Showing posts with label အလာပ၊သလာပ. Show all posts
Showing posts with label အလာပ၊သလာပ. Show all posts

Saturday, March 24, 2012

ခေါင်းစဉ်မသိတဲ့ ကဗျာ

ဘလော့ဂ်တွေရဲ့ side bar တွေမှာ ကိုယ်နှစ်သက်တဲ့ ကဗျာလေးတွေကို post လုပ်တဲ့ အလေ့အထတစ်ခုကို ဘယ်သူက စတင်ခဲ့သလဲ မသိပေမယ့် ကျမဘလော့ရဲ့ဆိုဒ်ဘားမှာ ကဗျာလေးတွေ တင်နေခဲ့မိတာတော့ နှစ်အတော်ကြာခဲ့ပြီလို့ ဆိုရပါမယ်။ side bar က ကဗျာတွေရဲ့ အပြောင်းအလဲဟာ ဘလော့ပိုင်ရှင်ရဲ့ " စိတ်အရောင် " အပြောင်းအလဲပါပဲ။
ကျမအဖို့တော့ ဆိုဒ်ဘားမှကဗျာတစ်ပုဒ်ဟာ ကျမရဲ့ခံစားမှုကို ကိုယ်စားပြုတယ်လို့ ဆိုချင်ပါတယ်။

======

လွန်ခဲ့တဲ့ သုံးလေးလခန့်ကစပြီး ဘယ်ဆီကနေ ရောက်လာမှန်းမသိတဲ့ အားလပ်တဲ့အချိန်တွေကို ကျမ ပိုင်ဆိုင်လာခဲ့တယ်။ အဲ့ဒီအချိန်ထဲကစပြီး စာလဲ သေသေချာချာ ပြန်ဖတ်ဖြစ်တယ်ဆိုပါတော့။ " စာ " ဆိုပေမယ့် အရင်မြန်မာပြည်မှာ နေစဉ်ကလို မိုးလင်းအိပ်ယာနိုးတာနဲ့ အဆင့်သင့်ပြင်ထားတဲ့ မနက်စာကို စားပြီး ကော်ဖီတစ်ခွက်ဆွဲလို့ တစ်နေ့လုံးအိပ်ယာထဲခွေကာ စာဖတ်နေနိုင်တဲ့ အခွင့်အရေးမျိုးဆိုတာ ဘယ်လိုမှ ပြန်ပြီးဖန်တီးလို့ မရနိုင်တော့တာမို့ စိတ်ထဲဝင်လာတဲ့စာမှန်သမျှ လိုက်ဖတ်မိပါတယ်။ ( အကြောင်းပြ ချက်က သိပ်ပြီး မခိုင်လုံလှဘူးနော် )

အရင်တုန်းက မေ့မေ့လျော့လျော့နေခဲ့မိတဲ့ ဘလော့တွေဆီမှာပါ တစ်ပုဒ်ချင်းဆီ အမြစ်ကနေ လှန် ဖြစ်တော့တာပါပဲ။ ဒီလိုနဲ့.... တချို့ရက်သတ္တပတ်တွေမှာ ကျမဟာ အဲ့ဒီဘလော့ရေးသူတွေရဲ့ စာတွေက လွှမ်းမိုးချုပ်ကိုင်မှုကိုပါ ခံစားလာရတဲ့အထိပါပဲ။ တစ်ဘလော့ချင်းဖတ်ပါတယ်။ တစ်ခုပြီးမှနောက်တစ်ခုကို ပြောင်းဖြစ်တယ်ပေါ့။

အဲ့ဒီမှာ ဟိုး ရှေးခေတ်တုန်းက ဘလော့တွေ အားကောင်းမောင်းသန်ရှိခဲ့ချိန်တုန်းက ဘလော့ဂါတွေ အရှိန်အဟုန်နဲ့ ရေးခဲ့ကြ၊ အပြန်အလှန် Comment တွေပေးခဲ့ကြတာတွေကို ပြန်မြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ Click ကလေးတစ်ချက်ထဲနဲ့ မိမိကိုယ်မိမိ ကိုယ်စားပြုနေရတဲ့ " မျက်နှာစာအုပ် ယဉ်ကျေးမှုခေတ် " ထဲမှာ ကျမလဲ ပျော်ဝင်စီးမျောနေမိသူပါပဲ။ သို့ပေမယ့် ဘလော့ယဉ်ကျေးမှုကိုတော့ တမ်းတမြတ်နိုးဆဲ...။

ပြန်ဖတ်တဲ့ဘလော့တွေထဲမှာ ကျမဘလော့လဲ ပါတာပေါ့။ ဘယ်နေပါ့မလဲ နော်။း) အဲ့ဒီမှာ ကိုယ့်ရဲ့ အင်မတန်မှ နုံချာလှတဲ့အရေးအသားတွေကို ရှက်ဖွယ်လိလိတွေ့ရတော့တာ။ ရေးခဲ့စဉ်အခါတုန်းကတော့ တကယ့်ကိုပဲ ကိုယ်ရေးတဲ့စာကို ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်အပြည့်ရှိမှ တင်ခဲ့တာပါ။ ဒီလိုဆိုရင်ဖြင့် အဲ့ဒီအချိန်တုန်းက ယုံကြည်ချက်တွေကလဲ ခုနေခါမှာ ရှက်စရာတွေဖြစ်နေတာပေါ့။ အဲ့လိုတွေးစရာရှိတယ်နော်။ အဲ့လိုလဲ မဟုတ်ပြန်ဘူး။း)
စကားတွေများနေမိပြန်ပြီ။ လိုရင်းကို ရောက်အောင်သွားစရာရှိသေးတယ်။

ကိုယ်ရေးထားတဲ့စာတွေကို ပြန်ဖတ်တဲ့အခါ ကိုယ့်မိတ်ဆွေဘလော့ဂါတွေ၊ ဘလော့လာဖတ်သူတွေရဲ့ တချို့သော Comment တွေဟာ လက်လက်ထအောင်ကို လှနေပါတယ်။ အဲ့ဒီလို Comment တွေမှ အများကြီးပဲ ပြန်တွေ့ရပါတယ်။ ကျမ ကံကောင်းသားပဲ နော်။

အဲ့ဒါတွေထဲကမှ ... ရေတောင်မနောက်ဘဲ ခြေရာဖျောက်သွားတဲ့ အစ်ကိုတော်တစ်ယောက်ရဲ့ ကွန်မန့်လေး တစ်ခုကို ပြန်မျှချင်ပါတယ်။

ဒီနေရာမှာ အပေါ်ဆုံးတစ်ပိုဒ်မှာ ပြောခဲ့တာလေးကို ပြန်ဆက်စပ်လို့ရပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ကျမရေးခဲ့တဲ့ပိုစ့်တစ်ခုမှာ သူရေးသွားတဲ့ ကဗျာအသွားလေးနဲ့ Comment လေးပေါ့။ သူက ကွန်မန့် အဖြစ်ပေးခဲ့တာမို့ ခေါင်းစဉ်လဲမသိပါဘူး။ အဲ့ဒီကဗျာလေးကို ကျမဘလော့ရဲ့ Side bar မှာ ကာလအခိုက်အတန့်တစ်ခုစာ တင်ထားပါဦးမယ်။ အဲ့ဒီကဗျာတင်ထားသမျှ ကာလတစ်လျှောက်လုံးမှာ မကြေးမုံတစ်ယောက် အဲ့ဒီ ကဗျာဆန်နေတယ် လို့ ယူဆနိုင်ပါတယ်။

" ခေါင်းစဉ်မသိပါ "





















ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ။

မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့။

( ရွာသားလေး- ၀ိုင်တီယူ )

ကဗျာရေးသူ ( သို့မဟုတ် ) comment ပေးခဲ့သူ အစ်ကိုတော်အား စပါယ်ရှယ် ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောလိုက်ပါတယ်။

Tuesday, March 13, 2012

ရွေးချယ်မှုပြဿနာ

( မျက်မှန်အဘွားအိုလေး စာဖတ်ခဲ့စဉ် )

ဟိုးလွန်ခဲ့တဲ့၃နှစ်ကျော်ထဲက ရထားခဲ့တဲ့ဒီမျက်မှန်လေးက ဒီနှစ်ထဲမှာတော့ သူ့ကျန်းမာရေးက သိသိသာသာကို ချူချာလာပါတယ်။ အရိုးအဆစ်တွေက မသန်မာတော့ဘဲ လှုပ်လှီလှုပ်လှီနဲ့ အဘွားအိုတစ်ယောက် လို ဖြစ်လာရှာတယ်။ ဘယ်လောက်များ အိုမင်းမစွမ်းဖြစ်လာသလဲဆိုရင် တချို့အချိန်တွေမှာ သူရဲ့မှန်ကလေး က ဒေါက်ကနဲ၊ ဒေါက်ကနဲနဲ့ အောက်ကိုထိုးထိုးကျသွားတဲ့အထိ။ အဲ့သလိုတွေ သူ့ရဲ့အိုမင်းရင့်ရော်မှု လက္ခဏာတွေပြလို့သာ မကြေးမုံလဲ မျက်မှန်အဘွားအိုလေးကို သုံးနှစ်ထဲနဲ့ ပင်စင်ပေးဖို့ဆုံးဖြတ်ရပါတော့တယ်။

=======

ရောက်တာ ၂ နှစ်ကျော်ပြီဖြစ်ပေမယ့် ဒီမှာဈေးမ၀ယ်တတ်လှပါဘူး။ ဒါနဲ့ပဲ မျက်မှန်ဆိုင် မျက်မှန်ဆိုင်ဆိုပြီး အင်တာနက်မှာ ဟိုဒီရှာကြည့်ပါတယ်။ ဆိုင်တွေတော့ အများကြီးပါပဲ။ တစ်သက်လုံးက ဈေးဝယ်ဖို့၊ ဈေးပတ်ဖို့ဆို အင်မတန်စိတ်မရှည်တာမို့ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ တစ်နေရာထဲမှာ ပစ္စည်းလဲအစုံအလင်ရှိနိုင်မယ့်နေရာက ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ပါတယ်။ City Link ထဲကနေ Suntec city ဘက်ကိုလျှောက်ရင် Marina Square ဘက်ကို ဖက်တက်တဲ့စက်လှေခါးတွေရှိတဲ့အပေါက်နားက Optical 88 ဆိုတဲ့ဆိုင်မှာ လိုချင်တဲ့မျက်မှန်ရခဲ့တယ်ဆိုပါတော့။ အဲ့ဒီဆိုင်မတိုင်ခင်မှာ Raffles city အောက်ထဲမှာရှိတဲ့ ဆိုင်မှာလဲ တစ်ခေါက်ကြည့်လိုက်ပါသေးတယ်။ ခုပြောတဲ့ဆိုင်က ဒုတိယမြောက်ဆိုင်ပေါ့။ နာမည်က အတူတူပါပဲ။
Display ပြထားတဲ့ မျက်မှန်လေးတွေ အနည်းငယ်ကွာသွားတာပဲရှိပါတယ်။ ပထမဆိုင်မှာသဘောကျတယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ပြီးမှတ်လာခဲ့တဲ့မျက်မှန်ကိုပဲ ဒုတိယဆိုင်မှာလဲ ထပ်မြင်ပြီး၊ ထပ်သဘောကျတာနဲ့ ဒါယူမယ်ဆိုပြီး ဖြစ်သွားပါတော့တယ်။ အမှန်တော့ ဈေးပတ်တာကို စိတ်မရှည်တာရယ်၊ ကိုယ့်ဖို့ဝယ်စရာရှိလို့ပတ်နေတာမျိုးဆို ပိုပြီးစိတ်မရှည်တာ၊ ဘေးက အဖော်လိုက်ပေးရသူတွေကို အားနာမိတာတွေရယ် ပေါင်းပြီး ခပ်မြန်မြန်ဆုံးဖြတ်ချက်ချပစ်လိုက်တာပါ။ ဒါက အခုလို ပြဿနာဖြစ်တော့မှ အကြောင်းပြချက်တွေ ဆွဲထုတ်စဉ်းစားနေမိတာပါ။ ၀ယ်ဖို့စဉ်းစားဆုံးဖြတ်နေစဉ်အချိန်မှာတုန်းကတော့ မကြေးမုံဟာ အဲ့ဒီမျက်မှန်မှ အဲ့ဒီမျက်မှန်ပါ။ တခြားဘယ်မျက်မှန်ကိုမှ မျက်လုံးထဲကို ထပ်ပြီးဝင်မလာတော့ပါဘူး။

မျက်စေ့ကို ဒီဂရီပြန်စမ်းပါတယ်။ ထူးဆန်းတာက စလုံးကိုရောက်ကတည်းက အားတဲ့အချိန်တိုင်းနီးပါးမှာ ကွန်ပြူတာနဲ့မျက်နှာကပ်နေခဲ့တဲ့ ကျမမျက်လုံးက အဝေးမှုန်တဲ့ဒီဂရီတွေကျသွားသတဲ့။ မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့ပေမယ့် အစခေါင်ဆုံး စလုံးမှာပဲ မျက်မှန်လုပ်လိုက်ပါမယ်လေ လို့ ဆုံးဖြတ်လိုက်ထဲက ဒီက စစ်ဆေးတာတွေကို မယုံဘူး၊ ငါ့ရန်ကုန်က မေတ္တာဦး၊ ဒါမှမဟုတ်လဲ အမေရိကန်ဗွီးရှင်းကမှ မှန်တာပါ လို့
လှေနံဓားထစ်တွက်ထားခဲ့တဲ့ မကြေးမုံဟာ " ကဲ.. မှားရင်လဲ မှားပါစေတော့.. ငါမြင်နေရသေးရင် ပြီးတာပဲ" လို့ တွေးပြီး ဂျူတီကုတ်ဝတ်ထားတဲ့ကုလားလေးကို အင်မတန်ရစ်တတ်တဲ့ ကိုယ့်ရိုးရာကိုတောင်ဖျက်ပြီး ခပ်အေးအေးပဲ ပြန်လာခဲ့ပါတယ်။

ဒီနေရာမှာ တစ်ခုတော့တွေးမိပါသေးတယ်။ အဝေးမှုန်နဲ့ နှစ်ရှည်လများ မျက်မှန်တပ်ခဲ့ရတဲ့လူတွေဟာ အသက်အရွယ်ရလာတာနဲ့ ဗြုန်းဆို အနီးမှုန်ဖြစ်သွားတတ်တယ် ဆိုတာ စာတွေဘာတွေထဲလဲ ဖတ်ဖူးထားတာတစ်ကြောင်း၊ နောက်ပြီးတော့ကာ တစ်ခေါင်းလုံးရဲ့ ၃ ပုံ ၁ ပုံလောက်တောင်ရှိမလား မသိအောင် ဇရာတွေပြကာ ဖြူပြနေတဲ့ ဆံပင်ဖြူတွေကြောင့်တစ်ကြောင်းနဲ့... " ငါ အတော်များအိုလာလို့ အဝေးမှုန် ဒီဂရီတွေလျော့ပြီး အနီးများမှုန်ချင်သလား " ဆိုတဲ့ သံသယအတွေးပါ။ ကဲ..ထားပါဦးတော့လေ။


ဒီလိုနဲ့... သုံးရက်ကြာပြီးတဲ့နောက်.. မျက်မှန်အသစ်လေးကို သွားရွေးပါတယ်။ သူများတွေလုပ်သလိုပါပဲ။ တပ်ကြည့်တယ်။ အိုကေ။ စိုးရိမ်မိခဲ့တာက ဒီဂရီအပြောင်းအလဲကြောင့် ခေါင်းများမူးမလားလို့။ တကယ်ဖြစ်လာတာက အဲ့ဒီကျန်းမာသန်စွမ်းလှတဲ့ မျက်မှန်အသစ်လေးက ကျမမျက်နှာနဲ့ ကြပ်နေပြီးဘယ်လိုမှကို အဆင်မပြေတော့ပါဘူး။

အင်မတန်စေ့စပ်တဲ့ မကြေးမုံပါ။ ရွေးခဲ့စဉ်အခါတုန်းက မျက်မှန်ရဲ့ မှန် ၂ ချပ် + နှာဒေါက်နေရာကို အရင် မျက်မှန်အဘွားအိုလေးနဲ့ အတိုင်းအတာ အတူတူပဲရှိတဲ့ မျက်မှန်ကိုပဲ တမင်ရွေးဝယ်ခဲ့တာပါ။ စာလိုက်ဖတ်နေတဲ့လူက စိတ်မရှည်တော့ဘူး...လိုတိုရှင်းပြောဆိုရင်တော့ တံဆိပ်ကလွဲပြီး အကျယ်အ၀န်း နဲ့ ဒီဇိုင်း စတာတွေ အားလုံးအတူတူပါပဲ။ " လည်လွန်းတဲ့ဘီး ချီးသင့်တယ် " လို့ ကိုယ့်ကိုယ်ကိုမို့ မညှာမတာပြောရမလား မပြောတတ်ပါဘူး။ သေချာရွေးကာမှ သက်တောင့်သက်သာတစ်စက်လေးမှမရှိတဲ့ မျက်မှန်တစ်လက် လက်ထဲရောက်လာရသလိုပါပဲ။

( ကျန်းမာသန်စွမ်းသော်လည်း နာကျင်မှုများစွာ သူလေပေးတယ်...)

