ့။ ခု မကြေးမုံလဲ အဲ့လိုဖြစ်နေတယ်။ တခါတလေကျတော့လဲ အဲ့လိုဖြစ်နေရတာ ကောင်းပါတယ်။ကိုယ့်စိတ်မှာ တနည်းအားဖြင့် လွတ်ရာလွတ်ကြောင်းလဲ ဖြစ်စေတာပေါ့။ အခုလို ကိုယ်ရေးကိုယ်တာခံစားချက်တွေဆိုတာမျိုးက စာထဲ ထည့်ရေးသင့်တာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။ ဒါပေမယ့် ဘလော့ဒိုမိန်းလေးပြောင်းတဲ့ အကြောင်းကလဲ တိုက်ဆိုင်လာတော့ အဲ့ဒါနဲ့ရောပြီး ပြောချင်ရက်လက်တို့ကာ စကားဦး သန်းလိုက်မိတာရယ်။

mirror-4d.net ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်က ကိုမင်းယွန်းသစ်အကူအညီနဲ့ ၀ယ်သုံးဖြစ်ခဲ့တာ။ အဲ့ဒီ အချိန်တုန်း က မြန်မာပြည်ကြီးက ခုလိုလဲ ဒက်မိုကရေစီတွေဘာတွေ ခြေစမလှမ်းသေးဘူးလေ။ ဆိုတော့ blogspot တွေပိတ်ထားတုန်း အချိန်အခါပေါ့။ ဒါနဲ့ အထဲက ဘလော့ရေးသူအတော်များများလဲ ဒိုမိန်းဝယ်ရတဲ့ အလုပ်တစ်ခုရလာတာပေါ့။ ခုတော့ ဒါတွေမလိုတော့ဘူး။ ဒီမိုကရေစီဆိုတာ မြန်မာတွေနဲ့ သိပ်မဝေးတော့ဘူး။ တောင်ရိုးသား ဟိုအနားလောက်ပဲ ကျန်တော့တာ။ (မှတ်ချက်။ ။မကြေးမုံ လဲ မြန်မာ့အလင်းတို့ ဘာတို့ ဖတ်ထားတယ်လေ)

ဒါနဲ့ပဲ .net လေးနဲ့ နေလာလိုက်တာ ၂ နှစ်ပြည့်တော့ ကိုမင်းယွန်းသစ်ကိုလဲ မဆက်သွယ်ဖြစ်၊ ပိုက်ဆံကို ဒီကလွှဲရတာလဲ အခက်အခဲရှိပါတယ်လေဆိုပြီး ဒီအတိုင်းပဲ သူ့ဘာသာသူ expire သွားပါစေပေါ့။ နောက်မှ blogspot.com ကိုပြန်ပြောင်းတော့မယ်ဆိုပြီး ထားလိုက်တာ...။ ၁ ပတ်လောက်နေလို့ ကိုယ့်ဘလော့ကိုယ် ပြန်လာကြည့်တော့ မြတ်စွာဘုရား.. အချင်းချင်းချိန်းတွေကြတဲ့ ဆိုဒ်ကြီး ဖြစ်နေပါရောလား။ စာ မရေးရင်သာရှိမယ်။ ကိုယ့်ဘလော့လေး အဲ့လိုဖြစ်နေတော့လဲ မနေနိုင်ပြန်ဘူး။ ဒါနဲ့ပဲ ဒိုမိန်းလေးတစ်ခုတော့ ပြန်ဝယ်ဦးမှပါပေါ့။ အမှန်တော့ ဒီအတိုင်းထားလိုက်လဲ ရပါတယ်။ သို့ပေမယ့် စာ အစမှာ ပြောခဲ့သလို စိတ်ကိုလွှတ်လို့ ဒိုမိန်းဝယ်ပစ်လိုက်တယ်။ ၁ နှစ်စာကို ၁ ကျပ်နဲ့ ၉၉ ပြားတောင်မှ ကျတယ်။ (discount နဲ့ ရသွားတာလေ.. )

ခုတော့ အရင် www.mirror-4d.blogspot.com ကိုနှိပ်လိုက်ရင် လက်တဲ့စမ်းပြီး ကိုယ့်ဘာသာ ၀ယ်ထားတဲ့ www.makyaymone.info ကိုအလိုလိုရောက်သွားပါလိမ့်မယ်။ ဘယ်လိုကနေ ဘယ်လိုရောက် သွား လဲ၊ပြောင်းသွားလဲတော့ မသိပါဘူး။ ဟိုကလစ်၊ ဒီကလစ်တွေ လျှောက်လုပ်ရင်းက ဒီနေ့လယ် ဖွင့်ကြည့် လိုက် တော့ခုလိုပြောင်းနေတာပါပဲ။အရင်နေ့တွေတုန်းကတော့ ဘယ်လိုမှန်းမသိတဲ့ ဖောင့်တွေနဲ့ မြင်နေရသေးတယ်။ ခုတော့ အိုကေ သွားပါပြီ။ ဖောင့်လဲ မြန်မာလိုမြင်ရ၊ ဒိုမိန်းလဲ ပြောင်းသွားပါပြီ။

ရိုးရိုးသားသားဝန်ခံရရင် "မကြေးမုံ" ဆိုတဲ့နာမည်ကို မနှစ်သက်ပါဘူး။ အထူးသဖြင့် ဆရာမောင်ကြေးမုံ ရှိနေပြီးသားမလို့ ပိုလို့တောင် မ၀ံ့မရဲဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ဘယ် စာရေးဖော်၊စာရေးဖက် တစ်ယောက် စခေါ်လိုက်မှန်းမသိခင်မှာပဲ အဲ့ဒီနာမည်က တွင်နေခဲ့ပြီ။ mirror ကိုမြန်မာလို ပြန်ချပစ်လိုက်ဟန် တူပါတယ်။ အဲ့ဒီကနေ ဟိုလူ၊ဒီလူလင့်ခ်ကြတော့လဲ မကြေးမုံပဲ ဖြစ်သွားကာ .. ခုတော့လဲ မထူးတော့ပါဘူးလေ။ ဒီဒိုမိန်းအသစ်ကိုလဲ မကြေးမုံဒေါ့အင်ဖို လုပ်လိုက်ကြပါစို့ပေါ့။


Monday, November 07, 2011

အပေးအယူမျှခဲ့တဲ့ Iron Cross စင်ကာပူဖျော်ဖြေပွဲ

အ၀င်ပေါက်မှ ဦးလေးကြီးက ကိုယ့်လက်ထဲက လက်မှတ်ကိုတစ်ပိုင်းဖြတ်ယူ၊ ကျန်တဲ့တစ်ပိုင်းကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်ချင်းမှာပဲ တီးလုံးသံတွေညံနေတဲ့ ခန်းမကျယ်ထဲကို က ခုန်ပြီးဝင်သွားလိုက်မိ တယ်။နှေးတိနှေးတုံ့သူငယ်ချင်းတွေလဲ ဘယ်ဆီကျန်ခဲ့သလဲဆိုတာ သတိမရတော့။ တစ်မိနစ်လောက် စိတ်လွတ်သွားတယ်ပဲ ဆိုရမယ်။ နောက်တော့မှ ငါတစ်ယောက်ထဲဘယ်ဖြစ်မလဲ ဆိုတဲ့ သတိဝင်လာပြီး သူတို့ပါ ၀င်လာတဲ့ထိ စောင့်နေလိုက်တယ်။

ကိုယ်တို့နေရာယူပြီးတဲ့အချိန်မှာ စင်မြင့်ပေါ်မှာဆိုနေတာက မျိုးကြီးပါ။ ရင်ဘတ်မှာ UK အလံပုံပါတဲ့ တီရှပ်အဖြူဝတ်ထားတဲ့ မျိုးကြီးက ကိုယ်ရန်ကုန်ပြန်တုန်းက ကြေငြာဘုတ်တွေမှာတွေ့ခဲ့ရတဲ့မျိုးကြီးလိုမျိုး ခပ်ဖိုင့်ဖိုင့်ဖြစ်မနေဘူး။

အိုင်စီရဲ့ အစဉ်အလာအတိုင်း ပထမပိုင်း၊ဒုတိယပိုင်းဆိုပြီး ၂ပိုင်းခွဲဆိုပါတယ်။ဒီတစ်ခေါက်ပါဝင်တဲ့ အဆိုတော်တွေက လေးဖြူ၊အငဲ၊မျိုးကြီးနဲ့ ၀ိုင်ဝိုင်းပဲမို့ ခါတိုင်းအခေါက်တွေထက် သူတို့ဆိုရတဲ့သီချင်းအပုဒ် အရေအတွက် ပိုများပါတယ်။ ငါးပုဒ်စီဆိုကြရပါတယ်။ မျိုးကြီးရဲ့ ပထမပိုင်းအစီအစဉ်မှာ သီချင်းအဟောင်းတွေနဲ့ သူနောက်ဆုံးထွက်ထားတဲ့ ယူလိုက် ဆိုတဲ့အခွေထဲက သီချင်းတွေနဲ့ မျှဆိုသွားပါတယ်။ မျိုးကြီးအလှည့်မှာ ကိုယ်တို့သွေးတွေလဲ စပျိုးဆူကာစအချိန်မို့ သိပ်ကို ခုန်လို့ပေါက်လို့ ကောင်းနေတုန်းပါပဲ။ ...။

