Saturday, August 29, 2009

မကြေးမုံတို့ရွာ

ဒီဘုရားနာမည်က ပဲ့နင်းကြီးဘုရားလို့ခေါ်ပါတယ်။ ဥမ္မာဒန္တီ မိဘုရားတည်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒိဘုရားနဲ့ ကပ်ရပ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး သင်္ကြန်တွင်းနဲ့ သီတင်းကျွတ်တိုင်းမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ အဲ့ဒိဘုရားနားက မယ်သီလရင်ကျောင်းလေးမှာ ကျမဆယ်တန်းပြီးခါစတုန်းက မယ်သီလရင် ၀တ်ဖူးတယ်။ ဘွဲ့နာမည်က ခေမာစာရီ တဲ့။း)။ ငယ်ငယ်တုန်းက ရိုးစင်းတဲ့ဘ၀ဖြတ်သန်းမှုတွေ တမ်းတရင်း ဒီဘုရားပုံလေးကို ရိုက်လာဖြစ်ခဲ့တယ် ဆိုပါတော့။

စကားထစ်ပေမယ့် အင်မတန်လည်တဲ့ အိမ်ရှေ့အိမ်က ကလေးလေး။ နာမည်က ကိုသူ တဲ့။ ခုမှ ၆ နှစ်ရယ်။ ညနေတိုင်း နွားထွက်ရုတ်ရတယ်..။(ရုတ်=ပြန်သိမ်းတာ)






ကင်မရာ စုတ်စုတ်လေးနဲ့ပါ။ တကယ်တော့ အစိမ်းရောင်သေချာမြင်ရတဲ့ ပုံတွေ ကျန်သေးတယ်။ ပုသိမ် မုံရွာလမ်းမကြီးပေါ့။ ကျမမိသားစုနေနေတဲ့ ရွာလေးရဲ့ အနောက်ဘက်မှာပါ။

စပါးပင်ရဲ့ အစိမ်းရောင်နဲ့ ဝေးနေကြသူများအတွက်။



မြက်ထုံး။ ရှေ့တစ်ထုံး၊ နောက်တစ်ထုံး၊ တံပိုးနဲ့လျှိုပြီး ထမ်းပါတယ်။ ခုလိုမိုးတွင်းမှာ ကောက်ရိုးခြောက်ရော မြက်ရော စားရတဲ့နွားတွေ ဆူဖြိုးတာပေါ့။

မြတ်ရိတ်ပြီးပြန်လာတဲ့ ရွာထဲကအစ်ကို၂ယောက်။

ကျနော် ကြွက်ထောင်မလို့ဗျ။

ဘာရယ် မဟုတ်ပါဘူး။ အားအားနေရင် ကိုယ့်ဇာတိမြေဆိုတာတော့ လူတိုင်း လွမ်းတတ်ကြတာပဲ မဟုတ်လား။ ဟုတ်ကဲ့။ ကျမ တောသူပါ။

Wednesday, August 26, 2009

ခရေရာဇ၀င်

မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့နှစ်ကျော့တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းလုပ်လုပ်စို့ တပြုံးပြုံး၊
ပန်းတွေ တကုံးကုံး။ ။


အဲ့ဒိ ပန်းသည်ကဗျာလေးကို သူ့မေမေက သင်ပေးဖူးသည်။ တကယ်တော့ သူ့မေမေနဲ့သူနဲ့က ငယ်ငယ်လေးထဲက ခုချိန်ထိ သားအမိရယ်လို့ အတူနေခွင့် သိပ်မရှိခဲ့တာ အမှန်ပါ။ သို့ပေမယ့် သူငယ်ငယ်တုန်းက ဆရာကြီးမင်းသုဝဏ် ကဗျာတွေကို လေးတန်းကျောင်းထွက် သူ့မေမေက နှုတ်တိုက်ချပြီး သင်ပေးခဲ့တာဖြစ်သည်။

သပြေသီးကောက်၊ ဥပုသ်စောင့် စတာတွေထဲကမှ သူကအဲ့ဒိ ပန်းသည် ကဗျာလေးကို ပိုလို့ အမှတ်ရမိနေတတ်သည်။ ဗန်းလေးယူခဲ့ မောင်လေးရယ်၊ သွားကောက်ချေစို့ကွယ် ဆိုတဲ့ နေရာလေးကိုတော့ ဘာကြောင့်မှန်းမသိ၊ သိပ်ကိုသဘောကျမိခဲ့တာ ခုချိန်ထိပါ။ အိမ်မှာ အငယ်ဆုံးပီပီ တကယ်ပဲ မောင်ငယ်လေး တစ်ယောက်တော့ ငယ်ငယ်ကလေးဘ၀တုန်းက လိုချင်ခဲ့တာ အမှန်ပါပဲ။

ဒါမယ့်သူဟာ တသက်လုံးမှာ တစ်ကြိမ်ရယ်သာ မောင်ငယ်လေး တစ်ယောက်နဲ့အတူ ခရေပန်းကောက်ခွင့် ရခဲ့သူ။

မှတ်မှတ်ရရ ထိုနေ့မနက်က နှင်းတွေသိပ်သည်းစွာ ကျနေတဲ့ ဆောင်းမနက်ခင်း တစ်ခုဖြစ်သည်။ မနေ့ညနေက စပါးတလင်းထဲကအပြန်မှာ စဥ့်အိုးနဲ့လုပ်တဲ့ အိုးစည်လေးကျကွဲလို့ အကြီးအကျယ်စိတ်ညစ်ပြီး အိပ်ပျော်သွားခဲ့တဲ့ သူ။ နောက်တနေ့ မနက်မှာ အမေက သူ့အိုးလေး ဘယ်မှာလဲလို့မေးရင် ဘာဖြေရမှန်းမသိလို့ အိပ်ယာနိုးနိုးချင်း မျက်နှာသစ်တဲ့ ရေတိုင်ကီနားမှာ သူငူငူငိုင်ငိုင်နဲ့ ထိုင်နေတုန်းမှာ မောင်လေးက ရောက်လာခဲ့တာဖြစ်သည်။

ဟေ့ မသက်မွန်၊ ငါတို့ ကြိမ်ချောင်း ဘုန်းကြီးကျောင်းနားမှာ ခရေပန်း သွားကောက်ကြမယ်၊ လိုက်မလား လို့ သူကခေါ်တော့ ချက်ချင်း ထလိုက်ဖြစ်ခဲ့တာ။ သောက်ရေအိုးဖုံးခြင်းလေးနဲ့ တစ်လုံးအပြည့် ခရေပန်းတွေ အပြည့် အမောက်နဲ့ သူအိမ်ပြန်လာတော့ အမေရဲ့ စကားတွတ်ထိုး ဆူတာကို ခံရသည်။ အိုးစည်လုပ်တဲ့ စဥ့်အိုးကွဲလို့လား။ မောင်လေးနဲ့ ခရေပန်း သွားကောက်လို့လား ဆိုတာတော့ သူ သေချာမသိခဲ့ပါ။

++++++++++++++++++++++

သူတို့တက်ခဲ့ရတဲ့ ယူနီဗာစီတီက တကယ့် ဆေးရုံကြီးနဲ့တူသည်။ သီရေတာဆိုလို့ နှစ်ခန်းပဲရှိသည်။ ကျန်တဲ့အဆောင်တွေက ဆေးရုံကြီးတစ်ခုလို၊ ဆေးရုံနဲ့ တူတယ်ဆိုတဲ့ ခံစားမှုကို ပေးတာကလဲ သူတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာက တီဘီဆေးရုံရှိလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အဲ့ဒိလို ဆေးရုံကြီးနဲ့တူလှတဲ့ သူတို့ကျောင်းမှာ နှစ်သက်စရာဆိုလို့ တစ်ဆိုင်ထဲသော အသုပ်ဆိုင်ဖြစ်တဲ့ ရခိုင်မကြီး ဒေါ်ထွေးညိုဆီကိုသွားတဲ့ လမ်းလေးဆီက ခရေပင်လေး လေးငါးခြောက်ပင်သာ ရှိသည်။ ခရေတွေပွင့်တဲ့ အချိန်နဲ့ သူတို့ ကျောင်းစဖွင့်တဲ့အချိန်က ကွက်တိဖြစ်သည်။ ယူနီဗာစီတီ ကင်တင်းတစ်ဖြစ်လဲ ဒေါ်ထွေးညိုရဲ့ အသုပ်ဆိုင်မှာ ထိုင်ရင်းက ဖြတ်သွားဖြတ်လာ လူပေါင်းခြောက်ဆယ်လောက်ကို ငေးရတာကလဲ သူ့အတွက်တော့ ထူးဆန်းတဲ့ ခံစားမှုဖြစ်သည်။

