Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Tuesday, October 26, 2010

သူ့မှာ အဲ့ဒီမြို့ကလေး ရှိခဲ့ဖူးတယ်

ထန်းလက်ကုလားထိုင်လေးပေါ်မှာ သေချာကျနစွာ၊ခြေထောက်ကို ဟန်ပါပါချိတ်ကာထိုင်ပြီး လွန်ခဲ့တဲ့တစ်လ လောက်ဆီက အဖြစ်အပျက်များကို သူ ပြန်စဉ်းစားနေမိသည်။

+++++++

သူသည် အရင်ကအိမ်ကို ခင်တွယ်တတ်သူ မဟုတ်သော်လည်း ယခုတော့ အိမ်ကိုခင်တွယ်တတ်နေပြီ ဖြစ်သည်။ အိမ်ဆိုတာထက် သူနေထိုင်ရာ.. ဒီအခန်း ကျဉ်းကျဉ်း၊မှောင်မှောင်လေးကို သဘောကျနေမိပြီ ဖြစ်သည်။

အခန်းက ၁၀ ပေ ပတ်လည် အကျယ်အ၀န်းရှိသည်။ အခန်းနံရံများသည် ထူထည်းလွန်းသည်။ အပြင်မှာ စစ်ဖြစ် နေရင်တောင် အထဲကမကြားနိုင်ဘူးဟု သူညွှန်းချင်ပါသည်။ နံရံများထူထည်းသော်လည် အခန်း၏ဒေါင့်များတွင် အက်ကွဲကြောင်းများရှိပါသည်။တခါတရံ မနက်ခင်းများတွင် အဲ့ဒီအက်ကွဲကြောင်းတွေထဲမှ ကင်းမြီးကောက် မြီးကောင်ပေါက်ကြီးများ ထွက်ချလာတတ်သည်။ထို့အပြင် အိမ်မြှောင်လည်း အလွန်ပေါများသော အခန်းဖြစ် သည်။ ပင့်ကူ၊အိမ်မြှောင်၊ကင်းမြီးကောက်၊တခါတရံ မြွေပေါက်စလေးများ ၀င်ဝင်လာတတ်သေးသည်။ သူတို့လဲ အမှောင်ကို နှစ်သက်ကြပုံ ရပါသည်။ သူသည်လဲ အလင်းကို လုံလောက်စွာ မရနိုင်သေးသရွေ့ မှောင်နေရတာ ကိုသာ နှစ်သက်မြတ်နိုးချင်သူ ဖြစ်သည်။

မြို့ကြီးပြကြီးမှာတုန်းကလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ရန် ကွန်ပြူတာ၊အင်တာနက် ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး.. စသည့် လိုအပ်ချက်များနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ပါသည်။ တစ်ကမ္ဘာလုံးအကြောင်းကိုသိဖို့ရာ.. တကယ့် လက်တွေ့မှာ အဲ့ဒါတွေ သိပ်မလိုအပ်လှပါ။ နယ်ရှင်နယ်ဓာတ်ခဲအကြီး ၂ လုံးနှင့် အသံအောင်သော ရေဒီယို တစ်လုံးရှိပါက တစ်ကမ္ဘာလုံးအကြောင်းသာမက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ဘာသာစကားနှင့်ကိုယ် သေချာ ကျနစွာ နားထောင်နိုင်ပါသည်။ ဓာတ်ခဲ ၂ လုံးကို ၁ လလောက်ဖြင့် သုံးစွဲနိုင်ပါသည်။

ယခုထိုင်နေတဲ့ ထန်းလက်ကုလားထိုင်လေးကို ကန်ပြားရွာမှ ၀ယ်လာခဲ့သည်။ပူပြင်းသော အညာနွေကို အံတုရန် အလွန်အဆင်ပြေသည်။ခုံးခုံးခုခု ထန်းလက်လေးတွေက တစ်ပတ်လုံးညောင်းညာ ကိုက်ခဲမှုကို အသင့်အတင့် ပြေလျော့စေပါသည်။

လက်ထဲမှ စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်မိပါသည်။ အနည်းငယ်ခါးသက်သက်ဖြစ် နေသည်။ သူသောက် နေကျ စီးကရက်အမျိုးအစားနဲ့ မတူပါ။ သူသောက်နေကျစီးကရက်မှာ အရင်ဆုံး ပူသောအရသာကို ပေးပါသည်။ နောက်တော့ အေးမြပါသည်။ နောက်တော့ ခံတွင်းထဲမှာ ချိုချိုခါးခါးအရသာကို ကျန်ခဲ့စေပါသည်။ ဒီမြို့လေးမှာ ထိုစီးကရက်အမျိုးအစား မရနိုင်သည့်အတွက် ယခုလို ဖင်စည်ခံအနီရောင်ရှိသော စီးကရက်နှင့်သာ သူ့ချဉ်ခြင်း အား ပြေပျောက်စေရပါသည်။

စီးကရက်ကောင်းကောင်းမရှိပေမယ့် လက်ဘက်ရည်ကောင်းကောင်းတော့ ရရှိနိုင်ပါသည်။ ထို့ထက်ပိုပြီး သူ့အတွက် ကံကောင်းစေတာက ထိုလက်ဘက်ရည် ကောင်းကောင်းရသော ဆိုင်မှာ သူနေထိုင်ရာအခန်း ကျဉ်းကျဉ်း၊ မှောင်မှောင်လေးရဲ့ အရှေ့တည့်တည့်မှာ ရှိသည်။ လက်ဘက်ရည်ဆိုင် နာမည်မှာ စတူဒီယိုခေတ်ဦး အဆိုတော်အမျိုးသမီးတစ်ဦး၏ နာမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင်စုံတွဲမှာ သီချင်းဝါသနာကြီးသူချင်း သံယောဇဉ်ကြိုး ငြိခဲ့ကြသူတွေ ဖြစ်သည်။ တစ်မိသားစုလုံး ထိုစဉ်ကသူကြိုက်ခဲ့ဖူးသော ဘောလုံးအသင်းကိုသာ ရူးသွပ်စွာ အားပေးကြသည်။ ထို့ကြောင့် ဘောလုံးပွဲရှိသောညများတွင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ခုံမရ၊စားပွဲမရ ဖြစ်မှာ မပူပင်ရပါ။ အရောင်တူသူချင်း ရန်မဖြစ်ဘဲ ဖေးမကြင်နာမှုထားတတ်ကြသူတွေ ဖြစ်သည်။

အဲ့ဒီမြို့လေးမှာ ထူးခြားသော အရူးသုံးယောက်ရှိသည်။ "အရူးတွေဆိုတာ ဥာဏ်ရည်မြင့်မား လို့ အရူးဖြစ်တာ" လို့ သူပြောတဲ့အခါ သူ့အလုပ်မှ လုပ်ဖော်ကိုင်ဖက်များရော သူ့မိတ်ဆွေတချို့ကပါ သူ့ကိုရယ်မောတာ ခံရဖူးပါသည်။ အဲ့ဒီလူတွေကို ဆက်လက်ရှင်းမပြလိုတော့သည့်အတွက် သူတို့ကွယ်ရာမှာ သူတို့ကို ရယ်မောခဲ့ပါသည်။

++++++

လွန်ခဲ့သော တစ်လခန့်ဆီက.. အဲ့ဒီမြို့ကို သူရောက်တာ ၂ ရက်ရှိပြီဖြစ်သည်။ နေစရာနေရာရှာလို့မရသေး။ စိုးရိမ် ပူပန်မှု အလျင်းမျှမရှိဘဲ နေစရာရှာမရလျင် ရန်ကုန်ပြန်ရုံပဲ ဟုသူတွေးခဲ့ဖူးပါသည်။...။
ယခုတော့ သူ နေစရာလဲရ၊ နားထောင်စရာလဲရှိ၊စားစရာကြွယ်ဝသည့်အပြင် သူနှစ်သက်တဲ့ အခန်းကျဉ်းကျဉ်း၊ မှောင်မှောင်လေးရှိသည့် ဒီမြို့လေးကို ခွဲခွာဖို့အရေးက သူ့ကို အတွေးများစေပြီ ဖြစ်သည်။


Friday, October 22, 2010

သီတင်းကျွတ်ညလေး တစ်ည

ရောက်နေတဲ့ အရပ်ဒေသမှာတော့ တခြားတနေရာဆီက မီးခိုးမှိုင်းလုံးတွေကြောင့် နေကုန် ဝေေ၀၀ါးဝါးဖြစ်နေခဲ့ တာ ဒီနေ့နဲ့ပါဆို သုံးရက်ရှိခဲ့ပြီ။မနေ့တုန်းက မိုးတွေတအားရွာနေခဲ့ပြီး ဒီနေ့တော့ နေအလင်းရောင်မြင်ရတယ်။

မွေးရပ်မြေဆီက မုန်တိုင်းသတင်းတွေဖတ်ရ၊ကြားရတယ်။ စိုးရိမ်မိတယ်ဆိုတာထက် မည်ရွေ့မည်မျှ မစွမ်းသာ။ သဘာဝဘေးအန္တရာယ်ကို မွေးရာပါယဉ်းပါးခဲ့သူတွေအတွက် ကိုယ်တွေလို ကမ္ဘာ့ကွန်ယက်ပေါ်တက်ပြီး ရှာဖွေဖတ်မှ သူတို့သိမှာမဟုတ်ဘူး။ ကောင်းကင်မော့ကြည့်ပြီး၊သို့မဟုတ် အိမ်ရှေ့အုန်းပင်က ငှက်သိုက်လေး တွေ အခြေအနေကြည့်ပြီး၊ဒါမှမဟုတ်လဲ မိုးဦးကျတုန်းထဲက သရက်ပင်က သရက်ပွင့်တွေ၊သရက်ကင်းတွေ ဖူးငုံပွင့်တဲ့ အဆင့်ဆင့်ကို ကြည့်ပြီး သူတို့က သိနှင့်ပြီးသားဖြစ်မှာပါ..။

ကိုယ်ကသာ ဒီကနေ တွေးပူနေတာ။ တွေးပူနေပြီး တယ်လီဖုန်းလေးတချက်တောင် ဆက်လားဆိုတော့လဲ မဆက်ဖြစ်ပါဘူး။ သူတို့သိပြီးသားမို့ ထူးပြီး မပြောနေချင်တော့။နောက်ပြီးတော့ ဒီနေ့မှာမို့ ပိုလို့ပင်မဆက်ချင် ဖြစ်နေမိတာပါ။ ဒီနေ့မှာမို့ သူတို့ဆီမှာ မိုးမရွာဖို့ဆုတောင်းပေးနေမိပါတယ်။မိုးဖျက်လို့ သူတို့ပွဲတော်ကြီး မပျက်စီးပါစေနဲ့ လို့.. ။

+++++++

ဒီအချိန်ဆို သူတို့ ပျော်ကြလေပြီပေါ့လေ..။တအိမ်နဲ့ တအိမ်...အော်ဟစ်မေးကြလို့...။
"နင်တို့က ဘာမုန့်လဲ.."
"အေး ငါတို့အိမ်ကတော့ မုန့်ဟင်းခါး.."
"ဟုတ်တယ်။ မွဌေး တို့အိမ်က သာကူ တဲ့..."
အဲ့လိုအသံတွေ ညံစီနေမှာပေါ့...။

"သူတို့အိမ်က ဘယ်နှစ်မဲ ယူတာလဲ.."
"အိုးအေ... ဒီလောက်ချမ်းသာပြီး ငါးမဲ ထဲယူရသလား..."... "ကုတ်ကို ကုတ်ကပ်တာအေ့..."

အသံများ နားထဲမှာ ပဲ့တင်ထပ်လို့နေတယ်..။ ဒါက အမျိုးသမီးတွေဆီက အသံပေါ့။

အမျိုးသားငယ်တွေဆီက အသံများကျတော့....

"အေးသာရေ...အေးသာရေ...ကောက်ရိုးပုံဟေ့... " လို့ အချိန်းအချက် လုပ်တဲ့သူက လုပ်..။
အဲ့ဒီသီချင်းကို ဟင်္သာတထွန်းရင် ဆိုထားတာ။ သီတင်းကျွတ်ရင် ကိုယ်တို့ရွာမှာ ဖွင့်နေကျ သီချင်းပေါ့...။
"၀ါကျွတ်ပြီ..ချစ်ရယ် သက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်..သီတင်းကျွတ်ခဲ့ပြီကွယ်...အော် အချစ်..."
"မီးပုံးလေးတွေ ကိုယ်စီကိုယ်ငှာ ထွန်းကြမယ်ကွယ်...ကိုယ့်ရဲ့အချစ်က ဆရာမရှိပါကွယ်..၀ါကျွတ်ချစ်သူ တယောက်ထဲ အချစ်ရယ်...မောင့်ငယ်ကျွမ်း..ဆွေ..." စသဖြင့်... တီးတိုး ပိုးပန်း....။

"လေပြေမလှုပ်ပါဘဲ ခန်းစီးရွှေဝါ သူလာလှုပ်ပါလို့..မင်း ကျွန်ုပ်ကိုလှောင်သလား အချစ်ရယ်...ငုတ်တုတ်မိုးလင်း လို့..စောင့်နေသူ..ကျုပ်အား..ပျက်ရယ်ပြုသလား.." လို့ စိမ်းကားလေသူ မမများကို..စောင်းလို့ ချိတ်လို့...။

အိုး...ကြည့်စမ်းပါဦး..။ဒီသီချင်းတွေအတော်များများကို ကိုယ်ခုထိမှတ်မိနေတုန်းပါလား..။ဟုတ်ပါရဲ့လေ..။ကိုယ် မှတ်မိနေခဲ့တာ သီချင်းလေးတွေချည်းပဲမှ မဟုတ်တာ...။

+++++++

ကလေးတွေ...သူတို့လေးတွေ မပါရင် ဒီသတင်းကျွတ်ပွဲတော်ကြီးက ဘယ်လိုမှ မစည်ကား၊မသိုက်မြိုက် နိုင်ပါဘူး။နိဗ္ဗာန်ဈေးပွဲတော်ကို အသေအချာပါဝင်ဆင်နွှဲမယ့် ပရိတ်သတ်လေးများပေါ့။

နေ့လည်နေ့ခင်းထဲက လူကြီးတွေပြောနေ၊ဆိုနေကြတဲ့ စကားတွေထဲကနေ ဘယ်သူ့အိမ်က ဘယ်မုန့် နဲ့ နိဗ္ဗာန်ဈေးလှူမယ် ဆိုတာ ကြိုတင်သတင်းရပြီးသား။ ညနေရောက်လို့ မဲတိုးတဲ့အခါ အဲ့ဒီအိမ်တွေရဲ့ မဲနာပါတ်တွေ ရပါစေလို့ ဆုတောင်းရတာ ဘုရားစာတွေလဲ အရှေ့ရောက်၊အနောက်ရောက်နဲ့။

++++++

တခုသော သီတင်းကျွတ်ရာသီ..။အဲ့သည်နေ့တုန်းက တနေ့လုံးမိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့ပြီးမှ သူတို့တွေ မဲတိုးခါနီးမှ မိုးက စဲပေးထားသယောင်..။
မျှော်လင့်ထားသလိုဖြစ်မလာတတ်တာ ဘ၀ကြီးတခုလုံးနဲ့ချီမှ မဟုတ်ပါဘူး။သီတင်းကျွတ်လဆန်း ၁၄ ရက် ည၊ တောရွာလေးတရွာရဲ့ နိဗ္ဗာန်ဈေးပွဲမှာကို ရှိခဲ့ဖူးတတ်တာရယ်။

တနေလုံး အမျှော်ကြီးမျှော်ခဲ့သမျှ ညရောက်လို့ မဲတိုးကြတဲ့အခါ.. အသံချဲ့စက်သံ ဆူဆူညံညံကြားမှာ ချွေးတလုံးလုံးနဲ့ ကလေးတွေ၊ကလေးမက၊လူကြီးမကျတွေ... အစုလိုက်အပြုံလိုက်၊ဆဲလို့ဆိုလို့၊ရန်တွေဖြစ်လား ဖြစ်လို့...။အပင်ပန်းခံပြီး ရလာတော့ မဲလိပ်လေး နှစ်ခု။

၁ မိုင် မရှိတရှိရှည်လျားတဲ့ ရွာလေးတလျှောက် တောင်ဘက်ပြေးလိုက် မြောက်ဘက် ပြေးလိုက်နဲ့..။နောက်ဆုံး ရလာတော့ ထန်းလျက်ယိုလေး ၂ ပြား...။အဲ့လိုလေးတွေလဲ ရှိတာပေါ့။ ညအမှောင်ကြီးစိုးလာတဲ့အချိန် ရောက်တဲ့အထိ အပင်ပန်းခံရှာဖွေခဲ့ပေမယ့် တစ်မဲ ပဲရှာလို့ရသေးတယ်။ သူများတကာတွေ ခေါက်ဆွဲကြော်ထုပ်တွေ၊ မုန့်ဟင်းခါးအထုပ်တွေ သယ်သွားတဲ့အချိန်... သူက သူတို့ထန်းလျက်ယိုလေးတွေကို ဘောင်းဘီသားရေကြိုးကြားထဲ မသိမသာလေး လိပ်ထည့်လို့...။ သီတင်းကျွတ်ညရဲ့ လမင်းကြီးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးနဲ့သာ ငုံ့ကြည့်နေခဲ့တာ။

အမေက ပြန်လာခဲ့ဖို့ အော်ခေါ်နေပြီမို့..လက်ထဲက လက်ကျန်မဲလိပ်လေးတခုကို ရှပ်အင်္ကျီအိတ်လေးထဲ ထိုးထည့်မိတယ်။ တကယ်တော့ ဒီမဲလိပ်နာပါတ်ရှိတဲ့ အိမ်ကို ဒီညအပြီးရှာရမှာ။ရှာပြီး ဘာမုန့်ရရ အရယူရမှာ။ မနက်ဖန်ဆို ဒီမဲလိပ်က ဘာမှသုံးလို့မရတော့ဘူး။ဘယ်နေရာမှာမှ မုန့်နဲ့လဲစားလို့ မရနိုင်တော့တဲ့ စက္ကူရွက် တစ်ရွက် ဖြစ်သွားတော့မှာ။အမေ ကလဲ ခက်ပါ့...။

ခြေထောက်မှာ တွယ်ကပ်နေတဲ့ ကျွတ်တွေကို ခြေဆေးရင်း ခွာချနေမိတယ်။ သူတို့တွေ သွေးစုပ်သွားခဲ့တဲ့နေရာ တွေက နာနေပေမယ့် နာဖို့ သတိမရ..ဘာကို ၀မ်းနည်းမှန်းမသိ။ခေါက်ဆွဲကြော်ထုပ်တွေ၊မုန့်ဟင်းခါးထုပ်တွေ၊ သာကူထုပ်လေးတွေ... အဲ့ဒါတွေများ လိုချင်လို့လား။ ဒီလိုလဲ မဟုတ်ဘူး။ကိုယ်တို့အိမ်မှာက နှစ်တိုင်း မုန့်ဟင်းခါး လုပ်တာပဲ...။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်..။အိုး... ကြေကြေကွဲကွဲ ရှိလိုက်တာ။....။

++++++

"ဘုရားထဲ ဆီမီးသွားထွန်းကြရအောင် သမီး " လို့ အမေခေါ်တော့...စိတ်က သိပ်မပါချင်..။
အနွေးထည်လေးတစ်ထည် ကောက်ယူလိုက်ပြီး အမေ့နောက်က လိုက်လာမိတယ်။ကိုယ့်လက်ကို ခပ်နွေးနွေး အရာတခု လာထိတယ်။ ပြီးတော့ အိခနဲ...။ ရခိုင်မုန့်တီ အထုပ်လေးတစ်ထုပ်။ နောက်လှည့်ကြည့်လိုက်တော့... ချာကနဲ ထွက်ပြေးသွားတဲ့ သူ...။ ကြည့်ဦး ...ဒီလောက်ရွှံ့တွေဗွက်တွေထဲမှာ ပုဆိုးခြေမူးထိုး နဲ့....။

