Monday, December 29, 2008

ဓာတ်ပုံလက်ကျန်ရှင်းတမ်း

အညာမှာနေတုန်းက ရိုက်ထားတဲ့ပုံလေးတွေ ပြန်တင်လိုက်ပါတယ်။မျက်စိနောက်တယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါလေ...။
ဒီတစ်ခါ နောက်ဆုံးတင်ခြင်းပါ...။ဘာဖန်တီးမှုမှ မပါတဲ့ကျမရဲ့ ကင်မရာစုတ်စုတ်လေးနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ...။



ရွာတစ်ရွာကနေ နောက်တစ်ရွာကိုကူးတိုင်း ဒီလိုအပင်တွေနဲ့ပြည့်နေတဲ့ ကွင်းပြင်ကြီးကိုဖြတ်ရတယ်..။ကျမလဲ ဘယ်ရမလဲ။ကိုအငဲရဲ့ "ဒီကွင်းပြင်ကြီးကို...တို့ဖြတ်ဖူးတယ်....ဒီမြက်ပင်စိမ်းတွေ..ခြောက်သွေ့ကာ ညိုမွဲနေ..ဒီကောင်းကင်ကြီးလဲ ဟိုအရင်လို မလှတော့ဘူး..." လို့အော်ဆိုပြီး နွားလှည်းစီးခဲ့တာပေါ့..။
အဲ့ဒိအချိန်တုန်းကသာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလို့ စိတ်ပင်ပန်းခဲ့ရတာ..ခုပြန်တွေးတော့ လွမ်းမောစရာ..:'(



ဒီပုံကိုကျတော့ ကျမဆရာက ရှေ့ကနေရိုက်သွားတယ်..။ကျမက သူ့အိုင်ဒီယာကို ကောင်းမလားထင်ပြီး လိုက်ရိုက်ထားလိုက်တာ..။



ဒီပုံကျတော့လဲ အလင်းရောင်နဲ့ မြတ်စွာဘုရားရဲ့ သင်္ကန်းအရောင်တွေကို ဟပ်နေတယ်လို့ ခံစားရလို့ ရိုက်ခဲ့ပါတယ်..။
(အဟဲ အရောင်တွေ အကြောင်းပြောနေတော့ ပန်းချီတွေဘာတွေ နားလည်လားလို့ အထင်မကြီးလိုက်နဲ့ဦးနော်။မျဉ်းတောင်ဖြောင့်အောင် မဆွဲတတ်ပါဘူး )



အရောင်တွေ စပ်ပုံကိုသိပ်သဘောကျလို့ပါ...။


ပုဂံဘုရားတစ်ဆူထဲက နံရံဆေးရေးပန်းချီတစ်ခုပါ။ဘုရားနာမည်တော့ မမှတ်မိတော့တာ ခွင့်လွှတ်နော်...:)


ဒီဓာတ်ပုံကို ကျမဘာသာကျမ တံတိုင်းကြီးလို့ နာမည်ပေးထားတယ်..။



အညာရွာမှ အမေအို...။

အားလုံးကိုလေးစားခင်မင်လျက်........။


Sunday, December 28, 2008

စိတ်ကူးအိပ်မက်များ

ပြောခဲ့ဖူးသလို ချစ်တတ်တဲ့ရင်ခွင်အကျယ်ကြီးနှင့်လူဆိုတော့ စိတ်ကူးကလဲ အလွန်ကိုယဉ်ပါသည်။ အင်္ဂလိပ် စကားပုံလား၊ အဆိုအမိန့်လား မသိ.. ကြားဖူးတာတောင်ရှိသည်။ " အိပ်မက်တွေကို မက်ပါ..တနေ့မှာ အိပ်မက်တွေက သင်သွားလိုရာကို ရောက်တဲ့အထိခေါ်ဆောင်သွားပါလိမ့်မယ်" ..တဲ့လေ..။
ဒီတော့ အလကားဖောချင်းသောချင်းရနိုင်တဲ့ ဒီစိတ်ကူးအိပ်မက်တွေ ဘာလို့ မမက်ရဲရမှာလဲ....။
စိတ်ကူးယဉ်တတ်တဲ့အရွယ်ကတည်းက မက်ခဲ့တဲ့စိတ်ကူးအိပ်မက်...ခုထိလဲ မက်ဆဲပါပဲ။ဆက်ပြီးလဲ မက်နေမိဦးမှာပါပဲ။

စိတ်ကူးအိပ်မက်များ အများအပြားရှိပါတယ်။ သို့သော် အဲ့များလှတဲ့ စိတ်ကူးအိပ်မက် ကို အကောင် အထည်
ဖေါ်ဖို့ရာ လမ်းကြောင်းပေါင်းများစွာနဲ့ လျှောက်လှမ်းမှ ဖြစ်နိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်။ ကျမစိတ်ကူးလေးတွေကို တစ်ခုချင်းစီ ချရေးကြည့်ပါ့မယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ၀ိုင်းပြီးစဉ်းစားပေးကြပါဦး။

၁ ) နယ်ပြန်ပြီး အမေနဲ့နေဖို့...

အငယ်ဆုံးသမီးကို အမြဲတမ်း ရင်ခွင်ထဲ ထည့်ထားပြီးနေချင်တဲ့ ကျမအမေရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးဖို့ ဒါက ကျမအတွက် လက်တွေ့အကျဆုံး အိပ်မက်တစ်ခုပါပဲ။ အမေအသက်က ခုဆို ၆၀။ ခုလာမယ့် ပြာသိုလထဲမှာ ပြည့်ပါပြီ။ ဆိုတော့ အမေ့အသက် ၇၀ ဆိုရင်တောင် ကျမဒီအခွင့်အရေးကို ရနိုင်ပါ့မလား မသေချာသော်လည်း တစ်နေ့ဖြစ်ကိုဖြစ်လာရမယ်လို့ အမြဲအိပ်မက်မက်ပါတယ်။
ကျမစိတ်ကူးထဲမှာပေါ့လေ..။

အမေနဲ့အတူ ခြံစိုက်စားကြမယ်။ ခုလို ဆောင်းတွင်းဆိုရင် မေမြို့၊ဂန္ဒမာ နဲ့ ဂေါ်ဖီပန်းတွေနဲ့ ကျမတို့ရဲ့ အိမ်နောက်ဖေး ဈေးဆိုင်လေးက စည်ပင်နေမှာပဲ...။ အပင်တွေကို ရေလောင်းဖို့ အတွက် ရေတင်စက်လေးတစ်လုံးဝယ်မယ်။ ပြီးရင် ရေပိုက်နဲ့ပဲ ရေဖြန်းမယ်...။ခုလို ပုံးနဲ့ထမ်းပြီးရေလောင်းစရာ မလိုတော့ဘူးပေါ့။ကျမတို့အိမ်နောက်ဖေးက ချောင်းထဲမှာ နေ့တိုင်းရေဆင်းချိုးမယ်။အသားတွေမဲလဲ မဲပါစေ၊ဆံပင်တွေနီလဲ နီပါစေ။ရေချိုးရင်း ငါးတွေဖမ်းမယ်၊ငှက်ပျောတုန်းနဲ့ နွံတွေကို ကမ်းစပ်ထိ တွန်းတင်ပြီး အဲ့ဒိနွံထဲမှာ လျှောက်ပြေးနေတဲ့ ငါးတွေကိုဖမ်းမယ်...။အဲ့ဒိအခါ အမေက ဟဲ့မိ...ရေ...နင်ခုလာခဲ့စမ်းလို့ အော်ခေါ်လိမ့်မယ်။အော်ခေါ်တဲ့ အခါကျမှ ပြေးလွှားပြီ ကုန်းပေါ်ကိုတက်မယ်...။
အိမ်ပေါ်ရောက်တော့မှ ရေအသန့်နဲ့ တစ်ထပ်ချိုးပြီးတော့မှ အမေချက်ထားတဲ့ ငါးဖြူလေးချက်၊ငါးမီးဖုတ်နဲ့ ငြုပ်သီးစိမ်းထောင်းဖျော်ထားတဲ့ ငါးပိချက်နဲ့ ဘူးရွက်ပြုတ်တို့စရာနဲ့ ထမင်းစားမယ်...။ကျမရှာလို့ရလာတဲ့ ငါးလေးတွေကိုတော့ အမေမသိအောင် အိမ်ရှေ့ အိမ်ကိုပေးလိုက်ပြီးပေါ့....။

အဲ့လို သာမာန်ရိုးကျဆန်တဲ့ဘ၀လေးထဲမှာ ကျမဖြတ်သန်းပြီး ကျမရဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်....။

၂ ) ကျမမြို့မှာ အကျိုးပြု သင်တန်းလေးဖွင့်ဖို့ နဲ့ စာကြည့်တိုက်လေးတစ်ခုတည်ထောင်ဖို့.....

ဒီစိတ်ကူးကလဲ အမြဲမက်တဲ့အိပ်မက်ပါ...။အထူးသဖြင့် နယ်ပြန်ပြီးရင် ပိုပြီးဒီစိတ်ကူးက ပြင်းထန်လာတတ်ပါတယ်။
ကျမတို့ မြို့ဟာ ခရီးလမ်းဆုံးမြို့ဖြစ်သလို ဘာမှလဲ သိသာမြင်သာတဲ့ တိုးတက်မှုမရှိပဲ လူတွေအားလုံးသည်လဲ တို့လူလေးများဆိုသလေ............ဝေလေလေ...သို့မဟုတ်...ခင်ညာာာာာာာာ.....ဆိုတဲ့လူတွေနဲ့ပေါ့။
ကျမအဲ့မြို့လေးမှာ ဘာသာစကားသင်တန်း၊ကွန်ပြူတာသင်တန်းနဲ့ စာကြည့်တိုက်လေးတစ်ခုဖွင့်ချင်တယ်...။

ကျမစိတ်ကူးထဲက ဘာသာစကားသင်တန်းမှာ တစ်ပတ်နှစ်ရက်မှာ ရန်ကုန်ကနေအလကားလာသင်ပေးမယ့် သူငယ်ချင်းရဲ့ အင်္ဂလိပ်စာသင်တန်း၊နောက် ကျမရဲ့ မြန်မာစာသင်တန်းလေးတွေ လုပ်မယ်...။တန်ရာတန်ကြေးလဲ တောင်းမယ်...။
ရလာတဲ့ ငွေနဲ့ ကျမရဲ့စာကြည့်တိုက်မှာ စာအုပ်တွေဝယ်ဖြည့်မယ်...။ရန်ကုန်ကို စာအုပ်တွေလှမ်းမှာမယ်...။

ကွန်ပြူတာသင်တန်းမှာကျတော့ အဲ့ဒိအချိန်ဆို အင်တာနက်တွေ၊ဘာတွေလဲချိတ်ဆက်လို့ရနေလောက်ပြီ ဆိုတော့ကျမကလေးတွေကို ဂျာဗားတွေဘာတွေကအစ နည်းပညာနဲ့ပတ်သက်တာ အကုန်သင်ပေးမယ်...။ဒါသင်ဖို့အတွက်တော့ သင်တန်းဆရာရှာရဦးမယ်..။ကျွမ်းကျင်သူများ ကျမအိပ်မက်တွေ အကောင်အထည်ဖော်တဲ့အခါ ပါဝင်ဖို့ ခုထဲကဆက်သွယ်နိုင်ပါတယ်...။

ကျမစာကြည့်တိုက်လေးမှာကျတော့ ကျမတုန်းက အသက်အရွယ်အလိုက် မဖတ်ခဲ့ရတဲ့စာတွေကို ကျမ Librarian တွေဖတ်နိုင်အောင် စီစဉ်ထားမယ်...။ကျမစာကြည့်တိုက်မှာ ငှားလဲငှားနိုင်သလို ထိုင်မြည်းလဲလုပ်လို့ရအောင် စီစဉ်ထားမယ်..။စိုစွတ်ပြီး အပင်ပေါတဲ့အရပ်ဖြစ်တာမို့ ခြံအကျယ်ကြီးထဲမှာ အပင်မျိုးစုံစိုက်ထားဦးမယ်...။အပင်စိုက်တာ ၀ါသနာပါတဲ့ ကျမအစ်မငယ်က အဲ့ဒါကိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်...။ကျမကို ဝေဖန်မယ့်သူတွေကိုလဲ အလုပ်နဲ့သက်သေပြဖို့ စဉ်းစားထားတယ်...။ကျမရဲ့ နယ်မြို့က သယ်၇င်းတွေကတော့ နင်တော်တော်ကြောင်တာပဲလို့ ပြောကြလိမ့်မယ်..။သူတို့တွေကိုလဲ သိမ်းသွင်းမနေပါဘူး..။။ကိုယ့်လမ်းကိုယ်ဆက်လျှောက်မယ်...။


၃ ) ကျမထက်ပိုတော်တဲ့..၊သို့မဟုတ် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်တဲ့ ကျမရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့....

ကျမအမေထက် ကျမတော်တယ်၊ပိုအသုံးကျတယ်လို့ ဘယ်တုန်းကမှ မခံယူခဲ့ဘူး..။ဒါမဲ့ ကျမရင်သွေးတွေကျရင်တော့ ကျမထက်ပိုတော်ပြီး လူ့လောကပတ်ဝန်းကျင်အတွက် အထောက်အကူပြုမယ့် လူငယ်လေးတွေဖြစ်စေချင်ပါတယ်..။
ဖြစ်အောင်လဲ ကျမကြိုးစားထောက်ပံ့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။ကျမရင်သွေးလေးတွေက အမှီခိုကင်းကင်းနဲ့ ဘ၀မှာရပ်တည်နိုင်ရမယ်..။အမျိုး၊ဘာသာ၊သာသနာကို ချစ်တတ်ရမယ်...။အမှားနဲ့ အမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ရမယ်..။အဲ့ဒိလို ရင်သွေးလေးတွေနဲ့ ကျမရဲ့နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်တယ်...။

ကဲ..ဒီလောက်ပါပဲ..ကျမစိတ်ကူးတွေကတော့...လုံးဝအောက်မဆင်းဘူးနော်..။မောင်လေးကာတွန်းရေ..အဆင်ပြေမယ် မျှော်လင့်ပါတယ်..။

သည်းခံဖတ်ပေးကြတဲ့ မောင်နှမများအားလုံးစိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေ...။

ကျမစိတ်ကုးတွေကို ဖတ်ပြီးရင် အစ်ကိုတို့အစ်မတို့လဲ ရေးပေးရမယ်နော်...။

ကိုအောင်သာငယ်(သူပဲအမြဲတဂ်နေတာ..ဒီတစ်ခါ ညီမတဂ်တာ ဖြေ...:) )
ကိုဆောင်းယွန်း(ညီမအလှည့် )
ကိုငြိမ်းစု (ဘယ်တုန်းကမှ မဖြေ..သို့သော် ၀ါသနာအရ တဂ်ပါသည်)
အစ်ကို ဖိုးညို(ပထမဆုံးနဲ့ အခါအခွင့်သင့်တုန်း ရေးပေးမယ်လို့ မျှော်လင့်ပါတယ်..။)
မောင်ရှင်းသန့် (အစ်မကြီးပဲလေ အနိုင်ကျင့်ရမှာပေါ့)
ကျောင်းဆရာ (ခပ်လန့်လန့်နဲ့ပဲ...)
မောင်နော်မန်..(၀ါသနာမယ်လို့ ထင်ပါတယ်)
အစ်မ ယောနသံ (အစ်မကြီး ဒုတိယံပိနော)
အစ်မပန် (အစ်မသာ ဖြေရင် ညီမတကယ်ဝမ်းသာမှာ)
အစ်မကေ (ခင်တယ်ဆို ဖြေပေးနော် အစ်မ )

အစ်ကိုအစ်များ၊အားရင်ရေးပေးမယ်လို့ ယုံကြည်ပါသည်။

Saturday, December 27, 2008

ဘာမှလုပ်မရတဲ့အကြောင်းနဲ့ အရည်ညှစ်ထုတ်ထားခဲ့သော ပိုစ့်ပေါင်း ၈၀

ကျော်မရ၊ခွမရ ဖြစ်နေပါတယ်။ကျမတစ်ယောက်ထဲများ ဖြစ်နေလားမခန့်မှန်းတတ်ပါ။တစ်ခါတစ်လေ ပြတင်းပေါက်လေးက ပွင့်နေပြီး ဘာမှလုပ်လို့ မရပါ။အလကား!! လူကိုလာလိမ်နေတယ်။စာတွေလိုက်ဖတ်ပြီးလို့ ထင်ရာမြင်ရာလေးရေးမယ်ကြံလဲ 10 အိမ်ကို တစ်အိမ်တောင် အဆင်မပြေဘူး။ကြာတယ်...ခါးချည့်တယ်။ဇက်ကြောတက်တယ်။မျက်မှန်ပါဝါတိုးတယ်။

ပိုစ့် 80 မြောက်ကို ဒီအရည်မရ၊အဖတ်မရအကြောင်းကိုပဲ အရည်ညှစ်ပြီးရေးတင်လိုက်မယ်။
အားလုံး သည်းခံပြီးဖတ်ပေးလို့ ကျေးဇူးပါ။

စိတ္တသုခ၊ကာယသုခနဲ့ ပြည့်စုံကြပါစေ။

Thursday, December 25, 2008

အချစ်အကြောင်းစဉ်းစားခြင်း

ဒီနေ့ တစ်နေ့လုံး အချစ်အကြောင်းစဉ်းစားမိနေသည်။
အချစ်အကြောင်းဆိုတော့ အချစ်ဆိုတဲ့ကောင်မလေး သို့မဟုတ် ကောင်လေးအကြောင်းလို့တော့ မထင်လိုက်ပါနှင့်။
လူတို့ အင်မတန်ဖောဖောသီသီအသုံးများသလောက်၊လူတို့ ပြောချင်သလိုပြော၊သတ်မှတ်ချင်သလို သတ်မှတ်ခံနေရသောစိတ္တဇနာမ် အချစ်အကြောင်းသာဖြစ်ပါသည်။

စဉ်းစားဖြစ်တယ်ဆိုတော့ ကျမအသက်ဆယ့်သုံးနှစ်ဆိုတဲ့ သီချင်းထဲကလို မှန်ရှေ့ထိုင်ကာတခိုးခိုးတစ်ခစ်ခစ်ရယ်ပြီးတော့ စဉ်းစားနေတာမျိုးလဲ မဟုတ်ရပါ။

စဉ်းစားဖြစ်စေတဲ့ အကြောင်းရင်းလေးတွေလဲရှိပါသည်။
ကိုအောင်သာငယ်ကြီးတဂ်တုန်းက အချစ်အကြောင်းကိုသေချာ ရေးမပေးလိုက်ရ၊မရေးတတ်တာလဲ ပါပါသည်။
နောက်တစ်ချက်မှာ ကိုယ့်အချစ်ကြောင့် သူတပါးကို စိတ်ကသိကအောက်ဖြစ်ရလောက်အောင်ထိ လိုက်လံနှောက်ယှက်တတ်သော ယောက်ျား၊မိန်းမတို့ကို နားမလည်နိုင်ခြင်းကြောင့်လဲဖြစ်ပါသည်။

တကယ်စဉ်းစားတော့မှ ဒီကိစ္စကအင်မတန်လေးနက်ပြီး အလွန်တရာအဖြေရှာရခက်ပါသည်။
ကျမသည် သိပ်ချစ်တတ်ပါသည်။
တနည်းအားဖြင့် ချစ်တတ်သောနှလုံးသားအကြီးကြီးနှင့် အချစ်တို့နဲ့ပြည့်သော ရင်ခွင်အကျယ်ကြီးကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ချစ်စရာ ကောင်းတာမှန်သမျှကို အကုန်ချစ်ပါသည်။

အချစ်အကြောင်း စဉ်းစားရင်းကပဲ သူနဲ့နံရံပါးပါးလေးတစ်ခုသာခြားပြီး လုံးဝဆန့်ကျင်ဘက်ဖြစ်သော
အမုန်းအကြောင်းထဲကိုပါ စိတ်ရေယာဉ်ကိုမျှောနေမိခဲ့ပါသည်။ရိုးသားပွင့်လင်းစွာ ပြောရရင်အမုန်းတရာဆိုတာကို လူပေါ်လူညွန့်ခူးစားတဲ့လူတွေလောက်ကလွဲရင် ကျန်တဲ့၊အခြားသော ဘယ်နေရာ၊ဘယ်အသိုင်းအ၀ိုင်း၊ဘယ်လူတန်းစားပေါ်တွင်မှ အမုန်းတရားဟူသည်ကို သိပ်ချစ်တတ်သောကျမ မထားတတ်ပါ။
ထားလဲမထားနိုင်ပါ။တကယ်တမ်းကျတော့ အမုန်းတရားသည် မုန်းရသူကိုပါ ပူလောင်စေသည်မဟုတ်လား။ဒီလိုဆိုတော့ အချစ်အကြောင်းလေးပြန်လှည့်မိသည်။


အချစ်ဆိုတာကရော ပကတိငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ပါသလား။ကာလရှည်ကြာစွာ ပေးနိုင်လိမ့်မည်မထင်ပါ။အချိန်အတိုင်းအတာတစ်ခုထိတော့ ပေးကောင်းပေးနိုင်ပါလိမ့်မည်။သို့သော် အဲ့သည်အချိန်အတိုင်းအတာဆိုတာကို ဒါက ငြိမ်းချမ်းမှုလို့ နာမည်တပ်လို့မရစကောင်းပါ။သို့သော် အချစ်ရှိနေတဲ့ဘ၀၊အချစ်ရှိနေတဲ့ ပတ်ဝန်းကျင်၊အချစ်နဲ့ဖြန့်ကျက်တဲ့ ကောင်းကင်အောက်မှာ နေရတဲ့တတင်္ဂအခိုက်အတန့်မှာတော့ ငြိမ်းချမ်းမှုဆိုတာကို အပြည့်အ၀မရခဲ့ရင်တောင် အမုန်းတရားရဲ့ ပတ်ဝန်းကျင်ထက်တော့ အေးမြမှာ အမှန်ပါပဲလေ။

ဒါဆို အချစ်ကြောင့်ပူလောင်ရတာတွေလဲ ထည့်စဉ်းစားဖို့မလိုဘူးလား။သိပ်လိုတာပေါ့နော်။

အဲ့ဒိ အချစ်ကြောင့်ပူလောင်တယ်ဆိုတဲ့ ကိစ္စကို ခင်ဗျားတို့ရော ဘယ်လိုအနက်ဖွင့်ဆိုချင်ပါသလဲ။

တကယ်ချစ်ရင် ပူလောင်ရပါသတဲ့လား။အချစ်ကြောင့်ပူလောင်ခြင်း မဟုတ်တန်ဘူး။အဲ့ဒိပူလောင်မှုသည် အတ္တ၏ အသီးအပွင့်ပင်ဖြစ်ပါလိမ့်မည်။အချစ်ကြောင့် မပူလောင်ပါ။အချစ်သည် ပျော်ရွှင်မှု၊နူးညံ့မှု၊နှစ်သက်မြတ်နိုးမှု အဲ့သည်တစ်ခုခုကိုသာလျင်ပေးနိုင်စွမ်းသော စိတ္တဇနာမ်တစ်ခုဖြစ်ပါသည်။

အချစ်ကြောင့်ပူလောင်ရပြီဆိုရင်တော့ ကိုယ်တိုင်နဲ့ ကိုယ့်ဝန်းကျင်ကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပြီဟု ထင်သည်။အချစ်ကြောင့်ပူုဆွေးသောက ရောက်ရတာ၊အချစ်ကြောင့် ဘ၀ပျက်တာ၊အချစ်ကြောင့် ကိုယ့်ကိုယ်ကိုတိုက်စားခံတာ၊
အချစ်ကြောင့် မူးတာ၊အချစ်ကြောင့် ရူုးတာ၊အချစ်ကြောင့် ဘာကိုမှအမှားအမှန်မခွဲခြားနိုင်တော့တာ၊
စသဖြင့်......အချစ်ကြောင့်ပေါင်းများစွာ။

တကယ်တော့ အချစ်က ဘယ်လိုပူလောင်မှုမျိုးကိုမှမလုပ်တတ်၊မဖန်တီးတတ်ပါ။ဖန်တီးသူသည် ကိုယ်တိုင်သာလျှင်ဖြစ်ပါသည်။
အကယ်လို့များ အဲ့ဒိအချစ်ဆိုတာက သက်ရှိသတ္တ၀ါတစ်ယောက်သာဆိုခဲ့ရင် အချစ်ကြောင့်လို့နာမည်တပ်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးနေကြသူတွေကို အပြစ်တင်နေပါလိမ့်မည်။
(မှတ်ချက်...။အမိမြန်မာပြည်မှာတော့ အဲ့လိုအပြစ်တင်ခံရသူတွေ ဒုနဲ့ဒေးရှိနေကြလိမ့်မည်ဟု ကျမရဲရဲကြီးယုံကြည်ပါသည်)

အချုပ်ဆိုရလျင် အချစ်ဆိုတာ ချစ်တတ်ဖို့သာလိုပါသည်။


Monday, December 22, 2008

အထီးကျန်ခြင်းများနဲ့ သုံးရက်တာ......


