Sunday, November 29, 2009

လှည်းတန်းလမ်းမ


လှည်းတန်းလမ်းမဟာ ဘောင်းဘီကျပ်ကျပ် ကောင်လေးတွေနဲ့ အသက်ရှူကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ တိုက်ကြီး၊မှော်ဘီ၊ပဲခူးကားတွေနဲ့ ပြည့်ကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ အဆုံးမရှိတဲ့ ဒေါသသင့် ကားဟွန်းသံတွေနဲ့ ပွက်ပွက်ညံနေတယ်။

လှည်းတန်းလမ်းမဟာ မီးစက်သံတွေ တထိန်းထိန်းနဲ့ သာယာနာပျော်ဖွယ် ကောင်းနေတယ်။

လှည်းတန်းလမ်းမဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေနဲ့...အခိုးအူနေတယ်...။

လှည်းတန်းလမ်းမဟာ ငါးရာတန်ဆိုင် ၊အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်တွေနဲ့ ကျပ်သိပ် တိုးနေတယ်..။

လှည်းတန်းလမ်းမဟာ ငါးကင်ဆိုင်တွေနဲ့ ..... ညှော်နံ့ထွက်နေတယ်...။

လှည်းတန်းလမ်းမဟာ ဒိန်ချဉ်နံ့နဲ့ ချဉ်စုတ်စုတ် ဖြစ်နေတယ်။

ရှမ်းခေါက်ဆွဲဆိုင်တွေနဲ့ အသံတွေဝဲနေတယ်။

လှည်းတန်းလမ်းမဟာ ရွှေဆိုင်တွေနဲ့ ၀င်းဝါနေတယ်။

လှည်းတန်းလမ်းမဟာ ဆုတ်...ဆုတ်...ဆုတ်....ဟိုး)))) ဆိုတဲ့အသံတွေနဲ့ စည်းကားနေတယ်။

လှည်းတန်းလမ်းမဟာ ငါ....၊မအေ...နှမ...အသံတွေနဲ့ လူတွေအချင်းချင်း ပေးစားပစ်နေတယ်။

လှည်းတန်းလမ်းမဟာ...မွန်းကြပ်မှုတွေနဲ့ မွမ်းကြပ်နေတယ်...။




တကယ်တော့ လှည်းတန်းလမ်းမက သူ့ဘာသာသူ သူ့သမိုင်းကို သူ့ပခုံးစောင်းပေါ်တင်ပြီး အေးဆေးစွာလျောင်း နေတာပါပဲ။ လူတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ အသက်သွင်းကြတဲ့အခါ ကျမခုလို ခံစားမိတော့တာ။

မှတ်ချက်။ ။(ဘောင်းဘီကျပ်ကျပ်ကို ဒီဘက်ခေတ်မှာ ကောင်လေးတွေပိုဝတ်လာတာ သတိထားမိပါတယ်)

Saturday, November 21, 2009

မှောင်လွန်းတဲ့ည

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ အောက်သိုးသိုး အနံ့က လှိုက်ခနဲ...။ နောက်တခေါက် လာရင်တော့ အမွှေးခဲတွေ၊ အမွှေးထုပ်တွေ ၀ယ်ခဲ့ရမယ်လို့ စိတ်ကူးရင်းက မှောင်မဲနေတဲ့ အခန်းထဲမှာ ကျင့်သားရနေတဲ့ မျက်လုံးက လေယာဉ်ပျံ၊ ကားမီးလေးကို ရှာတွေ့လိုက်သည်။ ခလုတ်နှိပ်လိုက်တော့ ဖျတ်ခနဲလင်းလာတဲ့ အလင်းရောင်ကို ကျမ မနှစ်သက်လှပါ။ အလင်းရောင်ကို အပြည့်အ၀ မရနိုင်ရင်တော့ မှောင်နေတာကိုပဲ ကျမသဘောကျပါသည်။

