Saturday, February 26, 2011

မုန်းမိတယ်ဆိုရင်တောင် အဲ့ဒါ မတော်တဆ

ကျမတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးကြတယ်...။အဲ့ဒိ မတော်တဆမှုတွေကနေပဲ တချို့ အမှတ်ရစရာ၊ပျော်စရာ၊တချို့ဝမ်းနည်းစရာ..နောက်ပြီး အဲ့ဒိမတော်တဆမှုတွေကနေ တစ်ဘ၀လုံး ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေထိ ဆိုးရွားခဲ့တာတွေ..။

*********************************************

ဒီညကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်းလေးတစ်ခုအကြောင်း အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖြစ်ပြီး မင်းသားက မြန်မာပရိတ်သတ်တွေကြားမှာ အချိန်အတော်ကြာ ကွယ်ပျောက်နေတဲ့ တချိန်တုန်းက ညီနန္ဒခေါ် ခု နန္ဒ ပါ။ မင်းသမီးတွေက နန္ဒာလှိုင်နဲ့ ပန်းဖြူနဲ့ ကလေးသရုပ်ဆောင် ၂ယောက်လဲ ပါဝင်ပါတယ်။

ဇာတ်လမ်းကို အကျဉ်ချုံးပြီးပြောရရင်တော့ ညီနန္ဒနဲ့ ပန်းဖြူတို့က ဇနီးမောင်နှံတွေဖြစ်ကြတယ်။သူတို့မှာ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။

ပန်းဖြူက အိမ်ထောင်မှုလုပ်၊သိမ်းထုပ်သေချာပြီး အင်မတန်မှ သ၀န်တိုတတ်တဲ့အမျိုးသမီး၊ညီနန္ဒကကျတော့ အလုပ်ကိုပဲအေးအေးဆေးဆေးလုပ်ချင်သူ။ သူ့မိန်းမကိုအရမ်းချစ်ပေမယ့် သူ့မိန်းမကတစ်မျိုးပြီးတမျိုး မရိုး နိုင်အောင် သူ့ကိုနီးစပ်ရာအမျိုးသမီးတွေနဲ့သမုတ်နေတာကို နားပူမခံချင်ဘူး။နားအေးပါး နေချင်တဲ့သူ ဆိုပါတော့။

သူတို့နှစ်ဦး(နန္ဒနဲ့ ပန်းဖြူ)ကြားမှာ ယောက်ျားလုပ်သူကို အမျိုးသမီးက အမြဲတမ်းရန်ရှာပြီး၊ အချိန်တိုင်း ရန်ဖြစ်နေရတဲ့ ပြသနာကတော့ နန္ဒာလှိုင်နဲ့ ညီနန္ဒတို့က အလုပ်တစ်ခုထဲဖြစ်နေခြင်းပါပဲ..။ညီနန္ဒရဲ့ အသံသွင်းစတူဒီယိုမှာ နန္ဒာလှိုင်က ၀န်ထမ်းတစ်ဦးပေါ့။

ဒီလိုနဲ့ သ၀န်တိုတတ်တဲ့မိန်းမရယ်၊အေးတိအေးစက် မထုံတတ်တေးလုပ်တဲ့ယောက်ျားရယ်၊နောက်ပြီး အင်မတန်မှ ဗဟုသုတကြွယ်ဝသလို၊လူတွေရဲ့ စိတ်အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက် လွယ်သော တပည့်မလေးတစ်ဦးရယ်နဲ့ ဇာတ်အိမ်တစ်ခုတည်ခဲ့ပါတယ်။

ခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွေအတော်များများဟာ ဟိုအရင်ကလို ချစ်ကြိုက်ကွဲ၊ပြီးရင် ပြန်ပေါင်းထုပ် ဆိုတာတွေထက် အခုကားလိုမျိုး လူ့သဘော၊မနောတွေနဲ့ ရောယှက်ထားတဲ့ဇာတ်တွေ များလာပါတယ်။ ဇာတ်အိမ်အားဖြင့်ရှုပ်လာပြီး အဲ့ဒီဇာတ်အတွက် သရုပ်ဆောင်တွေနိုင်နင်းမှု ရှိမရှိဆိုတာကတော့ တခြားတပိုင်းပေါ့လေ...။

အဲ့ဒါနဲ့ တနေ့မတော့ လင်မယားချင်းစကားများကြတယ်။ ဒီတစ်ခေါက်ပြဿနာက အနည်းငယ်ပြင်းထန်ပြီး ကိုယ်ထိလက်ရောက်တွေပါ ပါလာတယ်။ တွန်းထိုးရင်းက ပန်းဖြူက ဗီရိုစောင်းနဲ့ခိုက်မိပြီး သေဆုံးသွားခဲ့တယ်။

