Tuesday, September 23, 2008

ဘယ်သူပိုချမ်းသာလဲ

ဒါက ကိုယ်တွေ့ပါလေ။မယုံမရှိကြပါနဲ။

ကျမတို့ လူတွေသည် ချမ်းသာခြင်းကို ယေဘုယျကျကျပဲ သတ်မှတ်မယ်ဆို ဘယ်လိုအချက်အလက်တွေကိုထည့်သွင်းစဉ်းစားကြပါသလဲ။
ဒီနေရာမှာ ချမ်းသာခြင်းဆိုတာကို ပြန်လည်အနက်ဖွင့်ပြဖို့လိုလာပြီလို့ ထင်ပါတယ်။
ချမ်းသာခြင်းမှာမကြောင့်မကြ မတောင့်မတနေထိုင်ရခြင်းကို ဆိုလိုသည်ဟုသာ ကျမမှတ်ထင်ပါသည်။
ထပ်ပြီးပြောရရင် မကြောင့်မကြ၊မတောင့်မတ ဆိုတာကို ပြောချင်ပါသေးသည်။ဘ၀မှာ လိုချင်လှပြီဆိုသောအရာတစ်ခုကို ချက်ချင်းမဟုတ်ရင်တောင်တချိန်ချိန်မှာဖြင့်ရနိုင်မယ်ဆိုရင် ဒါကိုမကြောင့်မကြဟု ခေါ်နိုင်မည်ဟု ကျမထင်ပါသည်။

ဆိုပါတော့လေ…ချမ်းသာခြင်းကို လိုချင်တာရနိုင်သည်။ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု ပြည့်စုံကြွယ်ဝသည်။လုပ်တိုင်းဖြစ်သည်။
တွေးတိုင်းပေါက်မြောက်သည်။စိတ်ကူးတိုင်းလက်တွေ့အကောင်အထည်ဖေါ်နိုင်သည်။စသည်စသည်များကို ချမ်းသာခြင်း၏ ပြယုဒ်အဖြစ် ကျမတို့မှတ်ယူမည်ဆိုလျှင် ကျမယခုပြောမယ့် မိသားစုနှစ်ခုတွင်
ပထမမိသားစုကို "ချမ်းသာသောမိသားစု" သို့မဟုတ် "သူဌေးအိမ်" ဟု ခေါ်ဆိုနိုင်မည်။

အကြောင်းမှာ ထိုအိမ်တွင် လင်မယားနှစ်ယောက်နှင့် ၂ နှစ်သားကလေးငယ်တစ်ဦးသာရှိသည်။
ပုံမှန် မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် တခြားသော စီးပွားရေးလုပ်ငန်းမှန်သမျှ
သူတို့လင်မယား မပါတာမရှိသလောက်ဟုပြောရမည်။ထိုလင်မယားနှစ်ယောက်စလုံး အလွန်အလုပ်ကြိုးစားကြသည်။
သူတို့ ကြိုစားသမျှသည် သူတို့သားလေးအတွက်ဖြစ်သည်ဟုလဲ အမြဲပြောလေ့ရှိသည်။ကြိုးစားတိုင်းလဲ အောင်မြင်သည်။
လုပ်ငန်းအသစ်တစ်ခုစတော့မည်ဆိုရင် ၀ိုင်းဝန်းဆွေးနွေးအကြံပေးကြမည့်ဆွေမျိုးညာတိ တကယ်ပေါသည်။သူတို့အိမ်တွင် သာမာန်ကျေးရွာလေးပင် ဖြစ်လင့်ကစား လောကစည်းစိမ်ဟု လူအများသတ်မှတ်ကြသော လျှပ်စစ်မီတာ၊မီးအားနည်းလျှင် စိတ်အနှောင့်အယှက်ကင်းကင်းနှင့်နေနိုင်အောင်မီးအားမြှင့်စက်၊တီဗွီ၊ရေခဲသေတ္တာ၊အ၀တ်လျှော်စက်၊တယ်လီဖုန်း၊
သွားရေးလာရေးအတွက်ဆို မော်တော်ဆိုင်ကယ် ဒါတွေရှိသည်။

