Showing posts with label Photos. Show all posts
Showing posts with label Photos. Show all posts

Sunday, September 12, 2010

အလွမ်းသင့် နေ့လည်ခင်း

နေ့လည်နေ့ခင်းမှာ အလွမ်းတွေကို စိတ်ရှည်ရှည်နဲ့ ချည်နှောင်နေခဲ့မိ...။

ရပ်နေရာကနေ ကိုယ့်ခေါင်းပေါ်ကို မော့ကြည့်မိသည်။ဖြတ်သွားတဲ့ ရထားတွေ အစင်းပေါင်းများစွာ။ ၀င်လာလိုက်ကြ ပြန်ထွက် သွားလိုက်ကြ...။တချို့အစင်းတွေက ကိုယ်ထိုင်နေရာဘက်ဆီသို့ ဦးတည်လာကြပြီး တချို့ကကိုယ်နဲ့ ဝေးရာဆီ။ဘယ်လိုပဲဖြစ်ဖြစ် မြင်ကွင်းက လှတော့လှတာပါပဲ...။

ရထားတစင်းက ထွက်ခွာချိန်မှာ...ရထားတစင်းနောက်ထပ် ရောက်လာမယ်... ဆိုတာမျိုးလား...။ခရီးကဖြင့် ဝေးလွန်းလှသည်။

ဖြတ်သန်းကျင်လည်နေရာ ကိုယ့်အသက် ဂယ်ပေါက်ကလေးထဲမှာကျတော့ တချို့လူတွေက ကိုယ့်ဆီလာကြပြီး တချို့ကို ကိုယ်ကထားခဲ့။

ကိုယ်ခုရပ်နားတဲ့ဘူတာအိုလေးမှာရော ဘယ်လောက်ကြာကြာ ရှိနိုင်ပါ့မလဲ။
တွေးမိတဲ့အခိုက် ရင်မခုန်နိုင်တော့ပေမယ့် ထွက်ခွာဖို့အလံစိမ်းထောင်ပြမယ့်အချိန်မှာ ကိုယ့်ဘက်က အသာတကြည် ရှိနေဖို့ပဲ လိုအပ်တာပါ..။

ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်အရှိတရားဖြစ်လို့....ကိုယ်ချစ်ခြင်းမေတ္တာက ကိုယ့်ဥစ္စာဓန ..။ပေးဝေရင်နှီးမိတာကလဲ ချစ်ခြင်း မေတ္တာတရားများသာ။ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။

ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။

စိတ်ထဲရွယ်စူးမိတာက ကိုယ်ကနောက်ဆုံးရထားလေးတစီး ဖြစ်ချင်ပြီး သူ့ ဘူတာလေးနားအရောက် ခပ်ကြာကြာလေး ခိုနားနိုင်ဖို့ ....။

Wednesday, April 14, 2010

လွမ်းအောင်ကူချွဲ

လွမ်းလို့ဗျာ..။
ဆားချက်တယ်ပဲ ထားပါတော့။ခေါင်းစဉ်နဲနဲပြောင်းလိုက်တယ်။အရင်က တင်ပြီးသားတချို့လဲ ပါတယ်။

(ချစ်သော ဧရာဝတီ..)
အလွမ်း...ပြန်ချင်စိတ်ကြောင့် စိတ်ကူး...အိမ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။


(ဧရာဝတီ၏နှုတ်ခမ်းပေါ်မှ )


(ပုံဂံ နားက ဧရာဝတီ..)
ငါသည် ဧရာဝတီကို ဘယ်နေကနေပဲ မြင်ရ၊မြင်ရ..မြင်တိုင်းရင်ခုန်တတ်သူရယ်။ဓာတ်ပုံရိုက်တာကတော်ချက်။ ဧရာဝတီကို တစ်ခြမ်းပဲပါတယ်။


(Bicycle)
နတ်မောက်မှာတုန်းက..သဲချောင်းထဲမှာဘယ်သူ့ဘီးမှန်းလဲ မသိပါဘူး။ညနေစောင်းလေး၊အိမ်ကိုလွမ်းလွမ်းနဲ့
မြင်လိုက်တဲ့အခိုက်။