နားရွက်ဆီမှာ သွားချိတ်ရတဲ့ မျက်မှန်ကိုင်းရဲ့ အဆုံးမှာ ဘုလုံးလေးတွေပါနေပါတယ်။ အဲ့ဒီဘုလုံးလေးက ဗယ်ဘက်နားအတွက် အထိအခိုက်မရှိပေမယ့် ခွဲစိတ်ထားတဲ့ အမာရွတ်ကြီးရှိနေတဲ့ ညာဘက်နား အတွက်တော့ တော်တော်လေးကိုနေရဆိုးတဲ့ နာကျင်မှုကိုပေးပါတယ်။ ဟိုးး အရိုးအထဲကနေပါ လှိုက်ပြီးနာသလို နာတာပါ။ ရှိစေဦးတော့နော်..။ ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ မျက်မှန်အဘွားအိုလေးနဲ့ အကျယ်အ၀န်းအတူတူကို ရွေးခဲ့ရဲ့သားနဲ့ ဘယ်လိုကြောင့်သာ မဆိုနိုင်တယ်။ သူက နားထင်မှာကြပ်နေပါတယ်။ မျက်နှာကိုဘာမှမလိမ်းလို့များ အသားခြောက်တာနဲ့ ပွတ်မိသလားဆိုပြီး Cream တစ်မျိုးကို ကြိုးစားပြီး လိမ်းကြည့်ပါတယ်။ Cream ကြောင့် အနည်းငယ်ချောမွတ်သွားတဲ့အတွက် အရင်ထက်စာရင် နည်းနည်း သက်သာသလိုတော့ရှိပါတယ်။ သို့သော် ..ညနေစောင်းလောက်ဆိုတာနဲ့ စပ်ဖျဉ်းစပ်ဖျဉ်းနဲ့ ပြန်ဖြစ်လာပြန်တာ။

ဆိုင်ကိုနောက်တစ်ခေါက်ပြန်သွားပြီး အဆင်ပြေအောင်လုပ်ပေးလို့ရမလားဆိုတော့ တစ်ချက်နှစ်ချက်ကြည့်ပြီး နည်းနည်းပဲချောင်ပေးလို့ရမယ်။ အများကြီးချောင်သွားအောင်လုပ်ရင် မျက်မှန်ပါလျှောကျလာနိုင်တယ် ဆိုတာနဲ့ စိတ်လျှော့ပြီး ပြန်လာခဲ့ရပါတယ်။

=====

မကျေမနပ်နဲ့ ပွစိပွစိတွေလုပ်နေမိတော့ သူငယ်ချင်းကပြောတယ်။ နားညည်းတယ် အသစ်ဝယ်နိုင်ရင် ထပ်ဝယ်လိုက်၊ မ၀ယ်နိုင်သေးခင်မှာ ဟိုအဟောင်းပဲ ပြန်တပ်နေတဲ့။ အဲ့လိုကျပြန်တော့လဲ ကျမက ခေါင်းမာချင်ပြန်တယ်။ အဟောင်းအဆင်မပြေလွန်းလို့ အသစ်တပ်ချင်လှချည်ရဲ့ဆိုပြီး ၀ယ်ထားပါတယ် ဆိုကာမှ အဟောင်းပြန်တပ်ရမယ်ဆိုရင် ဒီအသစ်ကို ဘယ်လိုလုပ်ပစ်ရပါ့ မလဲ။ ရွေးထားတဲ့မျက်မှန်ဒီဇိုင်းကလဲ ပုံတုံးကြီး ဖြစ်နေတော့ အလကားပေးရင်တောင် လက်ခံချင်မယ့်သူ မမြင်မိဘူး။ ဒီလိုဆို အသုံးမတည့်တော့တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်နေပါပေါ့လား...။

ရိုးရိုးသားသားပြောရရင် မရှိမဲ့ရှိမဲ့လေးထဲကဖဲ့ပြီး ၀ယ်ထားတာမလို့ နှမြောနေမိပါတယ်။ ပစ္စည်းကောင်း မက်မောတတ်တဲ့စိတ်ကြောင့်လဲ ပိုလို့တောင်နှမြောနေမိပြန်တယ်။ စိတ်ထဲမှာလဲ တအုံ့နွေးနွေးနဲ့ပါ။ ဒါနဲ့ မိတ်ဆွေတွေကိုပါ ရင်ဖွင့်ချင်မိတဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ ကိစ္စတစ်ခုခုဆိုရင် မိုးတစ်ဆုံးမြေတစ်ဆုံးစဉ်းစားတတ်တဲ့ အကျင့်ကြီးလဲရှိတာမို့.... တန်ဖိုးဘာမှ မရှိလှတဲ့ ပစ္စည်းလေးတစ်ခုကိုရွေးချယ်ခဲ့မှုအပေါ် မှားသလား၊ မှန်သလားတွေလဲ လိုက်ပြီးမစဉ်းစားချင်တော့ပါဘူး။
ဒီလိုမှလဲ နေသာမှာပါ။

========

Monday, January 02, 2012

ရေနွေးကြမ်းကြိုက်တဲ့ မြို့ကလေး



ဒီနေ့အဖို့ရာ ငါးအိုးမြောက်ရေနွေးကြမ်းအိုးထဲကို လက်ဘက်ခြောက်အချို့ခပ်ထည့်နေရင်းက " အို အိုး .. အကြမ်းအိုးသာပူဆင်းသွားတယ်၊ ဘယ်သူသောက်သွားတယ် မသိလိုက်ဘူး၊ အိုးများ ပေါက်နေသလား" လို့ ခပ်နောက်နောက် ပြောလေ့ရှိတဲ့ မမ ရဲ့ စကားသံတချို့ကို ကြားယောင်ရင်း တစ်ကိုယ်ထဲပြုံးမိပါတယ်။

++++++++++

ကျမရန်ကုန်မှာနေစဉ်ကတည်းက နယ်ပြန်တဲ့အခါတိုင်း မမအတွက် မပါမဖြစ်ပါသွားရတာက လက်ဘက်ခြောက်ပါ။ ရွှေပုဇွန်မှာ တွေ့ရလေ့ရှိတဲ့ ဗူးအပြာရောင်လေးနဲ့ "နှင်းဦး" လက်ဘက်ခြောက်ကို ကျမရဲ့ မမက သိပ်ကြိုက်ပါတယ်။ ညီအစ်မနှစ်ယောက် စကားတပြောပြောနဲ့ သောက်ကြတာ၊ ဓာတ်ဗူးတွေ တစ်လုံးပြီး တစ်လုံးသာကုန်သွားတယ်၊ စကားတွေက ပြောလို့ မဆုံးခဲ့၊ မ၀ခဲ့ဘူး။ ဒီလောက်ညနက်တဲ့အထိ ဘာစကားတွေများ နင်တို့ ညီအစ်မနှစ်ယောက် ပြောကြသလဲလို့ အမေက မေးတဲ့အခါ ဘာစကားတွေတော့ဖြင့် ကျမတို့ပြောကြတယ်အမေရယ်လို့ ရေရေရာရာ ပြန်ပြောပြစရာ မရှိလှပါဘူး။ မမက သူ့ရဲ့ မောင်ငယ်တွေ တစ်ဖြစ်လဲ ကျမရဲ့ အစ်ကိုတွေနဲ့ ယောင်းမတွေအကြောင်း၊ အမေ့စိတ်အခြေအနေအကြောင်း.. အဲ့သလို အကြောင်းတွေကို ဘယ်လိုဖြေရှင်းကြမလဲလို့ ရေနွေးသောက်ရင်း အဖြေရှာခဲ့ကြတယ်။

++++++++++

ကိုယ်တို့ ညီအစ်မနှစ်ယောက် (အကြီးဆုံး နဲ့အငယ်ဆုံး) ရေနွေးကြမ်း ကြိုက်တာကို ကိုယ်တို့အမေက မကြိုက်ဘူး။ ရေနွေးသောက်တာကို မကြိုက်ဘူးဆိုတာထက် ရေနွေးပူပူကို " ဟူး ဟူး " နဲ့ မှုတ်သောက်တာကို မကြိုက်တာပါ။
" ဟဲ့ ရေနွေးပူပူကို အဲ့သလို တဟူးဟူးနဲ့ မှုတ်သောက်နေ.. နင်တို့ ကင်ဆာရလိမ့်မယ်၊ အေး အေး ကိုယ့်ကိုယ်ကို မှ မသနားရင်လဲ မပြောနေတော့ပါဘူး " လို့ အမြဲ မြည်တွန်တောက်တီးလေ့ရှိတဲ့ အမေပါ။
" ငတွတ်ရယ်လေ.. အဲ့လိုသောက်တာ .. ဟိုမှာ လည်ချောင်း ကင်ဆာဖြစ်တော့ မသေခင်ထဲက ငရဲရောက်သလို ဖြစ်ပါရောလား၊ " စသဖြင့် အမေက ပြောလို့မဆုံးတော့တာ။

ကျမတို့ရွာထဲက ဦးလေးငတွတ်ဆိုသူက လည်ချောင်းကင်ဆာရောဂါနဲ့ ဆုံးသွားတာပါ။ အဲ့ဒါကို အမေက သူ့ငယ်သူငယ်ချင်း ငတွတ်က ရေနွေးပူပူတွေကို နွေးတဲ့အထိ မစောင့်ဘဲ သောက်ပစ်လို့ အပူတွေများပြီး လည်ချေင်းကင်ဆာဖြစ်တာလို့ ယူဆထားပါတယ်။ သူ့အယူအဆဟာ မှန်လား၊ မှန်သလား ကျမ ခွဲခြမ်းစိတ်ဖြာပြ မနေတော့ပါဘူး။ အမေ့အမျိုးသား၊ ကျမဖခင်လဲ ရေနွေးမသောက်ပေမယ့် လည်ချောင်း ကင်ဆာနဲ့ပဲ ဆုံးသွားတယ် ဆိုတာ အမေမသိတာလဲ မဟုတ်။ သို့ပေမယ့် အမေကလဲ ဟန့်တားမြဲ၊ ကျမတို့ ညီအစ်မနှစ်ယောက်ကလဲ သောက်မြဲသောက်ဆဲပါပဲ။

++++++++

ပြီးခဲ့တဲ့နှစ်ပြန်တုန်းကလဲ အမအတွက် လက်ဘက်ခြောက်တွေ တနင့်တပိုး ၀ယ်သွားပေးဖြစ်ပါတယ်။ တကယ်တမ်းက သူ့အတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျမနေခဲ့တဲ့ရက်တွေအတွင်းမှာ ကျမပြန်သောက်ခဲ့တာနဲ့တင် မမမှာ အတော်လေး ရိက္ခာချို့တဲ့သွားရှာပါတယ်။ မမ ရေနွေးကြမ်း ကြိုက်ပုံက ကျမထက် ပိုပါတယ်။ မိုးတွင်းအခါမှာ မိုးရေကို တယုတယနဲ့ခံ၊ ပြီးရင် စဥ့်အိုးကြီးငယ် အသွယ်သွယ်နဲ့ ထည့်သိမ်းထား။ မိုးရေမရနိုင်တော့တဲ့ ဆောင်းအခါ၊ နွေအခါမှ အဲ့ဒီသိမ်းထားတဲ့ မိုးရေကို ပြန်ကြိုသောက်... စသည်ဖြင့် ရေနွေးကြမ်းတစ်ခွက်ရဖို့ကို အင်မတန်မှ အားထုတ်သူပါ။

ရေနွေးဆိုတာ စက်တွင်း (အ၀ီစိတွင်း) ရေကိုကျိုပါက လက်ဘက်ခြောက်ခပ်ပြီး အချိန်တိုအတွင်း မှာ ရေနွေးကြမ်းရဲ့အရောင်က ၀ါကျင်ကျင်နဲ့ ရှိမနေတော့ဘဲ အပြာရောင်ဖြစ်သွားလေ့ရှိပြီး သောက်လို့လဲ မကောင်း၊ ဆိုလိုသည်မှာ လက်ဘက်ခြောက်ရဲ့ အနံ့နဲ့အရသာ ရသင့်သလောက် မရဘူးလို့ ကျမတို့ အရပ်သူ၊ အရပ်သားတွေ ပြောလေ့ရှိကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့မှာ နည်းလမ်းရှိပါတယ်။ အဲ့ဒါက မိုးရေကို ကျိုသောက်တာပါ။ " တံစက်မြိတ်က စီးကျတဲ့ရေကမှ ကြည်လင်နေပြီး လက်ဘက်ခြောက် ခပ်သောက်လို့ကောင်းတာ" လို့လဲ တဖွဖွပြောလေ့ရှိကြပါတယ်။ အဲ့ဒီအတွက် လက်ဘက်ရည်ကြမ်း စွဲမက်သူတိုင်း မိုးကုန်ခါနီးပြီးဆိုတာနဲ့ မိုးရေလှောင်ရတာဟာ အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လှောင်ထားတဲ့ မိုးရေဟာ အလွန်ဆုံးလှောင်နိုင်မှ ရာဝင်အိုး ၂အိုးလောက်သာ ရှိတာ မို့ နောက်နှစ် မိုးပြန်မကျခင်ကုန်တာပါပဲ။ ကုန်သွားတဲ့အခါကျရင်တော့ ဒုံရင်းဒုံရင်းအတိုင်းပဲ စက်တွင်းရေကို ကျိုသောက်ရတာပါပဲ။ စက်တွင်းရေကိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးက ဒီနေ့ညနေလိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားလျင် နောက်တစ်နေ့မနက်မှာ ပြာနောက်နောက်အရောင် ဖြစ်နေပါပြီ။ ဒါကြောင့်မို့ စက်တွင်းရေကိုကြိုထားတဲ့ ရေနွေးကြမ်းကို သူတို့မကြိုက်ဘူးဆိုလဲ မကြိုက်စရာပါ။

++++++++

ကျမတို့မြို့မှာ မြို့လည်ခေါင် မီးသတ်တပ်ဖွဲ့ရုံး၊ ကြေးနန်းရုံးနဲ့ အခွန်ရုံးတွေနဲ့ ကပ်ရပ်မှာ ရေနွေးကြမ်းဆိုင် တစ်ဆိုင် ရှိပါတယ်။ ရေနွေးကြမ်း သီးသန့်ရောင်းတဲ့ဆိုင်ပါ။ နောက်ဆုံးတစ်ခေါက်ပြန်တော့ အမ အငယ်ကို " ရေနွေးသောက်ချင်တယ်၊ သွားဝယ်လိုက်ဦးမယ်" ဆိုတော့ အမငယ်က "နေနေ..ဒီအချိန် ရေနွေးဆိုင်မှာ လူတွေများတယ်၊ ငါသွားလိုက်မယ်" ဆိုရင်း သူ့ဆိုင်က ဓာတ်ဗူးလေးဆွဲလို့ ထွက်သွားပါတယ်။ ပြန်ရောက်လာတော့ ရှင်းပြနေသေးတယ်။ မနက်တိုင်း အဲ့ဒီဆိုင်က စားပွဲထိုးကလေးတွေ ရေနွေးကြမ်းယူဦးမလားဆိုပြီး လာမေးနေကျဖြစ်ကာ အမငယ်ကလဲ သူသောက်ချင်ရင် ၀ယ်သောက်နေကျပါတဲ့။ နေ့ခင်းဘက်ရောက်ရင်လဲ တစ်ကြိမ် ဈေးထဲတစ်ပတ်ပတ်ပြီး တစ်ခေါက်လိုက်မေးတတ်ပါသေးသတဲ့။ အဲ့ဒီနေ့ကတော့ သူတို့လိုက်မမေးခင် ကျမက ဈေးထဲကိုရောက်သွားတာဖြစ်ပါတယ်။

အဲ့ဒီ ရေနွေးကြမ်းဆိုင် ပိုင်ရှင်တွေက မိုးရေခံပြီး ရာဝင်အိုးပေါင်းများစွာထဲထည့်သိမ်းကာ သူတို့ဆိုင်ရဲ့ အနောက်ဘက်ခြံထဲမှာ သိပ်ထားကြတာပါ။ မိုးတွင်းဆိုရင်တော့ သိပ်ထားတဲ့ အိုးတွေထဲက သွားခပ်စရာမလိုဘူး။ ရွာနေတဲ့မိုးရေကို ခံပြီးကြိုလိုက်ရုံပါပဲ။ အဲ့ဒီအချိန်မှာတော့ သူတို့ဆိုင်လဲ အရောင်းအားကျတာပေါ့။ ဘာလို့ဆို မြို့သူမြို့သားတွေဟာ ကိုယ့်အိမ်တံစက်မြိတ်ကကျတဲ့ရေကို ကိုယ့်အိမ်မှာ ကိုယ်ကြိုသောက် နေကြတဲ့ရာသီကိုး။ ဒါပေမယ့် ခုလိုဆောင်းရာသီနဲ့ နွေရာသီရောက်ပြီဆိုတာနဲ့ သူတို့ဆိုင်လေးမှာ လူစည်ကားနေပါပြီ။

ကျမ အထက်တန်းကျောင်းသူဘ၀တုန်းက တစ်အိုးကို ပြားငါးဆယ်နဲ့ ၀ယ်သောက်ခဲ့ရတဲ့ ရေနွေးဓာတ်ဗူး တစ်ဗူးက အခုတော့ ငါးဆယ်ကျပ်ဖြစ်နေပါပြီ။ ကြည့်ရတာ မိုးရေတွေ ဈေးမြင့်လာလို့ ထင်ပါရဲ့နော်။ ဒီစာကိုရေးနေရင်းကပဲ "အရှေ့ဝိုင်းကို တစ်အိုးပို့ဟေ့" ဆိုတဲ့ အသံလေးတွေညံစီနေတဲ့ မြို့ကလေးကို ကျမ သတိရ လွမ်းဆွတ်နေမိပါတော့တယ်။


Monday, December 26, 2011

သို့.. ဒိုင်ယာရီ

မည့်သည်အရာကိုမဆို ဆုံးရှုံးခံလိုက်ဖို့ ၀န်မလေးတော့တဲ့စိတ် ကိုယ့်ဆီကိုရောက်လာတဲ့အချိန်ကျမှ
အရင်တုန်းက ကိုယ်ဘယ်လောက်ထိ ပင်ပန်းနေခဲ့သလဲဆိုတာ သိလာရတယ်။ အဲ့ဒီအသိနဲ့အတူပဲ တပါတည်း
ရောက်လာတဲ့စိတ်ခံစားမှုက ကုန်ဆုံးတဲ့အချိန်တွေအတွက် ကိုယ်...သိပ်ကို နှမြောနေမိတော့တာပါ။

ဒီအချိန်မှာ ကိုယ့်ချာတိတ်ဘ၀တုန်းက သူငယ်ချင်းတစ်ယောက် ကိုယ့်ကိုအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို
ပြန်အမှတ်ရမိတယ်။ သူပြောလေ့ရှိတာ "နင့်ခံစားချက်အတွက်ပဲ နင်ဦးတည်စဉ်းစားစမ်းပါ " ဆိုတာ။ တကယ်တော့ ကိုယ်လဲ ကိုယ့်ခံစားချက်အတွက်ပဲ စဉ်းစားတာပါ။ ကိုယ်လဲ ပုထုစဉ်လူသားပဲ။ ကိုယ် သူများအတွက်ပဲ စဉ်းစားပါတယ်လို့ မပြောလိုပါဘူး။ ဒိုင်ယာရီ.. မင်းကိုမို့ ကိုယ်ရိုးသားစွာ ၀န်ခံပါတယ်။ ကိုယ် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှ မစဉ်းစားပေးခဲ့ပါဘူး။

တခုရှိတာက ကိုယ့်စဉ်းစားပုံ မှားနေခဲ့တာ နေမှာပါ။

နောက်ထပ်တမျိုး ကိုယ်ထပ်စဉ်းစားမိပြန်တယ်။ တကယ်ပဲ ကိုယ့်စဉ်းစားပုံ မှားခဲ့သလား။မမှားလို့သာ ကိုယ်လုံးဝ ကျွံကျမသွားသေးခင်မှာ သတိထား လိုက်မိတာနေမှာ။ ဒီတော့... ကိုယ်စဉ်းစားတာ နောက်ကျသွားတာပဲ လို့ထင်မိပြန်ရောကွယ်။ သို့မဟုတ်ရင်လဲ စောသွားခဲ့တာ မျိုးလဲ ဖြစ်နိုင်ပါတယ်လို့ ကိုယ်ဒီလိုပဲ တွေးပါတယ် ဒိုင်ယာရီ....။

ဟုတ်တယ်.. ဒီနေရာမှာ ကိုယ်ဘာဖြစ်နေတာလဲဆိုတဲ့ ပွိုင့်ကိုဖမ်းမိသွားပြီ။ ကိုယ်က အမြဲပဲ ကိစ္စရပ်တိုင်းမှာ စောချင်စောနေ၊ ဒါမှမဟုတ်လဲ နောက်ကျချင် နောက်ကျနေတတ်တယ်။ ကိုယ်ရယ်၊ အခြေအနေရယ်၊ အချိန်အခါရယ် အမြဲလွဲနေခဲ့တယ်။

=========

ကိုယ်တို့ တက္ကသိုလ်တက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားဘ၀ အနှစ်သာရ ကို သေချာမခံစားခဲ့ရဘူး။တက္ကသိုလ်ဆိုတာ ဘာမှန်းမသိတဲ့ တက္ကသိုလ်မှာ ကိုယ်တို့တက်ခဲ့ရတယ်။ အဲ့ဒီအခြေအနေကို လက်မခံနိုင်တဲ့ ကိုယ်က အဲ့ဒီအသိုင်းအ၀ိုင်းကနေ စောစောစီးစီးပဲ လက်ပြနှုတ်ဆက် ထွက်လာခဲ့တယ်။ အမှန်တော့ ကိုယ်သေချာမသိတဲ့အရာတွေ ရှိနေခဲ့မှန်း ကိုယ်ခုမှသေချာသိသွားတယ်။ ဘာလဲဆိုတော့ အဲ့ဒီအချိန်ထဲက ကိုယ်တို့တိုင်းပြည်လေးမှာ တက္ကသိုလ်နဲ့မတူတဲ့ တက္ကသိုလ်တွေပဲ ရှိနေပြီး အဲ့ဒီလိုတက္ကသိုလ်တွေမှာ တက်နေခဲ့တာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဆိုတာ...။

