Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Wednesday, May 18, 2011

ဟုတ်ကဲ့ ခုတလောလေ..

(၁) အစားချင်ဆုံးအစားအစာ - ဘူးရွက်ပြုတ် နဲ့ ငါးမီးဖုတ်ထောင်းဖျော်ထားတဲ့ ငါးပိရည်ကျို ။ ပြီးတော့ ငါးကျော်နှပ်လေးနဲ့လေ။

(၂) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်း နဲ့ ဟင်း။ စားရသမျှ အစားအစာတွေထဲမှာ ထမင်းနဲ့ဟင်းကိုပဲ အကြိုက်ဆုံးပါပဲ။ အဲ့ဒါတွေ မရှိတဲ့အခါကျတော့လဲ ကြုံသလိုပေါ့။

(၃) အလိုချင်ဆုံးရေမွှေး - မရှိပါဘူ။ ကြိုက်လဲမကြိုက်ပါဘူး။

(၄) သုံးဖြစ်နေတဲ့ရေမွှေး - မကြိုက်ပါဘူး ဆို။

(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - ဘာရယ်လို့ သတ်သတ်မှတ်မှတ် မမျှော်လင့်တတ်ပါ။ ပေးတာမှန်သမျှ မြတ်နိုး၊တန်ဖိုးထားတတ်ပါတယ်။

(၆) အလိုချင်ဆုံးဖုန်း - ဒွိဟတွေနဲ့။မရသေးဘဲနဲ့ကို BlackBerry လား အိုင်ဖုန်းလား ဝေခွဲမရ ဖြစ်နေသေးတယ်။

(၇) သုံးဖြစ်နေတဲ့ဖုန်း - အဲ့ဒါပြောရရင် ဇာတ်လမ်းကအရှည်ကြီး။ ခု ဆိုနီအဲရစ်ဆင် ဗီဗက်စ်၅ လေးသုံးနေတယ်။ အနီရောင်ဗျ။

(၈) အရူးသွပ်ဆုံးအရာ - အင်တာနက်လေ။ မုန်းထှာ ကိုယ့်ကိုယ်လဲ။

(၉) အနီးစပ်ဆုံးဂီတ - ရော့ခ်လေ.. ရော့ခ်...။ အရှေ့ကို ရှိတ်ပါဟေ့.. အနောက်ကို ရှိတ်ပါဟေ့ တွေမကြိုက်ဘူး။

(၁၀) အလိုချင်ဆုံးစာအုပ် - တိုးနှောင်မိုး၊သွေး(စစ်ကိုင်း) တို့နဲ့ နောက်ထပ် ၃၊၄ ယောက်ပါသေးတယ်။ သူတို့တွေ ပေါင်းထုတ်ထားတဲ့ ကဗျာစာအုပ်။ ဟိုး ငယ်ငယ်တုန်းက ဖတ်ဖူးတာ။ ခုပြန်လိုချင်တယ်။

(၁၀) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အလွမ်းတက္ကသိုလ်၊ပန်းတက္ကသိုလ် (ကလောင်စုံ)

(၁၂) အကြားချင်ဆုံးစကား - မြန်မာပြည်ကို ပြန်လို့ရပြီ။ မြန်မာပြည်မှာ သူဌေးတွေကိုလဲ ဖိန့် ဖိန့် တုန်အောင် ကြောက်နေစရာ မလိုတော့ဘူး။အင်တာနက် လိုင်းတွေလဲ ကောင်းနေပြီ။ ဧရာဝတီတိုင်းထဲကို သွားတဲ့လမ်း တွေလဲ အရမ်းကို ကောင်းနေပြီ။ ရွှတ်ဆိုတာနဲ့ အမေ့အိမ်ရှိတဲ့ မြို့ကို ရောက်သွားမယ်။ ပြန်လာတော့။ အေးဆေး အေးဆေး ဆိုတာမျိုးလေ။

(၁၃) အဖြစ်ချင်ဆုံးဆန္ဒ - ညတုန်းကတွေးမိတာ။ ကြီးကြီးကျယ်ကျယ်နဲ့ မကြေးမုံက အလုံးကြီးကြီးတွေ ပြောပြန်ပြီလို့လဲ မကဲ့ရဲ့ကြပါနဲ့။ ညတုန်းက ကဆုန်လပြည့်နေ့ လကိုကြည့်ရင်း စိတ်ကူးပေါ်လာတာလေ။
အမပြောတဲ့ စု၊ဖွား၊ပွင့်၊စံ ... ဘာညာပေါ့လေ။ အိမ်ကိုပြန်ထားတာလဲ သိပ်မကြာသေးတော့ တူမလေးတွေ၊ တူလေးတွေကို သတိရနေတာလဲ ပါတယ်။ သူတို့ဘ၀တွေက ဖြည့်စွက်စာတွေ မစားရပေမယ့် ဖြည့်စွက်ပစ္စည်းတွေနဲ့ မြတ်စွာဘုရားအကြောင်းလဲ ဘာမှ ဂဃနဏ မသိဘူး။ သူတို့မိဘတွေကလဲ ပြောမပြနိုင်ကြဘူး။ ဘုရားရှိခိုးတော့ သင်ပေးပါလိမ့်မယ်။အဲ့ဒါနဲ့ ရွာမှာ ကိုယ်တွေငယ်ငယ်က တက်ခဲ့ဖူးသလိုမျိုး ဗုဒ္ဓဘာသာ သင်တန်းကျောင်းလေး ဖွင့်ပေးချင်မိတယ်။ဘုန်းကြီးကလဲ အမျိုးတော်တဲ့ဘုန်းကြီးဆိုတော့ အရှင်ဘုရား တစ်သိန်းလောက် ၀တ္ထုကပ်ပါတယ်။ သင်တန်းပေးပေးပါ ဘုရားဆို ရမလားပေါ့။ ကိုယ့်တူ၊တူမတွေတွင်မက တရွာလုံးက ကလေးတွေလဲ သိသွားနိုင်တယ်ပေါ့။ တွေးမိတာရယ်။ အဲ့ဒါလေး လုပ်ချင်မိတယ်။

(၁၄) အလိုချင်ဆုံးဆု - မခွဲခြားပြတတ်ပါ။

(၁၅) အသွားချင်ဆုံးနေရာ - မန်းလေး မန်းလေး။

(၁၆) သွားဖြစ်နေတဲ့နေရာတွေ - စင်ကာပူမြစ်နား။

(၁၇) အကြည့်ချင်ဆုံးရုပ်ရှင် - ဘာကားဖြစ်ဖြစ်ပါ။ ခုတော့ ကိုးရီးယားကားတွေကြည့်နေမိတယ်။ ဒါမယ့် ပြတ်တောင်းပြတ်တောင်းဖြစ်တာကိုတော့ စိတ်မရှည်ဘူး။

(၁၈) အပြောချင်ဆုံးစကား - သူများကိုနားလည်ပေးဖို့ ကြိုးစားတဲ့သူ မဖြစ်ပါစေနဲ့။ နောက်ပြီး နှစ်ခါပြန် တွေးတတ်တဲ့လူ မဖြစ်ပါစေနဲ့။

(၁၉) အယုံကြည်ဆုံးလူသား - အမေ လေ။

(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကိုယ်ကိုလေ။

(21) အမုန်းဆုံးအရာ - တစ်ခုထဲ၊တစ်ယောက်ထဲ မဟုတ်ဘူး။သူတို့တွေ မြန်မာပြည်မှာရှိတယ်။ သူတို့ကိုထက် ဘယ်သူ့ကိုမှ မမုန်းဘူး။

(22) အသောက်ဖြစ်ဆုံးအအေး - Sour plum lime juice. အမြဲသောက်ချင်တာ။

(23) လတ်တလောအထိတွေ့ဆုံးအရာ - ကွန်မြူတာ ကွန်မြူတာ။

(24) မကောင်းတဲ့ကျန်းမာရေး - ညာဘက်နားလေ။ ၀ဋ်နာကံနာပါပဲ။

(25) အကောင်းဆုံးအဖော် - လောလောဆယ်တော့ ဘေးနားမှာ။

(26) လက်ရှိအကြိုက်ဆုံးသီချင်း - ရွှေပွင့်လွှာ (မန္တလေးသိန်းဇော်)

(27) အကြောက်ဆုံးအလုပ် - မကြောက်တတ်လွန်းလို့ ဆိုလားပဲ။ သူများတွေ ဝေဖန်ကြတာလေ။

(28) တန်ဖိုးအထားဆုံးအရာ - အသေးအဖွဲလေးကအစ တန်ဖိုးထားပါတယ်။ အဲ့လိုတွေ တန်ဖိုးထားတတ် လွန်းလို့လဲ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမိပါတယ်။ ဘာလို့ဆို နောက်ဆုံးတော့ "အားလုံးငါ့အပြစ်တွေပါကွယ်" ချည်းပဲ ဖြစ်ဖြစ်လာနေလို့လေ။

(29) အကြောက်ဆုံးတိရိစ္ဆာန် - မြွေ (အသွေးထဲ အသားထဲကနေကို ကြောက်တာ။ မြွေအရုပ်လဲ ကြောက်တယ်။ မြွေလိုမျောရှည်ရှည်ဆိုရင်တောင် ကြောက်ပါတယ်)

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မဂျူနီယာ ၊ ကိုလင်းဒီပ။

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ်၊ဖုန်း။(တကယ်တော့ မြန်မာပြည်မှာတုန်းကလို ဘောင်းဘီ အိတ်ထဲ ပိုက်ဆံထည့်ရုံပဲထည့်ပြီး သွားချင်တာ၊ဒီမှာက ဘာကဒ်၊ညာကဒ်တွေကလဲ ပါသေးတာကလား။ ရှုပ်ပေမယ့် သယ်ရတာပါပဲ)

(32) သွားဖြစ်နေတဲ့နေရာတွေ - မသွားချင်လဲသွား၊ သွားချင်လဲသွားမို့ မပြောတော့ပါဘူး။

(33) စိတ်အညစ်ဆုံးအချိန် - ဘယ်အချိန်ကို ရွေးထုတ်ရမှန်းတောင် မသိတော့ဘူး။ အမြဲ စိတ်ညစ်နေတော့ အပျော်ဆုံးအချိန်ဆိုရင်တောင် ရွေးရ ပိုလွယ်မလားပဲ။

(34) အနေချင်ဆုံးနေရာ - လမ်းပေါ်လေ။ခြေထောက်မှာ ဗွေမပါပေမယ့် လမ်းထွက်နေရတာကိုပဲ ကြိုက်တယ်။
ရေးရင်း "ကျနော် လမ်းပေါ်ကလူပါ" ဆိုတာလေး ပြေးသတိရတယ်။ :)

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - သမတ အသစ်ပေးလိုက်တဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြားတော့လေ။.. ဟီးဟီး နိုင်ဂံရေးတွေတောင် ပါကုန်ဘီ။

(36) ပေးချင်တဲ့သတင်းတစ်ခု - မန်ယူဖလား ရသွားတယ်လေ။ နောက်ထပ် တစ်ဖလားလဲ လက်တစ်ကမ်းပဲ လိုတော့တယ်။ (မမဂျူနီယာ မသိမှာစိုးလို့)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - ကိုယ်အလိုချင်ဆုံးတစ်ခုကတော့ မရနိုင်ပြီကွယ် ဆိုတဲ့သီချင်း မဆိုရတော့မယ့်နေ့။ ...။

စာရေးမရတဲ့အချိန် ဒီလို Tag လေးတွေ ဖြေရတာလဲ ကောင်းတာပဲ။ တခြားလူတွေ tag ထားတာတွေလဲ ဖြေပါဦးမယ်။

Wednesday, September 23, 2009

ဆိုနေမယ် ခပ်တိုးတိုးလေးပဲ

ဒီနေ့ ငါလေ ကျဆုံးခြင်း၊ပြန်မဆုံနိုင်တဲ့ချစ်ခြင်း နှုတ်ဆက်ခြင်းရဲ့ သီချင်း ကိုခပ်တိုးတိုးလေး ညည်းချင်ရဲ့ကွယ်။

+++++++++++++++++++++++++

နာနတ်တော ဂုံးကျော် တံတားလေးအဆင်းမှာ အရင်တုန်းက သူတို့ကျက်စားခဲ့ဖူးတဲ့ အိမ်လေးတလုံး ရှိခဲ့ဖူးရဲ့။ မိုင်တွေ ဘယ်လောက်ဝေးဝေး၊ ဘယ်လိုပင်ပန်းနေပါစေ။ ညနေစောင်းပြီးဆိုရင် အဲ့ဒိအိမ်လေးကို ရောက်သွားကြစမြဲ။ မတီးတတ်၊ တီးတတ်နဲ့ ဂစ်တာ တဒေါင်ဒေါင်လဲ ခေါက်ခဲ့ကြသေးတာပဲ။
"အမေ့လက်ရာ" ငါးပိထောင်းလေးနဲ့ သံပုရာသီးလေး ညှစ်ပြီး "ညစာ" ဖြစ်ခဲ့ကြတာပဲ။ လက်ထဲမှာ ငွေယားလေး ရွှင်တဲ့အခါဆိုရင်တော့ လှည်းတန်းဘက် သွားကြတာပေါ့။ မက်စ်ဘာဂါကို အကောင်းဆုံး စာရင်းသွင်းပြီး စားလဲစား၊ ဆိုလဲဆိုပေါ့လေ။

"အဖြူစင်ခဲ့ဆုံး၊ မေတ္တာတရားနဲ့ နှလုံးသားနုနု အပျံသင်ခါစအရွယ်၊ပုံပြင်ဟောင်းလေးတပုဒ် ရင်မှာရှိခဲ့တယ်။ လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံး ကျောင်းတက်ချိန်... ငါတို့ ကျောင်းသားဘ၀" ပေါ့လေ။

အချိန်ကာလ အပိုင်းအခြားတခုမှာ လူတယောက်ဟာ ပုတ်သင်ညိုတကောင်လိုပဲ အရောင်တွေ ပြောင်းလဲသွားခဲ့တယ်။ အရေခွံအသစ်နဲ့။ ရုပ်ကိုက။

" အရင်ကလို တို့နှလုံးသား ရင်ခုံသံကြားဖို့အားရဲ့လား "
လို့ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဆန်းစစ်မိ။
အမှား၊အမှန်ခွဲခြားဖို့ခက်တဲ့ မျှော်လင့်ချက် အရှည်ကြီးတွေနဲ့ ကမောက်ကမ ခေတ်ထဲမှာ အဆူခက်၊အနပ်ခက်နဲ့ လူတယောက်။ "အိပ်မက်တွေ တခုပြီးတခု လူကိုအဝေးကမျှားလို့ရယ် "ကွယ်။

ထီးတွေလဲဖြူ ဖိနပ်တွေလဲ ပါး။ "ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လဲပါးတော့မယ်.."

ဟေ့ ဒီမှာ.. မာနကတော့ တပြားသားမှ မလျှော့ဘူး။ သူ့မာနတွေကို သူအရောင်တင်တယ်။သူ့ဒဏ်ရာကို မကုစားပဲ နာကျင်မှုကို အရသာခံနေမိသေးတယ်။ " ပိုက်ဆံတပြားမှ မရှိလည်း သူက သိက္ခာရှိချင်သေးသတဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့.." အမေ့ရဲ့ ဒုက္ခအိုး ၊ပြီးတော့ သူရဲ့ ဒုက္ခအိုး။ သူမရှိရင် မနေတတ်ဘူး။

တွေဝေခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေတဲ့သူ၊ သေချာရေရာမှုတွေကို မုန်းတတ်တဲ့ သူ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အမေရဲ့ အဝေးမှာ ရောက်နေရတဲ့သူ.......

