Thursday, October 30, 2008

မိုးမချုပ်ခင် အိမ်ပြန်မယ်

ဖြစ်သလို
ပြီးဆုံးသွားတဲ့အတိတ်မှာ
ကိုယ့်စိတ်တွေ မဖြူစင်ခဲ့ဘူး..။

ကိုယ်ကိုယ်တိုင်
စိတ်ရှိလက်ရှိ ဆွတ်ခူးစားသုံးခဲ့တဲ့
အရည်ရွှမ်း သစ်သီးတစ်လုံးအတွက်
ဆုံးရှုံးမှုတွေ နောင်တမရ
တသသစွဲမက် ဆဲ......

အမှားတစ်ခုအပေါ်
အမှားတစ်ခုက အရိပ်ထိုးကျပြန်တော့
ကိုယ့်ရာဇ၀င်ဟာ
မှောင်သထက်မှောင်ကျ
တရားရစရာမမြင်
ရှင်လျက်နဲ့ အဓိပ်ပါယ်ကင်း
တွင်းတူး မြှုပ်ပစ်ရတော့မယ်.....

ဘာပဲဖြစ်ဖြစ်လေ
ရတောင့်ရခဲ ဘ၀တစ်ခုအတွက်
အမည်းစက်တွေကင်းစင်ဖို့
ရှေ့ဆက်စီးဆင်းရမယ့်မြစ်မှာ
ညစ်ပတ်တဲ့စိတ်ကိုရေချိုး
မိုးမချုပ်ခင် အိမ်ပြန်မှဖြစ်မယ်.........။

မောင်နှင်းပန်(ရေနံချောင်း)
ချယ်ရီမဂ္ဂဇင်း၊ဒီဇင်ဘာလ၊၂၀၀၇ မှပြန်လည်ကူးယူဖေါ်ပြပါသည်။

Wednesday, October 29, 2008

ဆေးလိပ်နဲ့လူများ

မနေ့တုန်းက အလုံက Parisian မှာကော်ဖီသွားသောက်ကြတယ်..။
အစ်မနဲ့ သူကလေးနှစ်ယောက်လဲပါတယ်..။
အကြီးမက ၃ နှစ်ပြည့်တော့မယ်..။
အငယ်လေးက ခုမှ ၃ လသားပဲရှိသေးတယ်..။
အပြန်ကားငှားကြတော့ ထိုးရပ်လာတဲ့ကားပေါ်ကကားဆရာက လက်ထဲမှာစီးကရက်နဲ့..။
ဒီနေရာမှာကျတော့ ကျမအားမနာတတ်တော့ပါဘူး..။
ကျမမျက်စိက ချက်ချင်းအဲ့ဒိဆေးလိပ်ဆီကိုရောက်သွားတယ်..။
ကားဆရာကလဲသိပါတယ်..။
ချက်ချင်းလက်ထဲက ဆေးလိပ်ကိုတောက်ထုပ်ပစ်လိုက်တယ်..။
ကျမကြည့်လိုက်တော့ ဆေးလိပ်ကမီးညှိကာစပဲရှိသေးတယ်..။အဲ့ခါကျတော့မှ အားနာမိတော့တယ်..။
တကယ်ဆို မီးလေးငြိမ်းပီး ထားလိုက်ရောပေါ့..။
ထားပါတော့လေ..၊ကားဆရာကို ကျမစိတ်ထဲကကြိတ်ပြီးလေးစားဂုဏ်ယူမိတယ်..။
ကားပေါ်ကဆင်းတော့တောင် ခါတိုင်းပြောနေကျလို ကျေးဇူးအစ်ကိုလို့မပြောမိပဲ
ဆောရီးနော်အစ်ကို ဆိုပြီးယောင်မှားပြောမိခဲ့သေးတယ်..။

လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ရှိကြတယ်ဆိုပေမယ့် ကိုယ့်ရယူထားတဲ့အခွင့်အရေးကြောင့်
သူများမှာ ထိခိုက်စေတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့..။နောက်ပြီး အငှားကားဆိုတာက
ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား..။ဒါဆို ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်မရှိတဲ့
ဘ၀တွေမှာကျတော့ရော...ဘယ်လိုတွေကြုံရတတ်သလဲ........။


ဒီနေ့..။
ကျမတို့ Favourite Place စိမ်းလန်းစိုပြေကိုသွားကြတယ်..။
အကြီးမ တူမလေးပဲပါတယ်..။သူကဟိုဟိုဒီလျှောက်ကစားတယ်..။
ကျမတို့က ကိုယ့်စားပွဲမှာပဲထိုင်နေရင်းက သူ့ကိုလိုက်ကြည့်နေရုံသာ..။

စားလို့သောက်လို့ပြီးခါနီးတော့ ဘေးစားပွဲကိုလူသုံးယောက်ဝင်လာတယ်..။
သူတို့ပုံစံတွေကို ကျမပြောပြချင်တယ်..။ပုံစံတွေလို့ပြောတာက သုံးယောက်လုံးကပုံတူတွေမို့လို့ပါ..။
ဘယ်လိုပုံစံတွေဖြစ်မလဲ..။သိပ်ချစ်လို့ ပုံစံတူတွေဖြစ်နေတာတော့မဟုတ်နိုင်ပါဘူး။
ဆံပင်ကလဲ ပုံစံတူ၊တိုနံ့နံ့တွေ၊နောက်ပြီး စတိုင်ပင်တွေကိုပဲဝတ်ထားတယ်..။
အပေါ်က Sport Shirt လို့ခေါ်ရမယ့် ရှပ်လက်တိုတွေနဲ့..။အရောင်သာကွဲချင်ကွဲမယ်..။
အဆင်ဒီဇိုင်းကတော့ အတူတူတွေပဲ..။ပတ်လည်စင်း ရှပ်တွေ၊
လမ်းလျှောက်ပုံ ကကျတော့ရော..တစ်ပုံစံတည်း။ဘယ်ညာ၊ဘယ်ညာအော်ပြီးလျှောက်နေသလိုပဲ ..။
ညီလို့ ညာလို့ ။ကဲ ဘယ်သူတွေဖြစ်မလဲ..။စဉ်းစားသာကြည့်ပါတော့..။ဘယ်သူတွေဖြစ်မလဲဆိုတာ..။