နောက်တော့ ကိုယ် အလုပ်တွေစလုပ်ဖြစ်တယ်။ ငယ်ရွယ်တယ်၊ ဖျတ်လတ်တက်ကြွတယ်၊ သင်ယူ၊လေ့လာ၊နာခံဖို့အတွက် ကိုယ့်မှာ စိတ်တွေ ၁၀၀ % ဘက်ထရီအင်အားအပြည့်နဲ့။ တစ်ခုခုကို သင်ယူတတ်မြောက်လွယ်မှုဆိုတဲ့နေရာမှာလဲ အားသာချက်၊ အားနည်းချက်တော့ ရှိတာပဲ။
သင်ယူတတ်မြောက်လွယ်မှုကြောင့် ကိုယ်အလုပ်တွေမှာ စောစောစီးစီးနဲ့ လွယ်လွယ်ကူကူ အဆင်ပြေ၊ အသားကျသွားလေ့ရှိတယ်။ ဒါပေနဲ့ ချက်ချင်းပဲ အဲ့ဒီအလုပ်ရဲ့ အကြီးအကဲတွေ၊ လူမှုစီမံခန့်ခွဲမှုတွေကို ကိုယ် စောစောစီးစီးကြီးသိသွားပြန်တယ်။ အထူးသဖြင့် သူတို့ရဲ့ ခံယူချက်တွေကို မနှစ်သက်တော့ပြန်ဘူး။ အဲ့ဒီအခါ ကိုယ်.. အဲ့ဒီပတ်ဝန်းကျင်ကနေ ပြေးထွက်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းကလဲ ကိုယ်မေ့နေခဲ့တာ တစ်ခုရှိတယ်။ "လူ့ဘ၀ကို ရှင်သန်ဖြတ်သန်းမှုပုံစံမှာ ကိုယ်ရောက်ရှိကျင်လည်နေတဲ့ ပတ်ဝန်းကျင်သာ မဟုတ်ဘူး။ နေရာအတော်များများဟာ ညစ်ထေးနေကြတယ်" ဆိုတာ ကိုယ်မေ့လျော့ထားခဲ့တာပေါ့။

ကိုယ် ငယ်ငယ်တုန်းက ကိုယ့်အမေနဲ့ ကိုယ့်အစ်ကိုနဲ့ရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတာ မင်းလဲ အသိပါပဲ ဒိုင်ယာရီရယ်...။ ကိုယ့်အမေက သာမာန်ကျေးတောသူမို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နည်းက သူနဲ့ သူမရဲ့ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနည်းတစ်ခုပေါ့။ ကိုယ့် အစ်ကိုကျတော့ ဒီလိုမဟုတ်ဘူး။ အမေ့လို တရွေ့ရွေ့နဲ့ မသွားဘူး။ သူ့ရဲ့ စီးပွားရေးနယ်ပယ်မှာ ရွေ့လျားမှုနှုန်းက မြန်ဆန်တယ်။ နောက်ပိုင်းမှာ ကိုယ်အရွယ်မရောက်ခင်မှာပဲ ဘယ်လိုစိတ်ကူးနဲ့ ကိုယ့်ကို သူ့အုပ်ထိန်းမှုအောက်ကနေ လွှတ်ပေးခဲ့သလဲ မသိဘူး။ ကိုယ့်လမ်းကို ကိုယ့်ဘာသာကိုယ်ပဲ စမ်းတ၀ါးဝါးနဲ့ စလျှောက်ရတော့တယ်။

သူ့လွှမ်းမိုးမှုအောက်ကနေ လွတ်လွတ်ချင်းမှာ ကိုယ်အရင်ဆုံး သူ့အပေါ်ထားမိသွားတဲ့အမြင်က "ကိုယ့်အစ်ကို သည် တော်တော်လေးကို မရိုးသားတဲ့လူတစ်ယောက်ဖြစ်နေပြီ " ဆိုတာ...။

ဒါနဲ့ပဲ သူ့ထက် ကိုယ့်ရဲ့ ရွေ့လျားမှုနှုန်းက ပိုမြန်ဆန်တယ်ဆိုရမယ်။ ခုအချိန်မှာ ကိုယ်က သူနဲ့ ခံစားမှုတွေတူ၊ ဖြတ်သန်းပုံတွေတူနေပြီ။ ကိုယ့်ထက် အသက် ၁၃ နှစ်လောက်ကြီးတဲ့ အစ်ကိုနဲ့ ကိုယ့်ဖြတ်သန်းပုံတွေ မတူနေသင့်ဘူးမလား။ ကိုယ့်စိတ်တွေ အဲ့လောက်ထိ အိုစာ မနေသင့်ဘူးမလား။

==========

ကိုယ် ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသလဲ..။ အဲ့ဒီအပြောင်းအလဲတွေကို ကိုယ်မသိလိုက်ဘူး။
ဒါပေမယ့် ကိုယ့်ဘ၀မှာ အပြောင်းအလဲတိုင်းက အဲ့ဒီလိုပါပဲ။ ကိုယ်သတိမထားမိ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန်မှာပဲ ကိုယ်ကိုယ်တိုင်က ပြောင်းလဲနေနှင့်ပြီ ဒိုင်ယာရီ... အဲ့ဒါကိုတော့ မင်းလဲ သတိထားမိမယ် ထင်ပါတယ်။

=========

အခုလောလောဆယ်မှာ ကိုယ်ပြောင်းလဲသွားတာ တစ်ခုရှိတယ်။ အဲ့ဒါက ဘယ်သူ့ကိုမဆို ဆုံးရှုံးခံလိုက်ရဖို့ ၀န်မလေးတော့ဘူး ဆိုတာပါပဲ။ ကိုယ့်ခံစားမှုတွေကို ကိုယ်ထိန်းချုပ်ပစ်လိုက်တယ်။ တနည်းအားဖြင့် ကိုယ့်နှလုံးသားရဲ့ စေစားမှုတွေကို ကိုယ်ကိုယ်တိုင် လွှတ်ချပစ်လိုက်တာပါပဲ။ သေသေချာချာ ဆင်ခြင်ကြည့်တဲ့အချိန်ကျတော့.. ကိုယ့်နှလုံးသားမှာ အဲ့ဒီ "မနှမြောတတ်တော့စိတ် " က ပြောင်းလဲ သန္ဒေတည်နေပြီ။

သို့သော်.. အဲ့ဒီအပြောင်းအလဲကိုတော့ ကိုယ် တဆိတ်နောင်တရမိကြောင်း ၀န်ခံလိုပါတယ်။ ဟုတ်တယ်။ ကိုယ်အဲ့ဒီအပြောင်းအလဲကို မနှစ်သက်ဘဲ၊ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပါ ဒိုင်ယာရီ...။

=====

ဒိုင်ယာရီရယ်.. နောက်ဆုံးပြောချင်တာကတော့ ကိုယ်က ကိုယ့်ဘေးနားက မိတ်ဆွေတွေကိုလဲ သူတို့လိုအပ်တဲ့လာတဲ့ အခါမျိုးမှာ၊ သို့မဟုတ် သူတို့ကို တစ်ခုခုပြောပြဖို့အချိန်တန်ပြီလို့ ယူဆရတဲ့အချိန်မျိုးမှာ.. ကိုယ် ဒီလိုပဲ.. သူတို့စိတ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့ဖူးတယ်။ အဲ့ဒီလို တစ်ခါပြောပြီးတိုင်း ကိုယ်က ကြိတ်စက်ထဲ အကြိမ်ကြိမ်ထိုးထည့်ခံခဲ့ရတဲ့ ကြံချောင်းတစ်ချောင်းလို ပျော့ဖတ်နုံးခွေသွားတတ်တာ မင်းလဲ မြင်နေတာပဲလေ။

အခုလို မင်းကိုမှ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောရတဲ့အခါကျတော့ အရင်အခါတွေတိုင်းထက် ကိုယ်... ပိုလို့ ပင်ပန်းပါတယ်။ အဲ့ဒီ အတွက် တောင့်တာမိတာ တစ်ခုရှိကြောင်း ကိုယ် မင်းကိုဝန်ခံပါရစေ...။ ဟုတ်တယ်.. ကိုယ် ပုခုံးလေးတစ်ခုကို တောင့်တနေမိတယ်။ ကိုယ့်အပေါ် ဘာဝန်ထုပ်ဝန်ပိုးမှမဖြစ်စေတဲ့ ပုခုံးလေးတစ်ကိုပေါ့။ အဲ့ဒီ ပုခုံးလေးက အတုလေးပဲဖြစ်စေဦးတော့.. ကိုယ် မက်မက်မောမောကို လိုချင်နေမိပါတယ် ဒိုင်ယာရီရယ်...။

မှ...

မကြေးမုံ

=============



Friday, December 09, 2011

ခုတလော

လူ့စိတ်ကို နွားသိုးပေါက်စလေးနဲ့ နှိုင်းကြတယ်။ အပြောင်းအလဲမြန်လွန်း၊ အငြိမ်မနေလွန်းလို့ တဲ့။ ခု မကြေးမုံလဲ အဲ့လိုဖြစ်နေတယ်။ တခါတလေကျတော့လဲ အဲ့လိုဖြစ်နေရတာ ကောင်းပါတယ်။ကိုယ့်စိတ်မှာ တနည်းအားဖြင့် လွတ်ရာလွတ်ကြောင်းလဲ ဖြစ်စေတာပေါ့။ အခုလို ကိုယ်ရေးကိုယ်တာခံစားချက်တွေဆိုတာမျိုးက စာထဲ ထည့်ရေးသင့်တာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။ ဒါပေမယ့် ဘလော့ဒိုမိန်းလေးပြောင်းတဲ့ အကြောင်းကလဲ တိုက်ဆိုင်လာတော့ အဲ့ဒါနဲ့ရောပြီး ပြောချင်ရက်လက်တို့ကာ စကားဦး သန်းလိုက်မိတာရယ်။

mirror-4d.net ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်က ကိုမင်းယွန်းသစ်အကူအညီနဲ့ ၀ယ်သုံးဖြစ်ခဲ့တာ။ အဲ့ဒီ အချိန်တုန်း က မြန်မာပြည်ကြီးက ခုလိုလဲ ဒက်မိုကရေစီတွေဘာတွေ ခြေစမလှမ်းသေးဘူးလေ။ ဆိုတော့ blogspot တွေပိတ်ထားတုန်း အချိန်အခါပေါ့။ ဒါနဲ့ အထဲက ဘလော့ရေးသူအတော်များများလဲ ဒိုမိန်းဝယ်ရတဲ့ အလုပ်တစ်ခုရလာတာပေါ့။ ခုတော့ ဒါတွေမလိုတော့ဘူး။ ဒီမိုကရေစီဆိုတာ မြန်မာတွေနဲ့ သိပ်မဝေးတော့ဘူး။ တောင်ရိုးသား ဟိုအနားလောက်ပဲ ကျန်တော့တာ။ (မှတ်ချက်။ ။မကြေးမုံ လဲ မြန်မာ့အလင်းတို့ ဘာတို့ ဖတ်ထားတယ်လေ)

ဒါနဲ့ပဲ .net လေးနဲ့ နေလာလိုက်တာ ၂ နှစ်ပြည့်တော့ ကိုမင်းယွန်းသစ်ကိုလဲ မဆက်သွယ်ဖြစ်၊ ပိုက်ဆံကို ဒီကလွှဲရတာလဲ အခက်အခဲရှိပါတယ်လေဆိုပြီး ဒီအတိုင်းပဲ သူ့ဘာသာသူ expire သွားပါစေပေါ့။ နောက်မှ blogspot.com ကိုပြန်ပြောင်းတော့မယ်ဆိုပြီး ထားလိုက်တာ...။ ၁ ပတ်လောက်နေလို့ ကိုယ့်ဘလော့ကိုယ် ပြန်လာကြည့်တော့ မြတ်စွာဘုရား.. အချင်းချင်းချိန်းတွေကြတဲ့ ဆိုဒ်ကြီး ဖြစ်နေပါရောလား။ စာ မရေးရင်သာရှိမယ်။ ကိုယ့်ဘလော့လေး အဲ့လိုဖြစ်နေတော့လဲ မနေနိုင်ပြန်ဘူး။ ဒါနဲ့ပဲ ဒိုမိန်းလေးတစ်ခုတော့ ပြန်ဝယ်ဦးမှပါပေါ့။ အမှန်တော့ ဒီအတိုင်းထားလိုက်လဲ ရပါတယ်။ သို့ပေမယ့် စာ အစမှာ ပြောခဲ့သလို စိတ်ကိုလွှတ်လို့ ဒိုမိန်းဝယ်ပစ်လိုက်တယ်။ ၁ နှစ်စာကို ၁ ကျပ်နဲ့ ၉၉ ပြားတောင်မှ ကျတယ်။ (discount နဲ့ ရသွားတာလေ.. )

ခုတော့ အရင် www.mirror-4d.blogspot.com ကိုနှိပ်လိုက်ရင် လက်တဲ့စမ်းပြီး ကိုယ့်ဘာသာ ၀ယ်ထားတဲ့ www.makyaymone.info ကိုအလိုလိုရောက်သွားပါလိမ့်မယ်။ ဘယ်လိုကနေ ဘယ်လိုရောက် သွား လဲ၊ပြောင်းသွားလဲတော့ မသိပါဘူး။ ဟိုကလစ်၊ ဒီကလစ်တွေ လျှောက်လုပ်ရင်းက ဒီနေ့လယ် ဖွင့်ကြည့် လိုက် တော့ခုလိုပြောင်းနေတာပါပဲ။အရင်နေ့တွေတုန်းကတော့ ဘယ်လိုမှန်းမသိတဲ့ ဖောင့်တွေနဲ့ မြင်နေရသေးတယ်။ ခုတော့ အိုကေ သွားပါပြီ။ ဖောင့်လဲ မြန်မာလိုမြင်ရ၊ ဒိုမိန်းလဲ ပြောင်းသွားပါပြီ။

ရိုးရိုးသားသားဝန်ခံရရင် "မကြေးမုံ" ဆိုတဲ့နာမည်ကို မနှစ်သက်ပါဘူး။ အထူးသဖြင့် ဆရာမောင်ကြေးမုံ ရှိနေပြီးသားမလို့ ပိုလို့တောင် မ၀ံ့မရဲဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ဘယ် စာရေးဖော်၊စာရေးဖက် တစ်ယောက် စခေါ်လိုက်မှန်းမသိခင်မှာပဲ အဲ့ဒီနာမည်က တွင်နေခဲ့ပြီ။ mirror ကိုမြန်မာလို ပြန်ချပစ်လိုက်ဟန် တူပါတယ်။ အဲ့ဒီကနေ ဟိုလူ၊ဒီလူလင့်ခ်ကြတော့လဲ မကြေးမုံပဲ ဖြစ်သွားကာ .. ခုတော့လဲ မထူးတော့ပါဘူးလေ။ ဒီဒိုမိန်းအသစ်ကိုလဲ မကြေးမုံဒေါ့အင်ဖို လုပ်လိုက်ကြပါစို့ပေါ့။


Monday, November 07, 2011

အပေးအယူမျှခဲ့တဲ့ Iron Cross စင်ကာပူဖျော်ဖြေပွဲ

အ၀င်ပေါက်မှ ဦးလေးကြီးက ကိုယ့်လက်ထဲက လက်မှတ်ကိုတစ်ပိုင်းဖြတ်ယူ၊ ကျန်တဲ့တစ်ပိုင်းကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်ချင်းမှာပဲ တီးလုံးသံတွေညံနေတဲ့ ခန်းမကျယ်ထဲကို က ခုန်ပြီးဝင်သွားလိုက်မိ တယ်။နှေးတိနှေးတုံ့သူငယ်ချင်းတွေလဲ ဘယ်ဆီကျန်ခဲ့သလဲဆိုတာ သတိမရတော့။ တစ်မိနစ်လောက် စိတ်လွတ်သွားတယ်ပဲ ဆိုရမယ်။ နောက်တော့မှ ငါတစ်ယောက်ထဲဘယ်ဖြစ်မလဲ ဆိုတဲ့ သတိဝင်လာပြီး သူတို့ပါ ၀င်လာတဲ့ထိ စောင့်နေလိုက်တယ်။

ကိုယ်တို့နေရာယူပြီးတဲ့အချိန်မှာ စင်မြင့်ပေါ်မှာဆိုနေတာက မျိုးကြီးပါ။ ရင်ဘတ်မှာ UK အလံပုံပါတဲ့ တီရှပ်အဖြူဝတ်ထားတဲ့ မျိုးကြီးက ကိုယ်ရန်ကုန်ပြန်တုန်းက ကြေငြာဘုတ်တွေမှာတွေ့ခဲ့ရတဲ့မျိုးကြီးလိုမျိုး ခပ်ဖိုင့်ဖိုင့်ဖြစ်မနေဘူး။

အိုင်စီရဲ့ အစဉ်အလာအတိုင်း ပထမပိုင်း၊ဒုတိယပိုင်းဆိုပြီး ၂ပိုင်းခွဲဆိုပါတယ်။ဒီတစ်ခေါက်ပါဝင်တဲ့ အဆိုတော်တွေက လေးဖြူ၊အငဲ၊မျိုးကြီးနဲ့ ၀ိုင်ဝိုင်းပဲမို့ ခါတိုင်းအခေါက်တွေထက် သူတို့ဆိုရတဲ့သီချင်းအပုဒ် အရေအတွက် ပိုများပါတယ်။ ငါးပုဒ်စီဆိုကြရပါတယ်။ မျိုးကြီးရဲ့ ပထမပိုင်းအစီအစဉ်မှာ သီချင်းအဟောင်းတွေနဲ့ သူနောက်ဆုံးထွက်ထားတဲ့ ယူလိုက် ဆိုတဲ့အခွေထဲက သီချင်းတွေနဲ့ မျှဆိုသွားပါတယ်။ မျိုးကြီးအလှည့်မှာ ကိုယ်တို့သွေးတွေလဲ စပျိုးဆူကာစအချိန်မို့ သိပ်ကို ခုန်လို့ပေါက်လို့ ကောင်းနေတုန်းပါပဲ။ ...။

မျိုးကြီးက သူ့ငါးပုဒ်မြောက်ဆိုအပြီးမှာ ကျနော်တို့အဖွဲ့ထဲက လူပျိုကြီးမဟုတ်တော့တဲ့ ဘဲတစ်ဗွေ ကို ခေါ်ချင်ပါတယ်။လူပျိုကြီးမဟုတ်တော့တဲ့ ၀ိုင်ဝိုင်း လို့ခေါ်ပေးသွားပါတယ်။ ၀ိုင်ဝိုင်းဘယ်အချိန်တုန်းက အိမ်ထောင်ကျသွားသလဲဆိုတာ မီဒီယာတွေရော၊ သူ့ပရိတ်သတ်တွေပါ သတိမထားလိုက်မိပါဘူး။ တကယ်တမ်းကျ သူ့ပရိတ်သတ် အတော်များများကလဲ အဲ့ဒီလို Personal တွေကို သိပ်စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။ မင်းသားတစ်ယောက်လို ကြည့်လို့ကောင်းပြီး ငယ်ရွယ်ဖျတ်လတ်နေဆဲ ၀ိုင်ဝိုင်းက သူ့ရဲ့နောက်ဆုံးထွက်ထားတဲ့ "အတုံ့အလှည့်" အခွေထဲက အေးဆေး အေးဆေး ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေမှုကို စတင်ပါတယ်။

အခွေသစ်ထွက်ထားတာလဲ မကြာသေး၊ အဲ့ဒီအခွေသစ်ကလဲ သိပ်မကောင်းလှသလို ပရိတ်သတ်ကလဲ သီချင်းတွေကို မရသေး။ ဒီ့အပြင်မှာမှ သူကသီချင်းသစ်တွေချည်း သုံးပုဒ်ဆက်တိုက်ဆိုတော့ စင်အောက်က ပရိတ်သတ်တွေဝိုင်းအော်ကြပါတယ်။ဝိုင်ဝိုင်းနဲ့ Rဇာနည်ယှဉ်ရင် Rဇာနည်ကို အော်ထုတ်မောင်းချလုပ်တတ်ပြီး ၀ိုင်ဝိုင်းနဲ့ မျိုးကြီး၊အငဲ၊လေးဖြူတို့ယှဉ်ရင် ၀ိုင်ဝိုင်းကို အော်ဟစ်ဆဲဆိုတတ်တာ တချို့အိုင်စီ ပရိတ်သတ်တွေရဲ့
အကျင့်ပါပဲ။ သူတို့အော်ပေမယ့် စင်ပေါ်က အဆိုတော်ကတော့ သူဆိုရမယ့် သီချင်းပုဒ်ရေပြည့်အောင်ဆိုရတာပဲ မဟုတ်လား။ကိုကိုလွင်ရေ.. အောက်ကပရိတ်သတ်ကတော့ လေးဖြူကိုပဲအော်ခေါ်နေပြီ ကျနော်မဆိုချင်တော့ ဘူးဆိုပြီး ဆင်းသွားလို့ရတာလဲမှ မဟုတ်တာ။

