Tuesday, September 23, 2008

လက်ဘက်ရည်ဆိုင်

ဟိုးအရင်တုန်းကတော့ ကိုယ်တို့တွေ လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုမှာ ပျော်ပျော်ကြီးစီးဝင်ခဲ့ကြတယ်။
ကိုငှက်၊ကိုညီထွဋ်၊ကိုလေးဖြူ၊နောက်ပြီး ကိုအငဲတို့ရဲ့ သီချင်းတွေကို ပျော်ပျော်ကြီး လိုက်ဆိုညည်းရင်း အချိန်တွေ ကုန်ဆုံးခဲ့ကြတယ်.

ကိုယ်ထင်ရာ မြင်ရာတွေကို ကြိုက်တဲ့ရှုထောင့်က ကြိုက်သလိုဆွေးနွေး….
တနေကုန် ထိုင်လို့လဲ ရေနွေးအိုးကို ဆောင့်ချပေးတာလောက်က လွဲရင် ကိုယ်တို့အတွက် လက်ဘက်ရည်ဆိုင်ဆိုတာ
ဒုတိယအိမ်၊ဒုတိယ အဆောင်…ခုချိန်မှာတော့..ဒါတွေအားလုံးနီးပါးပျောက်ကွယ်ကုန်တော့မယ်..
လူငယ်တွေကလဲ တနေကုန်မအားလပ်နိုင်တဲ့ သင်တန်းပေါင်းစုံနဲ့ ၊သင်တန်းမရှိတဲ့ အခါကျတော့လဲ..ဇိမ်ငြိမ့်ငြိမ့် Air con ခန်းနဲ့ ကဖေးဆိုင်တွေမှာ၊internet cafe တွေမှာ၊computer screen နဲ့ဘဲ စကားပြောကြရင်း အချိန်တွေကုန်ဆုံးကြ..........
ခုံပုပုလေးတွေမှာ ထိုင်ပြီး..သီချင်းသံတစ်ခုတည်းကိုပဲ အာရုံသွင်းပြီးနားထောင်ရတဲ့ အခြေအနေမျိုး ခုဘယ်မှာမှ မရနိုင်တော့ဘူး ထင်ပါရဲ့

နောက်ထပ်တစ်မျိုးကကျတော့ သမုဒ်ဓရာ ၀မ်းတစ်ထွာအတွက် နေကုန်နေခမ်းအလုပ်လုပ်နေကြရတဲ့ လူငယ်လေးတွေ…
သူတို့အတွက်ကတော့ လက်ဘက်ရည်တစ်ခွက်က ထမင်းတစ်နပ်စာလောက် တန်ကြေးရှိတာကိုး…
အလုပ်၊အလုပ် … အလုပ်ပြီးတော့ အလုပ် … ဘာဆိုဘာမှ မသိလိုက်ကြဘူး နေ့ရက်တွေကုန်ဆုံးနေကြရတာ…

လက်ဘက်ရည်ဆိုတာကို ဘယ်သူက စတင်တီထွင်ခဲ့မှန်းမသိပေမယ့် ဗမာပြည်ကိုတော့ တရုတ် နဲ့ ကုလားပြည်ကနေတဆင့်
လက်ဘက်ရည်သောက်သုံးခြင်း အလေ့အထရောက်လာခဲ့တယ်လို့ စာအုပ်တွေမှာဖတ်ဖူးပါတယ်။
ဟိုးအရင်တုန်းက လက်ဘက်ရည်ဆိုင်ထိုင်တာဆိုရင်မိန်းကလေးတွေအတွက်မသင့်တော်ဘူးလို့ လူတော်တော်များများက
သက်မှတ်ခဲ့ကြတာပါ..မိန်းကလေးတွေလည်း လက်ဘက်ရည်ဆိုင်ထိုင်ဖို့ မဆိုထားနှင့်..ဆိုင်ရှေ့ကဖြတ်လျှောက်ဖို့တောင် မ၀ံ့ရဲခဲ့ကြဘူး...

ဒါပေမယ့်....ကိုယ်တို့ ကံကောင်းတာက ကိုယ်တို့ ကျောင်းတက်တဲ့ အချိန်မှာ ဒီအယူအဆက တဖြည်းဖြည်းပျောက်ကွယ်စ ပြုနေပြီ
ကိုယ်တို့တွေ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ဘ၀အမြင်တွေ ပြောင်းခဲ့ကြတယ်…ရည်ရွယ်ချက်တွေ ပြောင်းခဲ့ကြတယ်..
ခြေလှမ်းတွေ မှန်ခဲ့သလို မှားလည်းမှားခဲ့ကြတယ်…
ကိုယ်တို့ခေတ်မှာတော့ ဦးချစ်ဆိုင် တို့ ဘာတို့မှာတော့ ထိုင်ဖို့အခွင့်အရေးမရှိတော့ဘူးပေါ့လေ…
(ဒါကထားပါ ….ရည်ရွယ်ချက်တွေပြောင်းကုန်ပါ့မယ်..)

ခုတော့ မြန်မာပြည်မှာ လူငယ်တွေလည်း သိပ်မရှိကြတော့ဘူး…အကုန်လုံးနီးပါးက ကိုယ့်ဘ၀တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လွတ်လပ်သော၊ကြီးပွားတိုးတက်သောနိုင်ငံတွေဆီ တရွေ့ရွေ့နဲ့ ရောက်ကုန်ကြပြီ..ဗမာပြည်ကတော့ တိုးတက်လာပါတယ်..
ဂီတ၊အနုပညာ၊၀တ်စားဆင်ယင်မှု၊ဓလေ့ထုံးတမ်း…စသဖြင့်ပေါ့လေ..အစစအရာရာ ပြောင်းလဲလို့ နေခဲ့ပြီ....

ဟိုးအရင်က အလေ့အထတွေ တော်တော်များများပျောက်ဆုံးကုန်ပါပြီ။လက်ဘက်ရည်ဆိုင်တွေလည်း ဖျော်ဖြေရေးအသွင်ဆောင်လာပြီ..။ တီဗွီနဲ့၊ဒီဗွီဒီ နဲ့ ….သူ့ဘာသာသူတော့ ဟုတ်တော့ဟုတ်နေတာပါပဲ။

တစ်ခုပဲရှိတယ်….

“မြန်မာပြည်မှာ လူငယ်တွေမရှိတော့ဘူး…ရှိတဲ့လူငယ်တွေသည်လဲ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်….”



မှတ်ချက်။ ။ဒီစာကို ကျမနှင့်လက်ဘက်ရည်ဆိုင် အတူထိုင်ရင်း॥လက်ဘက်ရည်တစ်ခွက်ကို အတူတူမျှသောက်ရင်း..ကျမပြောသမျှစကားတွေကို မညည်းမညူနားထောင်ပေးခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်ကို ရည်ညွှန်းပါသည်။

No response to “လက်ဘက်ရည်ဆိုင်”