အရိပ် အရောင်၊အနံ့၊အငွေ့အသက်ရရုံနဲ့ ရင်ထဲကပျို့အန်ချင်လာတယ်..။
တကယ်..။ကျမတူမလေးရပ်နေတဲ့စားပွဲဆီကိုသူတို့ဦးတည်သွားနေတယ်..။
ကလေးဆန်တယ်ပဲပြောပြော တူမလေးကို ချက်ချင်းလှမ်းခေါ်လိုက်တယ်..။
စိတ်ထဲမှာလဲ ဘာလို့သူတို့က လူကြားသူကြားထဲထိရောက်လာတာလဲလို့တွေးပြီး ဒေါသထွက်နေမိတယ်..။
ခုလက်ရှိအခြေအနေမှာ သူတို့တွေကိုနေရာတကာမှာတွေ့နေရတယ်..။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..။
ကင်းလိပ်ချောလို ပျောင်ချော်ချော်နဲ့..။

သူတို့သုံးယောက်လုံးလက်ထဲမှာလဲ ဆေးလိပ်ကိုယ်စီနဲ့..။
Thanks for No Smoking ဆိုတဲ့စကားကိုပဲ နားမလည်တာလား။
ဒါမှမဟုတ် လူ့စည်းကမ်းဆိုတာကိုနားမလည်တာလား။
ဒါမှမဟုတ် မရတဲ့လူ့အခွင့်အရေးကို လူကြားသူကြားထဲမှာမှ တရားဝင်လာပြီး အသုံးချပြတာလား..။

သူတို့အနားမှာ 3 နှစ်အရွယ်ကလေးငယ်တစ်ယောက်ရှိနေတယ်..။
ဘုမသိ၊ဘမသိနဲ့ သူတို့ကို မော့ကြည့်နေတယ်..။
သူတို့မသိဘူးလား။ကိုယ့်အပြုအမူက တခြားတစ်ယောက်ကို၊အထူးသဖြင့်
ဘာမှမသိနားမလည်တဲ့ ကလေးငယ်တစ်ယောက်ကို ထိခိုက်နေတယ်ဆိုတာ..။
လူသာမာန်ဆိုရင်တောင် ကျမဒီလောက်ထိ ဒေါသဖြစ်လိမ့်မယ်မထင်ပါ..။

ဆေးလိပ်သောက်တာ အပြစ်လို့ ကျမ လုံးဝမယူဆပါ..။
လူတိုင်းမှာ ကိုယ်နှစ်သက်ရာကိုယ်လုပ်ခွင့်ရှိပါတယ်..။
ကိုယ့်ကိုယ်ကိုကျေနပ်နေကြရင်ပြီးပါတယ်..ဘယ်သူမှ ဘာမှလိုက်ပြီးခံစားနေစရာလဲ
မလိုအပ်ပါဘူး..။ဒါပေမယ့် လူသားချင်းစာနာစိတ်ကလေးရှိဖို့တော့ လိုတာပေါ့..။
မဟုတ်ဘူးလား..။

ကျမပြေးသွားပြီး တူမလေးကိုပြေးသွားပြီး ခေါ်လိုက်တယ်..။
သူ့ကို ဆေးလိပ်အနံ့အသက်တွေနဲ့ဝေးရာ..၊ညစ်ညမ်းတဲ့ပတ်ဝန်းကျင်နဲ့ဝေးရာ ကျမခေါ်သွားမိပါတော့တယ်..။
ကျမသူ့ကို ဒီပတ်ဝန်းကျင်မှာ မကြီးပျင်းစေချင်ဘူး..။
ဒီမှာရှိနေတဲ့ ကလေးတိုင်းကိုရော ဒီပတ်ဝန်းကျင်မှာ၊ဒီခေတ်ပျက်ထဲမှာ မကြီးပျင်းစေချင်ဘူး။

လွမ်းဆွတ်

အိပ်မက်တွေ
လာရာလမ်းအတိုင်း လှည့်ပြန်ကြ
ညရေ လွမ်းဆွတ်...။

ပန်းတွေ
အပွင့်အတိုင်း ကြွေကြွေကျ
နွေရာသီရေ လွမ်းဆွတ်...။

ဒိုင်ယာရီတွေ
မျက်ရည်အတိုင်းစီးကျ
အနမ်းရေ လွမ်းဆွတ်...။

ဌေးကြည်(စလင်း)
ချယ်ရီမဂ္ဂဇင်း
၂၀၀၈ ခုနှစ်၊စက်တင်ဘာ
အတွဲ ၁ ၊အမှတ် ၁၅၆

Tuesday, October 28, 2008

ကထိန်အကြို...သို့မဟုတ် ကထိန်အလွမ်း

ဒီနေ့ သီတင်းကျွတ်လကွယ်နေ့။
လူတွေတော်တော်များများရဲ့ အာရုံတွေသည်လည်း သီတင်းကျွတ်ပွဲတော်ကနေ
တန်ဆောင်တိုင်ပွဲတော်၊ကထိန်ပွဲတော်တွေဆီဘက် ဦးတည်နေကြပြီ။
ဒါတောင် ရန်ကုန်မှာမို့။နယ်မှာဆို သီတင်းကျွတ်ပြီးထဲက အလှူခံတွေက အပြိုင်အဆိုင်၊
လမ်းမတွေမှာဆို အလှူခံမဏ္ဍပ်တွေရယ်၊အဲ့ဒိက သီချင်းသံတွေရယ်က ဆွတ်ပျံ့ကြည်နူးစရာ..။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့အထိ
တစ်လတိတိကျင်းပရတဲ့ ကထိန်ပွဲ..။
တစ်ကျောင်းမှာ တစ်ကြိမ်၊နောက်ပြီး တစ်နှစ်မှာတစ်လ၊တစ်လမှာမှ တစ်ရက်ထဲ ကျင်းပရတဲ့ "ကထိန ဘုံကထိန်.."
တခြားအရပ်ဒေသတွေမှာတော့ ကထိန်ပွဲတော်ကို ဘယ်လိုတွေဆင်နွဲကြသလဲမသိပါ။
ကျမတို့ဒေသက အကြောင်းလေးတွေပြန်လည်တွေးမိပြီး သတိရတာလေးတွေကို
ပြန်ရေးလိုက်ပါတယ်..။အပျင်းပြေဖတ်ကြည့်ပါဦး...:)


