Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Friday, January 09, 2009

ခေါင်းစဉ်မရှိတဲ့ မျှော်လင့်ခြင်းများအကြောင်း

ဒီမြို့လေးရဲ့ ဒီလမ်းလေးပေါ်မှာကျမဘယ်နှစ်ခေါက်စက်ဘီးစီးခဲ့ပြီးပြီလဲ။ခုတခါဟာဘယ်နှစ်ကြိမ်မြောက်စီးခြင်းလဲ။
ကျမ မမှတ်မိနိုင်တော့၊ကြာခဲ့ပြီဖြစ်တဲ့ အချိန်တွေကို ကျမပြန်တွေးကြည့်နေမိတယ်။ကျမရဲ့ လက်စွဲတော်
Hokaido စက်ဘီးလေးကတော့သူ့သခင်ပြန်လာတာမြင်တာနဲ့ ပျော်နေတယ်လို့ ကျမထင်တယ်…။

အဲ့ဒိစက်ဘီးလေးကို ကောက်နင်းပြီး ကျမထွက်လာခဲ့တာ။နောက်ပြီး ကျမမောင့်ကိုဒီနားလမ်းမလေးဘေးမှာ
ထိုင်ပြီးမျှော်နေခဲ့တာ။ဒီလမ်းလေးရဲ့ဘေးကအပြိုင်ရထားလမ်းတစ်ခုရှိတယ်။ကျမထိုင်နေစဉ်အတွင်းတော့
ဘယ်ရထားမှသွားတာမတွေ့သေးဘူး၊ဘယ်ကားမှလဲ သွားတာမတွေ့သေးဘူး။အဲ့ဒိလောက်ထိတိတ်ဆိတ်ငြိမ်
သက်တဲ့လမ်းကလေး။

ဒီလမ်းလေးကိုပဲ ကားတွေက ဖြတ်သန်းသွားလာကြတယ်။မြို့လေးကိုတော့ ကွေ့ရှောင်သွားတတ်တယ်။
ဒါကြောင့်ပဲဒီမြို့လေးဟာအရာရာမှာနောက်ကျနေတတ်တာလားရယ်လို့ ကျမတွေးမိသေးတယ်…။

ဘာပဲပြောပြော ခုကျမအဲ့ဒိလမ်းလေးပေါ်မှာ ရောက်နှင့်နေခဲ့ပြီ။အဲ့ဒိလမ်းလေးဟာ ဒီမြို့တစ်မြို့လုံးရဲ့ အချောမွတ်ဆုံးလမ်းအပိုင်းလို့ပြောရင်လဲရတယ်။လမ်းဘေးမှာ စီစီရီရီပေါက်နေတာက ကုက္ကိုလ်ပင်တွေ….။
ကုက္ကိုလ်ပင်တွေရဲ့သက်တမ်းကရာကျော်နေပြီ။တချို့အပင်တွေကညောင်ပင်တွေမြိုတာခံနေရရှာတဲ့အပင်တွေပေါ့။
ဒါလဲသိပ်အံ့သြစရာကောင်းတာပဲ။အသက်ရာကျော်ပြီးယောက်ျားနှစ်ယောက်လက်နှစ်ဘက်ဖက်စာလောက်ရှိတဲ့
ဒီအပင်ကြီးတွေကိုဘာမှမဟုတ်တဲ့အစေ့လေးတစ်စေ့ကနေ ၀ါးမြိုပစ်လိုက်တာ….။
တဖြည်းဖြည်းနဲ့ ကုက္ကိုလ်ရွက်တွေနဲနဲလာပြီး၊ညောင်ရွက်တွေက အစားထိုးနေရာယူလာတာ….။
နောက်ဆုံးပင်စည်တွေရော…အရွက်တွေရော..အားလုံးဘာမှမကျန်အောင် ကုက္ကိုလ်ပင်ဘ၀ကနေ
ညောင်ပင်ဘ၀ရောက်သွားရတာလေ…။

