Tuesday, September 23, 2008

သတိရခြင်းဆိုတာနဲ့အတူ ကတိက၀တ်ပြုခြင်း

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်....
အထီးကျန်ဆန်တယ်၊
၀မ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊......
တစ်ဖက်သတ်ဆန်တယ်၊၊


အယ်ဖြူ(၁၉၇၁-၂၀၀၄)

ဒီကဗျာက ကျမလျှောက်ကလိလို့ ပျက်စီးသွားတဲ့ အရင် ပို့စ်တွေထဲက တစ်ခုပါ။
ကျမ သူငယ်ချင်းက ပြောပါတယ်။ "ကိုယ်ပိုင်ဖန်တီးပါတဲ့၊ သူများဟာတွေဘဲ ကော်ပီလုပ်နေရင် နင့်ဆီကို ဘယ်သူမှလာလည်မှာ မဟုတ်တော့ဘူးတဲ့
ရေးတတ်သလောက်ကိုပဲ ကိုယ်ပိုင်ရေးပါတဲ့ "
သူက ကျမစာရေးဖို့ကို အမြဲအားပေးတိုက်တွန်းတတ်တဲ့သူပါ။ကျမ ဘလော့ဂ်ကိုတော့ သူလာဖတ် မဖတ်တောင်မသေချာပါဘူး...
အဲ့လိုပြောတဲ့သူ့ကိုလဲ ကျေးဇူးတင်မိပါတယ်.သူပြောမှဘဲ ကိုယ့်ကိုယ်ကို ပြန်းအားပေးပြီး "ငါဟဲ့... ရေးတော့မယ်" ဆိုပြီး အားခဲထားပါတယ်ဆိုမှ ဒီရက်ပိုင်းထဲတော်တော်အလုပ်ရှုပ်နေရပါတယ်
ဘာရယ်လို့လဲ လက်ဆုပ်လက်ကိုင်ပြစရာမရှိပါဘူး ရုံးအလုပ်လို မနက်သွား ညနေပြန်..ဒီလိုလဲ မဟုတ်ပြန်ပါဘူး
ဘာပဲဖြစ်ဖြစ် လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် ခေတ်အခါပဲလေ ဆိုပြီး ကိုယ့်ကိုယ်ကိုဘဲ တရားချနေရပါတယ်
နောက်ပြီး ဗမာပြည်က အားလုံးသိတော်မူကြတဲ့ အတိုင်းပဲလေ
သူများတကာဆီမှာ တစ်နာရီနဲ့ ပြီးတတ်တဲ့အလုပ်ကို ဒီမှာက နှစ်နာရီလောက် အချိန်ယူရတတ်တယ်မှုတ်လား။။
နောက်တစ်ခုက ညဘက်ပဲ အားလပ်ချိန်ရှိတဲ့ ကျမအတွက် ညဘက်တွေမှာလဲ တော်တော်အဆင်မပြေပါဘူး
(အိမ်မှာ အင်တာနက်ချိတ်ဆက်ရလောက်အောင်လဲ မချမ်းသာတော့ အခက်သားလားကွယ် နော...)
အိမ်နဲ့ သိပ်နီးတဲ့ အင်တာနက်ဆိုင်ကိုပဲ ကျမအတွက် ည 9 နာရီဆိုရင် သွားရလာရ လုံခြုံမှုမရှိတော့ပါဘူး။
သိတယ်မှုတ်လား ဒီမှာက မိန်းမတစ်ယောက်အတွက် "အခွင့်အရေး" ဆို ရင်နဲနဲကြီးကျယ်နေဦးမယ်
အရှက်တရားအတွက်တောင် ဘာမှလုံခြုံမှုမရှိပါဘူး(ကျမက သိပ်ကြောက်တတ်တာကြောင့်လဲ ဖြစ်ပါလိမ့်မယ်)
ဆိုလိုချင်တာက မအားတာရယ်.အားတော့လဲ အချိန်နဲ့နေရာ သဟဇာတ မဖြစ်တာရယ်..မဆိုသလောက်ကလေးပဲ နှေးတဲ့ အင်တာနင်ဆက်သွယ်ရေးရယ်.. ဒါတွေကြောင့် ကျမရဲ့ အင်မတန်မှ ကြီးမားလှတဲ့ မဟာအစီအစဉ်တစ်ခုကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားရတယ် လို့ ဆင်ခြေပေးချင်တာဖြစ်ပါတယ်
ဒါ့အပြင် ကိုအယ်ဖြူရဲ့ ကဗျာကိုလဲ ဗလာချည်းပဲ ဖြစ်နေတဲ့ ကျမ ဘလောဂ့်ကို မမြင်ရက်တာနဲ့ ပြန်လည်ကူးယူဖေါ်ပြမိတာဖြစ်ပါတယ်လို့..
အားလုံးကို အသိပေးအပ်ပါတယ်
အားလပ်တဲ့ အခါကျရင်တော့ ကျမကိုယ်ပိုင်ဖန်တီးမှုလေးတွေ လုပ်ဖို့ကြိုးစားပါ့မယ်

No response to “သတိရခြင်းဆိုတာနဲ့အတူ ကတိက၀တ်ပြုခြင်း”