"မေမေ နေကောင်းလား မေမေ"


" ဆင်လိုလို၊သမင်လိုလို လူတွေကြားထဲ ကျားရဲဖြစ်မှ ရှင်နိုင်မယ်.."
ကျားရဲမဖြစ်သေးရင်တောင် သူဟာဖြူစင်တဲ့ ယုန်သူငယ်လေးတကောင် မဟုတ်တော့တာ အသေအချာ။

"တယောက်ထဲ ခရီးဆက်လိုက်၊တယောက်ထဲ အဆုံးထိ၊အားတင်းရင်ဆိုင်နေလိုက်....."
တယောက်ထဲ ဆက်ရမယ့်ခရီးတွေမှာ "ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ၊ဘယ်ရင်ခွင်ကို ရည်ရွယ်ထား" လို့ အော်ဆိုပစ်လိုက်တယ်..။ ကဲ ..။


++++++++++++++++++++++++


ညနေ စောင်းလာပြီ။ မကြာခင် အမှောင်လာတော့မယ်။ အမှောင်ဟာမလုံခြုံဘူး။ ကိုယ့်လုံခြုံမှုဟာ ကိုယ့်ထိန်းသိမ်းမှု ဖြစ်တယ်။ သူအပြန်လမ်းက မှိုင်းပြပြ။



++++++++++++++++++++++++


ဆက်ဆိုဖို့ တောင်းဆိုချင်တဲ့သူတွေက

၁။ အန်ဒီ
၂။ ကိုဖုန်းမြင့်
၃။ အဆိုတော် အကိုကြီး ကိုအောင်သာငယ်
၎။ ကြားရခဲစွာ၊ပြီးတော့ စိန်ပန်းနဲ့ ကံ့ကော်တွေဝေနေတဲ့ မကေ

ဖြစ်တယ်မလား။အားရင် ရေးပေးကြဗျာ။

မိညီမလေး တက်ဂ်တဲ့ ဆိုညဉ်းဖြစ်သောသီချင်းများ ဆိုတဲ့ တက်ဂ်ပိုစ့်ဖြစ်ပြီး အော်ပဲ ဆိုဆို၊ တိုးတိုးလေးပဲ ဆိုဆိုပေါ့။


Wednesday, August 26, 2009

ခရေရာဇ၀င်

မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့နှစ်ကျော့တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းလုပ်လုပ်စို့ တပြုံးပြုံး၊
ပန်းတွေ တကုံးကုံး။ ။


အဲ့ဒိ ပန်းသည်ကဗျာလေးကို သူ့မေမေက သင်ပေးဖူးသည်။ တကယ်တော့ သူ့မေမေနဲ့သူနဲ့က ငယ်ငယ်လေးထဲက ခုချိန်ထိ သားအမိရယ်လို့ အတူနေခွင့် သိပ်မရှိခဲ့တာ အမှန်ပါ။ သို့ပေမယ့် သူငယ်ငယ်တုန်းက ဆရာကြီးမင်းသုဝဏ် ကဗျာတွေကို လေးတန်းကျောင်းထွက် သူ့မေမေက နှုတ်တိုက်ချပြီး သင်ပေးခဲ့တာဖြစ်သည်။

သပြေသီးကောက်၊ ဥပုသ်စောင့် စတာတွေထဲကမှ သူကအဲ့ဒိ ပန်းသည် ကဗျာလေးကို ပိုလို့ အမှတ်ရမိနေတတ်သည်။ ဗန်းလေးယူခဲ့ မောင်လေးရယ်၊ သွားကောက်ချေစို့ကွယ် ဆိုတဲ့ နေရာလေးကိုတော့ ဘာကြောင့်မှန်းမသိ၊ သိပ်ကိုသဘောကျမိခဲ့တာ ခုချိန်ထိပါ။ အိမ်မှာ အငယ်ဆုံးပီပီ တကယ်ပဲ မောင်ငယ်လေး တစ်ယောက်တော့ ငယ်ငယ်ကလေးဘ၀တုန်းက လိုချင်ခဲ့တာ အမှန်ပါပဲ။

ဒါမယ့်သူဟာ တသက်လုံးမှာ တစ်ကြိမ်ရယ်သာ မောင်ငယ်လေး တစ်ယောက်နဲ့အတူ ခရေပန်းကောက်ခွင့် ရခဲ့သူ။

မှတ်မှတ်ရရ ထိုနေ့မနက်က နှင်းတွေသိပ်သည်းစွာ ကျနေတဲ့ ဆောင်းမနက်ခင်း တစ်ခုဖြစ်သည်။ မနေ့ညနေက စပါးတလင်းထဲကအပြန်မှာ စဥ့်အိုးနဲ့လုပ်တဲ့ အိုးစည်လေးကျကွဲလို့ အကြီးအကျယ်စိတ်ညစ်ပြီး အိပ်ပျော်သွားခဲ့တဲ့ သူ။ နောက်တနေ့ မနက်မှာ အမေက သူ့အိုးလေး ဘယ်မှာလဲလို့မေးရင် ဘာဖြေရမှန်းမသိလို့ အိပ်ယာနိုးနိုးချင်း မျက်နှာသစ်တဲ့ ရေတိုင်ကီနားမှာ သူငူငူငိုင်ငိုင်နဲ့ ထိုင်နေတုန်းမှာ မောင်လေးက ရောက်လာခဲ့တာဖြစ်သည်။

ဟေ့ မသက်မွန်၊ ငါတို့ ကြိမ်ချောင်း ဘုန်းကြီးကျောင်းနားမှာ ခရေပန်း သွားကောက်ကြမယ်၊ လိုက်မလား လို့ သူကခေါ်တော့ ချက်ချင်း ထလိုက်ဖြစ်ခဲ့တာ။ သောက်ရေအိုးဖုံးခြင်းလေးနဲ့ တစ်လုံးအပြည့် ခရေပန်းတွေ အပြည့် အမောက်နဲ့ သူအိမ်ပြန်လာတော့ အမေရဲ့ စကားတွတ်ထိုး ဆူတာကို ခံရသည်။ အိုးစည်လုပ်တဲ့ စဥ့်အိုးကွဲလို့လား။ မောင်လေးနဲ့ ခရေပန်း သွားကောက်လို့လား ဆိုတာတော့ သူ သေချာမသိခဲ့ပါ။

++++++++++++++++++++++

သူတို့တက်ခဲ့ရတဲ့ ယူနီဗာစီတီက တကယ့် ဆေးရုံကြီးနဲ့တူသည်။ သီရေတာဆိုလို့ နှစ်ခန်းပဲရှိသည်။ ကျန်တဲ့အဆောင်တွေက ဆေးရုံကြီးတစ်ခုလို၊ ဆေးရုံနဲ့ တူတယ်ဆိုတဲ့ ခံစားမှုကို ပေးတာကလဲ သူတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာက တီဘီဆေးရုံရှိလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အဲ့ဒိလို ဆေးရုံကြီးနဲ့တူလှတဲ့ သူတို့ကျောင်းမှာ နှစ်သက်စရာဆိုလို့ တစ်ဆိုင်ထဲသော အသုပ်ဆိုင်ဖြစ်တဲ့ ရခိုင်မကြီး ဒေါ်ထွေးညိုဆီကိုသွားတဲ့ လမ်းလေးဆီက ခရေပင်လေး လေးငါးခြောက်ပင်သာ ရှိသည်။ ခရေတွေပွင့်တဲ့ အချိန်နဲ့ သူတို့ ကျောင်းစဖွင့်တဲ့အချိန်က ကွက်တိဖြစ်သည်။ ယူနီဗာစီတီ ကင်တင်းတစ်ဖြစ်လဲ ဒေါ်ထွေးညိုရဲ့ အသုပ်ဆိုင်မှာ ထိုင်ရင်းက ဖြတ်သွားဖြတ်လာ လူပေါင်းခြောက်ဆယ်လောက်ကို ငေးရတာကလဲ သူ့အတွက်တော့ ထူးဆန်းတဲ့ ခံစားမှုဖြစ်သည်။

ရန်ကုန်မြို့ထဲက နာမည်ကြီးခရေပင်လမ်းလောက် မလှသော်လည်း သူ့အတွက်တော့ ဒီကျောင်းကခရေပင်တန်း လေးက အမှတ်ရစရာတွေ အများကြီးနဲ့ သူ့ရာဇ၀င်တွေ ထမ်းပိုးထားခဲ့ဖူးသည်။

မိန်းကလေးတိုင်း လုံချည်ဝတ်ရမယ့် စည်းကမ်းကြောင့် ဗိုသီဘတ်သီနိုင်လှတဲ့ လုံချည်တစ်စကို လက်ကကိုင်ပြီး လက်တစ်ဘက်ထဲနဲ့ ခရေပန်းတွေကိုကောက်နေတဲ့ သူ့အနား လက်ခုပ်လေးတစ်စုံရောက်လာခဲ့ဖူးသည်။

တက္ကသိုလ်ကျောင်းက ခရေပင်တန်းမှာတော့ သူနဲ့အတူ ပန်းကူကောက်မယ့် မောင်လေးလဲ မရှိတော့ပါ။ မောင်လေးမရှိတော့တဲ့အတွက် ပန်းကောက်လို့လား၊ စဥ့်အိုးလေးကွဲလို့လား မသိတဲ့ အမေ့ရဲ့ဗျစ်တောက်၊ ဗျစ်တောက် ဆူသံကိုလဲ မကြားရတော့ပါ။ ဗန်းလေးမပါပေမယ့် လက်ခုပ်လေးနဲ့ ပန်းကောက်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်လဲ ခုတော့ ဘယ်ရောက်နေမှန်း မသိတော့ပါ။

+++++++++++++++++++++++

ရွှေတိဂုံဘုရားဆီကို ဖြတ်လမ်းလေးတစ်ခုဆီကသွားရင် သိပ်လှတဲ့ မနက်ခင်းတစ်ခုနဲ့ အတူ ကဗျာဆန်တဲ့ ခရေပင်တန်းလေးလဲ ရှိနေတာကို သူ အဲ့ဒိအခါကျမှသိခဲ့ရသည်။

လှည်းတန်းကနေ အမှတ် ၅၀ ကားကိုစီးပြီး အုတ်လမ်းမှတ်တိုင်မှာဆင်း၊ ပြီးတော့ အာဇာနည်ကုန်းရဲ့ နောက်ကျောဘက်က တောင်ဂမူလေးတစ်ခုကို ကျော်ပြီးမှ သွားရတဲ့လမ်းလေးကို ပိုနှစ်သက်ပါသည်။ အဲ့ဒိတောင်ဂမူလေးရဲ့ တောလမ်းလိုမျိုး နေရာလေးမှာ သိပ်လှတဲ့ ခရေပင်တန်းတွေ ရှိသည်။

အဲ့ဒိ ခရေပင်တန်းလေးကို အကြောင်းပြုပြီး သူနဲ့ သူ့ သူငယ်ချင်း ၂ယောက် ရွှေတိဂုံကို ရက်ဆက် ရောက်ဖြစ်ခဲ့တာ ခုပြန်တွေးတော့ ပြုံးချင့်စရာ။

ဆင်ခုံမြက်လို့ခေါ်တဲ့ မြတ်ပင်လေးနဲ့ သူက ခရေပန်းလေးတွေ သီပေးတော့ မြို့ပြမှာပဲနေ၊မြို့ပြမှာပဲကြီးလာရတဲ့ သူ့ သူငယ်ချင်းက သဘောတကျ ရှိနေခဲ့တာ။ တချို့ကို သူငယ်ချင်းမလေးက ပန်ပြီး တချို့ကိုတော့ ရွှေတိဂုံဘုရားကို ကပ်လှူခဲ့ဖူးသည် ထင်ပါသည်။

မှတ်မှတ်ရရ။ ယခုပြုရ ကုသလကြောင့် အဲ့ဒိနှစ်က သူတို့သူငယ်ချင်း၂ယောက်လုံး အထစ်အငေါ့မရှိပဲ စာမေးပွဲ အောင်ခဲ့ကြသည်။ ခရေပန်းလေးတွေရဲ့ ကျေးဇူးကြောင့်ဟု ယူဆရမည်။

ပန်းချင်တူတူ ပန်းနာမည်ခံ နာဂစ်ကြောင့် ရန်ကုန်မှာရှိတဲ့ အပင်တွေမြေခ၊ ငုပင်၊ပိတောက်ပင်တွေဆီမှလဲ သင်္ကြန်နားနီးပေမဲ့ အနံ့အသက်မရ၊ မိုးနားနီးပေမဲ့ ခရေနံ့လဲ မရ။ ရန်ကုန်ဆိုတာ ပန်းတွေနဲ့များ ဝေးနေပြီလားဟုတောင် သူတွေးမိသည်။

ခုတော့ သူ့ဘေးနားမှာ ပန်းကူကောက်မယ့် မောင်လေးလဲမရှိတော့။ လက်ခုပ်လေးတစ်စုံလဲ မရှိတော့။ဆင်ခုံမြက် လေးနဲ့ပန်းသီပေးရမယ့် သူငယ်ချင်းလေးလဲ မရှိတော့။

ခရေကို နမ်းခဲ့သူတွေ၊ ခရေကို လွမ်းခဲ့သူတွေနဲ့ ၊ခရေနံ့တွေ မရှိတော့ပေမယ့် သူ့ရာဇ၀င်မှာ ရေးမှတ်ထားတဲ့ ရနံ့ကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တာ သူ့အတ္တသာ ဖြစ်တော့သည်။


ကိုရွာသားရေ...ဖတ်မကောင်းလဲ သည်းခံပြီးသာ ဖတ်တော့ဗျာ။ ပြောသားပဲ။ ပန်းနဲ့ ညီမနဲ့ အလှမ်းတော့ ဝေးသား လို့လေ။ တခုတ်တရ တဂ်တာကိုတော့ ၀မ်းမြောက် ၀မ်းသာဖြစ်မိပါသည်။

မှတ်ချက် ။ နန်းညီ တဂ်သော ထားခဲ့ဖူးလေသမျှကိုတော့ အမေ့ခံ စာရင်းထဲ ထည့်ရင် ကောင်းလေမလား။

Monday, August 03, 2009

Mirror ရဲ့အခုတလော

ခုတလော

တွေးနေမိတာက
(၁ ) ဘောလုံးသမားအပြောင်းအရွှေ့ (ရီဘာရီနဲ့ ဒေးဗစ်ဗီလာ မန်ယူကိုရောက်ရင် သိပ်ကောင်းမှာပဲ )
(၂ ) ဝေးကွာခြင်းသီအိုရီအကြောင်(တစ္ဆေတစ်ကောင်ခြောက်လှန့်နေပါတယ် )
( ၃ ) နတ်မောက်အကြောင်း
ဘာဖြစ်တယ်မသိဘူး။အညာကို သိပ်သတိရနေတယ်။
ဒီကြားထဲ ညတုန်းက ဦးဇင်ယော်မောင်မောင်ကြီးရဲ့ မြန်မာ့မော်ကွန်းကိုကြည့်လိုက်မိတော့
အရူးတပိုင်းမီးဝိုင်းအောင်ကို အညာကိုသွားချင်နေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အပြောင်းအလဲ တစ်ခုခုတော့လုပ်သင့်ပြီ 

ကျန်းမာရေး

ခေါင်းကိုက်တာကလွဲရင် အကုန်ကောင်းတယ်။

ဖတ်ဖြစ်တာ

ကိုအောင်သာငယ်ရဲ့ ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့် ကဗျာပေါင်းချုပ်၊
ကဗျာ့ဥယျာဉ် နဲ့
နေ့စဉ်ထွက်သမျှ သတင်းဂျာနယ်၊ဘောလုံးဂျာနယ်များ

ရောက်ဖြစ်နေတာက

ကျဉ်းပိတ်တဲ့အခန်းထဲက ပြတင်းပေါက်လေးနား။
(အဲ့ဒိကနေ ဝေးကွာခြင်းရဲ့တရားကို နှလုံးသွင်းနေ...)

