Tuesday, September 23, 2008

သို့...မကောင်း

မကောင်းရေ..
တွန့်လိပ်တက်နေတတ်တဲ့ ခင်ဗျားရဲ့ အင်္ကျီဟာ ခုဆိုရင်ရောဘာတွေများပြောင်းလဲနေမလဲ..
ပြန်ပြီး စန့်နေမှာတော့ မဟုတ်လောက်သေးဘူး။

မကောင်းရေ...
ခုနေခါဟာ ခင်ဗျားတို့ဆီမှာ..နှမ်းတွေ ကျဲလို့ပြီးချိန်ပေါ့၊ခင်ဗျားနဲ့ခင်ဗျားညီမ မဆိုးရော...
ခါတိုင်းနှစ်တွေလိုပဲ ထွန်တုံးကိုတဲ့ ခြေတော်တင်နေရတုန်းပဲမှုတ်လား...

မကောင်းရေ...
ထွန်နောက်လိုက်တယ်ဆိုတာ ယောက်ျားတွေအလုပ်မဟုတ်လားလို့၊အဲ့လိုပြောတိုင်းထွန်တုံးကိုင်တာ တစ်ရွာလုံးမှာကျုပ်တို့ညီအစ်မနှစ်ယောက်ပဲရှိတာတော့လို့ခင်ဗျား ဂုဏ်ယူနေဦးမလား...

မကောင်းရေ...
သိပ်ထူးခြားတဲ့ ဒီနာမည်ကို ခင်ဗျားအဖေမှည့်ခဲ့တာလို့ ခင်ဗျားဂုဏ်ယူတတ်တာဟာ
ရိုးသားတဲ့ အညာသူမကြီးလို့ လှစ်ခနဲ၊လှစ်ခနဲ တွေ့ရတယ်..

မကောင်းရေ..
ဖဲရိုက်တဲ့မောင်တွေကို အိမ်မှာ ဆီဦးထောပတ်အရံသင့် ကျွေးမွေးပြီး
ငရုတ်သီးဆားထောင်းဟာ ခင်ဗျားအတွက် အမြိန်ဆုံးဟင်းလျာတဲ့...ခင်ဗျားအဲ့လိုပဲ ပြောပြောနေတယ်

မကောင်းရေ...
ပြန်ခါနီးလို့ ကျုပ်ကသံယောဇဉ်တွေကို တတ်နိုင်သမျှ ဖြတ်နေပါတယ်ဆိုကာမှဗျာ..
ဘာလို့ ခင်ဗျားက မျက်ရည်ကျရတာတုန်း...

မကောင်းရေ..
ခင်ဗျားဘ၀တစ်လျှောက်လုံးထာဝရမိသားစုအဖြည့်ခံ၊ထာဝရအရှုံးတရားကိုလက်ဆုပ်ကိုင်ပြီး
ဘ၀ကိုအနိုင်ပိုင်းထားတဲ့သူက ဘာလို့ မျက်ရည်ကျရမှာတုန်း....

မကောင်းရေ..
တစ်ခါတစ်ခါကျ ခင်ဗျားက ရာဇ၀င်တွေ ချီတက်သေးတာဗျ...နော်...
မနက်ဖြန် ရွာထိပ်က ဘုရားကိုလိုက်ပို့မယ်ဆို ဒီညဟာ ကျုပ်အတွက် ခင်ဗျားရဲ့ ရာဇ၀င်တွေနဲ့ အိပ်မက်မက်ရတဲ့ညပဲ...

မကောင်းရေ..
ခင်ဗျားချီတဲ့ ရာဇ၀င်တွေကို ကျုပ်ခုထိလဲ အိပ်မက်မက်နေတုန်းပါပဲ...

မကောင်းရေ...
မဟုတ်ရင်မခံတတ်ပေမယ့် ဘယ်တုန်းကမှခင်ဗျားဟာဘယ်လိုလူပါဆိုတာပြခွင့်မရခဲ့တာနှစ် ၃၀ ကျော်လာခဲ့ပြီ॥ဒါပေမယ့် ခင်ဗျားကတော့ ဘ၀ကို ကျေနပ်ဆဲပဲ၊ဒါကြောင့်...
ကျုပ်လေ..ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်မိတဲ့အထိ...

မကောင်းရေ...
ခင်ဗျားဘာသာခင်ဗျားခု ဘယ်လိုနေနေ..ကျုပ်ရှိချိန်တုန်းကတော့ ကျုပ်ရှေ့ဆို လက်ကလေး ဆေးဆေးပြတတ်တဲ့ချစ်စရာ အညာသူမကြီး...

မကောင်းရေ...
ဒီညနေဟာ ကျုပ်ကိုယ်ကျုပ် နားရင်ရိုက်ချင်အောင်ဖြစ်ရတဲ့နေ့ပေါ့...
နောက်ကနေ ဖုန်တထောင်းထောင်းထဲမှာ ငှက်ပျောသီးတစ်ဖီးကိုင်ပြီးပြေးလိုက်လာတဲ့ ခင်ဗျားကို ကျုပ်ဘယ်လိုလုပ်မေ့ရပါ့လဲ

မကောင်းရေ...

မကောင်းရေ...

မကောင်းရေ....

ဒီအချိန်ဆိုမြေသင်းနံ့သည်ဆွတ်ပျံ့လို့နေတော့မယ်...ကျုပ်အပြန်လမ်းခရီးတစ်လျှောက်လုံးမှာ
ဆိတ်တစ်အုပ်နဲ့ဖုန်တထောင်းထောင်းထအောင်မောင်းသွင်းသွားတဲ့မကောင်းအကြောင်းကိုပဲ
တွေးရင်းလာခဲ့တာ... ငါ့အပြန်လမ်းခရီးကလဲ ခုထိမဆုံးသေးဘူး။

ရွာတံခါးက ပျက်ကျနေတဲ့ တိုင်တစ်တိုင်က ငါ့ကို သရော်နေတာလား
ဟေ့ အဲ့လိုမျိုးတော့ငါ့ကို မကြည့်နဲ့ကွ.. မခံနိုင်ဘူး ငါကငါတတ်နိုင်သလောက်လုပ်ပေးပြီးရင်
ဘာကိုမှ ဆက်မတွေးချင်ဆက်မလုပ်ချင်တော့ဘူး၊ငါ့ကို အဲ့လိုမကြည့်နေနဲ့...လုံးဝမကြိုက်ဘူး

အဲ ဒါပေမယ့် တစ်ခုပဲ မှာခဲ့ချင်တယ် မင်းတို့ရွာကို ငါပြန်လာခဲ့ပါဦးမယ်...

ပြန်ခေါက်ထားပါ...

No response to “သို့...မကောင်း”