ဝိုင်ဝိုင်းပြီးတော့ ကိုယ့်ဖေးဘရိတ် ကိုကြီးငဲ အလှည့်ပါ။သူ့ကိုမြင်မြင်ချင်းမှာ သူ့ကျန်းမာရေးအတွက် စိုးရိမ်မိပါတယ်။အနုပညာရှင်တွေကို အဝေးကနေချစ်ရုံပဲ ချစ်ချင်ပြီး အနီးကပ်ရင်းနှီးဖို့ဆိုတာမျိုး ကိုယ်စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ကိုကြီးငဲကိုတော့ "ကျန်းမာရေးဂရုစိုက်ပါ၊ အကို့ဆီကနေ စက္ကူလေတံခွန်လို သီချင်းမျိုး၊ ကြိုးကြာတို့ညီအစ်မဆိုထားတဲ့ မိန်းကလေးအချစ်၊ ခင်ဘုဏ်းရဲ့ နင့်အကြောင်းလို သီချင်းမျိုးတွေ
နောက်ထပ်နောက်ထပ် ခပ်ကြာကြာ အချိန်ထိ မျှော်လင့်နေချင်ပါသေးတယ် " လို့တော့ ပြောချင်မိသား။

အငဲအလှည့်ပြီးတော့ ရွှေပရိတ်သတ်တို့ အသည်းစွဲ လေးဖြူ ပေါ့။ နက်ပြာရောင်ရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီနဲ့ ဆံပင်တွေလဲ အတော်ရှည်နေပြီဖြစ်တဲ့ လေးဖြူ ပါ။ အစိမ်းရောင်မြက်ခင်းများ သီချင်းနဲ့ စပါတယ်...။ ကိုယ်လဲ ကိုယ့်ဘ၀ရဲ့ အစိမ်းရောင်ရက်စွဲများကို ရိုးရိုးသားသားပဲ လွမ်းလိုက်ပါတယ်။

ဒီလိုနဲ့ပထမပိုင်း ဖျော်ဖြေမှု အစီအစဉ်နားပါတယ်။ ခရမ်းရဲ့ ဒရမ်ဆိုလိုတင်ဆက်နေချိန်မှာ ကိုယ်တို့ KFC ထွက်စားကြပါတယ်။

ကိုယ်တို့ပြန်ဝင်လာတော့ ဒုတိယပိုင်းပြန်စနေပါပြီ။ ဒုတိယပိုင်းမှာတော့ သူတို့လေးယောက်လုံး စင်ပေါ်မှာ အတူရှိနေကြပြီး တစ်ယောက်တစ်လှည့်စီ ဆိုကြပါတယ်။ လေးယောက်စလုံးမှာ မျိုးကြီးက ငယ်ရွယ်သူပီပီ အသံလဲ မကျသေးသလိုသီချင်းတွေကိုလဲ အကောင်းဆုံးဆိုနိုင်ပါတယ်။ ၀ိုင်ဝိုင်းလဲ အထွေ အထူး ပြောစရာမရှိအောင် ကျေနပ်စရာဖျော်ဖြေမှုကို ပေးနိုင်ပါတယ်။ လေးဖြူကလဲ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ ကိုကြီးအငဲကတော့ သီချင်းတွေပဲများများရေးချင်သလား မဆိုနိုင်ပါဘူး။ သီချင်းဆိုတာမှာ အရင်လို အားတက်သရောမရှိတော့ပါဘူး။
အားတက်သရော မရှိတာကတော့ အငဲတစ်ယေက်တင် မဟုတ်ပါဘူး။ တခြားသူတွေလဲ အားတက်သရော မရှိကြတော့ပါဘူး။ သူတို့တွေလဲ အသက်ကြီးလာသလို ကိုယ်တို့ရဲ့ ခံစားမှုပုံစံတွေပြောင်းလဲလာတာကြောင့်လဲ
ဖြစ်နိုင်ပါတယ်။

ကိုယ်တို့ငယ်ငယ်တုန်းက စတိတ်ရှိုးပွဲတိုင်းနီးပါးကို ကြည့်ကြတယ်။ အိုင်စီလဲကြည့်၊ လေးဇီးကလပ်လဲကြည့်၊ တခြားသိပ်မထင်မရှားအဖွဲ့တွေဆိုလဲကြည့်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ လုပ်တဲ့ပွဲဆိုလဲကြည့်။ အိမ်ကလူကြီးတွေ မဟန့်သေးသရွေ့ စတိတ်ရှိုးအကြည့်မရပ်ပါဘူး။ အဲ့ဒီတုန်းကဆို စင်ပေါ်မှာ လေးဖြူတို့ ၊ဇော်ဝင်းထွဋ်တို့များ စကားလေးတစ်ခွန်း မပြောလိုက်နဲ့၊ အဲ့ဒီစကားတစ်ခွန်းရဲ့ အဓိပ္ပါယ်ကို စတိတ်ရှိုးပြီးလို့
နောက် နှစ်ရက်၊သုံးရက်ကြာတဲ့အချိန်အထိ ကိုယ်တို့တွေ လိုက်စဉ်းစားလို့ လက်စမသတ်နိုင်ပါဘူး။ သူတို့ကလဲ အောင်မြင်မှုကို ထိန်းသိမ်းနေတဲ့ အချိန်ဖြစ်သလို သူတို့ရဲ့ပရိတ်သတ်တွေဖြစ်တဲ့ ကိုယ်တို့တွေကလဲ
ရူးရူးမူးမူးကို ရင်ခုန်ခံစားနိုင်ခဲ့တဲ့ အချိန်တွေပါပဲ။အဲ့ဒီတုန်းကလဲ အဆိုတော်နဲ့ ပရိတ်သတ် အပေးအယူ မျှခဲ့ကြပါတယ်။

အခုလိုအချိန်အခါမှာလဲ အရင်အတိုင်းပါပဲ။ သူတို့ကလဲ အောင်မြင်မှုကို ထိန်းသိမ်းဖို့၊ သူတို့သီချင်းတွေနဲ့ သူတို့ပရိတ်သတ် ဝေးမသွားစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ချည်း ဒီကိုလာဖျော်ဖြေတာ မဟုတ်ပါဘူး။
တခြားသော ရည်ရွယ်ချက်တွေလဲပါတာပေါ့။ဒါပေမယ့် အဲ့ဒီတခြားသော ကိစ္စတွေကို ကိုယ်တို့စိတ်မ၀င်စား ပါဘူး။ ကိုယ်တို့တွင်မက အဲ့ဒီခန်းမကျယ်ထဲကို ရောက်လာခုန်ပေါက်နေတဲ့ IC ပရိတ်သတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကလဲ စိတ်ဝင်ကြမှာမဟုတ်ပါဘူး။ကိုယ်တို့သိတာ လက်မှတ်ဝယ်ပြီး လေးနာရီလောက် အချိန်အတွင်းမှာ အော်ဟစ်ပေါက်ကွဲပစ်လိုက်ဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပေးသူ၊ယူသူ အပေးအယူမျှနေဖို့ပဲ လိုတာမဟုတ်ပါလား။

သာမာန်ပရိတ်သတ်တစ်ယောက်အနေနဲ့က ဒီထက်ပိုပြီး ဘာမှမမျှော်လင့်သလို ဘာမှလဲ စိတ်မ၀င်စားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကိုယ်တို့ မနေ့ညက IC ပေးသလောက်နဲ့ ပျော်ခဲ့ကြပါတယ်။

Saturday, June 04, 2011

အရိပ်အသွင်ထင်နေဆဲများ

ကိုယ့်မှာ ခံစားတတ်တဲ့နှလုံးသားအခန်းတွေပါနေသရွေ့... ရုပ်သေအဖြစ် မှတ်တမ်းတင်စရာ ပစ္စည်းပစ္စယတွေ မလိုပါဘူး။ အဲ့ဒီလိုယုံကြည်ပြီး အမေ့မြေကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး မျက်လုံးနဲ့သေချာစေ့ငုအောင်ကြည့်၊ စိတ်နှလုံးသားထဲ သံမှိုစွဲအောင်ရိုက်ထည့်ဖြစ်ခဲ့တာတွေချည့်။ အများကြီးရယ်.။မြေရဲ့ ရနံ့ပြောင်းလဲသွားတာမှ စလို့ သစ်ပင်တွေရဲ့ အစိမ်းရောင်ခြားနားမှုအထိ။ ဘာကိုမှ လက်လွှတ်မခံမိခဲ့ဘူး ထင်ပါတယ်။

လေယာဉ်ကွင်းသေးသေးလေးနဲ့ လေယာဉ်ကွင်း အကျယ်ကြီး၊ အတိုင်းအဆမလိုတဲ့ နွေးထွေးမှုနဲ့ အတင်းကာ ရော လိုက်လံရှာဖွေယူရတဲ့ အကြင်နာများ...။

အောင်ဆန်းလမ်းနဲ့ ကျောင်းလမ်းဆုံက စိန်ပန်းပင်ကြီးက နီနီစွေးစွေးရှိလိုက်တာ။ အဲ့ဒါကို ၂ လမ်းထိပ်မှာ မုန့်တီသုပ်စားရင်း တစိမ့်စိမ့်ခံစားမိတယ်။ ချစ်စရာ စိန်ပန်းနီနီတွေ။ စိန်ပန်းတွေမြင်တာနဲ့ ကျောင်းတက်ရတော့ မှာပါလားလို့ ...လစ်ခနဲ တွေးလိုက်မိတဲ့ အတွေးကို ကဗျာကယာ ပြန်ရုတ်သိမ်းရတယ်။

င၀န်မြစ်ကို ဖြတ်တိုက်လာတဲ့လေဟာ... မလတ်ဆတ်ဘူး။ ဒါပေမယ့် အပူဒဏ်ကိုတော့ လျော့စေသားပဲ။ ခုတစ်ခေါက် င၀န်မြစ်နားကို ရောက်တာဟာ ဒီ တစ်ပတ်အတွင်းမှာ ၂ ကြိမ်မြောက်ပေါ့။ သင်္ကြန်အကြိုနေ့တုန်း က တစ်ခေါက်ရောက်တယ်။ အကြိုနေ့၊ ကလေးတွေပတ်တဲ့ရေဟာ... အေးမြမြနဲ့ပေမယ့် လူတစ်ကိုယ်စာတောင် မစိုစွတ်စေဘူး။ အိမ်အပြန်လမ်းမှာ သင်္ကြန်အိုး(အတာအိုး) တည်ဖို့အတွက် ငယ်ငယ်တုန်းက အတာပန်းတွေ အရှာထွက်ကြတဲ့အကြောင်း တူတော်မောင်ကို ပြောပြမိတယ်။ ခု တစ်ခေါက်ရောက်တာလဲ င၀န်မြစ်နားပဲ။ ကွဲကွာသွားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အင်ကြင်းပင်ကြီး တစ်ပင်အောက်မှာ တန်းစီလဲလျောင်းပြီး စကားတွေ တောင်စဉ်ရေမရ။ ကိုယ့်ပုခုံးပေါ် ကြွေကြလာတဲ့ အင်ကြင်းပန်းမွှေးမွှေးလေးကို ဘယ်နားမှာ ချထားခဲ့မှန်း တကယ် မမှတ်မိတော့ဘူး။

၇ လမ်းရဲ့ ဟိုဘက်ထိပ်၊ဒီဘက်ထိပ်မှာ ကိုယ်တက်ခဲ့တဲ့ ကျောင်း ၂ ကျောင်းရှိတယ်။ ခေတ်အဆက်ဆက် တည်ရှိ ခဲ့တဲ့ မြို့မကျောင်းရဲ့သရုပ်မှန်က ပျောက်ဆုံးသွားပြီး တစ်နှစ်အတွင်းမှာ ထီးထီးကြီးပေါ်လာတဲ့ ကျောင်းဆောင်သစ် ကို အချိန်အတော်ကြာကြာ ရပ်ကြည့်နေမိတယ်။ ဒီမြို့မှာ ဒီကျောင်းသစ်ကြီး ပြောင်းလဲဖြစ်တည်မှုအပေါ် မနှစ်မြို့တဲ့လူဆိုလို့.. ငါနဲ့အပြင် တခြားဘယ်သူတွေ ရှိဦးမလဲ။ တွေးမိတယ်။

ကိုယ်တို့တွေက ၅ တန်းကနေ ၈ တန်းထိကို မြို့မကျောင်း(အလယ်တန်းကျောင်း)မှာ တက်ရပြီး ၉ တန်းနဲ့ ၁၀ တန်း ၂ နှစ်ကိုပဲ အထက်တန်းကျောင်းမှာ တက်ရတာ။ ငယ်တုန်း၊ကလေးစိတ်ဆီမှာထဲက စွဲလာတာက အထက်တန်းကျောင်းကို ကိုယ့်ကျောင်းရယ်လို့သတ်မှတ်မထားမိဘူး။ မြို့မကျောင်းကမှသာ.. ကိုယ့်ကျောင်း၊ ငါတို့ကျောင်း။ငါတို့ မြို့မကျောင်းကို ဘယ်သူဖျက်ဆီးပစ်လဲ။နောက်တစ်ခေါက် ထပ်မသွားချင်တော့ဘူး။ မြင်လဲ မမြင်ရက်တော့ဘူး။

လယ်ကွက်တွေရဲ့နောက်မှာ၊ ရထားလမ်းကို မေးတင်ထားတဲ့ ကိုယ်တို့ရဲ့ အထက်ကျောင်းဟာ နဂိုအတိုင်း ဘာမှ မပြောင်းလဲဘူး။ ကျောင်းခြံစည်းရိုးနားထိ ရောက်အောင်မသွားမိဘူး။ ကျောင်းခြံစည်းရိုးတလျှောက်က စိန်ပန်းပင်တွေ နီရဲနေပြီ။

မြင်ကွင်းထဲကကျောင်းနဲ့ ကိုယ်နဲ့ကြားမှာ ရထားဖြတ်လာဖို့ မျှော်လင့်နေမိတာ။ အမေ့ကို ရထားတွေခန့်မှန်းခြေ ဘယ်အချိန် ၀င်တတ်သလဲဆိုတာ မေးပြီးမှအချိန်ကိုလဲ တမင်ချိန်ကိုက်သွားတာပါ။ တစ်ယောက်ထဲ ရပ်နေတဲ့ကိုယ်ကို ကိုယ်တို့မြို့ကလူတွေက သူစိမ်းလိုလို၊ ရင်းနှီးသလိုလို မျက်လုံးတွေနဲ့ ကြည့်ကြတယ်။

မကြာခင်မှာပဲ ရထားက ဖြတ်သွားတယ်။ ခုဖြတ်သွားနေတဲ့ ရထားရဲ့အရောင်က အစိမ်းရောင်ဘက်ပါတယ်။ ဘာအရောင်လဲဆိုတာ သေချာ မမှတ်မိတော့ဘူး။ စိမ်းပြာရောင်လား ထင်တာပဲ။ သေချာတာက ကိုယ်တို့တွေ ငယ်ငယ်တုန်းကလို အနီရောင် မဟုတ်တော့ဘူး။ အထက်တန်းတွဲ၊ ရိုးရိုးတန်းတွဲရယ်လို့တော့ ရှိနေတုန်းပဲ။ ရထားဟာ ဘူတာအ၀င်မို့ ပုံမှန်ထက် လေးပင်ချည့်နဲ့စွာ။

ကျောင်းခြံစည်းရိုးက စိန်ပန်းပင်တွေက လေနဲ့အတူ ခပ်သွဲ့သွဲ့ပဲ ယိမ်းနေကြတယ်။ လျှစ်စစ်ဓာတ်အား ပေးဝေရေးတိုင်တွေ၊တယ်လီဖုန်း၊ကြေးနန်းဆက်သွယ်ရေးတိုင်တွေလဲ ငိုးတိုးငေါက်တောက်နဲ့။ အရောင်ပြောင်း သွားတဲ့ ရထားတစ်စင်း ကိုယ့်ရှေ့က ဖြတ်သွားတယ်။.. ဆွေးတယ် ဒုတ်ဒုတ်ထိပဲ။

========

Sunday, May 15, 2011

အမေ့ဆီမှ တဆင့်

နေ့လည်တုန်းက အမေ့ဆီဖုန်းဆက်တယ်။ ထုံးစံအတိုင်း သာကြောင်း၊ မာကြောင်း၊ဘုရားမှန်မှန်ရှိခိုးကြောင်း မုသား တ၀က်လိမ်းကျံပြီး ဖြေရတယ်။ အမေ့ဆီက မေတ္တာတွေရလိုက်တယ်။ အဲ့ဒီမေတ္တာတွေရဲ့အရှိန်နဲ့ တခြား သူတွေကို မေတ္တာ ရောင်ပြန်လေးတွေ ပေးရဦးမယ်။ ပေးနိုင်ဖို့ မျှော်လင့်တယ်။ အမေ့ဆီမှတဆင့် ရကာမှပဲ..။

ဘ၀ဟာ ဒီလိုပဲ လုံးချာလည်လိုက်နေတော့မှာပါပဲ။ အတိတ်ကို ပြန်မတမ်းတဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ အရင်တုန်းက မကြေးမုံဟာ သူများတွေကို စိတ်ခွန်အားတွေ ဖြည့်ပေးနိုင်တဲ့ လူပေါ့။ အခုတော့ မကြေးမုံဟာ သူကိုယ်တိုင် စိတ်ခွန်အားတွေ အရောင်ဖျော့နေ လေရဲ့။

အရွယ်မရောက်ခင်မှာပဲ စိတ်တွေ အိုစာခဲ့ရလို့ ဘ၀ဆိုတဲ့ သီချင်းကို ခုတလော ခဏခဏညည်းမိတာရယ်။ ..