+++++++

အပြင်မှာ မိုးတွေသည်းလို့နေပြီ...။ နံဘေးနားက သူငယ်ချင်းတယောက်က ရှင်ငြိမ်နေလို့ မိုးရွာတာလို့ ပြောသည်။ ကိုယ် သူ့ကို ပြန်ပြီးပြုံးပြလိုက်မိသလား...။ ကိုယ်ပြုံးပြလိုက်တာ သူငယ်ချင်းမ ကိုမှဟုတ်ရဲ့လား...။

ပြုံးမိနေတုန်းအခိုက်မှာ ကိုယ့်နှလုံးသွေးတွေ နွေးလာတယ်။အတိတ်တို့က ကိုယ့်ကို ခြောက်လှန့်ဆဲ၊နှလုံးသား ထဲမှာ နေရာယူလို့ကောင်းဆဲ...။ ဒီတခေါက်ပြန်ရင်တော့ သူ့သမီးလေးကို ပွေ့ချီနမ်းရှုံ့ပစ်လိုက်ဖို့ စိတ်ကူးထားမိတယ်။

+++++++

Thursday, September 23, 2010

အပြောင်းအလဲ နာရီများ

အခန်းအပြင်က မိုးရေစက်တွေကိုကြည့်ပြီး ဒီတနေ့စာကုန်လွန်ခဲ့ပြီးတဲ့နာရီတွေထဲကနေ အချို့နာရီတွေကို ကျနော် ပြန်နှုတ်ထားချင်မိသလိုဖြစ်လာသည်။ မိုးရေတွေထဲမှာ ကျနော်စိတ်တွေ စိုစွတ်ကုန်တော့သည်။

စိတ်ရောလူပါ အထိုင်ကျစေဖို့ဆို ကဗျာတပုဒ်ကို ဖတ်လိုက်ရင် နေသာသွားမလား။ ဒါမှမဟုတ်လဲ အက်ဆေး တပုဒ်ပေါ့။ သီချင်းတပုဒ်ဆိုလဲ နေသာထိုင်သာရှိ သွားမလား။ဒါနဲ့ ခင်မောင်တိုးတွေချည်းပဲ နားထောင်နေမိ သည်။
"ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ.... .. ဝေးခဲ့ပြီ... ပန်းခရမ်းပြာရေ......"
ဟူးး.... ထွက်လာသမျှ ဘာလို့များ ဝေးကွာခြင်းသီအိုရီတွေထဲက ရုန်းမထွက်နိုင်တဲ့သီချင်း တွေဖြစ်နေရသလဲ...။ ထို့ထက်ပိုတာကတော့ ဘာကြောင့် ပန်းခရမ်းပြာဖြစ်နေရသလဲ...။
ကျနော့်မှာလဲ ဒီနေ့နေ့လည်တုန်းက ခြေဆောင့် စိတ်ကောက်ပြီး ထွက်သွားတဲ့ ခရမ်းရောင်ပန်းကလေး တစ်ပွင့်ရှိသည်..။

+++++

"ကျမ မျက်စိရှေ့က ရှင်ထွက်သွားစမ်းပါ... " ပြောပြောဆိုဆို ကျနော့်ရှပ်အင်္ကျီစကိုဆွဲပြီး
"လာ ကျမ တံခါးလိုက်ဖွင့်ပေးမယ် " အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျနော့်ခန္ဒာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လို့နေသည်။ကျနော့်လက်တွေကို လက်ပိုက်ထားသလိုမျိုး ချုပ်ထားရသည်။ လက်တွေကို အဲ့လို ချုပ်ထိန်းမထားပါက ကျနော့်ရှေ့က အဲ့ဒီမိန်းမကို တခုခု နာကျင်သွားအောင် လုပ်မိလိမ့်မည်ထင်ပါသည်။

"မင်းက နှင်နေမှတော့ ငါကဘာအကြောင်းကြောင့်မှ ထွက်မသွားစရာ မရှိဘူးဘူးကွ" လို့ပြောပြီး ကျနော်ချာခနဲ လှည့်ထွက်ခဲ့ဖို့ ကောင်းသည်။ဘာလို့ဆို ဒါက သူ့အခန်းဖြစ်နေသည်လေ။ဧည့်သည်ကိုအိမ်ရှင်ကမှ နှင်နေပြီပဲ။ ကျနော်ဘာကြောင့် ထပ်ရှိနေဦးမလဲ...။

သူ့ပုံစံကြည့်ရတာ ကျနော့်ကို သူ့ဘ၀၊သူ့စိတ်၊သူ့နှလုံးသားထဲကနေ ထွက်သွားအောင် မောင်းနှင်ထုတ်နေပုံရပါ သည်။ သူမမျက်လုံးများက ထိုစကားများကိုပြောနေချိန်မှာ နှစ်နှစ်ကာကာ စိတ်ပါလက်ပါ ရှိလှသည်။

++++++

အဖြစ်အပျက်များက လွန်စွာမြန်ဆန်လှသည်မို့ ဘယ်အခိုက်အတန့်မှာ ခုလိုစိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို ရောက်သွားခဲ့လဲ ကျနော် စဉ်းစားလို့မရပါ။
ကျနော်ခန့်မှန်းရသလောက်တော့ ကျနော့်ဆီကို ၀င်လာတဲ့တယ်လီဖုန်းတခုကြောင့် ဖြစ်သည်။ တယ်လီဖုန်း ဆက်တဲ့ကိစ္စရော၊ဆက်တဲ့သူပါ ကျနော့်အတွက် အရေးမကြီးလှသည်မို့ ပေါ့ပေါ့တန်တန်သာ သဘောထား လိုက်ပါသည်။ သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။

အမှန်အတိုင်းပြောပြလိုက်တော့ သူဒေါသူပုန်ထပါသည်။ သူဒေါသက ချက်ချင်းအမြင့်ဆုံးအခြေအနေကို ရောက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဒေါသဒီဂရီက မြင့်တက်လာတာ ဖြစ်သည်။သူ ဒေါသ စထွက်ချိန်မှာ စကားတခွန်းပြောမည်။ကျနော်က ဖြေရှင်းမည်။ ပြောရင်း... သူ့အပြစ်တင်မှုတွေကို ဖြေရှင်းရင်း ဖြေရှင်းရင်းကနေ... ကျနော့်စကားတွေကြားကျနော့်ဘာသာ လှောင်ပိတ်မိ ပြီးထွက်မရတော့...။ အဲ့ဒီအခါမှ သူ့ဒေါသမီးလျှံများက အထွဋ်အထိပ်သို့ရောက်ကာ ဘယ်လိုမှ ငြှိမရ၊နှိုင်းမရတွေ ဖြစ်ကုန်တော့သည်။

++++++

မျက်လုံးကို အစွမ်းကုန်ပြူးထုတ်ထားပြီး အသံကိုအကျယ်ဆုံးထိ မြှင့်တင်ထားသော ထိုမိန်းမကို စိတ်ပျက်လက်ပျက် ကြည့်နေရင်းကပင် သူမရဲ့ အလှကိုကျနော်သတိပြုနေမိသောကြောင့် ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်မိသည်။
ပါးလျလျနှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်လို့ အဖြူဖတ်လေးတွေလန်နေသေးသည်။ ကျနော့်ဆီ ဖုန်းတခုဝင်လာပြီးနောက် သူနဲ့ကျနော်ကတောက်ကဆတ်ဖြစ်ကြတဲ့အချိန်က သူမအပြင်သွားဖို့ အလှပြင် နေချိန်မို့ မိတ်ကပ်လူးလက်စ သူမမျက်နှာက ကြည်လင်လို့နေသည်။ ခေါင်းလျှော်ထားတဲ့ဆံပင်တွေက စိုနေတုန်းပေမယ့် ငယ်ထိပ်နားတ၀ိုက်က ဆံပင်တွေတော့ ခြောက်နေပြီ။

လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်လောက်တုန်းက "မောင်..ကျမဆံပင်တွေကို စက်ဆွဲပေးဦးနော်" လို့ ကျနော့်ကို ပြောခဲ့တာ သူမမှ ဟုတ်ပါလေစ လို့ ကျနော် ကပျာကယာတွေးမိသည်။ သေးသေးလေးပေမယ့် ထိပ်ကလေးမှာ လုံးနေတဲ့ သူမနှာခေါင်းကို ဖြတ်ကနဲ လိမ်ဆွဲပြီး ကျနော့်ရင်ခွင်ထဲဆွဲထည့်ထားဖို့ စိတ်ကူးမိသည်။မဖြစ်နိုင်ပါ။ ကျနော်သူ့ကို ဆွဲဖက်လိုက်ရင် သူမက ကျနော့်ကို ကုတ်ဖဲ့ရိုက်ပုတ် မလုပ်ဘူးလို့ ပြောနိုင်ပါ့မလား...။ သူမအဲ့လိုလုပ်လာရင် ကျနော်ကရော စိတ်ကို ထိန်းထားနိုင်ပါ့မလား။

++++++

သို့နှင့်ပင် ကျနော်ထွက်လာခဲ့သည်။ဘယ်လောက်အတိုင်းတာထိ ထွက်သွားခိုင်းမှန်း ကျနော်မသိသော်ငြား ကျနော်ခြေလှမ်းများက သူ့ဘ၀ထဲကနေ ထွက်သွားနေတာဖြစ်သည်။ကျနော် အဲ့ဒီမိန်းမကို လည်ပြန်တောင် ငဲ့မကြည့်ချင်တော့ပါ...။

စိတ်သည် ထူးဆန်းပေစွ...။

+++++

ဆေးလိပ်မီးကို ရဲကနဲ ရဲကနဲ နေအောင် ကျနော်ဖွာလိုက်သည်။ မိုးတွေက အပြင်မှာ သည်းသည်းထန်ထန်...။ ကျနော်တို့ ရန်ဖြစ်ကြတုန်းက သူမက အပြင်သွားမို့လုပ်နေတာ။ထီးမှ ပါသွားရဲ့လား။ သူမ သွားရမယ့် နေရာကိုရော ချောချောမွေ့မွေ့မှ ရောက်ရဲ့လား...။သွားတဲ့ကိစ္စရော အဆင်မှပြေရဲ့လား...။
ကျနော် မိန်းမကြီးတယောက်လို ပူပင်နေမိသည်။

သူ့ဆံပင်စိုစိုတွေကို ရေခြောက်အောင် မသုတ်ပဲ အိပ်ယာထဲဝင်အိပ်နေမလား...။စိတ်ဖိစီးမှုတွေများပြီး ဖြစ်နေတဲ့ ပါးစပ်ထဲက အနာတွေကများ အရမ်းနာနေမလား...။ ဆေးခန်းသွားဖို့ အင်မတန်ပျင်းတဲ့ သူမကို ကျနော်ပဲ ဆေးတွေကို အဆင်ပြေသလို တိုက်နေတာမို့ ခု ဘယ်ဆေးကို သူသောက်မလဲ... ကျနော့်ကိုရွဲ့ပြီး သောက်ရောသောက်ပါ့မလား....။ .....။

++++

လက်ထဲက ဆေးလိပ်ကိုကြည့်လိုက်တော့ အစီခံနားထိ တိုဝင်နေပြီ..။အပြင်ကိုငေးနေမိတဲ့ စိတ်တွေကို အခန်းထဲပြန်ခေါ်ထည့်....နောက်ပြီးတော့ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးခြေပြီး မာန်ဖီနေတဲ့ ခရမ်းရောင်ပန်းပွင့်လေးဆီ ကျနော့်ခြေလှမ်းတွေကို သယ်ဆောင်ခဲ့မိတော့သည်...။

စိတ်သည်ထူးဆန်းပေစွ..။


(မှတ်ချက်...။ နာရီတွေတင် ပြောင်းလဲတာမဟုတ်. ..စာရေးတဲ့သူလဲ ပြောင်းလဲနေတယ်။စက္ကန့်နဲ့အမျှပါပဲ..။
ဇေယျာလင်းစကားနဲ့ပြောရရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့တောင် ကိုယ့်ကိုယ်ကိုပြန်ရှာနေရတယ် ဆိုသလို အခိုက်အတန့်ခဏဆိုတော့... စာတွေလဲ မရေးဖြစ်၊ရေးဖြစ်လဲ အရာမထင်။ ဆိုတော့... သည်းခံပြီးဖတ်ကြဗျာ.)



Sunday, September 12, 2010

အလွမ်းသင့် နေ့လည်ခင်း

နေ့လည်နေ့ခင်းမှာ အလွမ်းတွေကို စိတ်ရှည်ရှည်နဲ့ ချည်နှောင်နေခဲ့မိ...။

ရပ်နေရာကနေ ကိုယ့်ခေါင်းပေါ်ကို မော့ကြည့်မိသည်။ဖြတ်သွားတဲ့ ရထားတွေ အစင်းပေါင်းများစွာ။ ၀င်လာလိုက်ကြ ပြန်ထွက် သွားလိုက်ကြ...။တချို့အစင်းတွေက ကိုယ်ထိုင်နေရာဘက်ဆီသို့ ဦးတည်လာကြပြီး တချို့ကကိုယ်နဲ့ ဝေးရာဆီ။ဘယ်လိုပဲဖြစ်ဖြစ် မြင်ကွင်းက လှတော့လှတာပါပဲ...။

ရထားတစင်းက ထွက်ခွာချိန်မှာ...ရထားတစင်းနောက်ထပ် ရောက်လာမယ်... ဆိုတာမျိုးလား...။ခရီးကဖြင့် ဝေးလွန်းလှသည်။

ဖြတ်သန်းကျင်လည်နေရာ ကိုယ့်အသက် ဂယ်ပေါက်ကလေးထဲမှာကျတော့ တချို့လူတွေက ကိုယ့်ဆီလာကြပြီး တချို့ကို ကိုယ်ကထားခဲ့။

ကိုယ်ခုရပ်နားတဲ့ဘူတာအိုလေးမှာရော ဘယ်လောက်ကြာကြာ ရှိနိုင်ပါ့မလဲ။
တွေးမိတဲ့အခိုက် ရင်မခုန်နိုင်တော့ပေမယ့် ထွက်ခွာဖို့အလံစိမ်းထောင်ပြမယ့်အချိန်မှာ ကိုယ့်ဘက်က အသာတကြည် ရှိနေဖို့ပဲ လိုအပ်တာပါ..။

ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်အရှိတရားဖြစ်လို့....ကိုယ်ချစ်ခြင်းမေတ္တာက ကိုယ့်ဥစ္စာဓန ..။ပေးဝေရင်နှီးမိတာကလဲ ချစ်ခြင်း မေတ္တာတရားများသာ။ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။

ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။

စိတ်ထဲရွယ်စူးမိတာက ကိုယ်ကနောက်ဆုံးရထားလေးတစီး ဖြစ်ချင်ပြီး သူ့ ဘူတာလေးနားအရောက် ခပ်ကြာကြာလေး ခိုနားနိုင်ဖို့ ....။

Thursday, August 05, 2010

မိုးရာသီ အလွမ်း

ရွာနေလက်စ မိုးကခုထိမရပ်သေးပါလား။တဖြည်းဖြည်းနဲ့ ပိုလို့တောင် သည်းထန်လာတယ်လို့ ထင်မိသည်။ မိုးစက်တွေကအရှေ့ဘက်သို့ စွေစောင်းပြီးရွာနေတာ။မှန်ပြတင်းတံခါးတွေမို့ မိုးစက်တွေရဲ့ရွေ့လျားမှုကို သေချာ ကွဲကွဲပြားပြားမြင်ရသည်။

ထိုင်နေရာကနေ ရုတ်တရက်ထလိုက်မိပြီး သီချင်းဖွင့်ဖို့ စိတ်ကူးရသည်။ ဖြူသီရဲ့ လွမ်းငွေ့တဝေေ၀နဲ့ အတူ အလွမ်းတွေ ဝေနေမိသည်။လွမ်းဆွတ်ခြင်းဆိုတာ လက်နဲ့ဆုပ်ကိုင်ပြလို့ရတဲ့ အရာမဟုတ်။သို့ပေမယ့် ခံစားရင် ခံစားနိုင်သလောက် လူကို လေးလံထိုင်းမှိုင်းစေသည်။

-----------------

အင်္ကျီကိုချွတ်ပြီး အိမ်ထဲသို့ ပစ်ထည့်ခဲ့လိုက်သည်။ပြီးရင် ဒီအင်္ကျီကို ပြန်ဝတ်မှာမဟုတ်လို့ ပစ်ထည့်လိုက်တာ ဘယ်နေရာရောက်သွားလဲ သိစရာမလိုပါ။
မိုးစက်အေးအေးများက ကိုယ်ပေါ်ရောက်လာသည်။အေးလိုက်တာ...။ စိမ့်ခနဲ နေတာပဲ။

"တံစက်မြိတ်အောက်မှာပဲ ချိုးနော်...အဝေးကြီးမသွားနဲ့ "ဆိုတဲ့အမေ ဘယ်ရောက်သွားလဲ။အမေ့အသံ မကြား ရတော့ဘူး။ငြိမ်ပြီးတော့များ ညနေစာချက်ဖို့ ဆန်ထဲကနေ စပါးလုံးတွေ ရွေးထုတ်နေသလား...။အမေက မျက်စိမမှုန်သေးတော့ ၀ိုင်းကူရွေးပေးစရာ မလို...။

ခေါင်းမော့ကြည့်တော့ ဓနိမိုးပေါ်ကနေလိမ့်လျှောဆင်းလာတဲ့ မိုးရေတွေကအညိုရောင်လိုလို။လက်ခုပ်လေးနဲ့ ခံလိုက်တော့လဲ "ကြည်"လို့ပါလား။ဒါဆို အင်တုံထဲထည့်လိုက်တော့ ဘာလို့ညိုသွားပြန်တာလဲမသိ။လက်ခုပ် လေးနဲ့ ရေတွေခံလိုက်၊ အင်တုံထဲပြေးထည့်လိုက်။မိုးရေကိုအေးလို့အေးရကောင်းမှန်းမသိ။ဒီလိုပဲပေါ့။အမေ့အိမ် မှာ ရွာတဲ့မိုးမို့ ထင်ပါရဲ့...မိုးရေတွေက အေးစက်မနေ...။

"ပျိုးဆုပ်တွေ... ပျိုးဆုပ်တွေ...အမေ ရေ ၁၇၂ ဆုပ်ရှိသွားပြီ..."
"ဟော.. ဟိုမှာ နွားကြီး တကောင်.."
"အာ မဟုတ်ပါဘူး.. အဲ့ဒါ သစ်တုံးကြီးပါ..." အမငယ်က ၀င်ပြောသည်။ခပ်လှန်းလှန်းမို့ ချောင်းရေထဲမျောပါ လာတဲ့ သစ်တုံးကို နွားသေ ကောင်လို့ မြင်နေမိတာ။
မိုးလင်းလင်းချင်း အိမ်နောက်ဖေးကိုကြည့်မိတော့ ချောင်းထဲကရေတွေက ခါတိုင်းထက်ပိုများနေသည်။ မို့မောက်လျှံကျနေသည်။ချောင်းစပ်က အရင်လို အိမ်နဲ့ခပ်ဝေးဝေးမဟုတ်တော့ဘဲ အိမ်ခြေရင်းကိုကပ်လို့။