ဒီနေရာမှာ ဇာတ်လမ်းအသေးစိတ်ကို မရေးလိုတော့ပါ။ပန်းဖြူက သေခါနီးမှာဆွံ့ဆွံ့အအနဲ့ ယောက်ျား လုပ်သူကို တစ်ခွန်းထဲပြောသွားတဲ့ စကားက “ကလေးတွေကို စောင့်ရှောက်ပါ” တဲ့။ အသက်ငင်နေနဲ့ ပန်းဖြူရဲ့ မျက်လုံးတွေထဲမှာ"ပြဿနာကို ငါဒီနည်းနဲ့ဖြေရှင်းမိတာ မှားသွားပြီလား" ဆိုတဲ့ နောင်တတွေများလားလို့ ကျမခံစားရှာဖွေမိပြန်ပါတယ်။

အဲ့ဒိမတော်တဆမှုကို ရဲလက်အပ်လိုက်ရင် သူ့ကလေးတွေ မိဘမဲ့တွေဖြစ်ကုန်တော့မှာစိုးတဲ့အတွက် မိန်းမအလောင်းကို ရေထဲလွှင့်ပစ်ခဲ့တယ်။နောက်ဆုံးမတော့ ဖုံးဖိထားရင်းကပဲ အမှုကပေါ်သွားတယ်။ ကလေးတွေက ဖအေလုပ်သူကို အထင်တွေလွဲ၊ အဲ့ဒီလိုနဲ့ ဖခင်က ထောင်ကျတယ်ပေါ့။ သားနဲ့သမီးလေးက သူ့အဖေကို နာကျည်းသွားတယ်။ ဒီနေရာမှာ ညီနန္ဒအတွက် ဝေဒနာက ထောင်ကျရတာထက် လူမမယ် သားသမီးတွေရဲ့ အထင်အမြင်လွဲခံရတာက ပိုမယ်ထင်ပါတယ်။

နောက်ပိုင်းမတော့ ဖအေကို သားသမီးတွေက ခွင့်လွှတ်နားလည်ပေးကြောင်းနဲ့ "မုန်းတယ်လို့ပြောမိရင်တောင် အဲ့ဒါ မတော်တဆ" လို့ ရေးထားတဲ့ပိုစ့်ကဒ်လေးတစ်ခုကို ထောင်ထဲပို့ပေး...စသဖြင့် ဇာတ်ကိုမနာအောင် ပြန်သိမ်းထားတယ်....။

**********************

ဇာတ်လမ်းဆုံးပြီ။ ကုတင်ပုပုလေးပေါ်မှာ လှဲနေရင်း အတွေးနယ်ဆက်ချဲ့မိပါတယ်။ အဲ့ဒိလို မတော်တဆမှုတွေကြောင့် ကျမတို့ရှင်သန်ကြီးပြင်း ကျင်လည်ရာ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်ခဲ့ ပြီးပြီလဲ...။ အဲ့ဒါထက်ပိုလို့ အချိန် ၂နာရီလောက်ပေးပြီး ကြည့်လိုက်ရတဲ့ဒီဇာတ်လမ်းထဲကနေ ကျမဘာတွေရလိုက်ပါသလဲ။

ကျမသတိထားမိလိုက်တာ တစ်ခုရှိရဲ့...။အဲ့ဒါက အိမ်ထောင်ရေး၊သံသယ၊ဖောက်ပြန်ခြင်း နဲ့ နားလည်မှု အဲ့ဒါတွေ အဟ ကွာနေခြင်း ပါပဲ..။

ဒီဇာတ်လမ်းထဲမှာဆိုရင် ယောက်ျားက တကယ်မဖောက်ပြန်ပါဘဲနဲ့ သူ့ကိုဖောက်ပြန်ပါတယ်လို့ စွပ်စွဲတဲ့မိန်းမကိုတွန်းထိုးရင်းက လူသတ်တရားခံဖြစ်သွားရတယ်..။ မိန်းမအနေနဲ့ကလဲ သူ့ယောက်ျားဆီကနေ သေချာတိကျတဲ့ ဖြေရှင်းစကားတစ်ချို့ကို မျှော်လင့်နေမိခဲ့တယ်။ (အနည်းဆုံး လိမ်ညာပြီး ဖြေရှင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့)

ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာဘူး။သူ့ယောက်ျားကလဲ သူသည်ဘာတစ်ခုမှ အမှားမလုပ်တဲ့အတွက် ဘာကိုမှ ဖြေရှင်းနေစရာမလိုဘူး။

