Tuesday, September 23, 2008

မပြောချင်ဘူး.......ဒီအကြောင်းတွေ

ကျမက လှမ်းပြောလိုက်တယ်..
"ဟေ့ ခဏ နေဦးလေ "
သူတို့ နှစ်ယောက်က ကြားမကြားတော့မသိဘူး
ဘေးက ဖြတ်သွားတဲ့ကောင်လေး နှစ်ယောက်ရဲ့ အသံက နားထဲကိုကန့်လန့်ဝင်လာပါတယ်

"သြော် ခဏမဟုတ်ပါဘူးကွယ် အကြာကြီးစောင့်ဆိုလဲ ဖြစ်ပါတယ်"
ဒါက ကျမ ကြားလိုက်သမျှသာ... နောက် မကြားတာတွေ ရှိသေးတယ်..
နားသိပ်မကောင်းတဲ့ ကိုယ့်ကိုယ်ကိုပဲကျေးဇူးတင်ရတော့မလိုပါပဲ...
ပြောသွားတဲ့ လူငယ်တွေကိုလှည့်ကြည့်ဖြစ်အောင်ကြည့်လိုက်ပါသေးတယ်...
မြင်လိုက်ရတော့ စိတ်ထဲမှာ တော်တော်လေး ခံရခက်ခက်ဖြစ်သွားပါတယ်
ကျမ သူငယ်ချင်းတွေကအမြဲပြောလေ့ရှိပါတယ်...နဲနဲတော့ ရိုင်းပါတယ်...
အဲ့ဒါမျိုးလူတွေကို ထားရမယ့်သဘောထားပါ..
ဒါပေမယ့် ကျမတွေးတာက ကျမတို့ဆီမှာက အဲ့ဒါမျိုးတွေပဲ ပိုပိုများလာသလိုပါပဲ...
နေရာ အကန့်အသတ်မရှိ.. အချိန်အကန့်အသတ်မရှိ..
အသိုင်းအ၀ိုင်းအကန့်အသတ်မရှိ ...စော်ကားချင်တိုင်းစော်ကားနေကြတာကို
မိန်းကလေးတွေ ခံနေကြရတာ...
စော်ကားမယ်ဆိုရင်တောင် ကာလံဒေသံ ရွေးပြီးမလုပ်သင့်ဘူးလားကွယ်.
ဆိုပါတော့ ကျမက ည ၁၁ နာရီမှာ အပြင်ထွက်တယ်.. မလုံ့တလုံဝတ်ထားတယ်
အဲ့ဒါမျိုးဆိုတောင် နည်းနည်းနားဝင်ခံသာဦးမယ်လေ...
ဒါတောင် ကျမကိုယ်တိုင် တစ်စုံတစ်ခုသော လူတန်းစားတစ်ရပ်ကို သတ်မှတ်လိုက်ရာ ရောက်သွားပြီ...
(လူတိုင်းမှာ ကိုယ်စီကိုယ်စီ လွတ်လပ်စွာနေထိုင်ခွင့်ရှိသင့်တယ်ဆိုတာကို ကျမ လက်ခံပါတယ်
ဒါပေမယ့် သူတို့ရဲ့ လွတ်လပ်စွာနေထိုင်မှုကကျတော့ သူတပါးရဲ့ အရှက်သိက္ခာကိုပါ ထိခိုက်လာပြီ မဟုတ်ဘူးလား)


ထားပါတော့လေ အဲ့ဒါမျိုးဆို ပြောပါ.. စပြီးလမ်းထွက်တယ်ဆိုထဲက ကျမရဲ့ စိတ်ရောကိုယ်ပါကို ပြင်ဆင်သွားမယ်..
ဒါတွေကို ကျမ ခံနိုင်ရည်ရှိရမယ်၊ကြားနိုင်စွမ်းရှိရမယ်.. ဟုတ်တယ်မလား
ခုဟာက ညနေပဲရှိသေးတယ် ပြီးတော့ အင်မတန်မှ လူရှုပ်တဲ့ လမ်းမပေါ်ကြီးမှာ...
ကျမတို့ မိန်းကလေးတွေမှာ ဘာမှပြန်လည်ချေပခွင့်မရှိပါဘူး...
ပြောချင်တဲ့သူကတော့ ပြောချင်တာပြောပြီးထွက်သွားနှင့်ပြီ
အပြောခံလိုက်ရတဲ့သူမှာသာ...စိတ်ထဲ ကျလိကျလိဖြစ်ကျန်ခဲ့တာ
အံမယ် သူတို့က ပြောပြီး ခပ်လှမ်းလှမ်းရောက်မှ အင်မတန်ရွံစရာကောင်းတဲ့ အကြည့်နဲ့ လည်ပြန်ငဲ့ကြည့်သေးတာရှင့်
ဘယ်လောက်များအောက်တန်းကျတဲ့ အပြုအမူများလဲကွယ်..တော်တော်လည်း ရွံစရာကောင်းပါတယ်