အထီးကျန်ခြင်းဆိုတာ
ထိမရ၊တွေ့မရတဲ့ စိတ္တဇနာမ်...။

အထီးကျန်ခြင်းဆိုတာ
အဆုံးသတ်အတွေးကို တွေးမရတဲ့မိစ္ဆာ

အထီးကျန်ခြင်းဆိုတာ
သီချင်းတွေကို ခြောက်သွေ့စေတဲ့ စိတ်ရဲ့တစ္ဆေ

အထီးကျန်ခြင်းဆိုတာ....
ကြောက်ရွံ့ခြင်းများနဲ့ မလင်းတဲ့ ညတွေ

အထီးကျန်ခြင်းဆိုတာ....
အိပ်ရေးပျက်ညတွေကို အဖော်လုပ်ပြီးကုန်ဆုံးရတဲ့ အမှောင်ကမ္ဘာ

ငါ..
အဲ့ဒိ အထီးကျန်ခြင်းကို သိပ်...မုန်း...တယ်...။

Saturday, December 20, 2008

ကျမဆန္ဒများ

လေတဖြူးဖြူးတိုက်နေတဲ့ လမ်းဆုံလမ်းခွမီးပွိုင့်နားက အုတ်ခုံပုလေးတွေပေါ်မှာ ကျမသွားထိုင်ကြည့်ချင်တယ်။ပြီးတော့ဘေးနားကမြက်ပင်ငုတ်စိလေးတွေကို တို့ထိကြည့်ချင်တယ်။


မာကျူရီမီးလုံးတွေနဲ့ လင်းနေတဲ့ ဂုံးတံတားကြီးပေါ်မှာ တစ်ယောက်ထဲ အေးအေးလူလူလမ်းလျှောက်ကြည့်ချင်တယ်။

ကျမထက် သုံးလေးငါးဆမြင့်တဲ့ Billboard ကြီးတွေရဲ့ အောက်မှာမတ်တပ်ရပ်ပြီး တမေ့တမော့ငေးကြည့်ချင်တယ်။

ညဘက်၊လသာသာနဲ့ ကတ္တရာလမ်းမပေါ်မှာ တစ်ယောက်ထဲ အတွေးတွေကို တစ်စချင်းသီပစ်လိုက်ချင်တယ်။

သီချင်းတအေးအေးနဲ့ လက်ဘက်ရည်ဆိုင်မှာ ဆေးလိပ်တစ်လိပ်နဲ့ တစ်ယောက်ထဲထိုင်ပြီး လမ်းမပေါ်ကအမောတွေ၊အပျော်တွေ၊အဇျတ္တတွေကို ငေးကြည့်နေချင်တယ်။ပြီးတော့ အဲ့ဒါတွေကိုကျမစာရေးကြည့်ချင်တယ်။

ကျမ အရက်ဆိုင်ထဲမှာ အရက်သောက်ရင်း စကားတွေဖောင်ဖောင်၊ဖောင်ဖောင်နဲ့ ပြောကြည့်ဖူးချင်တယ်။နောက်ပြီးတော့ မခိုင်တခိုင်၊ယိုင်တိုင်တိုင်ခြေလှမ်းတွေနဲ့ ရပ်ကွက်ထဲကို ပြန်လာကြည့်ချင်တယ်။

ကျမ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေကို တစ်ယောက်ထဲသွားကြည့်ချင်တယ်။စိတ်အေးလက်အေး ဓာတ်ပုံတွေတစ်လှေကြီးရိုက်ပစ်လိုက်ချင်တယ်။

ကျမ မရေရာတဲ့ခြေလှမ်းတွေကို တွန့်ခေါက်သိမ်းလိုက်ပြီး အမေနဲ့အတူပြန်နေချင်တယ်။အမေချက်ကျွေးတဲ့ ငါးဟင်းမျိုးစုံကို စားပစ်လိုက်ချင်တယ်။ည ည အမေ့ဘုရားရှိခိုးသံနဲ့အတူ အိပ်ယာဝင်ချင်တယ်။


Friday, December 19, 2008

ဒီလိုတွေးမိတယ်.....

ဒီရက်ထဲ ဘာစာမှမရေးဖြစ်ပါ။စိတ်ပါဝင်စားမှုလဲ အားမကောင်းသလို၊တခြားသော ပတ်ဝန်းကျင်အခြေအနေကလဲ အဆင်မပြေလှပါ။ဒီကြားထဲ တစ်ချက်၊တစ်ချက်ကြားရတဲ့ ပဋိပက္ခလေးတွေကလဲ စိတ်ထဲမယ် ကသိကအောက်ဖြစ်ရသည်။စင်ပေါ်ကလူတွေကတော့ ဘယ်သို့ခံစားလေမယ်မသိ၊သို့သော် ခုမှ ဒီပတ်ဝန်းကျင်သို့ရောက်တာ လသားအရွယ်ပဲရှိသေးတဲ့ ကျမအတွက်တော့ ဒါကထိတ်လန့်စရာတစ်ခုပဲ။တစ်ယောက်ထဲ ကိုယ့်ဘာသာကိုယ် တွေး၊ထင်၊ကောက်ချက်ဆွဲပီး ဒီသံသရာထဲဝဲနေမိတယ်ဆိုပါတော့လေ။

နောက်ထပ်တစ်ခုရှိပါသေးသည်။ဒါကတော့ ကျမရဲ့ရှေ့ဆက်မယ့် လမ်းကိုစဉ်းစားနေခြင်းပါပဲ။
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်လိုသာပ။ဝါသနာထက် ကိုယ်(အို)၀မ်းရေးခက်ပီ၊ဒီသီချင်းဟာ ငါ့ရဲ့နောက်ဆုံး သီချင်းဖြစ်ရင် ဖြစ်မယ်...။
ဆိုသလိုပေါ့။ကျမလဲ ၀မ်းရေးအတွက် အထုပ်လေးတွေထုပ်ချေမှ ဖြစ်တော့မယ်လို့တွေးမိပါသည်။ဒါကြောင့် အထုပ်ကလေးတွေထုပ်နေတုန်းမှာ ကျမရဲ့ ရေးချင်သလိုရေးထားသော စာများလဲကျဲနေပါမယ်။အစ်ကို၊အစ်မ၊မောင်နှမများဆီလဲ အလည်ရောက်ဖို့ နှေးနေပါဦးမယ်...။ဒါပေမယ့် အားလုံးကို အားမနာတမ်းဆိုးရ၊ပြောရရင်ဖြင့် ကျမဆီကိုတော့ မကြာမကြာလာလည်မယ်လို့ မျှော်လင့်နေကြောင်းပါ။

Wednesday, December 17, 2008

သတင်းကောင်းပါးအပ်ပါသည်...။

6 နာရီလာ၊၆ နာရီပြတ်ဆိုတာက ဒီဇင်ဘာ ၆ ကနေ၊လကုန်ထိပဲ ဆိုပဲ။ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာလေ၊
ဒါဆို ဒီဇင်ဘာ နောက်ပိုင်းကတော့ ဘယ်လိုတွေဆက်ဖြစ်မယ်မသိ....:P
လေတယ်ကွယ်...။မီးမလာ...မီးမလာ...မီးမလာ...မီးမလာ....မီးမလာာာာာာာာာာာာာာာ.....။
ပြောင်းပြန်ပြန်ဆိုကြည့်မိသွားဦးမယ်နော..တော်ကြာ အဘတို့ကိုဆဲသလိုဖြစ်သွားရင်..မကောင်းဘူးမှုတ်လား။။။။။


အားလုံးကိုခင်မင်လျက်
မှန်

Tuesday, December 16, 2008

သူမမွေးနေ့

ကျမနဲ့ သူနဲ့ သာမာန်ရိုးကျဆန်စွာပဲ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။
သာမာန်ရိုးကျလို့ ကျမပြောရသည်မှာ သာမာန်လူတွေလိုပဲ သူလိုငါလို တက္ကသိုလ်တက်၊တိုက်ခန်းငှားနေ..၊အိမ်ကိုလွမ်း အဲ့လိုဘ၀ကို ပျော်ပျော်ကြီးပုံမှန်လေးနဲ့ ကျမဖြတ်သန်းနေခဲ့တဲ့ အချိန်မှာ တခြားသူတွေနဲ့ ဆုံတွေ့သလိုပဲ သူနဲ့ကျမတွေ့ခဲ့ကြပါသည်။အဲ့ဒိအချိန်သည် လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကဖြစ်ပါသည်။သို့သော် သူနဲ့ကျမသည် ဘယ်အချိန်မှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာ သေချာမသိသေးပေမယ့် တခြားသော သာမာန်ရိုးကျသူငယ်ချင်းတွေထက်စာရင်တော့ ခုထိအတူတူရှိနေတာကိုကပဲ ကျမကံကောင်းတယ်လို့ပဲ ကျမယုံပါသည်။

ကျမတို့သည် သူများသူငယ်ချင်းတွေလို အ၀တ်ဆင်တူဝတ်၊ဖိနပ်ဆင်တူစီး၊ဆွဲခြင်းတောင်ဆင်တူကိုင်ပြီး ကိုယ်တွေရဲ့ခင်မင်မှုကို ပြသခဲ့ကြသူများလဲမဟုတ်ပါ။
သို့သော် ကျမတို့တစ်ယောက်ကိုတစ်ယောက် ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ သိပ်ချစ်ခင်ခဲ့ကြပါသည်။

သူရော ကျမရော မွေးချင်းငါးယောက်ထဲမှာမှ အငယ်ဆုံးတွေဖြစ်ကြသည်။သူရော၊ကျမရော ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ဆန္ဒပြင်းပြခဲ့ကြသူများဖြစ်သည်။


ကုန်ခဲ့တဲ့ ၅ နှစ်တုန်းထဲက ကျမတို့မှာ တူညီသောခံစားချက်များရှိခဲ့သည်ဟု ထင်ပါသည်။ကျမတို့ရဲ့ တူညီသောခံစားချက်ဆိုသည်မှာ လူတွေထင်ထားကြသလို အငယ်ဆုံးဆိုတိုင်း အလိုလိုက်၊အကြိုက်ဆောင်နေခဲ့ရသည်မှာ ၁၀၀ ရာခိုင်နှုန်းမမှန်ပါဘူးဆိုတဲ့ ကလေးအတွေးလေးတစ်ခုမျှသာဖြစ်သည်။

နောက်ထပ်ကျမတို့ကို နှလုံးသွေးချင်းနီးစေသော အချက်ပေါင်းများစွာ ရှိပါသေးသည်။အဲ့ဒိအများကြီးထဲမှာ ၄ နှစ်တက်ရမယ့်ကျောင်းကို တစ်နှစ်ကျော်လာထဲက စိတ်ဝင်စားမှုလျော့နည်းလာတာ၊
ရှေ့ဆက်ရမယ့် ဘ၀ခရီးအတွက် ကျောင်းမပြီးခင် သုံးနှစ်လောက်လိုကထဲက တွေးမိပီးရင်မောလာတာ၊အဲ့ဒိအချက်တွေက ကျမတို့အတွက် နီးစပ်မှုတွေပိုပြီး အားကောင်းစေခဲ့သည်ဟုထင်ပါသည်။

သူသည် တောကတက်လာတဲ့မအူမလည်ကျမကို လူလောကကြီးနှင့် ဆက်သွယ်ပေးခဲ့သူဖြစ်ပါသည်။အထူးသဖြင့် မြို့ပြလို့ဆိုသော်ငြား အင်မတန်မှ သားရဲတိရိ စ္တာန်တွေပေါလှစွာသော ဟောဒီရန်ကုန်မြို့ကြီးမှာ နေတတ်ထိုင်တတ်ရှိလာအောင်၊လူတောတိုးပီး သွားရဲလာရဲရှိလာအောင် ရှေ့ကနေမားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပေး၊လမ်းပြပေးခဲ့သူဖြစ်သည်။
လူတွေက နင်ထင်သလောက် မရိုးသားဘူးဟုလဲ ခုချိန်ထိပြောနေဆဲဖြစ်သည်။

သူနှင့်ကျမသည် အသက် 17 နှစ်အရွယ်လောက်ကထဲက လက်ဘက်ရည်ဆိုင်ထိုင်တာကို မက်မောတွယ်တာခဲ့ကြသူများဖြစ်ပါသည်...။လမ်းတကာလှည့်ပြီး ရန်ကုန်မြို့မှာ ရှိသမျှလက်ဘက်ရည်ဆိုင်အားလုံးနီးပါးကို ထိုင်ခဲ့ကြသူများဖြစ်ပါသည်။ဘယ်သူတွေဘယ်လိုမေးငေါ့ပါစေ နေချင်သလိုနေခဲ့ကြသူများလဲဖြစ်သည်။ကိုယ်လုပ်ချင်ရာကို ကိုယ်ရဲရဲရင့်ရင့် လုပ်တတ်အောင် သူကကျမကိုမြှောက်ပင့်ပေးခဲ့သူဖြစ်သည်။ကျမကလဲ အပြန်အလှန်မြှောက်ပင့်ပေးခဲ့ဖူးပါသည်။ခုထိလဲ မြှောက်ပင့်ပေးနေတုန်းပင် ဖြစ်သည်။ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲတဲ့သတ္တိတွေကို အချင်းချင်းကြားမှာ အပြန်အလှန်မွေးမြူပေးခဲ့ဖြစ်ကြပါသည်။

ဒါတင်မကသေးပါ။သူသည် ကျမကို စာပေအမျိုးအစားအစုံနှင့်ကဗျာတွေကိုပါ ဖတ်တတ်လာအောင်၊အဲ့ဒီစာဖတ်တတ်၊စာချစ်တတ်တဲ့ နှလုံးသွေးတွေနဲ့ နွေးနေအောင်..တနည်းပြောရရင် ကျမတစ်ဘ၀လုံးစာ စာပေကရလာတဲ့ အားအင်တွေ၊သတ္တိတွေနဲ့ နွေးထွေးနေအောင် စတင်မီးပျိုးပေးခဲ့သူလည်းဖြစ်ပါသည်။
သို့သော် သူနဲ့ကျမသည် ဂျူးဝတ္ထုတွေကိုဖတ်ပြီးတိုင်း ဖတ်ဖတ်မောသည်အထိ ငြင်းရခုန်ရတာလဲ ခုချိန်ထိလွန်ခဲ့တဲ့ ၅ နှစ်ကအတိုင်းပင်ဖြစ်ပါသည်။

သူသည် ကျမနှလုံးသားကို သီချင်းတွေနဲ့ နူးညံ့ပျော့ပျောင်းလာအောင်ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပြန်ပါသည်။မှတ်မှတ်ရရ ကျမမှာရှိသမျှ အခွေတွေအားလုံးလိုလိုသည် သူ့လက်ဆောင်တွေချည်းပဲဖြစ်သည်။
၂၀၀၃ ခုနှစ် နိုဝင်ဘာလတုန်းက ၀ိုင်ဝိုင်းရဲ့ အချစ်ငှက်သီချင်းခွေထွက်ပါသည်။နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကျမအိမ်မှာ အဲ့ဒိအခွေနဲ့အတူ ခရီးသွားငါးယောက်ရဲ့ဒုတိယခွေရောက်နေခဲ့သည်။
သူလာပေးသွားခြင်းဖြစ်ပါသည်။
" 4D ရေ နင်နယ်ပြန်တုန်း ပျင်းရင်နားထောင်ဖို့ အခွေတွေလာပေးထားလိုက်တယ်၊ကျေးဇူးနော် :) " ဆိုပြီးရေးထားတဲ့စာရွက်လေးတစ်ရွက်လဲ ပါပါသေးသည်။
အဲ့ဒိတုန်းက ခံစားရတဲ့ ကြည်နူးမှုမျိုး ကျမနှစ်ခါပြန်ခံစားနိုင်ခွင့်ရှိတော့မှာမဟုတ်ပါ။
သို့သော် သူနဲ့ကျမသည် သ်ီချင်း၊အဆိုတော်ကြိုက်ရာမှာလဲ ဘယ်သောအခါမျှ အကြိုက်ချင်းမတူညီကြပြန်ပါ။
ကိုတိုးကြီးကို သူကမကြိုက်၊ထူးအိမ်သင်ကို တစ်ခွေလုံးအစအဆုံးနားထောင်လို့မရဘူးဟု သူကခဏခဏပြောတတ်သလို ကျမကအသွေးအသားထဲကနှစ်သက်သူဖြစ်ပါသည်။
နှုတ်ခမ်းမွေးစစနဲ့ အဲလက်စ်ကို သူကခရေဇီဖြစ်သလောက် ကျမကတော့ပေါ့လျှပ်သည်ဟုဆိုကာ လက်မခံတတ်သူဖြစ်သည်။ခုခေတ်ထွက်နေတဲ့ ဟစ်ဟော့(ပ်)တစ်ချို့ကို သူကလက်ခံပြီး ကျမကတော့ ကြားရရုံနှင့်ကို အော်ဂလီဆန်လာတတ်သူဖြစ်သည်။

စည်းကမ်းတကျနေချင်တဲ့ ကျမနဲ့ ဖြစ်သလိုနေတတ်သောသူ နေ့တိုင်းနီးပါးလဲ ရန်ဖြစ်ကြပါသည်။ကျမက စိတ်ဆိုးဒေါသထွက်လွယ်သလောက် သူကတော့ အင်မတန်မှ အေးဆေးတည်ငြိမ်လွန်းသူဖြစ်သည်။

သူသည် ကျမကို ယခုဒီစာရေးနေသော ဘလောဂ့်ဆိုတာကြီးနဲ့လဲ မိတ်ဆက်ပေးခဲ့သူဖြစ်ပါသည်။သို့သော် သူသည်စာဖတ်သူသက်သက်မျှသာဖြစ်ပါသည်။
ကိုလူသစ်ဘလောဂ့်က စာများအားလုံးကိုတစ်လုံးမကျန် အရည်ကြိုသောက်ထားသူလဲဖြစ်ပါသည်။ကိုအောင်သာငယ့် ကဗျာတွေကို ရူးသွပ်ပြီး ကိုကောင်းကင်ကို ကဗျာတွေကို ခွင့်ပြူချက်နဲ့ စုထားချင်သည်ဟုလဲ ခဏခဏပြောပါသည်။ကျမဘလောဂ့်ကိုတော့ တစ်ပတ်နေလို့မှ တစ်ခါတောင်လာလည်တဲ့သူတော့ မဟုတ်ပါ။
နောက်ပီး ကျမရေးထားခဲ့သမျှ စာတွေထဲမှာ တောင်ကြီးသွားတဲ့ဓာတ်ပုံတွေပါတဲ့ပိုစ့်က လွဲရင်ဘာကိုမှ အားမရဘူးလို့လဲ အားပေးတတ်ပါသည် :(

သူသည် ကျမကိုစာရေးဖို့ လွန်ခဲ့သော ၅ နှစ်ကျော်ထဲကအတိုင်းခုလဲ အားပေးနေဆဲပါပဲ။သူရဲ့ အထောက်အပံ့သော်မှ မရရှိခဲ့ပါလျှင် ကျမရဲ့ ယခုလိုဘလောဂ့်ပေါ်မှာ စာရေးခြင်းဆိုတဲ့ကိစ္စတစ်ခုလဲဖြစ်လာခဲ့မှာ မဟုတ်လို့ ကျမရဲရဲကြီးယုံပါသည်။

ဧရာဝတီတိုင်းမှာနေပြီး ဇာတိမြို့နဲ့ ပုသိမ်ကလွဲလို့ တခြားဘယ်မှမရောက်ဖူးသော ကျမကို မွေးနေ့လက်ဆောင်အဖြစ် ချောင်းသာခရီးကို ကျမဘ၀မှာပထမဆုံးခရီးအဖြစ် သူမကစီစဉ်ပေးခဲ့ပါသည်။
(အဲ့ဒိတုန်းက ကျမအသက် ၁၉ နှစ်ပြည့်လက်ဆောင်ဖြစ်ပါသည်။)
ခု သူ့ ၂၄ နှစ်ပြည့်မွေးနေ့မှာ ကျမက ဒီစာကိုရေးပီး အလွမ်းဖြေနေမိပါသည်။သူ့အတွက် မွေးနေ့လက်ဆောင်ဟု ကျမဘာသာကျမယူဆပါသည်။

Saturday, December 13, 2008

နတ်မောက်မြို့က သူငယ်ချင်းအိမ်

နတ်မောက်မှာတုန်းကရုံးကသူငယ်ချင်းကသူ့အိမ်ကိုအလည်လိုက်ဖို့ခေါ်တာအခေါက်ခေါက်အခါခါ၊
လိုက်ချင်စိတ်လဲမရှိဘူး၊လိုက်သွားပြီးတော့မှလူတွေရဲ့အပေါ်ယံအပြုံးတွေကိုလဲပြန်ပြုံးပြချင်စိတ်မရှိဘူး
ဆိုပီးတစ်နှစ်နီးပါးနေခဲ့တာမှာတစ်ခေါက်ပဲရောက်ဖြစ်ခဲ့တယ်...။

ဒါလဲကျမရန်ကုန်ကို ပြန်ခါနီးဖြစ်နေတော့ မကောင်းတတ်ပါဘူးလေဆိုပီးလိုက်သွားခဲ့တာပါ...။
သူတို့အိမ်လေးက နတ်မောက်မြို့ရဲ့အောက်ချိုင်းလို့သူတို့အခေါ် ခပ်နိမ့်နိမ့်အပိုင်းမှာရှိပါတယ်။
မြို့ရဲ့အစွန်လို့ပြောလို့ရတယ်...။လမ်းမတန်းနဲ့မနီးဘူး၊တော်တော်လေးအထဲကို ၀င်ရတယ်..။
သူတို့အိမ်လေးကိုလိုက်သွားနေရင်းကမှ ကျမဟာ တန်ဖိုးရှိတဲ့အချိန်တွေကို အိုင်ပေါ့ဒ်တစ်လုံးနဲ့၊ဒါမှမဟုတ် ဂျာနယ်တစ်စောင်နဲ့၊အလုပ်ရဲ့ မရိုးနိုင်သောအရှုပ်ထုပ်ဇာတ်လမ်းတွေနဲ့ကြားမှာ
ကုန်ဆုံးဖြုန်းတီးပစ်ခဲ့မိတာပါလားလို့ နောင်တအတွေးတွေဝင်မိတယ်...။ရောက်ခဲ့တဲ့ တစ်ခေါက်ကလဲ ကျမနတ်မောက်မြို့ကိုဘယ်တော့မှမမေ့နိုင်တော့လောက်အောင် ခံစားမှုတွေ တစ်ထွေးကြီးပိုက်ပြီး
ပြန်လာခဲ့ရတဲ့တစ်ခေါက်ပါ..။

သာယာလိုက်တာ....သွားရာလမ်းတစ်လျှောက်ရော...သူတို့အိမ်လေးကရော...(ကြားဖြတ်ပြီး တစ်ခုငိုပြချင်ပါသေးတယ်..။အဲ့ဒိအိမ်ကို သွားရာလမ်းတစ်လျှောက်လုံးမှာ တွေ့ရမြင်ရသမျှရိုက်ခဲ့တဲ့
ဓာတ်ပုံတွေကို ကျမရဲ့သူငယ်ချင်းရဲ့ကွန်ပြူတာမှာသိမ်းထားရင်းက အဲ့ကွန်ပြူတာက၀င်းဒိုးကျတယ်ထင်ပါ့..
ဘာမှရှာမရတော့ပါဘူး....သိပ်ကိုနှမြောစရာကောင်းပါတယ်...ကောင်းသော်ရှိ၊မကောင်းသော်ရှိ
ကိုယ်ရိုက်ထားတဲ့ပုံလေးတွေဆိုတော့လဲ ခင်တွယ်တာပေါ့လေ...။ပြန်ကြိုးစားကြည့်လို့ အဆင်ပြေရင်တော့ အဲ့ဒိဓာတ်ပုံတွေတင်ပါဦးမယ်....။)