Thursday, May 05, 2011

Internet cafe' မှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေကြည့်မိတယ်

အခန်းတံခါးကို ဆွဲဖွင့်ပြီးဝင်လိုက်လိုက်ချင်းမှာပဲ ၀မ်းနည်းစိတ်၊ သူ့ကိုယ်သူ နှမြောစိတ်၊ သူ့ရဲ့ အတိတ်ကို သူ ပြန်လည်တသ တဲ့စိတ်တွေ လှိုက်လှိုက်ပြီး တက်လာတယ်။ သူဟာ သိပ်ကိုခံစားတတ်သူပါ။ ဘုရားဟောခဲ့ဖူးတဲ့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေကဋာ ပြောင်းလဲနေတယ်ဆိုတဲ့ စိတ်ရဲ့အပြောင်းအလဲတိုင်းကို ဥာဏ်မှီသ လောက် လိုက်ဖမ်းဆုပ်ပြီး ခံစားတတ်နေတာလဲ သူပဲလေ။

ကောင်တာဘက်ဆီ လှမ်းကြည့်လိုက်တော့ တစ်ဦးတစ်ယောက်မှ မမြင်ရဘူး။ ဟိုအရင်တုန်းကဆိုရင်တော့ ခုလို ဘယ်သူမှမရှိနေလဲ ပြဿနာမရှိဘူး။ လွတ်နေတဲ့တစ်နေရာဆီ လျှောက်သွားပြီး ကိုယ့်စကားဝှက်ကို ရိုက်ထည့်လို့ ကွန်ပြူတာပွင့်လာတာနဲ့ သုံးလိုက်ရုံ။ ခုတော့ ကိုယ့်ကို "အမ ဘယ်စက်ယူမလဲ၊ member လား " ဆိုပြီး နေရာချထားပေးမယ့် တစ်ယောက်ယောက် ဒီကောင်တာဆီကို ပြန်လာတဲ့အထိ မတ်တပ်ရပ်လို့ စောင့်နေရုံပေါ့။ ခဏနေတော့ အမျိုးသမီးတစ်ဦးပြန်ထွက်လာတယ်။ နောက်ဖေးဘက်သွားတာ ထင်ပါရဲ့။ ပြီးတော့ သူ့ကို နံပါတ် ၆ ကို သွားပါ အမ ဆိုပြီးပြောတယ်။ ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းလောက် အတွင်းမှာ သူ့စိတ်တွေဟာ အဝေးဆီကို ထွက်ပြေးသွားတယ်။

၅၊၆၊၇ ဆိုတာ သူထိုင်နေကျ ခုံနံပါတ်တွေ။ အဲ့ဒီတုန်းက သူက ဂျီမေးလ်၊ဂျီတော့ခ် မှန်မှန်သုံးဖြစ်တယ်။ ဂျီတော့ခ် ကို အမြဲတမ်းစိမ်းထားပြီး သူငယ်ချင်းစာရင်းထဲမှာ မိတ်ရင်းဆွေရင်းတွေချည်းပဲ ဆိုပေတဲ့ လာခေါ်တဲ့လူတိုင်းကို စကားပြန်ပြောမဟုတ်ဘူး။အနီရောင်အတုံးဆိုတာ ဘယ်တုန်းကမှ မတား,ထားခဲ့ဖူးဘူး။ သူ့အယူအဆက သူဟာ အလုပ်များနေတဲ့သူ မဟုတ်ဘူး။အားလို့ အင်တာနက်သုံးနေတာဖြစ်တဲ့အတွက် အစိမ်းရောင် အစက်လေးပဲ ချထားရမယ်။ ဒါပေမယ့် လူတိုင်းနဲ့ စကားမပြောချင်လို့ လာခေါ်တိုင်းပြန်မပြောနိုင်ဘူး။ အဲ့လိုမျိုး ကန့်လန့်တွေးပြီး ထင်သလိုလုပ်ရဲတဲ့ စိတ်အင်အားတွေ သူ့မှာ ခိုအောင်ခဲ့ဖူးတယ်။

အဲ့ဒီတုန်းက သူ ဘလော့မှန်မှန် ဖတ်ဖြစ်တယ်။ ပရောက်ဇီအမျိုးပေါင်း သောင်းခြောက်ထောင်ကို အလွတ် မှတ်မိနိုင်တယ်။ "ဥပဒေနှင့် မလွတ်ကင်းသောဝက်ဘ်ဆိုဒ်များ မကြည့်ရ" လို့ တားမြစ်စာ ကပ်ထားတဲ့ဆိုင်မှာ ကိုယ်ကြည့်ချင်တဲ့၊ဖတ်ချင်တဲ့ သတင်းမှန်သမျှ ဖတ်ခဲ့ဖူးတယ်။ ဆိုင်ဝန်ထမ်းက နောက်သလို၊ပြောင်သလိုနဲ့ "အမ ဘာတွေကြည့်နေတာလဲလို့" တားမြစ်ချင်သလို မေးလာခဲ့ရင် "ငါ့လာမေးမယ့်အစား ဟိုဘက်စက်က ညစ်ညမ်းဗွီဒီယိုကြည့်တဲ့လူကို သွားမေးပါလားဟယ်" လို့ အငေါ့လဲတူးတတ်တယ်။

အဲ့ဒီတုန်းက သူ စာမှန်မှန်ရေးနိုင်ခဲ့ဖူးတယ်။ သူ့စာတွေအတွက် သူ့မှာ ဘယ်လိုယုံကြည်ချက်မှ မထားခဲ့ဖူးဘူး။ သူ့စာတွေဟာ သူ့အတိုင်းပဲ၊ ခပ်သွက်သွက်၊ခပ်မြန်မြန် အရှိန်တစ်ခုနဲ့ ...။ ပြီးတော့ သူ့စာတွေကနေ သူ့ကို ဖောက်ထွင်းလဲ မြင်နိုင်တယ်။

အဲ့ဒီတုန်းက သူက အင်တာနက်သုံးရင်း အင်းစတင့်ကော်ဖီ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ခဲ့တယ်။ ထမင်းကြော်ကို ပုံမှန်စားတယ်။ မျက်စိညောင်းလာရင် အင်တာနက်ဆိုင်မှာရှိတဲ့ သတင်းဂျာနယ်တွေထဲမှ အတင်းအဖျင်းတွေကို လိုက်ဖတ်တတ်တယ်။ ပြီးတော့ ဆိုင်ရှင်တွေနဲ့ စကားစမြည် ပြောဆိုလေ့ရှိတယ်။

----
-----
------

အဲ့ဒီတုန်းက သူဟာ စကားများတဲ့သူ ဖြစ်ခဲ့တယ်။သို့ပေမယ့် အဲ့ဒီတုန်းက သူဟာ မလိမ်ညာတတ်ခဲ့ဘူး။

အဲ့ဒီတုန်းက သူ ဆိုတာလဲ ရှိခဲ့ဖူးတယ်။


Saturday, February 26, 2011

မုန်းမိတယ်ဆိုရင်တောင် အဲ့ဒါ မတော်တဆ

ကျမတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးကြတယ်...။အဲ့ဒိ မတော်တဆမှုတွေကနေပဲ တချို့ အမှတ်ရစရာ၊ပျော်စရာ၊တချို့ဝမ်းနည်းစရာ..နောက်ပြီး အဲ့ဒိမတော်တဆမှုတွေကနေ တစ်ဘ၀လုံး ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေထိ ဆိုးရွားခဲ့တာတွေ..။

*********************************************

ဒီညကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်းလေးတစ်ခုအကြောင်း အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖြစ်ပြီး မင်းသားက မြန်မာပရိတ်သတ်တွေကြားမှာ အချိန်အတော်ကြာ ကွယ်ပျောက်နေတဲ့ တချိန်တုန်းက ညီနန္ဒခေါ် ခု နန္ဒ ပါ။ မင်းသမီးတွေက နန္ဒာလှိုင်နဲ့ ပန်းဖြူနဲ့ ကလေးသရုပ်ဆောင် ၂ယောက်လဲ ပါဝင်ပါတယ်။

ဇာတ်လမ်းကို အကျဉ်ချုံးပြီးပြောရရင်တော့ ညီနန္ဒနဲ့ ပန်းဖြူတို့က ဇနီးမောင်နှံတွေဖြစ်ကြတယ်။သူတို့မှာ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။

ပန်းဖြူက အိမ်ထောင်မှုလုပ်၊သိမ်းထုပ်သေချာပြီး အင်မတန်မှ သ၀န်တိုတတ်တဲ့အမျိုးသမီး၊ညီနန္ဒကကျတော့ အလုပ်ကိုပဲအေးအေးဆေးဆေးလုပ်ချင်သူ။ သူ့မိန်းမကိုအရမ်းချစ်ပေမယ့် သူ့မိန်းမကတစ်မျိုးပြီးတမျိုး မရိုး နိုင်အောင် သူ့ကိုနီးစပ်ရာအမျိုးသမီးတွေနဲ့သမုတ်နေတာကို နားပူမခံချင်ဘူး။နားအေးပါး နေချင်တဲ့သူ ဆိုပါတော့။

သူတို့နှစ်ဦး(နန္ဒနဲ့ ပန်းဖြူ)ကြားမှာ ယောက်ျားလုပ်သူကို အမျိုးသမီးက အမြဲတမ်းရန်ရှာပြီး၊ အချိန်တိုင်း ရန်ဖြစ်နေရတဲ့ ပြသနာကတော့ နန္ဒာလှိုင်နဲ့ ညီနန္ဒတို့က အလုပ်တစ်ခုထဲဖြစ်နေခြင်းပါပဲ..။ညီနန္ဒရဲ့ အသံသွင်းစတူဒီယိုမှာ နန္ဒာလှိုင်က ၀န်ထမ်းတစ်ဦးပေါ့။

ဒီလိုနဲ့ သ၀န်တိုတတ်တဲ့မိန်းမရယ်၊အေးတိအေးစက် မထုံတတ်တေးလုပ်တဲ့ယောက်ျားရယ်၊နောက်ပြီး အင်မတန်မှ ဗဟုသုတကြွယ်ဝသလို၊လူတွေရဲ့ စိတ်အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက် လွယ်သော တပည့်မလေးတစ်ဦးရယ်နဲ့ ဇာတ်အိမ်တစ်ခုတည်ခဲ့ပါတယ်။

ခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွေအတော်များများဟာ ဟိုအရင်ကလို ချစ်ကြိုက်ကွဲ၊ပြီးရင် ပြန်ပေါင်းထုပ် ဆိုတာတွေထက် အခုကားလိုမျိုး လူ့သဘော၊မနောတွေနဲ့ ရောယှက်ထားတဲ့ဇာတ်တွေ များလာပါတယ်။ ဇာတ်အိမ်အားဖြင့်ရှုပ်လာပြီး အဲ့ဒီဇာတ်အတွက် သရုပ်ဆောင်တွေနိုင်နင်းမှု ရှိမရှိဆိုတာကတော့ တခြားတပိုင်းပေါ့လေ...။

အဲ့ဒါနဲ့ တနေ့မတော့ လင်မယားချင်းစကားများကြတယ်။ ဒီတစ်ခေါက်ပြဿနာက အနည်းငယ်ပြင်းထန်ပြီး ကိုယ်ထိလက်ရောက်တွေပါ ပါလာတယ်။ တွန်းထိုးရင်းက ပန်းဖြူက ဗီရိုစောင်းနဲ့ခိုက်မိပြီး သေဆုံးသွားခဲ့တယ်။

ဒီနေရာမှာ ဇာတ်လမ်းအသေးစိတ်ကို မရေးလိုတော့ပါ။ပန်းဖြူက သေခါနီးမှာဆွံ့ဆွံ့အအနဲ့ ယောက်ျား လုပ်သူကို တစ်ခွန်းထဲပြောသွားတဲ့ စကားက “ကလေးတွေကို စောင့်ရှောက်ပါ” တဲ့။ အသက်ငင်နေနဲ့ ပန်းဖြူရဲ့ မျက်လုံးတွေထဲမှာ"ပြဿနာကို ငါဒီနည်းနဲ့ဖြေရှင်းမိတာ မှားသွားပြီလား" ဆိုတဲ့ နောင်တတွေများလားလို့ ကျမခံစားရှာဖွေမိပြန်ပါတယ်။

အဲ့ဒိမတော်တဆမှုကို ရဲလက်အပ်လိုက်ရင် သူ့ကလေးတွေ မိဘမဲ့တွေဖြစ်ကုန်တော့မှာစိုးတဲ့အတွက် မိန်းမအလောင်းကို ရေထဲလွှင့်ပစ်ခဲ့တယ်။နောက်ဆုံးမတော့ ဖုံးဖိထားရင်းကပဲ အမှုကပေါ်သွားတယ်။ ကလေးတွေက ဖအေလုပ်သူကို အထင်တွေလွဲ၊ အဲ့ဒီလိုနဲ့ ဖခင်က ထောင်ကျတယ်ပေါ့။ သားနဲ့သမီးလေးက သူ့အဖေကို နာကျည်းသွားတယ်။ ဒီနေရာမှာ ညီနန္ဒအတွက် ဝေဒနာက ထောင်ကျရတာထက် လူမမယ် သားသမီးတွေရဲ့ အထင်အမြင်လွဲခံရတာက ပိုမယ်ထင်ပါတယ်။

နောက်ပိုင်းမတော့ ဖအေကို သားသမီးတွေက ခွင့်လွှတ်နားလည်ပေးကြောင်းနဲ့ "မုန်းတယ်လို့ပြောမိရင်တောင် အဲ့ဒါ မတော်တဆ" လို့ ရေးထားတဲ့ပိုစ့်ကဒ်လေးတစ်ခုကို ထောင်ထဲပို့ပေး...စသဖြင့် ဇာတ်ကိုမနာအောင် ပြန်သိမ်းထားတယ်....။

**********************

ဇာတ်လမ်းဆုံးပြီ။ ကုတင်ပုပုလေးပေါ်မှာ လှဲနေရင်း အတွေးနယ်ဆက်ချဲ့မိပါတယ်။ အဲ့ဒိလို မတော်တဆမှုတွေကြောင့် ကျမတို့ရှင်သန်ကြီးပြင်း ကျင်လည်ရာ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်ခဲ့ ပြီးပြီလဲ...။ အဲ့ဒါထက်ပိုလို့ အချိန် ၂နာရီလောက်ပေးပြီး ကြည့်လိုက်ရတဲ့ဒီဇာတ်လမ်းထဲကနေ ကျမဘာတွေရလိုက်ပါသလဲ။

ကျမသတိထားမိလိုက်တာ တစ်ခုရှိရဲ့...။အဲ့ဒါက အိမ်ထောင်ရေး၊သံသယ၊ဖောက်ပြန်ခြင်း နဲ့ နားလည်မှု အဲ့ဒါတွေ အဟ ကွာနေခြင်း ပါပဲ..။

ဒီဇာတ်လမ်းထဲမှာဆိုရင် ယောက်ျားက တကယ်မဖောက်ပြန်ပါဘဲနဲ့ သူ့ကိုဖောက်ပြန်ပါတယ်လို့ စွပ်စွဲတဲ့မိန်းမကိုတွန်းထိုးရင်းက လူသတ်တရားခံဖြစ်သွားရတယ်..။ မိန်းမအနေနဲ့ကလဲ သူ့ယောက်ျားဆီကနေ သေချာတိကျတဲ့ ဖြေရှင်းစကားတစ်ချို့ကို မျှော်လင့်နေမိခဲ့တယ်။ (အနည်းဆုံး လိမ်ညာပြီး ဖြေရှင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့)

ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာဘူး။သူ့ယောက်ျားကလဲ သူသည်ဘာတစ်ခုမှ အမှားမလုပ်တဲ့အတွက် ဘာကိုမှ ဖြေရှင်းနေစရာမလိုဘူး။

အသံသွင်းစတူဒီယိုအခန်း တစ်ခန်းထဲမှာ အလုပ်အတူလုပ်နေကြတဲ့ တပည့်မလေးက သူအလုပ်ထွက်ပေးဆိုလဲ ထွက်မယ်၊သူ့ကြောင့်တော့ ဆရာတို့အိမ်ထောင်ရေး အနှောက်အယှက်ဖြစ်နေပါ့မယ်ဆိုတဲ့ အပြောကိုလဲ ငါတို့ တွေ မောင်နှမရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ခင်မင်ကြတာကို ငါတို့သိတယ်..။ ဒါကို သူများလက်ခံလာအောင် ရှင်းပြနေစရာမလိုဘူး။ နောက်ပြီးတော့ အဲ့လိုအလုပ်ထွက်လိုက်မှ တို့တွေရဲ့ ဖြူစင်မှုကို သူများအထင်သေးတယ် စသဖြင့် ငါတို့မမှားဘူးဆိုပြီးလက်မခံတဲ့ ဆရာတပည့်ကြားက နားလည်မှု၊စသဖြင့် ပေါ့လေ...။

ဒါပေမယ့် အဲ့ဒါတွေက ဘေးက ပွဲ့ကြည့်ပရိတ်သတ်ရဲ့အမြင်တွေပါ။ကာယကံရှင်တွေက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း၊ ဘာကိုခံစားနေရမှန်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မကြည့်နိုင်ပါဘူး။

အိမ်ထောင်မှု ကိစ္စတွေနဲ့ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေနဲ့ သူတို့ဇောနဲ့သူတို့ ကပ်နေကြတာပါ။ တစ်ဦးချင်းစီက ငါမှန်တယ်၊ ငါဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အတွေးတွေ၊ ငါ့ကိုမှ လာစော်ကားတယ်ဆိုတဲ့ မခံချင်စိတ်တွေ၊ ငါ့ကိုယ်ကျင့်တရား၊ နောက်ပြီး ငါ့တာဝန်ယူမှု.. အဲ့ဒီခံစားမှုတွေက ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ထိ ရင်နင့်ကြေကွဲဖွယ် ဖြစ်ခဲ့တာပါပဲ။

ဒီဇာတ်လမ်းလေးကိုပဲ ကျမတွေးမိတယ်..။ဖခင်လုပ်တဲ့သူ ထောင်ကျသွားတော့ လူမမယ်ကလေးနှစ်ယောက်ကို နယ်မြို့က ဖခင်ရဲ့အစ်ကိုအိမ်မှာထားခဲ့ရတယ်။သူတို့ဟာ သူတို့ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တဲ့ အမေကိုလဲ ရုတ်တရက်ကြီး ပျောက်ဆုံးခဲ့ရသလို အမေပျောက်ကွယ်သွားခါမှ သူတို့ကိုကြင်နာယုယမှုတွေ ပေးလာတဲ့ အဖေကိုပါ မဆိုင်းမတွပဲ... ထပ်ပြီးဆုံးရှုံးလိုက်ရပြန်တယ်...။ ရွှေတောင်ကြီးရော.. အိမ်ခေါင်မိုးရော... အကုန်ပြိုတာမှ သူတို့လေးတွေပါ....။

နှမြောစရာကောင်းတာက တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ ကလေးတွေရဲ့ မိခင်ဖခင်အပေါ် ထားရှိတဲ့ စိတ်တွေ၊ခံယူချက် တွေပေါ့..။ သူတို့လို ကလေးငယ်တွေ ကျမလက်တကမ်းမှာကို အများကြီးရှိနေလေရဲ့။

******************************

ကိုယ်ဘာမှမတတ်နိုင်တဲ့ လူ့သဘာဝတွေမို့ မသိလိုက် မသိဘာသာလေးပဲ နေလိုက်ရမှာလား။ ဒါမှမဟုတ် ကိုယ့်အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေနဲ့ သူတို့ရင်သွေးလေးတွေ သူတို့ကို မတော်တဆမုန်းမိနိုင်တယ် ဆိုတဲ့အကြောင်းလေးများ..... ကွေ့ပတ်ဝေ့၀ိုက်ပြီး ဆွေးနွေးရင်ကောင်းမလား...စဉ်းစား နေရတုန်းပါပဲ။

******************************


လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တုန်းက ရေးထားတဲ့ အဟောင်းလေးပါ။ကိုယ့်စာကိုယ်ဖတ်ပြီး စိတ်တိုင်းမကျပေမယ့် တိတ်ဆိတ်မှုကို ဒီနည်းနဲ့ပဲ ဖြိုခွဲခွင့်ပြုပါ။
ခေါင်းစဉ်ကိုလဲ အဲ့ဒီဇာတ်လမ်းထဲက ပိုစ့်ကဒ်လေးလဲက စာကြောင်းလေးပဲ ယူသုံးလိုက်ပါတယ်။း)

Monday, December 20, 2010

အိုင်စီပွဲနဲ့ ဆက်စပ်မိသမျှ....