ရန်ကုန်မြို့ထဲက နာမည်ကြီးခရေပင်လမ်းလောက် မလှသော်လည်း သူ့အတွက်တော့ ဒီကျောင်းကခရေပင်တန်း လေးက အမှတ်ရစရာတွေ အများကြီးနဲ့ သူ့ရာဇ၀င်တွေ ထမ်းပိုးထားခဲ့ဖူးသည်။

မိန်းကလေးတိုင်း လုံချည်ဝတ်ရမယ့် စည်းကမ်းကြောင့် ဗိုသီဘတ်သီနိုင်လှတဲ့ လုံချည်တစ်စကို လက်ကကိုင်ပြီး လက်တစ်ဘက်ထဲနဲ့ ခရေပန်းတွေကိုကောက်နေတဲ့ သူ့အနား လက်ခုပ်လေးတစ်စုံရောက်လာခဲ့ဖူးသည်။

တက္ကသိုလ်ကျောင်းက ခရေပင်တန်းမှာတော့ သူနဲ့အတူ ပန်းကူကောက်မယ့် မောင်လေးလဲ မရှိတော့ပါ။ မောင်လေးမရှိတော့တဲ့အတွက် ပန်းကောက်လို့လား၊ စဥ့်အိုးလေးကွဲလို့လား မသိတဲ့ အမေ့ရဲ့ဗျစ်တောက်၊ ဗျစ်တောက် ဆူသံကိုလဲ မကြားရတော့ပါ။ ဗန်းလေးမပါပေမယ့် လက်ခုပ်လေးနဲ့ ပန်းကောက်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်လဲ ခုတော့ ဘယ်ရောက်နေမှန်း မသိတော့ပါ။

+++++++++++++++++++++++

ရွှေတိဂုံဘုရားဆီကို ဖြတ်လမ်းလေးတစ်ခုဆီကသွားရင် သိပ်လှတဲ့ မနက်ခင်းတစ်ခုနဲ့ အတူ ကဗျာဆန်တဲ့ ခရေပင်တန်းလေးလဲ ရှိနေတာကို သူ အဲ့ဒိအခါကျမှသိခဲ့ရသည်။

လှည်းတန်းကနေ အမှတ် ၅၀ ကားကိုစီးပြီး အုတ်လမ်းမှတ်တိုင်မှာဆင်း၊ ပြီးတော့ အာဇာနည်ကုန်းရဲ့ နောက်ကျောဘက်က တောင်ဂမူလေးတစ်ခုကို ကျော်ပြီးမှ သွားရတဲ့လမ်းလေးကို ပိုနှစ်သက်ပါသည်။ အဲ့ဒိတောင်ဂမူလေးရဲ့ တောလမ်းလိုမျိုး နေရာလေးမှာ သိပ်လှတဲ့ ခရေပင်တန်းတွေ ရှိသည်။

အဲ့ဒိ ခရေပင်တန်းလေးကို အကြောင်းပြုပြီး သူနဲ့ သူ့ သူငယ်ချင်း ၂ယောက် ရွှေတိဂုံကို ရက်ဆက် ရောက်ဖြစ်ခဲ့တာ ခုပြန်တွေးတော့ ပြုံးချင့်စရာ။

ဆင်ခုံမြက်လို့ခေါ်တဲ့ မြတ်ပင်လေးနဲ့ သူက ခရေပန်းလေးတွေ သီပေးတော့ မြို့ပြမှာပဲနေ၊မြို့ပြမှာပဲကြီးလာရတဲ့ သူ့ သူငယ်ချင်းက သဘောတကျ ရှိနေခဲ့တာ။ တချို့ကို သူငယ်ချင်းမလေးက ပန်ပြီး တချို့ကိုတော့ ရွှေတိဂုံဘုရားကို ကပ်လှူခဲ့ဖူးသည် ထင်ပါသည်။

မှတ်မှတ်ရရ။ ယခုပြုရ ကုသလကြောင့် အဲ့ဒိနှစ်က သူတို့သူငယ်ချင်း၂ယောက်လုံး အထစ်အငေါ့မရှိပဲ စာမေးပွဲ အောင်ခဲ့ကြသည်။ ခရေပန်းလေးတွေရဲ့ ကျေးဇူးကြောင့်ဟု ယူဆရမည်။

ပန်းချင်တူတူ ပန်းနာမည်ခံ နာဂစ်ကြောင့် ရန်ကုန်မှာရှိတဲ့ အပင်တွေမြေခ၊ ငုပင်၊ပိတောက်ပင်တွေဆီမှလဲ သင်္ကြန်နားနီးပေမဲ့ အနံ့အသက်မရ၊ မိုးနားနီးပေမဲ့ ခရေနံ့လဲ မရ။ ရန်ကုန်ဆိုတာ ပန်းတွေနဲ့များ ဝေးနေပြီလားဟုတောင် သူတွေးမိသည်။

ခုတော့ သူ့ဘေးနားမှာ ပန်းကူကောက်မယ့် မောင်လေးလဲမရှိတော့။ လက်ခုပ်လေးတစ်စုံလဲ မရှိတော့။ဆင်ခုံမြက် လေးနဲ့ပန်းသီပေးရမယ့် သူငယ်ချင်းလေးလဲ မရှိတော့။

ခရေကို နမ်းခဲ့သူတွေ၊ ခရေကို လွမ်းခဲ့သူတွေနဲ့ ၊ခရေနံ့တွေ မရှိတော့ပေမယ့် သူ့ရာဇ၀င်မှာ ရေးမှတ်ထားတဲ့ ရနံ့ကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တာ သူ့အတ္တသာ ဖြစ်တော့သည်။


ကိုရွာသားရေ...ဖတ်မကောင်းလဲ သည်းခံပြီးသာ ဖတ်တော့ဗျာ။ ပြောသားပဲ။ ပန်းနဲ့ ညီမနဲ့ အလှမ်းတော့ ဝေးသား လို့လေ။ တခုတ်တရ တဂ်တာကိုတော့ ၀မ်းမြောက် ၀မ်းသာဖြစ်မိပါသည်။

မှတ်ချက် ။ နန်းညီ တဂ်သော ထားခဲ့ဖူးလေသမျှကိုတော့ အမေ့ခံ စာရင်းထဲ ထည့်ရင် ကောင်းလေမလား။

Sunday, August 23, 2009

ရောဂါနှင့်ခွဲခြားဆက်ဆံခြင်း


ကျမ တက္ကသိုလ်ကျောင်းသူ တတိယနှစ်ရောက်လို့ ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့ ဆေးရုံတွေမှာ လက်တွေ့ဆင်းဖို့ သွားရနေရပြီ ဆိုတာသိသိချင်းမှာပဲ ကျမအစ်ကိုက စကားတစ်ခွန်းပြောပါတယ်...။

" ညီမ ..နင့်ကိုဆေးကုတုန်းက တို့မောင်နှမ၊သားအမိတွေ ဘယ်လောက်ထိ မျက်နှာငယ်အောက်ကျို့ခဲ့ရလဲ နင် မှတ်မိသေးတယ် မဟုတ်လား။ ဒီတော့ ခုနင်ဆက်ဆံရတဲ့လူတွေဟာ မမာလို့သာ ဆေးရုံဆိုတဲ့ နေရာမျိုးကို ရောက်လာတယ်ဆိုတာ ကိုဘယ်တော့မှ မေ့မထားနဲ့ "တဲ့....။

ကျန်းမာရေးဝန်ထမ်းဆိုတော့၂ နှစ်လုံးလုံး ဆေးရုံပေါင်းများစွာမှာလူနာပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ ရတယ်။

ပြည်သူ့ဆေးရုံ အမည်ခံထားတဲ့နေရာတွေဆိုတော့လဲ မျက်နှာမွဲပေ့ဆိုတဲ့ ပြည်သူတွေနဲ့ပဲ ကြုံရတာပေါ့။
မကြေးမုံ ဘယ်လောက်ထိ ကိုယ်ချင်းစာခဲ့သလဲဆိုရင် အဲ့ဒိအလုပ်ကို တစ်သက်လုံး ဘယ်တော့မှ လုပ်မစားတော့ဘူးလို့ လက်တွေ့ဆင်းဆင်းချင်းနှစ်မှာပဲ ကြွေးကြော်ခဲ့တဲ့အထိ။