ထားပါတော့လေ...။လိုရင်းကမရောက်ဘူးဖြစ်နေတယ်...။
သိပ်ကိုအေးချမ်းတဲ့အိမ်လေးကို ကျမရောက်ခဲ့ဖူးပါတယ်...။အိမ်တစ်ခုလုံးကို သစ်နဲ့ဝါးနဲ့ချည်းပဲ ဆောက်ထားပါတယ်..။တိုင်တွေကသစ်နဲ့..အကာမှန်သမျှ ၀ါးထရံတွေနဲ့ ကာရံထားတယ်...။
အိမ်ရဲ့အနံ့ကလဲ ၀ါးနံ့နဲ့ ခြံထဲက မြေသင်းနံ့လေးတွေက ရောပြီး သင်းနေတာပဲ။
အဆောင်အယောင်ရယ်လို့ ဘာမှမရှိ၊စီးပွားရေးလုပ်ငန်းက ပန်းစိုက်ပျိုးရေး၊အဓိကထားစိုက်တာက စံပယ်ပန်း....။စံပယ်တွေကို ညနေစောင်းလောက်ကထဲက ခူးပြီးသီရတယ်။ညရောက်တာနဲ့ အိမ်တွေကို လိုက်ပို့၊ဆိုင်တွေကို လိုက်ပို့နဲ့ သူတို့အလုပ်ကလဲ သိပ်ပြီး အားလှတယ်တော့မဟုတ်ဘူး။တစ်နေ့ကို စံပယ်ပန်းရောင်းရငွေက ၄၀၀၀ ကျပ်အနည်းဆုံးရတယ်လို့ ပြောပြတယ်..။
ဆိုတော့ တွေးကြည့်ပေါ့..။တစ်ကုံးကိုမှ ၂၀ ပဲရတဲ့စံပယ်ကို ၄၀၀၀ ဖိုးလောက်ရတဲ့အထိဆိုတော့ ဘယ်လောက်များ စံပယ်တွေနဲ့ သင်းထုံနေလိမ့်မလဲ...။အဲ့ဒိ စံပယ်တွေဝေနေတဲ့ ခြံထဲမှာ ကျမ သုံးနာရီလောက်ကြာအောင် နေခဲ့တယ်..။ဆောင်းအေးအေးမှာ ဓာတ်ပုံတွေလဲ တစ်ဝကြီး ရိုက်ဖြစ်တယ်..။အဲ့ဒိထဲကမှ ဘယ်တော့မှမမေ့တဲ့ပုံတစ်ပုံကို ပြန်တင်လိုက်ပါတယ်...။




သူငယ်ချင်းရဲ့ အစ်ကိုအကြီး၊ဂီတာတီးအရမ်းကျွမ်းတဲ့အစ်ကိုကြီးဆွဲထားတဲ့ ပန်းချီပါ။ဒီပုံမျိုးဓာတ်ပုံတွေလဲ တွေ့ဖူးပါတယ်...။ဒါပေမယ့် ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ပဲထင်ပါတယ်...။
ကျမစိတ်အာရုံမှာဒီပန်းချီရယ်၊ဒီအိမ်လေးရယ်..၊သူတို့မြို့လေးရယ်ကို ခွဲမရပဲ တွဲပြီးပဲ မြင်နေမိပါတယ်...။ဒီပန်းချီက သူတို့အိမ်ရဲ့ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့ပန်းချီကားပါ...။
ဓာတ်ပုံဆိုတော့ မူရင်းပန်းချီလောက်တော့အသက်မ၀င်ဘူးထင်ပါတယ်...။

ရေးနေရင်းက ကျမလွမ်းနေမိတယ်...အဲ့ဒိမြို့လေးကို...သူတို့မြို့ရဲ့ ပြယုဒ်လေးတွေကိုလဲ ပြန်သတိရနေမိတယ်..။

ရေဒီယိုကို မီဒီယာတစ်ခုလိုသဘောပိုက် တန်ဖိုးထားပြီး ဖွင့်တဲ့မြို့၊ရေဒီယိုကို အိမ်တိုင်းလိုလိုဖွင့်တဲ့မြို့၊ဗိုလ်ချုပ်အကြောင်းကိုဆို မနားတမ်းပြောပြချင်တဲ့သူတွေရှိတဲ့မြို့၊ရိုးသားမှုတွေ အစင်းသားတွေ့နိုင်တဲ့မြို့...........။
ကျမအဲ့ဒိမြို့လေးကို၊အဲ့ဒိမြို့မှာ ကြုံခဲ့ရတဲ့ဆောင်းကို သိပ်သတိရနေမိတယ်..။

Wednesday, December 10, 2008

ဇာတိမြေမှ လူနှစ်ယောက်

ဘလောဂ့်ကို ကိုယ်ပြင်ချင်တာတွေ စိတ်ထင်တိုင်းလျှောက်ပြင်ပြီးတော့ စိတ်တိုင်းလဲသိပ်မကျတာနဲ့ ပိုစ့်တစ်ခုလောက်တော့ တင်ဦးမယ်လို့စိတ်ကူးရပါတယ်။
ကော်နက်ရှင်ကလဲ မဆိုသလောက်လေးကောင်းနေတာဆိုတော့ စိတ်ကလေးလဲ ကြည်နေတာနဲ့ အချစ်အကြောင်းရေးထားတဲ့ ကဗျာလေးတစ်ပုဒ်တင်မယ်လို့ စိတ်ကူးရတယ်..။

ဒါပေမယ့် အနှောက်အယှက်က ၀င်တာပါတယ်။ပြဿနာဆိုတာ တောင်ကြီးသွားတုန်းက ကားပေါ်မှာကြည့်ခဲ့တဲ့ ဗွီဒီယိုကားထဲမှာ ရန်အောင်ပြောသလိုဖြစ်နေလားမသိပါဘူး၊ပြဿနာဆိုတာ မီးပွိုင့်ကလွှတ်တဲ့ကားလိုပဲ ဘယ်တော့မှ တစ်ခုထဲမလာဘူး၊အပြုံလိုက်လာတယ်တဲ့။ခုလဲပြဿနာတော့မဟုတ်ပေမယ့် အဲ့လိုမျိုးဖြစ်တယ်ထင်ပါ့။ကျမက ပိုစ့်တင်းဆိုတာကို ကလစ်ရုံပဲရှိသေးတယ်။ကျမဘေးနားကွန်ပြူတာကိုသုံးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့စကားသံကနားမခံသာလောက်အောင်ထိကို ဆူညံပြီးတော့ကို ၀င်လာတော့တာပါ။

အသံကျယ်တာကိုပြောတာ မဟုတ်ဘူးနော်။ကျမကိုယ်တိုင် နားလေးပြီး စကားကိုဆို အာကျယ် အာကျယ်နဲ့စကားပြောတတ်လို့လား မသိဘူး။အသံကျယ်တာကိုဘယ်တုန်းကမှ နားမညည်းခဲ့ပါဘူး။ဒါပေသိ သူ့အသံကတော့ အတော်လေးကို စိတ်ကသိကအောက်ဖြစ်ရတာပါ။

အပြင်ရောက်နေတဲ့ သူ့ရည်းစားကောင်လေးနဲ့ ချစ်သူတို့ဘာသာဘာဝ ချစ်တင်းနှောတဲံ့ စကားပြောနေကြတာထင်ပါတယ်။အဲ့ဒိတော့ စဉ်းစားသာကြည့်ကြပါတော့။တိုးတိုးတိတ်တိတ် ရင်ခုန်ပြီးပြောရမယ့်စကားကို မယ်မင်းကြီးမကတော့ ပေ 60၊ပေ 100လောက်ရှိတဲ့ အခန်းတစ်ခန်းလုံးရှိသမျှလူတွေအကုန်လုံးကြားတဲ့အထိကို အော်ပြောနေတော့တာ။

သူရှက်မရှက်တော့ မသိပါဘူး၊ဘေးနားက ကျမကမျက်နှာတွေပူလာလိုက်တာ။မြန်မာအမျိုးသမီးတွေ၊မြန်မာ့ယဉ်ကျေးမှုတွေ ခဏထားလိုက်ပါဦး၊ကိုယ့်ဖြစ်ကြောင်းကုန်စင်ကို ကိုယ့်ပါးစပ်ကနေ အရသာရှိရှိနဲ့ ပြန်ပြောနေတာကို ကျမပါးစပ်ဟောင်းသားနဲ့အမှတ်တမဲ့ ငေးကြည့်မိတဲ့အထိတောင်ဖြစ်ရပါတယ်။
ထူးဆန်းရုံတင်မဟုတ်ပါဘူး။မြန်မာပြည်က လူငယ်တွေရဲ့ တော်တော်များများရာခိုင်နှုန်းဟာ အင်တာနက်ကို ဘယ်လိုသဘောထားနေလဲ ဆိုတာတွေအထိပါတွေးမိပြီးတော်တော်လေးလဲ စိတ်မကောင်းဖြစ်မိပါတယ်။

ခါတိုင်းလဲ ခုလိုပဲ အင်တာနက်ဆိုင်တွေမှာ ကိုယ့်ဘေးနားကလူတွေစကားပြောနေကြတာတွေ ကျမကြုံဖူးပါတယ်။နေ့တိုင်းနီးပါး ကြုံနေရတာဆိုတော့လဲ ဒါကိုအဆန်းလုပ်မနေနိုင်တော့ပါဘူး။နေတတ်အောင်သာ နေရတော့တာပါပဲ။
ဒီခေတ်ဒီအခါကြီးက ဒီလိုတွေဖြစ်လာနေမှတော့ ကိုယ်ကလိုက်ပီးမစီးမျောနိုင်ရင် ကိုယ်ကဘေးရောက်တတ်သလိုဖြစ်နေတယ်လေ။

ဒိထက်ပိုပြီး စိတ်ဆင်းရဲစရာကောင်းတာတစ်ခုက ၊စိတ်ဆင်းရဲစရာဆိုတာထက် ဒီခံစားမှုအပြီးမှာတော့ ကျမအာရုံထဲဝင်လာတဲ့ အတွေးတစ်စပါလေ။ဘာလဲဆိုတော့ ငါဟာင့ါမြို့ကို လေးနက်စွာ သံယောဇဉ်ကြီးနေမိပါလားဆိုတဲ့အတွေးပါ။

သံယောဇဉ်တွေမထားချင်လွန်းလို့ ဖြစ်နိုင်ရင် တစ်ယောက်ထဲမဟုတ်ဘူး၊တစ်ခြမ်းထဲပဲနေချင်တယ်လို့အထိကြွေးကြော်ထားခဲ့ဖူးတာလဲ ကျမပါပဲ။ရန်ကုန်မှာပဲ ဘယ်လောက်စိတ်ညစ်ညစ်ပေကပ်သပ်နေတတ်ပြီး အိမ်ကဖုန်းဆက်ပြီး ခေါ်လွန်းမကခေါ်မှ တစ်ခေါက်ကိုတောင်အနိုင်နိုင်ပြန်တတ်တဲ့ ကျမစိတ်ထဲမှာ ဘယ်အချိန်ထဲကအဲ့ဒိသံယောဇဉ်ကြီး ရောက်နေခဲ့သလဲ ကျမမခန့်မှန်းတတ်ပါဘူး။ဒီခံစားမှုကိုအရင်တစ်ခါတုန်းကလဲ ခံစာဖူးပြီးပါပြီ။

အဲ့ဒိတုန်းက မြန်မာနိုင်ငံရဲ့ နာမည်ကြီး Company တစ်ခုရဲ့ ပိုင်ရှင်တစ်ဦးက လုပ်ချင်ရာလုပ်နေတာတွေ၊နောက်ပြီးသူ့ဇာတိက ဘယ်က၊ဘယ်လို...စတာတွေကြားရတော့အံမယ်လေးလေးလေး ရင်နာလို့မဆုံးပါဘူး။
ကိုယ့်ကိုယ်ကိုဘယ်လိုဖြေရမယ်မှန်းလဲမသိပါဘူး။ငါ့မြို့ကလူကလေ.....ဒီလိုကြီးပါလား ဆိုတဲ့အတွေးနဲ့တင် တစ်ယောက်ထဲ ကြိတ်ရှက်နေရခဲ့ဖူးသေးတယ်။

ခုဒုတိယတစ်ခါဆိုတော့ ပိုသေချာသွားပါတယ်။အဲ့ဒိမိန်းကလေးကလဲ ကျမဇာတိမြို့ကပါ။သူ့ကိုလှည့်မကြည့်ပဲနေရင်းက သူ့ရှေ့ကမှန်ထဲမှာ(ကျမကိုလဲသူအဲ့လိုမြင်နိုင်တယ်)ကျမသူ့ကိုတွေ့လိုက်ရတယ်။ဘုရား၊ဘုရား.ကျမလေစောစောကဖြစ်နေတဲ့
အရှက်ထက်ပိုခံစားရပါတယ်။ကိုယ်ကလဲ တမ်းပလိတ်ကိုကလိချင်တိုင်း ကလိထားတာဆိုတော့ လတ်စကလဲသတ်မရသေးတော့ သူ့အသံကိုတော်တော်လေးသည်းခံပြီးတော့ကို နားဒုက္ခကိုခံစားလိုက်ရပါတယ်။ဒါနဲ့ အဲ့ဒိကောင်မလေးပြီးခါနီးတော့ ကျမကြိတ်ပြီးဆုတောင်နေမိသေးတယ်။ဘုရားသိကြားမလို့ ငါ့ လာနှုတ်မဆက်ပါစေနဲ့လို့လေ။

သူတကာတွေလို ငါတို့မြို့က ဘယ်သူက၊ဘယ်သို့ဘယ်ပုံ ပြောစရာလူရယ်လို့ ကျမတို့မြို့မှာ မရှိပါဘူး။

နှိုင်းယှဉ်စရာမဟုတ်သော်ငြား..........
နတ်မောက်မှာအလုပ်သွားလုပ်တုန်းကဆို အဲ့ဒိကသူငယ်ချင်းတွေက သူတို့ကိုသူတို့ ဗိုလ်ချုပ်မြို့ က၊ဗိုလ်ချုပ်မြို့ ကနဲ့ သိပ်ပြီးဂုဏ်ယူပြီးပြောကြတာတွေ၊နောက်ပြီး ပြည်က အစ်ကိုတော်များရဲ့ ခင်ဝမ်းနဲ့ပတ်သက်တဲ့ ယုံကြည်ကြည်နူးရဲရင့်မှုတွေ...
ဆရာကြီး ဘိုကလေးဦးတင့်အောင်၊ဆရာ ဒဂုံတာရာ၊ဒေါက်တာသန်းထွန်း စသဖြင့်ဂုဏ်ယူရတဲ့ ဧရာဝတီတိုင်းကဆရာကြီးတွေ....။
ကျမလဲ အဲ့လိုလေးတွေ ခံစားချင်လိုက်တာ.............။

Monday, December 08, 2008

အမုန်းစာရင်း......

စိုင်းစိုင်းခမ်းလှိုင် သီချင်းခေါင်းစဉ်နဲ့များတူနေမလားမသိဘူး။
ဒါပေမယ့် ကိုဆောင်းယွန်းလကြီးလာအော်ခဲ့တာတွေ့ကထဲက ဒီနာမည်တပ်မည်လို့စိတ်ကူးပေါ်တာနဲ့
တခြားစဉ်းစားမနေတော့ပဲ ဒီလိုလေးပဲ တပ်လိုက်ပါတယ်..........။
ကိုယ့်ကိုယ်ကိုမုန်းတဲ့ အမုန်းစာရင်းကလဲ များတော့များသား၊
အဲ..ဒါပေမယ့် သူတစ်ပါးကိုတော့ မမုန်းတတ်ပါဘူး။မမုန်းတတ်တဲ့အပြင် ခင်တတ်လွန်းလို့တောင်
ကိုယ့်ကိုယ်ကို မုန်းပါသေးတယ်...။
ကဲ အဲ့ဒိတော့ ခင်တတ်လွန်းတာကနေပဲ စလိုက်တော့မယ်။


၁ ) ခင်မိပြီဟေ့ဆို....အမုန်းကို ခင်တာ

ဟုတ်ကဲ့ ကျမကလူတွေကို အရမ်းခင်တတ်ပါတယ်..။
ဒါပေမယ့် တွေ့တဲ့လူ ဖမ်းခင်လိုက်တာမျိုးတော့မဟုတ်ပါဘူး။
ကျမစိတ်ထဲမှာ ခွဲခြားပိုင်းခြားထားပါတယ်......။လူတိုင်းကို မခင်တတ်သလို ခင်မိပြီဆိုရင်လဲ ရဲဘော်လိုပေါင်းချင်တာပါ။ခင်လို့ သွေးရင်းသားရင်းစိတ်၊ရဲဘော်ရဲဘက်စိတ်ပါ တကယ်ပါလာပြီဆိုရင်တော့ ပြောမိ၊ဆိုမိတွေအထိဖြစ်တတ်ပါတယ်...။အဲ့ဒိအခါမျိုးကျတော့ အပြောခံရတဲ့လူက အခန့်မသင့်ရင် ပြဿနာတွေကဖြစ်လာတတ်ပါတယ်...။ဒါကြောင့် ကိုယ့်ကိုယ်ကို မုန်းပါတယ်..။

၂ ) တွေဝေခြင်း

ကျမ Profile မှာကိုပဲ တင်ထားပါတယ်...။
တွေဝေခြင်းတွေနဲ့လုံးထွေးသတ်ပုတ်နေတတ်သူဆိုပြီးတော့လေ...။
တကယ်တွေဝေတာပါ...။ဆုံးဖြတ်ချက်တစ်ခုချဖို့ဟာ အချိန်တွေအကြာကြီးယူတတ်လွန်းပါတယ်...။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူချင်တာကြောင့်လဲ ပါတယ်..ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်ဖြစ်ကိုယ်ခံသဘောထားပြီးတွေဝေလွန်းလှပါတယ်...။မကောင်းမှန်းသိတယ်...။ဒါပေမယ့် အဲ့ဒိတွေဝေစဉ်းစားငေးမောပြီးမှ ရလာတတ်တဲ့အဖြေကိုပဲ သဘောကျနေတတ်တယ်..။
အဲ့ဒါကြီးကိုလဲ မုန်းတယ်...။

၃ ) ဒေါသကြီးလွန်းခြင်း

လူတိုင်းနဲ့တော့ မဟုတ်ပေမယ့် ကျမက ကျမနိုင်လို့ရတဲ့လူတွေနဲ့ဆို အင်မတန်ဒေါသကြီးပါတယ်...။
ဝူးဆို ဒိုင်းကနဲ၊ထစ်ဆို ဗြစ်ခနဲ ဆိုတဲ့လူစားမျိုးထဲကပါ...။
(ကျမအစ်ကိုက အမေ့ကိုခဏ ခဏပြောတဲ့စကားရှိတယ် အမေသမီးမွေးထားလို့တဲ့ သားသာဆို ဂတ်တဲသွားရတာနဲ့ ချောင်းပေါက်မယ်တဲ့ ...)
ဒါပေမယ့် ချက်ချင်းဒေါသကလဲ ပြယ်တတ်ပါသေးတယ်..။ကောက်ရိုးမီးဒေါသလေ..။
အဲ့ခါကျတော့မှ ကိုယ်ဒေါသဖြစ်ခဲ့တာက ရှက်စရာဖြစ်ဖြစ်နေတတ်တယ်...။
အော်မိ၊ဆဲမိ၊ဆိုမိတဲ့သူတွေကိုလဲ အားနာရတယ်..။

၎ ) စိတ်မရှည်တတ်တာ

အပေါ်က ဒေါသကြီးတယ်ဆိုတာကို နံပါတ်တွေများသွားအောင် ခွဲထုတ်လိုက်တာ.....:P
ဒေါသကြီးတယ် ဆိုတာကလဲ စိတ်မရှည်တတ်လို့ပဲ ထင်ပါတယ်...။
" ပြောတဲ့သူပြီးပြီ လုပ်တဲ့သူမပြီးသေးဘူးလား" ...ဆိုတဲ့လူမျိုးပါ..။ကိုယ်တိုင်လဲ စိတ်ကတအားမြန်သလို သူတကာကိုလဲ
စိတ်မရှည်တတ်ပါဘူး။ဒါကိုလဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်လို့ မုန်းတယ်...။

၅ ) ကိုယ်တတ်သလောက်၊ကိုယ်သိသလောက်လေးကို သူများကိုသိစေချင်တာ

ဒီတစ်ခုကတော့ အထူးသဖြင့် ကျမနဲ့လက်ပွန်းတတီးနေနေတဲ့ သူငယ်ချင်းတွေနဲ့ဆို ပိုဖြစ်တတ်ပါတယ်...။
ဒီနေ့ ဘယ်သူဘလောဂ့်ကို ငါသွားဖတ်တော့ သူရေးတာဟာ...ဘယ်လိုကောင်းတာ..၊
သူ့ပန်းချီလေးတွေကဟာ.....ဘယ်လို မိုက်တာ....၊စသဖြင့်....
နောက်ရှိသေးတယ်...ဖတ်ပြီးသမျှ စာအုပ်တွေ၊ဂျာနယ်တွေ ထဲက သူတို့မဖတ်ရသေးတာတွေကိုဆို နားထောင်ချင်သလား၊နားမထောင်ချင်သလား မစဉ်းစားပဲ နင်းကန်ပြောပြတတ်တာ..
ဒါကိုလဲ ဘယ်သူကမှ သတိပေးစရာမလိုပဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်သေးတာ.....မို့
ဒါကိုလဲ စာရင်းသွင်းလိုက်တယ်..။

၆ ) စကားများတာ

ခုရေးနေတာတွေကိုပဲ ကြည့်ပါဦး၊စကားများလား၊မများလား ခန့်မှန်းလို့ရလောက်ပြီထင်ပါရဲ့...။
တခါတလေဆို စကားပြောခြင်းအနုပညာလို့တောင်ကိုယ့်ကိုယ်ကိုမာန်တတ်သေးတယ်..။
ဒါပေသိ....သူများနားညည်းလောက်အောင်ထိပြောတာတော့ မကောင်းဘူးပေါ့..။
ကဲ..ခုပဲကြည့် ပြောရင်းကလည်နေပြီ...မုန်းလိုက်တာ..

ရ ) သိချင်တတ်ချင်စိတ်များတာ
အမှတ်တမဲ့ဆိုရင်တော့ ဒါကောင်းတဲ့အချက်ပဲ...။ဘာမုန်းစရာရှိလဲလို့ ထင်စရာပဲ..။
ဒါပေမယ့် ဒီစိတ်ကြီးနဲ့ အမြဲနေနေရသူဆိုရင်တော့ ဒါမုန်းစရာပါ..။
ဟိုဟာလေးဆိုလဲ ကလိလိုက်ရမှ...ဒီဟာလေးဆိုလဲ...စမ်းကြည့်လိုက်ရမှ...
တချို့ပြင်မရလောက်အောင် ပျက်စီးသွားတတ်တာတွေရှိတယ်
အဲ့ဒိစိတ်က လူကိုအနှိပ်စက်ဆုံးပါပဲ...ဘယ်လိုပြုပြင်ရမယ်မှန်းတောင်မသိပါဘူး...။
ဒါကြောင့် ထည့်တယ်အမုန်းစာရင်းထဲ..ကဲ...