ဝါးတလံရိုက်လောက်ဝေးတဲ့ ချောင်းစပ်နားမှာကတီကောင်တွေ..တီကောင်တွေ အထွေးလိုက်။အထွေးလိုက်။ အမငယ်က "နင် ခေါက်ဆွဲကြောက်စားမလား.." တဲ့..။
အို.. ရွံ လိုက်တာ..အမငယ်က အမြဲ ညစ်တီးညစ်ပတ်နိုင်လွန်းသည်..။
အဲ့ဒီရက်တွေတုန်းက လူကြီးတွေက ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တဲ့အထိ အပျက်အစီးအဆုံးအရှုံးများ အတွက် ပူပင်သောကရောက်နေရပေမယ့် သူတို့ညီအမ ၂ယောက်မှာဖြင့် ပျော်လို့ကောင်းလိုက်တာ...။

င၀န်မြစ်နဲ့ မြို့လေးကို ကန့်ထားတဲ့တမံကြီးပေါက်ကြပြီး သူတို့မြို့ကလေးဆီ ရေတွေဒလဟောနဲ့ ပြေးဝင်လာ ကြတော့ မိုးရေတဖွေးဖွေးမှာ ရေပြင်ကျယ်ကျယ်ကြီးနဲ့နေရတာဟာ အတိုင်းမသိပျော်စရာ..။အမေလုပ်ကျွေးတဲ့ ဆန်နှစ်နဲ့လုပ်တဲ့ မုန့်တွေကို မောင်နှမတွေ လုယက်စားကြသည်။ငါးပိ၊ထန်းလျက်နဲ့ ဆန်ကလွဲပြီး တခြားစား စရာမရှိ။အဲ့ဒီသုံးမျိုးကို တမျိုးပြီးတမျိုး မရိုးအောင် လုပ်စားကြရင်း မိုးအေးအေးမှာ ကိုယ်တို့မိသားစုလေး နွေးလိုက်သည့်ဖြစ်ခြင်း...။ ....။

-------------------

မှိတ်ထားမိတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျက်လုံးရှေ့တည့်တည့်ဆီမှ မျက်နှာကျက်ဖြူဖြူ၊နံရံဖြူဖြူမှာ တစုံတရာကို ရှာဖွေမိသည်။ဘယ်လို အရိပ်အယောင်၊အပြောင်းအလဲကိုမှ မမြင်ရ၊ မကြားရပါ..။

-------------------


Tuesday, July 13, 2010

ကော်ဖီဆိုင်ဟာ အေးစက်နေတယ်

ခြေလှမ်းချချလိုက်ချင်းမှာပဲ မင်္ဂလာနံနက်ခင်းပါလို့ ပါးစပ်ဖျားက လာသောအသံနဲ့ နှုတ်ဆက်ခံရတယ်။ ကိုယ်လဲ ၀တ်ကျေတန်းကျေ ပြန်ပြုံးပြလိုက်ရတယ်။အပြုံးတုတွေ ကိုယ့်ဆီရောက်လာတာ သိပ်မကြာသေးဘူး။ အဲ့လိုပဲ နှစ်နှစ်ကာကာပြုံးတတ်လာတာလဲ သိပ်မကြာသေးဘူး။..။အပြုံးတုတွေကိုတော့ တာရှည်မထားချင်ဘူး။
ဒါပေသည့်..တသက်လုံးတော့ နှစ်နှစ်ကာကာပြုံးချင်မိပြန်တယ်။အဲ့ဒါ မတရားဘူးလား။ မတရားဘူးဆိုရင် ဘယ်သူမတရားတာလဲ ..ကိုယ်တိုင်ပဲလား...။ အလွန်တရာ စဉ်းစားတတ်သောအကျင့်ကို ဖျောက်ဖို့လဲ ကြိုးစား ရဦးမယ်။ကိုယ်မလုပ်ချင်လို့ နောက်ဖက်ကို နဲနဲလေးစီ တွန်းပို့ထားတဲ့ကိစ္စတွေထဲမှာ.. စဉ်းစားလွန်းတာကို ဖျောက်ပစ်ဖို့ ကိစ္စလဲပါတယ်။ အင်း အခုကိုပဲ စဉ်းစားနေမိတာပါလား..။ ခက်ပါပြီ..။

မင်္ဂလာနံနံခင်းပါလို့ နှုတ်ဆက်သူဆီမှာ ကော်ဖီတခွက်ကို အကြွေစေ့တချို့နဲ့လဲပြီး တောင်းလိုက်တယ်။ သူက ကြည်ကြည်သာသာပဲ ကော်ဖီပူပူတခွက်ကို စက္ကန့်ပိုင်းအတွင်း ပြန်ပေးလာတယ်။ ကောင်းသောနေ့ဖြစ်ပါစေ..။ နင်ရောပဲ လို့ ပြန်ပြောဖြစ်သေးလား၊မပြောဖြစ်ဘူးလား မမှတ်မိတော့လို့ ပြန်မပြောနိုင်တော့ပါဘူး။စိတ်ထဲမှ မလာဘဲ၊မပါဘဲ၊ရင်ဘတ်ထဲက မပါဘဲ လုပ်ရတဲ့ကိစ္စတွေကို ရပ်ထားချင်တယ်။

စာရေးချင်တဲ့စိတ်ပဲ ရှိပြီး စာမရေးနိုင်ဘူး။ရေးပြီးသားတချို့ကိုလဲ ကိုယ့်ဘာသာကိုယ်တောင် ပြန်မဖတ်ချင်ဘူး။ သူများကို ဖတ်ကြည့်ပါဦးလို့ ပြောဖို့ဆိုတာ ဝေးရောပေါ့..။ စိုင်းစိုင်းခမ်းလှိုင် လိုပြောရရင်တော့ လက်ထပ်ဖို့ မျှော်လင့်ချက်တွေ အဖျားရှူးရော... ပေါ့..။ ဘာမှတော့ မဆိုင်ပါဘူး။မဆိုင်တာတွေကို ဆိုင်သလိုတွေလုပ်ပြီး တောင်စဉ်ရေမရ...စဉ်းစားနေမိတယ်။

တင့်တင့်ထွန်းလို ကလေးအတွေးပေါ့..။လွတ်လပ်တဲ့ ငှက်ကလေးတစ်ကောင် ဖြစ်ချင်မိတယ်။ငှက်ကလေးသာ ဖြစ်ရင် ကိုယ်သွားလိုရာ သွားနိုင်မယ်။ ကိုယ့်အပေါင်းအသင်း၊ချစ်သူ၊မိဘ တွေကလဲ ခုလို ငဲ့ကွက်စရာ၊တခုခုကို လုပ်တော့မယ်ဆိုရင် စဉ်းစားငဲ့ညာနေစရာလိုတဲ့ လူတွေ ဘယ်ဟုတ်တော့မလဲ..။ သူတို့လဲ ငှက်ကလေးတွေ ပဲပေါ့.။ငှက်ကလေး ကိုယ်က ကိုယ့်ငှက်ချစ်သူလေးကိုခေါ်သွားပြီး ခပ်ဝေးဝေး တနေရာကို ပျံသွားမယ်။ သွား....ရောက်ချင်ရာသာ ရောက်စေတော့...။ဘယ်သူ့မှ လူထင်စရာစရာမလိုတော့ဘူး..။ကိုယ့်ကိုယ်ကိုလဲ လူထင်စရာမလိုတော့ဘူး။ အင်းလေ..ငှက်ကလေးဖြစ်နေပြီဆိုမှတော့.. ဒါတွေ ဘာအရေး ဟုတ်တော့မလဲ..။

ကော်ဖီပူပူကို ဘန်း ပြားပြားလေးပေါ်တင်ပြီး ထိုင်နေကျ နှစ်ယောက်ထိုင် စားပွဲလေးဆီလျှောက်လာတယ်။ ကိုယ်ကသာ တယောက်ထဲ..။ဒါပေမယ့် ကော်ဖီဆိုင်လေးကတော့ အရင်အတိုင်းပဲ။

စိတ်မနှံ့ဘူးလို့ ယူဆရတဲ့ အမျိုးသမီး ငယ်ငယ်တယောက်၊အဘွားအိုပေါက်စ တယောက်က ထုံးစံအတိုင်း သူတို့ ၂ဦးရဲ့ မတူညီတဲ့ဘာသာစကားကိုဘေးချပြီး တူညီတဲ့ဘာသာစကားနဲ့ အချေအတင် ငြင်းခုံနေတယ်။ တော်သေးတယ်။သူတို့ တူညီတဲ့ဘာသာစကားနဲ့ စကားပြောနေလို့ ကိုယ်နားထောင်လို့ရတာ။ကော်ဖီဆိုင်က ဖွင့်ထားတဲ့သီချင်းထက် အော်ကျယ်ဟစ်ကျယ်ပြောနေတဲ့ သူတို့စကားတွေက ပိုလို့စိတ်ဝင်စားစရာကောင်း တယ်။

သူတို့အဲ့လိုပဲ နေ့တိုင်းပြောကြတယ်။သူတို့နှစ်ယောက်ပြောနေတဲ့ ဘာသာစကားက ကိုယ်နားလည်တဲ့ ဘာသာစကားဖြစ်ပေမယ့် သူတို့ပြောနေတဲ့အကြောင်းအရာကို ကိုယ်မသိပါဘူး။ဘာလို့မသိလဲဆို ဖြစ်နိုင်ခြေ ရှိတာက သူတို့စကားရဲ့အစမှာတုန်းက ကိုယ်က ကော်ဖီဆိုင်ထဲကို မရောက်သေးဘူး။သူတို့စကားအစကို မမှီလိုက်သေးလို့ ဖြစ်နိုင်တယ်..။အဲ့လိုတော့ ထင်တာပဲ..။အင်း အဲ့လိုတော့လဲ ဟုတ်ချင်မှ ဟုတ်မှာပါ.။ ပြောနေပုံတွေကတော့ မြောက်ကိုရီးယားလိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လုပ်နေတဲ့ တိုင်းပြည်တွေအကြောင်း ပြောနေသလိုပါပဲ။
ကိုယ့်နားထဲ ရောက်ရောက်လာတဲ့စကားလုံးတွေထဲမှာ"နင်မသိဘူးလား."."နင်မသိဘူးလား" ဆိုတာတွေပဲ။ သူတို့ ၂ ယောက်က တယောက်ကိုတယောက် ဒီကိစ္စလေးတောင် မသိဘူးလို့ ထင်နေကြတယ်။ ဒါကြောင့် နင်မသိဘူးလားလို့ မေးနေတာ..။ တကယ်တော့ မသိတာက သူတို့နှစ်ယောက်မဟုတ်ပါဘူး။ သူတို့စကားဝိုင်းထဲ အဝေးကနေ မေးထောက်ငေးနေတဲ့ ကိုယ်ပါ ဆိုတာ.. သွားပြောလိုက်ရမှာ..။

ဒီလိုပါပဲ..အေးစက်နေတဲ့ကော်ဖီဆိုင်ထဲကနေ နောက်ထပ်တစ်နာရီလောက် အကြာမှာ ကိုယ်ထွက်လာခဲ့တယ်။ ခြေထောက်တွေက.... လေးလံလို့....။

(မှတ်ချက်...။တီတီ ပွမ်ပွမ် အသံပေးပြီး ကိုယ်ပဲ ကျော်တက်လိုက်ပါတယ်။ နှစ်ခြောက်ဆယ် ဂရံဆွဲထားသော ဘလော့များကို ကျော်တက်လိုက်ပါတယ်.. )

Tuesday, June 22, 2010

အချစ်၏ မီးခိုးတန်းများ

တံဆိပ်နားထိလောင်ကျွမ်းပြီးဖြစ်တဲ့ လက်ထဲကစီးကရက်ကို သေချာကြည့်လိုက်မိတဲ့အခါ နှမြောသလိုခံစား ရသည်။ကုန်သွားတဲ့ဆေးလိပ်ကို နှမြောတာလား၊နစ်ကိုတင်းတွေဝင်သွားလို့ အထိုက်အလျောက် လျော့ပါးသွား နိုင်ချေရှိတဲ့ သူ့အဆုတ်ကျန်းမာရေးကို နှမြောတာလား။

ရှူသွင်း၊မှုတ်ထုတ်ထားသော မီးခိုးငွေ့အချို့က လေနှင့်အတူခပ်ဝေးဝေးထိလိုက်ပါ ပျောက်ရှသွားသည်။ကိုယ့် အနားမှာတုန်းက မီးခိုးငွေ့တွေက အဖြူလိုလို၊ခဲလိုလိုအရောင်၊ခပ်လှမ်းလှမ်းရောက်တော့အစိမ်းရောင်လို။ ခဏနေတော့ လုံးဝပျောက်ကွယ်သွားသည်။တချို့မီးခိုးငွေ့များ ကိုယ့်ဆီသို့ ပြန်လာကြသည်။မျက်လုံးထဲဝင်လာ မှာစိုးပြီး မှေးစင်းထားလိုက်မိသည်။

"စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုးမျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိရမယ်" ဆိုတဲ့ သီချင်း စာသားတချို့က ခေါင်းထဲသို့ အလိုအလျောက် ၀င်ရောက်လာကြသည်။
ချစ်ခြင်းမေတ္တာကို ခံယူလို၊ပေးအပ်လိုပါက ချစ်ခြင်းမေတ္တာရဲ့နောက်မှာ တပါတည်းပါလာသော လွမ်းဆွတ်မှု ဝေဒနာကိုလဲ လက်ခံနိုင်ဖို့လိုသည်။
စီးကရက်ကိုကြိုက်တတ်မှတော့ စီးကရက်မီးခိုးငွေ့များ မျက်စိထဲဝင်လာတဲ့ အခါ အပြုံးမပျက် ရှိနေသင့်တယ်လို့ ပြောချင်တာများလား။တောင်စဉ်ရေမရ လိုက်ပြီးတွေးနေမိသည်။

မိဘချစ်၊မောင်နှမချစ်၊သူငယ်ချင်းချစ်...ပြီးတော့ ချစ်သူ ချစ်။ချစ်ခြင်းမေတ္တာထားမိလေတိုင်း လွမ်းဆွတ်မှု ဝေဒနာက နောက်တော်ပါးကနေ အရိပ်လို ကပ်ပါလာတတ်စမြဲ။

တခါတလေတော့ စိတ်နဲ့ဆံ့သလောက် ခံစား တတ်သော ကိုယ့်ကိုယ်ကို မုန်းတီးမိပြီး ဘာကိုမျှမခံစားတတ်သော လူတဦးအဖြစ် ရပ်တည်ချင်မိပြန်သည်။ ပြီးတော့ ကိုယ့်ချစ်ခြင်းမေတ္တာကို ယုံကြည်ဖို့ဝန်လေးနေသော သူ့အား သက်သေပြချင်ပါသည်။

+++++++

ဘယ်သူ့ကို အချစ်ဆုံးလဲ သူခဏခဏ မေးလေတိုင်း ကိုယ်လွယ်လင့်တကူဖြေဖြစ်တာက မင်းကိုအချစ်ဆုံး၊ ကြယ်ကလေးကို အချစ်ဆုံး လို့ ဟု။...။

စကားစပ်ပြီးပြောရရင် သူက ကိုယ့်ရဲ့ ကြယ်ကလေး ပေါ့..။

ကိုယ်မတွေ့ချင်ဘူးဟု ရှောင်ဖယ်နေခဲ့ဖူးသော ကြယ်ပွင့်လေးတခုက ကိုယ့်ဘ၀လမိုက်ညများမှာ တပွင့်ထဲ ထည်ထည်ဝါ၀ါ ကိုယ့်အတွက် လင်းပေးခဲ့သည်။ခုတော့ မေ့မေ့မျောမျောနဲ့ သူ့ကို မျှော်မျှော် ကြည့်ယူရသည်ထိ။
သူ့လင်းချင်းမှုများက ကိုယ့်အပေါ် ဖြန့်ကျက်နေရာယူနိုင်လွန်းလေစွ...။

+++++++

စိတ်၏အရှိအတိုင်းဆိုရင်ဖြင့် ကိုယ်မျက်စေ့ထဲ စီးကရက်မီးခိုးငွေ့များ အ၀င်မခံချင်။မီးခိုးငွေ့များကြောင့် ကိုယ့်မျက်လုံးများ စိုစွတ်မခံချင်တော့။

ဒါကြောင့် ကိုယ့်ရင်ဘတ်ထဲကနေ ချစ်ခြင်းမေတ္တာအား ခံစားတတ်စေသော အပိုင်းအစအချို့ကို အချိန်ကာလ အတော်ကြာ ဖယ်ထုတ်ထားခဲ့ဖူးသည်။ ကိုယ့်ဆီကို ဘယ်လိုစိတ်ခံစားမှု အတိမ်အနက်ကိုမှ ရောက်မလာစေချင် တော့ဟု ဆိုကာ ကိုယ့်ရင်ခွင်အခန်း တံခါး ကိုယ်ပိတ်ပြီး ငြိမ်သက်စွာ နေခဲ့သည်။
မင်းက ရောက်လာတာလား၊ကိုယ်က မင်းဆီလျှောက်လာတာလား။ကိုယ့်ဘာသာကိုယ်လဲ သိပ်တော့မသေချာ။ အဲ့ဒီအကြောင်းတွေ ကိုယ်ပြောပြတဲ့ညတုန်းက မင်းက ပြုံးပြီးကြည့်နေခဲ့တယ်။

အဲ့ဒီညက ကိုယ်တို့နှစ်ဦး... စီးကရက်ကို မီးစတင်ညှိလိုက်မိကြပြီ..။

တရိုက်မက်မက် ဖွာပစ်မိခဲ့ကြသည်။မီးဖွားတွေ တဖွားဖွား။ လိုချင်တပ်မက်မှုအချို့က ရဲ ကနဲ..။ ရဲ ကနဲ...။

+++++++++++

ဆေးလိပ်မီးတွေ ကိုယ့်ဆီမလာစေချင်ဘူး။ ဘာလို့ဆို ကိုယ့်မျက်ဝန်းများ မစိုစွတ်လိုဘူး။

++++++

ကုန်သွားတဲ့ဆေးလိပ်ကို ဖိချေပြီး နောက်တလိပ် ထပ်သောက်ရ ကောင်းမလား စဉ်းစားမိသည်။ တော်ပါပြီ။ မီးခိုးတွေ အလွန်အမင်းဖြစ်ကုန်ရော့မယ်။

လဲလျောင်းအိပ်စက်ရာ အခန်းဘက်ဆီသို့ ပြန်လာရင်း ရေအေးတဗူးကို ဆွဲလာမိလျက်သား။ပြီးတော့ မော့ချ လိုက်သည်။အေးပြီးသားရေက လည်ပင်းထဲမှာ ပိုပြီး အေးမြသွားသည်။ ပြီးတော့ ခါးသည်။ ပြီးတော့ အခါးမှ အချိုသို့ ကူးသော အမျိုးအမည်တပ်ရခက်ခဲသည့် အရသာတခုကို ခံစားမိသည်။

အဲ့ဒီ အေးမြမှု၊ခါးသီးမှု၊ချိုမြိန်မှု စတဲ့ခံစားမှုတွေကိုပဲ ချစ်ခြင်းမေတ္တာဟု ကိုယ်က ကိုယ်တဦးတည်းပိုင်အဖြစ် နာမည်တပ်လိုပါသည်။

