Tuesday, September 23, 2008

မိန်းမဆိုတာ

တကယ်တော့ ဒီအချိန်မှာ ဘယ်လိုစာမျိုးမှ မရေးဘဲ အိမ်ပြန်အိပ်နေတာ အကောင်းဆုံးစိတ်ကူးပါ
ဒါပေမယ့် မပြန်ခင်လေးမှာ connection လဲ မဆိုသလောက်လေးကောင်းနေတုန်းမှာ
စိတ်ထဲပြောချင်တာလေးတွေ ရေးခဲ့ချင်ပါတယ်။စိတ်နဲ့ကိုယ်နဲ့လဲ မကပ်ပဲဖြစ်နေပါတယ်..ပြောချင်တာက ဒီလိုပါ။

ဆရာမ ဂျူး ရေးတဲ့ဝတ္ထုတွေကို ကျမကြိုက်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
သူ့ပရိတ်သတ်တိုင်းနဲ့ ကွဲပြားနိုင်ပါတယ်။ကျမပြောကြည့်ပါ့မယ်..။ကျမပြောတဲ့နေရာမှာ
မှားတဲ့ အယူအဆတွေလဲ ပါနိုင်ပါတယ်။မှားတယ်ဆိုရင်တောင် စာတစ်ပုဒ်၊ကဗျာတစ်ပုဒ်ဟာ
ရေးနေရင်းမှာသာစာရေးသူက ပိုင်ပါတယ်တဲ့...၀တ္ထုအဖြစ်၊ကဗျာအဖြစ်ရောက်သွားပြီဆိုရင် ဒါကို စာဖတ်သူက ပိုင်ပါတယ်တဲ့။
(ကျမဆိုလိုရင်းမှာ ကော်ပီရိုက်လို့ ပြောတဲ့မူပိုင်ခွင့် ဆိုတာနဲ့ ဘယ်လိုမှ မပတ်သတ်ပါ)
စာဖတ်သူကြိုက်သလို အနက်ကောက်ယူလို့ရခြင်း၊ကြိုက်သလိုခံစားနိုင်ခြင်း၊
ကိုယ့်ဘ၀ထဲ ထည့်ဆွဲယူတွေးနိုင်ခြင်း ဒါတွေကို ဆိုလိုတယ်လို့ ကျမနားလည်ထားပါတယ်။

ကျမ ဆရာမ ဂျူးစာတွေကို ကြိုက်ပါတယ်၊အထူးသဖြင့် ၀တ္ထုရှည်တွေကို ပိုလေးနက်လှပါတယ်။
သူသည်အရင်က စာပေနယ်ပယ်မှာ ဝေဖန်မှုမျိုးစုံကို ခါးစည်းခံခဲ့ရပါတယ်။
ဘာတွေ ဘယ်လိုဖြစ်ခဲ့၊ဖြစ်ခဲ့ သူ့စာတွေကတော့ ကျမရဲ့ငယ်ချစ်တွေပါပဲ။ဆက်လဲချစ်နေဦးမှာပါပဲ။
ဂျူးဟာ သူ့ကို စာပေနယ်ပယ်က ဘာတွေဝိုင်းဝေဖန်လို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျမမသိပါဘူး။လက်လှမ်းလဲ မမှီခဲ့ပါဘူး။ သူ့ပထမဆုံးလက်ရာ"အမှတ်တရ" ဆိုရင် စာအုပ်သက်တမ်းက ကျမအသက်လောက်ရှိပါတယ်။
ဒါကြောင့် ကျမသူဘာတွေဖြစ်ခဲ့လဲ မသိချင်ပါ။ကျမစာတွေ စဖတ်ဖို့အားယူနေချိန်မှာပဲသူ့စာတွေ တလဟောထွက်လာပါတယ်။
တိုက်တွန်းတဲ့သူတွေကြောင့်ရော၊ကိုယ်တိုင်ကြိုက်နှစ်သက်တာရော သူ့စာတွေက ကျမငယ်ချစ်တွေ ဖြစ်လာခဲ့ပါတယ်။

သူ့ စာတွေကိုကျမကြိုက်တယ်၊ဘာကြောင့်ကြိုက်လဲဆိုတာကို ကျမဥာဏ်မှီသလောက်ခွဲခြားရမယ်ဆိုရင်

(၁)သူ့ဇာတ်ကောင်တွေသည် နလပိန်းတုံးတစ်ယောက်မှ မပါ ။ (ဘွဲ့တွေ ဒီဂရီတွေ လန်ပြန်နေအောင်တတ်တာကိုဆိုလိုခြင်းမဟုတ်ပါ။)

(၂)အတတ်ပညာတစ်ခုခုကိုအရင်းခံပြီးရေးပါသည်။
(ဘာသာစကား၊ပန်း၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ကျန်းမာရေး၊ချစ်ခြင်းအနုပညာ..စသဖြင့်)

(၃)အဓိကကျမကြိုက်ရခြင်းအချက်မှာ မိန်းမဇာတ်ကောင်ဦးစားပေး ဇာတ်လမ်းဖွဲ့ခြင်းကြောင့်ဖြစ်သည်။
(မိန်းမတွေကို နှိမ့်ချသလို စကားလုံးတွေသုံးသည်။သို့သော် တစ်ဇာတ်လုံးအနေနှင့်ပြောရရင် ဘယ်တော့မှမိန်းမတွေ
အရေးပါအရာရောက်မှုကို ပျောက်မသွားပါ။)

သူ့ဝတ္ထုတွေထဲကတစ်ခုမှာ သူပြောထားသမျှစကားလုံးတွေထဲမှာ ကျမကြိုက်တဲ့၊သိပ်လဲမှန်ကန်တဲ့ စကားတစ်ခွန်းရှိပါတယ်
" မိန်းမဆိုတာ နှာခေါင်းမရှိရင် ချီးတောင်စားမှာတဲ့" ဒါက ဆရာမပြောတဲ့ မိန်းမဆိုတာပါ။
ကျွေးတဲ့သူကတော့ ယောက်ျားတွေဖြစ်နေပါလိမ့်မယ်တဲ့ တခြားသူကျွေးတာမဟုတ်တန်ပါဘူး။ကျမဒီလိုထင်တယ်။
သေချာစဉ်းစားရင် မျက်ရည်တောင်ထွက်ရတဲ့အထိမှန်ပါတယ်။ဘာလို့များလဲ..။

သိပ်လေးနက်စရာကောင်းတဲ့စာကြောင်းပါလေ။
စဉ်းစားစရာတစ်ခုက မိန်းမတွေဘာလို့ဒီလိုလုပ်သလဲ ဆိုတာပါပဲ။
ကျမလဲ မိန်းမတစ်ယောက်ပါပဲ။

No response to “မိန်းမဆိုတာ”