ကျမတို့ ဒုတိယမိသားစုကို ဆက်ကြမည်။သူတို့မှာ လင်မယားသုံးယောက်ရှိသည်။
အကြောင်းမှာယောက်ျားလုပ်သူသည်မိန်းမနှစ်ယောက်ယူထားသောကြောင့်ဖြစ်သည်။
သို့သော် ပထမမိန်းမနှင့်သာ တစ်မိုးအောက်မှာအတူနေသည်။ဒုတိယအမျိုးသမီးကို ကျမတို့မသိသော
ဘယ်နေရာမှန်းမသိသည့် တစ်နေရာတွင် ထားထားသည်။
သို့သော် ထိုဒုတိယအမျိုးသမီးနှင့်ရသော ကလေး ၂ ယောက်ကိုကျတော့ သူတို့အိမ်တွင်ပဲအတူနေစေသည်။
ပထမ မိန်းမနှင့်ရတာကတစ်ယောက်ဆိုတော့ ပေါင်း ၃ ယောက်ကို ထိုယောက်ျားက ဆိုက်ကားနင်းပြီး ရှာဖွေကျွေးသည်။
မိန်းမ ဘာမှမလုပ်ရပါ။အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာရုံသာ။ကလေးတွေကလဲ ရှိတာနှင့်စားတတ်သည်။
ငါးပိချက်ကတော့ သူရို့ လက်ကတုံးတိုင်ပဲဖြစ်သည်။
ကလေးတွေ ဟင်းချေးများလို့ငိုသံ ဘယ်တုန်းကမှမကြားရစဖူးပါ။
သူတို့အိမ်မှာသိမ်းထားစရာ ဘာပစ္စည်းမှမရှိ။စုစုပေါင်း မိသားစုငါးယောက်ကို ရှိလှမှအလွန်ဆုံး
အ၀တ်အထည်အစုံ ၂၀ မကျော်နိုင်ပေ။သူတို့မှာ ချမ်းသာသမျှ ယောက်ျားလုပ်သူရဲ့ ဆိုက်ကားပဲ ဖြစ်သည်။
" ရှိပူရသေး ကုန်မှအေး " ဆိုတာမျိုးဖြစ်သည်။

ဒါတွေက ကျမမြင်သမျှ ၄င်းမိသားစု ၂စုကြားမှ ရုပ်ပိုင်းဆိုင်ရာကွဲပြားချက်များ ဖြစ်သည်။ဆက်ပြီး ကျန်တာတေလးတွေကို ပြောပြပါမည်။

ဆိုက်ကားသမားမိသားစုသည် ညတိုင်းလိုလို လမ်းထိပ်ကဗွီဒီယိုရုံမှာ ဗွီဒီယိုကားတွေညတိုင်း မလွတ်တမ်းသွားကြည့်ကြသည်။
အဲ့ဒီအချိန် သူဌေးယောက်ျားအလုပ်ကပြန်မလာသေးပါ။သူ့မိန်းမ... အိမ်မှာထမင်းမစားနိုင်သေးပဲ စိတ်ပူကာလည်ပင်းရှည်နေသည်။
သူတို့အိမ်က ခပ်ပြားပြားတီဗွီကြီးလဲ မဖွင့်တာကြာလို့ တစ်ခါတစ်ခါလိုင်းဖမ်းလို့ပင်မရနိုင်အောင်ရှိတတ်သည်။

ညည ဆိုက်ကားဆရာ လင်မယားမိသားစု အိပ်မောကျနေချိန်မှ သူတို့ထမင်းစားရတဲ့နပ်တွေရှိသည်။

ဆိုက်ကားဆရာ အိမ်မှာ ညနေပိုင်းဆို အကြွေးတောင်းသံတို့ ဆူညံနေတတ်သည်။
သို့သော် အိမ်သားတွေ တစ်ယောက်မှ မရှိကြပါ။သူတို့ ဗွီဒီယိုရုံရောက်နေကြလေပြီ။

သူဌေးကတော်ပေါက်စ ညနေရိုးရီတွင် အိမ်မကပ်နိုင်ပဲ ရွာရိုးကိုးပေါက် ကြွေးလိုက်တောင်းနေရသည်။