ရေးဖြစ်နေတာက

ဆောင်းပါးတွေ နဲ့ကဗျာတစ်လုံးစ၊တစ်ကြောင်းစ၊နှစ်ကြောင်းစ

နားထောင်ဖြစ်နေတာက
Addicted ( Enrique Iglesias )
ဘောလုံးသမားရော၊အဆိုတော်ရော Spanish တွေပဲ သဘောကျနေမိတယ်။

ရွတ်နေမိတဲ့ ကဗျာက
ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….
(ကိုဆောင်းယွန်းလ)

ဖြစ်ချင်နေတာက

ဘာမှ မလိုအပ်တော့တဲ့သူ၊

စားဖြစ်နေတာက

လှည်းတန်းအ၀ိုင်းထဲက ရခိုင်မုန့်တီသုပ်၊
အိမ်က အညာထမင်းနဲ့ဟင်းတွေ၊

သောက်ဖြစ်နေတာက
ကော်ဖီ ( ကြုံသလို နေရာမှာ ဖြစ်သလိုသောက်ဖြစ်နေတယ် )

သနားနေမိတာက

မိုးရွာထဲမှာ ဦးထုပ်လေးရှေ့ချပြီးတောင်းနေတဲ့ လှည်းတန်းနားက အဘိုးကြီး၊အဘွားကြီးတွေ

လွမ်းနေမိတာက

အဝေးဆုံးဝေးတော့မယ့် အနီးဆုံးကလူ

မေ့လျော့ပစ်နေမိတာက

ကုန်သွားနေတဲ့အချိန်တွေနဲ့ နောက်ရောက်လာမယ့် ရက်သတ္တပတ်

ခါးသက်နေမိတာက

ဟန်ဆောင်မှု၊လိမ်လည်မှု၊မရိုးသားမှု
(အနားမှာ အများကြီးပဲတွေ့နေရတယ် )

တမ်းတနေမိတာက

အထိအရှမခံတဲ့ ကြင်နာမှုအဟောင်းအမျင်းတွေ..။

ကြိတ်ပြီး ချီးကျူးနေမိတာက

အိမ်က သမီးလေး။

ဆန္ဒမရှိတဲ့နေရာ

လှည်းတန်းလမ်းမ

ဆန္ဒရှိနေတဲ့ကိစ္စ

အညာသွားချင်တယ်။(နတ်မောက်၊ပုဂံ )

မုန်းနေမိတာ

ကတိ၊သစ္စာတရားပါးရှနေတဲ့လူတွေ

ချစ်နေတာက

ဘေးနားကလူတွေအကုန်လုံးကိုချစ်တယ်။

စိတ်ပျက်နေမိတာက

အထက်ဖား၊အောက်ဖိလုပ်တတ်တဲ့ လူတွေ

စွဲလန်းနေမိတာက

စပါးပင်စိမ်းစိမ်းနဲ့ လယ်ကွင်းတွေ

လိုအပ်နေတာက

တွန်းအားတစ်ခု

တောင်းနေမိတဲ့ဆု

အလုပ်အမြန်ရပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

ခက်ပြီ၊ခက်သည်၊သိပ်ခက်သည်

ဝန်ခံချင်တာက

မနော်နဲ့ ညီညီ ..သူတို့ဆီဘောက်စ်တွေမှာ ဘာတဂ်မှန်းမသိတဲ့ တဂ်အကြောင်းအပြန်အလှန်
အော်နေကြထဲက စိတ်ဝင်စားနေမိတာ...။

ဟေ့လူတို့...ရေးပေးကြပါ..။

ကိုဖုန်းမြင့်
ကိုရွာသား နဲ့
တောကျောင်းဆရာ
( ဒီတခါမရေးရင် သေခန်းပြတ်ပဲ သူငယ်ချင်း )

Friday, March 27, 2009

ဝါသနာ ပဲဆိုပါတော့.....

ရာသီဥတုက ပူပြင်းလွန်းတယ်။ မဖြေချင့် ဖြေချင်နဲ့ ကလေးလုပ်ပြီး ဖြေနေရတဲ့ စာမေးပွဲတွေကလဲ များလွန်းလှတယ်။

သင်္ကြန်မတိုင်ခင် အမေ့ဆီ တစ်ချက်ပြန်လစ်ချင် သေးတယ်..။ လုပ်ချင်တဲ့ ဆန္ဒတွေ၊ လုပ်ရမဲ့ တာဝန်တွေကြားမှာ ကျမ စာမရေးဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတာ မမှတ်မိတော့။ ပြန်လည်မတွေးချင်တော့။

မနေ့တုန်းက စမ်းချောင်းဘက်က နက်ဆိုင်တစ်ဆိုင်မှာ သုံးနေရင်းက အမ်ပီတီက မပြောမဆို ဖြတ်တောက်ပစ်လိုက်တဲ့ အချိန်မှာ စိတ်ထဲလဲ ဘယ်လိုမှ ခံစားမနေတော့ဘူး။ အပြင်ဘက်ကို ငဲ့ကြည့်လိုက်တော့ မူလတန်းကျောင်းလေးတစ်ကျောင်း… အဲ့ဒီကျောင်းရှေ့မှာ ကလေးလေးတွေ ကစားနေကြတယ်။ ဆိုက္ကားဂိတ်က ဆိုက္ကားတွေကို ပတ်ပြေးပြီး ကစားနေကြတာ ဘာကစားနည်းလဲတော့ မသိဘူး၊ သူတို့ပျော်နေကြတယ်။ အပူအပင် ကင်းမဲ့တယ်။

ငါ့လို လိုချင်တက်မက်မှု့တွေ မများဘူးလို့ တွေးမိတယ်။ ငါ့လို စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လဲ ဖြစ်မနေလောက်ဘူးလို့ တွေးမိတယ်..။ အဲ့ဒီ အတွေးကနေပဲ ဘာမဆိုင်၊ ညာမဆိုင် သူငယ်ချင်း မောင်မျိုးနဲ့ ညီမလေး နန်းညီ ရေးခိုင်းထားတဲ့ ဝါသနာအကြောင်းလေးကို ဘာတွေရေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။ ကျမဘာတွေ ဝါသနာပါခဲ့သလဲ.. ခုရော ဘာတွေကို ဝါသနာပါနေတုန်းပါလဲ…။

စဉ်းစားကြည့်မိတော့ ဝါသနာက များလွန်းပါတယ်…။


ငယ်စဉ်အခါက ~~


ငယ်စဉ်အခါတုန်းကလို့ ခွဲတမ်းတမ်းချလိုက်တော့… ကျမ ငယ်ငယ်တုန်းက ဝါသနာက အလွန်အမင်း ကစားခြင်းပါပဲ…။ တစ်နေကုန် မိုးလင်းလင်းချင်းကစပြီး မိုးစုန်းစုန်းချုပ်တဲ့အထိ ကျမ ကစားပါတယ်။ အငယ်ဆုံးဆိုတဲ့အတိုင်း အိမ်ရဲ့ ဘယ်အခန်းကဏ္ဍမှာမှ ကိုယ်ကမပါရတော့ စိတ်ကြိုက်ကစားခွင့် ရပါတယ်။ ခုလို နွေရာသီကျောင်းပိတ်ရက်တွေဟာ ကျမတို့လို တောကလေးတွေအတွက်တော့ အင်မတန် ပျော်စရာကောင်းတဲ့ အားလပ်ရက်ပါ။ မြို့ပြကလေးတွေနဲ့ နဲနဲမှ မတူပါဘူး။ ရေကူးသင်တန်းဆိုတာ ကျမတို့အတွက် အိမ်နောက်ဖေးက ချောင်းထဲမှာ။ ငုတ်ချည် ဖော်ချည် လုပ်လွန်းလို့.. အသက်လဲ ၁၀ နှစ်မှာ နားတစ်ဖက်လုံး ပိုးဝင်၊ ရောဂါရပြီး ရောဂါကုယူရတဲ့ အထိ ရေကူးခဲ့တာ။ တစ်နေကုန် တစ်နေကမ်း… ကျမဘယ်ရောက်နေလဲဆိုတာ အိမ်မှာနေတဲ့ အမေက မသိပါဘူး။ ညနေစောင်းလို့ … “ မိ…ရေ …” လို့ တစ်ရွာလုံးကြားအောင် အော်ခေါ်မှ အိမ်ကို အပြေးပြန်လာတတ်တယ်…။


ငယ်ငယ်တုန်းက ကစားနည်းမျိုးစုံထဲမှာ စစ်တိုက်တမ်းနဲ့ နတ်က တမ်း ကစားတာကို အကြိုက်ဆုံးပါ..။ ကောက်ရိုးပုံကြီးတွေပေါ်မှာ ပုန်းပြီး စစ်တိုက်ရတာလောက် ပျော်စရာကောင်းတာ မရှိတော့ဘူး…။ နတ်က တမ်း ကစားတာကို ကျမ ဘာကြောင့် ဝါသနာထုံခဲ့လဲ… ခုပြန်စဉ်းစားလို့ကို မရတော့ပါ …။ အစ်ကို့ ပုဆိုးတွေကို ခါးမှာ တောင်ရှည်လို ပတ်ဝတ်ပြီး ခေါင်းမှာ အမေ့ သဘက်စကို တလူလူလွင့်အောင်ပေါင်းပြီး “ကိုကြီးကျော်” လို ကရတာ… ကုက္ကိုလ်ပင်စည် အပြတ်တွေကို နတ်ဆိုင်းဝိုင်းလိုလုပ်ပြီး တီးပေးတဲ့ သူငယ်ချင်းတွေနဲ့… ဟန်ကို ကျနေတာပဲ…။ ပြန်တွေးမိတော့ ရှက်ပြုံးတောင် ပြုံးမိပါသေးတယ်…။ ကျမစိတ်ထင်မမှားဘူးဆိုရင် ဗမာတပြည်လုံးမှာ နတ်ပွဲကို ကိုယ့်အိမ် ကိုယ့်ယာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတာ ကျမတို့အောက်ဘက် ဧရာဝတီတိုင်းမှာဘဲ ရှိမယ် ထင်ပါတယ်…။ (ဒါက စကားချပ်ပါ…)


နောက်ပိုင်းမှာတော့… အမေ့ရဲ့ … သမီးလူကြီးဖြစ်ပြီ … ကျောင်းစာကို ဂရုစိုက်ရမယ်…။ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော မနေရတော့ဘူးဆိုတဲ့ …တစ်ချက်လွှတ်အမိန့်နဲ့ ရှစ်တန်းနှစ်နွေက စပြီး အဲ့ဒီ ဝါသနာတွေ အကုန်းလုံးကို စွန့်လွှတ်ခဲ့ရတယ်…။

အဲ့ဒီ ဝါသနာတွေကို စွန့်လွှတ်ရလို့ ကျမ ဝမ်းမနည်းခဲ့ဘူး…။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျမ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေကို ကျောင်းစာအုပ်ကြားထဲမှာ ညှပ်ပြီး ခိုးဖတ်တတ်နေပြီ…။ ရေအိမ်ဝင်ရင်းနဲ့၊ ဒါမှမဟုတ် ညဘက်တစ်ယောက်ထဲ ဓါတ်မီးထိုးပြီးတော့ဖြစ်ဖြစ် ကျမ စာခိုးဖတ်နေပြီ…။

စာကို တကယ်ကို ခိုးဖတ်ခဲ့ရပါတယ်…။ ကျမ တက္ကသိုလ် စတက်တဲ့ အချိန်မှာ လတစ်လရဲ့ အစတိုင်းမှာ တစ်လစာ အသုံးစရိတ်ရောက်လာတိုင်း ဝတ္ထုစာအုပ်တွေ ဝယ်ပစ်နေမှန်း သိပေမယ့် မတားခဲ့တဲ့ အစ်ကိုက ကျမ အဲ့ဒီ အရွယ်တုန်းက စာဖတ်တာကို အပြင်းအထန် ကန့်ကွက်ခဲ့ဖူးတယ်…။ တွေ့တာနဲ့ကောက်လွှတ်ပစ်တတ်တယ်…။ ဒါပေမဲ့ … ကျမ ကလဲ…မရ… အရ ခိုးဖတ်တာပါပဲ…။


အဲ့ဒီ စပ်ကူးမတ်ကူးအရွယ် နောက်ထပ် ဝါသနာတစ်ခုက သီချင်းနားထောင်တာပါ…။ ကျမ ၇ တန်းနှစ်မှာထဲက အစ်ကို လုပ်သူက ကက်ဆက်တစ်လုံး ဝယ်ပေးထားပါတယ်…။ ကက်ဆက်ခွေ ကတော့မရှိခဲ့ပါဘူး…။ ကက်ဆက်ဝယ်တုန်းက အစ်ကို ဝယ်လာတဲ့ ခင်မောင်တိုး ရယ်၊ စိုင်းထီးဆိုင်ရယ် တွဲဆိုထားတဲ့ မြမြင့်မိုရ်မို့လား နဲ့ ပန်းချစ်သူ သီချင်းပါတဲ့ အခွေ တစ်ခွေထဲ ရှိတယ်…။ ဆိုတော့ … မြန်မာ့ အသံပဲ အားပေးရတာပေါ့လေ…။ အဲ့ဒီ အချိန်တုန်း ကျမရူးသွပ်ခဲ့တဲ့ သီချင်း သုံးပုဒ်ရှိပါတယ်…။

ခိုင်ထူးရဲ့ ခတ္တာ၊ တူးတူးရဲ့ ကေသရီ နဲ့ စိုင်းဆိုင်မောဝ် ရဲ့ တောင်ပြာတန်းက သိတယ်… အဲ့ဒီ သီချင်းတွေကို ရုးသွပ်ခုံမင်စွာ … နားထောင်ခဲ့တဲ့ ကာလတွေပေါ့…။


အသက်လေး နဲနဲကြီးလာတာနဲ့အမျှ ဝါသနာတွေ ရှားပါးလာပြီး… ကိုယ်ဝါသနာပါတိုင်းလည်း မဖြစ်နိုင်တာတွေ များလာမှန်း ရိပ်စားမိလာတဲ့အခါ၊ နောက်တော့ လူတွေအများကြီးနဲ့နေရဖို့ ၊ သွားလာရဖို့ ယားယံလာတဲ့အခါမှာတော့ ကျမ ဝါသနာတွေကလဲ ပြောင်းလဲ လာခဲ့တယ်…။ ကိုယ်တစ်ယောက်ထဲနဲ့ တည်ဆောက်ဖန်တီးလို့ ရတဲ့ အခြေအနေမျိုးလေးတွေကပဲ ကျမဝါသနာတွေ ဖြစ်လာခဲ့တယ်…။


စာရေးခြင်းဝါသနာ…

တက္ကသိုလ် ပထမနှစ်မှာပဲ…ဝါသနာတူလေးတွေ စုပြီး ကဗျာ စာအုပ်လေး တစ်အုပ်ထုတ်ဖြစ် တယ်…။ အဲ့ဒီတုန်းကတော့ အချစ်အကြောင်း နုနုရွရွကဗျာလေးတွေ ကျမ ရေးဖြစ်ခဲ့တယ်… ဒုတိယနှစ်မှာလဲ တက်ထုတ်တယ်…။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ပြဿနာကြုံရပါတယ်…။ အကြောင်းက စပ်ဆော့ပြီး တခြားတက္ကသိုလ်တွေ အထိ ကဗျာစာအုပ် လိုက်ရောင်းမိလို့ပါ…။ ကျောင်းထဲမှာတင် တွန်းထိုးရောင်းရတာ အားမရသေးတော့ ရန်ကုန်က ကျေုာင်းတစ်ချို့ကို ရောက်ဖြစ်ကြတယ်…။

