Sunday, June 28, 2009

National CD

ဘာမှမကွာဘူး။ဒါမယ့် နှစ်ပုံလုံးတင်ပစ်လိုက်တယ်...ကဲ..။

Camera အသစ်လေးနဲ့စမ်းထားတဲ့ပုံလေးတွေ
သူခိုးရွှေရတပြပြလိုပဲ ....အမှန်တော့ကင်မရာ ကြွားတာ... :)

Saturday, June 27, 2009

တွေးမိသမျှ အတိုအစ

ကျင်လည်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်တွေ၊ဖြတ်သန်းခဲ့တဲ့ ဘ၀တွေမတူညီတဲ့အခါမှာ လူတွေဟာတစ်ဦးချင်း
တစ်ဦးချင်းစီမှာ မတူ၊ကွဲပြားခြားနားမှုတွေရှိလာတတ်ကြတယ်ဆိုတာကျမ အထူးတလည်ပြောနေစရာ
လိုအပ်မယ် မထင်ပါဘူး..။

ငယ်စဉ်အခါတုန်းမှာ အဲ့ဒီလိုမတူကွဲပြားခြားနားမှုတွေဟာ သိပ်ပြီးမသိသာလှပေမယ့် အသက်တွေရလာလို့
လောကကို ကိုယ်ပိုင်အသိ၊အမြင်တွေနဲ့တံဆိပ်ကပ်ကြည့်ဖို့ ချဉ်းကပ်ကြည့်ကြတဲ့အခါမှာ လူတွေဟာသိသာ
ထင်ရှားစွာကွဲပြားလာကြတာ အမှန်တရားတစ်ခုပါပဲ။

မိဘနဲ့သားသမီး၊ဇနီးနဲ့ ခင်ပွန်း....၊စသဖြင့် လူ့လောကမှာ အရင်းနှီးဆုံးလူသားစုဖွဲ့မှုရယ်လို့ ယူဆထားကြတဲ့
ရင်းနှီးပတ်သက်မှုတွေမှာတောင် ဒီလိုမတူညီမှုတွေဟာ ကြီးမားတဲ့လူမှုရေးပြသနာတွေဆီ ဦးတည် နေကြတယ်..။

သိပ်ချစ်ကြတဲ့ အဖော် သို့မဟုတ်သူငယ်ချင်းတွေအဖို့တော့ နုစဉ်အခါက တူညီခဲ့သမျှ ကြီးရင့်လာတဲ့အခါ
ခြားနားကွဲပြားကုန်တတ်တာလဲ ပြောင်းလဲပြုပြင်မရတဲ့ နိယာမတစ်ခုပါပဲ။အဆိုးဆုံးအခြေအနေမှာဆိုရင်တော့
ဒါဟာ လမ်းတစ်ခုရဲ့ အဆုံးပါပဲ။အဲ့ဒိနေရာမှာ မတူညီတာကို အတင်းအကြပ်ညှိနှိုင်းဖို့ကြိုးစားမိရင်
ကြိုးစားတဲ့သူသာ အပြစ်လုပ်သူဖြစ်တတ်ပါတယ်..။

ဒါပေမယ့် ဒီလိုအမှားတွေ၊အပြစ်တွေကို စေတနာဇောနဲ့ လူတွေလုပ်ခဲ့ကြတာ အထပ်ထပ်အခါခါ....။

သို့သော်စေတနာဇောထက် မတူညီတဲ့ပတ်ဝန်းကျင်၊မတူညီတဲ့ ဘ၀ပေးအခြေအနေကို စဉ်းစားနားလည်
ပေးရကောင်းမှန်းမသိဘဲနှင့် ကိုယ့်အခြေအနေနဲ့၊ကိုယ့်အသိနဲ့၊ကိုယ့်ခံယူချက်နဲ့ မတူညီတာတဲ့အခါ
ကာယကံရှင်ကို စော်ကားမိတဲ့ အသုံးအနှုံး၊အယူအဆတွေနဲ့ ပြောတဲ့ဆိုတဲ့အခါမှာ ဒါဟာကြီးမားတဲ့
လူမှုရေး စော်ကားမှုလို့ ကျမယူဆပါတယ်..။သူတပါးရဲ့ အတွင်းစိတ်ကို ဗြောင်ကျကျ ပါဝင်စွက်ဖတ်လိုက်တာ၊
ခွင့်ပြုသည်ဖြစ်စေ၊ခွင့်မပြုနိုင်သည်ဖြစ်စေ ဆင်ခြင်ဥာဏ်မဲ့စွာနဲ့ သူတပါးရဲ့ခံယူချက်ကို ထိကပါး၊ရိကပါး လုပ်လိုက်တာပါပဲ..။