(အာနန္ဒာဘုရားနား)
တကယ်တမ်းက ပုံအကြီးရိုက်ထားတာ...မလုပ်တတ်လုပ်တတ်နဲ့ ကလိရင်း၊ကလိရင်းက သေးသေးလေးပဲ ကျန်
တော့တာ..။ဒါလေးပဲ တင်လိုက်တယ်..။


(လတ်ပွတ္တာမြို့ပေါ်က ဆိုက္ကားဂိတ်..)
ဧရာဝတီတိုင်းက နေရာတော်တော်များများက ဆိုက္ကားပုံတွေ အတူတူပါပဲ..။ဒါမယ့် ဟင်္သာတက ဆိုက္ကားတွေ ကျတော့ တစ်မူထူးတယ်။ဆိုက်ကားစီးနေရင် ဘေးကကြည့်ရတာ ခရီးသည်က မတ်တပ်ရပ် နေသလိုပဲ...။


(လယ်တောက အပြန်.......)
လယ်တောက အပြန်၊ပန်ချင်တယ် ခရေဖူးဆိုလို့... အယ် မဟုတ်သေးပါဘူးလေ..။း)


(ရှက်ပြုံး)
နောက်ကနေ ဟေး..ပြန်တော့မလိုလားလို့လဲ အော်လိုက်ရော...လှည့်ကြည့်ပြီးရှက်နေကြတာ...။


(Wild & Free)

(ခ၀ါ)

(မော်လမြိုင်ထောင်)
နောက်ဘက်က မြင်နေရတာ သံလွင်မြစ်လား၊ဂျိုင်း၊အတ္ထရံနဲ့သံလွင်ဆုံတဲ့ မြစ်ဆုံလား သေချာမကွဲပြားတော့ပါ။


(အစိမ်းရောင်- "၀"ပြည်ဘက်က)
ခံစားတတ်တဲ့နှလုံးသားရော၊ဦးဏှောက်တွေပါ ခမ်းခြောက်တော့ အစိမ်းအစိုလေးတွေပဲ ကြည့်ချင်၊မြင်ချင်နေမိ။

အခန်းထဲက သူငယ်ချင်းမနှစ်ယောက်က လူကို လွမ်းအောင်ကူချွဲကြတယ်။ ဖဘမှာရွှေပြည်တော်ကြီးက ဓာတ်ပုံ တွေ တင်လိုက်ကြတာ။အလွန်အကျွံ..။

တင်းထားတဲ့စိတ်ကို ဖြုတ်ချပစ်ခဲ့တယ်။ ဟိုးးးး အဆုံးထိ လွင့်မျောပါ... ပျောက်ကွယ်သွားခဲ့..။


Tuesday, April 06, 2010

နေ့ခင်းနေ့လည်...


နေရောင်ကြောင့် တိမ်တွေသည် ဖွေးဖွေးဖြူနေသည်။ကိုယ် ဘယ်သူ့ကိုမှန်းမသိ သတိရနေမိသည်။ဂဏန်းပေါင်းများစွာ ကို တဆက်ထဲနှိပ်လိုက်တယ်။ သုည ပြီးတော့ နှစ်၊ ပြီးတော့ တစ်...ပြီးတော့...ထပ်နှိပ်။ဟူး...ကိုယ့်ဖုန်းကဒ်ကတန်ဖိုး မရှိ တော့ဘူးတဲ့။ အိုး ဖြစ်တတ်ပါ့ကွယ်။ ဒီလို သာယာတယ်။ ဒီလို တိမ်တွေလှတယ်။ ကိုယ် တယောက်ယောက်ကို လွမ်းနေ မိတာကို တခြားတယောက်ယောက်ကို ပြောပြ လိုက် ချင်နေ တာကို..မရဘူးလား၊ မရဘူးလား။ နေပါစေပေါ့။ မရလဲနေပါ့။ ခါတိုင်းလဲ ဒီလိုပဲ သာတောင့်သာယာ နေခဲ့သေးတာ။ခုမှ ဘာတွေကိုအရူးထနေမိသလဲ...။ "ဒိုးလုံး...နင်ဟာကလေး တယောက်မဟုတ်တော့ဘူး... မဆိုးနဲ့... "