ကုက္ကိုလ်ပင်တန်းတွေရဲ့ခပ်လှန်းလှန်းမှာတော့ ၀ါတစ်ကွက်၊စိမ်းတစ်ကွက်၊ပြာတစ်ကွက်နဲ့ စပါးခင်းတွေ...
တချို့ကောက်လှိုင်းသိမ်းနေတဲ့လယ်သူမတွေရဲ့စကားသံတွေကလဲ ကျမဆီကိုခပ်သဲ့သဲ့ပဲလာရိုက်ခတ်တယ်…။

လေတင်လေအောက်မို့ ထင်ရဲ့။သူတို့စကားသံတွေကို တော်တော်ပီပီသသကြားနေရတယ်။
ဟဲ့ အဲ့ဒါဒေါ်အ၀ှာရဲ့သမီးလေဟယ်..။ဟိုမုဆိုးမလေဟယ်။အယ်..နင်ကလဲ သူ့အစ်ကိုက ဟိုသူဌေးသမီးနဲ့ ယူလိုက်တာလေဟယ်၊ဘာကြာသေးလို့လဲ။အံမယ်လေး အပိုင်နော်၊အပိုင်၊မပိုင်ရင်ခြင်တောင်
ရိုက်တဲ့ကောင်မဟုတ်ဘူး အေးလေ အဲ့ဒါသူ့ညီမလေ၊အငယ်ဆုံး၊အငယ်ဆုံး၊
အေးသူ့ညီမကျတော့ ဥထားတာလေ…။
ရန်ကုန်မှာနေတယ်။ဒါခုခဏပြန်လာတာနေမှာ။မသိဘူး၊ဘာတွေလုပ်နေလဲတော့ ငါလဲမသိဘူး။
သူ့မအေကြီးကလဲ မေးရင်ဟိုလိုလိုဒီလိုလိုဖြစ်နေတတ်တာလေ။ခဏ၊ခဏမေးတော့လဲမကြိုက်ဘူးတော်ရေ့ သိလား။

အို တော်ပါတော့။မေးချင်ရင်ကျမလာမေးပါတော့လား။ကျမဘာတွေလုပ်နေလဲ။ဘာတွေရည်ရွယ်ထားလဲဆိုတာ
ကျမရှင်တို့ကောင်းကောင်းသိအောင်၊နားလည်သွားအောင်ဖြေရှင်းပေးနိုင်တာပေါ့။ရှင်တို့ကဘာလို့ကျမအမေ
ကိုမှ သွားမေးရတာလဲ။ကျမအမေကို အဲ့ဒိနည်းနဲ့တော့ မနှိပ်စက်ကြပါနဲ့။ကျမအမေက ဘယ်သူ့အပေါ်မှာမှ
မကောင်းကြံစည်မှုမရှိခဲ့ဘူး။ကျမအမေက တကယ့်အရိုးခံနဲ့ တောသူကြီးပါ။ရှင်တို့လိုပဲလယ်ထဲမှာနေ၊
လယ်ထဲမှာပဲကြီးပြင်းလာခဲ့တာ။ဒါပေမယ့် ကျမအမေကရှင်တို့လို သူများအကြောင်းကို အချိန်ကုန်ခံပြီး
မပြောပါဘူး။သူကိုယ်တိုင်လဲ မပြောဘူး၊သူများလာပြောရင်လဲ အားမနာတမ်းအော်လွှတ်တတ်တာ။
ကွမ်းလေးတမြုံ့မြုံ့နဲ့ ကျမအမေကို ဒီအတိုင်းလေးပဲ ကျမကအေးအေးဆေးဆေးနေစေ့ချင်တာပါ။ရှင်တို့ရဲ့ အဲ့ဒိလို အရည်မရ၊အဖတ်မရစကားတွေနဲ့တော့ ကျမအမေကိုစိတ်ဆင်းရဲမခံနိုင်ဘူးနော်။ဒါပေမယ့် ဒီစကားတွေက
ကျမစိတ်ထဲက ပြောနေမိတာတွေပါ။တကယ့်အပြင်မှာတော့ ကျမဘာမှမပြောနိုင်ဘူး။