၈ ) ပစ္စည်းကောင်းမက်တာ

မသုံးရရင်နေပါစေ...သုံးမယ်ဆိုရင်တော့ ကောင်းမှသုံးချင်တဲ့ အကျင့်ဆိုးပါ..။
သူငယ်ချင်းတွေက ထောမနာပြုပါတယ်...ဘန်းစကားနဲ့ Miss Branded တဲ့....
ပိုက်ဆံလဲ ကုန်တယ်...စိတ်မထားတတ်တဲ့အခါမျိုးဆို ပင်ပန်းတတ်တယ်...ဒါလဲ စာရင်းထဲထည့်လိုက်တယ်..။

၉ ) အရာရာကို စနစ်တကျ ရှိစေချင်တာ

အပင်ပန်းဆုံး အချက်ပါပဲ...။ကိုယ့်နေရာ၊ကိုယ့်အခန်း၊ကိုယ့်အိမ်၊ကိုယ့်ရွာ...............စသဖြင့်
စည်းနဲ့ကမ်းနဲ့ စနစ်တကျတွေ ဖြစ်စေချင်တာ....၊ဖြစ်စေချင်တော့ လိုက်လုပ်၊လိုက်လုပ်တော့ ပင်ပန်း၊
ဒီကြားထဲ စည်းကမ်းမရှိသူနဲ့ဆို ဒေါသကထွက်ရသေး..။ဒီအတွက်ကြောင့် အဲ့ဒိအကျင့်ကိုလဲ မုန်းတယ်...။

၁၀ ) အားနာတတ်ခြင်း
တစ်ခုခုဆို ကျမပါးစပ်က အရင်ဆုံးထွက်လာတတ်တာ အားနာလို့ဆိုတဲ့ စကားပါ။
အတူနေတဲ့ သူငယ်ချင်းနဲ့ဆို အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတာ တစ်ကျက်ကျက်ပါပဲ၊
အားနာပြီး ပိုက်ဆံချေးလိုက်တာ၊အားနာပြီး ကိုယ်နဲ့လဲ သိပ်မရင်းနှီးတဲ့သူကို တစ်နေကုန်တစ်နေကမ်း အဖော်ပြုပေးနေတာ၊အားနာပြီး အပေါင်းအသင်းလုပ်မိတာ၊အားနာပြီး ကားခကိုမဆစ်တာ...အများကြီးပါပဲ...။

ခုလဲ ကိုဆောင်းယွန်းကြီးကို အားနာပြီး ဖြေလိုက်တာမှ စာကိုအရှည်ကြီးပဲ..အဟဲ အလကားနောက်တာ...။

အမုန်းစာရင်းတွေကတော့ ဒီလောက်ပါပဲ...ရေးရင်းကလဲ လည်နေပြီ..။
တော်ကြာဖတ်ရင်း ဖတ်ရင်းနဲ့ အပေါင်းအသင်းမလုပ်ချင်တော့အောင်ဖြစ်လာမှာ စိုးလို့ပါ..။
စိတ်ထဲရှိသလို ရေးထားတာဖြစ်လို့ သည်းခံပြီးတော့ပဲ ဖတ်ပေးကြပါ..။

မှတ်ချက်။ ။သူများတဂ်တော့ကိုယ်လဲ တဂ်ချင်တာပေါ့လေ...။မှုတ်ဖူးလား။
၁ )ကိုငြိမ်းစု ( ဒီတစ်ခါနဲ့ဆို 2 ခါရှိပြီ တဂ်တာ...မဖြေရင် အပေါင်းအသင်းမလုပ်တော့ဘူး)
၂ ) မြို့တက်ပြီး လူလည်ကြီးလုပ်နေတဲ့ တောကျောင်းဆရာ
၃ ) အစ်မ ယောနသံစင်ရော်
၎ ) အစ်ကိုကြီး ကိုအောင် (မနေ့ထဲက တစ်ယောက်ကျန်သေးပါတယ်..စိတ်ထဲမှာထင်နေတာ မေ့ကျန်ခဲ့တာစိတ်မဆိုးဘူးဆို ရေးပေးနော် )

Sunday, December 07, 2008

တောင်းပန်ခြင်းနှင့်....ကျနော်မတတ်နိုင်သော..ကဗျာ

ပြောချင်ရာပြောထားပြီး ဘာမှလဲမဟုတ်လို့ထင်ချင်လဲ ထင်ကြပါတော့လေ..။
နေကောင်းကောင်းမကောင်းလို့ ဇာတ်ပွဲလဲသွားမကြည့်ဖြစ်ပါဘူး၊
အိမ်မှာပဲ ကွေးနေမိတယ်..။အားတဲ့အခါ ဘလောဂ့်တွေလည်တယ်..။
သ်ီချင်းခွေတွေ ၀ယ်ဖြစ်တယ်..။ဘိုဖြူရဲ့ ဆန်ရေ၊မာရဇ္ဖရဲ့ 12 " = 1 ' ဆိုတဲ့ခွေ၊
လေးဖြူ၊အငဲ၊မျိုးကြီးတို့ ရဲ့ LMN အခွေ...အဲ့ဒါတွေ နားထောင်ဖြစ်တယ်..။
(သီချင်းတင်ပုံတင်နည်းတွေ လေ့လာနေပါတယ်...နည်းပညာအား အင်မတန်နည်းပါတယ်
ဘလောဂ့်ပေါ်ခြေချတာ 3 လကျော်တဲ့အထိ သ်ီချင်းမတင်တတ်သေးပါဘူး..သိတဲ့လူတွေပြောပြသွားရင်တော့
အထူးကျေးဇူးတင်မယ်(ပါ့)ပ :) ...)

ကြည်အေးရဲ့ ကျမပညာသည် ဖတ်ဖြစ်တယ်..။
မောင်ထွန်းသူရဲ့ အနီအနက်ကိုလဲပြန်ဖတ်ဖြစ်တယ်..။
ချယ်ရီမဂ္ဂဇင်းပေါင်းများစွာ၊စံပယ်ဖြူမဂ္ဂဇင်းပေါင်းများစွာ....။
ဂျာနယ်ပေါင်းများစွာ...၊ကဗျာစာအုပ်ပေါင်းများစွာ...။
တစ်ပုဒ်ပြန်လည်ဝေမျှလိုက်ပါတယ်..။

ကျွန်တော်မတတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည်
ကျွန်တော် တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်။

I've come to a world I can't help much
I've strived as much as I can.

(သုခမိန်လှိုင်..အင်ဒီဝါးဟိုလ်းတို့ ကမ္ဘာ ကဗျာစာအုပ်)

ဆားချက်တယ်လို့ပဲပြောပြော လက်ရှိစိတ်ခံစားမှုနဲ့တော့ တစ်ထပ်ထဲကျနေပါတယ်
ဒါကြောင့် ရင်ဘတ်ထဲဆွဲထည့်ထားလိုက်တယ်..။

Thursday, December 04, 2008

အရပ်ထဲ ဇာတ်ပွဲသွားကြည့်ကြမယ်...((((((ဟယ်......)))))))

မြန်မာ အမျိုးသားမှန်လျှင်
၁ ) ရဟန်းဝတ်ဖူးရမယ်
၂ ) ပုဂံရောက်ဖူးရမယ်
၃ ) ဇာတ်ပွဲ ကြည့်ဖူးရမယ်..

(ဆရာမကြီး ဒေါ်ခင်မျိုးချစ်)


အဲ့ဒိစာပါထည့်သွင်း ကြေငြာထားတဲ့ ဇာတ်မင်းသားလေးဖိုးချစ်ရဲ့
ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီဇင်ဘာ ၄၊၅၊၆ ရက်နေ့များမှာ မိုးအလင်းကပြမယ့်
မြန့်မာဇာတ်သဘင်ကို ကျမသွားကြည့်မလို့လေ....။

ဒုတိယနေ့ ကြည့်မယ်လို့တော့ စိတ်ကူးထားတယ်...
ဒုတိယနေ့ကို ဘာလို့ရွေးရတာလဲဆိုတော့ အကြောင်းရှိတယ်..

ပထမနေ့ဆို ဇာတ်က အခင်းအကျင်း၊အပြင်အဆင်မှ အစပေါ့
စပြီး ပြင်တုန်း၊ဆင်တုန်းပဲရှိသေးတော့ သိပ်ပြီးအဆင်မပြေလောက်သေးဘူးလို့
ကျမထင်ပါတယ်...
ဖိုးချစ်လို နိုင်ငံကျော် ပြည်သူချစ်ဇာတ်မင်းသားလေးကတော့
ဒီလိုဖြစ်၊မဖြစ် မပြောတတ်သေးပါဘူး
ဘာပဲဖြစ်ဖြစ် ပထမဆုံးနေ့မှာ ဇာတ်အဖွဲ့ဝင်တွေရဲ့ အာရုံဝင်စားမှုလဲ
အားမကောင်းသေးတော့ ခါတိုင်းဆို ကြည့်ရတာ သိပ်ကိုအားရခဲ့တယ်မရှိလှဘူး၊

တတိယနေ့ကျတော့လဲ နောက်ဆုံးနေ့ဆိုတော့ သိမ်းချင်နေကြတာနဲ့
ဒရောသောပါးနဲနဲဖြစ်နေတယ်လို့ ထင်တယ်လေ....
ဒါကြောင့် ဒုတိယနေ့ကို ကြည့်မယ်လို့ ရွေးထားပါတယ်....

ဖျာလက်မှတ်က ရှေ့ဆုံးတန်းကနေ နောက်ထိ....
17000 ကျပ်၊15000 ကျပ်၊10000 ကျပ်လို့ သတ်မှတ်ထားပါတယ်..။
ထိုင်ခုံနဲ့ကြည့်မယ်ဆိုရင်တော့ တစ်ခုံကို 2500 ပါ၊ရုံဝင်ကြေးက တစ်ဦးကို 2000 ကျပ်ပါတဲ့....။
ဖျာလက်မှတ်က နဲနဲတော့ဈေးကြီးတယ် ထင်တာပဲ....ဒါပေမယ့်
ဇာတ်ဆိုတာ ဖျာနဲ့ကြည့်မှ အရသာတကယ်ရှိတာနော်...။
ဆောင်းအေးအေးမှာ ကွေးကွေးပြီးကြည့်ရတာ....သိပ်ကိုပျော်စရာကောင်းတာ.........။

ဆိုတော့ကာ.......ဒီဇင်ဘာ ၆ ရက်နေ့ည၊ကန်တော်ကြီးမျှော်စင်ကျွန်းမှာ မင်းသားလေးဖိုးချစ်တစ်ယောက်...
သူပြောခဲ့သလို မြို့တော်ရန်ကုန်နဲ့ မြန်မာ့ ဇာတ်သဘင်အနုပညာ အလှမ်းဝေးသွားမှာစိုးလို့
ကဖို့ စီစဉ်ဖြစ်တာပါ ဆိုတဲ့အတိုင်း ဘာတွေများတင်ဆက်ဦးလေမလဲလို့ ကျမသွားကြည့်ပါဦးမယ်...။

Wednesday, December 03, 2008

ကဲ....ဘယ်လိုလုပ်မလဲ ဒါတွေပဲဖတ်ဖြစ်နေတော့.........ခက်ပြီ

ကျမဒီရက်ထဲစာအုပ်တွေ၊ဂျာနယ်တွေ၊မဂ္ဂဇင်းတွေ တော်တော်များများဖတ်ဖြစ်ပါတယ်။

သေသေချာချာ ကြိုးစားပြီး ဖတ်ဖြစ်တာက ချယ်ရီ ဒီဇင်ဘာထုတ်ပေါ့...။
လက်ထဲစရောက်လာထဲက ဖတ်လိုက်တာ3 ရက်လောက်ရှိနေပြီ....။
အဲ့ဒိစာအုပ်ထဲက ပြန်လည်ပြောပြချင်လောက်အောင် ဖတ်ဖြစ်ခဲ့တဲ့ စာက
ရသစာပေမှေးမှိန်လာရခြင်းအကြောင်းများကို ဆရာ အောင်သင်း၊ဆရာ လူထုစိန်ဝင်း..နဲ့ နောက်ထပ်ဆရာတစ်ယောက်(ကျမသေချာမမှတ်မိလို့ပါ)တို့ကိုမေးထားတာတွေပါ...
အင်တာဗျုးတဲ့သူကလဲ တကယ့်အနှစ်သာရတွေကိုပဲ ထုတ်မေးတတ်သလို
ဖြေတဲ့ဆရာတွေရဲ့ အဖြေတွေကလဲ ပြည့်စုံလွန်းတော့ သူတို့ သုံးယောက်ရဲ့
အင်တာဗျူးတွေကိုဖတ်လိုက်ရတာဟာ နောက်ထပ်သုံးရက်လောက် ဘာမှမလုပ်ပဲထိုင်ပြီး
စဉ်းစားနေချင်ရလောက်အောင်ကိုပဲ အတွေးတွေပွားစေပါတယ်....။ဗဟုသုတတွေလဲ တနင့်တပိုးရခဲ့ပါတယ်...။

ကျမမှတ်မိသလောက်ပြန်လည်ပြောပြချင်ပါတယ်...........။
ရသစာပေပြန်လည်နာလန်ထူရေးအတွက် အယ်ဒီတာ၊၀တ္ထုရေး စာရေးဆရာများအပြင်.....
စာဖတ်ပရိတ်သတ်များမှာပါ တာဝန်ရှိကြောင်းနဲ့
ရသစာပေမှေးမှိန်တယ်ဆိုတာဟာ အခိုက်အတန့်သာဖြစ်ကြောင်း.....
ဆရာကြီးများက ပြောဆိုသွားခဲ့ပါတယ်...
သုံးယောက်လုံးမှာ စာဖတ်ပရိတ်သတ်မှာတာဝန်ရှိကြောင်းဆိုတဲ့နေရာမှာ
စာဖတ်သူတွေ ဘာလို့စာဖတ်အားနည်းသွားကြတာလဲ ဆိုတာ....
အင်တာနက်တွေ အရမ်းခေတ်စားလာလို့...ဒါ့အပြင် တခြားသောနည်းပညာ entertainment
တွေ လူထုကြားတွင်ကျယ်လာမှု စတာတွေလဲ ပါပါတယ်...ဒါပေမယ့် ဒါကလဲအခိုက်အတန့်ပါပဲတဲ့။

ဒါကိုတော့ ကျမအပြည့်အ၀လက်ခံပါတယ်...နည်းပညာဆိုတာက
ကျမတို့အတွက်တော့ လိုက်လို့လိုက်လို့အားမရနိုင်အောင် များပြားလွန်းနေတယ်မှုတ်လား။
ကြာလာရင် ရိုးသွားနိုင်တယ်လို့ ကျမတော့ ထင်ပါတယ်...။ဒါကလဲ အခိုက်အတန့်သာ...။

ဒါပေမယ့် နောက်ကျန်နေသေးတဲ့တစ်ချက်ကတော့ အကြောင်းအရာတစ်ခုထဲကိုပဲ
ပုံချလို့မရပါဘူးတဲ့........။အကြောင်းအမျိုးမျိုးကြောင့်သာလျင် ရသစာပေမှေးမှိန်နေရခြင်းပါတဲ့....

ဒါ့အပြင် စာဖတ်ပရိတ်သတ်တွေဆိုဟာ ရသစာပေတွေမထွက်လာလို့သာ မဖတ်ကြတာပါတဲ့...
မထွက်လာတော့ အခါခါပြန်ပုံနှိပ်နေတဲ့ ဆရာကြီးရွှေဥဒေါင်းတို့၊မဟာဆွေတို့...နတ်နွယ်တို့ စာအုပ်တွေကို
7000 ကျပ်လောက်ထိတောင်ပေးပြီး ဖတ်နေကြတာပါ...တဲ့..
စိတ်တွေငြိမ်းချမ်းအောင်လို့ ဆရာတော်ကြီးတွေရဲ့စာအုပ်တွေဖတ်နေကြတယ်တဲ့...။

သိပ္ပံနဲ့ဝိဇ္ဖာမှာ သိပ္ပံကလူတွေကိုတိုးတက်စေပြီး ၀ိဇ္ဖာကလူတွေကိုယဉ်ကျေးစေတယ်တဲ့..။
ဒါကြောင့် လူတွေသည် ရသစာပေဖတ်ဖို့လိုအပ်တယ်တဲ့...။

ဒါဟာ အမှန်တရားပါပဲ............ကျမတို့တွေငတ်ကြတာ...ရသစာပေကိုငတ်နေကြတာပါ....။
ကဲ ထားလိုက်ကြပါစို့ရဲ့...ဦးတည်ချက်များလွဲကုန်ပါဦးမယ်....

အဓိကကတော့ ရသစာပေပြန်လည်တောက်ပလာရေးအတွက်....အထူးသဖြင့် လူငယ်တွေကိုစင်တင်ပေးဖို့၊
အယ်ဒီတာတွေ ဒီထက်ပိုပြီး အရည်အချင်းပြည့်ဝဖို့၊ပေါ်ပင်တွေချည်းပဲ အားမပေးဖို့...၊
ဝတ္ထုရေးဆရာတွေ မယောင်တာဆီမလူးဖို့(၀တ္ထုရေးဆရာတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးတွေ၊အေအိုင်ဒီစက်ရောဂါဆောင်းပါးတွေ
ရေးနေတာကိုလဲ ထောက်ပြပြောဆိုသွားခဲ့ပါတယ်...) စသဖြင့်..
ဘက်စုံဒေါင့်စုံကနေ ဆရာကြီးများက ဆွေးနွေးသွားပေးသွားကြပါတယ်....
(ဒီနေရာမှာ တစ်စုံတစ်ခုသော သဘောထားကွဲလွဲစရာများရှိလာပါက ကျမ၏ပြန်လည်တင်ပြပုံမှားယွင်းခြင်းကြောင့်သာလျှင်ဖြစ်ပါတယ်...)
အဆင်ပြေတဲ့အခါလဲ အင်တာဗျူးအစအဆုံးတင်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်..။

ကျမ ဂျာနယ်တွေလဲ ဖတ်ပါတယ်.....။နေ့တိုင်းနီးပါးကို ပိုက်ဆံအကုန်ခံပြီးဝယ်ဖတ်ပါတယ်....။
ကျမတွေ့ရတာလေးတွေကိုပြန်လည်ပြောပြလိုပါတယ်....
မြန်မာပြည်မှာ တစ်နေ့ကိုဂျာနယ်စောင်ရေ အနည်းဆုံး 5စောင်ကနေ 7 စောင်လောက်တော့ ထွက်ပါတယ်...။
သူ့ထက်များချင်သာ များပါလိမ့်မယ်...။အဲ့ဒိထဲမှာ အများဆုံးကတော့ ဘောလုံးဂျာနယ်ပါ...။

ဘောလုံးဂျာနယ်တွေထဲမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ ဘောလုံးပညာရပ်ဆိုင်ရာအကြောင်းအရာများ၊
ကစားပြီးတဲ့ ပွဲရလဒ်များ၊(ပရီးမီးယားလိဂ်ဘောလုံးပွဲများအကြောင်းဆို ပိုမိုစုံလင်ပါသည်)
နိုင်ငံတကာ ဘောလုံးဆောင်းပါးများ(ဘာသာပြန်များ)၊မြန်မာဘောလုံးအသင်းအကြောင်းများ၊
မြန်မာအားကစားလောကတိုးတက်ရေးဆောင်းပါးများ...စသဖြင့် စုံစုံလင်လင်နဲ့ထုတ်ဝေတဲ့
ဂျာနယ်များလဲ ရှိပါတယ်....အရေအတွက်အားဖြင့်လဲ လက်ချိုးရေလို့ရသပေါ့လေ...။
အဲ့လိုဂျာနယ်မျိုးလဲ ကျမဖတ်ပါတယ်....။

နောက်ပြီး "တစ်လုံး" လို့ ခုခေတ်လူတွေပြောပြောနေတဲ့ ဘောလုံးပွဲလောင်းဖို့ကြေးအကြောင်းများ...
အပေါ်သင်းနိုင်၊အောက်သင်းနိုင်၊ပရီးမီးယားလိဂ်၊စီးရီးအေ၊စပိန်လာလီဂါ၊ဘွန်ဒက်စ်လီဂါ....ယနေ့ညပွဲ
ပွဲကြို အထောက်အကူပြု....အပေါ်သင်းနိုင် 50 %စား ၊40 % စား စသဖြင့်.....
လောင်းကစားအတွက်သာလျှင်အထောက်အကူပြုတဲ့စာမျက်နှာများ၊
မက်ဆီ၊ရော်နယ်ဒို၊ဘယ်သူရွှေဘောလုံးဆုရမလဲဆိုတဲ့ဆောင်းပါးများ၊
ဆားဘီးယား တင်းနစ်မယ် ယန်ကိုဗစ်ပုံအပြည့်နဲ့ ဂျာနယ်များလဲ ဖတ်ဖြစ်ပါတယ်....။
အားကစားဂျာနယ်တွေအပြင်...တခြား...


ပြည်တွင်း၊နိုင်ငံတကာ၊အားကစား၊အိုင်တီ၊အင်တာနက်၊အနုပညာစသဖြင့် အစုံပါတဲ့
သတင်းဂျာနယ်များလဲဖတ်ပါတယ်...။
အဲ့ဒိထဲကမှ အနုပညာရပ်ဝန်းလေး(ရုပ်ရှင်နဲ့ ဂီတ)အကြောင်းကွက်ပြီး ကျမဖတ်ဖြစ်တာလေးတွေပြောချင်ပါတယ်...။

ကျမတို့ဆီမှာ အရင်တုန်းက အဖွဲ့ဖွဲ့ပြီး သီချင်းဆိုခဲ့တဲ့သူတွေက
ခုနိုင်ငံကျော်မင်းသားတွေဖြစ်လာကြတယ်...။
ခုခေတ်က အရင်စိုးသူတို့၊ရဲအောင်၊ရန်အောင်တို့လို မင်းသားက အဆိုတော်လုပ်တဲ့ခေတ် မဟုတ်တော့ဘူး၊
အဆိုတော်ကနေ မင်းသားလုပ်တဲ့ခေတ်..။

အဲ့လို အဆိုတော်ကနေ မင်းသားလုပ်လာကြတာတွေလဲရှိတယ်...။
ပိုက်ဆံချမ်းသာလို့ မိဘကပရိုဂျူဆာ၊ သားက မင်းသား..အဲ့ဒါမျိုးလေးတွေလဲ ရှိတယ်.....။
အရိုက်များတဲ့ကားတွေကတော့ အမေအရွယ်ရောက်နေကြတဲ့
မို့မို့မြင့်အောင်၊မေသန်းနု၊မေသဉ္ဖာဦး၊မျိုးသန္တာထွန်း...စသူတို့နဲ့တွဲပီး
ကိုငှက်သီချင်းတော်တော်များများကို ထည့်လို့သုံးကာရိုက်တတ်ကြသော
အမေနဲ့ သားဆိုး(သို့)သိပ်လိမ္မာတဲ့သား ကားတွေနဲ့ ဟာသကားတွေပါ...။

ပြောချင်ရာတွေ ပြောတတ်တဲ့ကျမက မြန်မာကားတွေတော့ မကြည့်ပါဘူး၊
မကြည့်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်...။
ယေဘုယျအကျဆုံးအချက်က ကျမကို ဘယ်လို ရသမှမပေးနိုင်လို့ပါ...။
ရယ်စရာလုပ်ပြနေတဲ့မင်းသားကိုကြည့်ပြီး ကျမငိုချင်နေတတ်တယ်...။ငိုပြနေတဲ့မင်းသားကိုကြည့်ပြီး
ကျမအူနှိပ်ပြီး ရယ်နေမိတတ်တယ်...။
အဲ့လိုပြောင်းပြန်တွေဖြစ်နေရတဲ့အတွက် ကျမလုံးဝနီးပါးကို မကြည့်ဖြစ်ပါဘူး။

နောက်တစ်ခုရှိတာက ကျမကရုပ်ရှင်ကြည့်တာ ၀ါသနာမပါတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်...။

ဒါပေမယ့် ဒါကိုပရိတ်သတ်ကို အချိုကျွေးတာလို့ ကျမကမသတ်မှတ်ရက်ပါဘူး
သူ့ဘာသာသူ ထုတ်လုပ်သူ၊သရုပ်ဆောင်သူ၊ကြည့်ရှုအားပေးသူ...သူတို့ဘာသာသူတို့ မျှတနေတဲ့၊
ပုံမှန်စီးဆင်းနေတဲ့ မြစ်တစ်စင်းပဲလေ...။

အထက်ကိုဆန်တက်သလား၊ရေစုန်ကိုမျှောဆင်းနေသလားတော့
သိချင်ရင် ၀ယ်ဖတ် ငွေတစ်မတ်ထဲ....။

ဒါပေမယ့်...အဲ့ဒိစီးနေတဲ့မြစ်ထဲကလူတွေက....စာမျက်နှာတွေပေါ်တက်လာပြီးတော့
ပရိတ်ကဘယ်လို၊ပရိတ်သက်ကဘယ်လောက်ထိပဲပေးလို့ရတယ်၊
ပရိတ်သတ်ကြိုက်မယ့်ဟာမျိုးပဲ ဖန်တီးနေရတယ်...စသဖြင့်...စသဖြင့်..
အော်လာတဲ့အခါတွေမှာတော့..............ဖတ်နေတဲ့ဂျာနယ်ကိုပဲ ကျမလွှတ်ချလိုက်မိတော့တယ်...။

နောက်ထပ်ပြောချင်တာက ဂီတအကြောင်းပါ...(အဟဲဟဲ ဆရာမကြီးလေသံက တစ်ပြားမှတော့မလျှော့ပါ)

မြန်မာပြည်မှာ ဂီတအဖွဲ့တွေ အတော်ပေါသလို တစ်ယောက်ထဲရပ်တည်နေကြသူတွေလဲရှိပါတယ်..
ခုနောက်ပိုင်း ခိုးကူးခွေကိစ္စပြဿနာတွေရှိသလို၊နိုင်ငံရေးအကြောင်းဆိုတာကလွဲပြီး ကျန်တာအကုန်ဆင်ဆာပေးနေတဲ့အချိန်အခါမှာတော့
ဘတ်စ်ကားပေါ်မှာ၊စတိုးဆိုင်မှာ၊လက်ဘက်ရည်ဆိုင်မှာ.....စတဲ့ Public Place တွေမှာ မိန်းကလေးတွေ
မျက်စိမျက်နှာပျက်ရလောက်တဲ့အထိ......မိန်းမတွေကိုကလော်ဆဲနေတဲ့စာကြောင်းတွေကိုလဲ ကြားရပါတယ်...။
ဒါလဲ ပေးသူ၊ယူသူမျှတနေကြပုံကျပါတယ်.............ဒါကိုဘယ်သူကမှ အပြန်အလှန်နှုတ်လှန်ထိုးတာမျိုးမကြားရဘူးပါ..။
(ဟိုတစ်လောကတော့ ကောင်မလေးနှစ်ယောက်ဆိုတဲ့သီချင်းတစ်ပုဒ်မှာ မိန်းမတွေငွေမက်တဲ့အကြောင်းကလွဲရင်
တခြားဘာတွေရေးနိုင်လဲ ဆိုတာမျိုးတော့ ကြားဖူးပါတယ်...)