မိမိရဲ့ အဆင်ခြင်မဲ့စွာ ဆိုလိုက်သောစကားက ဘယ်ကိုဦးတည်နေသလဲ၊ အထူးသဖြင့် သူတပါးရဲ့ ကိုယ်ရေး ကိုယ်တာကို ဘယ်လောက်အတိုင်းအတာထိ စော်ကားထိပါးလိုက်မိပြီလဲ ဆိုတာကို မတွေးမိ တတ်ကြတာတော့ လက်မခံနိုင်ဖွယ်ပါပဲ...။

လောကကြီး ငြိမ်းချမ်းဖို့၊အနဲဆုံးတော့ လက်တစ်ဆုပ်စာ ကိုယ့်အသိုက်အ၀န်းလေးငြိမ်းချမ်းဖို့ပဲဖြစ်ဖြစ်
လူတွေဟာ မတူညီတဲ့ အတွေးအမြင်၊မတူညီတဲ့ ရှုထောင့်ရဲ့ အမြင်တွေကိုလက်ခံဖို့ ကြိုးစား ကြည့်သင့်ပါတယ်.။

ဘာရယ်မဟုတ်ပါဘူး။လတ်တလောကျမပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့၊ကိုယ့်ကို ၊မိတ်ဆွေတံဆိပ်၊ စေတနာတံဆိပ်ကပ်ပြီး လာစော်ကားနေတဲ့လူတစ်ချို့အကြောင်း၊ပြီးတော့ ကိုယ့်အကြောင်းကိုယ်ပါ တွေးမိလို့ ချရေးမိတဲ့စာတစ်ချို့ပါ..။

Wednesday, June 17, 2009

ပြီးခဲ့တဲ့ စနေ

မယ်ညီလေးက တွေ့မယ်ပြောတာကြာလှပြီ..။ကျမက အင်မတန်အပျင်းထူသမို့ မတွေ့ဖြစ်ခဲ့ဘူး..။ကိုစိုင်းကြီကလဲ တွေ့မယ်.....။နောက်ပြီးကျတော့ အနားမှာရှိတဲ့ ချစ်လှစွာသောသူငယ်ချင်းမ ၂ ယောက်နဲ့ကလဲစကားပြောရ၊ဆိုရ
သိပ်အစေးမကပ်တော့ဘူး..။ သူတို့ ၂ ယောက်ကလဲ တခြားမိတ်ဆွေတွေနဲ့ တွေ့ပါ..။စကားပြောပါ..။
အိမ်ထဲပဲ ကွေး၊ကွေးမနေပါနဲ့..။ကိုယ့်အစွမ်းအစတွေ ပါးလျသွားတာတနေ့တခြားသိသိသာသာဖြစ်မလာခင်... အပြောင်းအလဲတစ်ခုခုတော့ ဖန်တီးယူသင့်ပြီ...စသဖြင့်...အဲ့လို အကြောင်းအချက်တွေသာမကဘူး..။ နှလုံးသားက တောင်းဆိုတာကြောင့်လဲ ပါသပေါ့..။ကျမအဲ့ဒိ အစ်ကိုနဲ့ညီမလေးနဲ့ တွေ့ဖို့စီစဉ်လိုက်ပါတယ်..။
(၂ယောက်လုံးကိုခုထဲကကြိုတင်တောင်းပန်လိုက်ပါ့မယ်..။သူများတိုက်တွန်းလို့ချည်းမဟုတ်ရ..။
သူတို့ဘာကြောင့်တိုက်တွန်းရသလဲဆိုတာ..ဒီတစ်ခါကြုံရင်ပြောပါဦးမယ်..။)

ညီမလေး မယ်ညီက အဝေးကြီးကနေ ကျမအိမ်နားနီးနီးလေးထိ လာပေးရှာတယ်..။ပြီးတော့ကျတော့ သူကအရင်ဆုံးတောင် ရောက်နေလိုက်သေးတယ်..။ကိုစိုင်းကြီးနဲ့ ကျမနဲ့က အတူရောက်တယ်..။ နောက်တော့သုံးယောက်သား...မောင်ဂျဲ ဆီသွားကြမယ်ဆိုပြီး ထွက်ခဲ့ကြတယ်..။