မျိုးကြီးက သူ့ငါးပုဒ်မြောက်ဆိုအပြီးမှာ ကျနော်တို့အဖွဲ့ထဲက လူပျိုကြီးမဟုတ်တော့တဲ့ ဘဲတစ်ဗွေ ကို ခေါ်ချင်ပါတယ်။လူပျိုကြီးမဟုတ်တော့တဲ့ ၀ိုင်ဝိုင်း လို့ခေါ်ပေးသွားပါတယ်။ ၀ိုင်ဝိုင်းဘယ်အချိန်တုန်းက အိမ်ထောင်ကျသွားသလဲဆိုတာ မီဒီယာတွေရော၊ သူ့ပရိတ်သတ်တွေပါ သတိမထားလိုက်မိပါဘူး။ တကယ်တမ်းကျ သူ့ပရိတ်သတ် အတော်များများကလဲ အဲ့ဒီလို Personal တွေကို သိပ်စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။ မင်းသားတစ်ယောက်လို ကြည့်လို့ကောင်းပြီး ငယ်ရွယ်ဖျတ်လတ်နေဆဲ ၀ိုင်ဝိုင်းက သူ့ရဲ့နောက်ဆုံးထွက်ထားတဲ့ "အတုံ့အလှည့်" အခွေထဲက အေးဆေး အေးဆေး ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေမှုကို စတင်ပါတယ်။

အခွေသစ်ထွက်ထားတာလဲ မကြာသေး၊ အဲ့ဒီအခွေသစ်ကလဲ သိပ်မကောင်းလှသလို ပရိတ်သတ်ကလဲ သီချင်းတွေကို မရသေး။ ဒီ့အပြင်မှာမှ သူကသီချင်းသစ်တွေချည်း သုံးပုဒ်ဆက်တိုက်ဆိုတော့ စင်အောက်က ပရိတ်သတ်တွေဝိုင်းအော်ကြပါတယ်။ဝိုင်ဝိုင်းနဲ့ Rဇာနည်ယှဉ်ရင် Rဇာနည်ကို အော်ထုတ်မောင်းချလုပ်တတ်ပြီး ၀ိုင်ဝိုင်းနဲ့ မျိုးကြီး၊အငဲ၊လေးဖြူတို့ယှဉ်ရင် ၀ိုင်ဝိုင်းကို အော်ဟစ်ဆဲဆိုတတ်တာ တချို့အိုင်စီ ပရိတ်သတ်တွေရဲ့
အကျင့်ပါပဲ။ သူတို့အော်ပေမယ့် စင်ပေါ်က အဆိုတော်ကတော့ သူဆိုရမယ့် သီချင်းပုဒ်ရေပြည့်အောင်ဆိုရတာပဲ မဟုတ်လား။ကိုကိုလွင်ရေ.. အောက်ကပရိတ်သတ်ကတော့ လေးဖြူကိုပဲအော်ခေါ်နေပြီ ကျနော်မဆိုချင်တော့ ဘူးဆိုပြီး ဆင်းသွားလို့ရတာလဲမှ မဟုတ်တာ။

ဝိုင်ဝိုင်းပြီးတော့ ကိုယ့်ဖေးဘရိတ် ကိုကြီးငဲ အလှည့်ပါ။သူ့ကိုမြင်မြင်ချင်းမှာ သူ့ကျန်းမာရေးအတွက် စိုးရိမ်မိပါတယ်။အနုပညာရှင်တွေကို အဝေးကနေချစ်ရုံပဲ ချစ်ချင်ပြီး အနီးကပ်ရင်းနှီးဖို့ဆိုတာမျိုး ကိုယ်စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ကိုကြီးငဲကိုတော့ "ကျန်းမာရေးဂရုစိုက်ပါ၊ အကို့ဆီကနေ စက္ကူလေတံခွန်လို သီချင်းမျိုး၊ ကြိုးကြာတို့ညီအစ်မဆိုထားတဲ့ မိန်းကလေးအချစ်၊ ခင်ဘုဏ်းရဲ့ နင့်အကြောင်းလို သီချင်းမျိုးတွေ
နောက်ထပ်နောက်ထပ် ခပ်ကြာကြာ အချိန်ထိ မျှော်လင့်နေချင်ပါသေးတယ် " လို့တော့ ပြောချင်မိသား။

အငဲအလှည့်ပြီးတော့ ရွှေပရိတ်သတ်တို့ အသည်းစွဲ လေးဖြူ ပေါ့။ နက်ပြာရောင်ရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီနဲ့ ဆံပင်တွေလဲ အတော်ရှည်နေပြီဖြစ်တဲ့ လေးဖြူ ပါ။ အစိမ်းရောင်မြက်ခင်းများ သီချင်းနဲ့ စပါတယ်...။ ကိုယ်လဲ ကိုယ့်ဘ၀ရဲ့ အစိမ်းရောင်ရက်စွဲများကို ရိုးရိုးသားသားပဲ လွမ်းလိုက်ပါတယ်။

ဒီလိုနဲ့ပထမပိုင်း ဖျော်ဖြေမှု အစီအစဉ်နားပါတယ်။ ခရမ်းရဲ့ ဒရမ်ဆိုလိုတင်ဆက်နေချိန်မှာ ကိုယ်တို့ KFC ထွက်စားကြပါတယ်။

ကိုယ်တို့ပြန်ဝင်လာတော့ ဒုတိယပိုင်းပြန်စနေပါပြီ။ ဒုတိယပိုင်းမှာတော့ သူတို့လေးယောက်လုံး စင်ပေါ်မှာ အတူရှိနေကြပြီး တစ်ယောက်တစ်လှည့်စီ ဆိုကြပါတယ်။ လေးယောက်စလုံးမှာ မျိုးကြီးက ငယ်ရွယ်သူပီပီ အသံလဲ မကျသေးသလိုသီချင်းတွေကိုလဲ အကောင်းဆုံးဆိုနိုင်ပါတယ်။ ၀ိုင်ဝိုင်းလဲ အထွေ အထူး ပြောစရာမရှိအောင် ကျေနပ်စရာဖျော်ဖြေမှုကို ပေးနိုင်ပါတယ်။ လေးဖြူကလဲ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ ကိုကြီးအငဲကတော့ သီချင်းတွေပဲများများရေးချင်သလား မဆိုနိုင်ပါဘူး။ သီချင်းဆိုတာမှာ အရင်လို အားတက်သရောမရှိတော့ပါဘူး။
အားတက်သရော မရှိတာကတော့ အငဲတစ်ယေက်တင် မဟုတ်ပါဘူး။ တခြားသူတွေလဲ အားတက်သရော မရှိကြတော့ပါဘူး။ သူတို့တွေလဲ အသက်ကြီးလာသလို ကိုယ်တို့ရဲ့ ခံစားမှုပုံစံတွေပြောင်းလဲလာတာကြောင့်လဲ
ဖြစ်နိုင်ပါတယ်။

ကိုယ်တို့ငယ်ငယ်တုန်းက စတိတ်ရှိုးပွဲတိုင်းနီးပါးကို ကြည့်ကြတယ်။ အိုင်စီလဲကြည့်၊ လေးဇီးကလပ်လဲကြည့်၊ တခြားသိပ်မထင်မရှားအဖွဲ့တွေဆိုလဲကြည့်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ လုပ်တဲ့ပွဲဆိုလဲကြည့်။ အိမ်ကလူကြီးတွေ မဟန့်သေးသရွေ့ စတိတ်ရှိုးအကြည့်မရပ်ပါဘူး။ အဲ့ဒီတုန်းကဆို စင်ပေါ်မှာ လေးဖြူတို့ ၊ဇော်ဝင်းထွဋ်တို့များ စကားလေးတစ်ခွန်း မပြောလိုက်နဲ့၊ အဲ့ဒီစကားတစ်ခွန်းရဲ့ အဓိပ္ပါယ်ကို စတိတ်ရှိုးပြီးလို့
နောက် နှစ်ရက်၊သုံးရက်ကြာတဲ့အချိန်အထိ ကိုယ်တို့တွေ လိုက်စဉ်းစားလို့ လက်စမသတ်နိုင်ပါဘူး။ သူတို့ကလဲ အောင်မြင်မှုကို ထိန်းသိမ်းနေတဲ့ အချိန်ဖြစ်သလို သူတို့ရဲ့ပရိတ်သတ်တွေဖြစ်တဲ့ ကိုယ်တို့တွေကလဲ
ရူးရူးမူးမူးကို ရင်ခုန်ခံစားနိုင်ခဲ့တဲ့ အချိန်တွေပါပဲ။အဲ့ဒီတုန်းကလဲ အဆိုတော်နဲ့ ပရိတ်သတ် အပေးအယူ မျှခဲ့ကြပါတယ်။