++++++

Saturday, May 15, 2010

အမေ့ထမင်းဝိုင်းလေး

တနေ့က သူငယ်ချင်းအိမ်က မိသားစုပုံလေးတပုံရောက်လာတော့ ၂ ယောက်သားကြည့်ရင်းက ဘာလိုအပ်နေ မှန်း မသိ။ဓာတ်ပုံက မပြည့်မစုံဖြစ်နေသလို ခံစားမိကြသည်။ပြီးတော့ ဓာတ်ပုံထဲက သူ့တူမလေးနဲ့ တူလေး၊ကလေး ၂ ယောက်ကို ဟာသလုပ်ပြီး ရယ်မောဖြစ်ကြသည်။ကလေးတွေက အချိန် အနည်းငယ်အတွင်း မှာ အများကြီးပြောင်းလဲလာသည်။ကိုယ်တွေ ရင်ခွင်ပိုက်တဲ့ကလေးက မတ်တပ်ရပ်ပြီး စတိုင်ပြည့်နဲ့ ဓာတ်ပုံရိုက်ခံ နေတာမြင်တော့ အသက်ရှူတောင်မှားလောက်အောင် အံ့သြဘနန်းဖြစ်ရသည်။

နောက်တရက်၊မနေ့တုန်းက တခေါက်ထပ်ကြည့်ဖြစ်သည်။ဘာလိုသလဲ ဆိုတာ ရှာတွေ့မိသွားသည်။အဓိက Subject တွေ..၊လူတွေ လိုနေ တာပါ။မိသားစု အင်အားတောင့်တင်းတဲ့သူတို့မိသားစုဆိုတာက ဓာတ်ပုံရိုက်ရင် အထဲနဲနဲတိုးဦး၊အထဲနဲနဲတိုးဦးနဲ့ လူအားလုံးပါအောင် တွန်းတွန်းထိုးထိုး၊ကြပ်ကြပ်သိပ်သိပ်နဲ့ရိုက်ခဲ့ကြတဲ့ မိသားစု က ခုတော့ကမျောက် ကချောက် ဖြစ်နေသည်။အဝေးရောက်နေသူတွေ နေရာမှာ အနီးရှိတဲ့ ကလေးငယ်တွေ အစားထိုး ပါဝင်လာသည်။ဘယ်လိုပဲ ဖြစ်ဖြစ်၊သိပ်တော့ မစိုပြည်..။ မပြည့်စုံ...။

ဓာတ်ပုံကြည့်ရင်းကနေ ထမင်းစားဝိုင်းတွေအကြောင်း တွေးမိသည်။ဟိုးး ခပ်ဝေးဝေးက ထမင်းဝိုင်းလေး....။

ကျမအသက် ၁၆ နှစ်ထိနေထိုင်ကြီးပြင်းခဲ့တဲ့ အမေအိမ်က ထမင်းစားပွဲက အလှူမင်္ဂလာ၊ပွဲနေပွဲထိုင်ဆိုရင် အငှားလိုက်ရလေ့ရှိသည်။အဖေက တို့မိသားစု ၇ ယောက်စာ ဆိုပြီး ထမင်းစားပွဲကို အကြီးကြီးလုပ်ထားခဲ့သည်။ ၇ ယောက် ချောင်ချောင်ချိချိ စားလို့ရသည်။ဧည့်သည်ဝင်ချင်ရင်တောင် ၀င်လို့ရသည်။ ကလေးငယ်ငယ်တွေ၊ ပုစုခရုနဲ့ဆိုတော့ အတော်လေးကျယ်ဝန်းမှလဲ အဆင်ပြေသည်။ ဒါပေမယ့် အဲ့ဒိထမင်းစားဝိုင်းလေးမှာ အဖေက ဘယ်နှစ်နှစ်လောက်များ သူ့မိန်းမ၊သူ့သားသမီးတွေနဲ့ ထမင်းလက်စုံ စားခွင့် ရခဲ့ပါသလဲ။တခါတလေကျ အဖေ လုပ်သူကို ကျမ ကရုဏာသက်မိသည်။သူ လူဖြစ်လာသည်။အသက် ၂၀ မှာ အိမ်ထောင်တည်ထောင်သည်။ အလုပ်လုပ်သည်။သားကျွေးမှု၊မယားကျွေးမှု။ကြွေးသစ်တွေ တပင်တပန်း ချသည်။ အသက် ၃၈ မှာ ရောဂါဆိုး တခု စတင်ခံစားရပြီး အသက် ၄၀ မှာ သူ့ဘ၀က အဆုံးသတ်သွားသည်။သူ့ကို ကြွေးဟောင်းဆပ်တာကို သူခံစားခွင့်မရရှိခဲ့ပါ။သူမွေးထားခဲ့တဲ့ သားတွေသမီးတွေရဲ့ ကောင်းသည်၊ဆိုးသည်ကို သူမမြင်နိုင်ခဲ့။သူ့ဘ၀က ဖြစ်သင့်သည်ထက် အနည်းငယ် တိုတောင်းလွန်းလှသည်ဟု တခါတခါ တွေးမိသည်။

ကျမငယ်ငယ်က မိသားစုထမင်းစားတော့မည်ဆိုတာနဲ့ အငယ်ဆုံးဆိုတော့ ဗာဟီရ၊တောက်တိုမယ်ရ ၀င်လုပ်ရ သည်။အိမ်မှာက ထမင်းကို သူတခါ၊ငါတခါ ကိုယ်ဆာတဲ့အချိန်ကိုယ်ထစား။အဲ့လို စားလို့မရ၊အမေ မကြာခဏ ပြောဖူးတဲ့စကားက "ငါးပိရည်နဲ့ပဲ စားဦး၊လက်ဆုံစားတော့ ပိုဝင်တယ်" တဲ့။အမ လုပ်သူက ထမင်းခူးနေရင် ကျမက အဲ့ဒိအဖေ့လက်ရာ ထမင်းစားပွဲအကြီးကြီးကို မနိုင်မနင်း မ ရသည်။နောက်ဖေး မီးဖိုချောင်ရဲ့ ဒေါင့်တနေရာရာမှာ ထောင်ထားတဲ့ အဲ့ဒိ ထမင်းစားပွဲကြီးကို လှိမ့်ရင်းက ကိုယ့်ခြေမပေါ် စားပွဲနဲ့ဖိသွားလို့ သွေးချေဥသည်အထိ ဖြစ်ရသည်။ကြမ်းပြင်မှာ ဖင်ချထိုင်ပြီး ထိုင်စားရတဲ့စားပွဲဆိုတော့ တခါတလေမှာ ဟင်းတွေ၊ထမင်းတွေ အိုးထဲပြန်မထည့်ချင်လို့ ထမင်းစားပွဲကို ပြန်မထောင်တော့ပဲ ဒီအတိုင်း ထားရတဲ့အခါမျိုးတွေဆိုရင်တော့ ရှပ်ပြာရှပ်ပြာနိုင်လှတဲ့ ကျမညှို့သကျည်းရိုးတွေ အညိုအမဲစွဲသည်အထိ ခလုတ်တိုက်မိတာမျိုးတွေလဲ ရှိသည်။

တကယ်တော့ အဲ့ဒိထမင်းစားပွဲက မိသားစု ၇ ယောက်ဆန့်အောင် လုပ်ထားခဲ့တယ်ဆိုပေမယ့် အဖေဆုံးပြီး နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အမတယောက်၊အကို တယောက်က ရှေ့ဆင့်နောက်ဆင့်အိမ်ထောင်ပြုသွား ကြတာဆိုတော့ တကယ့်လက်တွေ့မှာ သားသမီးသုံးယောက်နဲ့ အမေနဲ့ လေးယောက်နဲ့ စိုပြေခဲ့တဲ့ ထမင်းဝိုင်းလေးဖြစ်သည်။ ၇ ယောက် မဟုတ်ပေမယ့် လေးယောက်ဆိုတာလဲ အင်အားတော့ နည်းလှတာ မဟုတ်ပါဘူးလေ။

မိုးတွေသိပ်သည်းတဲ့ တချို့ညနေခင်းတွေမှာ အဲ့ဒိထမင်းဝိုင်းလေးကို ကျမလွမ်းဆွတ်မိပါသည်။ငါးသလဲထိုး သေးသေးမျှင်မျှင်လေးတွေကို သရက်သီးပါးပါးလေးတွေနဲ့ ရောချက်တဲ့ အမေ့ငါးဟင်းလေး၊နောက်ဖေး ကမ်းနား ချောင်းစပ်မှာစိုက်ထားတဲ့ ဘူးပင်တွေဆီက ခူးထားတဲ့ ဘူးညွန့်ပြုတ်၊ငြုပ်သီးစိမ်း မီးဖုတ်ထောင်း ဖျော်ထားတဲ့ ကွင်းချောင်းရွာထွက် ငါးပိရည်၊ပြီးတော့ တစိမ့်စိမ့်ရွာနေတဲ့မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့။မိသားစုလေး ယောက် စကားတပြောပြောနဲ့ လွေးကြတဲ့ ညနေခင်းထမင်းဝိုင်းလေးကို ကျမသတိတရ ရှိမိသည်။

အငယ်ဆုံးက နောက်ကားကျော်တက်ပြီး အရင်ဆုံး အမေ့အိမ်ကို လက်ပြနှုတ်ဆက်ခဲ့သည်။ မျှော်လင့်ချက်တနင့် တပိုးထည့်လွယ်ထားတဲ့ ကျောပိုးအိတ်တလုံး၊ဒိုင်ယာရီစာအုပ် တအုပ်နဲ့ ရင်ခုန်သံခပ်ပြင်းပြင်းတချက်ကို သယ်ဆောင်ပြီး အမေ့အိမ်က ထမင်းဝိုင်းလေးကို စွန့်ခွာခဲ့သည်။ နှစ်ကာလတွေအတော်များများမှာ အမေ့အိမ်က ထမင်းဝိုင်းလေးကို လွမ်းရကောင်းမှန် မသိတတ်ခဲ့ပါ။အမေ့အိမ်က ထမင်းဝိုင်းလေးဆီက ကြည်နူးမှုတွေက "ဧရာဝတီတိုင်းမှ နှုတ်ခွန်းဆက်သပါ၏ "ဆိုတဲ့ဆိုင်းဘုတ် နောက်မှာ တရေးရေးပျောက်ကျန်ခဲ့ဖူးသည်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေက ထမင်းဝိုင်းကို အပြောင်းအလဲလုပ်ထားသည်။ထမင်းစားပွဲနဲ့ ကုလားထိုင်နဲ့။ သို့သော် ကုလားထိုင်က ၂ လုံးတည်း။ အဲ့ဒါကိုမြင်တော့ စိတ်ထဲမယ် တခုခုကို မနာလိုစိတ်ဖြစ်သွားသည်။ စိတ်နောက်ကိုယ်ပါ "အမေကလဲ ဘာလို့ ထိုင်ခုံ က နှစ်ခုံထဲဖြစ်နေရတာလဲ "လို့ပြောခဲ့မိသည်။ "နင့်အကိုအိမ်က လက်သမားတွေလုပ်ပေးတဲ့အတိုင်းပါပဲကွယ်။ ထိုင် ထိုင် အမေ မထိုင်ဘူး "တဲ့။နောက်တစ်လလောက် အကြာ၊နောက်ထပ်တခေါက် အမေ့အိမ်ပြန်ရောက်တော့ ကုလားထိုင်လေးလုံး ဖြစ်နေသည်။ ကျမဖို့ တလုံး၊ အိမ်ရှေ့အိမ်မှာ သားနဲ့ဇနီးနဲ့ ဖြစ်နေတဲ့ သူ့သားငယ်အတွက် တလုံးဖြစ်ဟန်တူပါသည်။တကယ်တော့ အဲ့ဒိ ထမင်းစားပွဲမှာက သိပ်ပြီးစားဖြစ်ကြတယ်လဲ မရှိပါ။ကြမ်းပြင်မှာ ပိပိပြားပြား ထိုင်ချပြီးစားရတဲ့ အဖေလုပ်ပေး ခဲ့တဲ့ ထမင်းစားပွဲမှာပဲ သွားဝိုင်းဖြစ်ကြတာချည်း။တူတွေ၊တူမတွေက ကျမအိမ်ပြန်ရောက်နေချိန်ဆိုရင် နှင်ချလို့ တောင် မပြန်ကြ။သူတို့တွေနဲ့ဆိုတော့ စားပွဲ၊ကုလားထိုင် လေးလုံးနဲ့လဲ အဆင်မပြေ။

ကျမမရှိတဲ့ ခုလိုအချိန်တွေမှာ အမေက ဘယ်ထမင်းစားပွဲမှာ စားနေမှာလဲ။သူ့သမီးကြီးက အေးတိအေးစက်။ နွေးနွေးထွေးထွေး၊သဲသဲကဲကဲ မနေတတ်။သူဗိုက်ဆာရင် ၀မ်းချင်းဆုံတာ မဟုတ်ဘူးဆိုပြီး သူ့ဘာသာသူ စားနှင့် နေတတ်တဲ့သူ။အဲ့ဒီလို ညနေခင်းတွေတိုင်း အမေဘယ်သူနဲ့ ထမင်းလက်ဆုံစားနေမှာပါလိမ့်။ သူ့ယောက်ျား လုပ်ပေးခဲ့တဲ့ ထမင်းစားပွဲဝိုင်းကြီးက မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ထောင်လျက်သားဖြစ်နေပြီး သူတဦးထဲ စားပွဲနဲ့ ကုလားထိုင်ပေါ်ထိုင်လို့ ရေနွေးကြမ်း တခွက်နဲ့ပဲ ငြိမ်သက်တိတ်ဆိတ်နေလေမလား။ရေနွေးကြမ်းခွက် လေးကြောင့်ပဲဖြစ်ဖြစ် အမေ့ထမင်းဝိုင်းလေးက နွေးနွေးလေးဖြစ်နေပါစေလို့သာ ကျမဆန္ဒပြုနေမိပါသည်။


Sunday, April 11, 2010

ကျနော်တို့မက်ခဲ့သော အိပ်မက်များ

သူမခေါင်းပေါ်က ကောက်လိမ်နေတဲ့ဆံပင်တချို့ကို ကျနော့လက်နဲ့ဆွဲနှုတ်ပေးလိုက်သည်။ ဆတ်ခနဲ..ဆတ်ခနဲ။ မဆိုသလောက် နာသွားတော့ သူမကနဲနဲညည်းညူသည်။

"နင့်ဆံပင်တွေ မလှတော့ဘူးဟ "

ကျနော်အဲ့လိုပြောတိုင်း သူက မခံချင်သလိုလုပ်ပြတတ်သည်။တကယ်တော့ ကျနော်ပြောသလိုပဲသူ့ဆံပင်တွေ အရင်လောက် မလှတော့ဘူးဆိုတာ သူကိုယ်တိုင်လဲသိပါသည်။ခုဆို ဆံပင်ကြမ်းကြမ်းတွေက တဖြည်းဖြည်းနဲ့ များလာခဲ့ပြီ။ပြီးတော့ သူ့ဆံပင်တွေက မညီမညာ..။တိုတဲ့နေရာကတိုပြီး ရှည်တဲ့နေရာက ရှည်နေသေးသည်။ အထပ်အထပ်တွေဖြစ်နေသည်။မလှတော့ဘူးလို့ ကျနော့်စိတ်ထဲရှိသလို ပြောခဲ့မိသည်။ပြောပြီးတဲ့အခါကျမှ ကျနော်..ကိုယ့်အတွေးကိုယ် သဘောတကျ ပြုံးမိသည်။

+++++++++++++

ကျနော် ရှက်လို့ပြုံးတာပါ။အရင်တုန်းကတော့ ကျနော်ပဲ ဒီဆံပင်တွေချစ်တတ်ခဲ့လိုက်တာ။ဆံပင်မှမဟုတ်ပါဘူး။ သူ့ပိုင်ဆိုင်မှုမှန်သမျှ ကျနော်ချစ်ခဲ့တာပဲ မဟုတ်လား။ထပ်ဆင့်တွေးကြည့်မိပြန်တော့ ကျနော်ချစ်ခဲ့တာ အဲ့ဒိ ဆံပင်တွေကြောင့်လဲ မဟုတ်သလို သူရဲ့ လှပတဲ့မျက်နှာလေးကြောင့်လဲ မဟုတ်ပါဘူး။ကျနော်ချစ်ခဲ့တာ သူ့ စိတ်ထားလေးတခုထဲ၊ကျနော်မြတ်နိုးတန်ဖိုးထားခဲ့တာလဲ သူ့စိတ်ထားလေး တခုထဲရယ်...။

++++++++++++++

သူ့ဆံပင်တွေကို မပြုပြင်ဖို့ကျနော် တဖွဖွပြောခဲ့သည်။ကျနော့်ခံယူချက်က "Simple is the Best" လို့ သူ့ကို ခဏခဏ ပြောခဲ့ဖူးပါသည်။ "အခုအတိုင်းလှတယ်၊အရင်တိုင်းလှတယ်...ဆံပင်တွေအတိုတော့ မညှပ်ပါနဲ့" ပေါ့။ အဲ့ဒီသီချင်းကိုလဲ မကြာခဏဆိုပြဖူးခဲ့သည်ထင်ပါသည်။

သူ့ဆံပင်တွေပြင်တဲ့နေ့ကို ကျနော်အသေအချာ မှတ်မိနေသေးသည်။သူနဲ့ကျနော် ဆံပင်ပြင်ဆိုင်တခုမှာ အတူတူ ခေါင်းသွားလျှော်ကြသည်။ခေါင်းလျှော်အပြီး ဆံပင်ခြောက်အောင်လုပ်နေစဉ်မှာပဲ သူ့ကိုလုပ်ပေးနေတဲ့ အမျိုးသမီးနဲ့သူနဲ့ ဘယ်လိုကဘယ်ပုံ အပေးအယူတည့်သွားကြသလဲမသိပါ။ ခဏနေတော့ ကျနော့်ဘက် လှည့်ပြီး

"ဟဲ့ ငါပြင်လိုက်မယ်နော်..မကြိုက်လဲ ခဏပဲလေ။ပြန်ပြင်လို့ရတာပဲ " ဟု ဆိုသည်။

ကျနော်က သူပြောတဲ့ ခဏပဲ၊ပြီးရင်ပြန်ပြောင်း၊ပြန်ပြင်လုပ်လို့ရတယ်ဆိုတာတွေကို နားမလည်ပါဘူး။ခုပြင် လိုက်တဲ့ ဆံပင်ဒီဇိုင်းကို မကြိုက်ရင်၊ဒါမှမဟုတ် မလှရင် နောက်တခေါက်ထပ်ပြင်လို့ရနိုင်သေးတယ်လို့ ဆိုလိုချင် တာထင်ပါရဲ့။

တကယ်တမ်းတော့ ချုပ်ပြီးနှောင်ပြီးမှ သူကခွင့်တောင်းသလို ပြောလာတာပါ။လူတွေအများကြီးရှေ့ (သူရော၊ကျနော့ကိုရော ခေါင်းခြောက်အောင်လုပ်ပေးနေတဲ့ လူတွေ) မှာ ကျနော်ဘယ်လိုတားမြစ်နိုင်မှာလဲ။ ကျနော်နဲ့သူ နှစ်ယောက်ထဲ အကြိမ်ကြိမ်ဆွေးနွေးဖူးတယ်။အဲ့ဒိ ဆံပင်ပြင်တဲ့ကိစ္စကို။