အီကို၊ ကွန်ပြူတာနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်တွေ အထိ ခြေဆန့်ခဲ့ကြတာ၊ တစ်အုပ်ကို ၂၀၀ နဲ့ ပျော်ပျော်ပါးပါး လိုက်ရောင်းကြတာ …။ ရောင်းတုန်းက ဇန်နဝါရီလ ၊ ဖေဖေါ်ဝါရီလ လဲရောက်ရော ကဗျာစာအုပ်လုပ်တဲ့လူတွေ ပါမောက္ခရုံးခန်းထဲ ရောက်ကြပါလေရော…။ အားလုံး မိန်းကလေးတွေချည်းပါ…။ ဖြစ်ချင်တော့ ပါမောက္ခချုပ်နဲ့ တွေ့ရတဲ့နေ့က ချစ်သူများနေ့ပါ…။ ကြောက်ရမှန်း မသိဘူး… တခွီခွီနဲ့ဟာ…။

မော်ကွန်းထိန်း အမျိုးသမီးကတော့ မျက်စောင်း တခဲခဲနဲ့ပေါ့…။ သူနဲ့ကတည့်တာ တစ်ကျောင်းလုံးမှာ… တစ်ယောက်ထဲသော ကျမတို့အခန်းထဲက ယောက်ျားလေးနဲ့ပဲ…အဆင် ပြေပြေ စကားပြောလို့ရပါတယ်…။ ကျန်တဲ့ မိန်းကလေးတွေ အားလုံးနဲ့ ဘယ်သူနဲ့ မှ သူနဲ့အဆင် မပြေဘူး…။ အဲဒီနေ့တုန်းကလဲ ခွီခွီလုပ်နေ၊ သူကလဲ မျက်စောင်းတွေ တဒိုင်းဒိုင်းနဲ့ …။ ပါချုပ်နဲ့ တွေ့တော့ သူလဲပါတာပေါ့…။ ပါချုပ်က တစ်ခွန်းထဲပြောပါတယ်…။ “ ခုတော့ ရပ်လိုက်ကြတော့…၊ ကဗျာစာအုပ်တွေလဲ ဆက်မရောင်းနဲ့တော့…၊ နောင်နှစ်ခါကျ ရင် ကျောင်းမဂ္ဂဇင်းထုတ်တော့မှ တစ်တပ်တအား ဝင်ပါကြတဲ့ …”

ပြန်လဲထွက်လာတော့ ပိုပြီး ခွီကြပြန်ရော …:)

တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်…။ ဘဝအပူအပင် အမောတွေလဲ မရှိဘူးပေါ့ …။


ခုလောလောဆယ်မှာ .....

ကျမ ဝါသနာက ဘာလဲဆိုတာ ကျမသေချာ တွေးလို့ မရတော့ပါဘူး …။ ဒါက အမှန်တရားပါ..။ တခါတလေမှာ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲ လုပ်ရတတ်တာ တွေ ရှိတတ်ပါတယ်…။ ဖြစ်ချင်တာတွေနဲ့ လုပ်နေရတာတွေနဲ့ တစ်ထပ်ထဲ ကျနေတဲ့ သူတချို့ကိုလဲ မြင်နေ၊ တွေ့နေရတယ်…၊ ဒါပေမဲ့ ဒါဟာ ကျမ အတွက်တော့ မဟုတ်သေးပါဘူး…။ လုပ်ချင်တဲ့ ဝါသနာတွေကို ခဏ နောက်ပို့ထားပြီး… လုပ်သင့်တာတွေကို ခုလောလောဆယ် လုပ်နေရပါသေးတယ်…။ အဲ့ဒီထဲမှာမှ ခုလောလောဆယ်လုပ်နေတဲ့ ဝါသနာ တစ်ခုကတော့ ဘလော့ဂ် ဆိုတဲ့ အလကားပဲ တင်ရတဲ့ စာမျက်နှာပေါ်မှာ ကျမ စာရေးနေပါတယ်…။

ဒီဝါသနာလေးတော့ ဆက်လက်ရှင်သန်ပြီး… တည်တံ့လိမ့်လို့ မျှော်လင့်မိပါတယ်…။ ဘာအနှောက်အယှက်မှ… ဝင်မလာခဲ့ရင်တော့ …ဒီဝါသနာလေး ဆက်ရှိနေပြီး… အစ်ကိုတွေ၊ အစ်မတွေကို ရေးချင်ရာရေးနေမိတဲ့ စာတွေနဲ့ နှိပ်စက်နေမိ ဦးမယ်လို့ …….:))


Saturday, February 21, 2009

"အခုတော့ဟာသ တစ်ချိန်တုန်းကတော့ ဒုက္ခ "

ညတုန်းကပေါ့...။ရာသီဥတုက ပူကပူနဲ့..။အဲ့ဒိ ပူတဲ့အကြောင်းပဲ ပိုစ့်တစ်ပုဒ်ရေးပြီး အိမ်ပြန်တော့ ညီညီ တက်(ဂ်)ထားတဲ့အကြောင်းလေးရေးပေးရဦးမယ်လို့ စိတ်ထဲထည့်ပြီး အိမ်ကိုပြန်ခဲ့တယ်..။

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း မြို့နယ်လျှပ်စစ်ရုံးကို တာဝန်နဲ့ဝတ္တရားအရ ဖုန်းဆက်ကြည့်လိုက်တယ်...။
မီးဘယ်တော့လာမလဲပေါ့...။(မီးဆိုတာ မီးဆိုတဲ့ ကောင်မလေးတော့မဟုတ်ပါဘူး)သူတို့ကလဲ ထုံးစံအတိုင်း ပြန်ဖြေရှာပါတယ်...သိပ်မကြာတော့ပါဘူးပေါ့။ဘယ်လောက်ကြာမလဲတော့ မမေးတော့ပါဘူး။အဲ့သလိုဖြေရခက်
စေတဲ့ မေးခွန်းမျိုးတွေကို ဘယ်သူ့ကိုမှ မမေးဖူးလို့ ဆုံးဖြတ်ထားတယ်........:)

၂ ပေချောင်းလေးတစ်ချောင်းထွန်းပြီးတော့ မိသားစုတစ်စုလုံး အိမ်ရှေ့မှာ ချစ်ချစ်ခင်ခင်စုထိုင်နေကြတယ်...။
ညကနက်လာတော့ တဖြည်းဖြည်းနဲ့ အင်အားက လျော့လျော့လာတယ်...။နောက်ဆုံး ကျမနဲ့ အစ်ကိုတစ်ယောက်နဲ့ပဲ ကျန်တော့တယ်။

လွင်မိုးနဲ့ မခိုင်ကားငှားလာတဲ့ အဲ့ဒိအစ်ကိုကလဲ တော်တော်နဲ့ မအိပ်နိုင်ဘူး...။သူနဲ့ ရောက်တတ်ရာရာတွေ လျှောက်ပြောကြရင်းက.....သြော် ငါတို့လဲ...မသိရင် ရွာလေးတစ်ရွာရောက်နေရသလိုပဲနော်...အပြင်ဘက်မှာ
လမိုက်ညလရဲ့ အလင်းရောင်ရယ်...။လေ နုအေးလေးက တဖြူးဖြူးတိုက်လို့....။

အဲ့ဒါနဲ့ပဲ ရွာလေးတစ်ရွာမှာ တစ်ယောက်ထဲကြောက်ကြောက်လန့်လန့်နဲ့ အိပ်ခဲ့ရတဲ့ ညတစ်ညအကြောင်း
သူ့ကိုပြန်ပြောပြဖြစ်တယ်..။ဒီအကြောင်းကိုပဲ ညီညီတက်(ဂ်)တဲ့ "အခုတော့ဟာသ တစ်ချိန်တုန်းကတော့ ဒုက္ခ "လို့ ပြောလို့ရမယ်ထင်ပါတယ်..။


အဲ့ဒိရွာကလေးကို ကျမရောက်သွားတော့...ညနေစောင်းနေပြီ..။ဒါဟာ ပထမဆုံးအကြိမ်အဖြစ် တစ်ခါမှမရောက်ဖူးတဲ့ ရွာတစ်ရွာကို ကိုယ်တစ်ယောက်ထဲ ရောက်ဖူးခြင်းပါ။ရုံးကားနဲ့..ပေါ့.။
ပါလာတဲ့ပစ္စည်းတွေကိုချပြီး..ကားဆရာပြန်သွားတော့ ကျမတစ်ယောက်ထဲ ငေါင်တောင်တောင်ကျန်နေခဲ့တယ်။
ကျမကို ခရီးဦးကြိုပြုမယ့်သူ မရှိဘူး။ဘယ်သူလဲ..ဘယ်ကလဲ မေးမယ့်သူမရှိ၊ဘယ်သူနဲ့တွေ့ချင်တာလဲ...လို့လဲ
စပ်စုမယ့်သူမရှိ................။အနဲဆုံးတော့ အဲ့လိုလေးမေးသင့်တာပဲလေ....။ခုတော့ ကျမဘာသာကျမ ခပ်တည်တည်နဲ့ ရွာဥက္ကဌအိမ်မှာ တစ်ယောက်ထဲ ရေနွေးကြမ်းအေးစက်စက်တွေကို တစ်ခွက်ပြီး တစ်ခွက်သောက်နေရတယ်..။

တခြားရွာတွေဆို အဲ့လိုဖြစ်လေ့ မရှိဘူး။ကျမတို့ရုံးကားက ရွာထဲကိုဝင်လာပြီမြင်တာနဲ့ ကျမနဲ့အတူတူ
အလုပ်တွဲလုပ်ရတဲ့ အမျိုးသမီးတွေ၊စေတနာ့ဝန်ထမ်းလူငယ်တွေက ချက်ချင်းရောက်လာပြီး အလုပ်စလုပ်ကြဖို့
ပြောကြ၊ဆိုကြ။နောက်ပြီး သူတို့နဲ့အတူ ရွာရိုးလျှောက်ပြီးအိမ်သာစစ်၊ကလေးတွေနဲ့ စကားပြော စသဖြင့်ပေါ့...။

ခုတော့ ရွာဥက္ကဌလဲ မရှိဘူး။သူဘယ်ရောက်လဲဆိုတာလဲ သူ့အမေကမသိဘူး၊ပြီးတော့ အဲ့ဒိရွာကို ကျမပထမဆုံးရောက်ဖူးခြင်းဖြစ်လို့ ဘယ်သူတွေက ကိုယ်နဲ့အတူတူအလုပ်တွဲလုပ်မှာလဲဆိုတာလဲ ကျမ မသိဘူး။
မေးစရာ ဘယ်သူ့မေးရမှန်းလဲ မသိဘူး။တစ်ယောက်ထဲနဲ့ ဘယ်သူ့ကိုမှန်းမသိပဲ ဒေါသတွေအတစ်လိုက်၊
အခဲလိုက်ထွက်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါ.........။

နောက်ဆုံးတော့ အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်ရောက်လာတယ်.။ခလေးမ လူကြီးတော့မရှိဘူး..
ဒီည ဒီမှာ အိပ်မှာမလား...ဒါဆိုလဲ ရေလေးမိုးလေးချိုး၊ပြီးမှ ကျုပ်ပြန်လာခဲ့မယ်..ဆိုပြီး ပြန်ထွက်သွားရော..။
နောက်တော့မှသိရတာက အဲ့ဒိသူတို့အခေါ် လူကြီးဆိုတဲ့ ဥက္ကဌငယ်ငယ်လေးက အရက်သွားသောက်နေတာပါ။
နောက်တော့သူလဲ ပြုတ်သွားပါတယ်။

ဆရာသမားက ပြန်လာတော့ တော်တော်လေးအရှိန်ကောင်းနေပြီ။ကျမကိုလဲ ဘယ်သူလဲ ဘယ်ကမှန်းလဲ သူမသိပါဘူး။ဒါနဲ့ ခြေမခိုင်အောင် မူးနေ၊လျှာတွေအာတွေလိပ်နေတဲ့ အဲ့ဒိလူကို ကျမကိုယ်ကျမ မိတ်ဆက်
ရပါတယ်။အလုပ်ရဲ့ သဘောသဘာဝကကိုက အဲ့ဒိလိုမျိုးပါ။မဟုတ်ရင် ကျမက သူ့ရွာသွားပြီး ကျမဘယ်သူပါ ဆိုတာ မပြောမဆိုနေလို့ ဖမ်းခံထိသွားနိုင်တယ်လေ...။အင်း...အင်းသာ သူကလိုက်ပြောနေရှာတယ်..
ကျမသိတယ်..ဒီလူ ကျမစကားတွေကိုတောင် သဲသဲကွဲကွဲ ကြားချင်မှ ကြားမှာ...။

နောက်တော့ သူတို့အိမ်မှာ ကျမကိုညစာကျွေးပါတယ်..။အဲ့ဒိ ညစာစားနေတုန်းမှာပဲ ကျမနဲ့ခပ်လှမ်းလှမ်းမှာ
သူတို့ဝိုင်းဖြစ်နေကြတယ်...။စကားတော့ အကျယ်ကြီးမပြောကြဘူး။ကြာလာတော့ ကျမက အားနာလာတယ်။
ငါရှိလို့များ သူတို့စကားကျယ်ကျယ်မပြောကြတာလားပေါ့ ဆိုပြီးတော့လေ။သူ့အမေက ကျမကိုဧည့်ခံတယ်..။

ညအိပ်ချိန်ရောက်ပြီ။ကျမဘယ်မှာ အိပ်ရမယ်ဆိုတာ မသိသေးပါဘူး။ဥက္ကဌရဲ့ အိမ်က အသေးလေးရယ်....။
သူ့မယ် သူ့အမေရှိတယ်။ညီမ ၂ ယောက်ရှိတယ်။နောက်ပြီး သူ့မိန်းမနဲ့ ကလေး ၂ယောက်လဲရှိသေးတယ်..။
စောင်၊ခြင်ထောင် အလုံအလောက်ရှိဖို့ မမျှော်လင့်ဝံ့ပါဘူး။ကျောချစရာရရင်ပဲ အဆင်ပြေပြီလို့ ဆုတောင်း
နေမိတယ်။

အဲ့ဒိမှာ ကုသိုလ်ကံက ပြန်ကောင်းချင်တာထင်ပါရဲ့...။သူတို့ရွာရဲ့ အတော်လေးပြေလည်ပုံလဲရပြီး၊ရွာအပေါ်မှာလဲ သြဇာညောင်းတဲ့ ဦးလေးကြီးတစ်ယောက်က ရောက်လာတယ်။
"ခလေးမ စားပြီးရင်ကျုပ်အိမ်မယ် လိုက်အိပ်။အိမ်မှာ ကျုပ်မိန်းမနဲ့ အတူတူအိပ်ပေါ့။ဟုတ်လား"
လို့ပြောတော့ ကျမ ၀မ်းသာလိုက်တာ။သူ့အိမ်က ဘယ်လိုအခြေအနေ
ရှိမလဲ ကျမမသိပေမယ့် အနဲဆုံးတော့ ဒီအရက်ဝိုင်းနားမှာ ထမင်းစားနေရတဲ့ ဒုက္ခကနေ လွတ်တော့မယ်ဆိုတဲ့
အတွေးနဲ့တင် နေသာထိုင်သာ ရှိလာခဲ့တယ်။ဒါနဲ့ ထမင်းကိုကသုတ်ကရုတ်စားပြီး ချက်ချင်းပဲ ထလိုက်ခဲ့တယ်..။

အဲ့လိုပါပဲ..ကံဆိုးမသွားရာ..မိုးလိုက်လို့ရွာဆိုတာ...။ကံမကောင်းခြင်းဆိုတာကလဲ အဖော်အပေါင်းနဲ့မှ
ပျော်ပျော်ကြီးလာတတ်လေ့ရှိတာမလား....။ကျမ အထင်နဲ့အမြင်ပါစင်အောင် လွဲပါတော့တယ်..။