အခုလိုအချိန်အခါမှာလဲ အရင်အတိုင်းပါပဲ။ သူတို့ကလဲ အောင်မြင်မှုကို ထိန်းသိမ်းဖို့၊ သူတို့သီချင်းတွေနဲ့ သူတို့ပရိတ်သတ် ဝေးမသွားစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ချည်း ဒီကိုလာဖျော်ဖြေတာ မဟုတ်ပါဘူး။
တခြားသော ရည်ရွယ်ချက်တွေလဲပါတာပေါ့။ဒါပေမယ့် အဲ့ဒီတခြားသော ကိစ္စတွေကို ကိုယ်တို့စိတ်မ၀င်စား ပါဘူး။ ကိုယ်တို့တွင်မက အဲ့ဒီခန်းမကျယ်ထဲကို ရောက်လာခုန်ပေါက်နေတဲ့ IC ပရိတ်သတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကလဲ စိတ်ဝင်ကြမှာမဟုတ်ပါဘူး။ကိုယ်တို့သိတာ လက်မှတ်ဝယ်ပြီး လေးနာရီလောက် အချိန်အတွင်းမှာ အော်ဟစ်ပေါက်ကွဲပစ်လိုက်ဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပေးသူ၊ယူသူ အပေးအယူမျှနေဖို့ပဲ လိုတာမဟုတ်ပါလား။

သာမာန်ပရိတ်သတ်တစ်ယောက်အနေနဲ့က ဒီထက်ပိုပြီး ဘာမှမမျှော်လင့်သလို ဘာမှလဲ စိတ်မ၀င်စားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကိုယ်တို့ မနေ့ညက IC ပေးသလောက်နဲ့ ပျော်ခဲ့ကြပါတယ်။

Tuesday, October 25, 2011

မွေးနေ့အတွေး

သို့.. မာတာမိခင်

ဒီတခေါက် အမေ့ဆီကိုပြန်တဲ့ခရီးက အပျော်ခရီးမဟုတ်ခဲ့ဘူး။
အပျော်ခရီး မဖြစ်ခဲ့တာကိုပြောတာ မဟုတ်ပါဘူး။ ပျော်လို့ပြန်တဲ့ခရီး၊ ပျော်ရွှင်ပြီး ပြန်တဲ့ခရီးမဟုတ်ဘူးလို့ ဆိုလို ချင်တာပါ။တာဝန်တွေထမ်းပြီးပြန်သွားခဲ့ရတာဖြစ်ပြီး တာဝန်တွေကိုထမ်းပြီး ပြန်လာခဲ့ရတဲ့ခရီးလို့ ဆိုရမယ်။

ဒီနေရာမှာ တာဝန်လို့ပြောမိ၊သုံးနှုံးမိတာကိုက ကျမဘက်က အနည်းငယ်လွန်သွားမလားမသိဘူး။အမေက ကျမအတွက် ၂၆ နှစ်လုံးလုံး တာဝန်ထမ်းခဲ့ပြီးပြီ။ ကျမအဖို့ရာက ဒီတစ်ကြိမ်ကမှ စလို့ အမေ့အတွက် လိုအပ်နေ တဲ့နေရာတွေမှာ ငါသာ ၀င်နေရာယူလိုက်ရင်ဆိုတဲ့စိတ်နဲ့တင် တာဝန်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်ဆိုတော့ ဒါ... ရာနှုန်းပြည့်မှန်တယ်၊ရာနှုန်းပြည့်သင့်တင့်လျောက်ပတ်တဲ့ အတွေးလို့ မသတ်မှတ်သင့်ဘူးလို့ ကိုယ့်ကိုယ် ကို နှလုံးသွင်းပါတယ်။

ချစ်ခြင်းမေတ္တာ

အရင့်အရင်တုန်းက စာတွေထဲမှာ ရေးခဲ့ဖူးသလိုပဲ ကျမမှာ စိတ်အကျယ်ကြီးရှိသမို့.. ချစ်ခြင်းမေတ္တာအမျိုးအစား အစုံအလင်ရှိပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေကဋာချီပြီးပြောင်းလဲနိုင်တဲ့အထိ မြန်ဆန်ပြောင်း လဲနိုင်စွမ်းရှိတယ်လို့ မြတ်စွာဘုရားဟောခဲ့ဖူးပါတယ်။အဲ့ဒီပြောင်းလဲမှုတိုင်းကို အသိကပ်ပြီး မှတ်နိုင်တဲ့ အရည်အချင်းက အဲ့ဒီလူရဲ့ပင်ကိုယ်ဥာဏ်ရည်၊အဲ့ဒီလူရဲ့ သမာဓိရင့်သန်မှုလို့ တရားတွေ နာကြားဖူးပါတယ်။ မဆီတာနဲ့ မဆိုင်တာကိုဆွဲစပ်ပစ်သလိုမျိုးများ မသိဘူး။ ကျမစိတ်ရဲ့ ပြောင်းလဲမှုက အင်မတန်မြန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းကိုတော့ စိတ်နောက်ကိုယ်ပါ မလုပ်မိအောင်၊မလုပ်ဖြစ်အောင် လိုက်လိုက်ထိန်းတတ်တဲ့ အကျင့်တစ်ခုကလဲ ရှိနေပါတယ်။ အဲ့ဒီအတွက် ကျမရဲ့ မိတ်ဆွေတချို့က "တွေဝေသူ" လို့ ကျမကို ငဲ့ငဲ့ညှာညှာ သတ်မှတ်ကြတယ်။အဲ့ဒီစိတ်ကြောင့်ပဲ ဘ၀ရဲ့ ဆုံးဖြတ်ချက်တွေမှာ မှားယွင်းစေခဲ့သလို.. ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင်လဲ မှားယွင်းနေတတ်ပါတယ်။

မှားတယ်လို့ သတ်မှတ်နိုင်ပြီဆိုတာက အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြတ်သန်းပြီးမို့လို့ သတ်မှတ်နိုင် တာဖြစ်ပြီး... ဘ၀ရဲ့ဖြတ်သန်းမှု အချို့နေရာတွေမှာ ကျမမှားခဲ့တာတွေ ရှိပါတယ်။ချစ်ခြင်းမေတ္တာအရာမှာ.. အဲ့ဒီအပြောင်းအလဲ မြန်တဲ့စိတ်ကြောင့် မှားသွားလိမ့်မလား၊ သို့မဟုတ် မှန်တယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်မှာလား ဆိုတာတော့ ကျမကိုယ်တိုင် ခုထိမသိသေးပါဘူး။အဲ့ဒီလမ်းကိုတော့ လျှောက်နေဆဲပါပဲ။

သံဝေဂ

ဘယ်လိုပဲဖြစ်ဖြစ် ၂၆ နှစ်ဆိုတဲ့အသက်အရွယ်ဟာ သေမယ်ဆိုလဲ သေလို့ရတဲ့အရွယ်ပါပဲ။ ဒီစာရေးနေရင်းမှာပဲ ငယ်ငယ်တုန်းက Presentation တစ်ခုလုပ်ဖူးတာ သွားသတိရမိပါတယ်။ငယ်ငယ်တုန်းက လုပ်တာဆိုတော့ ကိုယ့်မှာ လူများထောက်ပြပြောဆိုစရာ အချက်အလက်တွေ သိပ်နည်းတဲ့အချိန်မို့ လူများတကာကိုသာ ကိုယ်က ထောက်ပြပြောဆိုခဲ့တာမျိုးတွေချည်းပဲ Presentation တစ်ခုလုံးပြည့်လို့ နေပါတယ်။ ခေါင်းစဉ်က "How to Grow old" ဖြစ်ပြီး အသက်ကြီးနေတဲ့လူကြီးတွေဆီက မကောင်းတာတွေကို ကိုယ့်မှာမဖြစ်လာဖို့ ကြိုးစားဖယ်ရှားပြီးကောင်းတာတွေကို စိတ်ရဲ့အိတ်ကပ်ထဲ ထည့်သိမ်းကြပါစို့ဆိုတဲ့ ရှူထောင့်ဘက် ကနေ ပြောခဲ့တာပါ။

အချက်အလက်တွေကို တစ်ခုချင်းသေချာ မမှတ်မိတော့ပေမယ့် လူကြီးဖြစ်နေတဲ့လူတွေရဲ့ နေထိုင်မှုပုံစံတွေကို အခန်းကဏ္ဍ ငါးခုခွဲပြီး ပြောတာမျိုးပါ။ငယ်စိတ်နဲ့ဆိုတော့ ကဲ့ရဲ့သလိုတောင် ဖြစ်ခဲ့မလားပဲ။
Presentation အပြီးမှာ ကျမတို့ဆရာကြီးက ခါးလေးကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ထွက်လာပြီး ဘယ်ကဏ္ဍထဲမှာ ငါက ပါသလဲလို့ ရယ်ကျဲကျဲနဲ့ မေးခဲ့တဲ့ပုံကို ခုထိအမှတ်ရနေဆဲ။ဆရာ့ဘာသာ ဆရာရွေးပေါ့ ဆိုတော့.. အဲ့ဒီအချိန်တုန်းက အရက်သောက်နေဆဲဖြစ်တဲ့ ဆရာက အရက်သောက်ပြီး အသက်ကြီးသူတို့အပိုင်း ကို ရွေးခဲ့ပါတယ်။ ပြီးတော့ ငါ့များစောင်းပြောသလား ထင်ရတယ်တဲ့။ ခုတော့... ကိုယ်က အဲ့ဒီတုန်းက ကိုယ်ပြောခဲ့ဖူးတဲ့ အခန်းကဏ္ဍငါးခုစလုံးထဲ ပါနေပါပြီ။ ကိုယ့်ကိုယ် How to grow old လို့ ပြန်လာမေးမယ့် သူကို စောင့်နေရတော့မယ်။