+++++++++++++++++++++++++++

ဒါပေမယ့် ဘ၀ပေးကုသိုလ်က အဲ့ဒိကျန်းမာရေးအသိုင်းအ၀ိုင်းနဲ့ မလွတ်ကင်းရဘူး။ ကျောင်းပြီးလို့ အလုပ်ဝင်တော့ နေထိုင်မကောင်းတဲ့လူနာတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အလုပ်ပဲ ဖြစ်ခဲ့ပြန်တယ်။

HIV ပိုးကူးစက်ခံထားရတဲ့ လူတွေနဲ့ စကားထိုင်ပြောရတဲ့အလုပ်ပေါ့။ ရာထူးနာမည်ကတော့ အနက်ကို အကျယ်ဖွင့်ရင် ဖွင့်သလောက် ကျယ်ပြန့်တယ်ဆိုရမယ်။ ဒါမယ့် ကိုယ့်ကိုယ်ကိုယ်မို့ မညှာမတာ ပြောရရင်တော့ " အာ" ပေါ့လေ။

တစ်နေ့တစ်နေ့ပါးစပ်ပေါက်လေးတစ်ခုထဲ အားနဲ့ အာပဲနေရတာ..။ ပါးစပ်လှုပ်နိုင်ဖို့အတွက် ပါးစပ်လှုပ်မှ ရတဲ့ အလုပ်ပေါ့။

အဲ့ဒိမှာ လုပ်ခဲ့တဲ့အချိန်အတွင်း လေ့လာမိသလောက်ကတော့ သူတို့တွေက တခြားရောဂါသည်တွေနဲ့ ဘာမှထူးပြီး ကွဲပြားခြားနား မနေပါဘူး။ နှလုံးရောဂါ၊သွေးတိုးရောဂါဆိုတာမျိုးကမှ ဘုံးကနဲ ချက်ချင်းလဲကျ သေဆုံး သွားနိုင်သေးတယ်။ HIV ရောဂါသည်တွေမှာ အဲ့လိုနည်းနဲ့ သေဆုံးတာမတွေ့ဖူးသလောက်ပါပဲ။

သူတို့ဟာ သာမာန်ကျန်းမာတဲ့ လူတွေနဲ့ ဘာမှမကွာခြားပါဘူး။ တန်းတူ နေနိုင်၊သွားနိုင်၊စားနိုင် နေနိုင်ကြပါတယ်။

ဒါမယ့် သူတို့မှာ အင်မတန်မှကြီးမားတဲ့ ပြသနာတစ်ခုက အားလုံးသိပြီးတဲ့အတိုင်းပဲ ကိုယ့်ရောဂါကို လူသိမခံဝံ့တာပါ။

လူကောင်းတစ်ယောက်လိုပဲ သန်မြန်နေသေးတဲ့လူတစ်ယောက်မှာလဲ အိပ်ယာထဲဘုန်းဘုန်းသားလဲနေတဲ့ လူနဲ့မကွဲပြား၊တူညီတဲ့ ခံစားချက်တွေ ရှိနေတယ်။ အမှန်တော့ကိုယ်ကလူကောင်းပဲ၊ကိုယ်ကမှထုတ်ဖော် မပြောရင် ဘယ်သူကမှ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာ မသိနိုင်ပေမယ့် သူတို့မှာ အဲ့ဒိလိုကျောမလုံတဲ့ စိတ်ရဲ့ ဖိစီးမှုတွေနဲ့ပဲနေကြရတယ်…။ အဲ့ဒါတွေဟာ ဘာကြောင့်များလဲ..။ လူသားတစ်ဦးကို အရာရာမှာ တွန့်ဆုတ်နေအောင် ဘယ်လို အကြောင်းအရာတွေကများ ဖန်တီးလို့နေပါသလဲ။ သေချာနဖူးပေါ် လက်တင်ပြီး စဉ်းစားကြည့်ချင်စရာပါ။

ကျမရလိုက်တဲ့အဖြေက ရိုးရိုးလေးပါပဲ။သူကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်ပါ။

သူကိုယ်တိုင်ကိုအဲ့လိုအားငယ်တဲ့စိတ်၊သိမ်ငယ်တဲ့စိတ်ကိုဖြစ်အောင်ဖန်တီးပေးတာကသူ့ပတ်ဝန်းကျင် ဖြစ်တယ်။

သူ့ပတ်ဝန်းကျင်က လူတွေ သူ့အပေါ် အဲ့လိုမြင်လာအောင်၊ခွဲခြား ဆက်ဆံလာအောင်၊သူ့ကို လူထူးလူဆန်း လို၊မကောင်းဆိုးရွားလို၊အကျင့်ပျက်၊အကျင့်ယုတ်လို၊ လူတန်းစားတရပ်အနေနဲ့ ခွဲခြားသတ်မှတ်ပြီး မျက်လုံး အရောင်တွေ ပြောင်းကြည့်တတ်အောင် သင်ကြားပေးတာက ကျမတို့မြန်မာပြည်က လှိုင်လှိုင်ကြီးဝေငှနေတဲ့ တလွဲ ဆံပင်ကောင်း ပညာပေး၊ အသိပေးမှု ပုံစံတွေကြောင့်ပါပဲ...။

++++++++++++++++++++++++


လမ်းဆုံလမ်းခွတိုင်းမှာ အေအိုင်ဒီအက်စ် ရောဂါကုရာနတ္ထိဆေးမရှိပါ။ တစ်လင်တစ်မယားစနစ်ကို လိုက်နာပါ။ မိမိအိမ်ထောင်ဘက်ကို သစ္စာရှိပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှရှောင်ကြဉ်ပါစတဲ့ စာတွေနဲ့အတူ အရိုးခေါင်းပုံတွေ၊ အရိုးပေါ်အရေတင် လူနာပုံတွေ၊ မီးခိုးတစ်လူလူထွက်နေတဲ့ အရိုးပုံတွေ၊ဆေးလိပ်ခဲနေတဲ့ လူပုံတွေနဲ့ အထင်းသား၊ အလင်းသား သတင်းပေးမျှဝေထားတဲ့ ချိုးချိုးဖဲ့ဖဲ့ စိတ်ခံစားမှုဖြစ်စေတဲ့ ပညာပေး လှုံ့ဆော်မှုပုံစံတွေကို အားလုံးမြင်ဖူးကြမှာပါ။ (မှတ်ချက် ဒီဘက်နှစ်တွေမှာတော့ အဲ့ဒါမျိုးတွေ မတွေ့ ရတော့ပါဘူး။သို့သော် အင်းစိန်တို့၊ လှိုင်သာယာတို့ ဘက်တွေမှာတောင် တစ်ခုတစ်လေ ကျန်နေတုန်း၊ တွေ့နေရတုန်းပါပဲ )

+++++++++++++++++++++++++++


ဦးတည်ချက် ၁၂ ရပ်ကို ဘယ်တုန်းကမှ အစအဆုံးမကြည့်ပဲ ကျော်ပစ်တတ်ကြတဲ့ မြန်မာတွေကို အဲ့ဒိထဲက တစ်ချက်၊ နှစ်ချက်လောက်ကို အစပြုပြီး ဆိုခိုင်းကြည့်ပါ။ သူတို့ အဆုံးထိ ဆိုပြနိုင်ပါလိမ့်မယ်။ အဆုံးမဟုတ်ရင်တောင် အဲ့ဒါတွေက ဘာကိုပြောချင်တာလဲဆိုတဲ့ အချက်လောက်တော့ သူတို့ခန့်မှန်း တတ်ကြမှာပဲ။ အဲ့ဒါဟာ အမြဲတမ်းထိတွေ့မှုရဲ့ ရလဒ်ပေါ့။ကျော်တော့ ကျော်တာပဲ၊ဒါပေသည့် ရီမုတ်ကွန်ထရိုး ဘယ်နား ချထားမိမှန်း မသိလို့၊ ဒါမှမဟုတ်လဲ အသံကိုအရင်တိုးနေလို့ စသဖြင့်ပေါ့။

တစ်ခေါက်တစ်မျိုးမရိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ပဲ အဲ့ဒါကြီးကိုမကြားချင်လဲကြားနေရတတ်တာပဲ။