ကျမတို့ဆီမှာတော့ တစ်ဦးတစ်ယောက်ထဲက ကထိန့်ဒါယိကာ၊ကထိန့်ဒါယိကာမဆိုပြီး
ကိုယ်ကိုးကွယ်တဲ့ ကျောင်းကန်ဘုရားမှာ တစ်ဦးထဲတာဝန်ယူပြီးခင်းပေးတဲ့ကထိန်၊
ဒါမှမဟုတ် တစ်ဦးတစ်ယောက်ထဲက တာဝန်ယူပြီးခင်းကျင်းမယ့်သူ မရှိတဲ့အခါမျိုး၊
မရှိတဲ့ကျောင်းမျိုးမှာဆိုရင် စုပေါင်းဘုံကထိန် ရယ်ဆိုပြီးလုပ်ကြတယ်...။
အဲ့ဒိလို ဘုံကထိန်လုပ်ဖို့အတွက် လူအများပါဝင်လို့ရအောင်
ရပ်ထဲရွာထဲက ဥပဿကာမောင်မယ်တွေ တစ်ပတ်၊နှစ်ပတ်လောက်မနားမနေအလုပ်လုပ်ကြရတယ်..။
ကိုယ့်ကျောင်း ကိုယ့်ဘုန်းကြီးအတွက် အရပ်တကာလှည့်ပီး အလှူခံကြတယ်၊

တစ်ဦးတစ်ယောက်ထဲ မတည်ပြီးခင်းတဲ့ ကထိန်မှာလဲ အများအင်အားကတော့လိုတာပါပဲ။
ဘာလို့ဆိုတော့ ရှိသမျှရွာနီးချုပ်စပ်ရွာတွေက အိမ်တိုင်း၊အိမ်တိုင်းက မိသားစုဝင်တွေအကုန်လုံး
မီးခိုးတိတ်လာစားမယ့် အလှူပွဲကို တစ်ဦးတစ်ယောက်ထဲအားနဲ့မရနိုင်ဘူး။

ဒီအတွက်နှစ်တိုင်း၊ကထိန်ပွဲကျင်းပခါနီးတိုင်း ဘုန်းကြီးကျောင်းမှာ ဂေါပကအဖွဲ့ဝင်တွေ၊ဥပဿကာလူငယ်တွေက
အစည်းအဝေးလေးတွေလုပ်ကြတယ်...အစီအစဉ်တွေဆွဲရတယ်...။အများစုပေါင်းပါဝင်မှ
စည်ကားတဲ့ ကထိန်ဖြစ်နိုင်တယ်...။ဒီလိုနဲ့ပဲ သီတင်းကျွတ်၊တန်ဆောင်မုန်း နှစ်လလုံးဟာ
ပျော်ပွဲ၊ရွှင်ပွဲတွေနဲ့ ဆက်နေတာ..။

နောက်ထပ် ကထိန်တစ်မျိုးက ကျောင်းကထိန်ပါ..။
ကျမတို့ငယ်ငယ် သူငယ်တန်းကနေ 10 တန်းထိနှစ်တိုင်းမှာ ကျောင်းကထိန်ဆိုပြီး ကျင်းပခဲ့တာ။
ကျမတို့မြို့မှာ အလယ်တန်းကျောင်းတစ်ကျောင်းရယ်၊အထက်တန်းကျောင်းတစ်ကျောင်းရယ်ပဲရှိတယ်..။
နှစ်ကျောင်းလုံးက အပြိုင်အဆိုင်၊ကထိန်ခင်းဆိုတော့လဲ အပြိုင်ပေါ့။
ဝါတွင်းတစ်တွင်းလုံးမှာ ကျောင်းသားတွေက ကိုယ့်ဘာသာကိုယ်မုန့်ဖိုးပိုက်ဆံလေးတွေကို
အသင်းခေါင်းဆောင်၊အတန်းခေါင်ဆောင်တွေဆီမှာ စုထားကြတယ်..။
သီတင်းကျွတ်ပြီးလို့ ကထိန်ခင်းတော့မယ်ဆိုမှ အတန်းလိုက် ပဒေသာပင်လေးတွေလုပ်ကြ၊အတီးအမှုတ်တွေ၊အကတွေတိုက်ကြပေါ့။
သိပ်ကိုပျော်စရာကောင်းတာ။အဲ့ဒိခေတ်တုန်းကတော့ ကျမသူငယ်ချင်း ဖျတ်ကော့လတ်ကော့ကောင်လေးတွေက
ဦးရွှေရိုး၊ဒေါ်မိုးတွေ ကကြ..၊နောက် ကျွှဲကလဲ ကကြတယ်..။ကျွှဲကကတော့မယ်ဆို ပွဲတွေဘာတွေလဲ
ပင့်ရမြှောက်ရတာတွေရှိသေးတယ်..။နတ်မ၀င်အောင်၊နတ်မကစားအောင်ဆိုလားပဲ..။
ကောင်မလေးတွေက ပဒေသာပင်သီးကြတယ်...။လှတဲ့ကောင်မလေးတွေက ကထိန်လှည့်ရာမှာ
ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်လုပ်ကြတယ်..။ကျမကတော့ သံချပ်စပ်ပေးခဲ့ဖူးတယ်..။
သတိရသလောကဆိုရင်...........,

" မြို့မကျောင်းရဲ့ ဂုဏ်သရေ
မြို့မကျောင်းဟာ စံပြပါပဲ...(မြို့မကျောင်းဟာ စံပြပါပဲ)
မြို့မကျောင်းရဲ့ ဘုံကထိန်
လူတကာရှိန်တာ ဘာဆန်းလို့လဲ...(လူတကာရှိန်တာ ဘာဆန်းလို့လဲ...)"

