Tuesday, September 23, 2008

အပြင်ဘက်သို့ ခရီးတစ်ခေါက်

ကျမ outside world ကိုပဲ အာရုံစိုက်နေမိတာ ဘယ်လောက်ကြာနေပါလိမ့်...

ကျမရဲ့ ဆရာကတော့ ခဏခဏပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်..
computer screen နဲ့ပဲ စကားပြောမနေကြပါနဲ့တဲ့
အပြင်လောကမှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်တွေ ရှိပါတယ်တဲ့..ဘာလို့ သက်ရှိလူသားက သက်မဲ့ကို အရေးတယူလုပ်နေကြတယ်ဆိုတာ သူစဉ်းစားလို့ကိုမရချင်ဘူး တော်ရုံပဲကောင်းပါတယ် တဲ့

ကျမတတ်တဲ့ သင်တန်းမှာက လူငယ်တွေလိုလိုချည်းပါပဲ။ဲ 85 ရာခိုင်နှုန်းက အသက် 20 အောက်တွေ… ဆရာကတော့ သူ့ရည်ရွယ်ချက်နဲ့ သူပြောတာပါ ...ကျမကတော့ ကိုယ်လိုရာကိုယ်ဆွဲတွေးပြီး နားလည်လက်ခံခဲ့ပါတယ်..

ကျမကိုယ်တိုင်လဲ ကျမအချိန်တွေကို လက်တွေ့ဘ၀ရဲ့ အပြင်ဘက်မှာ ကုန်ဆုံးနေခဲ့ပါတယ် အလွယ်အသင့် ရတဲ့နေရာတွေမှာ နေထိုင်ခဲ့ပါတယ်...ကိုယ်ကိုယ်တိုင် မယိုင်လဲအောင် ရပ်တည်နေရချိန်မှာ ဘယ်သူတွေ ဘာဖြစ်လို့ ဘာတွေလိုအပ်နေတယ်ဆိုတာကို အသိသာ ရှိပြီး အမြင်ရှိဖို့ ခဏမေ့ထားရပါတယ်….

အားချိန်ရှိတာနဲ့ အင်တာနက်ဆိုင်ကို ပြေးတော့တာပါပဲ... အရင်တုန်းကပျော်စရာနေရာတွေက ခုပျော်စရာမဟုတ်တော့တာလဲ ပါတာပေါ့… ဟိုဟိုဒီဒီလဲ မသွားချင်တော့ပါဘူး။ ကျမသူငယ်ချင်းတွေကလည်းပြောပါတယ် နင်တော့ ဘလောဂ့်ကိုက်နေပြီတဲ့။
ကိုက်နေပြီဆိုတာက စွဲလန်းတာကိုပြောတာပါ (မသိတဲ့လူတွေရှိမှာစိုးလို့ပါ...စကားချပ်)