တန်ဖိုးမရှိတော့တဲ့ဖုန်းထဲက အဲလက်စ်သီချင်းကို ဖွင့်ထား မိသည်။ကိုယ့်ဖုန်းထဲမှာ ဒီသီချင်းပဲရှိသည်။ ကြားနေမိတာက "အာကာသက ကျနော်နဲ့ပင်လယ်အောက်က သူနဲ့ လေဟုန် စီးပြီးတွေ့မယ် ဘာဖြစ်လဲ.....ဘာဖြစ်လဲ..ဘာဖြစ်လဲ.."
ဘာမှမဖြစ်ပါဘူး။ လောကကြီးက နေတတ်ရင် အားလုံးကျေနပ်စရာတွေချည့်....။မဟုတ်ဘူးလား။ဟုတ်တယ် မလား။ဟုတ်ပါတယ်။ဟုတ်တယ်လို့ ထားလိုက်စမ်းပါ။

နောက်ထပ်..နောက်ထပ်..နားထဲကိုတိုးဝင်လာတဲ့ သီချင်းစာသားများ.. "ဂဏန်းများပက်လက်သွားနေတယ်၊ တောင်တွေပေါ်မှာ ငါးကြီးတွေ... တောင်ပံဖြန့်လို့ကူးနေဆဲ..... " အိုး လောကကြီးက ကိုယ့်တယောက်ထဲမှ ကပေါက်တိကပေါက်ချာ ဖြစ်နေတာမဟုတ်ဘူး။သူတို့..သူတို့လဲ ဖြစ်နေတာပဲ။အားလုံးက တေ့တေ့ဆိုင်ဆိုင်တွေ လွဲချော်နေကြတာ။ အဲ့ဒါမှ ဘ၀ကြီးကလဲ တန်ဖိုးတက်လာမှာ။

ဘ၀ကြီးဆိုလို့ မနေ့တုန်းက သူငယ်ချင်းကပြောတယ်။ ခုနှောင်းပိုင်းခေတ်မှာ လူတွေက ဘ၀၊ဘ၀နဲ့... ဘ၀နဲ့ချီပြီး စကားတွေကို ပြောတတ်လာကြတယ်တဲ့။ဟင့်အင်း မဟုတ်ဘူး။ခုနှောင်းပိုင်းမှ လူတွေကအဲ့လို ပြောလာကြတာမှာ မဟုတ်ဘူး။ သူတို့က ပြောလက်စ စကားကိုပြောနေကြတာပဲ။ငါတို့က အဲ့ဒီလူတွေကြားထဲ မသိသိုးသားနဲ့ ရောက်လာတာ။ ပြောရရင်တော့ မရောက်ချင်ပဲ ရောက်ခဲ့ရတာပဲ။ ဘ၀ဆိုတဲ့ကျောင်းကို မတက်ချင်ပဲ တက်နေကြရတဲ့ သနားစရာ...ဦးဏှောက်ရှိသောသတ္တ၀ါလေးတွေဟာ ငါတို့ပါပဲ သူငယ်ချင်းရယ်။
" နင်သိနေဖို့...ငါလိုအပ်တယ်..."