အပြိုင်အဆိုင်စိတ်ကလေးကလဲ အဲ့ဒိထဲက စိတ်ထဲမှာကိန်းအောင်းနေခဲ့တာထင်ပါရဲ့..။
ကျမတက်တဲ့ကျောင်းက အမျိုးသားကျောင်း၊(မြို့မကျောင်းလို့ လူသိများတယ်...)ဆိုတော့ ဘာရယ်မဟုတ်၊
မာန်တက်နေတာပေါ့..။လွမ်းမိပါတယ်..လေ..။

ခုပြန်တွေရင် ခု ရင်တွေခုန်ရပါတယ်...
စိတ်ထဲမလဲ သီချင်းလေးတွေ ပြန်ကြားယောင်နေမိပါတယ်..။အစုံပါပဲ..။
ဒီသီချင်းလေးနဲ့ပဲ အခြေအမြစ်မရှိရေးချင်တာရေးထားတာတွေကို အဆုံးသတ်လိုက်ပါတယ်..

" ဘုံကထိန်၊ဘုံကထိန်..ဘုံကထိန်လှည့်လို့လာ ရပ်ကွက်ထဲကကြည့်သူတွေ
ကြိတ်ကြိတ်တိုးလို့ တအားစည်..။ရပ်ကွက်ထဲက ကြည့်သူတွေ ကြိတ်ကြိတ်တိုးလို့ တအားစည်.."











Monday, October 27, 2008

ဒုတိယအလုပ်

ဟိုတစ်လောက ပထမဆုံးအလုပ်ဆိုပြီး ပိုစ့်တစ်ခုတင်ထားခဲ့တယ်...။
အဲ့တုန်းက အစ်ကိုအောင်သာငယ်နဲ့ မောင်မျိုးက လာပြီးမြှောက်ပင့်ထားခဲ့လေတော့
(ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်နော်...။) ခုဒုတိယအလုပ်၊တတိယအလုပ်ဆိုပြီးဆက်ရေးပါဦးမယ်..။

ဒီကြားရက်ထဲတွေမှာတော့ ပေါ်ပင်တွေလျှောက်လိုက်နေမိတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။
ခုတော့ လုပ်ခဲ့ဖူးတဲ့အလုပ်တွေကို ပြန်လည်လွမ်းဆွတ်ရင်း ဒီစာတွေကိုရေးနေမိပါတော့တယ်..။

အလုပ်ဆိုတော့ စကားကြီးစကားကျယ်တော့ နိုင်သလိုရှိပါတယ်..။
ဒါပေမယ့် ကျမတို့ဆီမှာ ဘယ်သူကမှ ငါဘာကိုဝါသနာပါတယ်...၊ဘယ်အလုပ်နဲ့တော့ အသက်မွေးဝမ်းကျောင်းပြုမယ်
ဆိုပြီး ပုံသေကားချပ်ထားထားလို့မရတတ်ကြပါဘူး။အများစုသော လူငယ်တွေဟာ ဒီလိုပါပဲ။
လက်ရှိခေတ်ကာလ အခြေအနေမှာ ဘယ်အလုပ်၊ဘယ်အသက်မွေးဝမ်းကျောင်းပညာကို ကိုယ်ဝါသနာပါလဲ
ဆိုတာ မသိကြပါဘူး။အကောင်းဆုံးဖြစ်မယ်ထင်တာ၊နောက်ပြီး hit အဖြစ်ဆုံးဆိုတာတွေကိုသာ
အချိန်နဲ့ တပြေးညီလုပ်နေကြတာကတော့ အားလုံးအသိပဲမှုတ်လားလေ..။

ဒီတော့ ပထမအလုပ်မှာ တယ်လီဖုန်းနစ် လိုလို၊စာရင်းသမားလိုလိုကျမက
ခုဒုတိယအလုပ်လဲကျရော...HIV/Aids လူနာတွေနဲ့ စကားပြော၊ဆွေးနွေးသူဘ၀ရောက်သွားခဲ့ပါတယ်..။
တက်နေတဲ့အင်္ဂလိပ်စာသင်တန်းမှာ လာကပ်ထားတာတွေ့လို့ သွားလျှောက်ရာက ဒီအလုပ်ကိုရခဲ့ပါတယ်။


အင်တာဗျူးဖြေတာကနေ စရမယ်ထင်တယ်...။
ကျမအင်တာဗျူးဖြေတဲ့အချိန်က ညနေ ၄ နာရီထိုးတော့မယ်..ကျနေပေါ့လေ..။
လူတွေများလွန်းလို့စောင့်နေရတာ မနက် ၁၁ နာရီထဲက၊သိပ်တော့မကြာပါဘူးနော်...။
အင်တာဗျူးတဲ့လူတွေက အစ်မကြီးနှစ်ယောက်၊စိတ်ထဲကတော့ ကိုယ့်စိတ်ကိုပြန်အားပေးလိုက်ပါတယ်..။
တတ်သလောက်သာဖြေ၊ဒီလောက်လူများတာ short list တောင်ပါဖို့လမ်းမမြင်၊
သူတို့မေးသွားတာတွေကို ခုနေပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ HIV/Aids လူနာတစ်ယောက်အပေါ်မှာ
ထားရှိတဲ့စိတ်နေစိတ်ထားကိုပဲ အဓိကစမ်းသပ်တဲ့မေးခွန်းတွေချည်းပါပဲ၊
သူတို့စကားနဲ့ပြောရမယ်ဆိုရင်တော့ Discrimination ပေါ့။
နောက်ပြီးတော့ ရောဂါနဲ့ပတ်သက်တဲ့ Knowledge ဘယ်လောက်ရှိသလဲဆန်းစစ်ခြင်းပေါ့။
ဒီလောက်ပါပဲ။နောက်နေ့အကြောင်းပြန်မယ် ဆိုတာနဲ့ ပြန်ထွက်လာရတာပေါ့..။