ကျမမျှော်နေတယ်။သူ့ကို၊သူခုထိပေါ်မလားသေးဘူး၊ခဏနေရင် အနောက်ရိုးမဆီကိုနေ၀င်ပြီး အမှောင်
ရောက်လာတော့မယ်။မောင်ရေ..ငါအဲ့လောက်မှောင်တဲ့အထိတော့ နင့်ကိုစောင့်နိုင်မှာမဟုတ်ဘူးနော်။
နင်ခုလာမှ ငါတို့တွေ့ရမယ်။နင်ခုလာမှငါတို့ခဏလေးပဲဖြစ်ဖြစ် စက်ဘီးတူတူစီးရမှာ၊နင်လာတော့ လာမှာပါနော်။
ငါနင့်ကိုဆက်မျှော်ချင်နေသေးတယ်မောင်။

ဒါပေမယ့် ငါတွေးပူနေမိသေးတယ်။
နင်ရောက်လာတဲ့အကြောင်း၊နောက်ပြီး နင်နဲ့ငါ စက်ဘီးကိုယ်စီနဲ့ ဒီလမ်းလေးပေါ်မှာခေါက်တုံ့ခေါက်ပြန
်စီးနေကြတဲ့အကြောင်း၊မှောင်ရီပြိုးပြကြတော့မှ ငါတို့လမ်းခွဲသွားတဲ့အကြောင်း၊သူတို့တွေ တစ်မြို့လုံးတစ်ရွာလုံး
အနှံ့ လိုက်ပြောကြလိမ့်ဦးမယ်။ငါ့အမေဆီကိုတော့အဲ့ဒိစကားက တော်တော်နောက်ကျပြီးမှရောက်သွား
လိမ့်မယ်။မောင်…ငါနင့်ကိုခုချိန်မှာ တကယ်တွေ့ချင်နေတယ်ဟာ။ငါ့မှာ နင့်ကိုပြောစရာစကားတွေနဲ့ ရင်တစ်ခုလုံးလဲပွက်ပွက်ညံနေပြီမောင်ရဲ့။ငါနင့်ကိုပြောပြချင်တယ်။ငါ့အိပ်မက်တွေအကြောင်း၊ငါ့မျှော်လင့်ချက်တွေ
အကြောင်း၊ငါဆက်လျှောက်ရမယ့်လမ်းတွေအကြောင်းလေ.........။ဒါပေမယ့် ....................။ငါ့အနာဂတ်ကို
ငါမပိုင်တဲ့အကြောင်း၊အရင်တုန်းကငါလှမ်းသမျှခြေလှမ်းတွေကို ခရီးရောက်ကိုရောက်ရမယ်လို့ငါရူးသွပ်ခဲ့တာ
တွေကတကယ်တမ်းကျတော့ဖြစ်မလာနိုင်သေးတဲ့အကြောင်း…..ဆိုတဲ့အကြောင်း၊အဲ့ဒိအကြောင်းတွေ ငါပြောပြ
ချင်တယ်။အဲ့ဒိအခါကျရင် ငါအမြဲဆရာလုပ်တာခံရနေကျ နင်က ငါ့ညာဘက်နားရွက်ကိုခပ်နာနာလေးဖြစ်သွား
အောင်ဆွဲလိုက်ပြီးမှနင်က သိပ်လောဘကြီးပြီး သိပ်လောတာကိုးလို့ ပြောဦးမယ်နော်။