+++++

Saturday, February 13, 2010

ဓာတ်ပုံ

လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊၂၀၀၇ ခုနှစ် သြဂုတ်လကနေ၊၂၀၀၈ ခုနှစ်မတ်လကုန်ထိ ၇လကျော်သွားရောက်နေထိုင်၊ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ နတ်မောက်မြို့အကြောင်း ဒီရက်ထဲပြန်စဉ်းစားမိပြီး၊ ရိုက်ခဲ့သမျှထဲက ကြည့်ရှူရ အဆင်ပြေမယ်ထင်တာလေးတွေ တင်လိုက်ပါတယ်။ ထိတွေ့ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကျွဲမင်းကျ ချောင်းနားက မြို့ဝင်ဆိုင်းဘုတ်။ ကျွဲမင်းတောင်ပြုတ်ကျလောက်အောင်ထိ သဲချောင်းကျခဲ့ဖူးတယ်လို့ ဆိုကြတယ်။

အေးရာအေးကြောင်းပဲ..။ဒီနေ့ ကျနော်ကျောင်းမသွားဘူး။

သစ်ကိုင်းကနေ တွဲလောင်းကျနေတာ... ကုလားတက်လား၊အုံ့မောင်းလား။ သိရင်ပြောသွားကြပါဦး။

ကဗျာရွတ်တာ...သူက ရသလိုလိုနဲ့။ပြီးတော့ ထစ်နေတယ်။

ဖိုးတီ တဲ့။ကျမရဲ့ နာမည်ပြောင်နဲ့တူတယ်။ :)



အလုပ်လုပ်ခဲ့တဲ့ ရွာပေါင်းသုံးဆယ့်သုံးရွာမှာ အဲ့ဒိတရွာထဲပဲ ဆံရစ်ဝိုင်းလေးတွေကျန်တော့တယ်။ ဂါဝန်အနီနဲ့ကလေးက အလွန်စကားတတ်တယ်။ ကျမ သူ့ကိုစကားယှဉ်ပြီး နိုင်အောင်မပြောနိုင်ဘူး။

ကျမနာမည် မကျော့...

ဆရာလေး ကိုဖိုးခွေး...

ဓာတ်ပုံရိုက်နေပြီဟေ့...

လူပင် အိုသော်ငြား ဆေးလိပ်မတိုသေး...

ကျောင်းအုပ်ကြီးလိုတာ သုံးဖို့..ကျောင်းသားလေးတွေခေါင်းနဲ့ရွက်သယ်ခဲ့တယ်။

အစာခွက်၊နွားတွေက အဆင့်အတန်းရှိတယ်။စာခွက် မလုဘူး ။

နှုတ်ဆက်ပါတယ်....။

ကလေးများနေ့လဲဖြစ်လို့ ကလေးပုံတွေပဲ တမင်ရွေးတင်လိုက်ပါတယ်။

Thursday, February 11, 2010

လိုက်ရင်းပြေးရင်း ရှူဖွာတိုပစ်

လိုက်ရင်းပြေးရင်း
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်းဖိနပ်လဲပါးတော့မယ်..။(ခရက်ဒစ်တူ အငဲနှင့် ငယ်ဆူးသစ်)


ရှူ၊ဖွာ၊တို၊ပစ်...

အိမ်ပြန်ချင်တဲ့အလွမ်း....တွေ..ပါပဲ..(ခရက်ဒစ်တူ ၀ိုင်ဝိုင်းနှင့် ကိုငှက်)

ကားအပြာကြီးနားက မြက်ခင်းပေါ်မှာ အိန္ဒိယအမျိုးသားတယောက် အိပ်ပျော်နေတာ အားကျကျေနပ်စရာ။
အဲ့ဒါတော့ မရိုက်ခဲ့ပါဘူး။ဒီကိုကင်မရာမပါလာဘူး။မကောင်းမကန်းဖုန်းလေးနဲ့ ဟိုရိုက်ဒီရိုက်။ပြုပြင်မွမ်းမံမှုလဲ မလုပ်တတ်။

ရေးချင်ရာတွေရေး၊တင်ချင်ရာတွေတင် လုပ်နေမိတယ်။လွမ်းနေတုန်းမို့ သည်းခံကြပါ....။ :)

Sunday, June 28, 2009

National CD

ဘာမှမကွာဘူး။ဒါမယ့် နှစ်ပုံလုံးတင်ပစ်လိုက်တယ်...ကဲ..။

Camera အသစ်လေးနဲ့စမ်းထားတဲ့ပုံလေးတွေ
သူခိုးရွှေရတပြပြလိုပဲ ....အမှန်တော့ကင်မရာ ကြွားတာ... :)