အဲ့ဒိမြစ်ထဲကလူတွေကလဲ စာမျက်နှာပေါ်တက်ပြီး မိန်းမတွေကဘာ၊မိန်းမတွေကဘယ်လို၊ပရိတ်သတ်က သိပ်အများကြီး
ပေးလို့မရဘူး၊သူတို့ အကြိုက်ပေးနေရလို့ပါ....စသဖြင့်...စသဖြင့်စကားသံတွေကိုစကားလုံးများအဖြစ်
ပြန်လည်ဖော်ပြပေးနေတဲ့ ဂျာနယ်တွေဖတ်ရတဲ့အခါ........

ဒီတစ်ခါတော့ ကျမလွှတ်မချတော့ပါဘူး....၊ဘာလုပ်လိုက်ရမှန်းမသိလို့ သိမ်းထားလိုက်တယ်..............။

Saturday, November 29, 2008

မြို့လယ်လမ်း

တစ်နွေပူဆဲ
လူထူထပ်သော၊ကွန်ကရစ်တောဟု
စေးချောမြို့လမ်း၊သစ်ရိပ်နွမ်းလျ
စီတန်းရုပ်ရှင်၊ဆူညံယာဉ်ပြေး
ဆင်ဝင်ရှေ့ပေါက်၊တွန့်ကောက်မြွေပတ်
လက်မှတ်တိုးရောင်း၊ပေါင်မုန့်တောင်းကြ
သောင်းပြောင်းရုတ်ရုတ်၊စိတ်ရှုပ်ဒေါသ
ထိုးကြ ကြိတ်ကြ၊ရဲသားစောင့်ရသည်။

တရုန်းရုန်းပင်
ပခုံးထမ်းဟန်၊လက်တွန်းလှည်းတို့
မုန့်ပဲသရေစာ၊ခေါ်အော်ဆူပူ
စားပါ ၀ယ်ပါ၊သည်ကိုလာနော်
လက်မှာလင်ပန်း၊အင်္ကျီနွမ်းနှင့်
မရမ်းချဉ်စပ်၊ဆီးထုပ်ထပ်၍
ကွန်းရှပ်ငါးမုန့်၊ချိုမြုံ့သကြား
ဆားပဲလှော်ရွ၊လစက္ကူကြည်
ဖျော်ရည်သီးချဉ်၊ခွက်ချင်ရောင်းဆဲ
မွန်းလွဲထိန်ညီး၊ချွေးဒီးဒီးယို
မီးလိုဝမ်းစာ၊အေးချင်ရှာကြ။

ဘတ်စ်မှတ်တိုင်၌
ညောင်းထိုင်ခဲ့ပြီ၊လူစည်ကားလှ
ကားတစ်ခြမ်းစောင်း
တွဲလောင်းစီးလာ၊ငါးသေတ္တာသို့
လူတစ်ရာမက၊မတ်တပ်ထလိုက်
ကတ်ကြေးကိုက်နှင့်၊ခါးပိုက်နှိုက်မှ
ခုန်ချလှမ်းတက်၊လုယက်အားခဲ
သွားမြဲခရီး၊နေ့တိုင်းစီးလည်း
မညည်းညူသာ။


သူတောင်းစားမူ
ငါးပြားဆယ်ပြား၊ပေးပါလားရှင်
သနားကယ်ပါ၊စွန့်ကြဲမှာလား
ဆာလောင်ထမင်း၊မျှော်ငေးရင်းက
ရိုးကြွင်းဟင်းကျန်၊တောင်းမြည်ကြံစည်
တေးသီဆိုပြန်၊နူဝဲပြစား
ဘိုးဘွားခါးကျိုး၊ဆိုးမျက်ကန်းရွဲ့
လက်တန်းရွတ်သူ၊ဆုပေးသူတို့
ပေးလှူမလောက်၊ရောက်လာကြမြဲ။

တိုက်နံဘေး၌
အုတ်ဆွေးရေစိမ့်၊မြေအက်နိမ့်စောင်း
ရေပုပ်မြောင်းဟောင်း
ယင်တလောင်းလောင်း
လဲလျောင်းမိန်းမော၊သေငယ်မြောသူ
ရောဂါကပ်မြှေး၊ဆေးနှင့်ဝေးစွ
လမ်းဘေးမှာပျောက်၊အလောင်းကောက်မှ
ရောက်ခဲ့ဆေးရုံ၊ရင်ခွဲရုံသို့
စုန်ဆန်တွင်းပြင်၊ကြောသေးမျှင်တို့
နေ့စဉ်ခွဲစိတ်၊ဆေးကျောင်းသိပ္ပံ
အဖိုးတန်ခဲ့။

ထိုခဏ၌
လှပဖိတ်လက်၊မှနပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့နွဲ့၊မောပြေခဲ့ဟန်
ခေတ်ရဲ့ပန်းချီရေးခဲ့သည်။

ကြည်အေး
ရှုမ၀မဂ္ဂဇင်း၊ဇွန်၊1972 ၊စာ-23

Thursday, November 27, 2008

မီးစက်ကလေး

ကျနော် ဒီဆိုင်ကိုရောက်တာ 1 နှစ်ကျော်ပြီ။

ကျနော်ဆိုတာက ပါဝါတွေထုတ်ပေးတဲ့သူလေ...။
ပါဝါထုတ်ဖို့ဆိုတာလဲ ဒီအတိုင်းတော့ ဘယ်ရမလဲဗျာ။
အရင်ဆုံးကျနော့ကို သူတို့ဈေးကြီးကြီးပေးဝယ်ရတဲ့ အရည်တွေတိုက်ရမယ်။
ဒါက ပါဝါထုတ်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ပဲဗျ၊
နောက်တော့ ကျနော့ခါးမှာ ရှိနေတဲ့ ကြိုးလေးတစ်စကို ဆွဲရမယ်။
(စ.....ဆိုတဲ့ခလုတ်လေးကိုလက်က ဖိထားရင်းပေါ့)

မနှစ်က ကျနော်ရောက်စကပေါ့ဗျာ။
မနှစ်က မိုးဦးကျတုန်းက ရောက်တာ၊ရောက်စတုန်းကတော့ ကျနော်ကအသစ်ကလေးဆိုတော့
သူတို့တွေက ယုယုယယနဲ့ကျနော့ကို ကိုင်တွယ်ကြတယ်...။
ကျနော့ကိုစတင်ဖို့ ဆွဲရတဲ့ကြိုးလေးကိုလဲ သူတို့က ညင်ညင်သာသာလေးပဲ ဆွဲကြတယ်...။
ဟောဟို ကောင်တာပေါ်က အဒေါ်ကြီးတွေ၊ဦးလေးကြီးတွေ၊အစ်မကြီးတွေကလဲ
" ဟေ့ သေသေချာချာ ဖြေးဖြေးလုပ်နော်" လုပ်နော်နဲ့ ....။
အမြဲအဲ့လိုလှမ်းပြောကြတယ်....။
ကျနော့နားကို သူတို့ဖယောင်းတိုင်တွေ၊မီးခြစ်တွေနဲ့များကပ်ရင်
အဲ့ဒိကောင်တာပေါ်က လူတွေက လှမ်းပြီးတော့ကို ဆဲသေးတာ၊
သူတို့တွေ ဆဲခံထိတာပေါ့......။

ကျနော်ရောက်စက မိုးတွေရွာနေတာဆိုတော့ ကျနော့ခါးကြိုးကို သူတို့လာလာဆွဲတာ
သိပ်မရှိဘူး၊တစ်ခါတစ်လေမှ လာလာဆွဲလေ့ရှိတယ်.....။
ဒါပေမယ့် ကျနော်ပါဝါတွေထုတ်ပေးရတဲ့ အချိန်ဆိုတာ သိပ်မကြာလိုက်ပါဘူး၊
ခဏလေးနေရင် နားရတယ်...
သူတို့အတွက် လျှပ်စစ်မီးဆိုတဲ့ ပါဝါကြီးက သိပ်ကြာကြာ မစောင့်ရဘူးထင်ပါတယ်။

ကျနော့ခါးကြိုးကိုလာမဆွဲခင်မှာ
သူတို့က ကျနော့ကို အင်မတန်အနံ့နံတဲ့ အရည်တွေတိုက်သေးတာ။
သူတို့က ကျနော့ခါးကကြိုးကိုလာဆွဲပြီဆိုတာနဲ့
ကျနော်က ကျနော့တစ်ကိုယ်လုံးကို တုန်ခါပြီး အရင်ဆုံးအပူတွေထုတ်၊ြ
ပီးတော့မှ အလင်းရောင်လို့သူတို့ပြောတဲ့ ပါဝါတစ်ခုကိုထုတ်ပေးတာ၊
ပြောမယ်ဆို ကျနော်က ပါဝါရှိတယ်ပေါ့ဗျာ၊

အဲ ဒါပေမယ့် စောစောကပြောခဲ့သလိုပေါ့လေ...ရောက်စတုန်းကတော့ မိုးတွင်းမို့ထင်ပါတယ်...
ကျနော့ကို သူတို့သိပ်ပြီး ခါးကြိုးလာလာမဆွဲဘူး၊သိပ်လဲ အရည်တွေမတိုက်ဘူး၊
အဲ့ဒိတုန်းကတော့ မီးစက်ကလေးတို့ ဇိမ်လေးတစ်ခွဲသားနဲ့ နှပ်နေခဲ့တာပေါ့လေ....။
ဒါပေမယ့်.....ဒါပေမယ့်....

မိုးမကုန့်၊တကုန်ကတည်းက ထင်ပါတယ်....ကျနော့မှာ အရည်တွေသောက်ရ၊ပြီးတော့ ခါးကြိုးဆွဲခံရ၊
အပူတွေမှုတ်ထုတ်ရ...နဲ့ ပါဝါတွေထုတ်ပေးနေရတော့တာ......
တဖြည်းဖြည်းနဲ့ ကျနော်လဲ ခြေကုန်းလက်ပမ်းတွေကျနေရတာ။

ကျနော်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူးဗျ၊ကျနော်လိုမျိုးကောင်တွေမှ အများကြီးပဲ
ဒီလမ်းမကြီးမှာ ကျနော့်လိုမျိုး ဆိုင်ရှေ့တွေမှာ တန်းစီနေတဲ့ကောင်တွေမှ အများကြီးပဲ၊
အံမယ် ဒါကျနော်တို့ ကံကောင်းတာဗျ၊တစ်ချို့ ကျနော်တို့ရပ်ကွက်က မဟုတ်တဲ့ကောင်တွေဆို
လမ်းမတန်းမှာ ကျနော်တို့လို ဟိုငေး၊ဒီငေးတောင် လုပ်ခွင့်ရတာမဟုတ်ဘူးတဲ့ဗျ...။
ဘာတဲ့...သူတို့ပြောပြောနေကြတာ...တော်တော်များများက နောက်ဖေးလမ်းကြားထဲပို့ခံရတာတဲ့....။
နောက်ဖေးလမ်းကြားထဲကနေ ပါဝါတွေ ထုတ်ထုတ်ပေးနေရတာတဲ့...။
သူတို့ကိုလူတွေမြင်မှာစိုးလို့တဲ့....။

ဒါဆို ကျနော်တို့က သူတို့ထက်စာတော်သေးတာပေါ့ဗျာ။ဟုတ်ဘူးလား။
ပါဝါလဲထုတ်ပေးရင်း ဖြတ်သွား၊ဖြတ်လာ ကောင်မလေးတွေကိုလဲ ငေးရင်းမောရင်းနဲ့ဆိုတော့
တော်ရုံဆို မမောတော့ဘူးပေါ့.....။

မနှစ်ကနွေကတစ်နွေလုံးလဲ မောခဲ့ရပြီးပြီ။
ဒီနှစ်နွေတော့ ကျနော့ကိုသူတို့ အရမ်းကာရောပါဝါတွေထုတ်ခိုင်းမှာ
မဟုတ်ဘူးလို့ထင်ထားခဲ့တာ...။ခုတော့ တက်တက်ကိုစင်အောင်လွဲတာပါပဲဗျာ...။

ခု ကျနော်လဲ ကျနေပြီ...။ကျနော့ကိုသူတို့ ညင်ညင်သာသာလဲမကိုင်ကြတော့ပါဘူးဗျာ၊
အချိန်တော်တော်များများမှာ ဆောင့်တွန်းလိုက်၊ဆောင့်ကန်လိုက်၊
ကျနော့ခါးကြိုးကို ဆောင့်ဆွဲလိုက်နဲ့ဟာ....။
ကျနော်လဲ ဖွတ်ဖွတ်ညက်ညက်ကိုကြေနေပြီ....။

နောက်ပြီး သူတို့ဆက်ဆွဲကြဦးမှာ ကျနော်သိတယ်....အဲ့ဒါမိုးမကျမချင်းပဲ...ကျနော်သိနေတယ်...
ကျနော်သူတို့ကိုလဲ အပြစ်မပြောချင်တော့ပါဘူးဗျာ...။
ညတုန်းကဆိုလဲ ကျနော့ကိုလာဆောင့်ဆွဲလိုက်၊ဆောင့်ကန်လိုက်လုပ်ရင်းက
ဘယ်သူ့ကိုဆဲမှန်းမသိဘူး...ဆဲနေလိုက်ကြတာ....ခွီး...ခွီးနဲ့...
ကျနော်လဲ ခဏနားလိုက်ရ၊ပြီး..ပြန်လာဆွဲခံရနဲ့....မရပ်မနား ပါဝါထုတ်နေရတာလဲ မဟုတ်ဘူးဗျ..။
ညတုန်းက သူတို့တွေဘယ်သူ့ကိုမှန်းမသိဆဲကြတယ် ဆိုတာလဲ...အဲ့ဒါကြောင့်ပါမယ်လို့ ကျနော်ထင်တာပဲ...
အဲ့ဒိလျှပ်စစ်မီးဆိုတာကလဲ ခုခဏလေးလာလိုက်၊သူတို့တွေက ကျနော့ကိုလာပြီး အနားပေးလိုက်၊
ပြေးကာလွှားကာနဲ့ သူတို့ပစ္စည်းတွေကိုဖွင့်လိုက်နဲ့ လုပ်လို့မှ မပြီးသေးဘူး...ပြန်ပြတ်သွားပြန်ရော...
အဲ့ဒါနဲ့ ကျနော့ကိုလာပြီး ဆွဲကြပြန်ရော...။
အစ်ကိုကြီးတစ်ယောက်များဆို ကျနော်ဖြင့်သနားတောင်သနားတယ်....
ဘာတဲ့ သူပြောတာရှိပါသေးတယ်....သူ့ညီတွေကိုပြောနေတာ
" ငါ ဟာ ညတုန်းက မနက်ငါးနာရီထိုးလို့ မီးလဲလာရော ၀မ်းသာအားရနဲ့ ထမင်းစားမလို့
ထမင်းတွေ ဟင်းတွေပုံပြီးရုံပဲရှိသေးတယ် ပြန်ပြတ်သွားရော.....
ငါ....ခွီးတဲ့မှပဲ စိတ်တိုလိုက်တာ...."

သူ့ညီကပြန်ပြောသေးတယ်

" အလကားပါဗျာ...
မနေ့ညထဲကပြတ်သွားတာ ခုမနက်ထိမလာသေးဘူးဆိုတာမျိုးဖြစ်မှာစိုးလို့
ခဏလေး လက်ခနဲလုပ်ပြတာပါ....
ဒီတစ်နွေလုံးတော့ ဘယ်ပုံစခန်းသွားကြမယ် မသိ.........." တဲ့...

ဟုတ်ပါတယ်...
သူတို့လဲ ဘယ်ပုံဆက်လုပ်ကြမယ်မသိသလို
ကျနော်လဲ ခါးကြိုးလေးက ခပ်လှုပ်လှုပ်ပါပဲဗျာ.....
ဒီနွေကုန်ရင်တော့ ကျနော်လဲ တစ်စစီဖြစ်တော့မယ် ထင်ပါရဲ့ဗျာ.........။


*မှတ်ချက် ...........မီးစက်နှင့်ပတ်သက်သော အခေါ်အဝေါ်များအား
ကျမနားလည်သလို ရေးထားခြင်းသာဖြစ်ပါသဖြင့် သည်းခံနားလည်ပြီးဖတ်ပေးကြပါရန်.........။

Wednesday, November 26, 2008

ခရီးသွားတုန်းက ဓာတ်ပုံများ

ကျမဓာတ်ပုံတွေ တစ်လှေကြီးတင်ပါဦးမယ်.....သည်းခံပြီးတော့သာ ကြည့်ရှုကြပါကုန်......။
ဆက်လက်ကြိုးစားပါဦးမည်။

ကျမမှာစာပေ၀မ်းစာ၊အတွေ့အကြုံ ၀မ်းစာတွေပြည့်လာခဲ့ရင်ဖြင့် Documentary လေး တွေရေးဖို့လဲ အိပ်မက် မက် ထားပါတယ်...။

























တောင်ကြီးမြို့ပုံပါ၊တောင်ချွန်းလို့ သူတို့ခေါ်ကြတဲ့နေရာကနေ သွားရိုက်ထားတာပါ၊
ကျမမြင်ဖူးနေကျ တခြားတောင်ကြီးမြို့ပုံတွေလောက်တော့ အဆင်မပြေဘူး၊:((((
ဒါတောင်ကြိုးစားပမ်းစားရိုက်ထားရတာ.... 10 ပုံလောက်ထဲကမှ အဆင်ပြေဆုံးလို့ထင်တာကိုရွေးတင်လိုက်တာ။


















အင်းလေးဒေသ...ရွာလေးတစ်ရွာ...။



















ဒါလေးမပါရင် အင်းလေးအလှဘယ်ပြည့်စုံမလဲ..........။



















အင်းလေးရဲ့ ညနေဘက်ရှုခင်းပါ၊သဘာဝအလင်းရောင် အတိုင်းရိုက်ခဲ့တာ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော ကျမမှာသာကိုယ်ပိုင်ကွန်ပြူတာရှိခဲ့ရင် ဒါလေးကို desktop ပေါ်မှာတင်ထားမယ်..စိတ်ကူးတယ်။




















အင်းလေးက ထမင်းဆိုင်တစ်ဆိုင်ကို လာစား၊လာနားတဲ့လှေတွေကို ဘေးကနေ အတင်းတွန်းထိုးရောင်းနေတဲ့ ဈေးသည်တွေ....။လှေဆရာက စိတ်ကောင်းလို့ အရှိန်လျှော့ပေးရင်တော့ သူတို့ပစ္စည်းရောင်းရဖို့ မျှော်လင့်လို့ရတယ်။ဒီထဲကပုံကတော့ ရောင်းရမယ့်ပုံမမြင်ဘူး။




















ဒီနေရာမှာပဲရေခပ်၊ဒီနေရာမှာပဲ ရေချိုး..................။




















အံ့သြဘနန်းပဲ မြင်မြင်ချင်းမှာ ကျမစိတ်ထဲဖြစ်သွားတာ။ရေတွေပဲရှိပြီး မြေရယ်လို့ပြောစမှတ်လောက်သာရှိတဲ့ အင်းလေးကန်ထဲမှာလဲအဘတို့အတွက် ဒီလိုနေရာရှိတယ်....။ဘုရားလာဖူးရင် ဆင်းဖို့ ကွင်းတဲ့..။



ဖောင်တော်ဦးမြတ်စွာဘုရား၊..မိန်းကလေးမတက်ရဆိုလို့ အဲ့ဒိမှာတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးတစ်ယောက်ကို ရိုက်ခိုင်းလိုက်တာ။ကောင်းလိုက်တဲ့ ဒေါင့်လေးတွေ....။

+++++++++++++++++++++

တောင်ကြီးမီးပုံပျံပွဲ သို့မဟုတ် ကောင်းကင်ထက်ကအနုပညာ




















တောင်ကြီးမှာသာတဲ့လ...။

ညသည်မိန်းမတစ်ယောက်၏ မျက်ရည်ကိုကြွေအောင်ချွေတတ်သည့် အထူးကာလဖြစ်ပါသလား တဲ့။ဂျူးပြောဖူးတာ။




















ညမီးကျီးလို့ခေါ်တဲ့ မီးပုံးပျံဖြစ်လာဖို့ သူတို့အလုပ်ရုံကိုကျမသွားစပ်စုခဲ့တယ်..။အားနာတာနဲ့ ဓာတ်ပုံတော့ မရိုက်ခဲ့ဖြစ်ဘူး၊ညဘက်မီးပုံးပျံကိုကြည့်တာထက် သူတို့လုပ်နေတာကိုတွေ့မှ သူတို့ရိုးရာ၊ သူတို့ ၀ါသနာ၊ သူတို့အနုပညာကို လေးနက်စွာခံစားရစေပါတယ်...။






















မှိုင်းခံနေတာတဲ့။ကျမတို့ကတော့ အဲ့လိုမှိုင်းခံနေတဲ့ အချိန်ပဲအနားသွားကြည့်ရဲတယ်...။မီးပုံးပျံက ရုန်းနေပြီဆိုတာနဲ့ အဝေးကြီးရောက်အောင် လှည့်ပြန်ပြေးတော့တာပါပဲ...။တစ်ချို့အလုံးတွေက အောက်မှာတင်ပေါက်တတ်တယ်လေ..။



















ညဘက်မြင်ရတဲ့ မီးပုံးပျံအလှပေါ့၊သူတို့တွေလဲ တိုက်ရိုက်တင်တယ်ကြားတယ်...။ဒါကြောင့် ဒီမီးပုံးပျံတွေလွှတ်တာကိုတော့ သိပ်မရိုက်ဖြစ်လိုက်ပဲ သူတို့ရဲ့ကောင်းကင်ထက်ကအနုပညာကိုရင်ဘတ်နဲ့ပဲ
တစ်ဝကြီးခံစားခဲ့ပါတယ်...။
























ဒီလိုအောက်မှာတင်ပေါက်သွားတဲ့အခါကျရင်တော့ သူတို့တွေမြေကြီးမှာတင် လူးလိမ့်ငိုနေကြတယ်တဲ့။
အိုးစည်တော့ အတီးမပျက်ဘူး။



















ဒါက စိန်နားပန်အမျိုးအစားတဲ့၊မြင်းကျားဆိုတဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာက စပွန်ဆာလို့ထင်တယ်...။
မီးပုံလေးတွေကိုပဲ ကောင်းကင်မှာဒီလိုပေါ်လာတဲ့အထိ သူတို့ဘယ်လောက်ကြိုးစားရမလဲ။
ဘယ်လောက်ညီညွတ်ရလိမ့်မလဲ။။။




































တောင်ကြီးမှာနေခဲ့တဲ့ တစ်လျောက်လုံး ဒီတစ်နေ့တော့ ရှမ်းဝတ်စုံလေးတွေနဲ့ ကောင်မလေး၊ကောင်လေးတွေကို တွေ့ခွင့်ရခဲ့တယ်။



















ရန်ကုန်ကို အပြန်လမ်းမှာ ရိုက်ခဲ့တာ...အမေ့ကိုပြဖို့...နေပြည်တော်ဆိုတာ သူသိရအောင်....




