ကြားပါများတဲ့အခါမှာနားယဉ်လာတယ်၊မျက်စိယဉ်လာတယ်၊နောက်ဆုံးစိတ်နှလုံးသားမှာပါယဉ်ပါးလာတာပဲ။

++++++++++++++++++++++++


အခုလိုမျိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်နေခဲ့တာပေမယ့် ဗမာပြည်မှာလွန်ခဲ့တဲ့ဆယ်နှစ် ကျော်ကမှ ရောက်ရှိကြောင်း အတည်ပြုကြေငြာခဲ့တဲ့ လူထုနဲ့အင်မတန်မှ နားစိမ်းနေတဲ့ အဲ့ဒိ HIV ရောဂါပိုးကို အထက်က ပြောသလိုမျိုးတွေနဲ့ အသိပေး၊ ပညာပေးလေတော့…….ရလာတဲ့ နောက်ဆက်တွဲ ကြောက်ခမန်းလိလိ ပြသနာတွေကိုတော့ ဘယ်ဒေတာ၊ဘယ်စစ်တမ်းမှာမှ ဖော်ပြထားတာ မတွေ့ရ သေး ပါဘူး။

အဲ့သလို ခွဲခြားဆက်ဆံခံရလို့ ညှိုးငယ်သိမ်ငယ်ရတဲ့ အဖြစ်ကိုလူဆင်းရဲမျက်နှာမွဲတွေမှာ အလူးလူး အလိမ့်လိမ့် ခံရတာပါ။ လူကဆင်းရဲသလို စိတ်အဆာကို ဘယ်တုန်းကမှ မဖြည့်ဆည်းနိုင်ခဲ့တဲ့ မျက်နှာမွဲတွေမှာ သာ မဆန့်မပြဲ ခါးစည်း ခံရတာပဲ။

++++++++++++++++++++++++++++++


မနှစ်တုန်းက နယ်မြို့လေး တစ်မြို့ကို ရောက်နေချိန်၊ အဲ့ဒိမှာ အသုဘဟစ်သံကြားတော့ ကိုယ်စားနေတဲ့ မုန့်ဟင်းခါးဆိုင်ကနေ ကြားရတဲ့သတင်းက သေဆုံးတာ တစ်ယောက်မဟုတ်ဘူး။ ၂ ယောက်နဲ့တစ်ဗိုက်တဲ့။ အမေနဲ့ သုံးနှစ်အရွယ် ကလေးငယ်၊ပြီးတော့ဗိုက်ထဲက တစ်ယောက်၊အမေလုပ်သူက အကြီးကလေးကို သူကိုယ်တိုင်ရေနှစ်သတ်တယ်၊ပြီးတော့ သူ့ဗိုက်ရောသူပါ ရေနှစ်ပြီး သေပစ်လိုက်တယ်။ကိုယ့်ရင်သွေးနှစ် ယောက်လုံးကိုရော၊ကိုယ်တိုင်ပါ အဆုံးစီရင်ပစ်လောက်တဲ့အထိ ဘယ်လို အကြောက်တရား၊ အရှက်တရားတွေ ကများ သူ့ကိုတွန်းအားပေးလိုက်ပါသလဲ…။ကျမဖြင့်တွေးလို့တောင် မရပါဘူး။

ဒီနေရာမှာ အရှက်တရား အရှိန်မြင့် ကြီးထွားလာအောင် အဓိကပုံဖော်ပေးတာက အသိပညာမရှိမှုလို့ ကျမ ယူဆပါတယ်။ ရောဂါပိုးကို သယ်ဆောင်လာသူ အမျိုးသားက မိန်းမကို အသိပေး၊ မိန်းမက ရှက်၊ကြောက်၊အားငယ်၊ ရင်သွေးတွေအတွက် စိုးရိမ်ပူပန်၊ယောက်ျားလုပ်သူက တုံဏိဘာဝေ၊ဒီလိုနဲ့ မိန်းမက ကိုယ့်ကိုယ်ကိုယ်ရော၊ရင်သွေးတွေပါ အဆုံးလုပ်ပစ်လိုက်၊ယောက်ျားက နှစ်နှစ်နီးပါးရှိလာတဲ့ ခုချိန်ထိ နေကောင်းကျန်းမာတုန်း၊ အခြေအနေဟန်ရင် နောက်ထပ် အိမ်ထောင်တစ်ခုထပ်မပြုဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ရင်သွေးနှစ်ယောက်ရတဲ့အဖြစ်ထိ နီးစပ်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ပေမယ့် သူတို့နှစ်ယောက်ကြားမှာကိုပဲ အသိဥာဏ် ကွာခြားမှုတွေရှိနေတုန်းပါလားလို့ အသိတရားသစ် တစ်ခု ထပ်မှတ်လိုက် ရလေမလား။

မြန်မာပြည်မှာ အခြေခံ ပြည်သူလူထုကို ယေဘုယျအားဖြင့် ခွဲခြမ်း စိတ်ဖြာကြည့်မိတယ်။ အခြေခံ ပြည်သူလူထုဆိုရာမှာ ဆင်းရဲသား လူထုကို ဆိုလိုတာဖြစ်ပါတယ်။အဲ့ဒိမှာ အမျိုးသမီးတွေထက် အမျိုးသားတွေက အသိဥာဏ်ပိုကြတယ်။ ဟင်းရွက်စိမ်းရောင်းတဲ့ အမျိုးသမီးနဲ့ ဆိုက်ကားနင်းတဲ့အမျိုးသား ဘယ်သူက ဂျာနယ်၊မဂ္ဂဇင်း၊စာတိုပေစနဲ့ ပိုနီးစပ်လိမ့်မလဲ..။လယ်ထဲ၊ယာထဲကိုအလုပ်သွားတဲ့ အမျိုးသားနဲ့ အိမ်မှာ ကလေးတွေနဲ့ကျန်နေခဲ့တဲ့အမျိုးသမီး ဘယ်သူကအကြောင်းအရာတစ်ခုကို တွေးဖို့၊စဉ်းစားဆင်ခြင်ဖို့ အချိန်ပိုထွက်လာလေမလဲ…။ ပုဆိုးချက်လျှောစီး၊ခုံဖိနပ်တဂွပ်ဂွပ်နဲ့လမ်းသလားနိုင်တဲ့ လူပျိုပေါက်နဲ့ အိမ်မှာ နှုတ်ခမ်းနီ၊ပါးနီခြယ်နေတဲ့ အပျိုပေါက်..ဘယ်သူက ဗဟုသုတပိုကြွယ်နိုင်မလဲ….။ ဒါဟာ ယေဘုယျဆန်တဲ့ နှိုင်းယှဉ်မှုတစ်ခုပါ။

အဲ့လိုမတူညီတဲ့ အခြေအနေတွေကပဲဘ၀တွေကိုဖန်တီးပေးလိုက်ကြတယ်။
ဒါကြောင့်မို့လဲ အိမ်ထောင်တစ်ခုမှာ အများဆုံးမှာ အမျိုးသားက စတင်သယ်ဆောင်လာသူ ဖြစ်ပေမယ့် ရောဂါကြောင့် ကျပြီဟေ့ဆိုရင်အမျိုးသမီးကသာ အရင်ဆုံးကျတာဖြစ်တယ်။

တစ်ခုထဲ ကောက်ချက်ဆွဲမယ်ဆိုရင်တော့ ခွဲခြားဆက်ဆံမှုဒဏ်ကို အင်မတန်အရှက်အကြောက်ကြီးတဲ့ မြန်မာမတွေ မခံနိုင်ကြဘူး။ ဒီရောဂါသည် ရှက်စရာ၊ကြောက်စရာရောဂါမဟုတ်ဘူး။ကုသလို့ရတယ်စသဖြင့် မသိကြဘူး။ သူတို့ဆီသယ်လာတဲ့ ခင်ပွန်းတွေရဲ့သိက္ခာတရားအတွက်ပါ ပူပန်လိုက်ကြ သေးတယ်။