ဆံပင်အတိုမညှပ်ရဘူး။ဆံပင်ရှည်နဲ့မှ လှတယ်၊ကျနော့်ကိုချစ်ရင် ဆံပင်အရှည်ထားပေးပါ စသဖြင့် ကျနော် မပြောတတ်ပါဘူး။ချစ်တာနဲ့ ဆံပင်အရှည်ထားတာ၊မထားတာနဲ့တော့လဲ တိတိပပ မသက်ဆိုင်လှဟု ကျနော်က ယုံကြည်သည်။ သူ့ခေါင်းက သူ့ဆံပင်ကို သူကြိုက်သလိုထားခွင့်ရှိပါသည်။ သူခေါင်းလျှော်တိုင်း ကျနော်လဲ ၀ိုင်းမကူနိုင်ပါ။သူ့မှာဆံပင်တွေအများကြီးနဲ့၊ခေါင်းလျှော်နေရရင် သူ့အတွက် ကရိကထအလွန် များနိုင်ပါသည်။ အဲ့ဒါထက်ပိုတာကတော့ ယခု ပခုံးဆင်းလေးပဲရှိတဲ့ဆံပင်ကိုတောင် အပြင်တခါသွားခါနီးတိုင်း ဖြီးသင်လို့ မပြီးနိုင်တာ ဆံပင်အရှည်ဆို ကျနော်မတွေးဝံ့ပါ။ကော်ဖီဆိုင်သွားကြရင်း ငါခဏ toilet ၀င်ဦးမယ်ဆိုရင် ယခုက ဆယ်မိနစ်လောက်ကြာရင် ဆံပင်အရှည်နဲ့ဆို နာရီဝက်လောက် ကြာသွားနိုင်သည်။ထို့ကြောင့် ဆံပင်အရှည် ထားဖို့ ဘယ်တုန်းကမှ သူ့ကိုကျနော်မတိုက်တွန်းမိပါ။ဆံပင်ညှပ်ရင်လဲ မတားမြစ်ခဲ့ပါ။ သူ့စိတ်ကြိုက် ကြိုက် သလောက်တိုပါစေ..။

သို့သော် ဆံပင်တွေကိုတော့ မပြင်စေချင်ပါ။ဆံပင်တွေပြင်လိုက်ရင် ပျက်စီးသွားတတ်တာ ကျနော်မြင်ဖူးသည်။ သူလဲ မြင်ဖူးပါသည်။ကျနော်က ပြင်လိုက်ရင် မလှတော့ဘူးဆိုတဲ့ဘက်ကိုပဲ ဇောင်းပေးပြီးပြောတဲ့အတွက် သူ့ဘက်က ရပ်တန့်သွားရသည်ချည်းသာ။ခုတော့ သူ့ဆံပင်ကိုင်နေတဲ့ ကောင်မလေးက ကျနော့်ထက် စကားအရာ အောင်မြင်သွားပုံရပါသည်။ လှချင်လွန်းတဲ့ ကျနော့်ကောင်မလေးလဲ အဆုံးမှာတော့ ဆံပင်ပြင် ဖြစ်သွားသည်။

သူဆံပင်ပြီးခါစပုံကို ကျနော် ခင်ဗျားတို့ကိုပြချင်သည်။ ဆံပင်တွေက သူ့ခေါင်းမှာ ပြားချပ်ချပ်နဲ့ ကပ်နေသည်။ ညှပ်လိုက်တာလဲမဟုတ်ပါဘဲနဲ့ ဆံပင်တွေ ဘယ်ပျောက်သွားပါလိမ့်လို့တောင် တွေးမိသည်။သူလဲ တညလုံး ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပါသည်။ အရင်ကလို "ငါလှလားဟင်" လို့ မမေးပါ။ ကျနော်လဲ မျက်နှာကို ပြုံးဖြီးဖြီး ဖြစ်မသွားဖို့ အတတ်နိုင်ဆုံးထိန်းထားခဲ့ရပါသည်။

သူ့ဆံပင်တွေပြင်အပြီး လေးငါးလလောက်အကြာမှာ သူဆံပင်တွေ ကောက်ပစ်လိုက်ချင်ပြီ ဟု ပြောလာပြန် သည်။ကျနော်က
"ပြောတော့ အဖြောင့်လေးနဲ့ပဲ နေချင်တာဆို။ ခု ဘယ်လိုဖြစ်ပြန်ပြီလဲ" ဆိုတော့

"အဖြောင့်တွေက ပြေကုန်တော့ မလှတော့ဘူးလေ။မလှတော့မယ့်အတူတူ ကောက်လိုက်တာက ပိုအဆင်ပြေ မလားလို့" ဟုသူကတိုင်ပင်သလိုနဲ့ ပြောလာသည်။

တကယ်တော့ သူကတိုင်ပင်နေတာမဟုတ်ပါ။ အသိပေး နေရုံသာ။ကျနော်တားမြစ်လဲ သူကပြင်မှာပါပဲ။ ဘာလို့ဆို သူ့သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေစဉ်ထဲက ကျနော်က ရိပ်မိနေခဲ့သည်။
"တိုနီထွန်းထွန်းက လေးသောင်းခွဲ၊မဉ္ဖူက သုံးသောင်းပဲ ပြောတယ်။အော် ဆေးကကွာသေး တာကိုး" စသဖြင့်.။ ဈေးတွေအကြောင်း၊ဆံပင်ကောက်သားရဲ့ ကြာရှည်ခံမှု အချိန်ကာလ၊ အစုံပါပဲ။ သူ့ဆံပင်ပုံစံပြောင်းချင်နေတယ် ဆိုတာ သူ့မျက်လုံးမှာ ကျနော်ဖမ်းမိလိုက်သည်။ကျနော်မတားမြစ်တော့ပါ။ ကျနော့နားထဲမတော့ ရွှေဂျော်ဂျော်ရေးတဲ့ " ဟေး ကောက်လိုက်၊ဖြောင့်လိုက် ကိုယ့်ဆံပင်တွေ ပြင်ဆင်လို့လဲ မောပြီ..အဲ့ဒါ ဘယ်သူ့ အတွက်လဲ" ဆိုတဲ့ တင်ဇာမော့်သီချင်းသံများဖြင့်သာ....။

အချိန်တွေတော့ ကြာသွားခဲ့သည်။သူနဲ့ကျနော် နေ့တိုင်းဆုံဖြစ်ကြ၊ကော်ဖီတွေကို ၀တ္ထုတွေ၊ကဗျာတွေ၊ ဘလော့ တွေနဲ့ ရောသောက်ခဲ့ကြသည်။ကိုယ့်ဘ၀ကို မျက်ချေမပြတ်စောင့်ကြပ်ကြရင်းက လက်မှာပတ်ထားတဲ့နာရီလေး ကိုတော့ မေ့ဖျောက်ဖို့ကြိုးစားမိကြသည်။

++++++++++++

သူ့ဆံပင်တွေမလှတော့ပါ။ကြမ်းတဲ့နေရာကကြမ်းလို့၊ မညီမညာတွေလဲဖြစ်လို့။တချို့အကောက်တွေက ပြေလျော့ပြီး ဆံပင်တွေက အုံခဲပြီး ပွယောင်းယောင်းဖြစ်နေသည်။ကျနော်တခုတော့စဉ်းစားမိသည်။သူက တကယ်ပဲ မလှတော့တာလား။ဒါမှမဟုတ် ကျနော့်အမြင်တွေကပဲ ပြောင်းလဲသွားသလား ဆိုတာကိုပေါ့..။

ဟိုတလောက ကျနော့်ပါးပြင်ကို သူကပွတ်သပ်ရင်း

"နင်လဲ အိုပြီ နော်.." တဲ့။

ကျနော်လဲ သူ့မျက်နှာလေးကိုကြည့်မိသည်။သူ့မျက်ဝန်းလေးတွေလဲ အရင်လို မလင်းလက်တော့။ သူ့မျက်ခုံးလေးတွေလဲ အရင်လို မစိမ်းတော့ဘူး။ပြီးတော့ သူ့ပါးပြင်မှာလဲ အစက်အပျောက်တချို့.....။

++++++++++++

"နင်က ဂျင်းဘောင်းဘီဝတ်၊ပေတရာလမ်းပေါ်လျှောက်ပြီး ကဗျာကိုရွတ်ဖို့လောက်ပဲ မျှော်လင့်ခဲ့တာ.. ဟုတ်တယ်မလား၊ဟုတ်တယ်နော် " တဲ့။

အတိတ်ကို ပြန်မတူးဆွပါနဲ့လို့ ကျနော်လဲသူ့ကို မတားမြစ်မိပါ..။

"နင်ကကျတော့ရော..နင်လဲ ဆံပင်ပြင်ဖို့လောက်၊မျက်နှာပေါင်းတင်ဖို့လောက်၊ဆယ်ရီမှာ အနှိပ်သွားခံဖို့လောက် ပဲ စိတ်ကူးခဲ့တာ မဟုတ်ဘူးလား " .....
ကျနော် သူ့ကိုအလိုက်သင့်လေး...ပြန်ပြောလိုက်ရင်းက သူ့ရဲ့ပျက်စီးနေတဲ့ ဆံပင်လေးတွေကိုပဲ တယုတယပဲ နမ်းမွှေးလိုက်မိသည်။

စကားဆုံးတော့ ကျနော်တို့ နှစ်ဦးလုံး ဟက်ဟက်ပက်ပက်ပြုံးလိုက်ကြသည်။မရယ်မောဖြစ်ခဲ့ကြ...။

++++++++++++++

Monday, April 05, 2010

ခေါင်းကိုက်ခြင်း


တဒိတ်ဒိတ်နဲ့ ညကြီးအချိန်မတော်တိုင်တဲ့အထိ မပျောက်နိုင်အောင် ကိုက်ခဲနေတဲ့ ကျနော့်ရဲ့ဦးခေါင်းထဲက ဦးဏှောက်ကို ဖာက်ထုတ်ပြီး တစ်နေရာရာကိုသာ လွှင့်ပစ်ချင်မိတော့တယ်။ ကျနော့်အခန်းလေးက သိပ်ပြီး ကျဉ်းမှောင်နေလို့များလား..။ အသက်၀၀ရှူလိုက်ရရင် နဲနဲများသက်သာလေမလား ဆိုတဲ့ အတွေးနဲ့ လေသန့်သန့်လေးရနိုင်ဖို့ အခန်းအပြင်ဘက်ကို ကျနော်ထွက်ရပ်မိတယ်..။

လေထဲမှာ မိုးငွေ့ပါတယ်..။ ပြင်းရှရှနဲ့ အနုဆုံး၊ အလတ်ဆုံးလေကို ကျနော်ရှူရှိုက်ခွင့်ရလိုက်တယ်..။

ကျနော့်စိတ်တွေ အလိုလိုကြည်နူးလာတယ်။ ခေါင်းကိုက်တဲ့ဝေဒနာလဲ ခဏတာတော့ သက်သာသွားသလိုရှိတယ်။ခါင်းသိပ်မာလွန်းတဲ့ ကျနော်သူငယ်ချင်းတစ်ယောက်က သူ ဘယ်လောက်ပင် ခေါင်းကိုက်နေပါစေ၊ ကျနော့်လို စိတ်ရှည်ရှည်နဲ့ အလိုလိုခေါင်းကိုက်ပျောက်သွားတဲ့အထိ
ဘယ်တုန်းကမှ မစောင့်ပါ။ ဒါကြောင့်မို့ သူ့အိတ်ထဲမှာ မပါမဖြစ် ပစ္စည်းတစ်ခုအဖြစ် အကိုက်အခဲ ပျောက်ဆေး၊ ပါရာစီတမောလ်တွေကဒ်လိုက်၊ ကဒ်လိုက် ရှိနေတတ်သည်။
"ဟေ့ရောင် .. မင်းအဲ့ဒါတွေသိပ်မသုံးနဲ့ကွာ" လို့ ကျနော်ပြောသင့်မှန်းသိပေမဲ့ ကျနော်ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါ။ ဘာလို့ဆို အဲ့ဒခါင်းကိုက်တဲ့ဝေဒနာကို ကျနော်ကိုယ်ချင်းစာလို့ဖြစ်သည်။ ထို့အပြင် စိတ်မြန်တဲ့ သူ့အတွက် အဲ့ဒီလိုနည်းလမ်းက အဆင်ပြေဆုံးဖြစ်သည်။ ဒီလိုနှင့် သူ အကိုက်အခဲပျောက်ဆေးတွေသုံးတိုင်း ဘယ်တုန်းက မတားမြစ်ခဲ့ဖူးပါ။ မဟုတ်ရင် သူခေါင်းကိုက်လွန်းပြီး စိတ်မကြည်မလင်ဖြစ်ကာ ၀့ပတ်ရမ်းတဲ့လူတွေထဲ ထိပ်ဆုံးကနေ ကျနော် ပါလာမှာကို သိနေလို့ ဖြစ်သည်။

အစာအိမ်နာနဲ့ အမြဲနှစ်ပါးသွားနေရတဲ့ ကျနော့်အတွက် ခေါင်းကိုက်ဝေဒနာ အလျင်အမြန်ပျောက်ကင်းမယ့် ဆေးတွေလဲ သူလို့ တရပ်စပ်မှီဝဲဖို့ မဖြစ်နိုင်ပါ။ ဘာကြောင့် ကျနော်တို့သူငယ်ချင်းတွေ ခေါင်းကိုက်တတ်ကြမှန်းမသိပါ။ ခါင်းကိုက်ရောဂါဟာ ကူးစက်ရောဂါ မဟုတ်ပေမယ့် ကျနော်တို့သူငယ်ချင်းတွေထဲကြားထဲမှာတော့ ကူးစက်ရောဂါတစ်ခုလို တစ်စတစ်စနဲ့ လူစုံတက်စုံ ဖြစ်လာခဲ့သည်။ အဲ့ဒီခေါင်းကိုက်ဝေဒနာကို စတင်သယ်ဆောင်လာခဲ့သူမှာ ကျနော်ဖြစ်သည်။

လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက စတင်ခံစားခဲ့ရတဲ့ ခေါင်းကိုက်ဝေဒနာကို ကျနော် ယောင်လို့ပင် ပြန်ပြီးစဉ်းစားချင်ပါ။ ခုပြန်တွေးရင် ခုတဒိတ်ဒိတ် ကိုက်လာသလို ခံစားရသည်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့ ရောဂါဇစ်မြစ်ကို လိုက်ရှာရင်းက ကျနော်လဲ မျက်မှန်လေးတစ်လက် အဖော်ရလာခဲ့သည်။ ပုံမှန်ကြည့်နေကျဖြစ်တဲ့ အမဲရောင် ကျောက်သင်ပုန်းနေရာမှာ အဖြူရောင်ကျောက်သင်ပုန်းနဲ့ အစားထိုးလာတာ၊ ပြီးတော့ အဲ့ဒီအဖြူရောင်ပေါ်မှာမှ အနီရောင်နဲ့မှင်နဲ့  လူ့သွေးကြောမျှင်တွေ၊ အရိုးတွေ၊ ကိုယ်တွင်း ကလီစာတွေကို ဆွဲပြတတ်တဲဆရာမတွေကြောင့် ကျနော်ခေါင်းကိုက်တဲ့ဝေဒနာရခဲ့ရတာလို့ ပြောတော့ မင်းငရဲကြီးမယ်လို့ သူငယ်ချင်းတွေက
ကျနော့်ကို ၀ိုင်းလို့ အပြစ်တင်ကြသည်။

ခုတော့ သူတို့လဲ ကျနော့်ကို ကိုယ်ချင်းစာတတ်လောက်ပြီဟု ထင်ပါသည်။ ကျနော်ကနေ စလိုက်တဲ့ အဲ့ဒခါင်းကိုက်ဝေဒနာမှာ ခုဆိုကျနော့်သူငယ်ချင်း နှစ်ယောက်စလုံးမှာပါ ကူးစက်ခံနေရပြီဖြစ်သည်။

သူတို့ဆီကို အဲ့ဒီရောဂါရောက်တဲ့အချိန်မှာ ကျနော်ကဖြင့် ခါင်းကိုက်ခြင်းနဲ့ နေသားကျနေခဲ့ပြီ။ဝဒနာက သက်သာလာတာမဟုတ်ပဲ ဝေဒနာကို ခံနိုင်လာတာဖြစ်သည်။

အင်္ဂလန်နဲ့စင်ကာပူကနေ ဘွဲ့လွန်တွေယူပြီးပြန်လာတဲ့မိတ်ဆွေ ဆရာဝန် တစ်ယောက်ကတော့ အသက်သာဆုံးနဲ့ လွယ်လင့်တကူအဖြစ်ဆုံး ဆးနည်းတစ်ခု ကျနော့်ကိုပြောဖူးသည်။ မင်းခေါက်ကိုက်လာပြီ ဟ့ ဆိုတာနဲ့ ရေတွေ တစ်ပုလင်းပြီးတစ်ပုလင်းသာသာက်ကွာ၊ ပြီးရင် သာက်သမျှ ပြန်သာထုတ်ပစ်လိုက်။ အဲ့လိုဆို မင်းသက်သာသွားလိမ့်မယ် မုချတဲ့။ ကျနော် စမ်းသပ်ကြည့်ဖူးပါသည်။ သူ့နည်းက အတန်အသင့်တော့ အဆင်ပြေသလိုရှိတဲ့အတွက် သူ့ကို ကျေးဇူးတင်ရပါသည်။

ကျနော့်မိခင်ကတော့ ၀မ်းတစ်လုံးကောင်းလို့ခေါင်းမခဲတဲ့။ " သားတို့ခေတ်ပညာတွေ သင်တာလဲ သင်ပေါ့။ ရှေးအယူလဲ မပယ်င့်ဘူး။ ၀မ်းမှန်အောင်သာဂရုစိုက် " လို့ ကျနော်နဲ့ အဆက်အသွယ်ရတိုင်း ပြောတတ်သည်။ သို့သော် မသက်သာခဲ့ပါ။ ကျနော့် မိခင်ကိုတော့ ခေါင်းကိုက်တာ သေကောင်ပေါင်းလဲရောဂါ မဟုတ်ပါဘူး အမေရယ်လို့ ရယ်ရယ်မောမော နဲ့ ကျနော်ပြန်ပြောခဲ့သည်။

ကျနော့်ချစ်သူကတော့ ဆေးလိပ်နဲ့အရက်ကိုလျှာ့သောက်၊နာက်ပြီးညနက်နက်ထိ သိပ်မနေနဲ့၊ ခါင်းကိုက်တာ အဲ့ဒါတွေကြောင့်ရော မဖြစ်နိုင်ဘူးလားလို့ သတိပေးသည်။
ဟိုတလောဆီက ကျနော့်အိမ်နားက ဈေးရှေ့မှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်တွေ့သည်။ တွေ့တွေ့ချင်း သူက ကျနော့်လက်ကို အားရပါးရ ဆွဲကိုင်နှုတ်ဆက်သည်။ အလိုက်သင့် ပြန်ပြီး နှုတ်ဆက်လိုက်ရင်းက သူ့လက်တွေ အလွန်ပူနေတာကို သတိထားမိလို့ နေထိုင်ကောင်းရဲ့လားလို့ ကျနော်မေးကြည့်သည်။ သူက သူ့ဦးဏှောက်ထဲမှာ အကြိတ်တွေ့လို့ ဓာတ်ကင်ကုထုံးနဲ့ ကုနေနေရသည် လို့ပြောတော့ ကျနော်ခါင်းနားပန်းကြီးသွားမိတာကို  ၀န်ခံရပါမည်။

ကျနော် တွေးကြည့်မိပါသည်။ ကျနော်သိသလောက်နဲ့တင် ကျနော့်ဘေးမှာ ခေါင်းကိုက်နေတဲ့ လူငယ်တွေ ( ကျနော်အပါအ၀င် ) သုံးယောက်ရှိသည်။ ကျနော့်လို လူငယ်တွေ ဘာကြောင့် ခေါင်းကိုက်နေကြသလဲ၊ ဘယ်လောက်များများ ခေါင်းကိုက်နေကြသလဲလို့
ကျနော် တောင်တောင်အီအီ  စဉ်းစားကြည့်မိသည်။ ဟိုအရင် နဂိုခေတ်က လူငယ်တွေရော ကျနော်တို့ဖြတ်သန်းနေတဲ့ခေတ်က လူငယ်တွေလိုပဲ ခေါင်းကိုက်ဝေဒနာခံစားကြရတာပဲလား ... တွေးလို့ပင် မဆုံးနိုင်ပါ။