အမှန်ဆို မောင်ဂျဲနဲ့ ကျမနဲ့သိပ်ပြီး မရင်းနှီးဘူး။စကားလဲ တခါမှမပြောဖူးဘူး။ခေတ်နောက်ကျတယ်ပဲ ဆိုဆို..
တခါမှ စကားမပြောဖူးတဲ့သူကို အပြင်မှာတွေ့ရမှာ....သိပ်တော့ပျော်မွေ့လှတာ မဟုတ်ဘူး..။
ပြောရရင် လူတွေနဲ့ မနီးစပ်တဲ့ရောဂါဖြစ်နေတယ် ဆိုရမယ်။ဒါမယ့် ကိုယ့်ဘာသာပြန်ပြီး သတိပေးရပါတယ်..။
ကဲ မဖိုးဒီရေ...ဒီလိုသာဖြင့် နင်ဘယ်လိုရှေ့ဆက်ပြီး လူတွေနဲ့ ပေါင်းသင်းနေထိုင်မလဲလို့ပေါ့..။

ဒါနဲ့ပဲ လိုက်ခဲ့ပါမယ်ပေါ့..။နောက်ပြီးတော့ ရန်ကုန်မြို့ရဲ့အပြင်ကိုထွက်ရမယ်ဆိုတဲ့ အသိကလဲ ကျမကို သူတို့နဲ့ လိုက်သွားဖြစ်အောင် ဆွဲဆောင်တဲ့အချက်တစ်ခုပါပဲ..။

လိုင်းကားစီးတယ်..။ကားခကျနော်ပေးလိုက်မယ် ဆိုပြီး အမှတ်တမဲ့အထူးအဆန်းလာလုပ်တဲ့သူက ဘလော့ကို ခဏလေးရေးပြီး ဆက်မရေးတော့တဲ့ မောင်ငယ် ရှင်းသန့် ပါ..။သူလဲ ကျမတို့ခရီးထဲ ပါလာတယ်ပေါ့..။
မိုးလေးက ညိုညိုမှာ...လယ်ကွင်းတွေဖြတ်ပြီး ခရီးသွားရတာ..ဘယ်လောက်ထိပြည့်စုံလိုက်လေသလဲ...။
စိတ်ကူးနဲ့ ကဗျာစပ်ပြီး ကားစီးလာရင်းက မောင်ဂျဲဂျယ်ဆီကိုရောက်လာပါတယ်...။

စကားတွေပြောကြ...
ရယ်စရာ...၊သောင်းပြောင်းထွေလာ...၊အတွေးအမြင်..၊အနုပညာ..၊အနုသုခုမ..အစုံပါပဲ..
Magazine နာမည်တွေမဟုတ်ရ...။ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေပါ...။
ကိုယ်နားမလည်တဲ့အကြောင်းအရာကျရင်တော့ ကျမက ပါးစပ်အဟောင်းသားနဲ့ နားထောင်ပေါ့..။ပြီးကျတော့ လိုက်လံဆွေးနွေးပေါ့...။မောင်ဂျဲဂျယ်က စကားပြောမြန်တော့ သူပြောသမျှကို ၂ ခါ၊၂ ခါပြန်ပြန်ပြီး သတိထားနားထောင်ရတယ်..။ရှင်းသန့်ကပြောတော့လဲ ကျမစကားပြောတာကို သူကပိုနားမလည်တာတဲ့..။
ကျမစကားပြောတာက ပိုမြန်သတဲ့..။

ရရှိလိုက်တာက သိပ်မများပါဘူး။ပီတိပါပဲ..။ကျေနပ်သာယာမိခြင်းပါပဲ...။

အပြန်လမ်းမတော့ မယ်ညီလေးဆီ လိုက်လည်တယ်..။ကျမနာမည်မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းကလေးတွေ ပွင့်နေတဲ့ လမ်းကပေါ်ကဖြတ်လျှောက်ရတော့ လိုက်မလာပဲ ပြန်သွားတဲ့ ကိုစိုင်းကြီးကို စိတ်ခုမိပြန်ရော...။
သူက လူကြီးဆိုတော့ ကိုယ်တွေဘယ်လိုဖျက်ဖျက်..သူ့သမာဓိကို အပျက်မခံဘူး..။ကိုယ်တွေနဲ့ မလိုက်ခဲ့ဘူး။
အဲ့ဒိတော့ သူ လေကောင်းလေသန့် ကျမရသလောက်မရဘူးပေါ့..။