လွန်ခဲ့တဲ့ တပတ်ကအထိ ဒီအခန်းထဲမှာ လူနှစ်ယောက် နေခဲ့ကြသည်။ မီးမလာတဲ့ ညတွေမှာ ပူလောင် အိုက်စပ်လှတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ဖယောင်းမီးတွေက ဘုရားပွဲဈေးတန်းလို....။
အဲ့ဒိတုန်းက ရာသီဥတုက ပူတာ။ အောက်ဆုံးထပ် အင်တာနက်ဆိုင်က တထိန်းထိန်းနဲ့ မောင်းထားတဲ့ မီးစက်က အငွေ့တွေက ပူတာ...။ခုကျတော့ ရင်ထဲက လှိုက်ဆူနေသော အပူဖြစ်သည်။

ကျမ သူ့ကိုဘာကြောင့် သတိရနေတာလဲ။ ဒါမှမဟုတ် လွမ်းနေတာလား။အလွမ်းဆိုတာခုလို စိတ်ခံစားမှုလား။ ကျမကိုယ်တိုင် သေချာအတိအကျ မသိတာ ခက်သည်။ ပြီးတော့ ဒီညကလဲ မှောင်လွန်းလှသည်။

အမေ့ဆီမှာ ရောက်နေတုန်းကတော့ မည်သူတဦး တယောက်ကိုမှ ကျမ သတိတရ မရှိလှပါ။ အလွမ်းဆိုတာ ပျင်းရိခြင်းအတွက် အကောင်းဆုံး ကုစားတဲ့ ဆေးနည်းတမျိုးဆိုရင်တော့ ကျမသည် ပျင်းရိခြင်းဝေဒနာကို ခံစားနေရတာသာ ဖြစ်ပါလိမ့်မည်။

ကားမီးလေးက တဖြည်းဖြည်း မှိန်လာသည်။ အဖေါ်မရှိတဲ့ တိုက်ခန်းလေးတခုထဲမှာ မိန်းကလေးတယောက်ထဲ အကြာကြီးထိုင်နေဖို့ မသင့်တော်ပါဘူးလေလို့ ယေဘုယျဆန်လှတဲ့ အတွေးတခုကြောင့် အခန်းတံခါးတွေ သေချာစစ်ပြီး ပြန်လာခဲ့သည်။

နောက်တခေါက်သွားရင်တော့ အမွှေးခဲလေးတွေ ၀ယ်သွားဦးမှဖြစ်မည်။


Tuesday, November 10, 2009

မယ်ရာ - ဖိုးဒီဒေါ့နတ်

ပြောင်းမယ်၊မပြောင်းဘူးနဲ့ တနှစ်ကျော်အတွင်းမှာ ခဏခဏ စိတ်အပြောင်းအလဲ ဒိုမိန်းအပြောင်းအလဲ ကိစ္စက ခုတော့ပြောင်းဖြစ်သွားပြီ ဆိုပါတော့လေ။ အထဲက သူငယ်ချင်းတချို့လဲ ရေးတလှည့်၊ မရေးတလှည့် ဘလော့ကို အလွယ်တကူ လာလည်လို့ရသွားပြီ။ ကျမအတွက်တော့ ထုံးစံအတိုင်း ကျော်ခွရစမြဲပါပဲ၊ တကယ်လို့များ မကျော်ရဘဲနဲ့ ဘလော့စပေါ့တ်ကြီးဆီ ၀င်လို့ရမယ်ဆိုရင်တောင် ၀င်တတ်တော့မှာ မဟုတ်ဘူး။ တောသားမြို့ရောက်သလို ဖြစ်နေတော့မှာ...။ ကိုမိုးလှိုင်ည ဒိုမိန်းပြောင်းသွားတာကို အားကျပြီး ကိုမင်းယွန်းသစ် အကူအညီနဲ့ ပြောင်းဖြစ်ခဲ့တာပါ။ ကျေးဇူးပါ အကိုများ။