အင်တာနက်ရှေ့ပဲ ရောက်နေလို့ စာဖတ်ချိန်ကို ညကြီးမင်းကြီးမှအချိန်ယူရပါတယ် ...
စာကတော့ မဖတ်ပဲ မနေနိုင်ပါဘူး။ ဒါပေမယ့်မနေ့က ကျမအရင်အလုပ်ကလုပ်ဖော်ကိုင်ဖက်
အစ်မတွေနဲ့ပြန်ဆုံဖြစ်ပါတယ်..အဲ့ဒီတော့မှ “သြော်..ငါကတော်တော်ပဲ လက်တွေ့ဘ၀နဲ့
ကင်းကွာနေတာပါရောလို့ …အပြင်လောကကို ရောက်နေတာပါရောလား” လို့တွေးမိပါတယ် ...
အဲ့ဒီလိုဆိုတော့ online ပေါ်ကဘော်ဒါတွေက တစ်မျိုးထင်နေပါဦးမယ် မဟုတ်ရပါဘူး..
လူစင်စစ်နဲ့ စာလုံးတွေ ကွာခြားချက်ကို လူတိုင်းနားလည်ကြမှာပါ.. မတတ်သာလို့သာ
ဒီ computer ကြီးနဲ့ အဖက်လုပ်စကားပြောနေကြရတာပါ ဖြစ်နိုင်ရင် ဘယ်လုပ်ချင်ပါ့မလဲ ဒါပေမယ့်တစ်ခုတော့ရှိတယ် ဒါနဲ့မှ အဖော်ပြုချင်ကြသူတွေလဲ ရှိနေမှာပါ
ကျမ အသိုင်းအ၀ိုင်းမှာ မရှိတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပြောချင်တာက ဒီလိုပါ မနေ့က သူတို့တွေနဲ့ဆုံတယ် မြောက်ဒဂုံက တစ်ယောက်ရဲ့ ဆေးဆိုင်လေးမှာပါ။
မှတ်တိုင်ကနေ သူ့ဆိုင်ကိုရောက်ဖို့ဆို ခဏပဲကြာပါတယ် ကားပေါ်ကဆင်းပြီး သူ့ဆိုင်ကို အသွားမှာပဲ ကျမအတွက် စိတ်စနောင့်စနင်းဖြစ်စရာ တစ်ခုကြုံပါတယ်
မှတ်တိုင်မှာ ရပ်နေတဲ့ လူတစ်ယောက်က ကျမရဲ့ ဘောင်းဘီဘေးအိတ်ကို လက်လှမ်းနှိုက်လိုက်ပါတယ်
ခါးပိုက်နှိုက်တာလည်း မဟုတ်လောက်ဘူးလို့ ထင်မိပါတယ် ဘာလို့ဆိုတော့ လူပုံစံက မျက်လုံးတွေက နဲနဲထူးခြားနေပါတယ်.ရဲတင်းမှုတွေ မပါဘူး ကြောက်ရွံ့မှုတွေကို အထင်းသားမြင်နေရတယ် (ကျမလူကဲခတ်ညံ့ခဲ့ရင်တော့ မပြောတတ်ဘူးပေါ့လေ)
အိတ်ထဲမှာ ဘာမှမပါဘူး i pod ရယ် …ကြိုးတွေရယ်ပဲ ပါပါတယ် သူ့စိတ်ထဲမှာတော့ ဘာတွေထင်လို့လဲ မသိပါဘူး… သူ့ကို ကျမချက်ချင်းလှည့်ကြည့်လိုက်တော့ နဲနဲလေး တွန့်သွားပြီး တစ်ဖက်ကို လှည့်သွားပါတယ် ကျမသူ့ကို ကြည့်ပြီးတော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်
အ၀တ်အစားကလည်း ဘာဝတ်ထားလို့ထားမှန်းတောင် ခန့်မှန်းလို့ မရပါဘူး ပိန်လိုက်တာမှလဲ လွန်ပါရော.. သူ့ခမျာ သူ့ဘာသာသူ နှိုက်လိုက်တုန်းက နှိုက်ပြီး.. ပြီးမှ ကြောက်နေပုံပါပဲ ပထမတော့ ကျမလဲ နည်းနည်းတော့ လန့်သွားပါတယ်
လန့်ပြီးတော့လည်း အော်လိုက်မိပါသေးတယ် ပြီးမှ သူ့ပုံပန်းကို ကြည့်ပြီး အားနာမိတယ်…
သူဟာ တကယ် ခါးပိုက်နှိုက်ဖြစ်နေဦးတော့ သူ့အနေနဲ့ ဒီလိုလုပ်တာ သူ့အင်..သူ့အားနဲ့ လုပ်သင့်တဲ့ အချိန်ကိုရောက်နေပြီလို့ ကျမယုံကြည်ပါတယ်။ကျမ အတွေးနယ်ချဲ့နေမိတယ် …
ဒီနေ့ ဒီချိန်မှာ လူတစ်ယောက်ဟာ သူ့မှာ အိမ်ထောင်ရှိမယ်. (ကလေးမရှိသေးဘူးလို့ပဲ တွေးကြရအောင်).. အိမ်ထောင်ကလည်း ၀င်ငွေရှိနေခဲ့ရင်တောင် သူ့တစ်ဝမ်းတစ်ခါး အတွက်မလုံလောက်ပါဘူး ဒါကြောင့် သူလုပ်တာကို မှန်တယ်မှားတယ် မဝေဖန်ရဲပေမယ့် သူလုပ်သင့်တယ်လို့ ကျမထင်ပါတယ်။
ကျမတို့ အတတ်ပညာနဲ့ ဗိုက်ဖြည့်တဲ့သူတွေတောင် လောက်ငပါရဲ့လား…
ဒါပေမယ့် ခက်တာက တောင်မင်းကို မြောက်မင်းမကယ်နိုင်ဖြစ်နေကြတာဆိုတော့….
(တောင်မင်း မြောက်မင်း ဆိုသည်မှာ လူသာမာန်ကို ဆိုလိုပါသည်။)

ကျမ သူ့ကို စိတ်မဆိုးတော့ပါဘူး….ဆိုးချင်စိတ်လဲ မရှိတော့ပါဘူး


အရင်အလုပ်မှာတုန်းက အညာရွာတွေကို ထောက်ပံ့ရေးအတွက် သွားရရင် ကျမနဲ့ အတူတူခရီးသွားဖက် အစ်ကို တစ်ယောက်ကပြောတာလေးပြန်သတိရမိပါတယ်
ရွာကလူတွေက အင်တာနက်ဆိုတာ အနက်ရောင်လားလို့မေးလိမ့်မယ်..
ကွန်ပြူတာကို ကွန်ပစ်တာလို့ပြောတတ်တယ်…
(ဒါကလည်း ညဘက်ကြည့်ခဲ့တဲ့ ဗမာဗွီဒီယိုကားထဲက ကြားခဲ့ရတာ…)
အမ်ပီသရီးဆိုတာ 3 ဂဏန်းနဲ့ ပတ်သတ်တာလား….
ဒီဗွီဒီကို စီဒီစက်လို့ပဲ ခေါ်တတ်တယ်
အသံချဲ့စက်ဆို ဓာတ်စက်လို့ တွင်တွင်ပြောတယ်..
အညာသူ အညာသားရယ်မှ မဟုတ်ရပါ…မြန်မာပြည်မှာ ရှိသမျှလူတွေရဲ့ ထက်ဝက်လောက်က အတူတူပါပဲ.. ဒီလောက်..ရိုးသားတဲ့ မြန်မာတွေရယ်ပါ…
ဘယ် (လူ) ကမှ အကြောင်းမဲ့ သက်သက်လူမသတ်တတ်ပါဘူး …

အော်ကွယ် ဘာရယ်မဟုတ်ပါဘူး အင်တာနက် စာမျက်နှာများကနေ ဝေးကွာခဲ့ရတဲ့ တစ်နေ့တာ ကြုံတွေ့ရတာလေးတွေကို ထင်သလိုပြန်ရေးထားတာပါ။

No response to “အပြင်ဘက်သို့ ခရီးတစ်ခေါက်”