ညီညီ့ကို ဘန်နာဆွဲခိုင်းတယ်..။ဆွဲပေးတဲ့သူက စိတ်ရှည်သလောက် အစ်မစဉ်းစားပါဦး။အိုင်ဒီယာလေး ဆိုရင် ကိုယ်ကစိတ်မရှည်တော့ အစ်မစိတ်ရှည်နော်။ အစ်မစိတ်ရှည်နော် နဲ့...သူကတဖွဖွတောင်းပန်ရသေးတယ်..။

ဘန်နာလေးယူပြီး....မြက်ခင်းတွေ၊တိုက်ပုပုတွေကိုဖြတ်ပြီး နှစ်ယောက်သားလမ်းလျှောက်ပြန်ခဲ့ကြတယ်..။
ကျမတစ်ယောက်ထဲ ပြန်လို့ရတဲ့နေရာထိ ညီညီက လိုက်ပို့ပေးတယ်..။ပြီးတော့ကျတော့ ကျမက သူ့ကိုသူ့အိမ်နားထိ ပြန်လိုက်ပို့တယ်..။ပြီးတော့ ကျမပြန်လာတယ်...။

မြို့ပြထဲ ပြန်ရောက်လာခဲ့တယ်......။

မှတ်ချက်။ ။အိမ်ပြန်ရောက်တော့ ချစ်လှစွာသော သူငယ်ချင်းမလေးက ဖျားနေတယ်...။အဲ့ဒါကြောင့် ခုထိမပြန်ဖြစ်သေးဘူး။ဒီပိုစ့်လေးကိုရေးပြီး သူတို့ကိုအလွမ်းဖြေလိုက်တယ်..။

Tuesday, June 09, 2009

အမေ့ဆီ ပြန်ဦးမယ်

အရင်ဆုံး ဒီသုံးယောက်ဆီ....


ပြီးတော့ ဒီချောင်းလေးဆီ...

ကျမ အိမ်နောက်ဖေးက ချောင်းကလေး..။

ပိုက်သောင်က ကလေးလေး

Friday, June 05, 2009

လှည်းတန်းကဗျာ

ဒီကဗျာက လွန်ခဲ့တဲ့ ၇ လလောက်တုန်းဆီက ကျမသည်လဲ ဘလော့ဂ်ပေါ်မှာ အရှိန်အဟုန်ပြင်းစွာနဲ့ဖြတ်သန်း
စီးဆင်းစအချိန်တုန်းက၊ဒီဘလော့မှာပဲ ရေးပြီးတင်ထားတဲ့ ကဗျာတစ်ပုဒ် ပါ။

အဲ့ဒိအချိန်တုန်းက လတ်တလောမြင်ရသမျှတွေကို ရေးထားတာဖြစ်လို့ ခုလက်ရှိနဲ့တော့မကိုက်ညီတော့ဘူး ဆိုရမပေါ့။စိန်ဂေဟာကြီးကလဲ soft opening မဟုတ်တော့ပါဘူး။ဒီမိုးထဲမှာလဲ ဇီးဖျော်ရည်တိုက်လို့လဲ ဘယ်လို လုပ်ပြီး အဆင်ပြေပါတော့မလဲ နော့..။ဒါပေမယ့် ဒီကဗျာလေးကို ပြန်တင်ဖို့စိတ်ကူးခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး၊ ခုပြန်တင်တော့လဲ စိတ်တိုင်းမကျတာတွေကို ပြင်ဆင်ဖို့ စိတ်ကူးမိသေးပေမယ့် မလုပ်တော့ပါဘူး။ကောင်းတာ မကောင်းတာ အပထားပေါ့း)
မဖတ်ရသေးတွေအတွက် အသစ်ပေါ့..။ကျမအတွက်တော့ ဆားရေကြည်တစ်ခွက်ပေါ့...။


လှည်းတန်း

စားချင်တာလာစား
အကုန်ရတယ်
ကိုယ်မှာတာကိုယ်စား၊ကိုယ်စားတာကိုယ်ရှင်းရင်ဖြစ်ပါတယ်။

မုန့်ဟင်းခါးနဲ့ ဇီးသံပုရာ၊
ဘိန်းမုန့်နဲ့ ထုံချိုင်း
ကတ်ကြေးကိုက်နဲ့ လေဘေးထည်
ရှမ်းခေါက်ဆွဲနဲ့ ဒိန်ချဉ်
Singapore နဲ့ ကျော်ဦး
ရန်ကင်းနဲ့ကြည့်မြင်တိုင်
ဒါတွေ၊ဒါတွေ
အကုန်မှာ အကုန်ရပါ့။