ပြောနေကျအဲ့ဒိနှစ်သိမ့်စကားကိုပဲ နင်ကထပ်ခါတလဲလဲပြောလွန်းရင်လဲ ငါကမကြိုက်ပြန်ဘူး၊ငါကတစ်ခါ
ပြန်လာတိုင်းတစ်ခါ အသစ်အသစ်သောမကျေနပ်မှု၊ပင်ပန်းနွမ်းနယ်မှုတွေနဲ့ တုန်ရီနေသလောက် နင်ကတော့
တခါလာလဲဒီစကား၊တခါလာလဲ ဒီစကားပဲ နဲ့နှစ်သိမ့်လွန်းတော့ငါစိတ်တိုတာပေါ့မောင်ရယ်။ငါအပြစ်တင်ရင်
တော့ ငါကနင့်လိုမှစကားမတတ်တာ ငယ်ရယ်လို့..နင်ခပ်လေးလေးညည်းညူဦးမယ်........။ဒါပေမယ့်
ငါကအဲ့ဒိမရိုးနိုင်တဲ့စကားလေးကိုပဲ နားထောင်ချင်လို့ နင့်ကိုစောင့်နေခဲ့တာပေါ့မောင်။

နင်မြန်မြန်လာပါတော့နော်။ငါ ဒီမိန်းမကြီးတွေရဲ့ စကားသံကိုလဲ ထပ်ပြီးမကြားနိုင်တော့ဘူးမောင်။
စိတ်ညစ်လာပြီ။သူတို့ကတော့သူတို့ပြောတာတွေငါမကြားလောက်ဘူးထင်လို့ ပြောကြတာနေမှာ။ငါကသူတို့လေ
အောက်ကဆိုတော့ ငါအကုန်ကြားနေရတယ်လေမောင်…။သြော်နောက်ပြီးတော့ မောင်ရေ..ငါနင့်ကိုမေးဦးမယ်။
ငါ့အမေကို ငါဘယ်လိုစကားလုံးတွေနဲ့ ငါ့အခြေအနေကိုနားလည်အောင်ပြောရမယ်ဆိုတာနင့်စိတ်ကူး
အကြံဥာဏ်လေးတစ်ခုလောက်ငါသိချင်တယ်မောင်။

ဟော တွေးရင်းကပဲ မောင်လာနေပြီ။အင်း..ခုမှ မောကြီးပန်းကြီးနဲ့…စက်ဘီးကိုနင်းချလာလိုက်တာ၊
ငါ့အနားရောက်လာတော့မှ
"ဟေ့ ငါနောက်ကျနေတာတော့မဟုတ်ပါဘူးနော်။ ဘာလို့အစောကြီးလာစောင့်နေရတာလဲ..၊
တစ်ယောက်ထဲရယ်..စောစောလာမယ်ဆိုလဲအိမ်ကိုဝင်ခေါ်လိုက်တာမဟုတ်ဘူး"တဲ့၊
" အော်မောင်ရယ် နင်က နင့်စီးပွားရေးနဲ့လေ။ငါလာခေါ်လိုက်လို့မှ နင့်ဖောက်သည်တွေလွတ်ကုန်ရင် ဘယ်ကောင်းပါ့မလဲ"ဆိုတော့ "အံမယ် ..မယ်မင်းကြီးမ ခင်ဗျားတို့ရန်ကုန်က လေသံတွေ ရန်ကုန်မှာပဲ
ထားခဲ့ပါဗျာ၊ကျုပ်တို့ဆီတော့ သယ်မလာပါနဲ့" တဲ့။"ကျုပ်တို့ဆီမှာ အချိန်ကဖောဖောသီသီပါပဲ" တဲ့။

အဲ့ဒိမောင်ကလေ..ကျမကိုခနဲ့ဖို့ စကားကိုဆို သိပ်ပြီးနားထောင်ကောင်းအောင်ပြောတတ်တော့တာ။
အပြောခံရပေမယ့် နားခံသာအောင်လဲ သူပဲပြောတတ်ပ့ါကွယ်။" အေးပါ မောင်ရယ်…ငါတစ်ယောက်ထဲ
ထိုင်နေချင်တာကြောင့်လဲပါပါတယ်။ဒါကြောင့် ငါဝင်မခေါ်ခဲ့တော့တာ " ဆိုတော့မှ သူပြုံးလာတယ်။