ဘယ်လိုပဲဖြစ်ဖြစ်....မနေ့ကမှ မြေကျတဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာထဲကလိုပဲပေါ့. "မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို ဂုဏ်ယူပါရစေ" လို့ပဲ ဆိုချင်ပါတယ်။

Saturday, June 04, 2011

အရိပ်အသွင်ထင်နေဆဲများ

ကိုယ့်မှာ ခံစားတတ်တဲ့နှလုံးသားအခန်းတွေပါနေသရွေ့... ရုပ်သေအဖြစ် မှတ်တမ်းတင်စရာ ပစ္စည်းပစ္စယတွေ မလိုပါဘူး။ အဲ့ဒီလိုယုံကြည်ပြီး အမေ့မြေကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး မျက်လုံးနဲ့သေချာစေ့ငုအောင်ကြည့်၊ စိတ်နှလုံးသားထဲ သံမှိုစွဲအောင်ရိုက်ထည့်ဖြစ်ခဲ့တာတွေချည့်။ အများကြီးရယ်.။မြေရဲ့ ရနံ့ပြောင်းလဲသွားတာမှ စလို့ သစ်ပင်တွေရဲ့ အစိမ်းရောင်ခြားနားမှုအထိ။ ဘာကိုမှ လက်လွှတ်မခံမိခဲ့ဘူး ထင်ပါတယ်။

လေယာဉ်ကွင်းသေးသေးလေးနဲ့ လေယာဉ်ကွင်း အကျယ်ကြီး၊ အတိုင်းအဆမလိုတဲ့ နွေးထွေးမှုနဲ့ အတင်းကာ ရော လိုက်လံရှာဖွေယူရတဲ့ အကြင်နာများ...။

အောင်ဆန်းလမ်းနဲ့ ကျောင်းလမ်းဆုံက စိန်ပန်းပင်ကြီးက နီနီစွေးစွေးရှိလိုက်တာ။ အဲ့ဒါကို ၂ လမ်းထိပ်မှာ မုန့်တီသုပ်စားရင်း တစိမ့်စိမ့်ခံစားမိတယ်။ ချစ်စရာ စိန်ပန်းနီနီတွေ။ စိန်ပန်းတွေမြင်တာနဲ့ ကျောင်းတက်ရတော့ မှာပါလားလို့ ...လစ်ခနဲ တွေးလိုက်မိတဲ့ အတွေးကို ကဗျာကယာ ပြန်ရုတ်သိမ်းရတယ်။

င၀န်မြစ်ကို ဖြတ်တိုက်လာတဲ့လေဟာ... မလတ်ဆတ်ဘူး။ ဒါပေမယ့် အပူဒဏ်ကိုတော့ လျော့စေသားပဲ။ ခုတစ်ခေါက် င၀န်မြစ်နားကို ရောက်တာဟာ ဒီ တစ်ပတ်အတွင်းမှာ ၂ ကြိမ်မြောက်ပေါ့။ သင်္ကြန်အကြိုနေ့တုန်း က တစ်ခေါက်ရောက်တယ်။ အကြိုနေ့၊ ကလေးတွေပတ်တဲ့ရေဟာ... အေးမြမြနဲ့ပေမယ့် လူတစ်ကိုယ်စာတောင် မစိုစွတ်စေဘူး။ အိမ်အပြန်လမ်းမှာ သင်္ကြန်အိုး(အတာအိုး) တည်ဖို့အတွက် ငယ်ငယ်တုန်းက အတာပန်းတွေ အရှာထွက်ကြတဲ့အကြောင်း တူတော်မောင်ကို ပြောပြမိတယ်။ ခု တစ်ခေါက်ရောက်တာလဲ င၀န်မြစ်နားပဲ။ ကွဲကွာသွားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အင်ကြင်းပင်ကြီး တစ်ပင်အောက်မှာ တန်းစီလဲလျောင်းပြီး စကားတွေ တောင်စဉ်ရေမရ။ ကိုယ့်ပုခုံးပေါ် ကြွေကြလာတဲ့ အင်ကြင်းပန်းမွှေးမွှေးလေးကို ဘယ်နားမှာ ချထားခဲ့မှန်း တကယ် မမှတ်မိတော့ဘူး။

၇ လမ်းရဲ့ ဟိုဘက်ထိပ်၊ဒီဘက်ထိပ်မှာ ကိုယ်တက်ခဲ့တဲ့ ကျောင်း ၂ ကျောင်းရှိတယ်။ ခေတ်အဆက်ဆက် တည်ရှိ ခဲ့တဲ့ မြို့မကျောင်းရဲ့သရုပ်မှန်က ပျောက်ဆုံးသွားပြီး တစ်နှစ်အတွင်းမှာ ထီးထီးကြီးပေါ်လာတဲ့ ကျောင်းဆောင်သစ် ကို အချိန်အတော်ကြာကြာ ရပ်ကြည့်နေမိတယ်။ ဒီမြို့မှာ ဒီကျောင်းသစ်ကြီး ပြောင်းလဲဖြစ်တည်မှုအပေါ် မနှစ်မြို့တဲ့လူဆိုလို့.. ငါနဲ့အပြင် တခြားဘယ်သူတွေ ရှိဦးမလဲ။ တွေးမိတယ်။

ကိုယ်တို့တွေက ၅ တန်းကနေ ၈ တန်းထိကို မြို့မကျောင်း(အလယ်တန်းကျောင်း)မှာ တက်ရပြီး ၉ တန်းနဲ့ ၁၀ တန်း ၂ နှစ်ကိုပဲ အထက်တန်းကျောင်းမှာ တက်ရတာ။ ငယ်တုန်း၊ကလေးစိတ်ဆီမှာထဲက စွဲလာတာက အထက်တန်းကျောင်းကို ကိုယ့်ကျောင်းရယ်လို့သတ်မှတ်မထားမိဘူး။ မြို့မကျောင်းကမှသာ.. ကိုယ့်ကျောင်း၊ ငါတို့ကျောင်း။ငါတို့ မြို့မကျောင်းကို ဘယ်သူဖျက်ဆီးပစ်လဲ။နောက်တစ်ခေါက် ထပ်မသွားချင်တော့ဘူး။ မြင်လဲ မမြင်ရက်တော့ဘူး။

လယ်ကွက်တွေရဲ့နောက်မှာ၊ ရထားလမ်းကို မေးတင်ထားတဲ့ ကိုယ်တို့ရဲ့ အထက်ကျောင်းဟာ နဂိုအတိုင်း ဘာမှ မပြောင်းလဲဘူး။ ကျောင်းခြံစည်းရိုးနားထိ ရောက်အောင်မသွားမိဘူး။ ကျောင်းခြံစည်းရိုးတလျှောက်က စိန်ပန်းပင်တွေ နီရဲနေပြီ။

မြင်ကွင်းထဲကကျောင်းနဲ့ ကိုယ်နဲ့ကြားမှာ ရထားဖြတ်လာဖို့ မျှော်လင့်နေမိတာ။ အမေ့ကို ရထားတွေခန့်မှန်းခြေ ဘယ်အချိန် ၀င်တတ်သလဲဆိုတာ မေးပြီးမှအချိန်ကိုလဲ တမင်ချိန်ကိုက်သွားတာပါ။ တစ်ယောက်ထဲ ရပ်နေတဲ့ကိုယ်ကို ကိုယ်တို့မြို့ကလူတွေက သူစိမ်းလိုလို၊ ရင်းနှီးသလိုလို မျက်လုံးတွေနဲ့ ကြည့်ကြတယ်။

မကြာခင်မှာပဲ ရထားက ဖြတ်သွားတယ်။ ခုဖြတ်သွားနေတဲ့ ရထားရဲ့အရောင်က အစိမ်းရောင်ဘက်ပါတယ်။ ဘာအရောင်လဲဆိုတာ သေချာ မမှတ်မိတော့ဘူး။ စိမ်းပြာရောင်လား ထင်တာပဲ။ သေချာတာက ကိုယ်တို့တွေ ငယ်ငယ်တုန်းကလို အနီရောင် မဟုတ်တော့ဘူး။ အထက်တန်းတွဲ၊ ရိုးရိုးတန်းတွဲရယ်လို့တော့ ရှိနေတုန်းပဲ။ ရထားဟာ ဘူတာအ၀င်မို့ ပုံမှန်ထက် လေးပင်ချည့်နဲ့စွာ။

ကျောင်းခြံစည်းရိုးက စိန်ပန်းပင်တွေက လေနဲ့အတူ ခပ်သွဲ့သွဲ့ပဲ ယိမ်းနေကြတယ်။ လျှစ်စစ်ဓာတ်အား ပေးဝေရေးတိုင်တွေ၊တယ်လီဖုန်း၊ကြေးနန်းဆက်သွယ်ရေးတိုင်တွေလဲ ငိုးတိုးငေါက်တောက်နဲ့။ အရောင်ပြောင်း သွားတဲ့ ရထားတစ်စင်း ကိုယ့်ရှေ့က ဖြတ်သွားတယ်။.. ဆွေးတယ် ဒုတ်ဒုတ်ထိပဲ။