+++++++++++++++++++++


အခုလဲ အားလုံးသိကြပြီးတဲ့အတိုင်းပဲ မြန်မာပြည်ကို တစ်ကမ္ဘာလုံးထက် ရက်ပေါင်းများစွာ နောက်ကျပြီးမှ ၀က်တုပ်ကွေးဆိုတဲ့ရောဂါ ရောက်လာတယ်။ ကောက်ရိုးမီးလိုပဲ ဟုန်းခနဲနဲ့ နေရာတကာမှာ နှာခေါင်းစည်းတွေ ခေတ်ထ လာပြန်ရော၊နှာခေါင်းစည်းတွေလဲ ပြတ်လပ်၊ ဆေးခန်းတွေက ဖျားတဲ့လူတိုင်းကို လက်မခံ၊ ပြည်တွင်း သတင်းမီဒီယာမျိုးစုံက အမျိုးစုံတွေတင်ပြကြ၊အချင်းချင်းလဲခတ်မိကြ၊သတင်းရဲ့ အရင်းမှန်က လမ်းခုလတ်မှာ ပျောက်ဆုံး။ ကျမတို့က ဘယ်ဟာကိုယုံရမယ်မှန်း မသိ၊အမိမဲ့သား ရေနဲငါး ဖြစ်မြဲသာဖြစ်။ တကယ်ဖြစ်နေတဲ့၊ ခံစားနေရတဲ့သူက ဘယ်မှာလဲ၊ဘာတွေလုပ်ပေးပြီးပြီလဲ ဆိုတာလဲ မသိရ။

ဖြစ်တယ်လို့သံသယရှိတဲ့သူကို ဝေဘာဂီတန်းပို့ကြောင်း၊ရောဂါပိုးရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့လူ နာမည်ကြီးဖို့သာ ပြင်တော့၊ သတင်းဓာတ်ပုံယူတဲ့လူ နာမည်ကြီးဖို့သာပြင်တော့။ ထည့်ပြကြလိ့မ်မယ် လှိုင်လှိုင်ကြီး၊ ထည့်တာကိစ္စမဟုတ်၊မှန်လား မမှန်လားမသေချာ၊ အဲ့ဒီရောဂါပိုးကူးစက်ခံရသူကို ပုံမှန်မျက်လုံးနဲ့ကြည့်တတ်အောင် တပါထဲမပြောတာ ကိစ္စ။

ကိုယ်တောင်မှ ၀မ်းလျှောရင်းဖျားတာကို ငါ့များတုပ်ကွေးကူးပြီးလားလို့ စိုးရိမ်စိတ် ၀င်မိတဲ့အထိ။

ရေးမိတာတွေများသွားပြီ။ ဘာရယ် မဟုတ်ဘူး။ draft အနေနဲ့သိမ်းထားတာ တုပ်ကွေး မြန်မာပြည် ရောက်စထဲက၊ ခုမှပြန်တင်ဖြစ်တော့တယ်..။ သည်းခံပြီးဖတ်ပေးတာ အားလုံးကိုကျေးဇူး။

Monday, August 17, 2009

ပြောင်းပြန်လျှောက်မိသော လမ်း

မိုးစက်တွေက မှန်ပြတင်းရဲ့ အပြင်ဘက်ကို ပျင်းရိပျင်းတွဲ လာရိုက်ခတ်နေတယ်။ရိုက်လိုက်၊ပြီးတော့ အောက်ဘက်ကို စီးကျသွားလိုက်နဲ့...။ မိုးရေစက်တွေကို ခုလိုကြည့်နေရတာ အင်မတန်မှ ပျင်းရိစရာ ကောင်းပါတယ်။သို့ပေမယ့် အဲ့လိုကြည့်နေရတာကမှ စိတ်အာရုံကို တစ်နေရာရာဆီ ပို့ထားနိုင်သေးတယ် မဟုတ်လား။အဲ့လိုမှမဟုတ်ရင် အတွေးပေါင်းများစွာက ကိုယ့်ကိုနှိပ်စက်လို့နေမှာ အသေအချာ။

+++++++++++++++++++

"နောက်ထပ် ငါးရက်၊တစ်ပတ်လောက်နေရင် ငါတို့ခွဲခွာကြရတော့မယ်နော်" ဆိုပြီးတော့ သူ့ဆီကနေ အသံတစ်ခုခုများ ကြားရမလားဆိုတဲ့စိတ်နဲ့ နားစွင့်နေမိခဲ့တယ်၊ အနည်းဆုံးတော့ " ရူးတတ်ရန်ကော" လို့ ငြူစူတဲ့စိတ်ကြောင့် ချလိုက်တဲ့ သူ့သက်ပြင်းသံ တစ်ခုပဲဖြစ်ဖြစ်ပေါ့။

တိတ်ဆိတ်မှုဟာ သွေးပျက်ချောက်ချားဖွယ်ကောင်းလောက်စရာ။

ကိုယ်နဲ့ပတ်သက်လို့ သူ့စိတ်ထဲမှာ ဗလာစာအုပ်အသစ်ထဲက ဘာမှမရေးရသေးတဲ့ စာမျက်နှာတစ်ခုလိုပဲ ရှိနေနှင့်ပြီးသားဆိုတာ ကြိုသိထားရက်နဲ့ ဘာလို့များသူ့ရှေ့မှာ လွမ်းပြခဲ့မိပါသလဲဆိုတာ မစဉ်းစားချင် တော့ပါ။

++++++++++++++++++++++


အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်နေခဲ့တယ်။လူတွေရဲ့ဆန္ဒအတိုင်း၊ လူတွေဖြစ်ချင်တာတွေချည်းသာ ဖြစ်လာခဲ့မယ်ဆိုရင် လောဘ၊ဒေါသ၊မောဟတရားတွေ ကင်းစင်ပြီး ကမ္ဘာကြီးငြိမ်းချမ်းတော့ မပေါ့။ ကိုယ်လဲ အေးငြိမ်းခဲ့တာ ကြာလှပေါ့။ သူ့သတ်မှတ်ချက်အရဆိုရင်တော့ ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် ဒုက္ခရောက်ရတဲ့ မိန်းမတစ်ယောက်သာ ဖြစ်သည်။

သိပ်ချစ်ကြတဲ့သူတွေမှာ တစ်ယောက်ကိုတစ်ယောက်က အရင်ဆုံး စချစ်ကြမယ်၊တစ်ယောက်ဆီက အချစ်တွေ နောက်တစ်ယောက်ဆီကို ကူးစက် စီးမျောစေမယ်၊ပြီးတော့သူတို့ တစ်ဦးကိုတစ်ဦး နားလည်သော၊ရင်းနှီးသော ချစ်သူတွေဖြစ်ကြမယ်၊ တစ်ယောက်ကို တစ်ယောက် သိပ်လိုအပ်လာခဲ့အခါမှာ နီးစပ်ဖို့အတွက် ကြိုးစားကြမယ်၊ နောက်ဆုံးမှာသူတို့တွေဟာ ချစ်ခင်ကြင်နာစွာ နေသွားကြလေသတည်း ဆိုတာမျိုးသာ။

ကိုယ်တို့ ဇာတ်လမ်းလေးကတော့ သာမာန်ထက်ရိုးစင်းခဲ့လေသလား၊သို့မဟုတ် ရှုပ်ထွေးခဲ့လေသလား။
သေချာတာကတော့ ကြားဖူး၊ မြင်ဖူးနေကျတွေထက် နားလည်ဖို့ ခက်ခဲတဲ့ ဘာသာရပ်တစ်ခုဆိုတာပါပဲ။ ကြည့်ဖူးနေကျ ဇာတ်လမ်းတွေကို ပြောင်းပြန် ပြန်ရစ်ပြီးကြည့်ရသလိုပါပဲကွယ်..။

မျက်စိတစ်မှိတ်စာအလင်းမှာ ကိုယ်တို့သိပ်ကို နီးစပ်ခဲ့ကြတယ်၊ တစ်ယောက်ကိုတစ်ယောက် သိပ်လိုအပ်ခဲ့ တယ်။ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ ခုတော့ တစ်ယောက်ဆီက အချစ်ကိုရဖို့ တစ်ယောက်က ပြန်ကြိုးစားနေရတယ်၊ ပြီးရင်ငါတို့ ကွဲကွာကြပြန်ဦးမယ်။
ကဲကွယ်.. အဲ့ဒိလောက်ကပြောင်းကပြန် နိုင်လှတဲ့ ဇာတ်လမ်းမျိုး ရှိလေဦးမလား။

+++++++++++++++++


ငါတို့တွေဘယ်အချိန်မှာ ပြန်ပေါင်းထုပ်နိုင်လိမ့်မလဲ၊ဘယ်နေရာမှာ ရင်ငွေ့ချင်းခြုံပေးလို့လုံနိုင်ပါလိမ့်မလဲ..။