Thursday, January 29, 2009

၂၉.၀၁.၂၀၀၉

အများကြီးမဟုတ်၊နဲတော့လဲ မနဲပါ။ဒီလောက်လေးကိုပဲ နှင်းရယ်လို့နောက်တစ်ခါ ပြန်မြင်ရဖို့ မသေချာ။ဒါကြောင့် မနက်တုန်းက ညီမလေးတစ်ယောက်နဲ့ မုန့်သွားစားကြဖို့ အိပ်ယာကစောစောထဖြစ်တာနဲ့ရိုက်ထားဖြစ်တွကို
တင်ရင်း ဆားချက်လိုက်ပါတယ်။သေချာကြည့်မှမြင်ရမယ်ထင်တယ်။ကျမတော့ ကြည့်ရင်းက မျက်လုံးတွေ ၀ါးလာတယ်။

အရင်က အိမ်ပေါ်ကနေ ဂျက်ဆင်ကိုလှမ်းမြင်ရတယ်၊ဒီနေ့မနက်မမြင်ရဘူး။


ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၊

မဆီမဆိုင်...ကန်တော်ကြီးထဲသွားဖြစ်လို့ ရိုက်ထားတာလေးတွေပါ တင်လိုက်မယ်။

အမဲ

အဖြူ


(ရွှေ)

သည်းခံပြီးကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

Monday, December 29, 2008

ဓာတ်ပုံလက်ကျန်ရှင်းတမ်း

အညာမှာနေတုန်းက ရိုက်ထားတဲ့ပုံလေးတွေ ပြန်တင်လိုက်ပါတယ်။မျက်စိနောက်တယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါလေ...။
ဒီတစ်ခါ နောက်ဆုံးတင်ခြင်းပါ...။ဘာဖန်တီးမှုမှ မပါတဲ့ကျမရဲ့ ကင်မရာစုတ်စုတ်လေးနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ...။



ရွာတစ်ရွာကနေ နောက်တစ်ရွာကိုကူးတိုင်း ဒီလိုအပင်တွေနဲ့ပြည့်နေတဲ့ ကွင်းပြင်ကြီးကိုဖြတ်ရတယ်..။ကျမလဲ ဘယ်ရမလဲ။ကိုအငဲရဲ့ "ဒီကွင်းပြင်ကြီးကို...တို့ဖြတ်ဖူးတယ်....ဒီမြက်ပင်စိမ်းတွေ..ခြောက်သွေ့ကာ ညိုမွဲနေ..ဒီကောင်းကင်ကြီးလဲ ဟိုအရင်လို မလှတော့ဘူး..." လို့အော်ဆိုပြီး နွားလှည်းစီးခဲ့တာပေါ့..။
အဲ့ဒိအချိန်တုန်းကသာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလို့ စိတ်ပင်ပန်းခဲ့ရတာ..ခုပြန်တွေးတော့ လွမ်းမောစရာ..:'(



ဒီပုံကိုကျတော့ ကျမဆရာက ရှေ့ကနေရိုက်သွားတယ်..။ကျမက သူ့အိုင်ဒီယာကို ကောင်းမလားထင်ပြီး လိုက်ရိုက်ထားလိုက်တာ..။



ဒီပုံကျတော့လဲ အလင်းရောင်နဲ့ မြတ်စွာဘုရားရဲ့ သင်္ကန်းအရောင်တွေကို ဟပ်နေတယ်လို့ ခံစားရလို့ ရိုက်ခဲ့ပါတယ်..။
(အဟဲ အရောင်တွေ အကြောင်းပြောနေတော့ ပန်းချီတွေဘာတွေ နားလည်လားလို့ အထင်မကြီးလိုက်နဲ့ဦးနော်။မျဉ်းတောင်ဖြောင့်အောင် မဆွဲတတ်ပါဘူး )