ဒီလိုနဲ့ ကျမအလုပ်ရမယ့်ကံ ဖန်လာပါတယ်..။
အလုပ်ရမယ့်ကံပါ။အလုပ်ကတော့ မရသေးပါဘူး။
ဘာလို့လဲဆိုတော့ကျမအပါအ၀င် လူ 20 လောက်ကိုသူတို့က Training ဆိုပြီး ၅ ရက်ခေါ်ပါတယ်..။
လှိုင်သာယာမှာ ကိုယ့်ထမင်းကိုယ်စားပြီးသွားတက်ရတာပါ၊
(ခုဒီမှာ ဒီလိုကိစ္စတွေအရမ်းပေါပါတယ်...အလုပ်မရတောင် အဲ့ဒိကရတဲ့ အတွေ့အကြုံကိုလိုချင်တယ်လို့
ခေါင်းစဉ်တပ်ပြီးတော့ အဲ့လိုကိစ္စတွေကို အားကြိုးမာန်တက်လိုက်လုပ်နေတဲ့လူတွေ တစ်ပုံတစ်ပင်ပါပဲ)
Training ဆိုပေမယ့် သူတို့ကချည်းသင်ပေးနေတာမျိုးမဟုတ်ပါဘူး၊
small talk လေးတွေ၊short presentation လေးတွေလုပ်ရတယ်..။ရောဂါနဲ့ပတ်သက်တာတွေပေါ့..။
ကူးစက်ခြင်း၊ပျံ့နှံ့ခြင်း၊ကာကွယ်ခြင်း ဒါတွေထင်ပါတယ်..
အကြောင်းအရာတွေကိုတော့ သေချာမမှတ်မိတော့ပါဘူး။
၅ ရက်ပြီးတော့လဲ ပြန်အကြောင်းကြားပါ့မယ်ပေါ့။20 လောက်ထဲကနေ ၃ ယောက်ရွေးပါတယ်..
ကံကောင်းထောက်မစွာ ကျမအဲ့ဒိအဖွဲ့အစည်းမှာ အလုပ်ရခဲ့ပါတယ်..။
၃ လအစမ်းခန့်အနေနဲ့ အလုပ်စတင်ရပါတော့တယ်...။

ရာထူးကတော့ အင်္ဂလိပ်လိုဆိုရင် Counsellor ၊မြန်မာလိုပြန်ရင်တော့ ဘယ်လိုပြန်ရမလဲမသိဘူး၊
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ကွဲပြားမှုတွေရှိနေတော့ ကျမလိုငချွတ်က ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး။
ကျမနားလည်သလောက်ပြောရရင်တော့ ထိုင်စကားပြောခြင်းပါပဲ။
ဒါပေမယ့်ဦးတည်ချက်တစ်ခုခုရှိနေတဲ့ စကားဝိုင်းပေါ့။
အဲ့ဒိဦးတည်ချက်က ကိုယ့်အတွက်မဟုတ်ပဲ သူ့အတွက်ဆိုတာကိုသိသိသာသာမဟုတ်တဲ့နည်းလမ်းတွေနဲ့
အဲ့ဒိလူသိလာအောင်စကားတွေပြောနေရခြင်းပါပဲ။

လူလူချင်းတော့အတူတူ၊ဒါပေမယ့် ကိုယ်ကနားထောင်ပေးတဲ့သူ၊သူကပြောတဲ့သူ၊
ကိုယ်ကဖြေရှင်းပေးတဲ့သူ၊သူကပြဿနာနဲ့လူ၊
သူကငိုတဲ့သူ၊ကိုယ်က ပြေရာပြေကြောင်းတတ်သလောက်မှတ်သလောက်ပြောရတဲ့သူ...။
ဒီလို၊ဒီလိုအကြောင်းအရာတွေပေါ့လေ..။
တစ်ခါတစ်ခါ မိသားစုအရေး၊တစ်ခါတစ်ခါ အိမ်ထောင်ရေး အချစ်ရေး၊တစ်ခါတစ်ခါကျန်းမာရေး၊
တစ်ခါတစ်ခါ နိုင်ငံရေး...။အဲ့ဒိအကြောင်းတွေကို ကျမရဲ့လူနာတွေနဲ့ ပြောဖြစ်ခဲ့ပါတယ်..။
ဒီအလုပ်ကို လူတွေဘယ်လိုသတ်မှတ်ကြသလဲတော့မသိဘူး။သိပ်ကိုလဲကျေနပ်ပီတိဖြစ်ရတဲ့အလုပ်ပါ..။

အဲ့ဒိမှာ အခက်အခဲတွေကလဲ ကြုံရတာပါပဲ။
အသိသာဆုံး အခက်အခဲကတော့ အသက်အရွယ်ပါပဲ။
ကျမစောစောက ပြောတဲ့အကြောင်းအရာတွေကို ကျမထက်အသက်အရွယ်၊
အခက်အခဲ၊အတွေ့အကြုံ၊ဘ၀ သင်ခန်းစာ တစ်ပုံတစ်ပင်နဲ့ လူ့ဘ၀ကိုဖြတ်သန်းခဲ့ကြတဲ့
အစ်ကိုကြီး၊အစ်မကြီးအရွယ်တွေ၊ဦးလေး၊ဒေါ်လေးအရွယ်၊ဘကြီး အရွယ်တွေကို
ကျမအနေနဲ့ဘယ်လို အသုံးအနှုန်း၊ဘယ်လိုမျက်နှာပေးနဲ့ စကားပြောရပါ့မလဲ။
ကျမမှာ သူတို့ထက်သိနေနိုင်တာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလောက်ပဲရှိမယ်လေ..။
တခြားအကြောင်းအရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ဆွေးနွေးဖို့၊တစ်နည်းအားဖြင့် စကားလုပ်ပြီးထိုင်ပြောနေဖို့ဆိုတာ
ကျမအတွက်တော့ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်နေခဲ့တယ်..။
တကယ်လဲ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပါတယ်...။
ကိုယ့်ထက်အတွေ့အကြုံရင့်ကျက်တဲ့ စီနီယာအစ်ကို၊အစ်မတွေ ဆီမှာပညာယူရပါတယ်..။

အဲ တစ်ခုခက်တာက ပညာယူတယ်ဆိုတော့ သူတို့အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်ကထိုင်ကြည့်နေလို့ရတာမျိုး
မဟုတ်ဘူး၊ဒီတော့ ထမင်းစားတဲ့အချိန်တို့၊ညနေပိုင်း သူတို့ဆီမှာလူနာပါးတဲ့အချိန်တို့မှာ
သူတို့ဆီကနေ အစ်အောက်ပြီး မေးရမြန်းရပါတယ်...။
၃လ ကြာတော့ ကျမကိုအလုပ်ဆက်ခန့်ဖို့အတွက် Evaluation လို့နာမည်တပ်ထားပြီး
အကြီးအကဲ ၄ယောက်က ကျမအလုပ်လုပ်တာကို ဆက်တိုက်စစ်ဆေးပြီးတဲ့အခါမှာ ကျမကို သူတို့ဆက်ပြီး
အလုပ်ခန့်ခဲ့တယ်...။အဲ့ဒိမှာ ကျမ ၁ နှစ်နီးပါးအလုပ်လုပ်ခဲ့ပါတယ်...။