++++++++++++++++++


အရိုးသားဆုံးပြောရရင်တော့ ကိုယ်ကရူးတတ်လွန်းတဲ့သူပါကွယ်၊ချစ်တတ်လွန်းလို့ပဲ အခါခါနှင်ထုတ်နေတဲ့ မင်းနားမှာပဲ ရစ်သီနေမိတာ နှစ်ကာလတွေချို့တဲ့ ယောင်ယမ်းနေခဲ့ပြီလေ။

17.08.09

Thursday, August 13, 2009

ကောင်းလေးကောင်းနဲ့ ၅၀၀ တန်တစ်ရွက်

ကနေ့ ဥပုဒ်နေ့ဆိုတော့ ဥပုဒ်အပတ်တိုင်း၊အခါခါခေါ်နေတဲ့ အတူနေသူငယ်ချင်းရဲ့အမေ့ ဆန္ဒလဲအထမြောက်အောင်၊ကိုယ်တိုင်လဲ တစ်ယောက်ထဲကြပ်နေတဲ့စိတ်တွေကို ထွက်ပေါက်ပေးချင်မိတာနဲ့ တစ်နာရီစာတရားသွားနာဖြစ်ပါတယ်။
သူငယ်ချင်းရယ်၊သူ့မိဘနှစ်ပါးနဲ့ ကျမ။

ဘုန်းဘုန်းဟောတဲ့ တရားခေါင်းစဉ်က " ကောင်းလေးကောင်း" တဲ့။
၁။ သီလ
၂။ သဒ္ဒါ
၃။ ပညာ နဲ့
၎။ ကုသိုလ်

၎င်းတရားလေးပါးသည် ကိုယ့်အတွက်လောကီ၊လောကုတ္တရာချမ်းသာကောင်းကျိုးတွေရနိုင်ပြီး ဘုရားဟောတရားဖြစ်တဲ့ မိမိကိုယ်သာကိုးကွယ်ရာဖြစ်ဖို့အဲ့ဒိတရားလေးပါးကို မလွတ်တမ်းအသိကပ်ရမယ်...စသဖြင့်..စသဖြင့်..။

သာဓုအကြိမ်ကြိမ်ခေါ်လို့....။စိတ်နှလုံးလေး အေးချမ်းနေမိတယ်။သူငယ်ချင်းလုပ်သူနဲ့လဲ ညဘက်ရောက်ရင် တနေ့တာရေးရာ ပြန်လည်ဆွေးနွေးစရာတွေအများအပြားရလာခဲ့တယ်..။

တရားပွဲပြီးပြီးချင်း တိုးတိုးလေးကပ်ပြောလိုက်တယ်။
" ငါ ဗိုက်ဆာပြီ၊လှည်းတန်းဈေးနားက အသုပ်သွားစားမယ် " လို့..။
" နင့် ဗိုက်နဲ့ဖြစ်ပါ့မလား၊မြေကြီးဆန်ဖို့ကြိုးစားရင်းက တဖြည်းဖြည်းကြီးကျယ်လာတဲ့ဗိုက်လေ" တဲ့။

အသုပ်စပ်စပ်စားပြီး တစ်ခုခုကိုအချိုတည်းချင်ပြန်တယ်။သံစုံတီးဝိုင်းလေးနဲ့ လည်ရောင်းတဲ့ အုန်းသီးနန်းချင်းနဲ့ နို့ဆီနဲ့လိမ်းသုတ်ထားတဲ့ ဝေဖာ၊အဲ့ဒါစားမယ်၊တွန်းလှည်းနားကပ်သွားတယ်။ပျော်ပျော်ပါးပါးပဲ၊စိတ်လက်ကြည်လင်နေလို့ ဝေဖာ၊ဝေဖာနဲ့ နောက်ကနေအော်လိုက်သွားမိသေးတာ။

အနားရောက်လို့သူငယ်ချင်းက ဝေဖာမှာနေတုန်းမှာပဲ "ဟဲ့..ငါ့ပိုက်ဆံလေးဖျက်ပေးစမ်းပါ၊၁၀၀၀ တန်လေးဖျက်ပေးစမ်းပါ " နဲ့..သနပ်ခါးဝါ၀ါတွေနဲ့အမျိုးသမီးတဦးက အနားမှာတတွတ်တွတ်ပြောနေတာ။ဝေဖာသည်ကဘာမှ ပြန်မပြောဘူး။ဂရုမပြုသလို လုပ်နေတယ်။အမှန်တော့ ကျမ ဝေဖာ ၊ဝေဖာနဲ့အော်ပြီးလိုက်သွားတုန်းမှာတုန်းထဲက အဲ့ဒိအမျိုးသမီးနဲ့ဝေဖာသည် စကားပြောနေတာ မြင်ပြီးသား။

သတိထားကြည့်လိုက်တော့ အမျိုးသမီးကလဲ ဈေးသည်ပဲ။ဟင်းရွက်ရောင်းတာနဲ့တူတယ်။မသေချာဘူး။ဒါနဲ့ ခမျာဈေးဝယ်ကို ပြန်အမ်းဖို့ ခက်နေတာ့မယ်။ကိုယ်ချင်းစာတယ်။ကိုယ်တိုင်လဲ ငယ်ငယ်က ဒီလိုဈေးရောင်းတဲ့ပတ်ဝန်းကျင်ထဲ ကြီးပြင်းခဲ့ရတာ။
အဲဒါထက်ပိုပြီး နေရာတကာမှာ တစ်သျှူးတစ်ထုပ်၊စနိုးတာဝါတစ်ထုပ်အမ်းနေတတ်တဲ့ မြန်မာပြည်ကအကြွေအခက်အခဲကိုလဲ သတိရမိသေးတယ်။ဒါနဲ့ပဲ ...
" ပေးပေး ကျမဖျက်ပေးမယ် " ဆိုပြီး ကိုယ်ပိုက်ဆံအိတ်လေးထဲ နှိုက်တော့၂၀၀ တန်တစ်ရွက်၊ရာတန် တစ်ရွက်ပဲ ရှိတယ်။
" ကျေးဇူးပါ အစ်မကြီးရယ်။ကျမ ဈေးဝယ်သူကို ၈၀၀ အမ်းရမှာမို့ ရာတန်၊နှစ်ရာတန်လေးနဲ့ လုပ်ပေးပါနော် " တဲ့။

အဲ့ဒါနဲ့ သူငယ်ချင်းဆီက " နင့် ၅၀၀တန်နဲ့ ၂၀၀ တန်နောက်ထပ်တစ်ရွက်ရှိသေးလား " ဆိုပြီး လှမ်းတောင်းလိုက်တယ်။
သူကလဲ ဝေဖာကို မဲနေသလား၊သို့မဟုတ် လက်ရှုပ်နေလားတော့မသိဘူး။ငါးရာတန်ထုတ်ပေးတယ်။ကျမလဲ သူ့ဆီကယူပြီး ဖြန့်တောင်မကြည့်တော့ပဲ လက်ဆင့်ကမ်းပေးလိုက်တယ်။ပေးလိုက်တာကို ၅၀၀ တန်တစ်ရွက်၊၂၀၀တန်၂ရွက်နဲ့ရာတန်တစ်ရွက်
ပေါ့။အဲ့လိုပဲ ထင်တာ။အမျိုးသမီးချာခနဲလှည့်အထွက်မှာပဲ သူငယ်ချင်းက
" ဟဲ့ဟဲ့..ငါးရာတန်က သုံးရွက်တောင်၊သုံးရွက်တောင် " နဲ့..။အဲ့ဒါနဲ့ သူ့တောင် ပြန်အော်နေလိုက်သေးတယ်။
" ဟုတ်လို့လား ။ဟုတ်လို့လား " ။သူကလဲ
" ဟုတ်ပါတယ်ဆို၊မဟုတ်ပဲ ပြောမလား "။ဟင်! ဒါဆိုအဲ့ဒီအမျိုးသမီးကျမကိုပေးတာက ၁၀၀၀ တန်တစ်ရွက်၊
ကျမသူ့ပြန်ပြေးလိုက်တာက ၅၀၀ တန်သုံးရွက်၊၂၀၀တန်နှစ်ရွက်နဲ့ ရာတန်တစ်ရွက်ဆိုတော့ ၂၀၀၀ ကျပ်ပေါ့။