အိမ်ရှေ့ဝရံတာခြေတစ်ဖက်ချ
ရှေ့က စိန်ဂေဟာအသစ်ကျပ်ချွတ်မှာ
ဆင်းလိုက်တက်လိုက်
တက်လိုက်ဆင်းလိုက်
သူငယ်မများ
အိတ်ကလေးတွေ ဖွင့်ပေးလိုက်
ဒါမှမဟုတ်
အိတ်ကလေးတွေ ပေးဖွင့်လိုက်
ဘာတဲ့
Soft Opening ဆိုပါလား။...။

စည်တယ်၊စည်တယ်
လူတွေ တကယ်စည်တယ်
စည်နေပြီး လူမများတာလား
လူများပြီး ပွဲမစည်တာလား
တော်တော် ဦးဏှောက်ခြောက်ပါရဲ့
အထာနဲ့ စဉ်းစားရတာဒီမှာက။

ရှေ့ကဖြတ်လျှောက်သွားတဲ့မိန်းမငယ်
ခြေနှစ်ချောင်းက လိမ်ဖယ်ဖယ်နဲ့
စကတ်အနံက ခြေပေါင်လည်
အလိုကွယ် ဘယ့်နှယ်ဖြစ်ပါလိမ့်
အဘများ မျက်စိမှုန်ရော့သလား။

စည်တယ်၊
တကယ်စည်တယ်၊
အဲ့ဒါဘာရှိလိမ့်မလဲ
ရုံးစု၊ရုံးစုနဲ့ ဟောဒိလမ်းမကြီးပေါ့။

တစ်ခေါက်တစ်ခါများတော့
အရောက်လာစမ်းပါ့..၊
ဇီးဖျော်ရည်လေး တိုက်ပါ့မယ်။

Mirror

Monday, June 01, 2009

ပြတင်းပေါက်ကလေးတစ်ခုဆီက

ထိုပြတင်းပေါက်ရဲ့ အကျယ်က ၂ ပေလောက်ပဲရှိပြီး၊အနံက ၂ ပေခွဲလောက်ပဲရှိပြီး ကျမအိပ်ယာပေါ်ကနေ
ရန်ကုန်မြို့ရဲသုံးပုံနှစ်ပုံလောက်ကို အဲ့ဒိအပေါက်သေးသေးကျဉ်းကျဉ်းလေးကနေ လှမ်းမြင်ရသည်။အဲ့ဒိအခိုက် အတန့်လေးကို ကျမနှစ်သက်ပါသည်...။

ထပ်ခိုးကျဉ်းကျဉ်းလေးထဲကနေ ကောင်းကင်ကြီးတစ်ခုလုံးကိုမော့ကြည့်ပြီး ကိုယ့်စိတ်ကူးတွေအကောင်အထည် ဖော်ကြည့်မိတဲ့အခါ ငယ်ငယ်တုန်းက အိမ်နောက်ဖေးပြတင်းပေါက်နားလေးမှာ မတ်တပ်ရပ်ပြီး တသွင်သွင်စီး နေတဲ့ချောင်းလေးကိုငေးလို့ ငါကြီးလာရင်ဆိုတဲ့ စိတ်ကူးတွေကို ပြန်လည်အမှတ်ရစေပါသည်။

အဲ့ဒီပြတင်းပေါက်ကလေးဆီကနေ....ကျမအမေ့အိမ်ကိုပြန်တဲ့ လမ်းကိုမှန်းဆကြည့်လို့ရနိုင်ပါသည်..။
ဟောဟိုဘက်မှာ တံတားတစ်ခုရှိတယ်။အဲ့ဒိတံတားပေါ်ကနေဖြတ်ပြီးခဏနေရင် ကျမမိခင်ရှိတဲ့နေရာကို သုံးလေးနာရီအတွင်း အရောက်သွားနိုင်တယ်..။သို့ပေမယ့် ဘာကြောင့်နှောင့်နှေးကြန့်ကြာမှုတွေကသာ တည်မြဲ
နေရခြင်းအကြောင်းရင်းလဲ..။

ကျမဟာ ပြတင်းပေါက်ရဲ့သံတိုင်တွေကို လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းက စိတ်ရဲ့လွတ်လပ်မှုကို
အငမ်းမရ လိုက်လံရှာဖွေမိတယ်..။

ပြောရရင်ဖြင့် ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ ခြားခံတစ်ခုသာဖြစ်တယ်။