ခြံအ၀ိုင်းထဲကို စ၀င်လိုက်ထဲက အိမ်ရှေ့မှာ မီးကလေးမှိတ်တုတ်၊မှိတ်တုတ်တော့တွေ့သားပဲ။ဘာလဲလို့ ကျမမသိဘူး။အိမ်ကတော့ ခန့်ခန့်ထည်ထည်ရှိတယ်။မြေစိုက် ခြေတံရှည်အိမ်ပါ။အောက်ထပ်က အကာအရံမရှိဘူး။၂ ယောက်အိပ်ကုတင်တစ်လုံးချထားတယ်..။အိပ်ယာတွေလဲ တွေ့တယ်..။ကျမထင်တာက
သြော်..ဒါအဲ့ဒိလူရဲ့ သားလေးတွေအိပ်ယာလို့ ထင်တာပေါ့။ဘာလို့ဆိုလေဟာပြင်ထဲမှာလဲ ဖြစ်တယ်..။နောက်ပြီး
အကာအရံလဲမရှိဆိုတော့ မိန်းကလေးကိုတော့ ဒီနေရာမှ မအိပ်ခိုင်းလောက်ဘူးလို့ မျှော်လင့်တာပေါ့...။
ဒါမယ့် နောက်ဆီကနေ "ကဲခလေးမ အဲ့မယ်လှဲချင်လှဲလို့ " ပြောတော့မှပဲ ..........နားတွေပါးတွေ ပူထူသွားရတဲ့အထိကျမကြောက်ရွံ့တော့တာ.......။

ကျမတစ်ခါမှမရောက်ဖူးတဲ့ရွာ၊ရုံးက အဖေါ်ရယ်လို့လဲ မရှိဘူး။ကျမနဲ့အတူအိပ်မယ်ဆိုတဲ့ သူ့အမျိုးသမီးကလဲ ဘယ်ဆီနေမှန်း၊ဘယ်သူဘယ်ဝါမှန်းကျမ မသိပါဘူး။စိုးရိမ်တာပေါ့...။စိတ်ထဲမှာ..အတွေးပေါင်းစုံနဲ့ နောက်ကျိလို့ နေတယ်။ကြောက်ကြောက်လန့်လန့်နဲ့ပဲ ချည်လွယ်အိတ်လေးထဲက ဓားတိုတိုလေးကို ထုတ်ပြီး ဓာတ်မီးရယ်၊
အဲ့ဒိဓားလေးရယ်...ခေါင်းအုံးအောက်ထားပြီးလှဲနေလိုက်တယ်....။ဘယ်လိုမှလဲ အိပ်လို့မပျော်ပါဘူး။
အတွေးတွေက ယောက်ယပ်ခပ်လို့နေတယ်။

အမေသာမြင်ရင်တော့ ငါ့ကိုဘယ်လိုပြောလိမ့်မလဲ...........။ဂရုဏာဒေါသောနဲ့ ထုရိုက်ပစ်လိုက်လေမလား။
ထုချင်လဲ ထု၊ရိုက်ချင်လဲ ရိုက်ပါအမေရယ်............။မတန်မရာစိတ်ကူးအိပ်မက်တွေနဲ့ အမေ့နားကနေ ထွက်ပြေးနေတဲ့ ကျမကိုရိုက်သာရိုက်လိုက်ပါတော့ အမေရယ်...............လို့သာ တမ်းတနေမိတယ်..။

ကြောက်ရွံ့နေတဲ့ စိတ်တွေကို အဆုံးစွန်ထိဖြစ်စေတာကတော့ အိမ်ရှေ့က မီးမှိတ်တုတ်မှိတ်တုတ်လေးဆီက တအေ့အေ့နဲ့ အသံတွေကြားရတော့ပါ.......။အဲ့ဒါ အရက်ဆိုင်ကြီးပဲ။စောစောက ငါတွေ့ခဲ့တဲ့မီးတိုင်လေးတွေက
အရက်ဝိုင်းတွေဆီကပေါ့...။သွားပြီ။သွားပြီ..ငါ့ဘ၀တော့သွားပြီ..ငါဘာလုပ်မလဲ..။တကယ်လို့ အရက်မူးသမားတစ်ယောက်ယောက်က ငါ့ဆီရောက်လာခဲ့ရင် ငါဘာလုပ်ရမလဲ....။အဲ့ဒိ မူးပြီးရောက်လာမယ့်
လူကို ငါဘာလုပ်ရမလဲ...။ဘယ်သူမှ ရောက်မလာပါစေနဲ့လို့ပဲ....ဆုတောင်းနေရတယ်။

အရက်ဆိုင်နဲ့ ကျမလှဲနေတဲ့ကုတင်က ၆ တောင်လောက်ပဲဝေးတယ်.။ခြေလှမ်း ဆယ်လှမ်းလောက်ဆိုရောက်ပြီ
ရွတ်လိုက်ရတဲ့ ဘုရားစာတွေလဲခေါက်ကယ်ပြန်ကယ်နဲ့...အမှားမှားအယွင်းယွင်းနဲ့....။
ဘာတွေရွတ်နေမိခဲ့သလဲဆိုတာတောင်ကျမဘာသာကျမမသိတော့ပါဘူး.......။အဲ့ဒိကြောက်ရွံ့မှုမျိုးတစ်ခါမှ
မခံစားဖူးသလို ဒီလိုဒုက္ခမျိုးလဲ ဘယ်တော့မှမခံစားပါရစေနဲ့လို့ပဲ ထပ်ခါထပ်ခါဆုတွေတောင်းရုံပဲ ကျမတတ်နိုင်
တယ်...။

ညအိပ်တော့လဲ ကိုက်လိုက်တဲ့ ကြမ်းပိုးတွေ၊ခုငါ့ကိုကိုက်နေတာ...ကြမ်းပိုးမှ ဟုတ်ရဲ့လား....ဟိုး အိမ်ထောင့်က တချွတ်ချွတ်လုပ်နေတဲ့ ကြက်အုပ်ရဲ့ ကြက်သန်းတွေများလား....။တကယ်တော့ အဲ့ဒိအိပ်ခြင်းဒုက္ခလောက်က မထူးဆန်းတော့ပါဘူး။တခြားမှာလဲ ဒီလောက်တော့ ကြုံရ၊ခံစားရတာပါပဲ...။
ဒါပေမယ့် ဒီညကတော့ကြောက်လန့်ပြီး အိပ်မရတော့ ကြမ်းပိုးကပဲ ပိုကိုက်သလို၊ကြက်သန်းတွေကပဲ
ပိုပြီးရွစိ၊ရွစိဖြစ်နေသလို.....................။

အဲဒိတုန်းက ကျမဘာလို့အရမ်းကြောက်ခဲ့သလဲ ....ခုပြန်မတွေးတတ်ပါ..။ဘာကြောင့်ဆိုတဲ့
အကြောင်းရင်းကိုရှာဖို့လဲ ခက်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ အခါတိုင်းအဖေါ်အပေါင်းနဲ့သွားရလေ့ရှိတဲ့ခရီးမျိုးကိုခုတစ်ယောက်ထဲ သွားရလို့
ဖြစ်နိုင်ပါတယ်။အားငယ်ခြင်းရဲ့ အဖြေပါ..။အဲ့ဒါပါပဲ..။အင်မတန်လဲ အူကြောင်ကြောင်နိုင်တဲ့ ဖြစ်ရပ်ပါ....။

ညတုန်းကပဲ အစ်ကိုလုပ်သူကိုပြန်ပြောပြရင်း ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲတစ်ဟားဟားနဲ့ ရယ်နေဖြစ်သေးတယ်။ကြောက်လိုက်တာမှ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်ရတဲ့အထိ။
ရယ်စရာမကောင်းဘူးလားကွယ်..........။ခုနေများ ဒါမျိုးနောက်ထပ်တစ်ကြိမ်လောက်ပြန်ကြုံချင်ပါသေးရဲ့......။


ညီရေ့....အဆင်ပြေမပြေတော့မသိဘူး...ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်..။

မှတ်ချက်။ ဥက္ကဌဆိုတဲ့ စာလုံးပေါင်းမှားနေပါသည်။ဘယ်ကီးတွေရိုက်ရမှန်းမသိလို့ပါ..သိရင်ပြောခဲ့ကြပါဦး

Saturday, January 03, 2009

2008 ရဲ့နောက်ဆုံးစက္ကန့်တွေတုန်းက...

ည 8 နာရီလောက်ထိ ထုံးစံအတိုင်း အင်တာနက်ကဖေးမှာထိုင်ပြီး ဘလောဂ့်တွေကို ဒရောသောပါးလိုက်လည်ရပါတယ်။အချို့ပိုစ့်တွေကိုအိမ်ကျမှပြန်ဖတ်ဖို့ ကော်ပီကူးတန်တာ ကူးရပါတယ်.။

ရာသီဥတုက ပူပါတယ်..။ဒါကြောင့်အအေးတစ်ခွက်သောက်ပြီး အဒေါ်ဆိုင်မှာ ၀ိုင်းကူထိုင်ရတာက ည 11 နာရီခွဲလောက်ထိပါ..။
အိမ်ပေါ် ပြန်ရောက်တော့ 12 နာရီထိုးဖို့က မိနစ် 20 လောက်ပဲလိုပါတော့တယ်...။အအေးတစ်ခွက်ထပ်သောက်ပါတယ်..။
အမှန်တော့ အခါးရည်တစ်ခွက်လောက်သောက်ပြီး သူများတစ်ကာတွေကို လောကကြီးကိုခေတ္တ္တခဏ မေ့ထားချင်တာပေါ့..။မကျေနပ်တဲ့လူတစ်ချို့ကို အော်အက်ပြီး ဆဲပစ်လိုက်ချင်တာပေါ့။
(ဒါမဲ့ မောင်မျိုးပြန်လာတော့မှပဲ တစ်ခွက်တစ်ဖလား သွားမော့တော့မယ်လေ...မောင်လေးရှင်းသန့်လဲ လိုက်ချင်ရင်ခုထဲက ဆက်သွယ်ထားပေါ့..)ဟဲဟဲ အလကားနောက်တာပါ..။


ဆိုင်ကနေ အိမ်ကိုအပြန် တစ်လမ်းလုံးလဲ မူးပြီးအော်ဟစ်နေတဲ့လူတွေနဲ့ဆိုတော့ ကိုယ့်လမ်းကို မနည်းရှောင်ပြီးလျှောက်နေရပါတယ်..။စိတ်ထဲတွေးမိသေးတယ်..။အိမ်ပေါ်ရောက်ရင်တော့ "နှစ်သစ်ကိုအရက်သောက်ပြီးကြိုဆိုကြခြင်း၊"သို့မဟုတ် "အရက်သောက်မိန့်ရသောည" ဆိုတဲ့ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခုတင်ဦးမယ်လို့ တွေးထားလိုက်တယ်..။ဒါမဲ့ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ..။

ဟုတ်ပါ့..ကျမတို့ အမိဗမာပြည်မလဲ သင်္ကြန်ရယ်၊အင်္ဂလိပ်နှစ်ကူးရယ်ဆို အရက်သောက်ခွင့်ပါမစ်ရတဲ့ ရက်တွေပါ..။
သောက်ချင်တိုင်းသောက်ခွင့်ရှိတယ်ထင်ပါ့။သောက်ချင်းတိုင်းသောက်၊အော်ချင်တိုင်းအော်.....။ဆဲချင်တိုင်းဆဲ။ဖြစ်တယ်..။
နည်းနည်းကြမ်းလာရင်တော့ လည်ကုတ်လေးရဖို့သာပြင်ပေါ့..။ဒါပဲ။ဒါပဲ။

ကဲထားပါတော့...။လိုရင်းက မရောက်ဘူးဖြစ်နေတယ်..။
အိမ်ပေါ်ရောက်ပြီး ခဏနေတော့ ကျမတူမ သုံးနှစ်သမီးအလည်မလေးက "အန်တီဖိုးဒီရေ..မီးတို့ ဟက်ပီးနယူးယား လုပ်မယ်" လေလို့ညှိတယ်..။သူက အင်္ဂလိပ်လိုကို သိပ်ပီအောင်ပြောချင်တာ..။Pressure ကို ပျက်ရှာတဲ့။သိပ်ပီလွန်းချင်ပြီးတော့ လျှာကအမှန်မရသေးဘူးဖြစ်နေတာထင်ပါ့။ခုလဲ Year ကို ရီးယား လို့မထွက်ချင်ဘူး။ခပ်ပေါ့ပေါ့လေးနဲ့ ယား လို့ထွက်လေ့ရှိပါတယ်။နောက်ပြီး ဒီကလေးက ညဆို 12 နာရီ၊တစ်ချက်ထိုးလဲ ဘယ်တော့မှအိပ်တာမဟုတ်။မနက်ကျမှသာ ကျောင်းပို့ဖို နှိုးမရတတ်တာ..။ကျမလဲ အေးပါ သမီးရယ်..။လုပ်ကြတာပေါ့။သူပြောလိုက်တော့လဲ သေချာလေး လုပ်ပေးချင်စိတ်ပေါက်လာတယ်။ဒါနဲ့ မီးရှူးလေးဖေါက်ပြမယ်ဆိုပြီး သီတင်းကျွှတ်တုန်းက မဖောက်ဖြစ်ပဲကျန်နေတဲ့ မီးရှူး 2ချောင်းကို ကြိုးစားပီးမီညှိတယ်။အရေးထဲ ကြာနေပြီမို့မီးရှူးက တော်တော်နဲ့မီးမပေါက်၊လှုပ်လှုပ်ပေးနေရသေးတယ်....။
သူများတွေက Count Down လုပ်နေပြီ။ဒီကမီးရှူးကမထွက်သေးဘူးလေ..။နောက်ဆုံးတော့ သူများတွေက 6,5 ရောက်နေကာမှ သမီးအော်၊အော်ဆိုပြီး 4,3,2 Happy New Year ရှူးရှူးဒိုင်း...ဖေါင်း...ဆိုပြီးကိစ္စပြီးလိုက်ကြောင်းပါပဲ..။

မောင်လေးရှင်းသန့်ရေ..အစ်မရဲ့ 2008 နောက်ဆုံးစက္ကန့်တွေကတော့ ရေးခဲ့သလိုပဲ ကုန်ဆုံးခဲ့ပါတယ်..။
ခုချိန်မှာတော့ ပျော်ရွှင်မှုဆိုတာလဲ သိပ်ပြီးထူးခြားလှတဲ့ ခံစားချက်တစ်ခုတော့မဟုတ်တော့ပါဘူး။အဲ့ဒိညတုန်းက ပျော်နေတဲ့သူတွေကိုတော့ အားကျတယ်...။ငါ့မောင်လိုပဲ 2008 ကိုပြန်လည်သုံးသပ်ပြီး 2009 ကိုရင်ဆိုင်ဖို့အသင့်ပြင်တဲ့အကြောင်းတော့ အလျင်းသင့်ရင်ရေးပါဦးမယ်..။

အားလုံးချမ်းမြေ့ပါစေ။

Sunday, December 28, 2008

စိတ်ကူးအိပ်မက်များ

ပြောခဲ့ဖူးသလို ချစ်တတ်တဲ့ရင်ခွင်အကျယ်ကြီးနှင့်လူဆိုတော့ စိတ်ကူးကလဲ အလွန်ကိုယဉ်ပါသည်။ အင်္ဂလိပ် စကားပုံလား၊ အဆိုအမိန့်လား မသိ.. ကြားဖူးတာတောင်ရှိသည်။ " အိပ်မက်တွေကို မက်ပါ..တနေ့မှာ အိပ်မက်တွေက သင်သွားလိုရာကို ရောက်တဲ့အထိခေါ်ဆောင်သွားပါလိမ့်မယ်" ..တဲ့လေ..။
ဒီတော့ အလကားဖောချင်းသောချင်းရနိုင်တဲ့ ဒီစိတ်ကူးအိပ်မက်တွေ ဘာလို့ မမက်ရဲရမှာလဲ....။
စိတ်ကူးယဉ်တတ်တဲ့အရွယ်ကတည်းက မက်ခဲ့တဲ့စိတ်ကူးအိပ်မက်...ခုထိလဲ မက်ဆဲပါပဲ။ဆက်ပြီးလဲ မက်နေမိဦးမှာပါပဲ။

စိတ်ကူးအိပ်မက်များ အများအပြားရှိပါတယ်။ သို့သော် အဲ့များလှတဲ့ စိတ်ကူးအိပ်မက် ကို အကောင် အထည်
ဖေါ်ဖို့ရာ လမ်းကြောင်းပေါင်းများစွာနဲ့ လျှောက်လှမ်းမှ ဖြစ်နိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်။ ကျမစိတ်ကူးလေးတွေကို တစ်ခုချင်းစီ ချရေးကြည့်ပါ့မယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ၀ိုင်းပြီးစဉ်းစားပေးကြပါဦး။

၁ ) နယ်ပြန်ပြီး အမေနဲ့နေဖို့...