ကျမရဲ့ချစ်လှစွာသော တူမလေးနဲ့ သူ့အစ်ကိုတစ်ဝမ်းကွဲရဲ့ပုံပါ၊တောင်ချွန်းပေါ်မှာတုန်းက ရိုက်ပေးတာ။


စိတ်ရှည်စွာ ကြည့်ပေးကြသော အစ်ကို၊အစ်မများအားကျေးဇူးအထူးတင်ရှိပါသည်။

Monday, November 24, 2008

ဟန်းန ဖုန်းနဲ့ ဗိုလ်ကြီး

ရင်နာနာနဲ့ရယ်ရတာပါ။ညတုန်းက ဆိုင်တစ်ဆိုင်မှာတွေ့တာပါ
ကျမထိုင်နေတဲ့စားပွဲနားမှာ ရန်ကုန်လမ်းညွှန်နဲ့ ဖုန်းတစ်လုံးရှိတယ်...
လူတစ်ယောက်ဖုန်းလာဆက်တယ်..သူ့လက်ထဲမှာ ဟန်းဖုန်းပါတယ်...
လိုင်းမကြည်လို့နေပါလိမ့်မယ်...ရိုးရိုးလိုင်းဖုန်းကို သူလာသုံးတာပေါ့...
ကျမကလဲ အင်မတန်စပ်စုပါတယ်..မသိချင်ယောင်ဆောင်နေလဲရရဲ့သားနဲ့
ဒါပေသိ နီးနီးလေးဖြစ်တာတစ်ကြောင်း၊တိုနံ့နဲ့ ကတုံးကေကြောင့်တစ်ကြောင်း
ဂရုစိုက်တာမဟုတ်ပဲ ကြားနေရတာပါ

ဟဲလို...ဟုတ်ကဲ့ ဗိုလ်ကြီး .......... ရှိပါသလား
ဟုတ်ကဲ့ ကျနော် ဗိုလ်ကြီး....ပါ
သူ့သူငယ်ချင်းပါ...ကျနော်သူ့ဟန်းဖုန်းကိုဆက်တာ မရလို့ပါ...
ဟုတ်ကဲ့ ကျနော့်ဟန်းဖုန်းနာပါတ်လေးယူထားပါ..
ဟုတ်ကဲ့ ဗိုလ်ကြီး........ဆက်တယ်ပြောပေးပါ..
ဟုတ် သူ့သူငယ်ချင်း ဗိုလ်ကြီး..............ပါ....

သူငယ်ချင်းချင်းစကားပြောတာကိုများ...
မဏ္ဍပ်တိုင်တပ်တာကလွန်ရော....ရှက်လဲရှက်ကြဘူး....
ကျမနဲ့ ကျမသူငယ်ချင်းမှာ ရယ်လိုက်ရတာ အူကိုလိပ်နေတာပဲ...
အူကိုလိပ်နေတာပဲ....

Saturday, November 22, 2008

အကင်ဆိုင်က ကောင်ကလေး

သူငယ်ချင်းရဲ့ အမေကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုလိုက်ပို့ပေးပြီး
ကိုယ့်နေရာပြန်ရောက်တော့ 7 နာရီခွဲပြီ။မနက်စာနဲ့ညစာပေါင်းစားဖို့စောင့်နေတဲ့
ဗိုက်ကလဲ သိသိသာသာကိုအောင့်ပြနေပြီ။
ဒီနေရာမှာ စားစရာကလဲ ပြောလောက်စရာ၊မက်မက်မောမောဘာမှမရှိပါ...။
ကတ်ကြေးကိုက် စားရင်ကောင်းမလားဆိုပြီးဆိုင်နားကပ်သွားမိတော့ သူ့ဘေးနားက အမှိုက်ပုံနံ့က
တော်တော်လေးနံနေတယ်...(ဒါတောင်ကျမက နားရောဂါနဲ့ရောပြီး အနံ့ခံပါမကောင်းတော့တဲ့သူ)
မဖြစ်သေးပါဘူး၊တော်ကြာ စားနေရင်းထအန်မှဖြင့်..ဆိုပြီး...နဲနဲဆက်လျှောက်လာ...

Moon Bakery ဆိုတာတွေ့တယ်..ဈေးကြီးပြီး ကြာလဲကြာတယ်..ဆက်ဆံရေးလဲမပြေပြစ်ဘူး။
ပယ်လိုက်တယ်...ထမင်းကြော်တစ်ပွဲဆို 2200 လားမသိဘူး။
အဓိကအကြောင်းရင်းကတော့ ဈေးကြီးလို့ပါ...။
သူ့ဘေးက အကင်ဆိုင်မှာ အကင်စားမယ်လို့ဆုံးဖြတ်ပြီး ၀င်လိုက်တယ်...
ကျမဈေးမေးတယ်...ဒါဘယ်လောက်လဲ..ဒါပေမယ့် ဘလောက်စ်အနီရောင်နဲ့ ရွှေဆွဲကြိုးနဲ့အစ်မကြီးက
ကျမဆီအာရုံရောက်မလာဘူး။သူ့ဘေးက ရွယ်တူအစ်မကြီးတစ်ယောက်နဲ့စကားပြောနေတယ်.....

2 မိနစ်လောက်ကြာသွားတယ်...ကျမဘက်ကိုစိတ်မရောက်သေးဘူး။
ဆိုင်သိမ်းခါနီးဖြစ်လို့နေပါလိမ့်မယ်...ကျမစောင့်နေလိုက်တယ်....
သူတို့ဘာတွေပြောနေလဲမသိ၊
ဧည့်သည်အစ်မက ပြန်တော့မယ်လို့ပြောသံကျမှစကားသံကကျယ်လာတယ်...
ကျမလဲ အဲ့စကားကျမှကြားတော့တယ်...
အဲ့ဒိအချိန်မှာ အသက် 15 နှစ်လောက်ရှိတဲ့ ကောင်လေးငယ်ငယ်လေးတစ်ယောက်က
ဧည့်သည်အစ်မနားကပ်သွားပြီး ပြောလိုက်တယ်...ကျမကြားလိုက်တယ်....
သားပျော်ရင် ဆက်နေမယ်...မပျော်ရင်တော့မနက်ဖြန်နေ့လည် 12နာရီဖုန်းဆက်မယ်...
ပြန်လာခေါ်တဲ့...
ကျမသိလိုက်ပြီ...လိုက်ပို့တဲ့အစ်မကြီးက ကောင်ကလေးနဲ့ဘာမှမတော်ဘူး....
သူ့မှာလဲ ယောက်ျားနဲ့ သားလေး 2ယောက်လဲပါလာသေးတယ်...
"အေးပါ..အေးပါ..အစ်မဒါဆို မပေးနဲ့ဦးပေါ့.အခြေအနေကြည့်လိုက်ဦးလေ "ဆိုပြီး
ကားပေါ်တက်သွားတယ်....


ကောင်ကလေးပုံက သပ်သပ်ရပ်ရပ်ရယ်ပါ...။
ဆံပင်လေးကို တိတိပပညှပ်ထားတယ်....
မနေ့ကဒါမှမဟုတ် ဒီနေ့မှညှပ်ထားသလိုမျိုး၊ရှပ်လက်တိုလေးနဲ့...
ပုဆိုးကွက်စိပ်လေးနဲ့.....
မျက်နှာလေးက ပကတိအရိုးအစင်းသား...။
သူ့ရင်ထဲရှိတာ သူပြောလိုက်တာပါပဲ....
ဒါပေမယ့် အစ်မကြီးတွေကတော့ ပိုက်ဆံလွန်သွားမှာကိုသာ စိုးရိမ်နေပုံပါ.။

ကျမလဲမှာစရာရှိတာမှာပြီး ကင်နေတာကိုစောင့်ရင်းက ကောင်လေးမျက်နှာကို
အသေအချာလိုက်ကြည့်နေလိုက်တယ်....။သူ့မျက်နှာပေါ်မှာဘာတွေထင်ဟပ်နေမလဲ...
ဘာတွေအရောင်ပြောင်းလဲသွားမလဲ...
အလုပ်လုပ်တဲ့နေရာမှာများ..တစ်ခုခုပြောင်းလဲသွားမလား...
ပန်းကန်ခွက်ယောက်တွေကို ဆောင့်အောင့်ချတာမျိုး...ဘာမျိုးပေါ့...
ကောင်ကလေးကတော့ အေးအေးဆေးဆေးပဲ၊ပြုံးသလိုတောင် ကျမထင်တယ်။ဘာမှမဖြစ်ဘူး။
သူ့ပုံစံက သူမလုပ်နိုင်တာ၊လုပ်နိုင်တာကို သူ့ ရပိုင်ခွင့်တွေ၊သူ့အလုပ်ချိန်တွေ၊
သူ့အလုပ်ရှင်ရဲ့ ဆက်ဆံရေးတွေကို ထည့်သွင့်စဉ်းစားနေပုံလဲမရဘူး၊
ဒီကြက်ကင်ဆိုင်မှာ အလုပ်ဆက်လုပ်၊မလုပ်ဆိုတာက သူပျော်လား၊မပျော်လားဆိုတာပေါ်မှာပဲ
မူတည်တယ်.ထင်ပါရဲ့....။

သူကအေးဆေးသလောက် ဆိုင်ရှင်အစ်မကြီးကတော့ စရံတောင်မချရသေးတဲ့
အလုပ်သမားအသစ်စက်စက်လေးကို ပဒေသာပင်(Briefing)တွေဝေနေပါပြီ...။
" ပျော်တယ်မပျော်ဘူးရှိမလား။ပိုက်ဆံရဖို့လုပ်တာပဲ...ပိုက်ဆံလိုချင်ရင်တော့
ပျော်ပျော်၊မပျော်ပျော်လုပ်ရမှာပဲ....တကထဲ...သူတို့များ..စားစရာသာမရှိရှိရမယ်...
လေသံကတစ်ပြားသားမှမလျှော့ဘူး" ...စသဖြင့်..စသဖြင့်......

ကျမဆက်မကြားချင်တော့ပါဘူး....ကောင်ကလေးလခဘယ်လောက်ရမှာလဲ။
သူရတဲ့ငွေကြေးကရော....သူမိသားစုစားဝတ်နေရေးအတွက် ဖူလုံပါ့မလား...
သူကိုယ်တိုင်ကရော..မိသားစုစားဝတ်နေရေးအတွက်
ကိုယ့်အသိနဲ့ကိုယ် ရုန်းကန်ပေးဖို့စိတ်ဆုံးဖြတ်ထားတဲ့ကလေးလား...။
သူမှမလုပ်ရင် သူ့အောက်က ညီလေး၊ညီမလေးတွေက ငတ်နေမှာလား.....
ကျမအတွေးတွေက အဆုံးမသတ်တော့.....
ထူးမခြားနား ဘာကိုဒေါသထွက်မှန်းမသိတဲ့စိတ်တွေကလဲ..
ဟိုကဒီကတဖွားဖွားထွက်လို့......

မနက်ကတုန်းက ကျမကအိပ်ယာထကာစ၊ဘေးနားရှိတဲ့ ဆရာမဂျူးရဲ့
မောင်တို့ယောက်ျားတွေ ဆိုတဲ့ရုပ်ရှင်ဆောင်းပါးကိုဖတ်နေတုန်းမှာပဲ
ဦးလေးက DVB ရုပ်မြင်သံကြားကို အကျယ်ကြီးဖွင့်ထားတာ။တစ်ချက်ကြားလိုက်တာ....
နိုဝင်ဘာ 20 ဟာ ကမ္ဘာ့ကလေးများနေ့...တဲ့...
နိုင်ငံတကာကလေးတွေနဲ့ မြန်မာပြည်ကကလေးတွေကြား ကွဲပြားခြားနားချက်တွေကို
ထောင့်စုံကနေတင်ဆက်သွားခဲ့တာ...။တိုင်းရင်းသားကျေးရွာက ကလေးအလုပ်သမလေးကို
မေးထားတာတောင်ပါသေးတယ်ထင်တယ်....
(တကယ်တော့ အဲ့ဒိအစီအစဉ်က တစ်ပတ်စာပြန်လည်တင်ဆက်ခြင်းဆိုတာမှာ
ပါတာလို့ထင်ပါတယ်...ကျမမသေချာပါ)
နားထောင်ရင်းရင်တွေမောနေတုန်း....
ကိုထူးအိမ်သင်မဆုံးခင်လေးမှာတင် တူးတူးပွဲမှာသူအပါအ၀င်ပေါ့..... ဆိုသွားတဲ့သီချင်း....

"နိုင်ငံတကာရင်သွေးလေးတွေ အများအပြားဟာ ကံဆိုးနေရရှာတယ်လေ........

တာဝန်ပျက်သူတွေဟာ..ပေါ့ဆခြင်းလက်နက်နဲ့ ကလေးတို့ရဲ့ ဇီဝိန်အသက်ကိုခြွေခဲ့ပြီ......."
ဆိုပြီး အစီအစဉ်ကိုအဆုံးသတ်ထားခဲ့တယ်...။

အကင်ဆိုင်မှာတွေ့ခဲ့တဲ့ ကောင်ကလေးကို မနက်ဖြန်ညကျရင်
ကျမသွားချောင်းကြည့်လိုက်ဦးမယ်.....
တွေ့ရင်တော့ သူပျော်တယ်ပေါ့၊မတွေ့ရတော့ဘူးဆိုရင်တော့ သူမပျော်ဘူးပေါ့...
ဒီလိုပဲ သတ်မှတ်လိုက်ရတော့မပေါ့....။

သူ့အတွက် ရွေးချယ်ပိုင်ခွင့်ဆိုတာတွေ မရှိဘူး၊
သူ့အတွက် အခွင့်အရေးဆိုတာ ဘာမှန်းမသိဘူး၊
ခေတ်ကပြဌာန်းပြီးသား အခြေအနေတစ်ခုမှာ....သူ့အတွက်အနာဂတ်ဆိုတာ
သူရပ်နေတဲ့ကတ္တရာလမ်းမပေါ်မှာ
နေပူလွန်းရင်ဖြစ်လာတတ်တဲ့ အခိုးအငွေ့တွေလိုပဲ...၀ါးတားတားပဲ...............။

တာဝန်ပျက်သူတွေဟာ ပေါ့ဆခြင်းလက်နက်နဲ့.....................
ကျမ မနက်ကကြားခဲ့ရတဲ့သီချင်းလေးပြန်ညည်းပြီး ထွက်လာခဲ့တယ်....
မနက်ဖြန်ညကျရင် အကင်ဆိုင်ကကောင်ကလေးကိုသွားကြည့်ဦးမယ်
စိတ်ကူးတယ်...................။


Friday, November 21, 2008

ချစ်ခြင်းဖြင့် ခွဲခွာခြင်း

နင်အဆင်ပြေနေတယ်ဆိုတဲ့အတွေး
နင်ပျော်ရွှင်နေတယ်ဆိုတဲ့ အတွေး
နင်ပူလောင်မွမ်းကြပ်မနေဘူးဆိုတဲ့အတွေး
အနဲဆုံးဟာ
နင်..
မနက်စာ၊ညစာမှန်အောင်စားနေရတယ်ဆိုတဲ့အတွေး
အဲ့ဒိအတွေးတွေခံစားသိရုံနဲ့
ငါနေပျော်တယ်...။

ကျမကသူ့ကိုထားခဲ့တာလား၊
သူက ကျမကိုထားခဲ့တာလား၊
နှုတ်ဆက်ခြင်းဆိုတာက ချစ်ခြင်းတရားနဲ့အတူ လမ်းခွဲရသူတွေအတွက်
မလိုအပ်လှဘူး.....။
သူ့ကြောင့် စိတ်ထွေတယ်....။
ဒါဆို......
နှုတ်မဆက်ဘဲ ထွက်သွားတဲ့အခါ...
ချစ်ခြင်းတရားကို ပွေ့ဖက်ပြီးလွမ်းနေရတာလား။
ကျမ.....အချစ်နဲ့ကင်းကင်း...နာကျည်းချင်ပါတယ်.....။

ခွဲခွာခြင်းဆိုတာမှာ စွန့်လွှတ်ခံရသူနဲ့၊စွန့်လွှတ်လိုက်တဲ့သူ
ဘယ်သူကပိုခံစားရတတ်သလဲ...
ကျမအထင်တော့ စွန့်လွှတ်လိုက်ရတဲ့သူက ပိုမလားပဲ။
စွန့်လွှတ်ခံလိုက်ရတဲ့သူမှာ နာကျည်းခြင်းနဲ့ ဖြေသာတယ်...။
စွန့်လွှတ်လိုက်ရသူကတော့ အမုန်းရယ်...အရှုံးရယ်...ဟန်လုပ်အပြုံးရယ်နဲ့...
ကိုယ်ဘာကောင်လဲသေချာမသိတော့၊
ကိုယ်ဘာကောင်လဲ သေချာမသိချင်တော့တဲ့ဘ၀....။

မှန်@4D

Thursday, November 20, 2008

အပြန်လမ်းပေါ်က အတွေး

ပြန်ရပြီဆိုလျှင် ခရီးဆိုသည်မှာ အလွမ်းတွေကိုသယ်ဆောင်လာသေလမ်းဖြစ်ပါသည်။ တဲ့
ကျမဖတ်ဖူးတဲ့ စာတစ်ကြောင်းပါ..။
တစ်နေ့နဲ့ တစ်ညခရီးက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အရုပ်ကြိုးပြတ်လျော့ကျသွားစေပါသလား။
မဟုတ်လောက်ဘူးထင်ပါတယ်..။အသွားခရီးတုန်းကလဲ ဒီအကွာဝေးပဲဟာ..။အေးလေ အဲ့ဒိတုန်းကတော့
အေးမြမှုတွေ၊ရှမ်းမလေးတွေ၊မီးပုံးပျံတွေ၊ရှမ်းတောင်တန်းတွေ၊မြူတွေဆီးကြိုနေတဲ့နေရာကိုရောက်သွားရတာဖြစ်ပြီး
အပြန်လမ်းကတော့ အတွေးများ၊မီးခိုးငွေ့များရှိရာ၊ပူလောင်အိုက်စပ်သောတိုက်ခန်းတစ်ခုဆီသို့...
ဆိုတော့လဲ ဒီလောက်တော့ကွာခြားမှာပေါ့...။
ဒီရက်ထဲ စာတွေရေးဖြစ်အောင် ကြိုးစားပါဦးမယ်..။
ကျမမရှိတဲ့ရက်ထဲမှာ လာလည်ပြီး ကွန်မန့်တွေလဲပေးခဲ့တဲ့ အစ်ကို၊အစ်မများအားကျေးဇူးအထူးပင်တင်ရှိပါသည်။

Thursday, November 06, 2008

လမ်းမပေါ်မှာရေးခဲ့တဲ့ စာ

စာရေးဖို့အာရုံကမရ.. အာရုံရတဲ့အချိန်ကလဲ ယားလို့တောင်ထုံးတို့ထားရမယ့်အချိန်မျိုးမှ ရေးစရာ အကြောင်းအရာ၊ ရေးဖို့အာရုံဝင်စားမှုကရတတ်သည်။ အဲ့ဒါမကောင်းပါ.။ ကိုယ့်ကိုယ်ကိုလဲ လက်မခံပါ.။

လမ်းမပေါ်လမ်းလျှောက်ရတာများတော့ လမ်းမပေါ်ကအကြောင်းအရာတွေပဲ ရေးချင်နေမိတော့သည်။
ရေးဖို့အကြောင်းအရာကလဲ လမ်းမပေါ်ကအကြောင်းအရာတွေပဲ ဖြစ်သလို ရေးဖို့အာရုံကလဲ လမ်းမပေါ်မှာပဲပေါ်လာတတ်သည်။ မေ့တတ်တဲ့သတိကို အားတင်းပြီး အင်တာနက်အဆက်အသွယ်ရတဲ့ နေရာထိသယ်လာရသည်။

ကျမလျှောက်နေကျ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာပေါ့...။ မိုးကုန်ပြီဆိုတော့ လူက နဲနဲလန်းလန်းဆန်းဆန်းရှိလာသလိုပဲ.. ရာသီဥတုကလဲ သာယာလာတယ်၊လမ်းတွေလဲ ပိုလျှောက်လို့ကောင်းလာတယ်..။ ရန်ကုန်မိုးရဲ့ နှောက်ယှက်မှုကကင်းကင်းနဲ့လမ်းလျှောက်ရတာ သိပ်ကိုနှစ်သက်ဖို့ကောင်း။ ဆောင်းလေကလဲ ခုဆိုတချက်တချက်မှာ အေးခနဲ..။ ဝေ့ခနဲ..။ ဒါပေမယ့် အဲ့ဒိ အရသာတွေကို  ၀ါးမြိုပစ်မယ့် ဇာတ်လမ်းတွေက စတင်ဖန်လာနေတာတွေ့ရတော့ တော်တော်စိတ်ညစ်ရတယ်..။
အထူးသဖြင့် လမ်းလျှောက်ရနေတဲ့လူတွေအတွက်ပါ..။ ကျမကိုယ်တိုင်လဲပါတာပေါ့။

ကိုယ့်အတွက်၊ လမ်းမပေါ်မှာ လမ်းလျှောက်နေရတဲ့လူတွေအတွက် အန္တရာယ်သိပ်များတဲ့ အခြေအနေတွေက အရင်ကထက်ပိုပိုဆိုးလာခဲ့ပြီ။

ဘာတွေများလဲ..။အားလုံးလဲသိပြီးသားပဲနေမှာပေါ့..။ ဒါပေမယ့် ကျမအထင် ခုပိုဆိုးလာတယ်။
လုပ်ချင်တာကိုလုပ်ချင်သလိုလုပ်နေကြမှန်းသိသာလွန်းတယ်။ သိသာအောင်များလုပ်ပြနေတာလားလို့ တွေးမိသည်။ ငါတို့လုပ်ချင်တာလုပ်တယ်၊ဘယ်ကောင်ဘာပြောချင်လဲ၊ဘာမှနားထောင်နေစရာမလို၊
ဘာမှဂရုစိုက်နေစရာမလိုလို့များ ခံယူချက်ထားတာလားတော့မသိပါ.။ ဘာမှလဲမထင်ပါဘူး။ဘာမှလဲ မထင်ချင်တော့ပါဘူး၊တစ်ခုပဲရှိတယ် အန္တရာယ်ဖြစ်ခဲ့ရင်အရင်ဆုံးခံရမှာက လမ်းမပေါ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်နေတဲ့သူတွေပေါ့..။

9 ဂ တွေ၊8 ဃ တွေပေါ်ကလူတွေကတော့ဘာမှမဖြစ်ဘူးပေါ့။ ဆိုက္ကားဆရာများ၊ စက်ဘီးသမားများ၊လမ်းလျှောက်သူများ၊ ဘတ်စ်ကားမှတ်တိုင်က ခရီးသည်များ၊ လမ်းပေါ်က ကလေးငယ်များ၊သက်ကြီးရွယ်အိုများ ... ဒီလူတွေတော့ ဖြစ်တာပေါ့။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကိုဖြစ်တာပေါ့..။ကြားလိုက်ရတဲ့ ကားတိုက်တဲ့သတင်း၊ နားနဲ့ရော မျက်စိနဲ့ရော မဆန့်မပြဲကိုကြားနေရတာ..။ ဒါပေမယ့် အဲ့ဒိ 9 ဂ တွေ၊၈ ဃတွေဖြစ်တယ်ဆိုတဲ့ အသံတစ်ခါမှာမကြားရသေး၊ တစ်စီးမှ မပါဘူးသေးဘူး။ဒုံးပျံလိုကားတွေ မပါသေးဘူး။ သူတို့ပြည်လမ်းမပေါ်မှာတော့ ဒီလိုအဖြစ်မျိုးတွေဘယ်ရှိပါ့မလဲ..။

ဒီလိုအဖြစ်မျိုးတွေ ဘယ်နေရာတွေမျိုးမှာရှိတတ်သလဲ..။ လူမွဲတွေရဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်တယ်...။လူမွဲတွေနဲ့ ဒီအန္တရာယ်တွေက နေ့တိုင်းနီးပါးနီးစပ်နေတယ်..။ လက်တစ်ကမ်းအလိုမှာအမြဲရှိနေတယ်..။

ကားမှတ်တိုင်ရယ်၊လူကူးမျဉ်းကြားရယ်၊ လမ်းဆုံမီးပွိုင့်ရယ်ကို 1 မီတာပတ်လည်အတွင်းမှာတင် နေရာချထားတဲ့ နေရာမျိုးတွေမှာပေါ့။ တွေးကြည့်ပါ။ ကားမှတ်တိုင်နဲ့ လမ်းလေးခွ၊ငါးခွဆုံတဲ့ မီးပွိုင့်နဲ့က 1မီတာလောက်တောင်မဝေးချင်ဘူး။ အဲ့ဒိကြားထဲမှာ လူကူးမျဉ်းကြားကိုရိုက်ထားတယ်..။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုတာကို ကျမဘာမှနားမလည်ပါဘူး။ သာမာန်လူပြိန်းအမြင်နဲ့ပြောတာပါ။ဒီလိုနေရာချထားတာက တကယ်စစ်မှန်တဲ့နေရာချထားမှုပုံစံလဲဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လူတွေနဲ့၊ကားတွေနဲ့ရဲ့ မြင်ကွင်းကတော့ ကြာကြာကြည့်ရင်နှလုံးရောဂါရနိုင်ပါတယ်။ (မကြည့်ချင်ပဲလဲ ကြည့်နေရတာပါပဲ)၊ မှတ်တိုင်က ဆောင့်ကြီးအောင့်ကြီးနဲ့ တဗူးဗူးနဲ့ထွက်လာတဲ့ ကားတွေ၊
အချင်းချင်း ဆဲကာ၊ ဆိုကာနဲ့ မကျေမနပ်ဖြစ်ပြီး မောင်းလာတဲ့ကားဆရာတွေ၊ ခိုးကြောင့်ခိုးဝှက်နဲ့လိုက်ဖမ်းမယ့် ပရုပ်လုံးအလစ်မှာ သုတ်သီးသုတ်ပျာလမ်းကူးနေတဲ့သူတွေ၊ ကားပေါ်ကဆင်းလာပြီး ကားကိုပတ်ကွေ့ပြီး လမ်းကူးဖို့မျဉ်းကြားမှာရပ်စောင့်နေတဲ့ လူတွေ။ ဘယ်သူတွေက ဆဲခံထိလဲ။
လမ်းပေါ်ကလမ်းလျှောက်နေတဲ့လူတွေပါပဲ။ ဆဲပြီး ကားမောင်းထွက်သွားတဲ့သူကို လမ်းပေါ်ကလူတွေက ဘာမှ ပြောချိန်တောင် မရလိုက်ကြပါဘူး။ မခံချိမခံသာနဲ့၊ အောင့်သက်သက်နဲ့သာ ငြိမ်နေရတာပါ။
ဒါမျိုးတွေက ဘယ်လိုနေရာတွေမှာလဲ။ Public place တွေမှာပါပဲ။ အထူးသဖြင့် မျက်နှာမွဲတို့ ကျင်လည်ရာ နေရာတွေမှာပါပဲ။