နောက်ပြီးတော့ စက်ဘီးပေါ်ကခုမှဆင်းဖို့သတိရသလိုနဲ့ ပြာပြာသလဲဆင်းပီး စက်ဘီးကိုဒီအတိုင်း
ကုက္ကိုလ်ပင်ကြီးဘေးမှာ မှီရပ်ထားလိုက်တယ်။"မောင်" ….ကျမတချက်ခေါ်လိုက်တယ်။
"ပြော…ဘာတွေဖြစ်လာခဲ့ပြန်ပြီလဲ " တဲ့…။"ငယ့်မျက်လုံးတွေက ပိုပြီးကြောင်စီစီဖြစ်လာတယ်နော်..တဲ့။
ဘာလဲ ညတုန်းကပြန်လာခါနီးကို အတွေးနယ်ချဲ့ပြီးကောင်းကောင်းမအိပ်ခဲ့ရဘူးလားတဲ့။ပြောတော့ မောင်ရယ်၊
နင်က ငါ့အကြောင်းအကုန်သိပြီးသားပဲ။နင်ပြောပြီးရင်တော့ ငါပြောချင်တာလေးတွေပြောပါရစေနော်။

ငြိမ်သက် ဆယ်မိနစ်လောက်ကြာပြီးတော့ ကျမစိတ်ကူးထားတဲ့၊ကျမရဲ့အမောတွေကိုဖွင့်ချလိုက်ပြီးပြီ။ကျမမှာ ပြောစရာစကားတွေကုန်သွားခဲ့ပြီ။မောင်က သက်ပြင်းရှည်ကြီးတစ်ခုကို ကျမမသိအောင်တိုးတိုးလေး
မှုတ်ထုတ်လိုက်တာကို ကျမကြားဖြစ်အောင်ကြားလိုက်မိတယ်။

နင်အဲ့လိုသက်ပြင်းရှည်ကြီးချလိုက်တာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။တော်ပြီ ငါဆက်မစဉ်းစား
ချင်တော့ဘူး။ခွင့်လွှတ်ပါ...မောင်..။ငါကနင့်အတွက် ဘယ်တုန်းကမှ မစဉ်းစားပေးနိုင်ခဲ့သေးဘူးနော်။
အဲ့ဒါကိုနားလည်ပေးတဲ့အတွက်လဲငါကျေးဇူးအရမ်းတင်တယ်၊နင်ကလေ ဘယ်တုန်းကမှ နင့်အတွက်ဆိုတာမျိုး
ငါ့ဆီမှာမတောင်းဆိုခဲ့ဘူးနော်။နင်က နင့်ဘ၀နဲ့နင် အဆင်ပြေအောင်နေတယ်တယ်။နင်လုပ်နိုင်သလောက်
်လုပ်တယ်။နင်ငါ့ကို ခဏခဏပြောသလိုပဲ၊ငါ့လိုမျိုးလဲနင်ကလောဘမကြီးဘူး၊အိပ်မက်အကြီးကြီးတွေလဲ
မမက်ဘူး။ဒီမြို့လေးမှာနင်နေခဲ့တယ်။နင်က ဘယ်ရာဇ၀င်မှာမှဝင်မပါချင်ဘူး။

နင်က ငါ့ကိုစောင့်နေခဲ့တယ်။ငါက နင့်ဆီပြန်လာမယ်ပြောပြီး နင့်နဲ့ဝေးရာကို သွားမှန်းမသိ၊သွားမှန်းမသိသွားနေခဲ့မိတယ်...။ဒါပေမယ့်နင်ကတော့ငါ့ကို ခုချိန်ထိဖေးမတုန်း၊ခုချိန်ထိ
အကြံကောင်းတွေပေးတုန်း...။ခုချိန်ထိနင့်ရင်ခွင်က ငါ့ကိုနွေးထွေးစေတုန်းပဲ....။