ဇာတ်သမားပြန်တော့ မှတ်သားစရာကျန်သတဲ့။အိုင်စီပြန်တော့...လွမ်းကျန်ခဲ့ရပါပေါ့။လွမ်းတာက အိုင်စီကိုမှ၊ ကိုကြီးငဲ တို့ကိုမှ လွမ်းရခြင်းမဟုတ်။ သူတို့ပြန်သွားမယ့် ရွှေပြည်ကြီးကိုပေါ့။ လွမ်းတာလေ လွမ်းလိုက်တာမှ။ အငဲ ထွက်လာလာချင်း ကိုယ့်ဆွေမျိုးသားချင်းများ မြင်ရသလိုပါပဲ။ အမေ့ကို မြင်ရင်တောင် ဒီလောက် ခံစားမှု တွေ ယောက်ယတ်ခပ်ပါ့မလား..ကိုယ့်ဘာသာကိုယ် မသေချာပါဘူး။ သီချင်းကို လိုက်ဆိုမလို့လုပ်လိုက်၊
ငြိမ်နေလိုက်ရလိုက် နဲ့..။ ခု ပြန်စဉ်းစားတော့ လိုက်ဆိုမိလား၊မဆိုမိလား မမှတ်မိနိုင်တော့...။ ဘာပဲဖြစ်ဖြစ် သူတို့တွေ၊ နောက် တောကျောင်းဆရာတို့တွေ အများကြီးဘ၀ပေးကံ ကောင်းပါတယ်။တခြားတခြားသော အရေခွံတွေကိုခွာချပြီး ကိုယ့်ရင်ထဲက ခံစားမှုချည်းသက်သက် ချဉ်းကပ်ကြည့်မယ် ဆိုရင်ပေါ့..။

မျှော်ခဲ့လိုက်ရတဲ့ ဒီဇင်ဘာ ၁၉ ရက်။ ဟိုးလွန်ခဲ့တဲ့ ၁ လ လောက်ထဲက။ စိတ်မလှုပ်ရှားတော့ပေမယ့် ငါဟဲ့.. သွားကို အော်ဟစ်ပေါက်ကွဲပစ်လိုက် ဦးမယ်ပေါ့။လင်းလင်း ဆိုတဲ့ပွဲ မြန်မာပြည်မှာတုန်းက တစ်ပွဲကြုံတယ်။ သူငယ်ချင်းမတွေ အလှပြင်လို့ မပြီးတာနဲ့ သူ ဆိုတဲ့တချိန်လုံး လုံးဝကို လွတ်သွားခဲ့တယ်။ဒီ တစ်ခေါက်မှ လွတ်ရင်တော့ သူတို့နဲ့ကိုယ်နဲ့ သေခန်းပြတ်ပဲ သူငယ်ချင်းတောင် ဖြစ်သွားမလားပဲ။သက်ပြင်းတွေ ပြိုင်တူချ ခိုင်းပြီး ကိုယ်တွေကို နေတတ်သလိုနေခိုင်းခဲ့တဲ့ လင်းလင်းကို စိတ်မနာပါဘူး။ နေတတ်သလိုပဲ နေပါတယ်။

လင်းလင်းမထွက်ခင်မှာပဲ ရှေ့တန်းမှာထိုင်တဲ့ သူငယ်ချင်းတွေက အပြင်ခဏသွားပါတယ်။ထိုင်နေတုန်းပဲ ဗြုန်းဆို ကိုယ့်မျက်နှာပေါ် ဆံပင်တွေ အထွေးလိုက်လာထိတော့ ရုတ်တရက် လန့်ဖျပ်သွားပါတယ်။ မော့ကြည့် လိုက်တော့ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာက ကိုယ့်အပေါ်တည့်တည့်မှာ။လမ်းခဏလောက်ဆိုပြီး လွှားခနဲဆို ကျော်ဆင်းသွားပါတယ်။သူ့နောက်ကနေ ကောင်ကလေးတစ်ယောက်၊ကောင်မလေး တစ်ယောက် ထပ်ဆင့်လွှား ကြပါတယ်။ကြယ်တွေ၊လတွေ မြင်သွားသလိုပါပဲ။ ပြီးတော့ စောစောက အပြင်ခဏ ထွက်သွားတဲ့ သူငယ်ချင်း ၂ ယောက်နေရာမှာ ၀င်ထိုင်ပါတယ်။ ဟန့်တားရမှာ အားနာပေမယ့် ဒီနေရာ လူရှိတယ် ပြောလိုက်ပါတယ်။ ခုံနာပါတ်နဲ့ မဟုတ်ပေမယ့် သူတို့နေရာအသီးသီးမှာ ရေသန့်ဗူးတွေ ချထားပါတယ်။ ကိုယ်လိုချင်တဲ့နေရာရဖို့ အတွက် အိမ်ကနေ အစောကြီးထွက်ကြရပါတယ်။ နောက်ပြီး ကိုယ်တွေကိုယ်တိုင် အပြင်(အိမ်သာ)ခဏသွားချင်ပေမယ့် တမင်လေးယောက်ကို ၂ ယောက်စီခွဲ သွားရတာ ကိုက ကိုယ့်နေရာ မပျောက်သွားချင်လို့ပါ။ ဒီတော့ မပြောမဖြစ် ပြောရပါတယ်။ပြောတဲ့အခါကျတော့ မယ်မင်းကြီးမလေး နဲ့ မောင်မင်းကြီးသားက ကိုယ်တွေ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ပါတယ်။ ဒီတော့ ကိုယ့်တစ်ယောက်ကျော်က ကိုယ့်သူငယ်ချင်းပါပဲ။သူကလဲ ခပ်စွာစွာရယ်ဆိုတော့.. ဟင် နင်တို့ ဒီလိုရပ်တော့ နောက်က လူတွေ ဘယ်လိုမြင်ရမလဲ လို့ ပြောပါတယ်။ကိုယ်လဲ ၀င်ပြောပါတယ်။ သူတို့ကို ကိုယ်တို့ပြောတဲ့စကားလုံးတွေ၊အမူအယာတွေဟာ ရည်ရည်မွန်မွန် မဟုတ်တောင် မရိုင်းပြဘူးဆိုတာ ကိုယ်တို့ဘာသာ ကိုယ်တို့ သေချာပါတယ်။ဒီတော့ မိန်းကလေး ၂ ယောက်ကြား သူရဲကောင်း မောင်မင်းကြီးသားက ပိုက်ဆံပေးကြည့်တာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ လာ ရပ်သာရပ် လို့ ဆိုပါတယ်။ အင်း ဒါဆို မကြေးမုံတို့က အလကား အလကားကြည့်တာပေါ့ နော်။ ...။

ဆက်ပြောမနေပါဘူး။ လက်မှတ်စစ်တဲ့လူကို သွား အကူအညီတောင်းပါတယ်။ ဒီလိုဒီလိုပေါ့။ တကယ်ကိုလဲ ရှေ့မှာ မတ်တပ်ရပ်ရုံမက ကို့ရို့ကားယားတွေ "က"နေပါသေးတယ်။သူတို့က တာက Rock တာ မဟုတ်ပါဘူး။ သူတို့ ကနည်းက တမျိုးပါ။ ထားပါတော့လေ..။ အဲ့ဒါနဲ့ သွားပြောတော့ လက်မှတ်စစ်ရဲ့ ဖြေရှင်းပေးပုံက အတော်လေးကိုပဲ ပြီးပြည့်စုံပါတယ်။ မရပ်နဲ့လို့ ပြောလိုက် တဲ့။ ပြောပြီးပြီ။ မရဘူး။ အကို ကိုယ်တိုင်လာပြောပေးကြည့်ပါဦး ဆိုမှ ဆင်းသွားပါတယ်။ ရိုက်ပေါက်စကားကို စပြောပါတယ်။
"ဟေးဟေး... မင်းတို့ရပ်ကြည့်နေလို့ နောက်မှာ ငါ့လာပြောနေပြီ " လို့ဆိုတော့ ကိုယ်က သူတို့ရန်သူ ဖြစ်မသွားပေဘူးလား။ မသကာရင်.. "ညီလေး ဒါ ရပ်ကြည့်တဲ့ အတန်း မဟုတ်ဘူးကွ။နောက်က လူတွေ အကုန်ကွယ်ကုန်မှာပေါ့...။ ရပ်ကြည့်ချင်ရင် နောက်ဆုံးမှာ သွားရပ်ပေးပါလားကွာ" လို့ ပြောရင်လဲ ဖြစ်သား ပဲ။ အင်း.. စည်းနဲ့ဘောင်းနဲ့ ဖြစ်မှာ စိုးလို့ တူပါရဲ့။ ကိုယ်တို့ချင်း အဲ့လို တိုက်ပေးသွားတာ။ ပြဿနာက ပြေလည်သွားလားဆိုတော့ ပွဲပြီးတဲ့အထိ ဟုန်း ဆို..ဆင်းလာလိုက်၊လွှား ဆို ကျော်တက်သွားလိုက်ပါပဲ။

ဒီနေရာမှာ ဘာသွားစဉ်းစားမိလဲ ဆိုတော့... အဲ့လိုလူတွေကြောင့် အဲ့လို အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေနဲ့ ကြပ်မတ်ထားရတာပါလား၊အဲ့လို စည်းကမ်းတွေ အဓွန့်ရှည်နေတာပါလား ဆိုတာတွေးမိတယ်။လူတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သာထိန်းသိမ်းမယ်ဆိုရင် ဘယ်သူက စော်ကားပြီး ဘယ်သူကကာကွယ် ပေးသလဲ ဆိုတာ ကိုယ်တိုင်ဝေခွဲတတ် ပါလိမ့်မယ်။ ခုတော့ သေနတ်မိုးပြီးခြောက်မှ ကြောက်မယ့် လူငယ်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ။ဖြစ်လဲ ဖြစ်နေပါပြီ။

မကြေးမုံက ခုလိုပြောတာကို ဝေဖန်ချင်သူတွေ ရှိပါဦးမယ်။ အပြင်ရောက်ထဲက ဒီလိုစကားတွေ ဒီလိုအကြောင်းတွေ မရေးတော့၊ မပြောတော့ပါဘူး။ အပြင်ရောက်မှ စွတ်အော်တယ်လို့ နာမည်အတပ် မခံနိုင်ပါဘူး။ ခုက အပြင်မှာမြင်တဲ့ လူငယ်တွေ အကြောင်းမို့ ကြုံတုန်း ဆုံတုန်းပဲ ဆိုပါတော့။..ဒါနဲ့...

အာဇာနည် ထွက်ပါတယ်။ ကောင်းပါတယ်။လင်းလင်းလို အသံကြောင်၊ပွဲကြောင်မနေပါဘူး။ သူက သီချင်းတွေ ဆိုပါးဝနေပြီ မို့ ဟုတ်သောရှိ၊မဟုတ်သော်ရှိ ပရိတ်သတ်ကို ကောင်းကောင်း ပွဲထိန်းနိုင်ပါတယ်။ လင်းလင်းက ပွဲကြောင်သယောင်ရှိပေမယ့် အဓိပ္ပါယ်ရှိတဲ့ နှုတ်ခွန်းဆက်စကားတွေနဲ့မို့ နှုတ်ဆက်တဲ့နေရာမှာ အာဇာနည်ထက် သာ ပါတယ်။ အာဇာနည် ဆိုနေချိန်မှာ မကြေးမုံက အမောဖြေပါတယ်။

ဝိုင်ဝိုင်းကတော့ဖြင့် သစ်လွင်၊တောက်ပြောင် လန်းဆန်းမြဲပါ။ဒါမယ့် မြန်မာပြည်မှာတုန်းကလိုတော့ ပေါ့ပါး လွတ်လပ်မှုတွေ သူ့ဆီမှာ ရှာမတွေ့ပါဘူး။ရင်ဘတ်မှာ လက်ညှိုးနဲ့လက်မ ကွင်းပြီးမေးထားတဲ့ အိုကေ လား ဆိုတဲ့ စတစ်ကာနဲ့။ အိုကေသလောက် အိုကေပြီး မကေတာတွေ မကေဘူးပေါ့လေ။

မျိုးကြီးအလှည့်ပါ။ မျိုးကြီးသီချင်းဆိုနေတာ ကြည့်ပြီး သူတို့မှာ အဲ့လောက်ခံယူချက် မရှိပါဘူးလို့ပြောဖူးတဲ့ ရွှေပြည်ကြီးက သူငယ်ချင်းကို သတိရမိပါတယ်။ ဆေးပေးပါ တို့ဘာတို့ဆိုတာက သီချင်းရေးဆရာ ရေးထားတာတွေပါ။ မျိုးကြီးရေးတာ မဟုတ်ဘူးလေ။ နော်။

ကိုကြီးအငဲ ပါ..။ "တစ်တိုင်းတစ်ပြည်" မှာလို့ သူပြောသွားတဲ့စကားတွေထဲမှာ ပါသွားတယ်။ ကိုယ်တွေက မြန်မာစကားကို စာရေးပြီးပဲ ပြောနေရတာ အကျင့်တွေဖြစ်နေပြီမို့ သူပြောတဲ့ "တစ်တိုင်းတစ်ပြည်" ကို အင်မတန်သဘောကျမိပါတယ်။ ညာဘက်လက်ကိုမြှောက်တင်ပြီး ဗယ်ဘက်က နားရွက်ကို ပတ်ကိုင်ပြီးတော့
အားနာပါးနာပုံစံနဲ့ ခင်ဗျားတို့မှာ အိမ်ရောရှိကြရဲ့လားဗျ လို့ သူမေးပါတယ်။ သူများတွေတော့ မသိပါဘူး။ ကိုယ့်မှာတော့ အိမ်မရှိပါဘူး။မရအရ၊ မဖြစ်မနေပြရမယ်ဆိုရင်တော့ ကိုယ့်ခြေသလုံးက ကိုယ့်အိမ်ပေါ့...။ အိမ်မရှိခဲ့တာ ၁၀ နှစ်ရှိပြီ။ အငဲနဲ့ လင်းလင်းက နှလုံးသားတည့်တည့်ကို စကားလုံးတွေနဲ့ ပစ်ပါတယ်။

လေးဖြူက အလွန်အင်မတန် ပဲ များပါတယ်။ စင်ပေါ်ကို ရိုးရိုးမတက်ပါဘူး။ ပြေးတက်ပါတယ်။ နောက်.. ပွဲပြီးတော့လဲ ပြေးဆင်းပါတယ်။ အဲ့ဒီအချိန်..အာဇာနည်ကို မင်းဆံနွယ်တွေ လေမှာလွင့်တဲ့အခါတွေ ဘာတွေ ဆိုခိုင်းရမှာပါ။ ငယ်မူငယ်သွေးပြန်ပြီး ဆံပင်အရှည်တွေနဲ့။လေးဖြူကို သိပ်ကြိုက်တဲ့ သူငယ်ချင်းလေး အသက်မှရှူရဲ့လားလို့ နောက်ကနေ လှုပ်နှိုးပေးရပါသေးတယ်။ လေးဖြူကတော့ လေးဖြူပါပဲ။ သူလာရင် ပွဲက ပွဲဆူလာတဲ့ထုံးစံအတိုင်း အားလုံးရဲ့သွေးတွေ ပွက်ပွက်ဆူကုန်ပါတယ်။

အပြင်ခဏထွက်ပါတယ်။ မြန်မာအမျိုးသားတွေ.... အိမ်သာကို မသွားကြဘဲ တွေ့ရာနေရာ ကပ်ပန်း လုပ်ကြဖို့ ချောင်ဘက်ဆီ ထွက်သွားကြပါတယ်။သူတို့လျှောက်သွားနေတာ ရေကူးကန်ဘက်ဆီကိုပါ။ မနက်လင်းတဲ့ အခါ ဘယ်လောက်များ နံစော်နေမလဲ မစဉ်းစားဝံ့စရာပါပဲ။ ဒါတောင်မှ တခြား စီးကရက်ဖင်စီခံ တို့၊ ဘီယာပုလင်း(ဗူး)ခွံ၊ ကြွပ်ကြွပ်အိပ်ခွံ...စတာတွေ မပါသေးပါဘူး။ သန့်ရှင်းရေးအလုပ်သမားတွေရဲ့ မေတ္တာကို ရွှေတစ်မျိုးလုံး ခံယူရဖို့ အသင့်ပါပဲ။တော်ပါပြီ လေ...။

တစ်ပွဲလုံးခြုံပြီးပြောရရင် ပွဲရဲ့ tempo က မြန်မာပြည်ကပွဲတွေရဲ့ တစ်ဝက်တောင် မရှိပါဘူး။ကိုယ်တွေရဲ့ ရင်ခုန်နှုန်းက တစ်ဝက်ထိလျော့ကျသွားတာမျိုးလဲ ဖြစ်တန်ကောင်းပါတယ်။

Friday, October 22, 2010

သီတင်းကျွတ်ညလေး တစ်ည

ရောက်နေတဲ့ အရပ်ဒေသမှာတော့ တခြားတနေရာဆီက မီးခိုးမှိုင်းလုံးတွေကြောင့် နေကုန် ဝေေ၀၀ါးဝါးဖြစ်နေခဲ့ တာ ဒီနေ့နဲ့ပါဆို သုံးရက်ရှိခဲ့ပြီ။မနေ့တုန်းက မိုးတွေတအားရွာနေခဲ့ပြီး ဒီနေ့တော့ နေအလင်းရောင်မြင်ရတယ်။

မွေးရပ်မြေဆီက မုန်တိုင်းသတင်းတွေဖတ်ရ၊ကြားရတယ်။ စိုးရိမ်မိတယ်ဆိုတာထက် မည်ရွေ့မည်မျှ မစွမ်းသာ။ သဘာဝဘေးအန္တရာယ်ကို မွေးရာပါယဉ်းပါးခဲ့သူတွေအတွက် ကိုယ်တွေလို ကမ္ဘာ့ကွန်ယက်ပေါ်တက်ပြီး ရှာဖွေဖတ်မှ သူတို့သိမှာမဟုတ်ဘူး။ ကောင်းကင်မော့ကြည့်ပြီး၊သို့မဟုတ် အိမ်ရှေ့အုန်းပင်က ငှက်သိုက်လေး တွေ အခြေအနေကြည့်ပြီး၊ဒါမှမဟုတ်လဲ မိုးဦးကျတုန်းထဲက သရက်ပင်က သရက်ပွင့်တွေ၊သရက်ကင်းတွေ ဖူးငုံပွင့်တဲ့ အဆင့်ဆင့်ကို ကြည့်ပြီး သူတို့က သိနှင့်ပြီးသားဖြစ်မှာပါ..။

ကိုယ်ကသာ ဒီကနေ တွေးပူနေတာ။ တွေးပူနေပြီး တယ်လီဖုန်းလေးတချက်တောင် ဆက်လားဆိုတော့လဲ မဆက်ဖြစ်ပါဘူး။ သူတို့သိပြီးသားမို့ ထူးပြီး မပြောနေချင်တော့။နောက်ပြီးတော့ ဒီနေ့မှာမို့ ပိုလို့ပင်မဆက်ချင် ဖြစ်နေမိတာပါ။ ဒီနေ့မှာမို့ သူတို့ဆီမှာ မိုးမရွာဖို့ဆုတောင်းပေးနေမိပါတယ်။မိုးဖျက်လို့ သူတို့ပွဲတော်ကြီး မပျက်စီးပါစေနဲ့ လို့.. ။

+++++++

ဒီအချိန်ဆို သူတို့ ပျော်ကြလေပြီပေါ့လေ..။တအိမ်နဲ့ တအိမ်...အော်ဟစ်မေးကြလို့...။
"နင်တို့က ဘာမုန့်လဲ.."
"အေး ငါတို့အိမ်ကတော့ မုန့်ဟင်းခါး.."
"ဟုတ်တယ်။ မွဌေး တို့အိမ်က သာကူ တဲ့..."
အဲ့လိုအသံတွေ ညံစီနေမှာပေါ့...။

"သူတို့အိမ်က ဘယ်နှစ်မဲ ယူတာလဲ.."
"အိုးအေ... ဒီလောက်ချမ်းသာပြီး ငါးမဲ ထဲယူရသလား..."... "ကုတ်ကို ကုတ်ကပ်တာအေ့..."

အသံများ နားထဲမှာ ပဲ့တင်ထပ်လို့နေတယ်..။ ဒါက အမျိုးသမီးတွေဆီက အသံပေါ့။

အမျိုးသားငယ်တွေဆီက အသံများကျတော့....