========

Sunday, May 22, 2011

ဘောလုံး

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။
နည်းပြတစ်ယာက်မှ မရှိခဲ့ဘူး။မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ဒိုင် မရှိခဲ့ဘူး။ မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ပွဲတိုင်း အနိုင်လိုချင်တဲ့ ကစားသမားတွေရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။
လက်ခုပ်တီးမယ့် ပရိတ်သတ်၊လောင်းကြေးထပ်ထားတဲ့ ပရိတ်သတ်၊
အော်ဆဲချင်လို့ ရောက်လာတဲ့ ပရိတ်သတ်တွေ
ရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။

ကစားသမားတိုင်းက အနိုင်ယူချင်သူချည်းမို့
ဘောလုံးတစ်လုံးထဲကိုပဲ အလုအယက် ရှာဖွေနေကြတယ်။
ဘောလုံးက တစ်လုံးထဲ...
ကစားသမားပေါင်းက များစွာ
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ... ဘောလုံးတစ်လုံးရှိနေတယ်။

ဘောလုံးတစ်လုံးထဲကို ၀ိုင်းကန်ကြတယ်၊ လုကြတယ်၊
အဆုံးမှာ ရှုံးစေဦးတော့...
အဓိကက ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးရှိနေဖို့၊
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဆို ရှုံးရင်တောင် သိက္ခာရှိတယ်။
ဟုတ်တယ်မဟုတ်လား...။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံး ရှိနေတယ်။
နည်းပြမရှိ၊ ဒိုင်မရှိတဲ့ပွဲမို့ အရှုံးအနိုင် အဖြေမပေါ်ဘူး။
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ....
မူးရစ်ရီဝေ ချာချာလည်နေတဲ့ ဘောလုံးတစ်လုံးဟာ
တဖက်ဖက်က နိုင်သွားပါစေလို့
ဘောလုံးတစ်လုံးဟာ ဆုတောင်းနေတယ်။

Wednesday, May 18, 2011

ဟုတ်ကဲ့ ခုတလောလေ..

(၁) အစားချင်ဆုံးအစားအစာ - ဘူးရွက်ပြုတ် နဲ့ ငါးမီးဖုတ်ထောင်းဖျော်ထားတဲ့ ငါးပိရည်ကျို ။ ပြီးတော့ ငါးကျော်နှပ်လေးနဲ့လေ။

(၂) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်း နဲ့ ဟင်း။ စားရသမျှ အစားအစာတွေထဲမှာ ထမင်းနဲ့ဟင်းကိုပဲ အကြိုက်ဆုံးပါပဲ။ အဲ့ဒါတွေ မရှိတဲ့အခါကျတော့လဲ ကြုံသလိုပေါ့။

(၃) အလိုချင်ဆုံးရေမွှေး - မရှိပါဘူ။ ကြိုက်လဲမကြိုက်ပါဘူး။

(၄) သုံးဖြစ်နေတဲ့ရေမွှေး - မကြိုက်ပါဘူး ဆို။

(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - ဘာရယ်လို့ သတ်သတ်မှတ်မှတ် မမျှော်လင့်တတ်ပါ။ ပေးတာမှန်သမျှ မြတ်နိုး၊တန်ဖိုးထားတတ်ပါတယ်။

(၆) အလိုချင်ဆုံးဖုန်း - ဒွိဟတွေနဲ့။မရသေးဘဲနဲ့ကို BlackBerry လား အိုင်ဖုန်းလား ဝေခွဲမရ ဖြစ်နေသေးတယ်။

(၇) သုံးဖြစ်နေတဲ့ဖုန်း - အဲ့ဒါပြောရရင် ဇာတ်လမ်းကအရှည်ကြီး။ ခု ဆိုနီအဲရစ်ဆင် ဗီဗက်စ်၅ လေးသုံးနေတယ်။ အနီရောင်ဗျ။

(၈) အရူးသွပ်ဆုံးအရာ - အင်တာနက်လေ။ မုန်းထှာ ကိုယ့်ကိုယ်လဲ။

(၉) အနီးစပ်ဆုံးဂီတ - ရော့ခ်လေ.. ရော့ခ်...။ အရှေ့ကို ရှိတ်ပါဟေ့.. အနောက်ကို ရှိတ်ပါဟေ့ တွေမကြိုက်ဘူး။

(၁၀) အလိုချင်ဆုံးစာအုပ် - တိုးနှောင်မိုး၊သွေး(စစ်ကိုင်း) တို့နဲ့ နောက်ထပ် ၃၊၄ ယောက်ပါသေးတယ်။ သူတို့တွေ ပေါင်းထုတ်ထားတဲ့ ကဗျာစာအုပ်။ ဟိုး ငယ်ငယ်တုန်းက ဖတ်ဖူးတာ။ ခုပြန်လိုချင်တယ်။

(၁၀) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အလွမ်းတက္ကသိုလ်၊ပန်းတက္ကသိုလ် (ကလောင်စုံ)

(၁၂) အကြားချင်ဆုံးစကား - မြန်မာပြည်ကို ပြန်လို့ရပြီ။ မြန်မာပြည်မှာ သူဌေးတွေကိုလဲ ဖိန့် ဖိန့် တုန်အောင် ကြောက်နေစရာ မလိုတော့ဘူး။အင်တာနက် လိုင်းတွေလဲ ကောင်းနေပြီ။ ဧရာဝတီတိုင်းထဲကို သွားတဲ့လမ်း တွေလဲ အရမ်းကို ကောင်းနေပြီ။ ရွှတ်ဆိုတာနဲ့ အမေ့အိမ်ရှိတဲ့ မြို့ကို ရောက်သွားမယ်။ ပြန်လာတော့။ အေးဆေး အေးဆေး ဆိုတာမျိုးလေ။

(၁၃) အဖြစ်ချင်ဆုံးဆန္ဒ - ညတုန်းကတွေးမိတာ။ ကြီးကြီးကျယ်ကျယ်နဲ့ မကြေးမုံက အလုံးကြီးကြီးတွေ ပြောပြန်ပြီလို့လဲ မကဲ့ရဲ့ကြပါနဲ့။ ညတုန်းက ကဆုန်လပြည့်နေ့ လကိုကြည့်ရင်း စိတ်ကူးပေါ်လာတာလေ။
အမပြောတဲ့ စု၊ဖွား၊ပွင့်၊စံ ... ဘာညာပေါ့လေ။ အိမ်ကိုပြန်ထားတာလဲ သိပ်မကြာသေးတော့ တူမလေးတွေ၊ တူလေးတွေကို သတိရနေတာလဲ ပါတယ်။ သူတို့ဘ၀တွေက ဖြည့်စွက်စာတွေ မစားရပေမယ့် ဖြည့်စွက်ပစ္စည်းတွေနဲ့ မြတ်စွာဘုရားအကြောင်းလဲ ဘာမှ ဂဃနဏ မသိဘူး။ သူတို့မိဘတွေကလဲ ပြောမပြနိုင်ကြဘူး။ ဘုရားရှိခိုးတော့ သင်ပေးပါလိမ့်မယ်။အဲ့ဒါနဲ့ ရွာမှာ ကိုယ်တွေငယ်ငယ်က တက်ခဲ့ဖူးသလိုမျိုး ဗုဒ္ဓဘာသာ သင်တန်းကျောင်းလေး ဖွင့်ပေးချင်မိတယ်။ဘုန်းကြီးကလဲ အမျိုးတော်တဲ့ဘုန်းကြီးဆိုတော့ အရှင်ဘုရား တစ်သိန်းလောက် ၀တ္ထုကပ်ပါတယ်။ သင်တန်းပေးပေးပါ ဘုရားဆို ရမလားပေါ့။ ကိုယ့်တူ၊တူမတွေတွင်မက တရွာလုံးက ကလေးတွေလဲ သိသွားနိုင်တယ်ပေါ့။ တွေးမိတာရယ်။ အဲ့ဒါလေး လုပ်ချင်မိတယ်။

(၁၄) အလိုချင်ဆုံးဆု - မခွဲခြားပြတတ်ပါ။

(၁၅) အသွားချင်ဆုံးနေရာ - မန်းလေး မန်းလေး။

(၁၆) သွားဖြစ်နေတဲ့နေရာတွေ - စင်ကာပူမြစ်နား။

(၁၇) အကြည့်ချင်ဆုံးရုပ်ရှင် - ဘာကားဖြစ်ဖြစ်ပါ။ ခုတော့ ကိုးရီးယားကားတွေကြည့်နေမိတယ်။ ဒါမယ့် ပြတ်တောင်းပြတ်တောင်းဖြစ်တာကိုတော့ စိတ်မရှည်ဘူး။

(၁၈) အပြောချင်ဆုံးစကား - သူများကိုနားလည်ပေးဖို့ ကြိုးစားတဲ့သူ မဖြစ်ပါစေနဲ့။ နောက်ပြီး နှစ်ခါပြန် တွေးတတ်တဲ့လူ မဖြစ်ပါစေနဲ့။

(၁၉) အယုံကြည်ဆုံးလူသား - အမေ လေ။

(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကိုယ်ကိုလေ။

(21) အမုန်းဆုံးအရာ - တစ်ခုထဲ၊တစ်ယောက်ထဲ မဟုတ်ဘူး။သူတို့တွေ မြန်မာပြည်မှာရှိတယ်။ သူတို့ကိုထက် ဘယ်သူ့ကိုမှ မမုန်းဘူး။