နင့်ကိုကျေးဇူးတင်ကြောင်းပြောဖို့ ငါ့ပါးစပ်တွေက စေးကပ်နေကြတယ်။နင်ကလဲကြိုက်မှာ
မဟုတ်ဘူးလေ။သေချာတဲ့စကားတစ်ခွန်းတော့ ငါနင့်ကိုပြောချင်ပါသေးတယ်။အဲ့ဒါက ငါနင့်ကို ဘယ်တော့မှ
ခွဲမသွားဘူးဆိုတာပဲ။ခုခွဲနေရတာကလဲ အခိုက်အတန့်လေးပဲလို့ ငါပြောချင်သေးတယ်။ဒါပေမယ့်
အဲ့ဒိအခိုက်အတန့်လေးတွေက ဘယ်လောက်ထိကြာသွားမလဲဆိုတာတော့ ငါလဲမသိသေးဘူး။သိလဲမသိချင်ဘူး
မောင်ရယ်။နင်လဲ မသိချင်ပါနဲ့….။

**********************************

ကဲမောင်ပြန်ကြရအောင်နော်…မိုးချုပ်တော့မယ်၊အမေစိတ်ပူနေလိမ့်မယ် ဆိုတော့ နင်ကခပ်ယဲ့ယဲ့လေးပြုံးတယ်။
နင့်အပြုံးကို ငါမို့လို့ ဖမ်းမိလိုက်တာ၊တခြားသူတစ်ယောက်ဆိုသိမှာတောင်မဟုတ်ဘူး။ဟင့်အင်းနင်အဲ့လိုမပြုံးပါနဲ့
မောင်ရယ်..နော်..။ငါတောင်းပန်တယ်လေနော်..လို့ကျမစိတ်ထဲကပြောလိုက်မိတယ်။မောင်က ချက်ချင်းပဲ
စက်ဘီးနားကိုသွားရပ်လိုက်ပြီး " ပြန်မယ်လေ..လာ ငါလိုက်ပို့မယ် "တဲ့…။

"မောင်..တစ်နေ့နေ့ကျရင်တော့ ခုနင်လိုက်ပို့မယ်အိမ်ကို နင့်ကိုအပါ ငါခေါ်သွားမယ်သိလား၊အဲ့အခါကျမှ နင်ရှက်မနေရဘူးနော်…."လို့ကျမစိတ်ထဲကပဲပြောလိုက်မိတယ်။

*******************************

သူက ကျမနဖူးပြင်ကို သူ့နှုတ်ခမ်းနဲ့ ခပ်ဖွဖွလေးထိကပ်လိုက်တယ်..။နောက်ပြီးတော့မှ လေသံသဲ့သဲ့နဲ့...........
စိတ်ချပါငယ်…ငါ...အဲ့ဒိရက်ကို စောင့်နေခဲ့တာ..၇နှစ်ကျော်သွားခဲ့ပြီလေ…ဘာလို့ဆက်မစောင့်နိုင်ရမှာလဲတဲ့…။

*****************************
ဆုံးခမ်းတိုင်အောင် ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ကျမမျှော်နေတာက ဝေဖန်အကြံပေးတဲ့စကားသံများပါ။
အားမနာ၊ပါးမနာဝေဖန်ခဲ့ပါရန် မေတ္တာရပ်ခံပါသည်။



Tuesday, September 23, 2008

ကျွန်တော့်ဆံပင်တွေ ရှည်တုန်းက

ဒီတစ်ခါတော့ ကျမကြိုက်တဲ့ စာတွေထဲက ခုနေခါနဲ့ အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်။ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင်တော့ ကွန်မန့်လေးပေးခဲ့ပါဦးနော်။