ဒါမျိုးတွေ ရန်ကုန်မှာ 4 ၊5 နေရာနဲ့အထက်ရှိတယ်။ ရှစ်မိုင်လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊တာမွေအ၀ိုင်း၊ စသဖြင့်ပေါ့။ ဒိထက်ဆိုးတဲ့နေရာတွေလဲရှိသေးတယ်။ ဘုရင့်နောင်၊ပေါက်တောဝလမ်းဆုံများ၊ နောက်ပြီး ဖော့ကန်လမ်းဆုံ။

ဒီလို နေရာတိုင်းမှာ လူ့မလိုင်တွေအတွက်လဲ နေရာရှိတယ်။သူတို့လဲ ရောသောပြီးရှိနေတတ်တာပဲ။
ဒါပေမယ့်သူတို့ကျတော့ ဒီလိုအဖြစ်တွေ မကြုံရဘူး။ မျက်နှာမွဲတွေသာ .....။

ကျမတွေးမိတယ်..။နောက်ဆိုရင် လမ်းလျှောက်တဲ့လူတွေအတွက်လဲ လူ signal ဖန်တီးပေးရမယ်လို့။
ဟုတ်တယ်မှုတ်လား။ဘယ်ဘက် signal ပြတယ်။ဘယ်ဘက်ကို တက်မယ် ။ သူ့ဘာသူရှောင်ချင်ရှောင် မရှောင်ချင်လို့တိုက်မိလဲ ဘာဖြစ်ဖြစ် မကောင်းဘူးလား။ညာဘက်ဆိုလဲ ဒီလိုပဲပေါ့။ လူ့ ဆစ်ကနယ်လုပ်ဖို့အတွက်ကျတော့ ဘာမှ ထွေထွေထူးထူးမလိုဘူး။ လမ်းမပေါ်ကလူတန်းစားတွေတတ်နိုင်မယ့် သီတင်းကျွတ်ရင်ကလေးတွေ ကစားတဲ့မီးလုံးပျော့စိလေးတွေကို သုံးမယ်။အဲ့ဒါလေးတွေက ပျော့စိ၊ ပျော့စိနဲ့။ လက်ထဲမှာ ဘယ်တစ်ဖက်ညာတစ်ဖက် ကိုင်ထားလိုက်ရုံပဲ။ ညာဘက် signal ဆိုဘာဘက်လက်ထဲကအလုံးလေးကိုဖြစ်ထည့်လိုက်။သူကအလုံးလေးကိုဖြစ်လိုက်ရင် အရောင်လေးတွေ လင်းလာတတ်တယ်...။ ဘယ်ဘက် signal ဆိုဘယ်ဘက်လက်ထဲက အလုံးလေးကိုညှစ်ထည့်လိုက်၊ပြီးရော... မရှောင်ပေးတဲ့လူဆိုဘာမှလုပ်မနေနဲ့။စောစောက ဒုံးပျံလိုကားပေါ်ကလူတွေလိုပဲ အော်သာဆဲခဲ့လိုက်၊ ကောင်းလိုက်တဲ့အကြံ အေးရော။ အဲ ဒါပေမယ့် ဖနောင့်နဲ့တင်ပါး တစ်သားထဲကျအောင်တော့ ပြေးတတ်ဖို့လိုလိမ့်မယ်...ထင်တယ်။

ဒီလောက်ပါပဲ။
လမ်းမပေါ်မှာတွေ့ရ၊ကြုံရတာလေးတွေကို ပြန်ပြီးအတင်းအုပ်တာပါ။

မနေ့က ကော်နက်ရှင်အခက်အခဲကြောင့် စာအကျအပေါက်များကိုသေချာပြန်မစစ်ခဲ့ဖြစ်၊
ဒီနေ့ပြန်စစ်ပြီးပြန်တင်ထားပါတယ်..။

Wednesday, November 05, 2008

မြန်မာပြည် အင်တာနက်အခြေအနေ

မနေ့က(၄.၁၁.၀၈) ညနေ 6 နာရီလောက်ထဲကကျသွားလိုက်တဲ့
အင်တာနက်ကော်နက်ရှင်က ဒီနေ့ ခုစာရေးနေချိန်ထိ(တင်လို့ရမရတော့မသိသေးပါ)
ကောင်းကောင်းကိုပြန်တက်မလာသေးပါဘူး...ဘယ်မှလဲ သွားလို့မရ ဘာမှလဲလုပ်လို့မရ....။
ကျသွားလိုက် ပြန်တက်လာလိုက်နဲ့...loading ဆိုတာကိုကြည့်ရင်းက လူလဲမူးနောက်လာပြီ

အိုဘားမား အမေရိကန်သမ္မတဖြစ်တာနဲ့များပတ်သတ်နေလို့လား...
(ဆိုင်လားတော့မသိဘူး တစ်ခါတစ်ခါကျတော့ ဒီလိုအူကြောင်ကြောင်ခန့်မှန်းချက်တွေက မှန်သွားတတ်တယ်လေ..)
အရင်ထဲက ၊ရွေးကောက်ပွဲရက်တွေထဲက ဒီကောင်အိုဘားမားနိုင်လို့ကတော့ ငါ့ဆီကဟာတွေကို
ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ပဲ လို့များတေးထားခဲ့သလား ..။

ဒီလောက်တောင်ပဲ ရက်စက်လှချည်လား...ဟင်...
ရက်တွေဆက်လာတော့ မကောင်းတော့ဘူး..ပြောတာတော့ ပုဂံနတ်ကကိုက ဒေါင်းနေတာပါတဲ့..

ခါတိုင်းလိုတောင် ကျော်လို့ ခွလို့လဲ မရတော့ဘူး.. 8:(

Tuesday, November 04, 2008

သမိုင်းတစ်ခုစတင်ရာနေရာ

"မ,အအောင် သမိုင်းသင်တယ်"လို့ဆိုတဲ့ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ ဇာတိရွာလေးကိုလှမ်းရိုက်ထားတဲ့ပုံတွေပါ...။
ကျမဒေါက်တာသန်းထွန်းကို ငသိုင်းချောင်းမြို့အထက်တန်းကျောင်းရဲ့ နှစ် 50ပြည့်ပွဲမှာတုန်းက
နတ်တော်လပြည့်နဲ့လဲ ရက်တိုက်လို့လုပ်တဲ့ စာပေဟောပြောပွဲမှာပဲ တစ်ခါဆုံဖူးတယ်...။(ဆုံဖူးတယ်လို့ဆိုတာထက် မြင်ဖူး၊ကြုံဖူးခဲ့တာပါ...)
အဲ့ဒါက လွန်ခဲ့တဲ့ 6 နှစ်လောက်ကပါ...။အဲ့ဒိစာပေဟောပြောပွဲတုန်းက သူဘာတွေဟောခဲ့၊ပြောခဲ့လဲဆိုတာထက်
ကျမနားထဲမှာ ဘယ်တော့မှမထွက်တဲ့စကားတစ်ခုကိုပဲ မှတ်မိနေပါတယ်..။
အရှုံးခံပြီး ထုတ်ပေးမယ့်ထုတ်ဝေသူတွေရှိနေသရွေ့သူသမိုင်းစာအုပ်တွေဆက်ရေးနေပါဦးမယ်တဲ့....။
ဘာလို့ဆိုတော့ကျနော့်စာအုပ်တွေကို ဖတ်တဲ့လူသိပ်မရှိလို့ပါတဲ့...။အဲ့ဒိတုန်းကထဲက ဆရာကလူထူ၊လူထဖြစ်နေပြီ။
ခုတော့ဆရာမရှိတော့ပါဘူး..။သူ့ရွာလေးကလူတွေထဲမှာ တချို့လဲသူ့အကြောင်းသိသူတွေရှိသလို...မသိတဲ့သူတွေလဲ
အများကြီးပါပဲ....။ကဲဒါတွေထားပါတော့လေ...ကျမရဲ့ မလှပေမယ့်ကြိုးစားပမ်းစားရိုက်ထားတဲ့ပုံလေးတွေကိုပဲ
တင်လိုက်ပါပီ...။ဓာတ်ပုံအားလုံးကို င၀န်မြစ်တစ်ဖက်ကမ်းကနေ လှမ်းရိုက်ထားတာပါ...။

မြန်မာရွာတွေရဲ့ထုံးစံအတိုင်းရွာဦးစေတီလေးလဲ ရှိတယ်...။င၀န်မြစ်ရေကတသွင်သွင်စီးနေတယ်...။


မိုးကလဲရွာတော့မလိုဖြစ်လိုက်၊လင်းလာလိုက်နဲ့ ၊နောက်ပြီးကျမကလဲ မရိုက်တတ်တာကြောင့် သေချာတော့မမြင်ရဘူး။
လှမ်းမြင်နေရတဲ့မြစ်ဝကနေ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့တော်တော်များများကိုသွားလာနိုင်တယ်...။


ဒါကတော့ ငသိုင်းချောင်း(ငါးသိုင်းချောင်း)မြို့ရဲ့မြစ်ဆိပ်ပေါ့...။
ရေလမ်းခရီးကြောင့် ဒီမြို့ကလူတွေကခြေလှမ်းတွေပိုကျဲလေ့ရှိတယ်....။

ကျေးဇူးတင်ပါသည်...။

Sunday, November 02, 2008

ဆောင်းဝင်ပြီလား

ဒီရက်ထဲကောင်းကောင်းနေမကောင်းပါ..။ရာသီအကူးအပြောင်းမို့ထင်ပါရဲ့....။
မိုးကလဲ မကုန်တကုန် ဆောင်းကလဲမပီပြင်သေးဘူး။
အေးလိုက်တဲ့လေ တချက်လေးဝေ့လိုက်ရင် ရင်ဘတ်ထဲထိစိမ့်တယ်...။
ဒါပေမယ့် ရန်ကုန်မှာလေကဘယ်အရပ်ကတိုက်လို့ ဘယ်အရပ်ကိုသွားမှန်းမသိဘူး။
ညနေဘက်ဆို အရင်ရက်တွေလို မိုးအုံ့သလလိုလို၊မှိုင်းသလိုလို မဟုတ်တော့ဘူး။
တိမ်တွေက အရောက်တောက်တယ်...။နေ၀င်ချိန်ရဲ့ အရောင်များကို သေချာထိတွေ့ခွင့်ခံစားလို့ ရတယ်...။လူတွေအားလုံးကလှနေတယ်...။

8 ထပ်တိုက်ကနေမြင်ရတဲ့တိမ်တွေက ကိုယ့်နားနီးနီးရှိနေသလိုမျိုးလေးခံစားရတယ်...။
တိမ်တွေက အမျှင်လေးတွေ၊အရင်လို အလိပ်အခဲတွေမဟုတ်တော့။
ဖြူပြီးသန့်နေတယ်...။ကင်မရာက လတ်တလောအိမ်မှာမရှိနေတာနာတယ်။

စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာ...ဘယ်သူရေးတာလဲ သေချာမမှတ်မိတော့ဘူး။
တက္ကသိုလ်နောက်ခံဝတ္ထုဆိုတော့ ဆရာမင်းလူပဲ ထင်ပါတယ်..။ကျမအမှတ်မမှားဘူးဆိုရင် သူရေးထားတာကဒီလို..။
ပင်မတက္ကသိုလ်ကြီးရဲ့ ဆောင်းရာသီအလှကို ခံစားချင်ရင် နိုဝင်ဘာတစ်ရက်နေ့ကိုသွားကြည့်လို့
ရေးထားတာဖတ်ဖူးတယ်...။ခါတိုင်းနှစ်တွေရောက်ဖြစ်တယ်...။ခံစားရင်းဂုဏ်ယူဖြစ်တယ်..။
ဒီနှစ်တော့ နေမကောင်းတာနဲ့ ဘယ်မှမသွားနိုင်၊
မိုးမကုန်ပဲ ကူးတဲ့ဆောင်း။
ဒီနှစ်ဆောင်း ဘာတွေဖြစ်ဦးမလဲ မသိ....။လူတွေကိုအေးချမ်းစေတဲ့ဆောင်းဖြစ်မလားမသိ။

Saturday, November 01, 2008

နတ်မတောင်ဘုရား နဲ့ ရွာဘုရားလေးတစ်ဆူ

ဒါက နတ်မောက်ကနေ 15 မိုင်လောက်ထွက်လိုက်ရင်ရောက်တဲ့ နတ်မတောင်ပေါ်ကဘုရားပုံပါ...။




အညာရွာတွေထဲမှာ ဒီဘုရားလေးရှိတဲ့ရွာက ကံတော်တော်ကောင်းတယ်ဆိုရမယ်..။
ရေရှားတဲ့ဒေသပေမယ့် သူတို့ရွာမှာတော့ တစ်ရွာထဲကွက်ပြီး ရေပေါတယ်..။ရေလှိုင်တယ်လို့
ဆိုလို့ရမယ်..။နာမည်ကိုက "ရေယိုရွာ"တဲ့..။
ဆိုတော့ ဒါကရေယိုဘုရားပေါ့..။

နတ်မောက်ကိုသွားတုန်းက ရိုက်ထားတဲ့ပုံတွေထဲက ဘုရားပုံလေးတွေပဲ
ရွေးတင်လိုက်ပါတယ်..။ကိုယ်က ပရောက်ဖက်ရှင်နယ်တစ်ယောက်လဲမဟုတ်ပါဘူး။
ရိုက်ချင်သလိုရိုက်ထားခဲ့တာဖြစ်ပါတယ်..။စိတ်ကူးလဲသိပ်မရှိခဲ့ပါဘူး။
ဓာတ်ပုံရိုက်ရတာကိုတော့ ၀ါသနာပါပါတယ်..။ဒီလိုပဲ ဟိုစပ်စပ်ဒီစပ်စပ်ကတော့ ၀ါသနာကပါနေတာပါပဲ..
ကဗျာလိုလို၊စာလိုလို၊ဓာတ်ပုံလိုလိုပေါ့..။

ဒီနေ့ နိုဝင်ဘာလဆန်းတစ်ရက်မို့
အစ်ကို၊အစ်မများအားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း
ဆုတောင်းရင်း ဘုရားပုံများကိုတင်ထားပါတယ်.........။

Thursday, October 30, 2008

မိုးမချုပ်ခင် အိမ်ပြန်မယ်

ဖြစ်သလို
ပြီးဆုံးသွားတဲ့အတိတ်မှာ
ကိုယ့်စိတ်တွေ မဖြူစင်ခဲ့ဘူး..။

ကိုယ်ကိုယ်တိုင်
စိတ်ရှိလက်ရှိ ဆွတ်ခူးစားသုံးခဲ့တဲ့
အရည်ရွှမ်း သစ်သီးတစ်လုံးအတွက်
ဆုံးရှုံးမှုတွေ နောင်တမရ
တသသစွဲမက် ဆဲ......

အမှားတစ်ခုအပေါ်
အမှားတစ်ခုက အရိပ်ထိုးကျပြန်တော့
ကိုယ့်ရာဇ၀င်ဟာ
မှောင်သထက်မှောင်ကျ
တရားရစရာမမြင်
ရှင်လျက်နဲ့ အဓိပ်ပါယ်ကင်း
တွင်းတူး မြှုပ်ပစ်ရတော့မယ်.....

ဘာပဲဖြစ်ဖြစ်လေ
ရတောင့်ရခဲ ဘ၀တစ်ခုအတွက်
အမည်းစက်တွေကင်းစင်ဖို့
ရှေ့ဆက်စီးဆင်းရမယ့်မြစ်မှာ
ညစ်ပတ်တဲ့စိတ်ကိုရေချိုး
မိုးမချုပ်ခင် အိမ်ပြန်မှဖြစ်မယ်.........။

မောင်နှင်းပန်(ရေနံချောင်း)
ချယ်ရီမဂ္ဂဇင်း၊ဒီဇင်ဘာလ၊၂၀၀၇ မှပြန်လည်ကူးယူဖေါ်ပြပါသည်။

Wednesday, October 29, 2008

ဆေးလိပ်နဲ့လူများ

မနေ့တုန်းက အလုံက Parisian မှာကော်ဖီသွားသောက်ကြတယ်..။
အစ်မနဲ့ သူကလေးနှစ်ယောက်လဲပါတယ်..။
အကြီးမက ၃ နှစ်ပြည့်တော့မယ်..။
အငယ်လေးက ခုမှ ၃ လသားပဲရှိသေးတယ်..။
အပြန်ကားငှားကြတော့ ထိုးရပ်လာတဲ့ကားပေါ်ကကားဆရာက လက်ထဲမှာစီးကရက်နဲ့..။
ဒီနေရာမှာကျတော့ ကျမအားမနာတတ်တော့ပါဘူး..။
ကျမမျက်စိက ချက်ချင်းအဲ့ဒိဆေးလိပ်ဆီကိုရောက်သွားတယ်..။
ကားဆရာကလဲသိပါတယ်..။
ချက်ချင်းလက်ထဲက ဆေးလိပ်ကိုတောက်ထုပ်ပစ်လိုက်တယ်..။
ကျမကြည့်လိုက်တော့ ဆေးလိပ်ကမီးညှိကာစပဲရှိသေးတယ်..။အဲ့ခါကျတော့မှ အားနာမိတော့တယ်..။
တကယ်ဆို မီးလေးငြိမ်းပီး ထားလိုက်ရောပေါ့..။
ထားပါတော့လေ..၊ကားဆရာကို ကျမစိတ်ထဲကကြိတ်ပြီးလေးစားဂုဏ်ယူမိတယ်..။
ကားပေါ်ကဆင်းတော့တောင် ခါတိုင်းပြောနေကျလို ကျေးဇူးအစ်ကိုလို့မပြောမိပဲ
ဆောရီးနော်အစ်ကို ဆိုပြီးယောင်မှားပြောမိခဲ့သေးတယ်..။

လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ရှိကြတယ်ဆိုပေမယ့် ကိုယ့်ရယူထားတဲ့အခွင့်အရေးကြောင့်
သူများမှာ ထိခိုက်စေတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့..။နောက်ပြီး အငှားကားဆိုတာက
ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား..။ဒါဆို ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်မရှိတဲ့
ဘ၀တွေမှာကျတော့ရော...ဘယ်လိုတွေကြုံရတတ်သလဲ........။


ဒီနေ့..။
ကျမတို့ Favourite Place စိမ်းလန်းစိုပြေကိုသွားကြတယ်..။
အကြီးမ တူမလေးပဲပါတယ်..။သူကဟိုဟိုဒီလျှောက်ကစားတယ်..။
ကျမတို့က ကိုယ့်စားပွဲမှာပဲထိုင်နေရင်းက သူ့ကိုလိုက်ကြည့်နေရုံသာ..။

စားလို့သောက်လို့ပြီးခါနီးတော့ ဘေးစားပွဲကိုလူသုံးယောက်ဝင်လာတယ်..။
သူတို့ပုံစံတွေကို ကျမပြောပြချင်တယ်..။ပုံစံတွေလို့ပြောတာက သုံးယောက်လုံးကပုံတူတွေမို့လို့ပါ..။
ဘယ်လိုပုံစံတွေဖြစ်မလဲ..။သိပ်ချစ်လို့ ပုံစံတူတွေဖြစ်နေတာတော့မဟုတ်နိုင်ပါဘူး။
ဆံပင်ကလဲ ပုံစံတူ၊တိုနံ့နံ့တွေ၊နောက်ပြီး စတိုင်ပင်တွေကိုပဲဝတ်ထားတယ်..။
အပေါ်က Sport Shirt လို့ခေါ်ရမယ့် ရှပ်လက်တိုတွေနဲ့..။အရောင်သာကွဲချင်ကွဲမယ်..။
အဆင်ဒီဇိုင်းကတော့ အတူတူတွေပဲ..။ပတ်လည်စင်း ရှပ်တွေ၊
လမ်းလျှောက်ပုံ ကကျတော့ရော..တစ်ပုံစံတည်း။ဘယ်ညာ၊ဘယ်ညာအော်ပြီးလျှောက်နေသလိုပဲ ..။
ညီလို့ ညာလို့ ။ကဲ ဘယ်သူတွေဖြစ်မလဲ..။စဉ်းစားသာကြည့်ပါတော့..။ဘယ်သူတွေဖြစ်မလဲဆိုတာ..။

အရိပ် အရောင်၊အနံ့၊အငွေ့အသက်ရရုံနဲ့ ရင်ထဲကပျို့အန်ချင်လာတယ်..။
တကယ်..။ကျမတူမလေးရပ်နေတဲ့စားပွဲဆီကိုသူတို့ဦးတည်သွားနေတယ်..။
ကလေးဆန်တယ်ပဲပြောပြော တူမလေးကို ချက်ချင်းလှမ်းခေါ်လိုက်တယ်..။
စိတ်ထဲမှာလဲ ဘာလို့သူတို့က လူကြားသူကြားထဲထိရောက်လာတာလဲလို့တွေးပြီး ဒေါသထွက်နေမိတယ်..။
ခုလက်ရှိအခြေအနေမှာ သူတို့တွေကိုနေရာတကာမှာတွေ့နေရတယ်..။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..။
ကင်းလိပ်ချောလို ပျောင်ချော်ချော်နဲ့..။

သူတို့သုံးယောက်လုံးလက်ထဲမှာလဲ ဆေးလိပ်ကိုယ်စီနဲ့..။
Thanks for No Smoking ဆိုတဲ့စကားကိုပဲ နားမလည်တာလား။
ဒါမှမဟုတ် လူ့စည်းကမ်းဆိုတာကိုနားမလည်တာလား။
ဒါမှမဟုတ် မရတဲ့လူ့အခွင့်အရေးကို လူကြားသူကြားထဲမှာမှ တရားဝင်လာပြီး အသုံးချပြတာလား..။

သူတို့အနားမှာ 3 နှစ်အရွယ်ကလေးငယ်တစ်ယောက်ရှိနေတယ်..။
ဘုမသိ၊ဘမသိနဲ့ သူတို့ကို မော့ကြည့်နေတယ်..။
သူတို့မသိဘူးလား။ကိုယ့်အပြုအမူက တခြားတစ်ယောက်ကို၊အထူးသဖြင့်
ဘာမှမသိနားမလည်တဲ့ ကလေးငယ်တစ်ယောက်ကို ထိခိုက်နေတယ်ဆိုတာ..။
လူသာမာန်ဆိုရင်တောင် ကျမဒီလောက်ထိ ဒေါသဖြစ်လိမ့်မယ်မထင်ပါ..။

ဆေးလိပ်သောက်တာ အပြစ်လို့ ကျမ လုံးဝမယူဆပါ..။
လူတိုင်းမှာ ကိုယ်နှစ်သက်ရာကိုယ်လုပ်ခွင့်ရှိပါတယ်..။
ကိုယ့်ကိုယ်ကိုကျေနပ်နေကြရင်ပြီးပါတယ်..ဘယ်သူမှ ဘာမှလိုက်ပြီးခံစားနေစရာလဲ
မလိုအပ်ပါဘူး..။ဒါပေမယ့် လူသားချင်းစာနာစိတ်ကလေးရှိဖို့တော့ လိုတာပေါ့..။
မဟုတ်ဘူးလား..။