"အေးသာရေ...အေးသာရေ...ကောက်ရိုးပုံဟေ့... " လို့ အချိန်းအချက် လုပ်တဲ့သူက လုပ်..။
အဲ့ဒီသီချင်းကို ဟင်္သာတထွန်းရင် ဆိုထားတာ။ သီတင်းကျွတ်ရင် ကိုယ်တို့ရွာမှာ ဖွင့်နေကျ သီချင်းပေါ့...။
"၀ါကျွတ်ပြီ..ချစ်ရယ် သက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်..သီတင်းကျွတ်ခဲ့ပြီကွယ်...အော် အချစ်..."
"မီးပုံးလေးတွေ ကိုယ်စီကိုယ်ငှာ ထွန်းကြမယ်ကွယ်...ကိုယ့်ရဲ့အချစ်က ဆရာမရှိပါကွယ်..၀ါကျွတ်ချစ်သူ တယောက်ထဲ အချစ်ရယ်...မောင့်ငယ်ကျွမ်း..ဆွေ..." စသဖြင့်... တီးတိုး ပိုးပန်း....။

"လေပြေမလှုပ်ပါဘဲ ခန်းစီးရွှေဝါ သူလာလှုပ်ပါလို့..မင်း ကျွန်ုပ်ကိုလှောင်သလား အချစ်ရယ်...ငုတ်တုတ်မိုးလင်း လို့..စောင့်နေသူ..ကျုပ်အား..ပျက်ရယ်ပြုသလား.." လို့ စိမ်းကားလေသူ မမများကို..စောင်းလို့ ချိတ်လို့...။

အိုး...ကြည့်စမ်းပါဦး..။ဒီသီချင်းတွေအတော်များများကို ကိုယ်ခုထိမှတ်မိနေတုန်းပါလား..။ဟုတ်ပါရဲ့လေ..။ကိုယ် မှတ်မိနေခဲ့တာ သီချင်းလေးတွေချည်းပဲမှ မဟုတ်တာ...။

+++++++

ကလေးတွေ...သူတို့လေးတွေ မပါရင် ဒီသတင်းကျွတ်ပွဲတော်ကြီးက ဘယ်လိုမှ မစည်ကား၊မသိုက်မြိုက် နိုင်ပါဘူး။နိဗ္ဗာန်ဈေးပွဲတော်ကို အသေအချာပါဝင်ဆင်နွှဲမယ့် ပရိတ်သတ်လေးများပေါ့။

နေ့လည်နေ့ခင်းထဲက လူကြီးတွေပြောနေ၊ဆိုနေကြတဲ့ စကားတွေထဲကနေ ဘယ်သူ့အိမ်က ဘယ်မုန့် နဲ့ နိဗ္ဗာန်ဈေးလှူမယ် ဆိုတာ ကြိုတင်သတင်းရပြီးသား။ ညနေရောက်လို့ မဲတိုးတဲ့အခါ အဲ့ဒီအိမ်တွေရဲ့ မဲနာပါတ်တွေ ရပါစေလို့ ဆုတောင်းရတာ ဘုရားစာတွေလဲ အရှေ့ရောက်၊အနောက်ရောက်နဲ့။

++++++

တခုသော သီတင်းကျွတ်ရာသီ..။အဲ့သည်နေ့တုန်းက တနေ့လုံးမိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့ပြီးမှ သူတို့တွေ မဲတိုးခါနီးမှ မိုးက စဲပေးထားသယောင်..။
မျှော်လင့်ထားသလိုဖြစ်မလာတတ်တာ ဘ၀ကြီးတခုလုံးနဲ့ချီမှ မဟုတ်ပါဘူး။သီတင်းကျွတ်လဆန်း ၁၄ ရက် ည၊ တောရွာလေးတရွာရဲ့ နိဗ္ဗာန်ဈေးပွဲမှာကို ရှိခဲ့ဖူးတတ်တာရယ်။

တနေလုံး အမျှော်ကြီးမျှော်ခဲ့သမျှ ညရောက်လို့ မဲတိုးကြတဲ့အခါ.. အသံချဲ့စက်သံ ဆူဆူညံညံကြားမှာ ချွေးတလုံးလုံးနဲ့ ကလေးတွေ၊ကလေးမက၊လူကြီးမကျတွေ... အစုလိုက်အပြုံလိုက်၊ဆဲလို့ဆိုလို့၊ရန်တွေဖြစ်လား ဖြစ်လို့...။အပင်ပန်းခံပြီး ရလာတော့ မဲလိပ်လေး နှစ်ခု။

၁ မိုင် မရှိတရှိရှည်လျားတဲ့ ရွာလေးတလျှောက် တောင်ဘက်ပြေးလိုက် မြောက်ဘက် ပြေးလိုက်နဲ့..။နောက်ဆုံး ရလာတော့ ထန်းလျက်ယိုလေး ၂ ပြား...။အဲ့လိုလေးတွေလဲ ရှိတာပေါ့။ ညအမှောင်ကြီးစိုးလာတဲ့အချိန် ရောက်တဲ့အထိ အပင်ပန်းခံရှာဖွေခဲ့ပေမယ့် တစ်မဲ ပဲရှာလို့ရသေးတယ်။ သူများတကာတွေ ခေါက်ဆွဲကြော်ထုပ်တွေ၊ မုန့်ဟင်းခါးအထုပ်တွေ သယ်သွားတဲ့အချိန်... သူက သူတို့ထန်းလျက်ယိုလေးတွေကို ဘောင်းဘီသားရေကြိုးကြားထဲ မသိမသာလေး လိပ်ထည့်လို့...။ သီတင်းကျွတ်ညရဲ့ လမင်းကြီးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးနဲ့သာ ငုံ့ကြည့်နေခဲ့တာ။

အမေက ပြန်လာခဲ့ဖို့ အော်ခေါ်နေပြီမို့..လက်ထဲက လက်ကျန်မဲလိပ်လေးတခုကို ရှပ်အင်္ကျီအိတ်လေးထဲ ထိုးထည့်မိတယ်။ တကယ်တော့ ဒီမဲလိပ်နာပါတ်ရှိတဲ့ အိမ်ကို ဒီညအပြီးရှာရမှာ။ရှာပြီး ဘာမုန့်ရရ အရယူရမှာ။ မနက်ဖန်ဆို ဒီမဲလိပ်က ဘာမှသုံးလို့မရတော့ဘူး။ဘယ်နေရာမှာမှ မုန့်နဲ့လဲစားလို့ မရနိုင်တော့တဲ့ စက္ကူရွက် တစ်ရွက် ဖြစ်သွားတော့မှာ။အမေ ကလဲ ခက်ပါ့...။

ခြေထောက်မှာ တွယ်ကပ်နေတဲ့ ကျွတ်တွေကို ခြေဆေးရင်း ခွာချနေမိတယ်။ သူတို့တွေ သွေးစုပ်သွားခဲ့တဲ့နေရာ တွေက နာနေပေမယ့် နာဖို့ သတိမရ..ဘာကို ၀မ်းနည်းမှန်းမသိ။ခေါက်ဆွဲကြော်ထုပ်တွေ၊မုန့်ဟင်းခါးထုပ်တွေ၊ သာကူထုပ်လေးတွေ... အဲ့ဒါတွေများ လိုချင်လို့လား။ ဒီလိုလဲ မဟုတ်ဘူး။ကိုယ်တို့အိမ်မှာက နှစ်တိုင်း မုန့်ဟင်းခါး လုပ်တာပဲ...။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်..။အိုး... ကြေကြေကွဲကွဲ ရှိလိုက်တာ။....။

++++++

"ဘုရားထဲ ဆီမီးသွားထွန်းကြရအောင် သမီး " လို့ အမေခေါ်တော့...စိတ်က သိပ်မပါချင်..။
အနွေးထည်လေးတစ်ထည် ကောက်ယူလိုက်ပြီး အမေ့နောက်က လိုက်လာမိတယ်။ကိုယ့်လက်ကို ခပ်နွေးနွေး အရာတခု လာထိတယ်။ ပြီးတော့ အိခနဲ...။ ရခိုင်မုန့်တီ အထုပ်လေးတစ်ထုပ်။ နောက်လှည့်ကြည့်လိုက်တော့... ချာကနဲ ထွက်ပြေးသွားတဲ့ သူ...။ ကြည့်ဦး ...ဒီလောက်ရွှံ့တွေဗွက်တွေထဲမှာ ပုဆိုးခြေမူးထိုး နဲ့....။

+++++++

အပြင်မှာ မိုးတွေသည်းလို့နေပြီ...။ နံဘေးနားက သူငယ်ချင်းတယောက်က ရှင်ငြိမ်နေလို့ မိုးရွာတာလို့ ပြောသည်။ ကိုယ် သူ့ကို ပြန်ပြီးပြုံးပြလိုက်မိသလား...။ ကိုယ်ပြုံးပြလိုက်တာ သူငယ်ချင်းမ ကိုမှဟုတ်ရဲ့လား...။

ပြုံးမိနေတုန်းအခိုက်မှာ ကိုယ့်နှလုံးသွေးတွေ နွေးလာတယ်။အတိတ်တို့က ကိုယ့်ကို ခြောက်လှန့်ဆဲ၊နှလုံးသား ထဲမှာ နေရာယူလို့ကောင်းဆဲ...။ ဒီတခေါက်ပြန်ရင်တော့ သူ့သမီးလေးကို ပွေ့ချီနမ်းရှုံ့ပစ်လိုက်ဖို့ စိတ်ကူးထားမိတယ်။

+++++++

Thursday, August 12, 2010

အပျင်းပြေ အပျော်ဖတ် ပိုစ့်

ဒီနေ့ ဟမ်းစတားပွဲစား လုပ်ဖြစ်တယ်။ကျောင်းကသူငယ်ချင်းက သူဂရုမစိုက်နိုင်တော့လို့ သူများပေးချင်တယ် ဆိုတဲ့ ဟမ်းစတားလေး နှစ်ကောင်ကို အိမ်က မိတ်ဆွေအကို ဆီ ယူလာပေးတာ။သူတို့နှစ်ဦးပါတဲ့ ခြင်းတောင်းလေး ဆွဲနေရင်းမှာ အသည်းတွေ တကျိကျိနဲ့ ယားနေတာ။ ဟမ်းစတားလေးတွေကို ညီညီတို့အိမ်မှာ တခါမြင်ဖူးတယ်။ဒါပေမယ့် သေချာအနားကို ကပ်မကြည့်ခဲ့ဘူး။ခုလဲကြောက်ပြီး ခြင်းတောင်းကို ကျွတ်ကျွတ် အိတ်နဲ့ အလုံပိတ်ပြီးကိုင်ထားမိတာ။အနားကတယောက်က သေကုန်ပါမယ်။သေကုန်ပါမယ် နဲ့ပြောမှ ဖွင့်ဖို့ သတိရတယ်။သူကတော့ အကောင်တွေ အတော်လေးချစ်သည်။အဲ့ဒီအကောင်လေးတွေမြင်ထဲက လှုပ်လှုပ် ရွရွကို ဖြစ်နေတာ..။

သတ္တ၀ါတွေကို မချစ်တတ်ပါဘူး။အမေ့အိမ်မှာ ခွေးရော၊ကြောင် ရောရှိတယ်။ တခါမှ အစာမကျွေးဖူးဘူး။ အမေ နယ်ဖတ်ပေးပြီးသားကို သူတို့ပန်းကန်ထဲ သွားထည့်ဆိုရင်တောင် မထည့်ပေးဘူး။

နွားတွေလဲရှိတယ်။ ပြောရရင် နွားတွေကို နည်းနည်းချစ်သေးတယ်။ကိုယ်တို့အိမ်မှာ နွားတွေ အများကြီးရှိတယ်။ သူတို့တွေနေတဲ့ တင်းကုပ်က ကိုယ်တို့အိမ်ထက်တောင် မြင့်သေးတယ်။အပြေးကောင်းပြီး လှလဲလှတဲ့နွားကြီးရဲ့ နာမည်က "တိုင်းကျော်" တဲ့။တကယ်လဲ တိုင်းကျော်တယ်။( ကြွားတာ မဟုတ်ရး)) ...) ဧရာဝတီတိုင်း ကို ကျော်ပြီး မန္တလေးထိ ကုန်တင်ကားတွေနဲ့ တင်သွားပြီး နွားလှည်းပြိုင်ပွဲ သွားပြိုင်ကြတာ သူ ပါသွားတယ်။

သေချာတော့ မမှတ်မိတော့ပါ။ အကိုငယ် လိုက်သွားတာပဲ။ ပြန်လာတော့ ငွေဖလားကြီး ၂ လုံးပါလာတယ်။ ခုထိ အဲ့ဒိ ဖလားကြီးတွေ အိမ်မှာ ရှိသေးတယ်။ဒါပေမယ့်တိုင်းကျော်ကြီး အိမ်မှာ ရှိသေးလား၊မရှိတော့ဘူးလား။ ကိုယ်မမှတ်မိတော့ဘူး။ ဒီတခါ ဖုန်းဆက်ရင်တော့ မေးကြည့်ဦးမှ..။

နောက်တကောင် နာမည်က "ဇိမ်း" တဲ့။ ဘယ်လိုခံစားချက်နဲ့ အဲ့နာမည်ကို မှည့်ခဲ့သလဲ မပြောတတ်ပါ။ အရောင်က ဖြူဖြူလေး။ တို ငုတ်ငုတ်လေးတွေပေမယ့် သူ့ ချို လေးတွေက လှတယ်။အဆစ်အပေါက် အတော်လှတယ်။မြင်လိုက်တာနဲ့ လင်းနေတာ။တိုင်းကျော်က အနီ။ဇိမ်း က အဖြူ.. ။ သူတို့ နှစ်ယောက်ကို ပြိုင်လှည်းလေးနဲ့ တွဲပြီးမြင်ရတာ ကိုယ်တို့ တနယ်လုံးမှာ အလှဆုံး...။ဒါပေမယ့် အဲ့ဒီကောင် ဇိမ်း ပေါ့။ ကိုယ့်ကို ခွေ့တာ..။ လည်ပင်းနားကို ခွေ့တာ.. လဲကျသွားတာ ပုံလျက်သားပဲ။ သူ ထပ်လိုက်လာပြီး နင်းပါ နင်းလိုက်မှာ စိုးတာနဲ့ ဒရောသောပါး လူးလဲထရတယ်။သူ့ကို ကိုယ် မစ ပါဘူး။အိမ်နောက်ဖေးဘက်က သရက်ပင်တွေထဲက တပင်မှာ ကြိုးချည်ပေးနေတာကို ဘာမပြော၊ညာမပြောနဲ့ ၀င်ဆောင့်တာ.. ။ကြည့်မရဘူး ထင်ပါတယ်။ အဲ့ဒီထဲက သူ့နားကို ကိုယ်လုံးဝ မကပ်တော့ဘူး။

နောက်.... နွားမကြီးနဲ့ နွားပေါက်ကလေး တွေလဲ ရှိသည်။ နွားမကြီး တခါသားပေါက်တိုင်း ကိုယ်တို့မှာ တခါစောင့်ကြည့်ပြီး ရင်ခုန်ရသည်။

ငယ်ငယ်တုန်းထဲက အမဲသားဆို ကိုယ်က လုံးဝ မစားဘူးတဲ့။ကလေးမို့ သံချချင်လို့ အမေက ထောပတ်နဲ့ အမဲသား နယ်ကျွေးရင် ထွေးထုတ်ပစ်သတဲ့။ဘာကြောင့်မှန်း မသိရ...။
နဲနဲခံစားတတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ့်ဘာသာကိုယ် မှတ်မိနေသည်။ "သားသတ်ကုန်းသို့.... မရုန်းဘဲ ညင်သာ....နှလုံးမရွှင်ပါသော်လည်း.... အားခဲလို့ တင်းကာလိုက်တာ...အိုကြီး အိုမ... အို..သနားစရာ့ နွားအလှညိုပြာ.. အနောက်က နေလုံး ပျောက်တော့မည့်ဆည်းဆာ..."....အဲ့ဒီသီချင်းကို ဟင်္သာတ ထွန်းရင်က ငိုသံပါလေးနဲ့ဆိုထားတာ..။အတော်လေးနှစ်သက်မိပြီး ဆိုညည်းဖြစ်တိုင်း မျက်ရည်တွေ တွေတွေကျနေတဲ့ နွားအိုကြီးတွေကို မျက်လုံးထဲမြင်လာသည်။"နုနယ်ငယ်စဉ်တုန်းက ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန် ပါ..။ ရွှံ့ဆိုသည်မှာ ကမ်ဗလာ၊နွံဆိုသည်ကား သူ့မွေ့ယာ.." .....
အို သနားစရာကောင်းလိုက်သည့် ဖြစ်ခြင်း...။သူ့မှာ သားသတ်ကုန်းကို မသွားလိုပါဘူးဟ ငြင်းလိုစိတ်၊ ရုန်းကန်လိုစိတ် မရှိတော့တာလား။ဒါမှမဟုတ် ငြင်းလို၊ရုန်းကန်ဖို့ကို အားမသန်လို့မာန်လျှော့ လိုက်လေသလား။ လိုက်ချင်လို့မဟုတ်ပေမယ့် အဲ့ဒီလမ်းမှာ သူ မရုန်းမိတော့ဘူးပေါ့..။

ပြီးတဲ့စနေ၊တနင်္ဂနွေတုန်းက ဖြတ်သွားဖြတ်လာနဲ့ လမ်းမပေါ်မှာ နွားပျိုလေးတွေမြင်တော့ cow ကို မြန်မာလို ဘယ်လိုပြောလို့ မြန်မာစကားမတတ်တဲ့သူ တယောက်ရဲ့ အမေးကို "နွား " လို့ပြောတော့.... ၀ဆွဲ သံပြောဖို့ ခက်တဲ့ သူတို့တွေက သဘောတကျ ရီမောကြသည်။နွားပျိုလေးတွေဆိုတော့ အသွေးအယောင်ကိုက လက်လက်ထနေသည်။ကွင်းပြင်ကျယ်ကြီးထဲမှာ ဇက်ကြောကြီးတွေစင်းပြီး မြက်နုလေးတွေ ငုံ့စားနေပုံက တကယ့် wild and free ပါပဲ..။

ဘာရယ် မဟုတ်ပါဘူး။ ဟမ်းစတားလေးတွေ ကို ကိုယ်ကြောက်တဲ့အကြောင်းစဉ်းစားရင်းကနေ အိမ်က နွားတွေ အကြောင်းထိ ရောက်ကုန်တာလေး ချလေးရမိတာပါ။ အပျင်းပြေ အပျော်ဖတ်ပေါ့...။

-----

မှတ်ချက်။ ။ နွားကြည့်ချင်သူတွေ ခုထဲက နာမည်စာရင်းပေးထားကြပါ..။ မယ်ရာပြန်တာနဲ့ အလည်ခေါ်ပါမယ်။

Thursday, May 13, 2010

အသိမဲ့

ရုပ်ရှင်ကြည့်မယ်ဆိုတဲ့စိတ်ကူးက ဘယ်အချိန်ကဖြစ်ပေါ်ခဲ့သလဲဆိုတာ သူ မမှတ်မိတော့ပါ။ခုတော့ ကြည့်နေ လက်စရုပ်ရှင်ကို ပိတ်လိုက်ပြီးသားဖြစ်သွားပြီ။ဟင့်အင်း..ပိတ်လိုက်တာမဟုတ်ဘူး။ ခဏလေးရပ်ထားတာ။ ပြန်ကြည့်ချင်ရင်ကြည့်မယ်။မကြည့်ချင်ရင်လဲ မကြည့်တော့ဘူး။စိတ်အပြောင်းအလဲမြန်လိုက်တာလို့ ပြောချင် ရင်လဲ ပြောပေါ့။ခု သီချင်းနားထောင်တော့မလား လို့...။

ကဗျာဆရာတယောက် ပို့ပေးထားတဲ့ ခင်ဝမ်းသီချင်းအတော်များများ သူ့မှာရှိသည်။ကဗျာဆရာ ဆိုလို့။ အဲ့ဒီ ကဗျာဆရာနဲ့ဆုံပြီး လေဖုတ်ဖို့ချိန်းထားတာ သွားသတိရသည်။ဖုန်းနာပါတ်ပြောင်းထားတာ သူမသိသေးဘူး။ ပြောဖို့လိုလား။အင်း လိုတာပေါ့။သူ့ကို တချက်လှမ်းပြီး သတင်းပေးလိုက်သည်။နောက်တော့ ဂဏန်း (၈) နဲ့ စသော ဖုန်းနံပါတ်များအကြောင်း သတိရသည်။

သီချင်းနားထောင်မလို့ သီချင်းရှာနေတာကို ပြန်သတိရသည်။မြင်မြင်ရာ ခင်ဝမ်းသီချင်းတပုဒ်ဖွင့်လိုက်သည်။ ခွဲခွာခြင်းကိုနှစ်သိမ့် တဲ့။အချစ်ရေ...မင်း မျက်ရည်မ၀ဲပါနဲ့ မကြာခင်ပြန်ဆုံရမယ်.. ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါဦး... ခွဲခြားခြင်းကို တုပြိုင်..ပြုံးစမ်းပါဦး....။

သီချင်းမဆုံးသေးခင်မှာပဲ သူ ပြုံးလိုက်မိသည်။

ရုပ်ရှင်တွေ..ယုတ္တိမရှိလိုက်ပုံများ။ခေတ်အခါနဲ့ လျော်ညီမှုကိုမရှိဘူး။ရပ်ထားရာကနေ ပြန်ဖွင့်ကြည့်သည်။ ပြီးတော့ အပြီးအပိုင် ပိတ်ပစ်လိုက်ရသည်။အဲ့လို ရိုက်ချင်ရာရိုက်ပြနေတတ်တဲ့ ရုပ်ရှင်တွေထက်စာရင် ပျော်ရွှင် ကျေနပ်စရာ၊ စိတ်ပင်ပန်းမှုများနဲ့ ခေတ္တကင်းဝေးစရာ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေသာ ကြည့်ချင်သည်။ သို့သော် အခုတော့ ဘာမှမကြည့်ချင်တော့ဘူး။