လောလောဆယ်ဆယ်မှာ ဘာစာမှ မရေးနိုင်ဘဲ ၊တပေါင်း တန်ခူးလဲ မဟုတ်ပါပဲနဲ့ လူရော၊နှလုံးသားရော ခြောက်ခမ်းနေတယ်။ တချို့လမ်းတွေကလဲ ဖုန်တထောင်းထောင်း ထနေတယ်။ သဲသဲကွဲကွဲမြင် ရလှတာ မဟုတ်ဘူး။ ဖုန်တွေဝင်တဲ့အခါကလဲ ရှိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ...ဘလော့ကိုရော၊ စာရေးတာကိုရော ချစ်ခင်တွယ်တာပါတယ်။ ပြောစရာတောင် မလိုဘူး ထင်တာပဲနော်။ အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေဆီ အမြဲရောက်ဖြစ်တယ်။ ဒါမယ့် ဘာဖြစ်တယ် မသိဘူးဗျာ။
အသံမထွက်ချင်တဲ့ အပျင်းရောဂါရနေတယ်။.....။

မှတ်ချက်။ ။ ချစ်သော အကိုကြီး ကိုအောင်သာငယ့်အတွက် တဂ်ပိုစ့်လဲ ရေးပေးပါ့မယ်လို့ တလက်စထဲ တောင်းပန်လိုက်ပါရစေ အကိုကြီးရေ....။(ကိုယ့်တုန်းက အလိုက်ကမ်းဆိုးမသိ ရေးခိုင်းခဲ့တုန်းတာ...:D)

မိတ်ဆွေကြီးငယ်၊ရွယ်လတ် အားလုံးကို လေးစားခင်မင်လျက်...


Tuesday, November 03, 2009

လရောင်တစ်ခြမ်း ပန်းနေကြာ (မင်းချမ်းမွန်)

ကဗျာကို ကဗျာလိုပဲဖတ်ပါ၊ခံစားပါ ဆိုတဲ့ ကဗျာဆရာတွေပြောလေ့ရှိတဲ့စကားတခွန်းကို နားလည်ဖို့ အနှစ်နှစ်အလလ ကြိုးစားခဲ့ပါတယ်။ခုလဲ နှလုံးသားတစုံကို အလိုက်ပေးပြီး ကြိုးစားခံစားနေဆဲပေမယ့်ဘယ်တော့မှ ပြည့်စုံကုံလုံမှာတော့ မဟုတ်။


လတ်တလောသက်ဝင်ယုံကြည်နေမိတာက ကဗျာဆိုတာ ခံစားသူ့ နှလုံးအိမ်ကို ထိခလုတ်၊ပါးခလုတ်လေး ဖြစ်စေဦးမှ။

နားလည်အောင် ရေးတာ၊နားမလည်အောင် ရေးတာ ကဗျာဆရာရဲ့ ရူးသွပ်ယုံကြည်ရာ ဖြစ်တဲ့အတွက် ကဗျာဆရာသည် ဘာကို ဆိုလိုချင်တာပါလိမ့်လို့ လိုက်လံ စဉ်းစားနေစရာမလို...။ ကဗျာရေးသူက သူ့ဝေဒနာကို သူ့ အခင်းအကျင်းနဲ့ သူပြတယ်။ ကဗျာဖတ်သူက ကဗျာဆရာရဲ့ ဝေဒနာကို ကိုယ့်အနာနဲ့ စားခံစားဖို့ပဲ လိုတယ်။


ခု....

ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတပုဒ်၊ ကျမနှလုံးသားကို ထိခလုတ်၊ ပါးခလုတ် ဖြစ်စေလို့ ခင်ဗျားတို့အတွက်လည်း မျှလိုက်ပါတယ်။

တည့်ရင် ရင်ဘတ်ထဲထိ ထည့်လိုက်ဖို့ မမေ့ကြပါနဲ့......