ကျမပြေးသွားပြီး တူမလေးကိုပြေးသွားပြီး ခေါ်လိုက်တယ်..။
သူ့ကို ဆေးလိပ်အနံ့အသက်တွေနဲ့ဝေးရာ..၊ညစ်ညမ်းတဲ့ပတ်ဝန်းကျင်နဲ့ဝေးရာ ကျမခေါ်သွားမိပါတော့တယ်..။
ကျမသူ့ကို ဒီပတ်ဝန်းကျင်မှာ မကြီးပျင်းစေချင်ဘူး..။
ဒီမှာရှိနေတဲ့ ကလေးတိုင်းကိုရော ဒီပတ်ဝန်းကျင်မှာ၊ဒီခေတ်ပျက်ထဲမှာ မကြီးပျင်းစေချင်ဘူး။

လွမ်းဆွတ်

အိပ်မက်တွေ
လာရာလမ်းအတိုင်း လှည့်ပြန်ကြ
ညရေ လွမ်းဆွတ်...။

ပန်းတွေ
အပွင့်အတိုင်း ကြွေကြွေကျ
နွေရာသီရေ လွမ်းဆွတ်...။

ဒိုင်ယာရီတွေ
မျက်ရည်အတိုင်းစီးကျ
အနမ်းရေ လွမ်းဆွတ်...။

ဌေးကြည်(စလင်း)
ချယ်ရီမဂ္ဂဇင်း
၂၀၀၈ ခုနှစ်၊စက်တင်ဘာ
အတွဲ ၁ ၊အမှတ် ၁၅၆

Tuesday, October 28, 2008

ကထိန်အကြို...သို့မဟုတ် ကထိန်အလွမ်း

ဒီနေ့ သီတင်းကျွတ်လကွယ်နေ့။
လူတွေတော်တော်များများရဲ့ အာရုံတွေသည်လည်း သီတင်းကျွတ်ပွဲတော်ကနေ
တန်ဆောင်တိုင်ပွဲတော်၊ကထိန်ပွဲတော်တွေဆီဘက် ဦးတည်နေကြပြီ။
ဒါတောင် ရန်ကုန်မှာမို့။နယ်မှာဆို သီတင်းကျွတ်ပြီးထဲက အလှူခံတွေက အပြိုင်အဆိုင်၊
လမ်းမတွေမှာဆို အလှူခံမဏ္ဍပ်တွေရယ်၊အဲ့ဒိက သီချင်းသံတွေရယ်က ဆွတ်ပျံ့ကြည်နူးစရာ..။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့အထိ
တစ်လတိတိကျင်းပရတဲ့ ကထိန်ပွဲ..။
တစ်ကျောင်းမှာ တစ်ကြိမ်၊နောက်ပြီး တစ်နှစ်မှာတစ်လ၊တစ်လမှာမှ တစ်ရက်ထဲ ကျင်းပရတဲ့ "ကထိန ဘုံကထိန်.."
တခြားအရပ်ဒေသတွေမှာတော့ ကထိန်ပွဲတော်ကို ဘယ်လိုတွေဆင်နွဲကြသလဲမသိပါ။
ကျမတို့ဒေသက အကြောင်းလေးတွေပြန်လည်တွေးမိပြီး သတိရတာလေးတွေကို
ပြန်ရေးလိုက်ပါတယ်..။အပျင်းပြေဖတ်ကြည့်ပါဦး...:)


ကျမတို့ဆီမှာတော့ တစ်ဦးတစ်ယောက်ထဲက ကထိန့်ဒါယိကာ၊ကထိန့်ဒါယိကာမဆိုပြီး
ကိုယ်ကိုးကွယ်တဲ့ ကျောင်းကန်ဘုရားမှာ တစ်ဦးထဲတာဝန်ယူပြီးခင်းပေးတဲ့ကထိန်၊
ဒါမှမဟုတ် တစ်ဦးတစ်ယောက်ထဲက တာဝန်ယူပြီးခင်းကျင်းမယ့်သူ မရှိတဲ့အခါမျိုး၊
မရှိတဲ့ကျောင်းမျိုးမှာဆိုရင် စုပေါင်းဘုံကထိန် ရယ်ဆိုပြီးလုပ်ကြတယ်...။
အဲ့ဒိလို ဘုံကထိန်လုပ်ဖို့အတွက် လူအများပါဝင်လို့ရအောင်
ရပ်ထဲရွာထဲက ဥပဿကာမောင်မယ်တွေ တစ်ပတ်၊နှစ်ပတ်လောက်မနားမနေအလုပ်လုပ်ကြရတယ်..။
ကိုယ့်ကျောင်း ကိုယ့်ဘုန်းကြီးအတွက် အရပ်တကာလှည့်ပီး အလှူခံကြတယ်၊

တစ်ဦးတစ်ယောက်ထဲ မတည်ပြီးခင်းတဲ့ ကထိန်မှာလဲ အများအင်အားကတော့လိုတာပါပဲ။
ဘာလို့ဆိုတော့ ရှိသမျှရွာနီးချုပ်စပ်ရွာတွေက အိမ်တိုင်း၊အိမ်တိုင်းက မိသားစုဝင်တွေအကုန်လုံး
မီးခိုးတိတ်လာစားမယ့် အလှူပွဲကို တစ်ဦးတစ်ယောက်ထဲအားနဲ့မရနိုင်ဘူး။

ဒီအတွက်နှစ်တိုင်း၊ကထိန်ပွဲကျင်းပခါနီးတိုင်း ဘုန်းကြီးကျောင်းမှာ ဂေါပကအဖွဲ့ဝင်တွေ၊ဥပဿကာလူငယ်တွေက
အစည်းအဝေးလေးတွေလုပ်ကြတယ်...အစီအစဉ်တွေဆွဲရတယ်...။အများစုပေါင်းပါဝင်မှ
စည်ကားတဲ့ ကထိန်ဖြစ်နိုင်တယ်...။ဒီလိုနဲ့ပဲ သီတင်းကျွတ်၊တန်ဆောင်မုန်း နှစ်လလုံးဟာ
ပျော်ပွဲ၊ရွှင်ပွဲတွေနဲ့ ဆက်နေတာ..။

နောက်ထပ် ကထိန်တစ်မျိုးက ကျောင်းကထိန်ပါ..။
ကျမတို့ငယ်ငယ် သူငယ်တန်းကနေ 10 တန်းထိနှစ်တိုင်းမှာ ကျောင်းကထိန်ဆိုပြီး ကျင်းပခဲ့တာ။
ကျမတို့မြို့မှာ အလယ်တန်းကျောင်းတစ်ကျောင်းရယ်၊အထက်တန်းကျောင်းတစ်ကျောင်းရယ်ပဲရှိတယ်..။
နှစ်ကျောင်းလုံးက အပြိုင်အဆိုင်၊ကထိန်ခင်းဆိုတော့လဲ အပြိုင်ပေါ့။
ဝါတွင်းတစ်တွင်းလုံးမှာ ကျောင်းသားတွေက ကိုယ့်ဘာသာကိုယ်မုန့်ဖိုးပိုက်ဆံလေးတွေကို
အသင်းခေါင်းဆောင်၊အတန်းခေါင်ဆောင်တွေဆီမှာ စုထားကြတယ်..။
သီတင်းကျွတ်ပြီးလို့ ကထိန်ခင်းတော့မယ်ဆိုမှ အတန်းလိုက် ပဒေသာပင်လေးတွေလုပ်ကြ၊အတီးအမှုတ်တွေ၊အကတွေတိုက်ကြပေါ့။
သိပ်ကိုပျော်စရာကောင်းတာ။အဲ့ဒိခေတ်တုန်းကတော့ ကျမသူငယ်ချင်း ဖျတ်ကော့လတ်ကော့ကောင်လေးတွေက
ဦးရွှေရိုး၊ဒေါ်မိုးတွေ ကကြ..၊နောက် ကျွှဲကလဲ ကကြတယ်..။ကျွှဲကကတော့မယ်ဆို ပွဲတွေဘာတွေလဲ
ပင့်ရမြှောက်ရတာတွေရှိသေးတယ်..။နတ်မ၀င်အောင်၊နတ်မကစားအောင်ဆိုလားပဲ..။
ကောင်မလေးတွေက ပဒေသာပင်သီးကြတယ်...။လှတဲ့ကောင်မလေးတွေက ကထိန်လှည့်ရာမှာ
ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်လုပ်ကြတယ်..။ကျမကတော့ သံချပ်စပ်ပေးခဲ့ဖူးတယ်..။
သတိရသလောကဆိုရင်...........,

" မြို့မကျောင်းရဲ့ ဂုဏ်သရေ
မြို့မကျောင်းဟာ စံပြပါပဲ...(မြို့မကျောင်းဟာ စံပြပါပဲ)
မြို့မကျောင်းရဲ့ ဘုံကထိန်
လူတကာရှိန်တာ ဘာဆန်းလို့လဲ...(လူတကာရှိန်တာ ဘာဆန်းလို့လဲ...)"

အပြိုင်အဆိုင်စိတ်ကလေးကလဲ အဲ့ဒိထဲက စိတ်ထဲမှာကိန်းအောင်းနေခဲ့တာထင်ပါရဲ့..။
ကျမတက်တဲ့ကျောင်းက အမျိုးသားကျောင်း၊(မြို့မကျောင်းလို့ လူသိများတယ်...)ဆိုတော့ ဘာရယ်မဟုတ်၊
မာန်တက်နေတာပေါ့..။လွမ်းမိပါတယ်..လေ..။

ခုပြန်တွေရင် ခု ရင်တွေခုန်ရပါတယ်...
စိတ်ထဲမလဲ သီချင်းလေးတွေ ပြန်ကြားယောင်နေမိပါတယ်..။အစုံပါပဲ..။
ဒီသီချင်းလေးနဲ့ပဲ အခြေအမြစ်မရှိရေးချင်တာရေးထားတာတွေကို အဆုံးသတ်လိုက်ပါတယ်..

" ဘုံကထိန်၊ဘုံကထိန်..ဘုံကထိန်လှည့်လို့လာ ရပ်ကွက်ထဲကကြည့်သူတွေ
ကြိတ်ကြိတ်တိုးလို့ တအားစည်..။ရပ်ကွက်ထဲက ကြည့်သူတွေ ကြိတ်ကြိတ်တိုးလို့ တအားစည်.."











Monday, October 27, 2008

ဒုတိယအလုပ်

ဟိုတစ်လောက ပထမဆုံးအလုပ်ဆိုပြီး ပိုစ့်တစ်ခုတင်ထားခဲ့တယ်...။
အဲ့တုန်းက အစ်ကိုအောင်သာငယ်နဲ့ မောင်မျိုးက လာပြီးမြှောက်ပင့်ထားခဲ့လေတော့
(ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်နော်...။) ခုဒုတိယအလုပ်၊တတိယအလုပ်ဆိုပြီးဆက်ရေးပါဦးမယ်..။

ဒီကြားရက်ထဲတွေမှာတော့ ပေါ်ပင်တွေလျှောက်လိုက်နေမိတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။
ခုတော့ လုပ်ခဲ့ဖူးတဲ့အလုပ်တွေကို ပြန်လည်လွမ်းဆွတ်ရင်း ဒီစာတွေကိုရေးနေမိပါတော့တယ်..။

အလုပ်ဆိုတော့ စကားကြီးစကားကျယ်တော့ နိုင်သလိုရှိပါတယ်..။
ဒါပေမယ့် ကျမတို့ဆီမှာ ဘယ်သူကမှ ငါဘာကိုဝါသနာပါတယ်...၊ဘယ်အလုပ်နဲ့တော့ အသက်မွေးဝမ်းကျောင်းပြုမယ်
ဆိုပြီး ပုံသေကားချပ်ထားထားလို့မရတတ်ကြပါဘူး။အများစုသော လူငယ်တွေဟာ ဒီလိုပါပဲ။
လက်ရှိခေတ်ကာလ အခြေအနေမှာ ဘယ်အလုပ်၊ဘယ်အသက်မွေးဝမ်းကျောင်းပညာကို ကိုယ်ဝါသနာပါလဲ
ဆိုတာ မသိကြပါဘူး။အကောင်းဆုံးဖြစ်မယ်ထင်တာ၊နောက်ပြီး hit အဖြစ်ဆုံးဆိုတာတွေကိုသာ
အချိန်နဲ့ တပြေးညီလုပ်နေကြတာကတော့ အားလုံးအသိပဲမှုတ်လားလေ..။

ဒီတော့ ပထမအလုပ်မှာ တယ်လီဖုန်းနစ် လိုလို၊စာရင်းသမားလိုလိုကျမက
ခုဒုတိယအလုပ်လဲကျရော...HIV/Aids လူနာတွေနဲ့ စကားပြော၊ဆွေးနွေးသူဘ၀ရောက်သွားခဲ့ပါတယ်..။
တက်နေတဲ့အင်္ဂလိပ်စာသင်တန်းမှာ လာကပ်ထားတာတွေ့လို့ သွားလျှောက်ရာက ဒီအလုပ်ကိုရခဲ့ပါတယ်။


အင်တာဗျူးဖြေတာကနေ စရမယ်ထင်တယ်...။
ကျမအင်တာဗျူးဖြေတဲ့အချိန်က ညနေ ၄ နာရီထိုးတော့မယ်..ကျနေပေါ့လေ..။
လူတွေများလွန်းလို့စောင့်နေရတာ မနက် ၁၁ နာရီထဲက၊သိပ်တော့မကြာပါဘူးနော်...။
အင်တာဗျူးတဲ့လူတွေက အစ်မကြီးနှစ်ယောက်၊စိတ်ထဲကတော့ ကိုယ့်စိတ်ကိုပြန်အားပေးလိုက်ပါတယ်..။
တတ်သလောက်သာဖြေ၊ဒီလောက်လူများတာ short list တောင်ပါဖို့လမ်းမမြင်၊
သူတို့မေးသွားတာတွေကို ခုနေပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ HIV/Aids လူနာတစ်ယောက်အပေါ်မှာ
ထားရှိတဲ့စိတ်နေစိတ်ထားကိုပဲ အဓိကစမ်းသပ်တဲ့မေးခွန်းတွေချည်းပါပဲ၊
သူတို့စကားနဲ့ပြောရမယ်ဆိုရင်တော့ Discrimination ပေါ့။
နောက်ပြီးတော့ ရောဂါနဲ့ပတ်သက်တဲ့ Knowledge ဘယ်လောက်ရှိသလဲဆန်းစစ်ခြင်းပေါ့။
ဒီလောက်ပါပဲ။နောက်နေ့အကြောင်းပြန်မယ် ဆိုတာနဲ့ ပြန်ထွက်လာရတာပေါ့..။

ဒီလိုနဲ့ ကျမအလုပ်ရမယ့်ကံ ဖန်လာပါတယ်..။
အလုပ်ရမယ့်ကံပါ။အလုပ်ကတော့ မရသေးပါဘူး။
ဘာလို့လဲဆိုတော့ကျမအပါအ၀င် လူ 20 လောက်ကိုသူတို့က Training ဆိုပြီး ၅ ရက်ခေါ်ပါတယ်..။
လှိုင်သာယာမှာ ကိုယ့်ထမင်းကိုယ်စားပြီးသွားတက်ရတာပါ၊
(ခုဒီမှာ ဒီလိုကိစ္စတွေအရမ်းပေါပါတယ်...အလုပ်မရတောင် အဲ့ဒိကရတဲ့ အတွေ့အကြုံကိုလိုချင်တယ်လို့
ခေါင်းစဉ်တပ်ပြီးတော့ အဲ့လိုကိစ္စတွေကို အားကြိုးမာန်တက်လိုက်လုပ်နေတဲ့လူတွေ တစ်ပုံတစ်ပင်ပါပဲ)
Training ဆိုပေမယ့် သူတို့ကချည်းသင်ပေးနေတာမျိုးမဟုတ်ပါဘူး၊
small talk လေးတွေ၊short presentation လေးတွေလုပ်ရတယ်..။ရောဂါနဲ့ပတ်သက်တာတွေပေါ့..။
ကူးစက်ခြင်း၊ပျံ့နှံ့ခြင်း၊ကာကွယ်ခြင်း ဒါတွေထင်ပါတယ်..
အကြောင်းအရာတွေကိုတော့ သေချာမမှတ်မိတော့ပါဘူး။
၅ ရက်ပြီးတော့လဲ ပြန်အကြောင်းကြားပါ့မယ်ပေါ့။20 လောက်ထဲကနေ ၃ ယောက်ရွေးပါတယ်..
ကံကောင်းထောက်မစွာ ကျမအဲ့ဒိအဖွဲ့အစည်းမှာ အလုပ်ရခဲ့ပါတယ်..။
၃ လအစမ်းခန့်အနေနဲ့ အလုပ်စတင်ရပါတော့တယ်...။

ရာထူးကတော့ အင်္ဂလိပ်လိုဆိုရင် Counsellor ၊မြန်မာလိုပြန်ရင်တော့ ဘယ်လိုပြန်ရမလဲမသိဘူး၊
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ကွဲပြားမှုတွေရှိနေတော့ ကျမလိုငချွတ်က ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး။
ကျမနားလည်သလောက်ပြောရရင်တော့ ထိုင်စကားပြောခြင်းပါပဲ။
ဒါပေမယ့်ဦးတည်ချက်တစ်ခုခုရှိနေတဲ့ စကားဝိုင်းပေါ့။
အဲ့ဒိဦးတည်ချက်က ကိုယ့်အတွက်မဟုတ်ပဲ သူ့အတွက်ဆိုတာကိုသိသိသာသာမဟုတ်တဲ့နည်းလမ်းတွေနဲ့
အဲ့ဒိလူသိလာအောင်စကားတွေပြောနေရခြင်းပါပဲ။

လူလူချင်းတော့အတူတူ၊ဒါပေမယ့် ကိုယ်ကနားထောင်ပေးတဲ့သူ၊သူကပြောတဲ့သူ၊
ကိုယ်ကဖြေရှင်းပေးတဲ့သူ၊သူကပြဿနာနဲ့လူ၊
သူကငိုတဲ့သူ၊ကိုယ်က ပြေရာပြေကြောင်းတတ်သလောက်မှတ်သလောက်ပြောရတဲ့သူ...။
ဒီလို၊ဒီလိုအကြောင်းအရာတွေပေါ့လေ..။
တစ်ခါတစ်ခါ မိသားစုအရေး၊တစ်ခါတစ်ခါ အိမ်ထောင်ရေး အချစ်ရေး၊တစ်ခါတစ်ခါကျန်းမာရေး၊
တစ်ခါတစ်ခါ နိုင်ငံရေး...။အဲ့ဒိအကြောင်းတွေကို ကျမရဲ့လူနာတွေနဲ့ ပြောဖြစ်ခဲ့ပါတယ်..။
ဒီအလုပ်ကို လူတွေဘယ်လိုသတ်မှတ်ကြသလဲတော့မသိဘူး။သိပ်ကိုလဲကျေနပ်ပီတိဖြစ်ရတဲ့အလုပ်ပါ..။

အဲ့ဒိမှာ အခက်အခဲတွေကလဲ ကြုံရတာပါပဲ။
အသိသာဆုံး အခက်အခဲကတော့ အသက်အရွယ်ပါပဲ။
ကျမစောစောက ပြောတဲ့အကြောင်းအရာတွေကို ကျမထက်အသက်အရွယ်၊
အခက်အခဲ၊အတွေ့အကြုံ၊ဘ၀ သင်ခန်းစာ တစ်ပုံတစ်ပင်နဲ့ လူ့ဘ၀ကိုဖြတ်သန်းခဲ့ကြတဲ့
အစ်ကိုကြီး၊အစ်မကြီးအရွယ်တွေ၊ဦးလေး၊ဒေါ်လေးအရွယ်၊ဘကြီး အရွယ်တွေကို
ကျမအနေနဲ့ဘယ်လို အသုံးအနှုန်း၊ဘယ်လိုမျက်နှာပေးနဲ့ စကားပြောရပါ့မလဲ။
ကျမမှာ သူတို့ထက်သိနေနိုင်တာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလောက်ပဲရှိမယ်လေ..။
တခြားအကြောင်းအရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ဆွေးနွေးဖို့၊တစ်နည်းအားဖြင့် စကားလုပ်ပြီးထိုင်ပြောနေဖို့ဆိုတာ
ကျမအတွက်တော့ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်နေခဲ့တယ်..။
တကယ်လဲ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပါတယ်...။
ကိုယ့်ထက်အတွေ့အကြုံရင့်ကျက်တဲ့ စီနီယာအစ်ကို၊အစ်မတွေ ဆီမှာပညာယူရပါတယ်..။

အဲ တစ်ခုခက်တာက ပညာယူတယ်ဆိုတော့ သူတို့အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်ကထိုင်ကြည့်နေလို့ရတာမျိုး
မဟုတ်ဘူး၊ဒီတော့ ထမင်းစားတဲ့အချိန်တို့၊ညနေပိုင်း သူတို့ဆီမှာလူနာပါးတဲ့အချိန်တို့မှာ
သူတို့ဆီကနေ အစ်အောက်ပြီး မေးရမြန်းရပါတယ်...။
၃လ ကြာတော့ ကျမကိုအလုပ်ဆက်ခန့်ဖို့အတွက် Evaluation လို့နာမည်တပ်ထားပြီး
အကြီးအကဲ ၄ယောက်က ကျမအလုပ်လုပ်တာကို ဆက်တိုက်စစ်ဆေးပြီးတဲ့အခါမှာ ကျမကို သူတို့ဆက်ပြီး
အလုပ်ခန့်ခဲ့တယ်...။အဲ့ဒိမှာ ကျမ ၁ နှစ်နီးပါးအလုပ်လုပ်ခဲ့ပါတယ်...။

လူမှုရေးကိစ္စအခက်အခဲတွေကိုချည်း နေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်လို့ယူဆပါတယ်..။
အစောဆုံးရက်တွေကဆိုရင် ကြုံရသမျှ လူနာတွေရဲ့ပြဿနာတွေကို ကိုယ့်ပြဿနာလုပ်ပြီး
အိမ်အထိသယ်လာ၊ညကျ အိမ်မက်ထဲ ထည့်မက်၊သူတို့ငိုသလို ကိုယ်ကပါလိုက်ငိုပေါ့။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်ခဲ့ရတာ...။ဒါပေမယ့် ကျမကိုယ့်ကိုယ်ကို အံ့သြတာတစ်ခုက
အပြင်မှာ၊တကယ့်လက်တွေ့မှာတော့ ကျမဘယ်တုန်းကမှ လူနာတွေရှေ့မှာ ၀မ်းသာ၊၀မ်းနည်းမဖြစ်ခဲ့တာပါပဲ။
ဒီလိုနဲ့ပဲ နောက်တော့အလုပ်ကိုလူကနိုင်သွားတယ်လို့ပဲ ဆိုရမှာပေါ့..။တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာတယ်။
အလုပ်တာဝန်တွေကလဲ သိသိသာသာများလာခဲ့တယ်..။ကျမပျော်ခဲ့ပါတယ်..။ကျေနပ်ပီတိဖြစ်ခဲ့ရတယ်...။
ကိုယ့်စကားတွေကြောင့် လူတွေစိတ်သက်သာရာရခဲ့တဲ့အခါ၊သူတို့ခံစားမှုတွေ
လျော့ကျသွားတာကို ခံစားမိတဲ့အခါ ရလာတဲ့ခံစားမှုကို ဖေါ်ပြစရာစကားလုံးမရှိနိုင်။

ကျမအထင်ပြောရရင် ကျမဒီအလုပ်ကရရှိလိုက်တဲ့အတွေ့အကြုံတွေက ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ။
အဲ့ဒိတုန်းက ကျမအသက်က ၂၀၊ကျမလိုက်မမှီနိုင်တဲ့၊တစ်ခါမှလဲ မကြုံဖူး၊မကြားဖူးတဲ့ လူမှုရေးပြဿနာတွေက
တစ်ပုံတစ်ပင်ရှိနေတယ်ဆိုတာကို သိလာခဲ့တယ်..။
ဘာနဲ့မှမလဲနိုင်တဲ့၊ငွေနဲ့ရှာဝယ်လို့မရနိုင်တဲ့အတွေ့အကြုံပေါင်းများစွာရရှိခဲ့ပါတယ်..။

သို့သော် ဘောလုံးသမားတွေ အသင်းပြောင်းချင်တဲ့အခါ ပြောနေကျစကားလိုပေါ့။
ကျမလဲ စိန်ခေါ်မှုအသစ်တွေရဲ့ ခေါ်ဆောင်ရာနောက်ကိုတစ်ကောက်ကောက်လိုက်ချင်တဲ့လူငယ်တစ်ယောက်ပဲ။
ဒါကြောင့် အဲ့ဒိအလုပ်မှာ တစ်နှစ်နီးပါးကြာလာတဲ့အခါမှာတော့ နောက်ထပ်အလုပ်သစ်တစ်ခုကိုရှာဖို့
ဇာတ်လမ်းကိုစတင်ခဲ့ပါတယ်.........။