ဆိုက်ကားဆရာ မိန်းမသည် သူယောက်ျားကို ဒုတိယတစ်ယောက်နှင့် အူတိုရတာမောလှပြီ။
သူဌေးကတော်လဲ သူ့ယောက်ျားက သူ့ကိုဂရုမစိုက်ပဲ အလုပ်ချည်းဖိလုပ်နေသည့်အတွက် စိတ်တိုရင်မောလှပြီ။

ဆိုက်ကားဆရာသည် ညဘက်ကလေးတွေနှင့် ဆင်ကြီး ဂဠုံချီနေပြီ။
သူဌေးယောက်ျားသည် ဆိုင်ကယ်တဖုန်းဖုန်းနှင့် ခုမှ ပွဲရုံကပြန်ရောက်သည်။သူရောက်တော့ သူ့သားလေး အိပ်နှင့်ပြီ။

မနက်ဖြန် ဘုန်းကြီးကျောင်းမှာ ကထိန်ပွဲရှိသည်။
အိုးပစ်အိမ်ပစ်ပြီး အလှူအတန်း၊မင်္ဂလာပွဲကို အစချီကနေ ပတ်စာခွာဖျာသိမ်း ဆိုက်ကားဆရာမိသားစုသွားနေသည်။
ထိုရက်မျိုးတွင် သူတို့အိမ်လဲ မီးခိုးတိတ်။ကလေးတွေလဲ ပျော်ကြသည်။သိပ်ကောင်းသော ဟင်းတွေစားရသည်။

သူဌေးလင်မယား အလုပ်မအားလို့ မျက်နှာပျက်ရသည့်ပွဲပေါင်း မနည်းတော့ပြီ။
ကလေးတို့ ဘာသာဘာဝ ချမ်းသာ၊ဆင်းရဲနားမလည်။သူများသွားရင် သွားချင်သော၊သူများဝတ်ကောင်းစားလှတွေဝတ်ပြီး လမ်းထွက်ရင်
ထွက်ချင်သောသူတို့သားလေးငိုရသည်။မိဘများ စိတ်အခန့်မသင့်ရင် အရိုက်အမောင်းပါခံရတတ်သည်။

နောက်နေ့မိုးလင်းပြီ။
ဆိုက်ကားဆရာသည် တစ်ပတ်မှတစ်ခါ ရထားအမှီကုန်မှာတတ်သည့် အဒေါ်ကြီးကိုလိုက်ပို့ရသူဖြစ်သည်။မနက်စော ဘာမှမယ်မယ်ရရလုပ်စရာမရှိတတ်ပါ။
ထို့ကြောင့် သူသည်သူ့ကလေးတွေနှင့် ထမင်းကြမ်းခဲ အိုးကင်းပူတိုက်ကို တူတူစားကြသည်။

သူဌေးယောက်ျားသည် ပွဲရုံကို မတ်ပဲတွေအ၀င်ရောက်မည်ဖြစ်လို့ ဝေလီဝေလင်းကပင် ဆိုင်ကယ်တဖုန်းဖုန်းနှင့် ထွက်သွားလိုက်လေပြီ။

ဘယ်သူ့ကို လူချမ်းသာဟု သတ်မှတ်ရပါမည်လဲ။ဘယ်သူ့ကို လူဆင်းရဲဟုသတ်မှတ်နိုင်မလဲ။
ချမ်းသာခြင်းဆိုတာကို ဒီစာရေးပြီးချိန်မှာ ကျမဘယ်လိုမှ အနက် မဖွင့်တတ်တော့ပါ။ကျမတစ်ဦးထဲအမြင်သည် လူတွေသတ်မှတ်ထားသည့်
ချမ်းသာခြင်း ဆင်းရဲခြင်းနှင့်တော့ တူနိုင်လိမ့်မည် မထင်ပေ။

မယုံမရှိကြပါနှင့်။ကျမမျက်မြင်တွေ့နေရတဲ့ မိသားစုများကိုပြန်လည်သတိရပြီးရေးသားခြင်းဖြစ်ပါသည်။

No response to “ဘယ်သူပိုချမ်းသာလဲ”