အရောင်တွေ စပ်ပုံကိုသိပ်သဘောကျလို့ပါ...။


ပုဂံဘုရားတစ်ဆူထဲက နံရံဆေးရေးပန်းချီတစ်ခုပါ။ဘုရားနာမည်တော့ မမှတ်မိတော့တာ ခွင့်လွှတ်နော်...:)


ဒီဓာတ်ပုံကို ကျမဘာသာကျမ တံတိုင်းကြီးလို့ နာမည်ပေးထားတယ်..။



အညာရွာမှ အမေအို...။

အားလုံးကိုလေးစားခင်မင်လျက်........။


Wednesday, November 26, 2008

ခရီးသွားတုန်းက ဓာတ်ပုံများ

ကျမဓာတ်ပုံတွေ တစ်လှေကြီးတင်ပါဦးမယ်.....သည်းခံပြီးတော့သာ ကြည့်ရှုကြပါကုန်......။
ဆက်လက်ကြိုးစားပါဦးမည်။

ကျမမှာစာပေ၀မ်းစာ၊အတွေ့အကြုံ ၀မ်းစာတွေပြည့်လာခဲ့ရင်ဖြင့် Documentary လေး တွေရေးဖို့လဲ အိပ်မက် မက် ထားပါတယ်...။

























တောင်ကြီးမြို့ပုံပါ၊တောင်ချွန်းလို့ သူတို့ခေါ်ကြတဲ့နေရာကနေ သွားရိုက်ထားတာပါ၊
ကျမမြင်ဖူးနေကျ တခြားတောင်ကြီးမြို့ပုံတွေလောက်တော့ အဆင်မပြေဘူး၊:((((
ဒါတောင်ကြိုးစားပမ်းစားရိုက်ထားရတာ.... 10 ပုံလောက်ထဲကမှ အဆင်ပြေဆုံးလို့ထင်တာကိုရွေးတင်လိုက်တာ။


















အင်းလေးဒေသ...ရွာလေးတစ်ရွာ...။



















ဒါလေးမပါရင် အင်းလေးအလှဘယ်ပြည့်စုံမလဲ..........။



















အင်းလေးရဲ့ ညနေဘက်ရှုခင်းပါ၊သဘာဝအလင်းရောင် အတိုင်းရိုက်ခဲ့တာ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော ကျမမှာသာကိုယ်ပိုင်ကွန်ပြူတာရှိခဲ့ရင် ဒါလေးကို desktop ပေါ်မှာတင်ထားမယ်..စိတ်ကူးတယ်။




















အင်းလေးက ထမင်းဆိုင်တစ်ဆိုင်ကို လာစား၊လာနားတဲ့လှေတွေကို ဘေးကနေ အတင်းတွန်းထိုးရောင်းနေတဲ့ ဈေးသည်တွေ....။လှေဆရာက စိတ်ကောင်းလို့ အရှိန်လျှော့ပေးရင်တော့ သူတို့ပစ္စည်းရောင်းရဖို့ မျှော်လင့်လို့ရတယ်။ဒီထဲကပုံကတော့ ရောင်းရမယ့်ပုံမမြင်ဘူး။




















ဒီနေရာမှာပဲရေခပ်၊ဒီနေရာမှာပဲ ရေချိုး..................။




















အံ့သြဘနန်းပဲ မြင်မြင်ချင်းမှာ ကျမစိတ်ထဲဖြစ်သွားတာ။ရေတွေပဲရှိပြီး မြေရယ်လို့ပြောစမှတ်လောက်သာရှိတဲ့ အင်းလေးကန်ထဲမှာလဲအဘတို့အတွက် ဒီလိုနေရာရှိတယ်....။ဘုရားလာဖူးရင် ဆင်းဖို့ ကွင်းတဲ့..။



ဖောင်တော်ဦးမြတ်စွာဘုရား၊..မိန်းကလေးမတက်ရဆိုလို့ အဲ့ဒိမှာတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးတစ်ယောက်ကို ရိုက်ခိုင်းလိုက်တာ။ကောင်းလိုက်တဲ့ ဒေါင့်လေးတွေ....။