လူမှုရေးကိစ္စအခက်အခဲတွေကိုချည်း နေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်လို့ယူဆပါတယ်..။
အစောဆုံးရက်တွေကဆိုရင် ကြုံရသမျှ လူနာတွေရဲ့ပြဿနာတွေကို ကိုယ့်ပြဿနာလုပ်ပြီး
အိမ်အထိသယ်လာ၊ညကျ အိမ်မက်ထဲ ထည့်မက်၊သူတို့ငိုသလို ကိုယ်ကပါလိုက်ငိုပေါ့။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်ခဲ့ရတာ...။ဒါပေမယ့် ကျမကိုယ့်ကိုယ်ကို အံ့သြတာတစ်ခုက
အပြင်မှာ၊တကယ့်လက်တွေ့မှာတော့ ကျမဘယ်တုန်းကမှ လူနာတွေရှေ့မှာ ၀မ်းသာ၊၀မ်းနည်းမဖြစ်ခဲ့တာပါပဲ။
ဒီလိုနဲ့ပဲ နောက်တော့အလုပ်ကိုလူကနိုင်သွားတယ်လို့ပဲ ဆိုရမှာပေါ့..။တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာတယ်။
အလုပ်တာဝန်တွေကလဲ သိသိသာသာများလာခဲ့တယ်..။ကျမပျော်ခဲ့ပါတယ်..။ကျေနပ်ပီတိဖြစ်ခဲ့ရတယ်...။
ကိုယ့်စကားတွေကြောင့် လူတွေစိတ်သက်သာရာရခဲ့တဲ့အခါ၊သူတို့ခံစားမှုတွေ
လျော့ကျသွားတာကို ခံစားမိတဲ့အခါ ရလာတဲ့ခံစားမှုကို ဖေါ်ပြစရာစကားလုံးမရှိနိုင်။

ကျမအထင်ပြောရရင် ကျမဒီအလုပ်ကရရှိလိုက်တဲ့အတွေ့အကြုံတွေက ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ။
အဲ့ဒိတုန်းက ကျမအသက်က ၂၀၊ကျမလိုက်မမှီနိုင်တဲ့၊တစ်ခါမှလဲ မကြုံဖူး၊မကြားဖူးတဲ့ လူမှုရေးပြဿနာတွေက
တစ်ပုံတစ်ပင်ရှိနေတယ်ဆိုတာကို သိလာခဲ့တယ်..။
ဘာနဲ့မှမလဲနိုင်တဲ့၊ငွေနဲ့ရှာဝယ်လို့မရနိုင်တဲ့အတွေ့အကြုံပေါင်းများစွာရရှိခဲ့ပါတယ်..။

သို့သော် ဘောလုံးသမားတွေ အသင်းပြောင်းချင်တဲ့အခါ ပြောနေကျစကားလိုပေါ့။
ကျမလဲ စိန်ခေါ်မှုအသစ်တွေရဲ့ ခေါ်ဆောင်ရာနောက်ကိုတစ်ကောက်ကောက်လိုက်ချင်တဲ့လူငယ်တစ်ယောက်ပဲ။
ဒါကြောင့် အဲ့ဒိအလုပ်မှာ တစ်နှစ်နီးပါးကြာလာတဲ့အခါမှာတော့ နောက်ထပ်အလုပ်သစ်တစ်ခုကိုရှာဖို့
ဇာတ်လမ်းကိုစတင်ခဲ့ပါတယ်.........။

Saturday, October 25, 2008

အသက် ၂၃

စာအုပ်တစ်အုပ်မှာဖတ်ဖူးတဲ့စာကြောင်းလေးပါ။

The Last birthday that's any good is 23.(Andy Rooney)

စာရေးသူ ဘာသာပြန်ပေးထားတာက

"အရာရာမှာ အကောင်းဆုံးဖြစ်တဲ့ လူ့ဘ၀ရဲ့ နောက်ဆုံးမွေးနေ့ဟာ
အသက် ၂၃ နှစ်ဖြစ်တယ် "တဲ့။(အင်ဒီရော်နီ)

တကယ်ပဲဒီနေ့ဟာ အကောင်းဆုံးဖြစ်တဲ့ နောက်ဆုံးမွေးနေ့လား။

ဒီနေ့ ကျမအသက် ၂၃ နှစ်ပြည့်ပါတယ်။
အမေ့ကိုသတိရတယ်။
မွေးစကနေ ခုအသက် 23 နှစ်ရှိတဲ့အထိ ကျမကို
အမေတစ်ယောက်ထဲ ရုန်းကန်ပြီး လူ့လောကထဲကိုတွန်းပို့ပေးခဲ့တာတွေ၊
အမေ့သတ္တိတွေ၊အမေ့ခွန်အားတွေကို
ပြန်လည်သတိရအောက်မေ့ရင်း....။

Friday, October 24, 2008

ဘယ်လိုဝေဒနာလဲ

အိမ်ပြန်တုန်းခံစားခဲ့ရတဲ့ ဝေဒနာအကြောင်းလေးပြောချင်တာပါ။
ကျမကိုကလေးကလား၊ကုလားကလေးလုပ်တယ်ပဲ ပြောပြော၊တကယ်
ဖြစ်တာကိုတော့ ပြောပါရစေလေ...နော..။

ဒီကနေပြန်တော့ မနက်ကားနဲ့။10 နာရီကားပေါ့။
ထုံးစံအတိုင်းနောက်ကျပါတယ်။10 နာရီအတိဆိုမှကို အဝေးပြေးကားဝင်းထဲကို
ရောက်ပါတယ်။အငှားကားပေါ်ကဆင်းပြီးတာနဲ့
ကားဂိတ်ကိုပြေးရတာ ဖနောင့်နဲ့တင်ပါးတစ်သားထဲကျသလားတောင်ထင်ရတယ်။
ဟိုရောက်တော့ အမယ်မင်း ဆရာမရယ်ခင်ဗျားကိုစောင့်နေရတာဗျ..။ကားကထွက်လို့ရနေပြီတဲ့
မရယ်ချင်ဘဲနဲ့ပဲ ခပ်သောသောလေးရယ်ပေးလိုက်ပြီး..တောင်းပန်ပါတယ်အစ်ကိုရယ်
ကျမကိုခုလိုစောင့်ပေးနေတာကိုလဲကျေးဇူးတင်လှပါတယ်ပေါ့...။