အသံသွင်းစတူဒီယိုအခန်း တစ်ခန်းထဲမှာ အလုပ်အတူလုပ်နေကြတဲ့ တပည့်မလေးက သူအလုပ်ထွက်ပေးဆိုလဲ ထွက်မယ်၊သူ့ကြောင့်တော့ ဆရာတို့အိမ်ထောင်ရေး အနှောက်အယှက်ဖြစ်နေပါ့မယ်ဆိုတဲ့ အပြောကိုလဲ ငါတို့ တွေ မောင်နှမရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ခင်မင်ကြတာကို ငါတို့သိတယ်..။ ဒါကို သူများလက်ခံလာအောင် ရှင်းပြနေစရာမလိုဘူး။ နောက်ပြီးတော့ အဲ့လိုအလုပ်ထွက်လိုက်မှ တို့တွေရဲ့ ဖြူစင်မှုကို သူများအထင်သေးတယ် စသဖြင့် ငါတို့မမှားဘူးဆိုပြီးလက်မခံတဲ့ ဆရာတပည့်ကြားက နားလည်မှု၊စသဖြင့် ပေါ့လေ...။

ဒါပေမယ့် အဲ့ဒါတွေက ဘေးက ပွဲ့ကြည့်ပရိတ်သတ်ရဲ့အမြင်တွေပါ။ကာယကံရှင်တွေက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း၊ ဘာကိုခံစားနေရမှန်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မကြည့်နိုင်ပါဘူး။

အိမ်ထောင်မှု ကိစ္စတွေနဲ့ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေနဲ့ သူတို့ဇောနဲ့သူတို့ ကပ်နေကြတာပါ။ တစ်ဦးချင်းစီက ငါမှန်တယ်၊ ငါဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အတွေးတွေ၊ ငါ့ကိုမှ လာစော်ကားတယ်ဆိုတဲ့ မခံချင်စိတ်တွေ၊ ငါ့ကိုယ်ကျင့်တရား၊ နောက်ပြီး ငါ့တာဝန်ယူမှု.. အဲ့ဒီခံစားမှုတွေက ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ထိ ရင်နင့်ကြေကွဲဖွယ် ဖြစ်ခဲ့တာပါပဲ။

ဒီဇာတ်လမ်းလေးကိုပဲ ကျမတွေးမိတယ်..။ဖခင်လုပ်တဲ့သူ ထောင်ကျသွားတော့ လူမမယ်ကလေးနှစ်ယောက်ကို နယ်မြို့က ဖခင်ရဲ့အစ်ကိုအိမ်မှာထားခဲ့ရတယ်။သူတို့ဟာ သူတို့ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တဲ့ အမေကိုလဲ ရုတ်တရက်ကြီး ပျောက်ဆုံးခဲ့ရသလို အမေပျောက်ကွယ်သွားခါမှ သူတို့ကိုကြင်နာယုယမှုတွေ ပေးလာတဲ့ အဖေကိုပါ မဆိုင်းမတွပဲ... ထပ်ပြီးဆုံးရှုံးလိုက်ရပြန်တယ်...။ ရွှေတောင်ကြီးရော.. အိမ်ခေါင်မိုးရော... အကုန်ပြိုတာမှ သူတို့လေးတွေပါ....။

နှမြောစရာကောင်းတာက တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ ကလေးတွေရဲ့ မိခင်ဖခင်အပေါ် ထားရှိတဲ့ စိတ်တွေ၊ခံယူချက် တွေပေါ့..။ သူတို့လို ကလေးငယ်တွေ ကျမလက်တကမ်းမှာကို အများကြီးရှိနေလေရဲ့။

******************************

ကိုယ်ဘာမှမတတ်နိုင်တဲ့ လူ့သဘာဝတွေမို့ မသိလိုက် မသိဘာသာလေးပဲ နေလိုက်ရမှာလား။ ဒါမှမဟုတ် ကိုယ့်အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေနဲ့ သူတို့ရင်သွေးလေးတွေ သူတို့ကို မတော်တဆမုန်းမိနိုင်တယ် ဆိုတဲ့အကြောင်းလေးများ..... ကွေ့ပတ်ဝေ့၀ိုက်ပြီး ဆွေးနွေးရင်ကောင်းမလား...စဉ်းစား နေရတုန်းပါပဲ။

******************************


လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တုန်းက ရေးထားတဲ့ အဟောင်းလေးပါ။ကိုယ့်စာကိုယ်ဖတ်ပြီး စိတ်တိုင်းမကျပေမယ့် တိတ်ဆိတ်မှုကို ဒီနည်းနဲ့ပဲ ဖြိုခွဲခွင့်ပြုပါ။
ခေါင်းစဉ်ကိုလဲ အဲ့ဒီဇာတ်လမ်းထဲက ပိုစ့်ကဒ်လေးလဲက စာကြောင်းလေးပဲ ယူသုံးလိုက်ပါတယ်။း)