လေးငါးလှမ်းပဲလျှောက်ရတဲ့ သူ့ဈေးတောင်းနားသွားလိုက်တယ်။အမျိုးသမီးကဈေးဝယ်ကို ပိုက်ဆံအမ်းပြီးသွားပြီ။ကျမသူ့အနား ရောက်သွားတော့ အမျိုးသမီးက ကျမကိုမကြည့်ပဲ ပိုက်ဆံတွေကို ဗန်းအောက်သွင်းမလို၊ထုတ်မလို လုပ်နေတယ်။ သူ့ဗန်းလေးထဲမှာ ၅၀၀ နှစ်ရွက်နဲ့ ၂၀၀ တန်တစ်ရွက်ကျန်နေသေးတယ်။အမှန်ဆို အဲ့ဒိငါးရာတန် ၂ ရွက်လုံးက ကျမပိုပေး လိုက်မိတဲ့ ၂ ရွက်၊အဲ့ဒါပြောဖို့ကို ဆွံ့နေတယ်။ဘာပြောရမှန်းလဲ မသိဘူး။သုံးငါးစက္ကန့်လောက်ကြာပြီးတော့
" အစ်မကို ကျမငါးရာတန်သုံးရွက်ပေးမိတယ်"
သူက ဟိုလိုလိုဒီလိုလိုနဲ့ တစ်ရွက်ကို ကျမလက်ထဲပြန်ထည့်တယ်။
" မဟုတ်ဘူးအစ်မ။ကျမပေးလိုက်တာ သုံးရွက်တောင်ဆိုတော့အစ်မ ၂ ရွက်ပြန်ပေးရမှာ "..
" အဲမဟုတ်ဘူးလေ။မဟုတ်ဘူး။တစ်ရွက်က ကျမဟာ.." ဘာမှဆက်မပြောတတ်တော့..။ဘာမှလဲ ဆက်မပြောချင်တော့ပါဘူး။ သူလဲ တုန်အနေတယ်။ဗန်းထဲက ငါးရာတန်၂ရွက်လုံး ကျမပိုက်ဆံဆိုပေမယ့် ထပ်ပြောလိုက်လို့ သူပြန်အော်မှာလဲ ကြောက်တယ်။ဈေးလည်ခေါင်မှာ အော်ဟစ်အပြောခံရကောင်း ခံရနိုင်တယ်။သနပ်ခါးဝါ၀ါနဲ့ ဟင်းရွက်သည်အမျိုးသမီးမျက်နှာကို ကျမဆက်ကိုမကြည့်ချင်တော့တာ။သူပြန်ပေးတဲ့ ၅၀၀ တန်လေးတစ်ရွက်ယူပြီးလှည့်ထွက်လာခဲ့တယ်။

"နင်ဟာလေ..အမြဲလျှပ်ပြာ၊လျှပ်ပြာ..ဘယ်တော့မှ သေချာကျနမရှိဘူး"
"ဟဲ့ နင်ပေးထဲက တခါထဲ တစ်ရွက်ပဲပေးပါလား၊ဘာလို့ သုံးရွက်အထပ်လိုက်ကြီးပေးသေးလဲ"
"ဟင် ငါကလက်ထဲရှုပ်နေလို့ နင့်ဘာသာနင် တစ်ရွက်ထုတ်ပြီးပေးလိုက်လို့ရတာပဲ။ဘာကိုမှ သေချာမကြည့်ဘူး။စွတ်လုပ်တာပဲ..အမြဲ.."

"ထားလိုက်ပါဟာ..လှူတယ်သဘောထား"
"မထားနိုင်ပါဘူး။ဒါ လှူတာမှ မဟုတ်တာ..။ဗြောင်ယူတာကြီးကို.."
"အော်..ကဲ ..သူ့အတွက်တော့ ခိုးတယ်၊တို့အတွက်တော့ လှူတယ်ထား"
"အလကား..နင် အ လို့ ..အဲ့ဒါ။ခုတော့ ဝေဖာကို ၇၀၀ ဖိုးစားရသလိုဖြစ်နေပြီ.."
ဒီလိုပဲ၊မှားတဲ့သူကို အရင်ဦးအောင် အော်ကြေးဆိုတော့ ထူးပြီးစိတ်တိုမနေတော့ပါဘူး။

အဲ့လိုပါ..။ငွေငါးရာနဲ့များ အဖြစ်အပျက်လုပ်နေသေးတယ် ထင်လေမည်လား။သို့သော်..ကိုယ်မှန်နေမှန်း သိသိကြီးနဲ့လဲ
ဘာမှချေပပြောဆိုဖို့ အခွင့်အရေးမရခဲ့ပါဘူး။ကျမထပ်ပြောရင် အဲ့ဒီအမျိုးသမီးက ကျမကိုဆွဲမရိုက်ဘူးလို့ ပြောနိုင်မလား။
ဆွဲရိုက်လဲ အရိုက်ခံရုံပဲ။ဘာမှ မှန်ကန်တဲ့ရလဒ်တစ်ခုရလာမှာ မဟုတ်မှန်းကျမ အသေချာကြီးသိနေသည်။

အသုပ်ဆိုင်အသွားလမ်းတုန်းကလဲ လူစည်ကားရာလမ်းမပေါ်ကအသုဘအိမ်မှာ နေ့ခင်းကြောင်တောင်ဖဲဝိုင်းလုပ်နေလို့ စကားစမိရင်းက တရားဥပဒေ၊မတရားဥပဒေနဲ့တရားဥပဒေရဲ့ အထက်မှာဘယ်သူတွေရှိလဲ။တရားဥပဒေရဲ့အောက်မှာ ဘယ်သူတွေရှိနေသလဲတွေ ပြောဖြစ်ကြသေးတယ်။

ဘုန်းဘုန်းဟောတဲ့ သီလ၊သဒ္ဒါပညာ၊ကုသိုလ် စတဲ့မြန်မာလူမျိုးတွေနဲ့ အင်မတန်နီးစပ်လွယ်သောအရာများလဲ မြန်မာပြည်တွင်မတော့ နားလည်ဖို့၊လက်ခံကျင့်သုံးဖို့ အလှမ်းဝေးနေတုန်းပါပဲလို့ ဘုန်းဘုန်းဆီနောက်တစ်ခေါက်ရောက်မှ လျှောက်ရဦးတော့မယ်..။

Sunday, August 09, 2009

သူနဲ့ကျနော် အဖြေမပေါ်လေသော ပုစ္ဆာ

သူက ကျနော့်ကို....
ဘာသာရပ်တစ်ခုခုမှာ ထူးချွန်စေ့ချင်တယ်။

သူက ကျနော့်ကို....
လူဆိုတာ တစ်နေရာရာမှာ သေသပ်ကျနစွာ
ပြောင်မြောက်ရမယ်လို့
ရှုံ့ချပြောတတ်သေးတယ်။

သူက ကျနော့်ကို....
သံချေးတက်နေတဲ့ဓား မဖြစ်စေချင်ဘူး။
သူကိုယ့်သူ ဓားသွေးကျောက်အဖြစ်ခံပြီး
ကျနော့်ကို ထက်မြတဲ့ဓားတစ်လက်ဖြစ်စေချင်တယ်။
အဲ့ဒိဓားနဲ့..
ကျနော့်ခရီးကို ကျနော့်ဘာသာထွင်ခိုင်းတယ်။

သူက ကျနော့်ကို........
ငတ်ပြတ်နေတဲ့ အမှိုက်ပုံနားက ကလေးတွေကအစ၊
မိုးထဲ၊လေထဲ ကားနံဘေးမှာခိုက်ခိုက်တုန်နေရင်း
ပန်းရောင်းနေတဲ့ကလေးတွေအလယ်
ပေတရာလမ်းမပေါ်မှာ တလကြမ်းမောင်းသွားတဲ့
မှန်အလုံပိတ်ကားထွေထဲက လူတွေအဆုံး...
နှလုံးသားထဲထိ ပစ်ပစ်ထည့်ပြီး
ရင်ဘတ်နဲ့ ဆန့်သလောက်ခံစားနေတဲ့
ထိလွယ်၊ရှလွယ်၊ကျိုးလွယ်ကြေလွယ်တဲ့လူတစ်ယောက် မဖြစ်စေချင်ဘူး။