( ၁ )
ကျနော်ဆံပင်တွေရှည်တုန်းက၊...
ကျနော် အရပ်မရှည်ပါ။ကျနော့်အင်္ကျီကော်လံကတော့ ရှည်ပါသည်။
ကျနော်ကြိုက်သော ကောင်မလေးကလည်း ရှည်ပါသည်။(သူမအရပ်အမောင်းကိုမှီရန် သို့မဟုတ် မီသည်ဟုအထင်ရောက်စေရန် ကျနော်သည်ခွာလေးလက်မခန့်မြင့်သော
ဟိုက်ဟီးရှူးဖိနပ်ကို သူမနှင့်ဆုံရန်ရှိတိုင်း ဂရုပြုကာ စီးလေ့ရှိပါသည်။)
ကျနော့်ရည်းစားစာကလည်းရှည်ပါသည်။သို့သော် ကျနော်၏ တစ်ဖက်သတ်အချစ်ဇာတ်လမ်းကတော့ မရှည်ပါ။ကောင်မလေးသည်
သူမ၏ချစ်သူ(ကျနော့်ထက်ရော သူမထက်ပါ အရပ်ပိုရှည်သောငနဲ)နှင့် လက်ဆက်သွားပါသည်။သူတို့၏ အိမ်ထောင်ရေးသက် ရှည်မရှည် ကျနော်မသိပါးကျနော့်အလွမ်းတွေ ရှည်နေခဲ့သည်မှာ
နောက်ထပ်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်နှင့်ကျနော်တွေ့ဆုံခွင့်ရသည့် အချိန်ထိဖြစ်လေသည်။


(၂ )
ကျနော်ဆံပင်တွေရှည်တုန်းက၊....
ကျနော့်ခြေထောက်တွေလဲ ရှည်ပါသည်။(လမ်းများခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။သို့သော် ကျနော့်အဖေကတော့ အလည်လွန်နေလျှင် ကျနော်ကိုယ်တာထမင်း၊ဟင်းများကို နောက်ဖေးလမ်းကြားသို့
လွှင့်ပစ်လိုက်ပါသည်။သတ်မှတ်ချိန်ထင် နောက်ကျပြန်လာလျှင်(သူ့သတ်မှတ်ချိန်မှာ ည ကိုးနာရီဖြစ်ပါသည်။)တံခါးဝတွင် ကြိမ်လုံးနှင့်စောင့်ကြိုနေတတ်သည်။သို့မဟုတ် တံခါးဖွင့်မပေးဘဲ ထားကာ
အိမ်အပြင်တွင် အိပ်စက်စေသည်။သူ့အပြစ်ပေးမှုများမှာ ကျနော့်အတွက် ထူးခြားထိရောက်မှုမရှိပါ။သူက ကျနော့်ဆံပင်ရှည်သည်ကိုကြည့်မရ။အတန်းတစ်တန်းတွင် နှစ်အရှည်ကြီးနေတာကို မနှစ်မြို့။(ကိုးတန်းတွင် ၅ နှစ်နှင့် ဆယ်တန်းတွင် ၅ နှစ်နေထိုင်ခဲ့သည်။)
ကျနော့်ကျောင်းသုံးဗလာစာအုပ်များမှာ ကဗျာအကြမ်းများနှင့် ပြည့်ကျပ်ထူပိန်းနေသည်။ကျနော် မိုးရေထဲတွင် လမ်းအရှည်ကြီးလျှောက်ခဲ့သည်။
ထိုလမ်းသည် အဖေလျှောက်စေချင်သော လမ်းမဟုတ်။သူနှင့်ကျနော့် ကြားမှ အဆင်ပြေမှုများသည် သူကွယ်လွန်သည့် အချိန်ထိ ရှည်လျားနေခဲ့သည်။