အငယ်ဆုံးသမီးကို အမြဲတမ်း ရင်ခွင်ထဲ ထည့်ထားပြီးနေချင်တဲ့ ကျမအမေရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးဖို့ ဒါက ကျမအတွက် လက်တွေ့အကျဆုံး အိပ်မက်တစ်ခုပါပဲ။ အမေအသက်က ခုဆို ၆၀။ ခုလာမယ့် ပြာသိုလထဲမှာ ပြည့်ပါပြီ။ ဆိုတော့ အမေ့အသက် ၇၀ ဆိုရင်တောင် ကျမဒီအခွင့်အရေးကို ရနိုင်ပါ့မလား မသေချာသော်လည်း တစ်နေ့ဖြစ်ကိုဖြစ်လာရမယ်လို့ အမြဲအိပ်မက်မက်ပါတယ်။
ကျမစိတ်ကူးထဲမှာပေါ့လေ..။

အမေနဲ့အတူ ခြံစိုက်စားကြမယ်။ ခုလို ဆောင်းတွင်းဆိုရင် မေမြို့၊ဂန္ဒမာ နဲ့ ဂေါ်ဖီပန်းတွေနဲ့ ကျမတို့ရဲ့ အိမ်နောက်ဖေး ဈေးဆိုင်လေးက စည်ပင်နေမှာပဲ...။ အပင်တွေကို ရေလောင်းဖို့ အတွက် ရေတင်စက်လေးတစ်လုံးဝယ်မယ်။ ပြီးရင် ရေပိုက်နဲ့ပဲ ရေဖြန်းမယ်...။ခုလို ပုံးနဲ့ထမ်းပြီးရေလောင်းစရာ မလိုတော့ဘူးပေါ့။ကျမတို့အိမ်နောက်ဖေးက ချောင်းထဲမှာ နေ့တိုင်းရေဆင်းချိုးမယ်။အသားတွေမဲလဲ မဲပါစေ၊ဆံပင်တွေနီလဲ နီပါစေ။ရေချိုးရင်း ငါးတွေဖမ်းမယ်၊ငှက်ပျောတုန်းနဲ့ နွံတွေကို ကမ်းစပ်ထိ တွန်းတင်ပြီး အဲ့ဒိနွံထဲမှာ လျှောက်ပြေးနေတဲ့ ငါးတွေကိုဖမ်းမယ်...။အဲ့ဒိအခါ အမေက ဟဲ့မိ...ရေ...နင်ခုလာခဲ့စမ်းလို့ အော်ခေါ်လိမ့်မယ်။အော်ခေါ်တဲ့ အခါကျမှ ပြေးလွှားပြီ ကုန်းပေါ်ကိုတက်မယ်...။
အိမ်ပေါ်ရောက်တော့မှ ရေအသန့်နဲ့ တစ်ထပ်ချိုးပြီးတော့မှ အမေချက်ထားတဲ့ ငါးဖြူလေးချက်၊ငါးမီးဖုတ်နဲ့ ငြုပ်သီးစိမ်းထောင်းဖျော်ထားတဲ့ ငါးပိချက်နဲ့ ဘူးရွက်ပြုတ်တို့စရာနဲ့ ထမင်းစားမယ်...။ကျမရှာလို့ရလာတဲ့ ငါးလေးတွေကိုတော့ အမေမသိအောင် အိမ်ရှေ့ အိမ်ကိုပေးလိုက်ပြီးပေါ့....။

အဲ့လို သာမာန်ရိုးကျဆန်တဲ့ဘ၀လေးထဲမှာ ကျမဖြတ်သန်းပြီး ကျမရဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်....။

၂ ) ကျမမြို့မှာ အကျိုးပြု သင်တန်းလေးဖွင့်ဖို့ နဲ့ စာကြည့်တိုက်လေးတစ်ခုတည်ထောင်ဖို့.....

ဒီစိတ်ကူးကလဲ အမြဲမက်တဲ့အိပ်မက်ပါ...။အထူးသဖြင့် နယ်ပြန်ပြီးရင် ပိုပြီးဒီစိတ်ကူးက ပြင်းထန်လာတတ်ပါတယ်။
ကျမတို့ မြို့ဟာ ခရီးလမ်းဆုံးမြို့ဖြစ်သလို ဘာမှလဲ သိသာမြင်သာတဲ့ တိုးတက်မှုမရှိပဲ လူတွေအားလုံးသည်လဲ တို့လူလေးများဆိုသလေ............ဝေလေလေ...သို့မဟုတ်...ခင်ညာာာာာာာာ.....ဆိုတဲ့လူတွေနဲ့ပေါ့။
ကျမအဲ့မြို့လေးမှာ ဘာသာစကားသင်တန်း၊ကွန်ပြူတာသင်တန်းနဲ့ စာကြည့်တိုက်လေးတစ်ခုဖွင့်ချင်တယ်...။

ကျမစိတ်ကူးထဲက ဘာသာစကားသင်တန်းမှာ တစ်ပတ်နှစ်ရက်မှာ ရန်ကုန်ကနေအလကားလာသင်ပေးမယ့် သူငယ်ချင်းရဲ့ အင်္ဂလိပ်စာသင်တန်း၊နောက် ကျမရဲ့ မြန်မာစာသင်တန်းလေးတွေ လုပ်မယ်...။တန်ရာတန်ကြေးလဲ တောင်းမယ်...။
ရလာတဲ့ ငွေနဲ့ ကျမရဲ့စာကြည့်တိုက်မှာ စာအုပ်တွေဝယ်ဖြည့်မယ်...။ရန်ကုန်ကို စာအုပ်တွေလှမ်းမှာမယ်...။

ကွန်ပြူတာသင်တန်းမှာကျတော့ အဲ့ဒိအချိန်ဆို အင်တာနက်တွေ၊ဘာတွေလဲချိတ်ဆက်လို့ရနေလောက်ပြီ ဆိုတော့ကျမကလေးတွေကို ဂျာဗားတွေဘာတွေကအစ နည်းပညာနဲ့ပတ်သက်တာ အကုန်သင်ပေးမယ်...။ဒါသင်ဖို့အတွက်တော့ သင်တန်းဆရာရှာရဦးမယ်..။ကျွမ်းကျင်သူများ ကျမအိပ်မက်တွေ အကောင်အထည်ဖော်တဲ့အခါ ပါဝင်ဖို့ ခုထဲကဆက်သွယ်နိုင်ပါတယ်...။

ကျမစာကြည့်တိုက်လေးမှာကျတော့ ကျမတုန်းက အသက်အရွယ်အလိုက် မဖတ်ခဲ့ရတဲ့စာတွေကို ကျမ Librarian တွေဖတ်နိုင်အောင် စီစဉ်ထားမယ်...။ကျမစာကြည့်တိုက်မှာ ငှားလဲငှားနိုင်သလို ထိုင်မြည်းလဲလုပ်လို့ရအောင် စီစဉ်ထားမယ်..။စိုစွတ်ပြီး အပင်ပေါတဲ့အရပ်ဖြစ်တာမို့ ခြံအကျယ်ကြီးထဲမှာ အပင်မျိုးစုံစိုက်ထားဦးမယ်...။အပင်စိုက်တာ ၀ါသနာပါတဲ့ ကျမအစ်မငယ်က အဲ့ဒါကိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်...။ကျမကို ဝေဖန်မယ့်သူတွေကိုလဲ အလုပ်နဲ့သက်သေပြဖို့ စဉ်းစားထားတယ်...။ကျမရဲ့ နယ်မြို့က သယ်၇င်းတွေကတော့ နင်တော်တော်ကြောင်တာပဲလို့ ပြောကြလိမ့်မယ်..။သူတို့တွေကိုလဲ သိမ်းသွင်းမနေပါဘူး..။။ကိုယ့်လမ်းကိုယ်ဆက်လျှောက်မယ်...။


၃ ) ကျမထက်ပိုတော်တဲ့..၊သို့မဟုတ် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်တဲ့ ကျမရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့....

ကျမအမေထက် ကျမတော်တယ်၊ပိုအသုံးကျတယ်လို့ ဘယ်တုန်းကမှ မခံယူခဲ့ဘူး..။ဒါမဲ့ ကျမရင်သွေးတွေကျရင်တော့ ကျမထက်ပိုတော်ပြီး လူ့လောကပတ်ဝန်းကျင်အတွက် အထောက်အကူပြုမယ့် လူငယ်လေးတွေဖြစ်စေချင်ပါတယ်..။
ဖြစ်အောင်လဲ ကျမကြိုးစားထောက်ပံ့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။ကျမရင်သွေးလေးတွေက အမှီခိုကင်းကင်းနဲ့ ဘ၀မှာရပ်တည်နိုင်ရမယ်..။အမျိုး၊ဘာသာ၊သာသနာကို ချစ်တတ်ရမယ်...။အမှားနဲ့ အမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ရမယ်..။အဲ့ဒိလို ရင်သွေးလေးတွေနဲ့ ကျမရဲ့နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်တယ်...။

ကဲ..ဒီလောက်ပါပဲ..ကျမစိတ်ကူးတွေကတော့...လုံးဝအောက်မဆင်းဘူးနော်..။မောင်လေးကာတွန်းရေ..အဆင်ပြေမယ် မျှော်လင့်ပါတယ်..။

သည်းခံဖတ်ပေးကြတဲ့ မောင်နှမများအားလုံးစိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေ...။

ကျမစိတ်ကုးတွေကို ဖတ်ပြီးရင် အစ်ကိုတို့အစ်မတို့လဲ ရေးပေးရမယ်နော်...။

ကိုအောင်သာငယ်(သူပဲအမြဲတဂ်နေတာ..ဒီတစ်ခါ ညီမတဂ်တာ ဖြေ...:) )
ကိုဆောင်းယွန်း(ညီမအလှည့် )
ကိုငြိမ်းစု (ဘယ်တုန်းကမှ မဖြေ..သို့သော် ၀ါသနာအရ တဂ်ပါသည်)
အစ်ကို ဖိုးညို(ပထမဆုံးနဲ့ အခါအခွင့်သင့်တုန်း ရေးပေးမယ်လို့ မျှော်လင့်ပါတယ်..။)
မောင်ရှင်းသန့် (အစ်မကြီးပဲလေ အနိုင်ကျင့်ရမှာပေါ့)
ကျောင်းဆရာ (ခပ်လန့်လန့်နဲ့ပဲ...)
မောင်နော်မန်..(၀ါသနာမယ်လို့ ထင်ပါတယ်)
အစ်မ ယောနသံ (အစ်မကြီး ဒုတိယံပိနော)
အစ်မပန် (အစ်မသာ ဖြေရင် ညီမတကယ်ဝမ်းသာမှာ)
အစ်မကေ (ခင်တယ်ဆို ဖြေပေးနော် အစ်မ )

အစ်ကိုအစ်များ၊အားရင်ရေးပေးမယ်လို့ ယုံကြည်ပါသည်။

Monday, December 08, 2008

အမုန်းစာရင်း......

စိုင်းစိုင်းခမ်းလှိုင် သီချင်းခေါင်းစဉ်နဲ့များတူနေမလားမသိဘူး။
ဒါပေမယ့် ကိုဆောင်းယွန်းလကြီးလာအော်ခဲ့တာတွေ့ကထဲက ဒီနာမည်တပ်မည်လို့စိတ်ကူးပေါ်တာနဲ့
တခြားစဉ်းစားမနေတော့ပဲ ဒီလိုလေးပဲ တပ်လိုက်ပါတယ်..........။
ကိုယ့်ကိုယ်ကိုမုန်းတဲ့ အမုန်းစာရင်းကလဲ များတော့များသား၊
အဲ..ဒါပေမယ့် သူတစ်ပါးကိုတော့ မမုန်းတတ်ပါဘူး။မမုန်းတတ်တဲ့အပြင် ခင်တတ်လွန်းလို့တောင်
ကိုယ့်ကိုယ်ကို မုန်းပါသေးတယ်...။
ကဲ အဲ့ဒိတော့ ခင်တတ်လွန်းတာကနေပဲ စလိုက်တော့မယ်။


၁ ) ခင်မိပြီဟေ့ဆို....အမုန်းကို ခင်တာ

ဟုတ်ကဲ့ ကျမကလူတွေကို အရမ်းခင်တတ်ပါတယ်..။
ဒါပေမယ့် တွေ့တဲ့လူ ဖမ်းခင်လိုက်တာမျိုးတော့မဟုတ်ပါဘူး။
ကျမစိတ်ထဲမှာ ခွဲခြားပိုင်းခြားထားပါတယ်......။လူတိုင်းကို မခင်တတ်သလို ခင်မိပြီဆိုရင်လဲ ရဲဘော်လိုပေါင်းချင်တာပါ။ခင်လို့ သွေးရင်းသားရင်းစိတ်၊ရဲဘော်ရဲဘက်စိတ်ပါ တကယ်ပါလာပြီဆိုရင်တော့ ပြောမိ၊ဆိုမိတွေအထိဖြစ်တတ်ပါတယ်...။အဲ့ဒိအခါမျိုးကျတော့ အပြောခံရတဲ့လူက အခန့်မသင့်ရင် ပြဿနာတွေကဖြစ်လာတတ်ပါတယ်...။ဒါကြောင့် ကိုယ့်ကိုယ်ကို မုန်းပါတယ်..။

၂ ) တွေဝေခြင်း

ကျမ Profile မှာကိုပဲ တင်ထားပါတယ်...။
တွေဝေခြင်းတွေနဲ့လုံးထွေးသတ်ပုတ်နေတတ်သူဆိုပြီးတော့လေ...။
တကယ်တွေဝေတာပါ...။ဆုံးဖြတ်ချက်တစ်ခုချဖို့ဟာ အချိန်တွေအကြာကြီးယူတတ်လွန်းပါတယ်...။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူချင်တာကြောင့်လဲ ပါတယ်..ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်ဖြစ်ကိုယ်ခံသဘောထားပြီးတွေဝေလွန်းလှပါတယ်...။မကောင်းမှန်းသိတယ်...။ဒါပေမယ့် အဲ့ဒိတွေဝေစဉ်းစားငေးမောပြီးမှ ရလာတတ်တဲ့အဖြေကိုပဲ သဘောကျနေတတ်တယ်..။
အဲ့ဒါကြီးကိုလဲ မုန်းတယ်...။