သူက ကျနော့်ကို....
မြန်မာပြည်ရဲ့အပြင်ဘက်ကို ထွက်ရပ်စေ့ချင်တယ်။
ခင်ဗျားနဲ့သင့်တင့်လျောက်ပတ်တဲ့ လူ့ပတ်ဝန်းကျင်တစ်ခုမှာ
မရှင်သန်ချင်ဘူးလားလို့
မေးလား မေးတတ်သေးတယ်..။

သူနဲ့ကျနော်
အဖြေမပေါ်လေတဲ့ သို့ကလိုပုစ္ဆာတွေကြောင့်
မိုးချုပ်ညနေ၊
မွေးမေမေတွေ မျက်ရည်တွေတဲ့အထိ
အဖြေဖွေလို့ မစွမ်းခဲ့လေဘူး။

ဒီလိုနဲ့.....
ကျနော်တို့နှစ်ဦးသား
လှလှပပလေး၊ပြီးတော့ သေသေသပ်သပ်လေး
ရင်းနှီးရိုးသားခဲ့ကြတယ်။
နှလုံးသွေးချင်းဖောက်ဖို့မလို
သွေးသောက်ရဲဘော်တွေ ဖြစ်ခဲ့ကြတယ်။


Mirror
(ချစ်သော သူငယ်ချင်းသို့)

Monday, August 03, 2009

Mirror ရဲ့အခုတလော

ခုတလော

တွေးနေမိတာက
(၁ ) ဘောလုံးသမားအပြောင်းအရွှေ့ (ရီဘာရီနဲ့ ဒေးဗစ်ဗီလာ မန်ယူကိုရောက်ရင် သိပ်ကောင်းမှာပဲ )
(၂ ) ဝေးကွာခြင်းသီအိုရီအကြောင်(တစ္ဆေတစ်ကောင်ခြောက်လှန့်နေပါတယ် )
( ၃ ) နတ်မောက်အကြောင်း
ဘာဖြစ်တယ်မသိဘူး။အညာကို သိပ်သတိရနေတယ်။
ဒီကြားထဲ ညတုန်းက ဦးဇင်ယော်မောင်မောင်ကြီးရဲ့ မြန်မာ့မော်ကွန်းကိုကြည့်လိုက်မိတော့
အရူးတပိုင်းမီးဝိုင်းအောင်ကို အညာကိုသွားချင်နေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အပြောင်းအလဲ တစ်ခုခုတော့လုပ်သင့်ပြီ 

ကျန်းမာရေး

ခေါင်းကိုက်တာကလွဲရင် အကုန်ကောင်းတယ်။

ဖတ်ဖြစ်တာ

ကိုအောင်သာငယ်ရဲ့ ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့် ကဗျာပေါင်းချုပ်၊
ကဗျာ့ဥယျာဉ် နဲ့
နေ့စဉ်ထွက်သမျှ သတင်းဂျာနယ်၊ဘောလုံးဂျာနယ်များ

ရောက်ဖြစ်နေတာက

ကျဉ်းပိတ်တဲ့အခန်းထဲက ပြတင်းပေါက်လေးနား။
(အဲ့ဒိကနေ ဝေးကွာခြင်းရဲ့တရားကို နှလုံးသွင်းနေ...)

ရေးဖြစ်နေတာက

ဆောင်းပါးတွေ နဲ့ကဗျာတစ်လုံးစ၊တစ်ကြောင်းစ၊နှစ်ကြောင်းစ

နားထောင်ဖြစ်နေတာက
Addicted ( Enrique Iglesias )
ဘောလုံးသမားရော၊အဆိုတော်ရော Spanish တွေပဲ သဘောကျနေမိတယ်။

ရွတ်နေမိတဲ့ ကဗျာက
ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….
(ကိုဆောင်းယွန်းလ)

ဖြစ်ချင်နေတာက

ဘာမှ မလိုအပ်တော့တဲ့သူ၊

စားဖြစ်နေတာက

လှည်းတန်းအ၀ိုင်းထဲက ရခိုင်မုန့်တီသုပ်၊
အိမ်က အညာထမင်းနဲ့ဟင်းတွေ၊

သောက်ဖြစ်နေတာက
ကော်ဖီ ( ကြုံသလို နေရာမှာ ဖြစ်သလိုသောက်ဖြစ်နေတယ် )

သနားနေမိတာက

မိုးရွာထဲမှာ ဦးထုပ်လေးရှေ့ချပြီးတောင်းနေတဲ့ လှည်းတန်းနားက အဘိုးကြီး၊အဘွားကြီးတွေ

လွမ်းနေမိတာက

အဝေးဆုံးဝေးတော့မယ့် အနီးဆုံးကလူ

မေ့လျော့ပစ်နေမိတာက

ကုန်သွားနေတဲ့အချိန်တွေနဲ့ နောက်ရောက်လာမယ့် ရက်သတ္တပတ်

ခါးသက်နေမိတာက

ဟန်ဆောင်မှု၊လိမ်လည်မှု၊မရိုးသားမှု
(အနားမှာ အများကြီးပဲတွေ့နေရတယ် )

တမ်းတနေမိတာက

အထိအရှမခံတဲ့ ကြင်နာမှုအဟောင်းအမျင်းတွေ..။

ကြိတ်ပြီး ချီးကျူးနေမိတာက

အိမ်က သမီးလေး။

ဆန္ဒမရှိတဲ့နေရာ

လှည်းတန်းလမ်းမ

ဆန္ဒရှိနေတဲ့ကိစ္စ

အညာသွားချင်တယ်။(နတ်မောက်၊ပုဂံ )

မုန်းနေမိတာ

ကတိ၊သစ္စာတရားပါးရှနေတဲ့လူတွေ

ချစ်နေတာက

ဘေးနားကလူတွေအကုန်လုံးကိုချစ်တယ်။

စိတ်ပျက်နေမိတာက

အထက်ဖား၊အောက်ဖိလုပ်တတ်တဲ့ လူတွေ

စွဲလန်းနေမိတာက

စပါးပင်စိမ်းစိမ်းနဲ့ လယ်ကွင်းတွေ

လိုအပ်နေတာက

တွန်းအားတစ်ခု

တောင်းနေမိတဲ့ဆု

အလုပ်အမြန်ရပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

ခက်ပြီ၊ခက်သည်၊သိပ်ခက်သည်

ဝန်ခံချင်တာက

မနော်နဲ့ ညီညီ ..သူတို့ဆီဘောက်စ်တွေမှာ ဘာတဂ်မှန်းမသိတဲ့ တဂ်အကြောင်းအပြန်အလှန်
အော်နေကြထဲက စိတ်ဝင်စားနေမိတာ...။

ဟေ့လူတို့...ရေးပေးကြပါ..။

ကိုဖုန်းမြင့်
ကိုရွာသား နဲ့
တောကျောင်းဆရာ
( ဒီတခါမရေးရင် သေခန်းပြတ်ပဲ သူငယ်ချင်း )

Sunday, August 02, 2009

စမ်းချောင်းငယ်ရဲ့ လက်ရာ


ကိုစမ်းချောင်းငယ်ရဲ့လက်ရာပါ။လွန်ခဲ့တဲ့ ဘယ်နှစ်လလောက်ဖြစ်မလဲ မသိဘူးနော်၊ပြောခဲ့ဦးအစ်ကိုရေ့..။
ကျမမော်ဒယ်လ်မထိုင်ရပဲ၊ပုံတူလဲမရှိပါပဲနဲ့ သူ့ဘာသာသူဆွဲပေးထားခဲ့တာပါ၊အတော်လေးတူပါတယ်..။
အဲ့ဒိပုံလေးရတုန်းက ပျော်ရွှင်မိတဲ့စိတ်ခံမှုလေးကို တသသတောင်ဖြစ်မိရဲ့။သူငယ်ချင်းတွေကိုလဲ ကြွားရတာ
အမောပေါ့လေ..။

အဲ့ဒိတုန်းထဲက ဗိုလ်ချုပ်ပုံတူကို ဆွဲပေးမယ်ပြောထားတာလဲ ခုထိတော့လက်ထဲရောက်မလာသေးပါဘူး။
သူနဲ့နန်းညီနဲ့ ၂ ယောက်ပေါင်းပြီးတော့ သူတို့ပန်းချီပညာတွေနဲ့ ဘယ်လိုများပုံဖော်ပေးကြလေမလဲ...
သုံးလလောက်တော့ကြာသွားပြီထင်ရဲ့..။သူတို့ဆွဲပြီးရင် ဒီဘလော့ဂ်မှာ ပြန်တင်ပေးပါဦးမယ်.။