(၃)
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊...
ကျနော့်သူငယ်ချင်းများလည်း ဆံပင်ရှည်ကြသည်။
ဘီတဲလ်တို့လည်းဆံပင်ရှည်ကြသည်။ရိုလင်းစတုန်းတို့လည်း ဆံပင်ရှည်ကြသည်။ကမ္ဘာပေါ်ရှိ လူငယ်များလည်းဆံပင်ရှည်ကြသည်။
ကျနော်တို့ (ဆံပင်ရှည်များ) မိန်းမနှင့် ကလေးများက ကြောက်လန့်ကြပြီး ဆံပင်တိုသော ယောက်ျားများက ရွံ့မုန်းခဲ့ကြသည်။
လမ်းသရဲဟု အမည်တပ်ကြသည်။ကျနော်တို့သည် စတီရီယိုဟုခေါ်သော သီချင်းများကို ဆိုကြသည်။လမ်းမများပေါ်တွင် ရန်ဖြစ်ကြသည်။
အိမ်တွင် မပျော်ပိုက်ကြ။ပုန်ကန်သူများဖြစ်ကြသည်။ဘုရားမရှိခိုးသူများဖြစ်ကြသည်။လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ထူထောင်သူများဖြစ်ခဲ့ကြသည်။
ဂျင်းဘောင်းဘီဝယ်ရန် အိပ်မက်မက်ခဲ့သည်။ကျနော်အသက်သည် ၂၀ ကျော်ဖြစ်သည်။တိုက်ပုံဝတ်သူများကို စစ်ကြေငြာခဲ့သည်။

( ၄ )
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊....
လပေါ်ကို လူတို့ခြေချခဲ့ကြသည်။မာက်စ်ဝါဒသည် မျိုးဆက်သစ်တို့ ဖက်ရှင်ဖြစ်ခဲ့သည်။လက်ဖက်ရည်တစ်ခွက်၏တန်ဖိုးမှာ တစ်မက်ဖြစ်သည်။
အိုင်စတိုင်း၏ ရီလီတီးဗစ်တီ သီအိုရီကို ကြားခဲ့ဖူးသည်။(နားမလည်ပါ။) အင်းယားကန်ထဲတွင် ရေကူးခဲ့ကြသည်။
သမ္မတကနေဒီ သေနတ်ဖြင့် အပစ်ခံရသည်။ကက်သရင်းဒညုကို လက်ထက်ချင်နေခဲ့သည်။ကျနော့်တွင် တက်ထရွန်အင်္ကျီနှစ်ထည်ရှိနေခဲ့သည်။
ကျနော့်ကို ကျနော် အရေးပါသောသူဟု ထင်နေခဲ့သည်။ပန်းချီကို ဆရာမရှိဘဲ ရေးနေခဲ့သည်။ဟောလီးဝုဒ်ကားများရုံတင်သည့် ရုပ်ရှင်ရုံများတွင်
အချိန်ကုန်နေခဲ့သည်။ဘော်ဘီဖစ်ရှား၏ စစ်တုရင်အကွက်များကို လေ့လာနေခဲ့သည်။ချီဂွေဗားရား အတ္ထုပတ္တိကို ငါးခါပြန်ဖတ်နေခဲ့သည်။

( ၅ )
ကျနော့်ဆံပင်တွေ ရှည်တုန်းက၊....
ဘရစ်တနီစပီယား နှင့် အိန္ဒြာကျော်ဇင်တို့ကို မမွေးသေးပါ။စကြ၀ဠာ နှင့် အချိန်၏ အစ(မဟာပေါက်ကွဲမှု)ကိုရှာဖွေမတွေ့သေးပါ။ဘာလင်တံတိုင်းကြီးကို
မဖြိုဖျက်ရသေးပါ။ရုပ်မြင်သံကြား မကြည့်ဖူးသေးပါ။အိုဇုန်းလွှာလည်း မပေါက်ပြဲသေးပါ။မဟာစည် ဆရာတော်ဘုရား ပျံလွန်တော်မမူသေးပါ။
ကျနော် စာကြည့်မျက်မှန် အသုံးမပြုသေးပါ။ သန်လျင် နှင့် ရန်ကုန်ကို တံတားမထိုးရသေးပါ။
ကျနော့်ဆံပင်တွေရှည်တုန်းက၊.......
ကျနော် ယခုလိုဆံပင်မတိုပါ။

သစ္စာနီ