တကယ်တမ်းကျတော့ ကျမကိုစောင့်နေရတာပါဆိုတဲ့ကားက
ကျမရောက်ပေမယ့်မထွက်ပါဘူး...။10နာရီ 25 မိနစ်လောက်မှထွက်ပါတယ်။
အခါတိုင်းဆိုအိပ်ငိုက်ပြီးလိုက်နေကျ ကျမက ခုတော့အလည်လိုက်တဲ့သူငယ်ချင်းကို
မပျင်းရလေအောင် စကားစမြည်းများနဲ့တစ်လမ်းလုံးဧည့်ခံရတာပေါ့..။
ဒါတောင် ဘယ်ရမလဲ.မအူပင်မရောက်ခင် ဆားမလောက်ဆိုတဲ့ရွာလောက်ထဲက ဒီက
ငိုက်လိုက်တာ..။ဗိုလ်မြတ်ထွန်းတံတားကိုတောင်ဘယ်လိုကျော်ခဲ့တယ်မသိဘူး..။
ပန်းတနော်ရောက်တော့မှ လန့်လဲနိုးရော...ဘေးကသယ်ရင်းကိုသွားသတိရတယ်..။
အားနာလိုက်တာ...ဒါနဲ့ပြန်အိပ်ပေးလိုက်တယ်..။

ကျမတို့ရောက်တဲ့နေ့က ကျမတို့ရွာမှာ မြတ်စွာဘုရားအပူဇော်ခံဒေသစာရီကြွတဲ့နေ့..။
ညဘက်မှ မြို့ထဲဘက်ကိုလှည့်တာပေါ့...။တောဘုရားလေးပေမယ့် တော်တော်ကြည်ညိုစရာကောင်းပါတယ်။

ကျမစိတ်ထဲက စာကြောင်းလေး နှစ်ကြောင်းသုံးကြောင်းကိုသွားသတိရမိပါတယ်။
" သီတင်းကျွတ်ပြီ
မီးပုံပျံလွှတ်ကျရအောင်
မီးစာကိုရေနံဆွတ်ထားပါ
မိုးလွတ်ပါမည်လော..။" ဆိုလား၊ဘာလား။
မီးပုံးပျံသေးသေးလေးတွေ လွှတ်တင်ကျ၊တက်သွားရင် ဟေးခနဲဆိုအော်ကြ၊
ငယ်ငယ်တုန်းကဆို အရမ်းပျော်စရာကောင်းမှာပေါ့လေ..။ဒါပေမယ့်
ကျမတို့နှစ်ယောက်ဖြစ်ပုံများပြောပါတယ်.။ရောက်သွားသွားချင်း ညလည်းဖြစ်ပြန်၊
ကိုယ်ရွာပေမင့် အနေစိမ်းနေတာကြောင့်လဲပါမယ်ထင်ပါတယ်။
နေမထိထိုင်မသာပေါ့..။အမည်ဖော်ရခက်တဲ့ဝေဒနာများနဲ့ လုံးထွေးနေရပါတော့တယ်။

အင်တာနက်စာမျက်နှာတွေ၊အထူးသဖြင့်
ဒီဘလောဂ့်စာမျက်နှာတွေနဲ့ဝေးရတဲ့ဝေဒနာလို့ ကျမပြောရင်လွန်ရာမရောက်ပါဘူး။
အဲ့ဒိဝေဒနာကို တစ်ချက်တစ်ချက်အပြင်းအထန်ခံရတာပါ..။ညဘက်လကသာ..၊လူကဟိုလွမ်း၊ဒီလွမ်း၊
လွမ်းတဲ့အထဲမှာ အဲ့ဒိဘလောဂ့်တွေလဲပါတယ်...လေ။အမှန်တော့ကျမက ဘလောဂ့်လည်ပီး
စာဖတ်ရတာကိုအင်မတန် ကျေနပ်ပီတိဖြစ်ရတာပါ..။နှစ်လဲနှစ်သက်ပါတယ်။
လှည့်ပြီးဖတ်ရင်းကမှလဲ ကိုယ့်ဘာသာကိုယ်လေးလုပ်ချင်စိတ်ပေါက်လာတာလေ...။
အထူးသဖြင့် အစ်မ မK၊အစ်ကိုကြီး ကိုအောင်သာငယ်၊ကိုငြိမ်းစု၊မောင်မျိုး၊တောကျောင်းဆရာ..၊
ကိုအောင်ဆိုတဲ့ အစ်ကိုတော်ကတော့သူလဲမရေးဘဲရပ်ထားတာဆိုတော့နဲနဲတော်သေးသပေါ့...။
လွတ်မယ့်စာတွေကိုတွေးပြီး နှမြောနေမိတာလေ...။
2 ရက်၊3ရက်လောက်ကြာတဲ့ အချိန်မှာတော့ ကျမနေသားကျခဲ့ပါတယ်။
သိပ်ကဲတဲ့ တူနှစ်ယောက်ရယ်..၊ဒီနှစ် 10တန်းဖြေမယ့်တူမလေးရယ် သူတို့တာဝန်တွေကို
တတ်နိုင်သလောက်လေးခွဲဝေယူပေးနေတဲ့နေ့တွေမှာတော့ ကျမစိတ်တွေပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။

ရွာမှာ 8ရက်ကြာခဲ့တယ်။
ပြန်ရောက်ရောက်ချင်းနေ့မှာ အရင်ဆုံးဖတ်မိတဲ့ စာတွေက
ကိုတောကျောင်းဆရာရဲ့ ဆရာဝသုန်အကြောင်း၊ကိုအောင်သာငယ်ရဲ့
မိသားစုကန်တော့ပွဲ၊မောင်မျိုးရဲ့ သီတင်းကျွတ် အဲ့ဒိပိုစ့်တွေပါ...။
ရင်ထဲမှာ ဘာနဲ့မှမတူတဲ့လှုပ်ခတ်မှုတွေဖြစ်ပေါ်လာတဲ့အထိဖြစ်ရပါတယ်။