ခေါင်းတစ်လုံးဆိုတာ ခေါင်းကိုက်နေရုံနဲ့ဆိုရင်တော့ ဘာမှအနက်အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါသည်။ ဒါဆို ကျနော့်ခေါင်း၊ ( သို့မဟုတ်ဦးဏှောက်အတူတူပါပဲလေ ) အဲ့ဒါဆို ဦးဏှောက်ကလဲ အဓိပ္ပါယ်မရှိတဲ့ ဦးဏှောက်ပေါ့။ ဒါဆို ... ကျနော့်လိုဘဲ ခေါင်းကိုက်နေတဲ့လူငယ်တွေကရော။ ကျနော်ကလွဲပြီး တခြားလူတွေကို ကျနော်မည်သို့မျှ ထင်မြင်ချက်မပေးချင်ပါ။ ပေးဖို့လဲ ကျနော့်မှာခွန်အားမရှိပါ။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်မနက်မိုးလင်းရင် အဆင်ပြေစေဖို့ အရင်းထိရောက်နေတဲ့ ဆေးပေါ့လိပ်တိုကို လက်ထဲကပစ်ထုတ်ပြီး၊ ရေအေးအေးတစ်ခွက်သောက်လို့၊ အခန်းထဲ ပြန်ဝင်ပြီး ကျနော်အိပ်ရပါတော့မည်။  မဟုတ်ရင် ကျနော့်ခေါင်းတွေ ကွဲထွက်မသွားနိုင်ဘူးလို့ ကျနော်အာမ မခံရဲပါ။ ကျနော့် ခေါင်းတွေကွဲထွက် မသွားခင် ခုလို အရည်မရအဖတ်မရတွေစဉ်းစားနေမိတဲ့ ကျနော်ခေါင်းကို ခေါင်းအုံးပျာ့ပျော့လေးပေါ်တင်ပြီး အနားပေးလိုက်ပါဦးမည်.။

++++++++++

ဆားချက်တာပါ။ဖတ်ဖူးတဲ့သူတွေ တိတ်တိတ်လေးနေပေါ့ နော်။း)
စာတွေ၊ကဗျာတွေ ကိုယ့်ဆီစီးဆင်းလာမယ့်နေ့ကို ကိုယ်တိုင်မျှော်လင့်နေမိတာပါပဲ...။

photo ကို ဂူဂဲလ်က ရှာတာပါ။

Sunday, March 21, 2010

ညနေအိပ်မက်

ပိတောက်ချောင် ပါသေးလား။ ပိတောက်ချောင် ပါသေးလားလို့ မေးသံနဲ့အတူ ကားအကူကောင်လေးက ကိုယ့်ဘေးနား ရောက်လာတယ်။ တကယ်တော့ သူသိနေပြီးသား။ဒီနေရာမှာ ဆင်းမယ့်သူဆိုလို့ ကိုယ်တစ် ယောက်ပဲရှိတယ်။ တခြားသူ ဘယ်သူမှမရှိဘူး။အင်းလေ သူလဲ တာဝန်အရမေးတာနေမှာပေါ့။ မိုးချုပ်မှ ကား ဆိုက်တာဆိုတော့ တချို့အိပ်ပျော်နေတဲ့ခရီးသည်တွေ ကြားရအောင် အော်တာ နေမှာပေါ့။ ပုခုံးချိတ် ဘေး လွယ်အိတ်ကို သူ့ကိုပေးလိုက်တယ်။လုံချည်ကို ခိုင်ခန့်အောင်နဲနဲ ပြန်ပြင်ဝတ်လိုက်တယ်။ ပြီးတော့ ကားရှေ့ဘက်ဆီကို လျှောက်ခဲ့တယ်။ ဘာလို့လဲတော့မသိ။ ကိုယ့်ရင်တွေ တဆတ်ဆတ်ခုန်နေတယ်။ အသက် ဆယ့်ခြောက်နှစ်တုန်းက အတိုင်းပဲ။ဘာမှမပြောင်းလဲဘူး။

ငါ့ကို လာကြိုမယ့်သူမှ ရှိမှရှိပါ့မလားလို့ ပူပန်နေမိတာလား။ အမေပြန်တုန်းက ကိုယ်လိုပဲညနေကားဆိုတော့ ဟိုကို မိုးချုပ်မှရောက်မယ်၊ အမေ စိတ်မပူနဲ့၊သမီး အိမ်ကိုဖုန်းဆက်ပေးထားမယ်။ သူတို့ကို လာကြိုခိုင်းလိုက်မယ် ဆိုတော့ အမေက ဟဲ့ ... တခေါ်ရှိတာကိုး။ မှောင်နေလဲ ငါ့ဘာသာဆိုက်ကားနဲ့သွား မယ်တဲ့။အမေကလဲ ဆိုက်ကားခက ဈေးကြီးတာကိုး ဆိုတော့ အမေက အမလေး တပြီးနင်ရန်ကုန်မှာ ဟိုနားဒီနားလေးတောင် ဇိမ်ခံ သေးတာဟယ်။ ခုမှ ဘာတွေနှမြောနေတာလဲ တဲ့။ ဟုတ်ပါတယ်။အမေအပြစ်စကားဆိုတာတွေ တခုမှ မမှားပါဘူး။ ကိုယ်ဇီဇာကြောင်နေမိတာပါ။

အဓိကကတော့ လူတွေနဲ့ စကားတွေအများကြီးမပြောချင်တာပါ။ကားဂိတ်ကနေ အမေ့အိမ်ထိကို လမ်းလျှောက်မသွားချင်ဘူး။လမ်းလျှောက်မသွားချင်ဘူး ဆိုတော့ ဆိုက်ကားနဲ့သွားပါလားဆိုတော့လဲ ဆိုက်ကားဆရာတွေနဲ့ ဈေးမငြှိချင်ဘူး။ ဖြစ်နိုင်ရင် ကိုယ်ပြန်လာတယ်ဆိုတာကို ဘယ်သူမှမသိစေချင်ဘူး။ ဒီလိုဆိုပြန်ရင်လဲအမေက နင်တော့ ဘ၀င်မြင့်နေပြီ လို့ ဆိုဦးမယ်။ မဟုတ်ဘူး အမေ။ဘုရားစူးစေ့...။ ဘာကြောင့်စကားတွေ အများကြီး မပြောချင်တာလဲ ဆိုတာ အမေနဲ့အငြင်းအခုံ လုပ်နေစဉ်တုန်းက မစဉ်းစားမိပေမယ့် ခုတော့ အဖြေကိုရခဲ့ပြီ။
ကိုယ်က အမေ့အိမ်ကိုပြန်နေဖို့ သွားတာမှ မဟုတ်တာ။အမေ့အိမ်ကို ဧည့်သည်အဖြစ်နဲ့ အလည်ပြန်တာဆိုတဲ့စိတ်နဲ့ သွားနေမိခဲ့တာ။အမေနဲ့ မိသားစုရှိတဲ့မြို့လေးကိုအလည်ပြန်ခဲ့တာ။ ဒါကြောင့် မြို့လေးက ကိုယ်နဲ့ခပ်စိမ်းစိမ်းပဲ ဖြစ်နေခဲ့တယ်။မြို့အ၀င်ဆိုင်းဘုတ်လေးက ကိုယ့်ကို နွေးထွေးစွာကြိုပေမယ့် ကိုယ်ကတော့ သူ့အပေါ်မျက်လုံးစိမ်းနဲ့ပဲ အစဉ်သဖြင့် ကြည့်နေမိခဲ့တာပါ။

ညမှောင်မှောင်မှာ ကားပေါ်ကဆင်းပြီးတာနဲ့ တိတ်တိတ်လေးသာ အမေ့အိမ်အရောက် ပြန်ချင်ခဲ့တာ...။ ဒါကြောင့်လဲ ခုတော့ပုခုံးမှာအ၀တ်အိတ်ကိုချိတ်၊ကျောပိုးအိတ်ကိုလွယ်ပြီး အလင်းရောင်လုံးဝမရှိ၊ ပိန်းပိန်းပိတ် အောင်မှောင်နေတဲ့ လမ်းကိုဖြတ်ပြီး အမေ့အိမ်ဘက်ကို စလျှောက်ခဲ့တယ်။ထူးဆန်းတာက မီးရောင် မရှိ၊ လရောင်မရှိ၊ ကြယ်ရောင်လေးသော်မှ မရှိပေမယ့် ခလုတ် တချက်လေးတောင် မတိုက်ခဲ့ဘူး။

+++++++++++++++++++

ဖိုးပြုံးချို ဆန်စက်နားရောက်ပြီ၊ညာဘက်ကို ချိုးရမယ်။ညာဘက်ထဲ ရောက်ပြီဆိုတာနဲ့ ကျောက်ခင်းလမ်းပေါ် ရောက်ပြီ။ကျောက်ခင်းလမ်းက တိုတိုလေး။ မှတ်မိသေးတယ်။ဒီလမ်းခင်းတုန်းက တို့တွေရွာထဲဘက်ကိုကျ ခင်းမပေးဘူးဆိုပြီး ဘယ်သူ့ကိုပြဿနာရှာရမယ်မသိကြပဲနဲ့ ရွာတွေရဲ့ထုံးစံအတိုင်း ဟိုဘက်ပိုင်း၊ဒီဘက်ပိုင်း ၊တဦးကိုတဦး ရန်စောင်ခဲ့ကြသေးတာ။ကျောက်ခင်းလမ်းလေးဆုံးတော့ ဗယ်ဘက်ကိုချိုးလိုက်တယ်။

ဗယ်ဘက်ကို မချိုးဘဲနဲ့ ရှေ့တည့်တည့်ကို ဆက်ဆင်းသွားရင် ဒီမြို့ရဲ့နာမည်ကို တွင်စေတဲ့ချောင်းလေး တခုရှိတယ်။သတိရမိပြန်တယ်။ကိုယ့်သူငယ်ချင်းတွေ အလည်လိုက်တဲ့အခေါက်တိုင်း အဲ့ဒိချောင်းကို ဖြတ်ထိုးထားတဲ့ တံတားပေါ်မှာ ဓာတ်ပုံရိုက်ကြတာ။ တံတားကနေ ဟိုဘက်ကမ်းကို ကူးသွားရင် စိုက်ခင်းတွေ။ ပန်းခင်းတွေရှိတယ်၊ဂေါ်ဖီ၊ငရုတ်သီး၊ ပြီးတော့ ပြောင်းဖူး။... အဲ့ဒိအခင်းတွေနဲ့ သူတို့တရွာလုံးက စိမ်းစို နေတာ။ခုလို မှောင်နေတဲ့အချိန်မှာတော့ ယောင်လို့တောင် မသွားမိစေနဲ့ပေါ့။အင်း နေပါဦး။စဉ်းစားပါရစေဦး။ ဟုတ်ရဲ့လား။ အဲ့ဒိအစဉ်အလာရော ခုချိန်ထဲ ရှိသေးတာလား။ ညရောက်တာနဲ့ အဲ့ဒိ တံတားဘက်ကို ဘယ်သူမှ မသွားကြတော့တဲ့ အစဉ်အလာလေ။ခုရော..အရင်ကအတိုင်းပဲလား။အထူးသဖြင့် မိန်းကလေးတွေဆိုခြေဦး တောင် မလှည့်ကြတော့ဘူး။ အရက်ပုန်းဆိုင်လေး တဆိုင်က တံတားအောက်ဘက် ချောက်လိုမျိုးနေရာလေးမှာ ကပ်ရောင်းနေတာတဲ့။ အင်း ထားပါတော့။

အဲ့ဒါတွေတွေးရင်းက လျှောက်လာခဲ့တာ ကိုယ်တို့ရွာထဲဘက်ကို ၀င်လာခဲ့ပြီ။ ဒီမှာလဲ တံတားလေးတခု...။ ဗယ်ဘက်ကိုခေါင်းငဲ့ကြည့်လိုက်တော့ ပဲ့နင်းကြီးစေတီ။အဲ့ဒိစေတီမှာ သီတင်းကျွတ်ဆိုရင် ဆွမ်းတော်ကြီးကပ်ပွဲ လုပ်တာပေါ့။ ဒီနှစ်သီတင်းကျွတ်လဲ လုပ်ဦးမှာပါပဲ။ပြီးတော့ ရွာဦးကျောင်း။အဲ့ဒိကျောင်းမှာ ခုကျောင်းထိုင် လုပ်နေတဲ့ ဘုန်းဘုန်းက ဟိုးအရင် ကိုယ်ငယ်ငယ်တုန်းက နားရောဂါဖြစ်လို့ ပုသိမ်မှာဆေးရုံတက်ဖို့ သွားနေတုန်းက သူက ကိုရင်ပေါက်စ။ကိုယ်နဲ့အတူတူဘောလုံးကန်ခဲ့တာ။ဘောလုံးအစစ်မရှိလို့ ကတ္တီပါသီး နီနီတွေကို ဘောလုံးလုပ်ပြီးကန်ခဲ့တာ။

+++++++++++++++++++

အခါကြီး၊ရက်ကြီးတွေဆိုရင်ကိုယ့်သူငယ်ချင်းတွေလိုက်လည်ကြတယ်။သူတို့အပြောအရကိုယ်တို့မြို့၊ကိုယ်တို့ရွာ မှာ လည်စရာနတ္ထိဆိုပေမယ့် ဘယ်အရာတွေက ပျော်စရာကောင်းနေလဲ မသိဘူးတဲ့။သူတို့ သိပ်ပျော်ကြတာ၊ ဟန်ဆောင်ပြောတာ မဟုတ်ဘူးဆိုတာ ကိုယ်လဲရိပ်မိပါတယ်။ဖြစ်နိုင်ခြေရှိတာကကိုယ့် အမေနဲ့အမရဲ့ ထမင်း၊ ဟင်း လက်ရာတွေကများ သူတို့ကို အကြိမ်ကြိမ် လိုက်လည်ဖို့ ဆွဲဆောင်နေသလား မပြောတတ်။

တခုသောသီတင်းကျွတ်တုန်းကတော့ သူတို့တွေလိုက်လည်ကြရင်း သီတင်းကျွတ်လပြည့်နေ့မနက် အာရုံတက် မှာ ဒီစေတီလေးမှာ ဆွမ်းတော်လာကပ်ကြတယ်။ လိုက်လည်သူတွေအများကြီးထဲမှာမှ မုဒုံသူတယောက်က လွဲရင် ဘယ်သူမှ နှိုးလို့မရဘူး။ ဆွမ်းတော်ကပ်ပြီး အိမ်ပြန်ရောက်တော့ ဝေလီဝေလင်း။မိုးဖွဲလေးက တဖျောက်ဖျောက်နဲ့။ကိုယ်နဲ့သူနဲ့ ဆိုင်ကယ်လျှောက်စီးကြမယ်ဆိုပြီး ထွက်လာကြတယ်။ သူကလဲ ကိုယ့်ကို ယုံစားလွန်းတယ်။ကိုယ်တို့နှစ်ယောက် ဆိုင်ကယ်နဲ့ ထိုးကျတာ ဒီစေတီနားလေးပဲ။ သီတင်းကျွတ်လဆိုတော့ ဗွက်တွေလဲရှိနေသေးတယ်။ဗွက်တွေထဲမှာ နစ်နေတာ တော်တော်ကြာ။ သူလဲ ငယ်ငယ်၊ကိုယ်လဲ ငယ်ငယ်..။ အကြောက်တရားတွေ စိုးစဉ်းမျှတောင် မရှိခဲ့ဘူး။

++++++++++++++++

ဒါ ကိုယ့်ဘွားအေ အငယ်အိမ်။ကိုယ့်စိတ်က ခက်တယ်။ကိုယ်သူ့ကို ဘာလို့နှုတ်မဆက်ချင်တာလဲ စဉ်းစားလို့ မရဘူး။သူကတော့ ကိုယ်ပြန်လာတာသိတာနဲ့ ကိုယ့်အိမ်ထိရောက်အောင်လာတယ်။ နင်က ပြန်လာတာ ငါ့တောင်နှုတ်မဆက်ဘူးဆိုပြီး အသံလေးတုန်တုန်နဲ့ မျက်ရည်တောင်ကြည်လင်နဲ့ ပြောတတ်တယ်။ ဘယ်လို ကြောင့်လဲတော့ မပြောတတ်။ဒီတခေါက်လဲ ကိုယ်သူ့ကို လှမ်းမအော်ဖြစ်ခဲ့ဘူး။သုံးလေးအိမ်ထပ် ကျော်တော့... သီချင်းသံ တအုံးအုံးနဲ့..။ကိုယ့်အကိုကြီးအိမ်။ သီချင်းသံတွေ၊စကားသံတွေနဲ့ အင်းး ကိုယ်လှမ်းနှုတ်ဆက်လဲ သူတို့ကြားမှာမဟုတ်ပါဘူး ဆိုပြီး ခြေလှမ်းတွေကိုသာအရှိန်တိုးလိုက်မိတယ်။

နဲနဲလျှောက်မိတော့ ညောင်ပင်ကြီးအောက်ရောက်တယ်။ညောင်ပင်ကြီးရှိလို့ အဲ့ဒိနားကို ညောင်ပင်ကြီးအောက် လို့ ခေါ်ကြတာ။မှောင်လို့မဲလို့ပါပဲ။ကိုယ်နဲနဲတော့ ကျောချမ်းသွားတယ်။ညောင်ရွက်ချောက်တွေကလဲ ထူထပ် လို့။ကိုယ်တို့ငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး။ညောင်ရွက်ဆိုတာ မြင်ချင် လို့တောင် မရှိဘူး။ အဲ့ဒိ ညောင်ပင်ကြီး အောက်မှာ ကိုယ်တို့တွေကစားခဲ့ကြ၊ရန်ဖြစ်ခဲ့ကြတာ။ဒိုးပစ်၊ဇယ်ခုံ၊ ကြွေပန်းကန်စေ့ပစ်၊ထုပ်ဆီးတိုး၊ကြက်မခွပ်၊ ဘုတ်တလုပ်မရေ ဝေလေလေ အစုံပါပဲ။ ကလေးတွေ ဒယဥ့်တိုက် လွန်းလို့ မြေညီကပြောင်ချော်၊ ၀င်းမွှတ်လို့ နေခဲ့တာ။ခုတော့ မြက်ရိုင်းလေးတွေတောင် ပေါက်နေတယ်။အင်းလေ ကလေးတွေကလဲ အဲ့လိုတွေမှ မကစား တော့တာ။ခုခေတ် တို့ရွာက ကလေးတွေ ဘယ်လိုကစားနည်းတွေ စားသလဲဆိုတာ ကိုယ့်တူတွေ၊တူမတွေကို မနက်ကျမှ အကဲခတ်ကြည့်ရတာပေါ့။

ကိုယ်တို့အိမ်နောက်ဖေးလေးတွင် ချောင်းရှိတယ်။ရေက ကြည်လိုက်တာလွန်ရောပဲ။ဒါမယ့် ကိုယ့်တူတွေ၊ တူမတွေတယောက်မှ ရေမကူးတတ်ကြဘူး။အင်းလေ သူတို့မိဘတွေကလဲ ချောင်းထဲမှပေးမဆင်းတာ။ ကိုယ်တို့ ငယ်ငယ်တုန်းကတော့ အမေကငယ်သံပါတဲ့အထိကုန်းအော်ခေါ်မှ ချောင်းထဲကပြေးတက်လာကြတာ။ နှုတ်ခမ်းက ပြာနှမ်းပြီးမေ့စေ့တ၀ိုက်မှာ ရေငြှိတွေတက်တဲ့အထိ ရေမြင်းတွေလို ရေစိမ်ကြတာ။ငါးဖမ်းလားဖမ်းရဲ့၊ အိုင်ပက်လား ပက်ရဲ့...။ငှက်ပျောတုန်းနဲ့ ကစားလားကစားရဲ့...။ချောင်းထဲက တက်တယ်ကို မရှိခဲ့ဘူး။