ကျမတစ်ဆက်တည်းတွေးဖြစ်တာတွေ အများကြီးပါပဲ ကျမအပြောခံရလို့မှ မဟုတ်ပါဘူး
ကျမလိုမျိုး တနေ့တနေ့ မိန်းကလေးတွေ ဘယ်နှစ်ယောက်လောက်များ စိတ်တို ဒေါသထွက်ဖြစ်နေရသလဲ
မခန့်မှန်းနိုင်ပါဘူး...အတွေးက ချာလည်ရိုက်နေပါတယ်..
တခါတလေဆို ပြောဆိုသွားတဲ့အထဲမှာကိုယ်လိုပဲ မိန်းကလေးတွေ ပါနေသေးတယ်
အလိုလေး မြတ်စွာဘုရား..ဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ပါဘူး...
မိန်းကလေးတွေကလဲ " ဟဲ့ " လို့ တစ်ခွန်းမအော်ပါဘူး
ဒါဆို သူတို့အတွက်တော့ ဒီလို ကိစ္စဟာ သာမာန်အဖြစ်အပျက်ပဲများလား

ခုခေတ်က ဘာတွေဖြစ်နေမှန်းကို မသိပါဘူး...အားလုံးက ရိုင်းလိုက်ဖို့ကို ၀န်မလေးပါဘူး..
ကျမ အယူအဆတစ်ခုရှိပါတယ်...ဘယ်သူတွေက ဘာတွေဖြစ်အောင်လုပ်နေနေ ကိုယ်က သူများဖန်တီးဖို့ ရွံ့ရုပ်မဟုတ်ပါဘူး
ကိုယ့်ကိုယ်ကို တည်ဆောက်နိုင်ရမယ်..ကိုယ့်ကိုယ်ကို ဖန်တီးမှာပေါ့ ကျမဆိုလိုချင်တာက ကိုယ့်ဘ၀ကို ကိုယ်ပိုင်ရမယ်..
အနဲဆုံးဘာမှ မပိုင်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကျင့်တရားကိုယ်ပိုင်ရမယ်
ခုတော့ သူတို့များမှာတော့ ဖျက်ချင်တိုင်းဖျက်ဆီးတာကို အဖျက်ဆီးခံနေကြတယ်
လူတွေဟာ အစွန်အဖျားကိုအမိအရ ဖမ်းဆုပ်ပါတယ် တကယ် လက်လှမ်းမှီအောင် ပြေးလိုက်တတ်တယ်...
မမှီရင် မှီတာလေး ပြေးဆွဲကြတယ် ဘာကိုမှ လက်လွတ်မခံပါ...
အ၀တ်အစား၊ဖက်ရှင်၊ဂီတ၊လူနေမှုပုံစံ၊စသဖြင့်ပေါ့လေ
ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ဘာကိုမှ လက်လွတ်မခံပါဘူး..
ဒါပေမယ့် သူတို့မေ့ထားကြတယ် မေ့ထားကြတဲ့အရာတွေ အများကြီးပါပဲ
ကျမ ဥာဏ်မှီသလောက် ပြောရမယ်ဆိုရင်တော့ ခုကျမတို့ ခံစားနေရတာတွေဟာ ခေတ်ရဲ့ ရိုက်ခတ်မှုတွေပါပဲ..
ပေးသလောက်ကိုပဲ ယူတတ်ပြီး ဖျောက်ထားတာကို မရှာဖွေချင်ကြတဲ့ လူတွေရဲ့
စော်ကားမှု မှန်သမျှကို ကျမတို့တွေ ခါးစည်းခံစားနေ၇တာပါပဲ...တော်တော်လေးရင်နာဖို့ကောင်းပါတယ်...

ဒါပေမယ့် ကျမသိပါတယ် ခုလဲ ကျမစာတွေကိုလာဖတ်တဲ့သူတွေက ကျမထက်အရာရာ ပိုပြီးပြည့်စုံကြမှာပါ...ကျမပြောနေတာတွေကိုလဲ သိပြီးသားပဲဖြစ်မှာပါ
ဒါပေမယ့် ကျမဒီအကြောင်းကို အားလုံးပြန်လည်အမှတ်ရအောင် ရေးလိုက်ရပါတယ်..
နောက်ဆုံးတော့ ဒါက ကျမရဲ့ မရင့်ကျက်မှုတွေလို့ပဲ သတ်မှတ်ရပါတော့မယ်...

No response to “မပြောချင်ဘူး.......ဒီအကြောင်းတွေ”