(22) အသောက်ဖြစ်ဆုံးအအေး - Sour plum lime juice. အမြဲသောက်ချင်တာ။

(23) လတ်တလောအထိတွေ့ဆုံးအရာ - ကွန်မြူတာ ကွန်မြူတာ။

(24) မကောင်းတဲ့ကျန်းမာရေး - ညာဘက်နားလေ။ ၀ဋ်နာကံနာပါပဲ။

(25) အကောင်းဆုံးအဖော် - လောလောဆယ်တော့ ဘေးနားမှာ။

(26) လက်ရှိအကြိုက်ဆုံးသီချင်း - ရွှေပွင့်လွှာ (မန္တလေးသိန်းဇော်)

(27) အကြောက်ဆုံးအလုပ် - မကြောက်တတ်လွန်းလို့ ဆိုလားပဲ။ သူများတွေ ဝေဖန်ကြတာလေ။

(28) တန်ဖိုးအထားဆုံးအရာ - အသေးအဖွဲလေးကအစ တန်ဖိုးထားပါတယ်။ အဲ့လိုတွေ တန်ဖိုးထားတတ် လွန်းလို့လဲ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမိပါတယ်။ ဘာလို့ဆို နောက်ဆုံးတော့ "အားလုံးငါ့အပြစ်တွေပါကွယ်" ချည်းပဲ ဖြစ်ဖြစ်လာနေလို့လေ။

(29) အကြောက်ဆုံးတိရိစ္ဆာန် - မြွေ (အသွေးထဲ အသားထဲကနေကို ကြောက်တာ။ မြွေအရုပ်လဲ ကြောက်တယ်။ မြွေလိုမျောရှည်ရှည်ဆိုရင်တောင် ကြောက်ပါတယ်)

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မဂျူနီယာ ၊ ကိုလင်းဒီပ။

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ်၊ဖုန်း။(တကယ်တော့ မြန်မာပြည်မှာတုန်းကလို ဘောင်းဘီ အိတ်ထဲ ပိုက်ဆံထည့်ရုံပဲထည့်ပြီး သွားချင်တာ၊ဒီမှာက ဘာကဒ်၊ညာကဒ်တွေကလဲ ပါသေးတာကလား။ ရှုပ်ပေမယ့် သယ်ရတာပါပဲ)

(32) သွားဖြစ်နေတဲ့နေရာတွေ - မသွားချင်လဲသွား၊ သွားချင်လဲသွားမို့ မပြောတော့ပါဘူး။

(33) စိတ်အညစ်ဆုံးအချိန် - ဘယ်အချိန်ကို ရွေးထုတ်ရမှန်းတောင် မသိတော့ဘူး။ အမြဲ စိတ်ညစ်နေတော့ အပျော်ဆုံးအချိန်ဆိုရင်တောင် ရွေးရ ပိုလွယ်မလားပဲ။

(34) အနေချင်ဆုံးနေရာ - လမ်းပေါ်လေ။ခြေထောက်မှာ ဗွေမပါပေမယ့် လမ်းထွက်နေရတာကိုပဲ ကြိုက်တယ်။
ရေးရင်း "ကျနော် လမ်းပေါ်ကလူပါ" ဆိုတာလေး ပြေးသတိရတယ်။ :)

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - သမတ အသစ်ပေးလိုက်တဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြားတော့လေ။.. ဟီးဟီး နိုင်ဂံရေးတွေတောင် ပါကုန်ဘီ။

(36) ပေးချင်တဲ့သတင်းတစ်ခု - မန်ယူဖလား ရသွားတယ်လေ။ နောက်ထပ် တစ်ဖလားလဲ လက်တစ်ကမ်းပဲ လိုတော့တယ်။ (မမဂျူနီယာ မသိမှာစိုးလို့)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - ကိုယ်အလိုချင်ဆုံးတစ်ခုကတော့ မရနိုင်ပြီကွယ် ဆိုတဲ့သီချင်း မဆိုရတော့မယ့်နေ့။ ...။

စာရေးမရတဲ့အချိန် ဒီလို Tag လေးတွေ ဖြေရတာလဲ ကောင်းတာပဲ။ တခြားလူတွေ tag ထားတာတွေလဲ ဖြေပါဦးမယ်။

Sunday, May 15, 2011

အမေ့ဆီမှ တဆင့်

နေ့လည်တုန်းက အမေ့ဆီဖုန်းဆက်တယ်။ ထုံးစံအတိုင်း သာကြောင်း၊ မာကြောင်း၊ဘုရားမှန်မှန်ရှိခိုးကြောင်း မုသား တ၀က်လိမ်းကျံပြီး ဖြေရတယ်။ အမေ့ဆီက မေတ္တာတွေရလိုက်တယ်။ အဲ့ဒီမေတ္တာတွေရဲ့အရှိန်နဲ့ တခြား သူတွေကို မေတ္တာ ရောင်ပြန်လေးတွေ ပေးရဦးမယ်။ ပေးနိုင်ဖို့ မျှော်လင့်တယ်။ အမေ့ဆီမှတဆင့် ရကာမှပဲ..။

ဘ၀ဟာ ဒီလိုပဲ လုံးချာလည်လိုက်နေတော့မှာပါပဲ။ အတိတ်ကို ပြန်မတမ်းတဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ အရင်တုန်းက မကြေးမုံဟာ သူများတွေကို စိတ်ခွန်အားတွေ ဖြည့်ပေးနိုင်တဲ့ လူပေါ့။ အခုတော့ မကြေးမုံဟာ သူကိုယ်တိုင် စိတ်ခွန်အားတွေ အရောင်ဖျော့နေ လေရဲ့။

အရွယ်မရောက်ခင်မှာပဲ စိတ်တွေ အိုစာခဲ့ရလို့ ဘ၀ဆိုတဲ့ သီချင်းကို ခုတလော ခဏခဏညည်းမိတာရယ်။ ..


Thursday, May 05, 2011

Internet cafe' မှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေကြည့်မိတယ်

အခန်းတံခါးကို ဆွဲဖွင့်ပြီးဝင်လိုက်လိုက်ချင်းမှာပဲ ၀မ်းနည်းစိတ်၊ သူ့ကိုယ်သူ နှမြောစိတ်၊ သူ့ရဲ့ အတိတ်ကို သူ ပြန်လည်တသ တဲ့စိတ်တွေ လှိုက်လှိုက်ပြီး တက်လာတယ်။ သူဟာ သိပ်ကိုခံစားတတ်သူပါ။ ဘုရားဟောခဲ့ဖူးတဲ့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေကဋာ ပြောင်းလဲနေတယ်ဆိုတဲ့ စိတ်ရဲ့အပြောင်းအလဲတိုင်းကို ဥာဏ်မှီသ လောက် လိုက်ဖမ်းဆုပ်ပြီး ခံစားတတ်နေတာလဲ သူပဲလေ။

ကောင်တာဘက်ဆီ လှမ်းကြည့်လိုက်တော့ တစ်ဦးတစ်ယောက်မှ မမြင်ရဘူး။ ဟိုအရင်တုန်းကဆိုရင်တော့ ခုလို ဘယ်သူမှမရှိနေလဲ ပြဿနာမရှိဘူး။ လွတ်နေတဲ့တစ်နေရာဆီ လျှောက်သွားပြီး ကိုယ့်စကားဝှက်ကို ရိုက်ထည့်လို့ ကွန်ပြူတာပွင့်လာတာနဲ့ သုံးလိုက်ရုံ။ ခုတော့ ကိုယ့်ကို "အမ ဘယ်စက်ယူမလဲ၊ member လား " ဆိုပြီး နေရာချထားပေးမယ့် တစ်ယောက်ယောက် ဒီကောင်တာဆီကို ပြန်လာတဲ့အထိ မတ်တပ်ရပ်လို့ စောင့်နေရုံပေါ့။ ခဏနေတော့ အမျိုးသမီးတစ်ဦးပြန်ထွက်လာတယ်။ နောက်ဖေးဘက်သွားတာ ထင်ပါရဲ့။ ပြီးတော့ သူ့ကို နံပါတ် ၆ ကို သွားပါ အမ ဆိုပြီးပြောတယ်။ ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းလောက် အတွင်းမှာ သူ့စိတ်တွေဟာ အဝေးဆီကို ထွက်ပြေးသွားတယ်။

၅၊၆၊၇ ဆိုတာ သူထိုင်နေကျ ခုံနံပါတ်တွေ။ အဲ့ဒီတုန်းက သူက ဂျီမေးလ်၊ဂျီတော့ခ် မှန်မှန်သုံးဖြစ်တယ်။ ဂျီတော့ခ် ကို အမြဲတမ်းစိမ်းထားပြီး သူငယ်ချင်းစာရင်းထဲမှာ မိတ်ရင်းဆွေရင်းတွေချည်းပဲ ဆိုပေတဲ့ လာခေါ်တဲ့လူတိုင်းကို စကားပြန်ပြောမဟုတ်ဘူး။အနီရောင်အတုံးဆိုတာ ဘယ်တုန်းကမှ မတား,ထားခဲ့ဖူးဘူး။ သူ့အယူအဆက သူဟာ အလုပ်များနေတဲ့သူ မဟုတ်ဘူး။အားလို့ အင်တာနက်သုံးနေတာဖြစ်တဲ့အတွက် အစိမ်းရောင် အစက်လေးပဲ ချထားရမယ်။ ဒါပေမယ့် လူတိုင်းနဲ့ စကားမပြောချင်လို့ လာခေါ်တိုင်းပြန်မပြောနိုင်ဘူး။ အဲ့လိုမျိုး ကန့်လန့်တွေးပြီး ထင်သလိုလုပ်ရဲတဲ့ စိတ်အင်အားတွေ သူ့မှာ ခိုအောင်ခဲ့ဖူးတယ်။