+++++++++++++++++++

ကိုယ်မှတ်မိသေးတယ်။ကိုယ်ခပ်ငယ်ငယ်၊ ကိုယ့်ဦးလေးက ရန်ကုန်ကနေ ရွာကိုခဏလာပြန်လည်တာပေါ့။ သူ့အနားကိုဆို ကိုယ်တို့ကလေးတွေ သီတောင်မသီရဲဘူး။အဝေးကနေပဲ သူ့ကား ပါဘလစ်ကာအ၀ါလေးကို လှမ်းလှမ်း ကြည့်ရတာ။ဦးလေးဆိုပေမယ့် သေချာတောင်မမြင်ဖူးဘူး။အမေတို့ကတော့လူကြီးဆိုတော့ သူလာတယ်ဆို ဒီလိုပဲ ကန်တော့ခံဖို့လား မသိဘူး။သွားကြတယ်။ အမေပြန်ပြောပြတာက ဦးလေးကပြောတယ်။ ဒီညောင်ပင်ကြီး အောက်ကကိုမြင့်ရွှေတို့အိမ်ဆိုတာလဲ ကျနော်ရွာက ထွက်သွားစဉ်အခါကလဲ ဒီအတိုင်းပဲ။ခုလဲ ဒီအတိုင်းပါပဲလား တဲ့။ သူအဲ့လိုပြောတော့ ဦးလေးမြင့်ရွှေက ရီတာ တဟားဟားနဲ့ပဲ တဲ့။ ဦးလေးက ဘာကိုဆိုလို လို့ ဟိုကလဲဘာကိုသဘောကျပြီး ရီမောခဲ့သလဲဆိုတာ အဲ့ဒိတုန်းကတော့ မစဉ်းစားတတ်ခဲ့ဘူး။ခုတော့ ခပ်ရေးရေး သဘောပေါက်သလိုရှိခဲ့ပြီ။ခုထိလဲ ဦးလေးမြင့်ရွှေရဲ့အိမ်က အရင်အတိုင်းလေးပါပဲ။ပုပုလေး။ သူတို့ အိမ်ထဲကို လမ်းမ ပေါ်ကနေ လှမ်းမမြင်ရဘူး။

လမ်းနဲနဲဆက်လျှောက်လိုက်တော့ ကိုယ့်ဘွားအေအကြီးနဲ့ ကိုယ့်မမတို့ဇနီးမောင်နှံရဲ့အိပ်ရောက်ပြီ။ ကိုယ့်မမက ကိုယ့်ကိုသိပ်ချစ်တယ်။ငယ်ငယ်တုန်းက သူ့ကို ကိုယ့်အမေလို့လူတွေကထင်ကြတာ။ အမေ့ကိုကျ အဘွားတဲ့။ ကိုယ့်ခြေသံ ဖလပ်ဖလပ်ကြားတာနဲ့ မမက လှမ်းခေါ်တယ်။ ဟေ လို့ကိုယ်တချက်ပြန်ထူးတာနဲ့ မီးတိုင်လေး ဆွဲပြီးဆင်းလာတယ်။သူလဲ အမေ့အိမ်ကို လိုက်ခဲ့မယ်။ အဘွားကိုကိုယ်လှမ်းနှုတ်ဆက်ဖြစ်လိုက်တယ်။ သူလဲ ငိုသံလေးနဲ့။အေးအေး ကလေးနေကောင်းလားဆိုပြီး ပြန်ပြောနေတယ်။လူကြီးတွေဘာလို့ တဆိတ်ရှိငိုချင်နေရ တာလဲဆိုတာ ကိုယ်ဖြင့်နားကိုမလည်နိုင်ဘူး။

+++++++++++++++++++++

ခပ်လှမ်းလှမ်းမှာ မီးတွေလင်းထိန်နေတဲ့ နေရာလေးတခု...။ကိုယ်လျှောက်နေတဲ့လမ်းတလျှောက်လုံး အဲ့ဒိ တနေရာလေးပဲ အလင်းရောင်ရှိတယ်။ ....။ ကိုယ့်ခြေလှမ်းတွေက နှေးလိုက်တာ...။ ဒုန်းသုတ်လျှောက်ရလွန်း လို့ မောလဲမောနေပါပြီ။ဒါပေမယ့် အဲ့ဒိနေရာကိုမြင်သာမြင်နေရပြီး မရောက်နိုင်သေးဘူး။ဟူး မောလိုက်ထာ မမရယ်...။ ရော့ ငါ့အိတ်လေး ကူလွယ်ပါဦးဟ...။လုံချည်ကို နဲနဲမလိုက်တယ်။ကိုယ့်ခြေလှမ်းတွေကို ဒီထက် ပိုမြန်နိုင်မှ တန်ကာကျမှာပေါ့...။

အလင်းရောင်ရှိတဲ့အိမ်ရှေ့အရောက်မှာပဲ ကိုယ့်မျက်လုံးတွေထဲ လင်းခနဲ ဖြစ်သွား...။ အိုး ဘာကြောင့်များ မီးခလုတ်ကိုဖွင့်ချလိုက်ရတာလဲ သူငယ်ချင်းရယ်....။

(ညနေတုန်းက မိုးအေးအေးနဲ့အိပ်ရင်း မက်ခဲ့တဲ့အိပ်မက်အကြောင်း ဖောက်သည်ပြန်ချတာပါ..)

Friday, March 05, 2010

ကြာပန်းလေးသို့......

ကိုယ့်နှုတ်ခမ်းကို ကိုယ့်ဘာသာယောင်ယမ်းပြီး ကိုက်လိုက်မိသည်။ဒီအမူအယာက ကျမအသဲယားရင် ဖြစ်ပေါ်တတ်တဲ့ အကျင့်တခု။သမီးလေးကို ချီပွေ့ထားမိရင်းမှာလဲ ခုလိုပဲဖြစ်လေ့ရှိသည်။ ခု ကျမနားမှာသမီးလေးမရှိပါ။သို့ပေမယ့် သူ့အကြောင်း တချက်တွေးလိုက်ရုံနဲ့ စိတ်တို့က ကစဥ့်ကလျား ဖြစ်ရသည် လို့ပြောရင် အတော်များများက လက်ခံပါဖို့ ခက်ခဲနေပါဦးမည်။ရူးတတ်ရန်ကောလို့ တချို့ပြောနိုင်ပြီး တချို့ကျတော့လဲအပို အလုပ်တွေပါကွာလို့ ရှုံ့ချကောင်းရှုံ့ချနိုင်ပါသည်။ဝန်ခံပါသည်။ ကျမသည် သမီးလေးနဲ့ ပတ်သက်ရင် ရူးတတ်၊အပိုလုပ်တတ်လွန်းလှပါသည်။

++++++++++++++++++++++++

ကလေးတယောက်ဆီက အချစ်ကိုရဖို့ ဟန်ဆောင်လို့မရပါ။လိမ်ညာ၊ လှည့်ဖျားပြီးတော့လဲ မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကလေးတယောက်သည် လူ့လောကအကြောင်း၊လူတွေအကြောင်းကို သင်ခန်းစာတခုမှ မသင်ရသေးပါပဲနှင့် ဘယ်သူက သူ့အပေါ်ဘယ်လိုသဘောထားသည်ဆိုတာ သူ့နှလုံးသားကကောင်းကောင်း ခံစား နားလည်တတ်လို့ပဲဖြစ်သည်။ထို့ပြင် ကလေးနဲ့ မိမိနဲ့ကြားမှာ သေချာကျနစွာတည်ရှိဖို့က နားလည်၊ယုံကြည်မှုပင်ဖြစ်ပါသည်။ အဲ့ဒိ တဦးကိုတဦးယုံကြည်မှုကို မာယာနဲ့တည်ဆောက်လို့ မရပါ။ အဖြူသည်နှလုံးသားစစ်စစ်ဆီမှ ထွက်ကျလာသော အမျိုးအမည်တပ်ရခက်သည့် မေတ္တာတရားနှင့်သာ ဖန်တီးနိုင်ပါလိမ့်မည်…။

+++++++++++++++

ကလေးမချစ်တတ်သောလူတော်တော်များများကို ကျမမြင်ဖူး၊ကြုံဖူးပါသည်။အများအားဖြင့်ပြောကြတာကတော့ စိတ်မရှည်လို့ဆိုတဲ့ စကားဖြစ်သည်။ကလေးတယောက်ကို စိတ်မရှည်ဘူးဆိုတာကို ကျမလက်ခံနိုင်ပါသည်။ မချစ်ဘူးလို့ လွယ်လွယ်သုံးတဲ့ဆင်ခြေကိုတော့ ကျမလက်ခံဖို့ အတော်ခဲယဉ်းနေတတ်သည်။သို့မဟုတ် ဖြစ်နိုင်ချေရှိတာက သူတို့ပေးကြတဲ့ဆင်ခြေကို လက်မခံနိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သမုဒ္ဓရာ၊၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း အတ္တတွေ၊ရမ္မက်တွေနဲ့ ပြည့်နှက်နေတဲ့ လူကြီးတွေ အပေါ်မှာပင်လျှင် အချစ်တွေပေးအပ်နိုင်သေးတာ။ဟန်ဆောင်မှုကင်းပြီး ပကတိအပြစ်ကင်းစင်တဲ့ ကလေးတွေ အပေါ် စိတ်မရှည်နိုင်ဘူးဆိုတာကို လက်ခံနိုင်သော်လည်း မချစ်နိုင်ဘူး ဆိုတာကိုတော့ လက်မခံနိုင်ပါ။ ကလေးမချစ်တတ်သူတို့နှလုံးသားကို ကျမဖြင့် ထိတွေ့ခံစားကြည့်လို့မရပါ။

ရှိပါစေတော့။ဒါမျိုးကိစ္စတွေက တဦးချင်းစီရဲ့ ခံယူမှုနဲ့ပဲဆိုင်ပါသည်။မတူတာတွေကို ညှိဖို့ဆန္ဒ ကျမမှာမရှိလှပါ။

++++++++++++++++

ကလေးဆိုတာ ဘယ်ဝမ်းက ထွက်ထွက်၊ဘယ်မအေက မွေးမွေး၊ အရုတ်၊အလတ်၊ အမြတ်မရွေး ရိုးသားဖြူစင်မူက တသွေးထဲ၊တသားထဲ။ ဒါက မည်သူမျှငြင်းခုံလို့မရနိုင်တဲ့ သဘာဝရဲ့ အရှိတရားတခုဖြစ်ပါသည်။

အရာထူးအရာခံသားသမီး၊ဈေးသည်သားသမီး၊သူတောင်းစားသားသမီး စသဖြင့် မိဘချင်းသာကွာခြားမည်။ ကလေးတွေက အတူတူ။ကလေးဆိုတာဟာ အတူတူတွေပါ ဖယောင်းများနှယ်......ဖြစ်သည်။

ဝေ့နေတာတွေ တော်တော်ကိုများသွားပြီ။ပြောလိုသည်က ကျမနှလုံးသားကို တဆစ်ချိုးပြောင်းလဲစေခဲ့သော ကလေးငယ်လေးတယောက်အကြောင်း ဖြစ်သည်။

+++++++++++++++++++

အိမ်ေ­ထာင်ပြု၊သားမွေးလုပ်ဖို့ ကျမသိပ်စိတ်မ၀င်စားလှပါ။သို့သော် ပုခက်လွှဲသော လက်ပိုင်ရှင်တော့ ဖြစ်ချင် ပါသည်။

+++++++++++++++++

လွန်ခဲ့သောလေးနှစ်ကျော်ဆီက မိဘနဲ့ပတ်သတ်တဲ့၊မိသားစုနဲ့ပတ်သက်တဲ့ ကျမရဲ့ခံယူချက်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့သော လူသားသေးသေးလေးတယောက် ကျမဘ၀ထဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူ့ကြောင့်ပိုးမွေးသလို မွေးရတယ်ဆိုတဲ့ စကားကိုထိမိသိရှိခဲ့သလို "ဖ၀ါးလက်နှလုံး၊ ပုခုံးလက်နှစ်သစ်၊လူဖြစ်အောင်မွေး၊မှက်ခြင်ယင် မသန်းရအောင်…ပင်ပန်းကြီးစွာမွေးမြူ "ရတဲ့ မိဘမေတ္တာကိုပါ ကောင်းကောင်းကြီးနားလည်ခဲ့ရသည်။ဝန်ခံပါသည်။သူကလေးမိခင် ကိုယ်ဝန်ဆောင်စဉ်က စပြီး သမီးငယ်လေး လူလောကထဲစရောက်ပြီဆိုတဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ မိခင်မေတ္တာကို ကျမကောင်းစွာ နားလည်တတ်ခဲ့တာဖြစ်သည်။

++++++++++++++++

ကျမသမီးလေးနာမည်က ကြာပန်းလေးတပွင့်၏အဓိပ္ပါယ်။ပဒုမ္မနီ ဟူ၏။
နာမည်နဲ့တူစွာ သမီးလေးကကြာပန်းလေးတပွင့်လိုပဲ ဖြူစင်နူးညံ့လှပါသည်။ကြာပန်းလေးတပွင့်ကို နူးညံ့ညင်သာ ကိုင်တွယ်သလို ကိုင်တွယ်ရသည်။

++++++++++++++++++

ထူးအိမ်သင်ရဲ့ အလှဆုံးအပြုံးလေးများနူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ ချစ်သမီးလေးအမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား ဆိုတဲ့ တုနှိုင်းမဲ့မေတ္တာသီချင်း ဆိုပြရင် ကျေနပ်ပြီး ပြုံးနေတတ်သည်။

"ဖေဖေရယ်၊မေမေရယ်ကြင်စတုန်းက ဆလယ်ဝင်အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ်စားသောက်လို့ နေလာ ခဲ့တယ်" အစချီတဲ့ အနိုင်ရဲ့ ဆလယ်ဝင်အိုးလေးကို ဆိုပြရင်တော့ သီချင်းအဆုံးဖြစ်တဲ့ "ဒီတော့မှ အဖိုးအဖွား အဖြစ်နဲ့ ဆလယ်ဝင်အိုးလေးပြန်သုံးစွဲကြပြန်...မရိုးနိုင်တဲ့မေတ္တာတွေပါ.."ဆိုတဲ့နေရာရောက်ရင်ဖြင့် ၀မ်းနည်း သလိုနဲ့ ငြိမ်နေ တတ်ပြန်သည်။

မိသားစုကန်တော့ပွဲ သီချင်း။ကျမရော၊သူပါ မေ့မျောနေတတ်ကြပြန်။ကျမအသံတွေမတုန်အောင်အထူးဂရုစိုက် ရသည်။

ဆရာကြီးမင်းသုဝဏ်ရေးတဲ့ မောင်ခွေးဖတ်ဖို့ကဗျာစုများ စာအုပ်လေး ကျမသူ့ကို သမီးအတွက်လက်ဆောင် လို့ပြောရင်းပေးတုန်းက သူပဲဖတ်တတ်သလိုနဲ့ ၀မ်းသာနေခဲ့လိုက်တာ...။ ယီးလေလေ့ကဗျာကို သုံးခေါက် ရွတ်ပြ အပြီးမှာ သမီးက သူ့ဘာသာသူ အတော်လေးရွတ်နေနိုင်ခဲ့ပြီ။ ကဗျာစာအုပ်လေးကို သူ့ခေါင်းအုံး အကြီးနားမှာ ထားရင်းက အိပ်ယာပြောင်းလို့ တချက်ပျောက်သွားတော့ သူ့မှာ ပျာယာခတ် နေခဲ့တာ။ တွေ့တော့မှ တပြုံးပြုံး နဲ့...။ သပြေသီးကောက်ကဗျာကတော့ သူ့အမေရွတ်ပြလို့ သူရပြီးသား။ ကျမမှာ သူကဗျာ ရွတ်ထားတဲ့ အသံဖိုင်တချို့ရှိသည်။ ။အဲ့ဒါလေးတွေ ပြန်ပြန်နားထောင်ပြီး အလွမ်းဖြေရပါသည်။

++++++++

ကိုယ့်ကလေးမှမဟုတ်ပါ။ကလေးတွေ ထက်မြတ်တာတွေမြင်ရလေ ကိုယ်ရင်နာရလေပါပဲ။ သမီးလေးကို သူနဲ့ထိုက်တန်သော ပတ်ဝန်းကျင်လေးတခု ဖန်တီးပေးချင်ပါသည်။ပြီးတော့ သူ့မိဘများနဲ့ ရင်အုပ်မကွာ...။မိဘကိုလွမ်းရတဲ့ဒဏ်တွေ သူ့ကို မပိစေချင်ပါ။ခေတ်ရဲ့ ပုပ်အက်အက်အနံ့တွေ ကြာပန်းလေးကို မကူးစေချင်ပါ။

ကြာပန်းလေးတပွင့်ရဲ့ ရနံ့လေးသာသင်းစေချင်လှပါသည်။

++++++++++++++++++++

မှတ်ချက်(၁)
ယီးလေလေ့(ဒီစကားလုံးကို တချို့ ရည်းလေလေ့လဲ ပြောကြပါတယ်။ရှုမ၀ ဒုတိယအကြိမ်ထုတ်ကမှန်တယ်လို့ ဆိုပေမယ့် အဲ့ဒိဒုတိယအကြိမ်ထုတ်ကို ရှာမရသေးလို့ ဒီအတိုင်းပဲ ယီးလေလေ့လိုက်ပါတယ်)


မှတ်ချက် (၂)
ကျေးဇူးပြုလို့ တချို့စာသိပ်တတ်ကြသော ဘလော်ဂါများ၊ စာဖတ်သူများ ကျမကိုစာနာသောအားဖြင့် လည်းကောင်း၊ကလေးတယောက်ရဲ့ အနာဂတ်ကို ငဲ့ညာသောအားဖြင့်သော်လည်းကောင်း ကြာပန်းကို မိန်းကလေးနာမည် မှည့်ထားတယ်ဆိုပြီး မဝေဖန်ကြဖို့ အနူးအညွတ်တောင်းပန်လိုပါသည်။

မှတ်ချက်(၃)

လွမ်းလွမ်းနဲ့ ကပေါက်တိ၊ကပေါက်ချာ ရေးချင်တာရေးထားသောစာကို လာဖတ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ :)

Friday, January 29, 2010

လရောင်ဖျောက်သောလမ်း

လမင်းရဲ့အလင်းရောင်သည် ငါတို့ကိုမလိမ့်တပတ်နဲ့ ကိုယ်ယောင်ဖျောက်သွားခဲ့လေပြီ။

××××××××××××××××××××××

ဟိုမှာတိမ်တအုပ်။
ဟာ ဟုတ်ဘူး။အဲ့ဒါ တိမ်မဟုတ်ဘူး။
ဘာ အာတီဖီရှယ်တွေလဲမှ မသိတာ။
ဟင်နင်တို့ကလဲ တိမ်ကိုတော့ အတုလုပ်လို့မရပါဘူးဟာ။
အော ဘယ်ပြောလို့ရမလဲ..။အကုန်လုံးအတုဖြစ်နေတဲ့နေရာကြီးကိုး...။
အင်း နင်လဲ အတုဆိုတဲ့မျက်မှန်ကို ခဏချွတ်သင့်ပြီ။
သြော် ဒါနဲ့စကားမစပ်ဟာ
ငါ့မတော့ အစစ်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေရှိပါတယ်။
တခုတော့တောင်းပန်ချင်တယ်။မေတ္တာဆိုတာပူလောင်တယ်လို့
နင်ချစ်ပြီးငါမုန်းတဲ့တခြားတယောက်ကို အတုလုပ်ပြီး သွားမပြောပါနဲ့ဟယ်...နော်။