လရောင်တစ်ခြမ်း ပန်းနေကြာ


ဓူဝံကြယ်မြောက်အရပ်မှာရှိသလိုပဲ

မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ

သီရိမင်္ဂင်္လာရွှေဘုံဦးဆိုတဲ့

အ၀ါ

သာသာနာရောင်တွေနဲ့ မြူးလွင့်ပျံ့

ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ

ပဋိရူပ

အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။


ဒီလို

သာယာလှပ

မွှေးမြတဲ့နေရာလေးရှိတာကို

လူတွေများများစားစား မသိကြပါဘူး

နေပါစေ

မသိလည်းကိစ္စမရှိ

သတိကို မြို့ပြသိလို့

သိကြသူတွေ လာလိမ့်မယ်။


ဒါဟာ

အမျိုးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ

ပရဟိတ

ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။


မိုနေးရဲ့ ပန်းရောင်နှုင်းနဲ့

ဗန်ဂိုးရဲ့ နေကြာက

ကင်းဗတ်စပေါ်မှာ ပွင့်တယ်၊

ဂေါ်ဂင်ရဲ့ အ၀ါနဲ့

ဟောဒီ ရွှေဘုံဦးနေကြာတွေက

ပညာရှိရာ

နေရှိရာဘက် မျက်နှာလှည့်

ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့

မနက်ခင်းရဲ့

အဖြူရောင်လေညင်းမှာ ပွင့်ကြတယ်

ရဲရင့်တက်ကြွရနံ့တွေနဲ့

တင့်တယ်ခမ်းနားပါပေရဲ့...။


အဲ့ဒိဝန်းကျင်မှာ

စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့

အပင်တွေရှင်သန်ဖို့ ဓာတ်မြေသြဇာလိုအပ်သလို

လူတွေမှာ

စိတ်အာဟာရ(သို့မဟုတ်)...

အရသာတစ်ခုခု လိုအပ်တယ်။


နေရောင်ပူပူမှာ

ဘယ်သူမှ မကူးခတ်ချင်ဘူး

ကျေးငှက်တွေလို

လွတ်လပ်စွာ ပျံမြူးချင်ကြလိမ့်မယ်။


ကျောပေါ်မှာ တငွေ့ငွေ့လောင်နေတဲ့

နေရောင်ကို လက်နဲ့သပ်ချဖို့

သူတို့စာဖတ်နေကြတဲ့ အသံတွေ

အခက်အခဲတွေကို ပက်ထုတ်

ပညာကို

ယက်သဲ့ကျင်ယူနေကြတဲ့ ဟန်တွေက

အားမာန်တွေနဲ့ တဖျတ်ဖျတ်

သူတို့....ဓားတောင်ကိုလှော်ခတ်လို့

မီးပင်လယ်ကို ကျော်ဖြတ်နေကြတယ်။


ဟိုးဖက်ကမ်းမှာ

နမ်းစရာ

ပညာပန်းတွေရှိတယ် မဟုတ်လား။


ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော

လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊

ပညာသမ္မာ အာဘာနတ္တိ၊

ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာရွှေအိုး လူမခိုး...တဲ့လား

တန်ဖိုးကတော့ ကြီးမားပါပေရဲ့။


ဒီယနေ့ E ခေတ်မှာ

ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်

ညာနေလို့ မရဘူး

ညံ့နေလို့မရဘူး

ညည်းနေလို့ မရဘူး

ပညာမတတ်ရင် လူရာမ၀င်နိုင်ဘူး။


ချစ်သားတို့ အတတ်ပညာသင်ကုန်လော့

အဘယ်ကြောင့် ပျင်းရိဘိသနည်း

ချစ်သားတို့ နေ့တိုင်းအတတ်ပညာသင်ကုန်လော့

အတတ်ပညာမရှိသောသူသည်

သူ၏၀န်ထမ်းဖြစ်တတ်၏

အတတ်ပညာရှိသောသူကို

သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့

လောကနီတိကျမ်းက

နေကြာပန်းတွေကို လှမ်းအသိပေးတယ်။

ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်

အသီးကတော့ ချိုမြိန်တယ်လို့

အရစ္စတိုတယ်က လှမ်းပြောတယ်

အာဖရိကကြယ်ပြာကြီး

နယ်ဆင်မင်ဒဲလားကလည်း

ပညာရေးဟာ

ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်တဲ့

အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။

တကယ်တော့

ပညာရေးဆိုတာ

လူတိုင်းရဲ့ ရပိုင်ခွင့်ပါ

ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို

ကမ္ဘာ့ဘယ်နေရာမှာ နေနေ

အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ

အဲ့ဒီလို....

ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။


ဒါပေမယ့်

လူတိုင်းအတွက် ပညာရေး

နေပူလမ်းဟာ ထွက်ပြေးနေတယ်။

ဘယ်လိုမှ လိုက်လို့မမှီဘူး

ဆန်ပေးမှ ဆီရမယ့်ပုံမျိုး

လှေမရှိဘဲ

မြစ်ကိုဘယ်လိုဖြတ်မလဲ

တက်မရှိရင် လက်နဲ့လှော်လို့ရသေးတယ်။


နေပူပူမှာ

ငူငူကြီးရပ်နေလို့ ဖြစ်မလား

ဘယ်သူလာကူပါ့မလဲ။


တချို့က

စိတ်ကူးသစ်နဲ့ စာနာသနား

နေရောင်ကို ကြွေအောင်မျှားသလို

မြစ်ကို တံတားထိုးကြတယ်

အတ္တကိုရှေ့တန်းမတင်ကြဘူး

လောကကို အလှဆင်ကြတယ်။


ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို

နှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်

ပဲကလေးတွေ အညှောင့်မပေါက်နိုင်မှာကို တွေးပူပြီး

လဲသူကိုထူ၊ငူသူကို မတ်စေတယ်

ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်

ငါးကလေးတွေ ရေမနစ်စေရဘူး။


လာ....

ဒီမှာ ရင်ငွေ့လှုံ

ပညာစုံအောင်သင်ကြမယ်

လရောင်တစ်ခြမ်းပဲရရ

ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။


ဒီမှာ

ရှင်မဟာရဋ္ဌသာရ

သံဝရပျို့မှာ ရေးထားသလို

ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့

စောင်စောင်မမ ဆုံးမတတ်စွာ

မြတ်ဆရာတွေနဲ့ စနစ်တကျ။


ဒီမှာ

သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကြား

သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့

အကြင်နာမဲ့ ခါးသက်နှလုံးသား

မျိုးမပွားစေရဘူး။


ရေစီးမှာ လရောင်ကောက်ရင်း

လောကဓံမြစ်ရိုးထဲ

တစ်ယောက်ကို တစ်ယောက်သယ်ပိုး

မုန့်ကြိုးလိမ်အမူအကျင့်ကို မုန်း

ဖြောင့်မှန်တဲ့

အဖြူရောင်နှလုံးသားပွေ့ဖက်မယ်။

မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေ့တဲ့စိတ်နဲ့…

နှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….

လာ...

ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးကြ

ဘ၀အနာဂတ်တောက်ပအောင် ရွှေချကြ

ပြီးတော့

ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလို့မှောက်သူချင်း

တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်ကြ

တစ်ယောက်ကျောတစ်ယောက်

အလျားမှောက်တံတားခင်း

ဖြတ်သန်းခြင်းကို ဖြတ်သန်းကြ

စိန်ခေါ်ခြင်းကို စိန်ခေါ်ကြ

ဟိုးအမြင့်က ကြယ်တွေမှာ

သင်တို့နာမည်ရေးထိုးနိုင်အောင် ကြိုးစားကြ

ဦးနှောက်ခါးတောင်းကျိုက်ရင်း

အောင်စိတ်တွေနဲ့

အောင်ပွဲတွေကို ရိတ်သိမ်းကြ

အားလုံးငြိမ်းငြိမ်းချမ်းချမ်း

နေကြာပန်းလို မိုးလင်းမယ်။


ကွန်ပြူတာတဂျောက်ဂျောက်နှိပ်နေတဲ့

ခေတ်ကြီးရဲ့ မနက်ခင်း

ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့

စက်မှုသိပ္ပံလောင်းရိပ်အောက်မှာ

အလိမ်အညာတွေနဲ့

ကမ္ဘာကြီး မလိမ္မာသေးဘူး


ဒါပေမယ့်

ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ

ပတ်ဝန်းကျင်လိမ်မာဖို့

သူတို့လိမ္မာဖို့

တစ်နေ့မှာ

လရောင်ကို ကြိုးချည်အိပ်ဖို့

ခမ်းခမ်းနားနား ပညာသင်ကြား

နေကြာပန်းများပွင့်နေတယ်။


မိတ်ဆွေတို့ရေ..

သူတို့အတွက် အရေးပေါ်လိုအပ်နေတာကလည်း

အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော

"ပညာ..." ဆိုတဲ့

အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။


မင်းချမ်းမွန်

(လေးထောင့်ကန်၊သီရိမင်္ဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို့ အမှတ်တရ)