လေ ၀၀ရှူလိုက်ချင်တဲ့စိတ် ဖြစ်လာသည်။

အပြင်ဘက်ကို ခဏလေးဖြစ်ဖြစ် မြင်ခွင့်၊ကြည့်ခွင့်ရရင် သိပ်ကောင်းမည်။သြကာသလောကကြီး တစ်ခုလုံး ဘာတွေများ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာ သူစိတ်ဝင်စားသည်။ဘယ်သူတဦးတယောက်ကမှ မဖိတ်ခေါ် ပေမယ့် သူ့စိတ်က အတိတ်ဆီသို့ ခြေဦးလှည့်သွားသည်။

အထပ်မြင့်တိုက်တခုပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျယ်ကျယ်ပြန့်ပြန့်တြိဂံပုံစံ မြေနီကွက်လပ်လေးမှာ မှောင်ကုပ်ကုပ်လက်ဘက်ရည်ဆိုင်လေးရှိတဲ့ မြင်ကွင်းလေးတခု ဟိုဟိုဒီဒီ၊ဘယ်ဆီကနေမှန်းမသိ ပေါ်လာသည်။အဲ့ဒီဆိုင်လေးမှာ သူတို့တွေ ရေနွေးကြမ်းအိုးပေါင်းများစွာ အတူတူသောက်ကြသည်။ ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေကို လက်ဘက်ရည်ထဲနှစ်သောက်ပြီး မင်းချမ်းမွန်ရဲ့ ကဗျာကို ရွတ်ကြသည်။ ပဲပြုတ်နံပြား စားခဲ့သည်။.............။

လွမ်းရပြန်သည်။တစ်ခါ။

ထုံထိုင်းမူးယစ်ခြင်းနဲ့ ကိုယ့်အလွမ်းကို တစ်လွှာချင်းစီ အရောင်တင်ဖြစ်သည်။သတိတရရှိခြင်းမှာ ဒဏ်ရာတွေ မပါဖို့ သူကြိုးစားရတော့မည်။မဖြစ်မနေ..။ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်ဖို့ မဟုတ်ဘူး။ရင်ငွေ့ခြုံလုံပါပေ့ ဖြစ်စေဖို့။ရရှိခဲ့ဖူးတာတွေကို ပြန်ပြီးဆာလောင်နေရတာ... အနာဖေးအထပ်ထပ် အနာကို သေချာ ကြည့်ပြီးဆွ နေရသလို။

မမြင်ရသော၊မပိုင်ဆိုင်နိုင်သော ကောင်းကင်ကြီးကို အခန်းကျဉ်းလေးထဲကနေပြီး စိတ်ကူးနဲ့လဲ ပုံဖော်လို့ ရသားပဲ။သူ့ကိုအုပ်မိုးထားသော၊သူချစ်သောသူတွေကို အုပ်မိုးထားသော ကောင်းကင်ကြီးက ညနေတုန်းကလို ညစ်ပုတ်ပုတ်ဖြစ်နေတုန်းပဲလား။ဒါမှမဟုတ် ဟိုနေ့ညတွေတုန်းကလို တိမ်မျှင်မျှင်တွေကများက သူ့အလင်း သူမဆောင်နိုင်ရှာတဲ့ လမင်းကြီးရဲ့ အပေါ်ကနေ ဖြတ်ဖြတ်ပြီး ပြေးနေကြမလား။

သူ့ ကောင်းကင်တစ်ခုလုံး ဘာတွေဖြစ်နေသလဲဆိုတာ ဒီညအဖို့ သူ မသိရသေးပါ...။ဘယ်အချိန်ကျရင်ဖြင့် သေချာသိခွင့်ရမလဲဆိုတာလဲ မသေချာပါ။

အသိမဲ့စွာ ခဏလေး ပြေးထွက်သွားရာကနေ လက်ရှိပစ္စက္ခဆီသို့ ပြန်ရောက်လာရပြန်သည်။ဒါမှ သူ့ဘ၀ အစစ်အမှန်ဖြစ်သည်။


Wednesday, May 12, 2010

ခရီးလမ်းဆုံး


(My country/ My origin/ My destination)

စမ်းတ၀ါးဝါးနဲ့ ဒီနေ့တနေ့ခင်းလုံး ဒီဟာလေးလုပ်နေဖြစ်တယ်။အဆင်မပြေလဲ သည်းခံပြီး ကြည့်ကြပါလေ :) ဓာတ်ပုံတွေက ပြည်မြို့ဗိုလ်ချုပ်ပုံကလွဲရင် ကျန်တဲ့ပုံတွေက ကျမရိုက်ခဲ့တာတွေဖြစ်ပြီး၊သီချင်းက အားလုံးသိပြီး ဖြစ်တဲ့ ဂျွန်ဒမ်းဗားရဲ့ ကန်ထရီးရုတ်(ဒ်)ပါ။

တူညီသောမနက်ခင်းများ၊ပျင်းရိငြီးငွေ့ဖွယ် မေလနေ့လယ်ခင်များ၊တဟီးဟီးတောက်လောင်နေသောကျွန်းပိစိမှ အပူလှိုင်းများဆီကနေ ကျမ တိတ်တိတ်လေးပြေးထွက်သွားခဲ့မိတယ်။....။

All credits to John Denver & Song Composer of Country Roads.

Thursday, April 15, 2010

၀ဋ္နာ၊ကံနာ

ဧပရယ်ကို ငါမသာယာနိုင်ခဲ့တာ
ခုနှစ်ပေါင်းများစွာ ရှည်ကြာ....

တထောင့်ကိုးရာကိုးဆယ့်ငါး
အဆိုးဆုံးဧပရယ်
နာကျင်မှုကို စတင်စမ်းသပ်ခြင်း.....။

ဝဋ်နာကံနာ....
ပြီးတော့ မတ်တပ်နာ...

ဧပရယ်ပေါင်းများစွာ
ငါနင်းလျှောက်လာခဲ့
ဘယ်တဦးတယောက်မှ
ငါ့နွေလောက် ပူမှာမဟုတ်ကြဘူး
(လို့)ပြောရင်...
ပိတောက်တွေက ရီ(ရယ်)မောကြဦးမယ်။

နာတယ်။
ခံစားမှုက နာတယ်။
ဦးဏှောက်ကို တဖြည်းဖြည်းလှိုက်စား
အို...ဘ၀တဏှာ၊ဒုက္ခသစ္စာတွေ...
ကုန်ပဲမကုန်နိုင်သေးဘူးလား
ငါ... နာ.... လွန်းလို့ပါကွယ်...။

ငါ့ မတ်တပ်နာ
ပြီးတော့
ငါ့ ၀ဋ်နာ၊ကံနာ....။

Mirror

ကဗျာလို့ နာမည်မတပ်ချင်ပါဘူး။ စိတ်ထဲရှိတာတွေ ချရေးလိုက်တာပါ။

Tuesday, April 06, 2010

နေ့ခင်းနေ့လည်...


နေရောင်ကြောင့် တိမ်တွေသည် ဖွေးဖွေးဖြူနေသည်။ကိုယ် ဘယ်သူ့ကိုမှန်းမသိ သတိရနေမိသည်။ဂဏန်းပေါင်းများစွာ ကို တဆက်ထဲနှိပ်လိုက်တယ်။ သုည ပြီးတော့ နှစ်၊ ပြီးတော့ တစ်...ပြီးတော့...ထပ်နှိပ်။ဟူး...ကိုယ့်ဖုန်းကဒ်ကတန်ဖိုး မရှိ တော့ဘူးတဲ့။ အိုး ဖြစ်တတ်ပါ့ကွယ်။ ဒီလို သာယာတယ်။ ဒီလို တိမ်တွေလှတယ်။ ကိုယ် တယောက်ယောက်ကို လွမ်းနေ မိတာကို တခြားတယောက်ယောက်ကို ပြောပြ လိုက် ချင်နေ တာကို..မရဘူးလား၊ မရဘူးလား။ နေပါစေပေါ့။ မရလဲနေပါ့။ ခါတိုင်းလဲ ဒီလိုပဲ သာတောင့်သာယာ နေခဲ့သေးတာ။ခုမှ ဘာတွေကိုအရူးထနေမိသလဲ...။ "ဒိုးလုံး...နင်ဟာကလေး တယောက်မဟုတ်တော့ဘူး... မဆိုးနဲ့... "

တန်ဖိုးမရှိတော့တဲ့ဖုန်းထဲက အဲလက်စ်သီချင်းကို ဖွင့်ထား မိသည်။ကိုယ့်ဖုန်းထဲမှာ ဒီသီချင်းပဲရှိသည်။ ကြားနေမိတာက "အာကာသက ကျနော်နဲ့ပင်လယ်အောက်က သူနဲ့ လေဟုန် စီးပြီးတွေ့မယ် ဘာဖြစ်လဲ.....ဘာဖြစ်လဲ..ဘာဖြစ်လဲ.."
ဘာမှမဖြစ်ပါဘူး။ လောကကြီးက နေတတ်ရင် အားလုံးကျေနပ်စရာတွေချည့်....။မဟုတ်ဘူးလား။ဟုတ်တယ် မလား။ဟုတ်ပါတယ်။ဟုတ်တယ်လို့ ထားလိုက်စမ်းပါ။

နောက်ထပ်..နောက်ထပ်..နားထဲကိုတိုးဝင်လာတဲ့ သီချင်းစာသားများ.. "ဂဏန်းများပက်လက်သွားနေတယ်၊ တောင်တွေပေါ်မှာ ငါးကြီးတွေ... တောင်ပံဖြန့်လို့ကူးနေဆဲ..... " အိုး လောကကြီးက ကိုယ့်တယောက်ထဲမှ ကပေါက်တိကပေါက်ချာ ဖြစ်နေတာမဟုတ်ဘူး။သူတို့..သူတို့လဲ ဖြစ်နေတာပဲ။အားလုံးက တေ့တေ့ဆိုင်ဆိုင်တွေ လွဲချော်နေကြတာ။ အဲ့ဒါမှ ဘ၀ကြီးကလဲ တန်ဖိုးတက်လာမှာ။

ဘ၀ကြီးဆိုလို့ မနေ့တုန်းက သူငယ်ချင်းကပြောတယ်။ ခုနှောင်းပိုင်းခေတ်မှာ လူတွေက ဘ၀၊ဘ၀နဲ့... ဘ၀နဲ့ချီပြီး စကားတွေကို ပြောတတ်လာကြတယ်တဲ့။ဟင့်အင်း မဟုတ်ဘူး။ခုနှောင်းပိုင်းမှ လူတွေကအဲ့လို ပြောလာကြတာမှာ မဟုတ်ဘူး။ သူတို့က ပြောလက်စ စကားကိုပြောနေကြတာပဲ။ငါတို့က အဲ့ဒီလူတွေကြားထဲ မသိသိုးသားနဲ့ ရောက်လာတာ။ ပြောရရင်တော့ မရောက်ချင်ပဲ ရောက်ခဲ့ရတာပဲ။ ဘ၀ဆိုတဲ့ကျောင်းကို မတက်ချင်ပဲ တက်နေကြရတဲ့ သနားစရာ...ဦးဏှောက်ရှိသောသတ္တ၀ါလေးတွေဟာ ငါတို့ပါပဲ သူငယ်ချင်းရယ်။
" နင်သိနေဖို့...ငါလိုအပ်တယ်..."

+++++

Thursday, February 11, 2010

လိုက်ရင်းပြေးရင်း ရှူဖွာတိုပစ်

လိုက်ရင်းပြေးရင်း
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်းဖိနပ်လဲပါးတော့မယ်..။(ခရက်ဒစ်တူ အငဲနှင့် ငယ်ဆူးသစ်)


ရှူ၊ဖွာ၊တို၊ပစ်...

အိမ်ပြန်ချင်တဲ့အလွမ်း....တွေ..ပါပဲ..(ခရက်ဒစ်တူ ၀ိုင်ဝိုင်းနှင့် ကိုငှက်)

ကားအပြာကြီးနားက မြက်ခင်းပေါ်မှာ အိန္ဒိယအမျိုးသားတယောက် အိပ်ပျော်နေတာ အားကျကျေနပ်စရာ။
အဲ့ဒါတော့ မရိုက်ခဲ့ပါဘူး။ဒီကိုကင်မရာမပါလာဘူး။မကောင်းမကန်းဖုန်းလေးနဲ့ ဟိုရိုက်ဒီရိုက်။ပြုပြင်မွမ်းမံမှုလဲ မလုပ်တတ်။

ရေးချင်ရာတွေရေး၊တင်ချင်ရာတွေတင် လုပ်နေမိတယ်။လွမ်းနေတုန်းမို့ သည်းခံကြပါ....။ :)

Friday, January 01, 2010

နှစ်သစ်ဆုတောင်း

၂၀၁၀ ခုနှစ်သည် ဘလောဂ့်ရပ်ဝန်းတွင်သာမက မြန်မာပြည်သူ၊ပြည်သားအားလုံးရဲ့ တူညီသောမျှော်လင့်ချက်များ ပြည့်ဝစေနိုင်မယ့် နှစ်တစ်နှစ်၊သို့မဟုတ် အလင်းရောင်မြင်နိုင်သော၊ကြည့်နိုင်သောနှစ်တစ်နှစ် ဖြစ်နိုင်ပါစေလို့ ဆန္ဒပြု၊ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Tuesday, December 29, 2009

မကြေးမုံ ဘာလဲ ဘယ်လဲ

ဘာလဲ ဘယ်လဲဆိုတာက လူတော်တော်များများ သုံးတာ သဘောကျလို့ သုံးလိုက်တာပါ။

တကယ်တော့... ကိုယ့် ကိုယ်ကိုလဲ ဘလော့နဲ့ပတ်သက်ပြီး ဘာလုပ်မှာလဲ၊ ဘယ်လို စခန်းသွားမလဲဆိုတာ အကြိမ်ကြိမ် မေးဖြစ်ပါတယ်။ အဲ့ဒါထက် ပိုပြောရရင်တော့ စာရေးခြင်းအမှုနဲ့ပါ ပက်သက်ပါတယ်။

ဘလော့လုပ်တာကိုက စာရေးချင်လို့ပါ။ ရေးချင်တာကို အတားအဆီးမရှိ ရေးချင်လို့ ဖြစ်ပါတယ်။ "ဘလော့ရေးတာလဲ ရေးပေါ့။ အဲ့ဒါတခုထဲပဲ ခေါင်းထဲ ထည့်မထားနဲ့ဦး" ဆိုပြီး ဆရာလုပ်သလို လေယူလေသိမ်းနဲ့ ပြောလာတဲ့ လူတယောက်ကိုဆို ခုချိန်ထိ အဆက်အသွယ်ဖြတ်ခဲ့ဖူးပါတယ်။

ပိုစ့်မတက်တာ ဒီနေ့ဆို တလတင်းတင်းပြည့်ခဲ့ပြီ။ကြားထဲမှာ အတိုအစပေါင်းများစွာ ရေးဖြစ်တယ်။ကံအကြောင်း မလှစွာနဲ့ပဲ ရေးထားတဲ့ပိုစ့်တွေကလဲ ပျက်သွားပါတယ်။ ဘလော့ရေးတဲ့ ပြည်တွင်းက သူငယ်ချင်းတယောက်က ပြောတယ်။ နင်ကလဲ ဒိုမိန်းကြီးနှမြောစရာတဲ့။ နောက်ပြီး ဘလော့ပေါ်မတင်လဲ ကိုယ့်ဘာသာကိုယ်တော့ ရေးဖြစ် အောင်ရေးပါတဲ့။ စာမရေးတာကြာရင် မကောင်းဘူးတဲ့။

ဘယ်လိုတွေ မကောင်းသလဲဆိုတာ သူမပြောသွားခဲ့ပေမယ့် ခုတော့ကျမသိပြီဆိုသလို ဖြစ်နေပါပြီ။ အရင်တုန်းက ထင်ရာမြင်ရာမှန်သမျှကို စိတ်ရှိတိုင်း ရေးခဲ့တဲ့ (ဖတ်ကောင်းတာ မကောင်းတာ ဖတ်သူအပိုင်း :D...) သူက ခုလဲကျရော...ငါဒီလိုရေးလိုက်လို့ ဘယ်သူများ ဘာတွေလာပြောမလဲ၊ငါ့အယူအဆက အမှန်တရားနဲ့မှ နီးစပ်မှု ရှိပါရဲ့လား... စတဲ့ အူတိအူကြောင် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ရစ်ပတ်ပြီး ရုန်းမရဖြစ်နေပြီ။

စာမရေးဖြစ်၊ပိုစ့်မတင်ဖြစ်တဲ့ ရက်တွေမှာ ကျမဘာတွေလုပ်နေခဲ့သလဲလို့ ပြန်စဉ်းစားမိတယ်။ documentations ကိစ္စတွေအတွက်နဲ့ အစိုးရရုံးတွေဆီ သွားရတယ်။ တခါတလေများဆို မရီချင်ပဲ ရီပြရလွန်းတော့ ပါးတွေညောင်း၊ စိတ်တွေလဲ ညောင်းဖြစ်ရတယ်။ရန်ဖြစ်တာ အကြိမ်ကြိမ်။ ရီချင်စရာ၊မချိပြုံး ပြုံးချင်စရာတွေလဲ ခဏခဏပဲ ကြုံရတယ်။

ရန်ဖြစ်တယ်ဆိုတာ အခြေအတင်စကားပြောရတာပါ။ပြောဖြစ်သမျှ စကားတွေထဲမှာ နားထဲက ခုထက်ထိ မထွက်သေးတာ တခွန်းရှိနေတယ်။ "ညည်းအသက်ဘယ်လောက်လဲ၊အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ" ဆိုတဲ့ မေးခွန်းမဟုတ်တဲ့ နှိမ့်ချတဲ့အသုံးနဲ့ ပြောတဲ့စကားပါ။ အပြောခံရတုန်းကတော့ ဒေါသတွေ အတုံးလိုက်၊ အတစ်လိုက် ထွက်ပါတယ်။ ခုပြန်တွေးတော့ ရီချင်နေမိပြန်ရော။ ကျမ ဘာမှပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီအတွက်တော့ စိတ်ကျေနပ် နေမိပြန်တယ်။

မလိုအပ်ပဲ သွေးရဲတဲ့လူတွေနဲ့ စိတ်ခုရပါတယ်။စကားများပြီး ကားမောင်းကြမ်းတဲ့ တက်စီဆရာတွေနဲ့ အဆင် မပြေပါဘူး။မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံကို စိတ်တိုင်းကျ ကြည့်ပြီးမှ ကဲ့ရဲ့တတ်တဲ့ ပျော်တတ်သော ကာလသားကြီးများကို ဆွဲထိုးချင်ပါတယ်။ (ကရာတေးဖြစ်ဖြစ်၊သိုင်းဖြစ်ဖြစ် သင်ဦးမှပါ :) ..)

ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတဲ့ လူလူချင်းအတူတူ ကိုယ့်အချင်းချင်းကြားမှာကျ ကုတ်ဖဲ့သတ်ဖြတ်၊ ဆဲဆိုကြိမ်းမောင်း၊စော်ကားရိုင်းစိုင်းဖို့တောင် နဲနဲလေးမှ ၀န်မလေးတော့သော၊ အင်မတန်သတ္တိကောင်းသော ကျမနေထိုင်ရာပတ်ဝန်းကျင်က အများစုသော လူတွေအတွက် သူတို့ကိုယ်တိုင်ရော...ကျမပါ အပါအ၀င် နာမည်ကြီးတဲ့ ၂၀၁၀ ကျရင်တော့ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။

ခုတော့ တောင်စဉ်ရေမရ ပြောချင်ရာတွေပြောပြီး (ပိုစ့်မတင်နိုင်တာကို အကြောင်းပြတာဆိုလဲ ဟုတ်ပါတယ်)... နှစ်သစ်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဘလော့ရပ်ဝန်းမှ မိတ်ဆွေ၊ ညီကိုမောင်နှမများ ချမ်းမြေ့သာယာ ရှိကြပါစေ...။