×××××××××××××××××××××

လမင်းရောင်က ကိုယ်ယောင်ဖျောက်သွားခဲ့ပြီ။ လမင်းကိုမြင်နေသော်လည်း သူ့လင်းချင်းမှုကို ငါတို့ခံစားပိုင်ခွင့်မရှိ...။

×××××××××××××××××

Sunday, October 25, 2009

အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ဆီတုန်းက ဇနပုဒ်လေးတခုမှာ မျက်နှာဝိုင်းသလောက် အင်မတန်မှ အငိုသန်ပြီး အရမ်းစိတ်ကြီးတဲ့ ကလေးတယောက်မွေးခဲ့တယ်။

တစ်လနဲ့ ငါးရက်သမီးမှာ သူတို့အဖေက ပိုးထိတယ်။ ဒီတော့ ဒီကလေးလေးက ခိုက်တယ်ပေါ့။ မွေးထဲက ငိုတာလဲ အသည်းနဲ့မှ အသန်၊အငိုရပ်ဖို့ဆိုလဲ အင်မတန်ကြာပြီး စိတ်ကလဲ အင်မတန်ကြီးတယ်။
ဒါ ဒီကလေးမလေး ခိုက်တာပေါ့။ သူ့အမေက ငါ့သမီး တနင်္လာသမီးလေး၊ သိပ်ထက်မြက်တာလို့ သာ တွင်တွင်ပြောခဲ့..။

၂နှစ်သမီးမှာ ကဲလွန်းလို့ ရင်ဘတ်တခုလုံး ရေနွေးပူတွေ လောင်တော့ လမိုက်ည၊သန်းခေါင်အချိန်ပေါ့။ အဖေက မနက်လင်းမှ ဆေးရုံ သွားကြတာပေါ့။ အမေက ငါ့သမီးလေး ပူနေတာ၊ ငါမကြည့်ရက်ဘူး။ ဘာမှ ငှက်ပျောပင်တွေ၊ အုံးရည်တွေ လုပ်မနေနဲ့။ဆေးရုံ သွားမယ်ဆိုပြီး သမီးကိုပွေ့ ညအမှောင်မှာ ကြယ်ရောင်ပဲ အားကိုးပြီး ဆေးရုံသေးသေးလေးဆီကို အားကိုးတကြီးနဲ့ ပြေးခဲ့တာ။

အဲ့ဒိကလေး သုံးနှစ်ခွဲရောက်တော့ သူ့တို့အဖေက ပိုးထိတဲ့ ဝေဒနာနဲ့ပဲ ဆုံးပါးသွားခဲ့။ အမေက အသက်လေးဆယ်။ သိပ်လှတာ။ နဖူးလေးကဆို ၀ါဝါ၀င်း ရွှေနဖူးကျမျိုးလေးနဲ့..။ အဖေ့အမျိုးတွေက ဒီမိန်းမ၊ကလေးက ငါးယောက်၊ ကြွေးတွေက ပတ်လည် ၀ိုင်းနေတာ၊ နောက်လင် ထပ်ယူ ဦးမှာပဲ။ ဒီလိုပဲ တွက်ထားခဲ့။ အဖေ့အမျိုးတွေတွင် မဟုတ်။ အမေ့ အဒေါ်တွေ ကိုယ်တိုင်လဲ ပါခဲ့သေးတာပဲ။ အမေ့အဒေါ်နှစ်ယောက်ကလဲ ဆောင်းတွင်း၊လယ်တလင်းပြီးလို့ စကောနဲ့တလင်းပြန့်ပဲကျန်လဲ အကြွေးကတော့ နှစ်တိုင်း တွင်တွင် တောင်းမြဲ..။ အမေက ရင်မကော့နိုင်ဘူး။ ခေါင်းငုံ့ပြီး တနေ့ အကျေပြန်ဆပ်ပါ့မယ်။ တနေ့ အကျေပြန်ဆပ်ပါ့မယ်..နဲ့..။

အဲ့ဒိကလေး ငါးနှစ်သမီးလောက်မှာ အမကြီး၊အကိုကြီးတွေနဲ့ ထားခဲ့ပြီး ဟိုင်းကြီးကျွန်းကို ခရီးနှင်၊ ကိုယ့်ဆီက ထွက်တဲ့ မေမြို့ပန်းတွေကို အဲ့ကိုသယ်။ အဲ့ဒိက ငါးပိ၊ငါးခြောက်တွေကို ဧရာဝတီကိုပြန်သယ်..။

ပြောရင်းက "ငါ့စိတ်တွေ လေခဲ့တဲ့ အချိန်တွေ ထင်ပါရဲ့" လို့.....သူ့ကိုယ်သူ မသေချာသလို ကလဲ လုပ်တတ် သေးတာ။အဲ့ဒိလို မသေချာသလိုလေး ကိုယ့်စိတ်ကိုယ် ဖန်တီးထား တတ်သေးတာ။ အဲ့ဒါကတော့ အငိုသန်တဲ့ သူ့သမီး အငယ်ဆုံးလေးက တထေရာထဲ တူတယ်။

ငါးတန်းစာမေးပွဲတွေ ဖြေအပြီး နွေကျောင်းပိတ်တော့ နားပြည်ယိုတဲ့ ရောဂါနဲ့ အလူးအလဲ။ ပိုက်ဆံက မရှိ။ ရန်ကုန်လဲ မလာနိုင်၊ ပုသိမ်မှာတွင်ပဲ မပြန်လာနိုင်တဲ့၊ဘယ်တော့ ပြန်ရောက်မယ် မသိတဲ့ ဇာတိပြန်သွားတဲ့ ဆရာဝန်ကို စောင့်နေကြတာ သားအမိလေး သုံးယောက်၊ အကိုလုပ်သူက ငို၊အမေက အားပေးတယ်။ ဘယ်သူ့ကိုမှ မယုတ်မာဖူးဘူး။ တို့မိသားစုကို ဘုရားကယ်မှာပါ။သမီး ပုတီးလေး စိပ်နေနော်။ဘုရားကု ခေါ်တယ်သမီးရဲ့...။နောက်ဆုံးတော့ ကြွေးတွေ ထပ်တင်၊ရောဂါတော့ ပျောက်....။

အဲ့ဒိကလေးလေး ဆယ်ခြောက်နှစ်သမီး၊ဆယ်တန်းအောင်တော့ ပတ်ဝန်းကျင်က လူတွေက ၀မ်းသာလိုက်တာ။ အမလေးဟဲ့..မုဆိုးမသမီးလေး၊အမလေးဟဲ့ မုဆိုးမသမီးလေးနဲ့...။ဒါမယ့် မုဆိုးမကြီးမှာသာ တိတ်တိတ်လေး ကြိတ်ကာငို...။

ံအရူးမကြီး မစောသိန်းဆိုတာ မြို့ဈေးထဲမှာ ရှိတယ်။ မစောသိန်းမှာလဲ သမီးလေး တယောက်ရှိတယ်။ သူ့သမီးလေးငါးနှစ်၊ကျောင်းထားတဲ့အရွယ်ရောက်တော့ ဈေးသူဈေးသားတွေက ကျောက်သင်ပုန်း၊ကျောက်တံတွေဝယ်၊ လွယ်အိတ်လေး ၀ယ်ပေးပြီး ကျောင်းပို့တော့ အရူးမကြီးမစောသိန်းခမျာ သူ့သမီးလေး ပျောက်လို့။ ဒါမယ့် ဘယ်ရောက်နေမှန်းလဲ မသိရှာဘူး။ ရူးနေတာကိုး။

ဒါနဲ့ပဲ သုံးလေးရက် ဆက်တိုက်ပျောက်နေတော့ လူတကာ လိုက်မေးရင်း နင့်သမီးလေး ကျောင်းသွားတာကိုး။ နင့်နား ဘယ်ရှိမလဲဆိုတော့၊ သူ့သမီးလေး ပြန်လာရော အဲ့ဒိကျောက်သင်ပုန်း၊ကျောက်တံတွေကို ဆင်ကူး သံတံတားကြီးကနေ ချောင်းထဲ သွားပစ် ချလိုက်တယ်တဲ့။ခုလဲ ငါ့မှာ အဲ့လိုလုပ်ရမလိုဖြစ်နေပြီ လို့....ပြောတာ အမေ...။

ခု အဲ့ဒီ ကလေးလေး အသက် နှစ်ဆယ့်လေးနှစ် ပြည့်သွားပြီ။ အမေ့ကို သူခွဲထားခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဘယ်အချိန်မှာ အဲ့ဒိကလေးနဲ့ သူ့အမေ ပြန်ဆုံနိုင်ပါမလဲ။ သူ့အမေကလဲ ကျောက်သင်ပုန်း၊ ကျောက်တံတွေ လွှင့်မပစ်ရက်သလို... အငိုသန်တဲ့၊ စိတ်ကြီးတဲ့ သူ့သမီးလေးကလဲ သူ့အမေအတွက် ဘာမှမဖန်တီးပေးနိုင်သေး..။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတွေပဲ။ မိသားစုဆိုတာ တဦးချင်း၊တယောက်ချင်းစီတွေနဲ့ ဖွဲ့စည်းထားတာ စသဖြင့် ဒီလို နှုတ်ထွက်သီဝရီတွေကို ကဗျာထဲ ထည့်စပ်ဖို့သာ ရူးသွပ်နေတတ်တာ၊ ကိုယ့်ခံစားမှုကို မိသားစုနဲ့အမေ့ရှေ့မှာ ဘာမထီ လုပ်လုပ်ပြတတ်တာ သူ့ အမေသာ သိခဲ့ရင် ...ကျောက်သင်ပုန်း၊ကျောက်တံတွေ လွှင့်မပစ်ခဲ့တာများ နောင်တ ရနေမလား...။

အမေရေ... ခွဲခွာခြင်းက တချိန်မှာ တယောက်အရိပ်၊ တယောက် လုံလုံခြုံခြုံ ခိုဖို့။ အဲ့ဒိအရိပ် ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိသေးလို့ နေပူထဲက စောင့်နေရင်း၊ သားသမီး မွေးနေ့ကို မွေးလပဲ အနိုင်နိုင် မှတ်မိ တတ်တဲ့၊မွေးနေ့ ဆုတောင်းပေးတာတို့၊ ဘာညာ သာရကာတွေ မလုပ်တတ်တဲ့ အမေ့ကို လွမ်းလို့... ဒီလိုလေးပဲ အမှတ်တရ စာရေးပြီး တေးမှတ် ထားလိုက်ပါတော့တယ် ။


Monday, August 17, 2009

ပြောင်းပြန်လျှောက်မိသော လမ်း

မိုးစက်တွေက မှန်ပြတင်းရဲ့ အပြင်ဘက်ကို ပျင်းရိပျင်းတွဲ လာရိုက်ခတ်နေတယ်။ရိုက်လိုက်၊ပြီးတော့ အောက်ဘက်ကို စီးကျသွားလိုက်နဲ့...။ မိုးရေစက်တွေကို ခုလိုကြည့်နေရတာ အင်မတန်မှ ပျင်းရိစရာ ကောင်းပါတယ်။သို့ပေမယ့် အဲ့လိုကြည့်နေရတာကမှ စိတ်အာရုံကို တစ်နေရာရာဆီ ပို့ထားနိုင်သေးတယ် မဟုတ်လား။အဲ့လိုမှမဟုတ်ရင် အတွေးပေါင်းများစွာက ကိုယ့်ကိုနှိပ်စက်လို့နေမှာ အသေအချာ။

+++++++++++++++++++

"နောက်ထပ် ငါးရက်၊တစ်ပတ်လောက်နေရင် ငါတို့ခွဲခွာကြရတော့မယ်နော်" ဆိုပြီးတော့ သူ့ဆီကနေ အသံတစ်ခုခုများ ကြားရမလားဆိုတဲ့စိတ်နဲ့ နားစွင့်နေမိခဲ့တယ်၊ အနည်းဆုံးတော့ " ရူးတတ်ရန်ကော" လို့ ငြူစူတဲ့စိတ်ကြောင့် ချလိုက်တဲ့ သူ့သက်ပြင်းသံ တစ်ခုပဲဖြစ်ဖြစ်ပေါ့။

တိတ်ဆိတ်မှုဟာ သွေးပျက်ချောက်ချားဖွယ်ကောင်းလောက်စရာ။

ကိုယ်နဲ့ပတ်သက်လို့ သူ့စိတ်ထဲမှာ ဗလာစာအုပ်အသစ်ထဲက ဘာမှမရေးရသေးတဲ့ စာမျက်နှာတစ်ခုလိုပဲ ရှိနေနှင့်ပြီးသားဆိုတာ ကြိုသိထားရက်နဲ့ ဘာလို့များသူ့ရှေ့မှာ လွမ်းပြခဲ့မိပါသလဲဆိုတာ မစဉ်းစားချင် တော့ပါ။

++++++++++++++++++++++


အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်နေခဲ့တယ်။လူတွေရဲ့ဆန္ဒအတိုင်း၊ လူတွေဖြစ်ချင်တာတွေချည်းသာ ဖြစ်လာခဲ့မယ်ဆိုရင် လောဘ၊ဒေါသ၊မောဟတရားတွေ ကင်းစင်ပြီး ကမ္ဘာကြီးငြိမ်းချမ်းတော့ မပေါ့။ ကိုယ်လဲ အေးငြိမ်းခဲ့တာ ကြာလှပေါ့။ သူ့သတ်မှတ်ချက်အရဆိုရင်တော့ ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် ဒုက္ခရောက်ရတဲ့ မိန်းမတစ်ယောက်သာ ဖြစ်သည်။

သိပ်ချစ်ကြတဲ့သူတွေမှာ တစ်ယောက်ကိုတစ်ယောက်က အရင်ဆုံး စချစ်ကြမယ်၊တစ်ယောက်ဆီက အချစ်တွေ နောက်တစ်ယောက်ဆီကို ကူးစက် စီးမျောစေမယ်၊ပြီးတော့သူတို့ တစ်ဦးကိုတစ်ဦး နားလည်သော၊ရင်းနှီးသော ချစ်သူတွေဖြစ်ကြမယ်၊ တစ်ယောက်ကို တစ်ယောက် သိပ်လိုအပ်လာခဲ့အခါမှာ နီးစပ်ဖို့အတွက် ကြိုးစားကြမယ်၊ နောက်ဆုံးမှာသူတို့တွေဟာ ချစ်ခင်ကြင်နာစွာ နေသွားကြလေသတည်း ဆိုတာမျိုးသာ။

ကိုယ်တို့ ဇာတ်လမ်းလေးကတော့ သာမာန်ထက်ရိုးစင်းခဲ့လေသလား၊သို့မဟုတ် ရှုပ်ထွေးခဲ့လေသလား။
သေချာတာကတော့ ကြားဖူး၊ မြင်ဖူးနေကျတွေထက် နားလည်ဖို့ ခက်ခဲတဲ့ ဘာသာရပ်တစ်ခုဆိုတာပါပဲ။ ကြည့်ဖူးနေကျ ဇာတ်လမ်းတွေကို ပြောင်းပြန် ပြန်ရစ်ပြီးကြည့်ရသလိုပါပဲကွယ်..။

မျက်စိတစ်မှိတ်စာအလင်းမှာ ကိုယ်တို့သိပ်ကို နီးစပ်ခဲ့ကြတယ်၊ တစ်ယောက်ကိုတစ်ယောက် သိပ်လိုအပ်ခဲ့ တယ်။ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ ခုတော့ တစ်ယောက်ဆီက အချစ်ကိုရဖို့ တစ်ယောက်က ပြန်ကြိုးစားနေရတယ်၊ ပြီးရင်ငါတို့ ကွဲကွာကြပြန်ဦးမယ်။
ကဲကွယ်.. အဲ့ဒိလောက်ကပြောင်းကပြန် နိုင်လှတဲ့ ဇာတ်လမ်းမျိုး ရှိလေဦးမလား။

+++++++++++++++++


ငါတို့တွေဘယ်အချိန်မှာ ပြန်ပေါင်းထုပ်နိုင်လိမ့်မလဲ၊ဘယ်နေရာမှာ ရင်ငွေ့ချင်းခြုံပေးလို့လုံနိုင်ပါလိမ့်မလဲ..။

++++++++++++++++++


အရိုးသားဆုံးပြောရရင်တော့ ကိုယ်ကရူးတတ်လွန်းတဲ့သူပါကွယ်၊ချစ်တတ်လွန်းလို့ပဲ အခါခါနှင်ထုတ်နေတဲ့ မင်းနားမှာပဲ ရစ်သီနေမိတာ နှစ်ကာလတွေချို့တဲ့ ယောင်ယမ်းနေခဲ့ပြီလေ။

17.08.09

Monday, June 01, 2009

ပြတင်းပေါက်ကလေးတစ်ခုဆီက

ထိုပြတင်းပေါက်ရဲ့ အကျယ်က ၂ ပေလောက်ပဲရှိပြီး၊အနံက ၂ ပေခွဲလောက်ပဲရှိပြီး ကျမအိပ်ယာပေါ်ကနေ
ရန်ကုန်မြို့ရဲသုံးပုံနှစ်ပုံလောက်ကို အဲ့ဒိအပေါက်သေးသေးကျဉ်းကျဉ်းလေးကနေ လှမ်းမြင်ရသည်။အဲ့ဒိအခိုက် အတန့်လေးကို ကျမနှစ်သက်ပါသည်...။

ထပ်ခိုးကျဉ်းကျဉ်းလေးထဲကနေ ကောင်းကင်ကြီးတစ်ခုလုံးကိုမော့ကြည့်ပြီး ကိုယ့်စိတ်ကူးတွေအကောင်အထည် ဖော်ကြည့်မိတဲ့အခါ ငယ်ငယ်တုန်းက အိမ်နောက်ဖေးပြတင်းပေါက်နားလေးမှာ မတ်တပ်ရပ်ပြီး တသွင်သွင်စီး နေတဲ့ချောင်းလေးကိုငေးလို့ ငါကြီးလာရင်ဆိုတဲ့ စိတ်ကူးတွေကို ပြန်လည်အမှတ်ရစေပါသည်။

အဲ့ဒီပြတင်းပေါက်ကလေးဆီကနေ....ကျမအမေ့အိမ်ကိုပြန်တဲ့ လမ်းကိုမှန်းဆကြည့်လို့ရနိုင်ပါသည်..။
ဟောဟိုဘက်မှာ တံတားတစ်ခုရှိတယ်။အဲ့ဒိတံတားပေါ်ကနေဖြတ်ပြီးခဏနေရင် ကျမမိခင်ရှိတဲ့နေရာကို သုံးလေးနာရီအတွင်း အရောက်သွားနိုင်တယ်..။သို့ပေမယ့် ဘာကြောင့်နှောင့်နှေးကြန့်ကြာမှုတွေကသာ တည်မြဲ
နေရခြင်းအကြောင်းရင်းလဲ..။

ကျမဟာ ပြတင်းပေါက်ရဲ့သံတိုင်တွေကို လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းက စိတ်ရဲ့လွတ်လပ်မှုကို
အငမ်းမရ လိုက်လံရှာဖွေမိတယ်..။

ပြောရရင်ဖြင့် ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ ခြားခံတစ်ခုသာဖြစ်တယ်။