၃ ) ဒေါသကြီးလွန်းခြင်း

လူတိုင်းနဲ့တော့ မဟုတ်ပေမယ့် ကျမက ကျမနိုင်လို့ရတဲ့လူတွေနဲ့ဆို အင်မတန်ဒေါသကြီးပါတယ်...။
ဝူးဆို ဒိုင်းကနဲ၊ထစ်ဆို ဗြစ်ခနဲ ဆိုတဲ့လူစားမျိုးထဲကပါ...။
(ကျမအစ်ကိုက အမေ့ကိုခဏ ခဏပြောတဲ့စကားရှိတယ် အမေသမီးမွေးထားလို့တဲ့ သားသာဆို ဂတ်တဲသွားရတာနဲ့ ချောင်းပေါက်မယ်တဲ့ ...)
ဒါပေမယ့် ချက်ချင်းဒေါသကလဲ ပြယ်တတ်ပါသေးတယ်..။ကောက်ရိုးမီးဒေါသလေ..။
အဲ့ခါကျတော့မှ ကိုယ်ဒေါသဖြစ်ခဲ့တာက ရှက်စရာဖြစ်ဖြစ်နေတတ်တယ်...။
အော်မိ၊ဆဲမိ၊ဆိုမိတဲ့သူတွေကိုလဲ အားနာရတယ်..။

၎ ) စိတ်မရှည်တတ်တာ

အပေါ်က ဒေါသကြီးတယ်ဆိုတာကို နံပါတ်တွေများသွားအောင် ခွဲထုတ်လိုက်တာ.....:P
ဒေါသကြီးတယ် ဆိုတာကလဲ စိတ်မရှည်တတ်လို့ပဲ ထင်ပါတယ်...။
" ပြောတဲ့သူပြီးပြီ လုပ်တဲ့သူမပြီးသေးဘူးလား" ...ဆိုတဲ့လူမျိုးပါ..။ကိုယ်တိုင်လဲ စိတ်ကတအားမြန်သလို သူတကာကိုလဲ
စိတ်မရှည်တတ်ပါဘူး။ဒါကိုလဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်လို့ မုန်းတယ်...။

၅ ) ကိုယ်တတ်သလောက်၊ကိုယ်သိသလောက်လေးကို သူများကိုသိစေချင်တာ

ဒီတစ်ခုကတော့ အထူးသဖြင့် ကျမနဲ့လက်ပွန်းတတီးနေနေတဲ့ သူငယ်ချင်းတွေနဲ့ဆို ပိုဖြစ်တတ်ပါတယ်...။
ဒီနေ့ ဘယ်သူဘလောဂ့်ကို ငါသွားဖတ်တော့ သူရေးတာဟာ...ဘယ်လိုကောင်းတာ..၊
သူ့ပန်းချီလေးတွေကဟာ.....ဘယ်လို မိုက်တာ....၊စသဖြင့်....
နောက်ရှိသေးတယ်...ဖတ်ပြီးသမျှ စာအုပ်တွေ၊ဂျာနယ်တွေ ထဲက သူတို့မဖတ်ရသေးတာတွေကိုဆို နားထောင်ချင်သလား၊နားမထောင်ချင်သလား မစဉ်းစားပဲ နင်းကန်ပြောပြတတ်တာ..
ဒါကိုလဲ ဘယ်သူကမှ သတိပေးစရာမလိုပဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်သေးတာ.....မို့
ဒါကိုလဲ စာရင်းသွင်းလိုက်တယ်..။

၆ ) စကားများတာ

ခုရေးနေတာတွေကိုပဲ ကြည့်ပါဦး၊စကားများလား၊မများလား ခန့်မှန်းလို့ရလောက်ပြီထင်ပါရဲ့...။
တခါတလေဆို စကားပြောခြင်းအနုပညာလို့တောင်ကိုယ့်ကိုယ်ကိုမာန်တတ်သေးတယ်..။
ဒါပေသိ....သူများနားညည်းလောက်အောင်ထိပြောတာတော့ မကောင်းဘူးပေါ့..။
ကဲ..ခုပဲကြည့် ပြောရင်းကလည်နေပြီ...မုန်းလိုက်တာ..

ရ ) သိချင်တတ်ချင်စိတ်များတာ
အမှတ်တမဲ့ဆိုရင်တော့ ဒါကောင်းတဲ့အချက်ပဲ...။ဘာမုန်းစရာရှိလဲလို့ ထင်စရာပဲ..။
ဒါပေမယ့် ဒီစိတ်ကြီးနဲ့ အမြဲနေနေရသူဆိုရင်တော့ ဒါမုန်းစရာပါ..။
ဟိုဟာလေးဆိုလဲ ကလိလိုက်ရမှ...ဒီဟာလေးဆိုလဲ...စမ်းကြည့်လိုက်ရမှ...
တချို့ပြင်မရလောက်အောင် ပျက်စီးသွားတတ်တာတွေရှိတယ်
အဲ့ဒိစိတ်က လူကိုအနှိပ်စက်ဆုံးပါပဲ...ဘယ်လိုပြုပြင်ရမယ်မှန်းတောင်မသိပါဘူး...။
ဒါကြောင့် ထည့်တယ်အမုန်းစာရင်းထဲ..ကဲ...

၈ ) ပစ္စည်းကောင်းမက်တာ

မသုံးရရင်နေပါစေ...သုံးမယ်ဆိုရင်တော့ ကောင်းမှသုံးချင်တဲ့ အကျင့်ဆိုးပါ..။
သူငယ်ချင်းတွေက ထောမနာပြုပါတယ်...ဘန်းစကားနဲ့ Miss Branded တဲ့....
ပိုက်ဆံလဲ ကုန်တယ်...စိတ်မထားတတ်တဲ့အခါမျိုးဆို ပင်ပန်းတတ်တယ်...ဒါလဲ စာရင်းထဲထည့်လိုက်တယ်..။

၉ ) အရာရာကို စနစ်တကျ ရှိစေချင်တာ

အပင်ပန်းဆုံး အချက်ပါပဲ...။ကိုယ့်နေရာ၊ကိုယ့်အခန်း၊ကိုယ့်အိမ်၊ကိုယ့်ရွာ...............စသဖြင့်
စည်းနဲ့ကမ်းနဲ့ စနစ်တကျတွေ ဖြစ်စေချင်တာ....၊ဖြစ်စေချင်တော့ လိုက်လုပ်၊လိုက်လုပ်တော့ ပင်ပန်း၊
ဒီကြားထဲ စည်းကမ်းမရှိသူနဲ့ဆို ဒေါသကထွက်ရသေး..။ဒီအတွက်ကြောင့် အဲ့ဒိအကျင့်ကိုလဲ မုန်းတယ်...။

၁၀ ) အားနာတတ်ခြင်း
တစ်ခုခုဆို ကျမပါးစပ်က အရင်ဆုံးထွက်လာတတ်တာ အားနာလို့ဆိုတဲ့ စကားပါ။
အတူနေတဲ့ သူငယ်ချင်းနဲ့ဆို အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတာ တစ်ကျက်ကျက်ပါပဲ၊
အားနာပြီး ပိုက်ဆံချေးလိုက်တာ၊အားနာပြီး ကိုယ်နဲ့လဲ သိပ်မရင်းနှီးတဲ့သူကို တစ်နေကုန်တစ်နေကမ်း အဖော်ပြုပေးနေတာ၊အားနာပြီး အပေါင်းအသင်းလုပ်မိတာ၊အားနာပြီး ကားခကိုမဆစ်တာ...အများကြီးပါပဲ...။

ခုလဲ ကိုဆောင်းယွန်းကြီးကို အားနာပြီး ဖြေလိုက်တာမှ စာကိုအရှည်ကြီးပဲ..အဟဲ အလကားနောက်တာ...။

အမုန်းစာရင်းတွေကတော့ ဒီလောက်ပါပဲ...ရေးရင်းကလဲ လည်နေပြီ..။
တော်ကြာဖတ်ရင်း ဖတ်ရင်းနဲ့ အပေါင်းအသင်းမလုပ်ချင်တော့အောင်ဖြစ်လာမှာ စိုးလို့ပါ..။
စိတ်ထဲရှိသလို ရေးထားတာဖြစ်လို့ သည်းခံပြီးတော့ပဲ ဖတ်ပေးကြပါ..။

မှတ်ချက်။ ။သူများတဂ်တော့ကိုယ်လဲ တဂ်ချင်တာပေါ့လေ...။မှုတ်ဖူးလား။
၁ )ကိုငြိမ်းစု ( ဒီတစ်ခါနဲ့ဆို 2 ခါရှိပြီ တဂ်တာ...မဖြေရင် အပေါင်းအသင်းမလုပ်တော့ဘူး)
၂ ) မြို့တက်ပြီး လူလည်ကြီးလုပ်နေတဲ့ တောကျောင်းဆရာ
၃ ) အစ်မ ယောနသံစင်ရော်
၎ ) အစ်ကိုကြီး ကိုအောင် (မနေ့ထဲက တစ်ယောက်ကျန်သေးပါတယ်..စိတ်ထဲမှာထင်နေတာ မေ့ကျန်ခဲ့တာစိတ်မဆိုးဘူးဆို ရေးပေးနော် )

Sunday, October 12, 2008

အချစ်ဆိုတာ

"အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု
ဘယ်သူမပြု မိမိမှု၊စဉ်းစားကြည့်ပါခု
မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု
528 ထက်ပိုရင် ငိုပွဲတွေစု။သံယောဇဉ်ဆိုတာကရော
ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။"
အယ်မဟုတ်တော့ဘူး။
ကိုယ်ရေးရမှာ၊ကိုယ်တိုင်ရေးရမယ့်ဟာကို သီချင်းတွေလျှောက်ရေးနေမိတယ်။

ခင်မင်ရတဲ့ အစ်ကိုကြီး ကိုအောင်သာငယ်က "အချစ်ဆိုတာ "ဆိုပြီးတက်ဂ်လာတော့လဲ
ရေးတတ်သလောက်တော့ရေးရမှာ့ပေါ့လေ။
ဒီမှာကြုံတုန်းလေး ပြောချင်ပါသေးတယ်။
ဘလောဂ့်တစ်ကာ လှည့်ပြီးစာဖတ်တဲ့သူငယ်ချင်းနှစ်ယောက်က ကျမတောင်မသိသေးဘူး။သူတို့က
ဟဲ့ နင့်ကို ကိုအောင်သာငယ်က အချစ်ဆိုတာ ကိုတက်ဂ်ထားပါလားတဲ့။
ဟီးဟီးရယ်စရာကြီးနော်တဲ့။နောက်တော့ သူတို့ဆက်ပြီး ရယ်ပါလေရော။
အသင်းအဖွဲ့တစ်ခုလို ၇ နှစ်ကျော်ပေါင်းလာတဲ့သူငယ်ချင်းတွေပါ။
သူတို့က ကျမကိုမှ အချစ်အကြောင်းရေးခိုင်းတယ်ဆိုတော့ သဘောကျတော့မပေါ့။

ကဲ အစ်ကို ကိုအောင်သာငယ်...ဒီလောက်ဆိုခန့်မှန်းမိလောက်ရောပေါ့နော်။
ညီမဘယ်လောက်ထိအချစ်ကို ခံစားတတ်သလဲဆိုတာကို။
စိတ်ထဲရှိသလောက်လေးတော့ရေးပေးလိုက်ပါတယ်။
အစ်ကို Tag သမျှလူတွေထဲမှာ အဆင်မပြေဆုံးဖြစ်နေမှာတော့ ကြိုမြင်ယောင်သေး။

ကျမသိသလောက်

" အချစ်ဆိုတာ "


လကို ကဗျာလုပ်စေပြီး
နေလို ပူလောင်စေတယ်...။

လရောင်ထက်အေးမြပြီး
နေရောင်ထက်ပူလောင်စေတယ်။

မညိုဘဲ ရွာတဲ့မိုး
မျှော်သာမျှော် ပေါ်မလာတဲ့မိုး....။

သူ့ကြောင့်ပဲကျေးကျွန်
သူ့ကြောင့်ပဲ အရှင်သခင်...။

သူ့ကြောင့်မူးပြီး
သူ့ကြောင့်ရူးတယ်....။

သူ့ကြောင့်ပဲကျေးကျွန်
သူ့ကြောင့်ပဲ အရှင်သခင်...။

အတိတ်ကိုနိုးထစေပြီး
အနာဂတ်ကို ရှင်သန်စေတယ်။
လက်ရှိအချိန်ကိုမေ့လျော့စေတယ်။

တစ်ခါတစ်ခါ အလံဖြူလေးပြပြီး
တစ်ခါတစ်ခါကျတော့လဲ အနီရောင်ပါဝါစဖြစ်တယ်။

တစ်ခါတစ်ရံမှာ အမြင့်မားဆုံးတောင်ထိပ်ဖြစ်ပြီး
တစ်ခါတစ်ရံမှာ အနက်ရှိုင်းဆုံးသော ချောက်ကမ်းပါးဖြစ်တယ်။

အရာအားလုံးကိုအဆုံးသတ်စေပြီး
အရာအားလုံးကို အသစ်တစ်ခုစတင်စေတယ်။

သူ့ကြောင့် အင်ပါယာတစ်ခုလုံးကိုသိမ်းပိုက်စေတယ်။
သူ့ကြောင့် နွမ်းပါးတဲ့ဘ၀တွေ ဖြစ်ပေါ်စေတယ်။

အမုန်းကြောင့်လဲ စစ်ပွဲတွေစတင်စေသလို
အချစ်ကြောင့်လဲ စစ်ပွဲတွေဖြစ်စေတယ်။
အချစ်ကြောင့်ပဲ စစ်ပွဲတွေအဆုံးသတ်စေတယ်။

အချစ်ကြောင့် အချစ်
အချစ်ကြောင့် အမုန်း....။

ဒါကထင်သလိုမြင်သလိုတွေလျှောက်ရေးထားတာပါ။
အချစ်ဆိုတာ အနက်ဖွင့်ဆိုဖို့ရာ လွန်စွာခက်ခဲတဲ့ စကားတစ်ခုပါ။
လူတိုင်းမှာ ကိုယ်ပိုင်အချစ်အဘိဓာန်တစ်အုပ်တော့ ရှိတယ်။
ကျမအဘိဓာန်မှာဖွင့်ထားတာတွေက
အချစ်ဆိုတာ
တစ်ခုပေး၊တစ်ခုယူမဟုတ်ဘူး။လူပုဂ္ဂိုလ်၊သတ္တ၀ါများအကြား၊သက်ရှိများအကြား၊
လူအဖွဲ့အစည်းများကြားမှာ အချစ်ကိုလိုအပ်တယ်။
ချစ်တတ်မှ လူစိတ်နှလုံးနူးညံ့တယ်။
ချစ်တတ်ရင်ပျော်စရာ၊မချစ်တတ်ရင်စိတ်ညစ်စရာ။
ချစ်တတ်ဖို့၊သို့မဟုတ် ချစ်ခြင်းနည်းပညာကို ကျွမ်းကျင်ဖို့ပဲလိုပါတယ်။


ကိုအောင်သာငယ်...ဒီရက်ထဲမှ ဒီခေါင်းစဉ်ကိုပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်။
ကျေးဇူးတင်တယ်ဆိုတာမှာ တစ်ခုက သတိတရရေးခိုင်းတဲ့အတွက်၊
နောက်တစ်ခုကတော့ နူးညံ့တဲ့စိတ်ခံစားမှုတွေကို ပြန်လည်နှိုးဆွဖြစ်လို့။
မကောင်းရင်တော့ သည်းခံဖတ်ပါအစ်ကိုရေ...။

Wednesday, September 24, 2008

ကျမရဲ့ ပထမဆုံးများ

ကျမတစ်ခါမှ ဒီလိုစာမျိုးမရေးဖူးပါ။
ခုတော့ချစ်လှစွာသောအစ်ကိုကြီးများဖြစ်တဲ့ကိုအောင်သာငယ်နဲ့ကိုတောကျောင်းဆရာတို့ကTagတဲ့အတွက်
ပြန်လည်ဖြေကြားလိုက်ပါတယ်။မနည်းစဉ်းစားယူရပါတယ်။