+++++++++++++++++++++

တောင်ကြီးမီးပုံပျံပွဲ သို့မဟုတ် ကောင်းကင်ထက်ကအနုပညာ




















တောင်ကြီးမှာသာတဲ့လ...။

ညသည်မိန်းမတစ်ယောက်၏ မျက်ရည်ကိုကြွေအောင်ချွေတတ်သည့် အထူးကာလဖြစ်ပါသလား တဲ့။ဂျူးပြောဖူးတာ။




















ညမီးကျီးလို့ခေါ်တဲ့ မီးပုံးပျံဖြစ်လာဖို့ သူတို့အလုပ်ရုံကိုကျမသွားစပ်စုခဲ့တယ်..။အားနာတာနဲ့ ဓာတ်ပုံတော့ မရိုက်ခဲ့ဖြစ်ဘူး၊ညဘက်မီးပုံးပျံကိုကြည့်တာထက် သူတို့လုပ်နေတာကိုတွေ့မှ သူတို့ရိုးရာ၊ သူတို့ ၀ါသနာ၊ သူတို့အနုပညာကို လေးနက်စွာခံစားရစေပါတယ်...။






















မှိုင်းခံနေတာတဲ့။ကျမတို့ကတော့ အဲ့လိုမှိုင်းခံနေတဲ့ အချိန်ပဲအနားသွားကြည့်ရဲတယ်...။မီးပုံးပျံက ရုန်းနေပြီဆိုတာနဲ့ အဝေးကြီးရောက်အောင် လှည့်ပြန်ပြေးတော့တာပါပဲ...။တစ်ချို့အလုံးတွေက အောက်မှာတင်ပေါက်တတ်တယ်လေ..။



















ညဘက်မြင်ရတဲ့ မီးပုံးပျံအလှပေါ့၊သူတို့တွေလဲ တိုက်ရိုက်တင်တယ်ကြားတယ်...။ဒါကြောင့် ဒီမီးပုံးပျံတွေလွှတ်တာကိုတော့ သိပ်မရိုက်ဖြစ်လိုက်ပဲ သူတို့ရဲ့ကောင်းကင်ထက်ကအနုပညာကိုရင်ဘတ်နဲ့ပဲ
တစ်ဝကြီးခံစားခဲ့ပါတယ်...။
























ဒီလိုအောက်မှာတင်ပေါက်သွားတဲ့အခါကျရင်တော့ သူတို့တွေမြေကြီးမှာတင် လူးလိမ့်ငိုနေကြတယ်တဲ့။
အိုးစည်တော့ အတီးမပျက်ဘူး။



















ဒါက စိန်နားပန်အမျိုးအစားတဲ့၊မြင်းကျားဆိုတဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာက စပွန်ဆာလို့ထင်တယ်...။
မီးပုံလေးတွေကိုပဲ ကောင်းကင်မှာဒီလိုပေါ်လာတဲ့အထိ သူတို့ဘယ်လောက်ကြိုးစားရမလဲ။
ဘယ်လောက်ညီညွတ်ရလိမ့်မလဲ။။။




































တောင်ကြီးမှာနေခဲ့တဲ့ တစ်လျောက်လုံး ဒီတစ်နေ့တော့ ရှမ်းဝတ်စုံလေးတွေနဲ့ ကောင်မလေး၊ကောင်လေးတွေကို တွေ့ခွင့်ရခဲ့တယ်။



















ရန်ကုန်ကို အပြန်လမ်းမှာ ရိုက်ခဲ့တာ...အမေ့ကိုပြဖို့...နေပြည်တော်ဆိုတာ သူသိရအောင်....




















ကျမရဲ့ချစ်လှစွာသော တူမလေးနဲ့ သူ့အစ်ကိုတစ်ဝမ်းကွဲရဲ့ပုံပါ၊တောင်ချွန်းပေါ်မှာတုန်းက ရိုက်ပေးတာ။


စိတ်ရှည်စွာ ကြည့်ပေးကြသော အစ်ကို၊အစ်မများအားကျေးဇူးအထူးတင်ရှိပါသည်။