အဲ့ဒီတုန်းက သူ ဘလော့မှန်မှန် ဖတ်ဖြစ်တယ်။ ပရောက်ဇီအမျိုးပေါင်း သောင်းခြောက်ထောင်ကို အလွတ် မှတ်မိနိုင်တယ်။ "ဥပဒေနှင့် မလွတ်ကင်းသောဝက်ဘ်ဆိုဒ်များ မကြည့်ရ" လို့ တားမြစ်စာ ကပ်ထားတဲ့ဆိုင်မှာ ကိုယ်ကြည့်ချင်တဲ့၊ဖတ်ချင်တဲ့ သတင်းမှန်သမျှ ဖတ်ခဲ့ဖူးတယ်။ ဆိုင်ဝန်ထမ်းက နောက်သလို၊ပြောင်သလိုနဲ့ "အမ ဘာတွေကြည့်နေတာလဲလို့" တားမြစ်ချင်သလို မေးလာခဲ့ရင် "ငါ့လာမေးမယ့်အစား ဟိုဘက်စက်က ညစ်ညမ်းဗွီဒီယိုကြည့်တဲ့လူကို သွားမေးပါလားဟယ်" လို့ အငေါ့လဲတူးတတ်တယ်။

အဲ့ဒီတုန်းက သူ စာမှန်မှန်ရေးနိုင်ခဲ့ဖူးတယ်။ သူ့စာတွေအတွက် သူ့မှာ ဘယ်လိုယုံကြည်ချက်မှ မထားခဲ့ဖူးဘူး။ သူ့စာတွေဟာ သူ့အတိုင်းပဲ၊ ခပ်သွက်သွက်၊ခပ်မြန်မြန် အရှိန်တစ်ခုနဲ့ ...။ ပြီးတော့ သူ့စာတွေကနေ သူ့ကို ဖောက်ထွင်းလဲ မြင်နိုင်တယ်။

အဲ့ဒီတုန်းက သူက အင်တာနက်သုံးရင်း အင်းစတင့်ကော်ဖီ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ခဲ့တယ်။ ထမင်းကြော်ကို ပုံမှန်စားတယ်။ မျက်စိညောင်းလာရင် အင်တာနက်ဆိုင်မှာရှိတဲ့ သတင်းဂျာနယ်တွေထဲမှ အတင်းအဖျင်းတွေကို လိုက်ဖတ်တတ်တယ်။ ပြီးတော့ ဆိုင်ရှင်တွေနဲ့ စကားစမြည် ပြောဆိုလေ့ရှိတယ်။

----
-----
------

အဲ့ဒီတုန်းက သူဟာ စကားများတဲ့သူ ဖြစ်ခဲ့တယ်။သို့ပေမယ့် အဲ့ဒီတုန်းက သူဟာ မလိမ်ညာတတ်ခဲ့ဘူး။

အဲ့ဒီတုန်းက သူ ဆိုတာလဲ ရှိခဲ့ဖူးတယ်။


Monday, March 21, 2011

"ဗျာ"

အသက်ရှူသံတွေ ပူနွေးကြမ်းရှနေစဉ်မှာပဲ..
နှစ်ခွက်ဆင့်ထပ်ထားတဲ့ ကော်ဖီနှစ်ခွက်ဟာ
အခန်းထောင့်က အမှိုက်ပုံးထဲ ရောက်သွားပြီ။

ငါ့အသက်မှာ
ငြိမ်းချမ်းမှု တစ်မှုံတစ်လေမျှ ပါမလာဘူး။
ခြေသံကြားတိုင်း ခေါင်းထောင်ထောင်ပြီးကြည့်မိလို့
ခု..ငါ ခွေးလုံးလုံး ဖြစ်ခဲ့ရ..။

ခွေးဆိုလို့ အထင်တော့ မသေးနဲ့ဟေ့..
ငါ့နုံအမှုတွေ တအုံတမကြီးနဲ့
ရင်းနှီး၊ဖန်တီး၊ပြောင်းလဲယူထားရတာ..
အလျော်အစားက ကြီးတယ်။

အသွေးအသားလည်ပတ်စီးဆင်းခြင်းပုံစံအပြောင်းအလဲ
ချစ်ခြင်းမေတ္တာတွေက အရင်အတိုင်း...
လှတယ်...။....။

Saturday, February 26, 2011

မုန်းမိတယ်ဆိုရင်တောင် အဲ့ဒါ မတော်တဆ

ကျမတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးကြတယ်...။အဲ့ဒိ မတော်တဆမှုတွေကနေပဲ တချို့ အမှတ်ရစရာ၊ပျော်စရာ၊တချို့ဝမ်းနည်းစရာ..နောက်ပြီး အဲ့ဒိမတော်တဆမှုတွေကနေ တစ်ဘ၀လုံး ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေထိ ဆိုးရွားခဲ့တာတွေ..။

*********************************************

ဒီညကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်းလေးတစ်ခုအကြောင်း အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖြစ်ပြီး မင်းသားက မြန်မာပရိတ်သတ်တွေကြားမှာ အချိန်အတော်ကြာ ကွယ်ပျောက်နေတဲ့ တချိန်တုန်းက ညီနန္ဒခေါ် ခု နန္ဒ ပါ။ မင်းသမီးတွေက နန္ဒာလှိုင်နဲ့ ပန်းဖြူနဲ့ ကလေးသရုပ်ဆောင် ၂ယောက်လဲ ပါဝင်ပါတယ်။

ဇာတ်လမ်းကို အကျဉ်ချုံးပြီးပြောရရင်တော့ ညီနန္ဒနဲ့ ပန်းဖြူတို့က ဇနီးမောင်နှံတွေဖြစ်ကြတယ်။သူတို့မှာ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။

ပန်းဖြူက အိမ်ထောင်မှုလုပ်၊သိမ်းထုပ်သေချာပြီး အင်မတန်မှ သ၀န်တိုတတ်တဲ့အမျိုးသမီး၊ညီနန္ဒကကျတော့ အလုပ်ကိုပဲအေးအေးဆေးဆေးလုပ်ချင်သူ။ သူ့မိန်းမကိုအရမ်းချစ်ပေမယ့် သူ့မိန်းမကတစ်မျိုးပြီးတမျိုး မရိုး နိုင်အောင် သူ့ကိုနီးစပ်ရာအမျိုးသမီးတွေနဲ့သမုတ်နေတာကို နားပူမခံချင်ဘူး။နားအေးပါး နေချင်တဲ့သူ ဆိုပါတော့။

သူတို့နှစ်ဦး(နန္ဒနဲ့ ပန်းဖြူ)ကြားမှာ ယောက်ျားလုပ်သူကို အမျိုးသမီးက အမြဲတမ်းရန်ရှာပြီး၊ အချိန်တိုင်း ရန်ဖြစ်နေရတဲ့ ပြသနာကတော့ နန္ဒာလှိုင်နဲ့ ညီနန္ဒတို့က အလုပ်တစ်ခုထဲဖြစ်နေခြင်းပါပဲ..။ညီနန္ဒရဲ့ အသံသွင်းစတူဒီယိုမှာ နန္ဒာလှိုင်က ၀န်ထမ်းတစ်ဦးပေါ့။

ဒီလိုနဲ့ သ၀န်တိုတတ်တဲ့မိန်းမရယ်၊အေးတိအေးစက် မထုံတတ်တေးလုပ်တဲ့ယောက်ျားရယ်၊နောက်ပြီး အင်မတန်မှ ဗဟုသုတကြွယ်ဝသလို၊လူတွေရဲ့ စိတ်အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက် လွယ်သော တပည့်မလေးတစ်ဦးရယ်နဲ့ ဇာတ်အိမ်တစ်ခုတည်ခဲ့ပါတယ်။

ခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွေအတော်များများဟာ ဟိုအရင်ကလို ချစ်ကြိုက်ကွဲ၊ပြီးရင် ပြန်ပေါင်းထုပ် ဆိုတာတွေထက် အခုကားလိုမျိုး လူ့သဘော၊မနောတွေနဲ့ ရောယှက်ထားတဲ့ဇာတ်တွေ များလာပါတယ်။ ဇာတ်အိမ်အားဖြင့်ရှုပ်လာပြီး အဲ့ဒီဇာတ်အတွက် သရုပ်ဆောင်တွေနိုင်နင်းမှု ရှိမရှိဆိုတာကတော့ တခြားတပိုင်းပေါ့လေ...။

အဲ့ဒါနဲ့ တနေ့မတော့ လင်မယားချင်းစကားများကြတယ်။ ဒီတစ်ခေါက်ပြဿနာက အနည်းငယ်ပြင်းထန်ပြီး ကိုယ်ထိလက်ရောက်တွေပါ ပါလာတယ်။ တွန်းထိုးရင်းက ပန်းဖြူက ဗီရိုစောင်းနဲ့ခိုက်မိပြီး သေဆုံးသွားခဲ့တယ်။