ပထမဆုံးတက်ခဲ့ရတဲ့ကျောင်း
ဧရာဝတီတိုင်းက ကျမဇာတိရွာလေးမှာ၊
အုပ်စု ၃၊၄ ရွာအတွက် အဲ့ဒီတစ်ကျောင်းပဲရှိပါတယ်။ဆရာကလဲ တစ်ယောက်ပဲရှိပါတယ်။
သူတစ်ယောက်ထဲက အတန်း ၅ တန်းကိုသင်ပေးခဲ့တာပါ။

ပထမဆုံးအတန်း
သူငယ်တန်လေး။(မူကြိုမတက်ဖူးဘူး။ကျောင်းမှာက သူငယ်တန်းကြီး၊သူငယ်တန်းလေးဆိုပြီးရှိတယ်၊
၃ နှစ်ထဲက အမေကကျောင်းပို့တယ်၊မကောင်းကျောင်းပို့ဆိုတာ ဒါမျိုးနေမှာပေါ့)

ပထမဆုံးသော သူငယ်ချင်း
အိမ်နားက သူငယ်ချင်းကောင်လေးကိုပြောရမယ်ထင်တယ်။
(ခုတော့ သူအိမ်ထောင်ကျသွားပါပြီ။ ဟိ ကြံနေခဲ့တာ.... မရလိုက်ဘူးဖြစ်သွားတယ်)

ပထမဆုံးရတဲ့ ကျောင်းသူငယ်ချင်း
နွယ်လေးတဲ့..။သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါ။ကရင်နဲ့ ဗမာကပြားဆိုတော့ ဖြူဖြူလေးနဲ့ ချစ်စရာကောင်းတယ်။၁၀ တန်းနှစ်ထိ တတွဲတွဲရှိခဲ့တယ်။ခုတော့ သူစင်ကာပူရောက်နေပြီကြားတယ်။

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်
သိပ်တော့မှတ်မိတော့ဝူးနော်၊ပြန်တွေးလို့ရသလောက်တော့ မင်္ဂလာမောင်မယ် အတွဲတွေဖတ်ဖြစ်ခဲ့တယ်

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ
က ကြီး၊ခ ခွေး၊ ဂ ငယ်၊ ဃ ကြီး၊ င

ပထမဆုံး အရိုက်ခံရခြင်း
၈ တန်းရောက်တော့မှ ရိုက်ခံထိတာ၊ဇယ်ခပ်လို့တဲ့ ၊အမှန်တော့ ကျောင်းအားချိန်ခပ်တာပါပဲ၊
ဒါပေမယ့် ဆရာက ဘာလို့လဲမသိဘူး ဇယ်ခပ်တဲ့လူတွေ အကုန်လုံးကို အတန်းရှေ့မှာ တန်းစီပြီ
ခြေသလုံးကို ကြိမ်နဲ့ဆော်တာ (ခုပြန်တွေးရင်တောင် နာသလိုလိုပဲ)
အမေကတော့ တစ်ခါမှမရိုက်ခဲ့ဖူးဘူး။(အငယ်ဆုံးလေးမို့တဲ့ :P )

ပထမဆုံး ရတဲ့ဆု
ကျောင်းမှာဆို၇တန်းနှစ်၊မြို့နယ်ကျောင်းပေါင်းစုံအမျိုးသားနေ့စာစီစာကုံးပြိုင်ပွဲမှာပထမရလို့နာရီလေးရတယ်။
အိမ်မှာတော့ အဲ့နှစ်မှာပဲ အတန်းတင်ပထမရလို့ ကက်ဆက်တစ်လုံးဝယ်ပေးတယ်။
(ဒါပေနဲ့ ဖွင့်စရာအခွေမရှိလို့ ရေဒီယိုသီချင်းတွေနဲ့ပဲကြီးပြင်းခဲ့ရတယ်)

ပထမဆုံး သွားဖူးတဲ့ခရီး
ပုသိမ်ကိုလေ၊ကျမတို့မြို့ကဆို၂နာရီလောက်ပဲကားစီးရတယ်၊
ကျမနေမကောင်းလို့ ဆေးခန်းသွားပြတာ။

ပထမဆုံးစီးဖူးတဲ့ကား
အဲ့ဒီ ပုသိမ်ကိုသွားတဲ့ ဒိုင်နာကားကြီးပေါ့။(အမြဲတမ်းက နွားလှည်းနဲ့ စက်ဘီးပဲ စီးနေရတာဆိုတော့ တကယ်ပျော်ခဲ့ရတာ)

ပထမဆုံး ဆိုတဲ့သီချင်း
နှစ်ပုဒ်ရှိတယ်။အမေသင်ပေးတာဆွမ်းအုပ်နီနီအမေရွက်လို့ နက်ဖြန်သဘက်ကျောင်းတက်မယ်၊ဆိုတာရယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်...
ခရားဆူးခြုံဟိုအထဲက မျှော့နက်မဲကြီးတွယ်လိမ့်မယ်ဆိုတာရယ်
(ဒါကိုပိုကြိုက်မိခဲ့တယ်ဘာလို့ဆိုတော့ကျမတို့မြို့မှာက၀ါဆို၊၀ါခေါင်ဆိုရင် အမှန်အကန်ရေကြီးတာကိုး)

ပထမဆုံး ရေးတဲ့ကဗျာ
ရယ်တော့ရယ်စရာကြီး ဒါပေမယ့်ပြောပါ့မယ်။

အဖေသို့


အဖေရယ်
ဆုပ်ကိုင်လို့မရတဲ့ သဘောလား။

အဖေရယ်
မှတ်မိသလောက်ပြောရရင်
အဖေက သမီးကို ကုန်းပိုးပြီး
မလေးကို အော်ခေါ်နေတယ်လေ။

အဖေရယ်
လူတွေငိုကြတယ်
သမီးကလဲ လိုက်ငိုတယ်
ဒါပဲမှတ်မိတယ်။

အမေကပြောတယ်
အဖေက တိမ်တွေထဲမှာရှိတယ်ဆို။

အဖေရယ်
ဆုပ်ကိုင်လို့မရတဲ့သဘောလား
သမီးအဖေကို မြင်နေပေမယ့်
အဖေကဘယ်မှာလဲ ။.......။

ကျမ ၈ တန်းနှစ်မှာရေးထားတဲ့ကဗျာပါ။ကဗျာရယ်လို့ပြောလို့ရမယ်မထင်ပါဘူး။
အဲ့ဒိတုန်းကတကယ်လဲကျမ အဖေ့ကိုတိမ်တွေထဲမှာ လိုက်ရှာနေခဲ့မိတယ်။
အထူးသဖြင့် အမေဆူတဲ့အချိန်တွေပေါ့။

ပထမဆုံးချစ်သူ
သူခုဘယ်ရောက်နေလဲ ကျမမသိပါ။မသေသေးရင်တော့ ပြန်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။

ပထမဆုံးဝယ်ဖူးတဲ့ စာအုပ်
ငါးသိုင်းချောင်းမှာဝယ်တာ ဆရာကောင်းသန့်ရဲ့ ၂၁ ရာစုအတွေးဆိုတဲ့စာအုပ်။ ၅၀၀ ပဲပေးရတယ်။

ပထမဆုံးဝယ်တဲ့သီချင်းခွေ
ခင်မောင်တိုးရဲ့ ပန်းချစ်သူ သီချင်းပါတဲ့အခွေနဲ့ စိုင်းထီးဆိုင်ရဲ့ မြင့်မိုရ်မို့လား သီချင်းပါတဲ့အခွေတွေ
(ခေါင်းစဉ်တွေတော့ မမှတ်မိတော့ဘူး၊အဲ့ဒိ သီချင်းတွေတော့ အလွတ်ရခဲ့တယ်)

ပထမဆုံးတက္ကသိုလ်ရောက်တဲ့နေ့
သေချာပြောပြပါ့မယ်။တောသားမြို့ရောက် ဖာလူဒါသောက်ဆိုသလိုမျိုး။အဲ ဟုတ်ပါဘူး။
တောသားမြို့ရောက် ကျီးကန်းတောင်းမှောက်ပေါ့လေ၊သံသေတ္တာကြီးတစ်လုံးနဲ့ဟိုကြည့်ဒီကြည့်နဲ့ပေါ့၊
ကျမအစ်ကိုငယ်နဲ့အတူ ရန်ကုန်ကိုလာခဲ့တာ။ကျမတို့မြို့ကနေ ကျမတက်တဲ့ကျောင်းကိုတက်တဲ့သူဆိုလို့
ကျမတစ်ယောက်ထဲရှိတယ်။ဆိုတော့ ကျမမှာ နေစရာရော၊ပေါင်းသင်းစရာရောသူငယ်ချင်းအသစ်တွေ
ရှာရတာပေါ့။နှစ်ယောက်ရခဲ့တယ်။နှစ်ယောက်လုံး ဟင်္သာတ မြို့ကပဲ။
သူတို့နဲ့ ၆ လလောက်တူတူနေခဲ့တယ်။ကျမတို့ တက္ကသိုလ်ရဲ့ ခမ်းနားကြီးကျယ်ပုံကို နောက်ကြုံတော့ ပိုစ့်တစ်ခုတင်ပါဦးမယ်။

ပထမဆုံးရဖူးတဲ့လက်ဆောင်
ကျမသူငယ်ချင်းကောင်မလေးတစ်ယောက်ပေးတဲ့လက်ဆောင်ပါ။
ချောင်းသာသွားကို သူငယ်ချင်းတွေနဲ့တူတူသွားဖြစ်အောင် စီစဉ်ပေးခဲ့တာပါ။
ကျမတတိယနှစ်စာမေးပွဲဖြေပြီးချိန်မှာသွားခဲ့ရတဲ့ခရီးပေါ့။
မွေးနေ့လက်ဆောင်ကိုသူက အဲ့ဒီ Trip လေးတစ်ခုစီစဉ်ပေးခဲ့ပါတယ်။
တသက်လုံးသတိရနေမယ့် လက်ဆောင်ပါ။

ပထမဆုံးအလုပ်
ကျမကျောင်းပြီးတော့မှ အလုပ်စလုပ်တာပါ။ ၁၉ နှစ်ကျော်ကျော်ရှိပြီပေါ့။
Australian တစ်ယောက်ပိုင်တဲ့ company မှာ။Receptionist ပါ။ကျမကို daily wages worker အနေနဲ့ပဲထားပါတယ်။
တစ်နေ့ကို ၂၀၀၀ ရပြီးတစ်ပတ်တစ်ခါပိုက်ဆံထုတ်ရပါတယ်။စုထားချင်လို့ မထုတ်ဘူးလုပ်လို့မရဘူး။
နောက်တော့ Assistant accountant ဆိုပြီးရာထူးတိုးပေးတယ်။
နေ့စားခကိုတော့ တိုးမပေးခဲ့ပါဘူး။ကျမအဲ့ဒိရုံးမှာ ၆လကျော်လုပ်ခဲ့ပါတယ်။
နောက်တော့ အိမ်ကတူမလေးဆေးရုံတက်ရလို့လည်လည်ဝယ်ဝယ်လဲကိုယ်တစ်ယောက်ပဲရှိတယ်ဆိုပြီး အမေကထွက်ခိုင်းလို့ထွက်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် တစ်ယောက်ထဲခရီးသွားခြင်း
နတ်မောက်ကို၊အလုပ်ကိစ္စနဲ့၊မြွေပေါတယ်ဆိုလို့ကြောက်လိုက်တာပြောမနေပါနဲ့။

ပထမဆုံးသောက်ဖူးတဲ့ဆေးလိပ်
မာဘိုလို မန်သော်လိုက် (အလုပ်က အစ်ကို၊အစ်မတွေနဲ့ ကန်တော်ကြီးထဲမှာသောက်တာ....)

ပထမဆုံးသောက်ဖူးတဲ့အရက်
(မိန်းကလေးတွေလဲ သောက်တယ်နော် မယုံမရှိနဲ့)
ချောင်းသာမှာ၊တတိယနှစ်တုန်းက စာမေးပွဲပြီးတော့သွားကြရင်းသောက်ဖြစ်တာ။မူးလိုက်တာမှ။ လေကလဲတိုက်ကတိုက်နဲ့ဆိုတော့ချာချာလည်နေတာပဲသိတယ်။
ကျမသူငယ်ချင်းတွေကပြောကြတယ်ကျမကအရမ်းရစ်တယ်တဲ့။
ဟုတ်မှာ........!!! ဒီအတိုင်းအကောင်းဆိုတောင် စကားဒီလောက်များတာကို။

ပထမဆုံး ဘလော့ပို့စ်
လက်ဘက်ရည်ဆိုင် ဆိုတဲ့ပိုစ့်

ပထမဆုံးခင်တဲ့ ဘလောဂ့်မိတ်ဆွေ
ကိုငြိမ်းစု (ဒုတိယက ကိုအောင်သာငယ်လေ)

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း
အမေ့ကို 25000 ကန်တော့လိုက်တယ်။
အတူနေတဲ့ သူငယ်ချင်းငမွဲနှစ်ယောက်ကို လက်ဘက်ရည်လိုက်တိုက်တယ်။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း
ကျောင်းကားပေါ်မှာဖြစ်တာပါ။ယောက်ျားရှာကောင်မလေးက ကျမသူငယ်ချင်းနဲ့ ကျမကိုလာရစ်လို့။
ထမင်းချိုင့်(စတီးချိုင့်နဲ့)ဆော်ထည့်လိုက်တယ်
စကားချပ်။ ။ အဲ့ဒါငယ်ငယ်တုန်းကလုပ်ခဲ့တာပါ၊ခုတော့ ဘယ်သူ့ကိုမှမော်တောင်မကြည့်ဝင့်ပါဘူး။

ပထမဆုံး အကြိမ်စာမေးခံရခြင်း
ထိုင်ခုံအောက်မှာ ဖိနပ်ကိုမှောက်ပြီးနင်းထားတာပေါ့။အဲ့လိုမျိုး တက္ကသိုလ်တက်တဲ့ထိပဲလုပ်ခဲ့တာ။

ပထမဆုံးဆေးရုံတက်ရခြင်း
ပုသိမ်ဆေးရုံမှာ။နားခွဲရတာလေ။စရောက်ရောက်ခြင်းတုန်းက အမေနဲ့ကျမနဲ့နှစ်ယောက်ထဲရယ်။ကြောက်လိုက်တာလဲ အရမ်းပါပဲ။နှစ်ခါပြန်ပြီး ခွဲခဲ့ရတယ်။

ပထမဆုံးရင်ခုန်ဖူးခြင်း
ကျမအလုပ်မှာ ရွာသူ၊ရွာသား 200ကျော်လောက်ရှေ့မှာ စကားပြောရတုန်းက။
(ဒါကို အခုန်ဆုံးလို့ထင်တာကိုး)

ပထမဆုံးတီးဖူးတဲ့ဂစ်တာ
ကျမသူငယ်ချင်းဝယ်ပေးတာ။အနီရောင်လေး။ဂစ်တာကမ္ဘာက၀ယ်တာ။

ဝူးမောလိုက်တာ။ရေးကောင်းကောင်းနဲ့ရေးနေလိုက်တာ။များတောင်တွားပီလားမသိ။
ဖတ်ရင်းပျင်းသွားတယ်ဆိုလဲတောင်းပန်ပါတယ်အစ်ကို၊အစ်မတို့ရယ်....
Tag တဲ့လူတွေကို ကျေးဇူးတင်ပါတယ် ကျမလဲထပ်ပြီး tag လိုက်ပါတယ်
ခင်မင်ရပါသော ကိုငြိမ်းစု နဲ့ သယ်ရင်းကြီး ဘိုဘို