ဒီနေရာမှာ ဇာတ်လမ်းအသေးစိတ်ကို မရေးလိုတော့ပါ။ပန်းဖြူက သေခါနီးမှာဆွံ့ဆွံ့အအနဲ့ ယောက်ျား လုပ်သူကို တစ်ခွန်းထဲပြောသွားတဲ့ စကားက “ကလေးတွေကို စောင့်ရှောက်ပါ” တဲ့။ အသက်ငင်နေနဲ့ ပန်းဖြူရဲ့ မျက်လုံးတွေထဲမှာ"ပြဿနာကို ငါဒီနည်းနဲ့ဖြေရှင်းမိတာ မှားသွားပြီလား" ဆိုတဲ့ နောင်တတွေများလားလို့ ကျမခံစားရှာဖွေမိပြန်ပါတယ်။

အဲ့ဒိမတော်တဆမှုကို ရဲလက်အပ်လိုက်ရင် သူ့ကလေးတွေ မိဘမဲ့တွေဖြစ်ကုန်တော့မှာစိုးတဲ့အတွက် မိန်းမအလောင်းကို ရေထဲလွှင့်ပစ်ခဲ့တယ်။နောက်ဆုံးမတော့ ဖုံးဖိထားရင်းကပဲ အမှုကပေါ်သွားတယ်။ ကလေးတွေက ဖအေလုပ်သူကို အထင်တွေလွဲ၊ အဲ့ဒီလိုနဲ့ ဖခင်က ထောင်ကျတယ်ပေါ့။ သားနဲ့သမီးလေးက သူ့အဖေကို နာကျည်းသွားတယ်။ ဒီနေရာမှာ ညီနန္ဒအတွက် ဝေဒနာက ထောင်ကျရတာထက် လူမမယ် သားသမီးတွေရဲ့ အထင်အမြင်လွဲခံရတာက ပိုမယ်ထင်ပါတယ်။

နောက်ပိုင်းမတော့ ဖအေကို သားသမီးတွေက ခွင့်လွှတ်နားလည်ပေးကြောင်းနဲ့ "မုန်းတယ်လို့ပြောမိရင်တောင် အဲ့ဒါ မတော်တဆ" လို့ ရေးထားတဲ့ပိုစ့်ကဒ်လေးတစ်ခုကို ထောင်ထဲပို့ပေး...စသဖြင့် ဇာတ်ကိုမနာအောင် ပြန်သိမ်းထားတယ်....။

**********************

ဇာတ်လမ်းဆုံးပြီ။ ကုတင်ပုပုလေးပေါ်မှာ လှဲနေရင်း အတွေးနယ်ဆက်ချဲ့မိပါတယ်။ အဲ့ဒိလို မတော်တဆမှုတွေကြောင့် ကျမတို့ရှင်သန်ကြီးပြင်း ကျင်လည်ရာ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်ခဲ့ ပြီးပြီလဲ...။ အဲ့ဒါထက်ပိုလို့ အချိန် ၂နာရီလောက်ပေးပြီး ကြည့်လိုက်ရတဲ့ဒီဇာတ်လမ်းထဲကနေ ကျမဘာတွေရလိုက်ပါသလဲ။

ကျမသတိထားမိလိုက်တာ တစ်ခုရှိရဲ့...။အဲ့ဒါက အိမ်ထောင်ရေး၊သံသယ၊ဖောက်ပြန်ခြင်း နဲ့ နားလည်မှု အဲ့ဒါတွေ အဟ ကွာနေခြင်း ပါပဲ..။

ဒီဇာတ်လမ်းထဲမှာဆိုရင် ယောက်ျားက တကယ်မဖောက်ပြန်ပါဘဲနဲ့ သူ့ကိုဖောက်ပြန်ပါတယ်လို့ စွပ်စွဲတဲ့မိန်းမကိုတွန်းထိုးရင်းက လူသတ်တရားခံဖြစ်သွားရတယ်..။ မိန်းမအနေနဲ့ကလဲ သူ့ယောက်ျားဆီကနေ သေချာတိကျတဲ့ ဖြေရှင်းစကားတစ်ချို့ကို မျှော်လင့်နေမိခဲ့တယ်။ (အနည်းဆုံး လိမ်ညာပြီး ဖြေရှင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့)

ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာဘူး။သူ့ယောက်ျားကလဲ သူသည်ဘာတစ်ခုမှ အမှားမလုပ်တဲ့အတွက် ဘာကိုမှ ဖြေရှင်းနေစရာမလိုဘူး။

အသံသွင်းစတူဒီယိုအခန်း တစ်ခန်းထဲမှာ အလုပ်အတူလုပ်နေကြတဲ့ တပည့်မလေးက သူအလုပ်ထွက်ပေးဆိုလဲ ထွက်မယ်၊သူ့ကြောင့်တော့ ဆရာတို့အိမ်ထောင်ရေး အနှောက်အယှက်ဖြစ်နေပါ့မယ်ဆိုတဲ့ အပြောကိုလဲ ငါတို့ တွေ မောင်နှမရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ခင်မင်ကြတာကို ငါတို့သိတယ်..။ ဒါကို သူများလက်ခံလာအောင် ရှင်းပြနေစရာမလိုဘူး။ နောက်ပြီးတော့ အဲ့လိုအလုပ်ထွက်လိုက်မှ တို့တွေရဲ့ ဖြူစင်မှုကို သူများအထင်သေးတယ် စသဖြင့် ငါတို့မမှားဘူးဆိုပြီးလက်မခံတဲ့ ဆရာတပည့်ကြားက နားလည်မှု၊စသဖြင့် ပေါ့လေ...။

ဒါပေမယ့် အဲ့ဒါတွေက ဘေးက ပွဲ့ကြည့်ပရိတ်သတ်ရဲ့အမြင်တွေပါ။ကာယကံရှင်တွေက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း၊ ဘာကိုခံစားနေရမှန်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မကြည့်နိုင်ပါဘူး။

အိမ်ထောင်မှု ကိစ္စတွေနဲ့ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေနဲ့ သူတို့ဇောနဲ့သူတို့ ကပ်နေကြတာပါ။ တစ်ဦးချင်းစီက ငါမှန်တယ်၊ ငါဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အတွေးတွေ၊ ငါ့ကိုမှ လာစော်ကားတယ်ဆိုတဲ့ မခံချင်စိတ်တွေ၊ ငါ့ကိုယ်ကျင့်တရား၊ နောက်ပြီး ငါ့တာဝန်ယူမှု.. အဲ့ဒီခံစားမှုတွေက ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ထိ ရင်နင့်ကြေကွဲဖွယ် ဖြစ်ခဲ့တာပါပဲ။

ဒီဇာတ်လမ်းလေးကိုပဲ ကျမတွေးမိတယ်..။ဖခင်လုပ်တဲ့သူ ထောင်ကျသွားတော့ လူမမယ်ကလေးနှစ်ယောက်ကို နယ်မြို့က ဖခင်ရဲ့အစ်ကိုအိမ်မှာထားခဲ့ရတယ်။သူတို့ဟာ သူတို့ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တဲ့ အမေကိုလဲ ရုတ်တရက်ကြီး ပျောက်ဆုံးခဲ့ရသလို အမေပျောက်ကွယ်သွားခါမှ သူတို့ကိုကြင်နာယုယမှုတွေ ပေးလာတဲ့ အဖေကိုပါ မဆိုင်းမတွပဲ... ထပ်ပြီးဆုံးရှုံးလိုက်ရပြန်တယ်...။ ရွှေတောင်ကြီးရော.. အိမ်ခေါင်မိုးရော... အကုန်ပြိုတာမှ သူတို့လေးတွေပါ....။

နှမြောစရာကောင်းတာက တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ ကလေးတွေရဲ့ မိခင်ဖခင်အပေါ် ထားရှိတဲ့ စိတ်တွေ၊ခံယူချက် တွေပေါ့..။ သူတို့လို ကလေးငယ်တွေ ကျမလက်တကမ်းမှာကို အများကြီးရှိနေလေရဲ့။

******************************

ကိုယ်ဘာမှမတတ်နိုင်တဲ့ လူ့သဘာဝတွေမို့ မသိလိုက် မသိဘာသာလေးပဲ နေလိုက်ရမှာလား။ ဒါမှမဟုတ် ကိုယ့်အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေနဲ့ သူတို့ရင်သွေးလေးတွေ သူတို့ကို မတော်တဆမုန်းမိနိုင်တယ် ဆိုတဲ့အကြောင်းလေးများ..... ကွေ့ပတ်ဝေ့၀ိုက်ပြီး ဆွေးနွေးရင်ကောင်းမလား...စဉ်းစား နေရတုန်းပါပဲ။

******************************


လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တုန်းက ရေးထားတဲ့ အဟောင်းလေးပါ။ကိုယ့်စာကိုယ်ဖတ်ပြီး စိတ်တိုင်းမကျပေမယ့် တိတ်ဆိတ်မှုကို ဒီနည်းနဲ့ပဲ ဖြိုခွဲခွင့်ပြုပါ။
ခေါင်းစဉ်ကိုလဲ အဲ့ဒီဇာတ်လမ်းထဲက ပိုစ့်ကဒ်လေးလဲက စာကြောင်းလေးပဲ ယူသုံးလိုက်ပါတယ်။း)