ကျမတို့သူငယ်ချင်းတွေက အင်တာနက်သုံးကြတဲ့အချိန်တွေ
တူကြတယ်...။တစ်ယောက်နဲ့တစ်ယောက်လဲ ညွှန်းကြတယ်..။
ဘယ်သူ့ဆီက အသစ်ကလေး ကောင်းတယ်၊သွားဖတ်ကြည့်၊
ဘယ်သူ့ဆီကနေရောက်သွားတာ ဒီနေ့ဖတ်တဲ့စာတွေကောင်းလိုက်တာ၊
တင်ပြပုံကဘယ်လို...ကျမသူငယ်ချင်းတွေက သိပ်အားကိုးရပါတယ်။
နင့်ဟာကတော့ ပျင်းစရာကြီးတဲ့..။အဲ့လိုပါဆို :( အားပေးတာလေ..။

သူကသူဖတ်ထားပြီးသားလေးတွေကို ဒီတစ်ခါတော့ ဥ ထားတယ်..။
တစ်ရက်ထဲတူတူဖတ်တာမဟုတ်တော့ မပြောဘူး၊
ကျမဘာသာဖတ်ပစေ့ပေါ့..။နောက်မှ
ကျမက ဟယ်ကိုအောင်သာငယ်ကြီးရဲ့ မိသားစုကန်တော့ပွဲပဲ
ရှိသေးတယ်..။သူက ငါသိတယ်၊ငါသိတယ်ဆို လာတော့တာပဲ။။

အဲ့လိုပါ အားပေးရတဲ့အကြောင်းလေး..။
ခုလဲစာကြွေးတွေက ဆပ်ပဲမကုန်နိုင်သေးဘူး။
သူရို့တွေကလဲ ရေးပဲရေးနိုင်လွန်းလှတယ်...။ :)))

Thursday, October 23, 2008

လှည်းတန်း

စားချင်တာလာစား
အကုန်ရတယ်
ကိုယ်မှာတာကိုယ်စား၊ကိုယ်စားတာကိုယ်ရှင်းရင်ဖြစ်ပါတယ်။

မုန့်ဟင်းခါးနဲ့ ဇီးသံပုရာ၊
ဘိန်းမုန့်နဲ့ ထုံချိုင်း
ကတ်ကြေးကိုက်နဲ့ လေဘေးထည်
ရှမ်းခေါက်ဆွဲနဲ့ ဒိန်ချဉ်
Singapore နဲ့ ကျော်ဦး
ရန်ကင်းနဲ့ကြည့်မြင်တိုင်
ဒါတွေ၊ဒါတွေ
အကုန်မှာ အကုန်ရပါ့။

အိမ်ရှေ့ဝရံတာခြေတစ်ဖက်ချ
ရှေ့က စိန်ဂေဟာအသစ်ကျပ်ချွတ်မှာ
ဆင်းလိုက်တက်လိုက်
တက်လိုက်ဆင်းလိုက်
သူငယ်မများ
အိတ်ကလေးတွေ ဖွင့်ပေးလိုက်
ဒါမှမဟုတ်
အိတ်ကလေးတွေ ပေးဖွင့်လိုက်
ဘာတဲ့
Soft Opening ဆိုပါလား။...။

စည်တယ်၊စည်တယ်
လူတွေ တကယ်စည်တယ်
စည်နေပြီး လူမများတာလား
လူများပြီး ပွဲမစည်တာလား
တော်တော် ဦးဏှောက်ခြောက်ပါရဲ့
အထာနဲ့ စဉ်းစားရတာဒီမှာက။

ရှေ့ကဖြတ်လျှောက်သွားတဲ့မိန်းမငယ်
ခြေနှစ်ချောင်းက လိမ်ဖယ်ဖယ်နဲ့
စကတ်အနံက ခြေပေါင်လည်
အလိုကွယ် ဘယ့်နှယ်ဖြစ်ပါလိမ့်
အဘများ မျက်စိမှုန်ရော့သလား။

စည်တယ်၊
တကယ်စည်တယ်၊
အဲ့ဒါဘာရှိလိမ့်မလဲ
ရုံးစု၊ရုံးစုနဲ့ ဟောဒိလမ်းမကြီးပေါ့။

တစ်ခေါက်တစ်ခါများတော့
အရောက်လာစမ်းပါ့..၊
ဇီးဖျော်ရည်လေး တိုက်ပါ့မယ်။

Wednesday, October 22, 2008

ဝါကျွတ်ပေါ့ သက်ဝေရယ်

သီတင်းလဲကျွတ်ပီ။ဒီနေ့ဆို လဆုပ် ၈ရက်တောင်ရှိပြီ။
ဒါပေမယ့် သီတင်းကျွတ်ရဲ့ အငွေ့အသက်တွေကတော့ ကျမစိတ်မှာ ပျောက်မသွားသေးဘူး။
သီတင်းကျွတ်တုန်းက ထိတွေ့ခံစားခဲ့ရသမျှလေးတွေကို တွေးမိသမျှပြန်ရေးထားလိုက်ပါတယ်။

လမင်းထိန်ထိန်သာတဲ့ လပြည့်ရက်တွေမှာ ကျမရွာလေးမှာပဲ ညနဲ့လရဲ့ အလှကိုခံစားခဲ့ပါတယ်။
ကြယ်တွေလဲ အမှန်တကယ်စုံခဲ့သလို လပြည့်လသည်လည်း အမှန်တကယ်ပြည့်ခဲ့သလိုခံစားရပါတယ်။
လပြည့်လက အရှေ့အရပ်ကထွက်ပြီး အနောက်အရပ်ကိုဝင်တာလဲ သေချာသတိထားမိပါတယ်။


လပြည့်ညဆိုတော့ ဘယ်သူ့တွေကိုလွမ်းမှန်းမသိပေါ့။လွမ်းနေခဲ့တာ။
အိမ်မှာလဲ အမေ့ကိုလာကန်တော့တဲ့သူတွေရယ်၊
နိဗ်ဗာန်ဈေးလိုက်တဲ့သူတွေရယ်ကို မုန့်ဝေနေတာရယ်နဲ့ မျက်စိလဲရှုပ်၊ပျော်စရာလဲကောင်းပေါ့။
အက္ခရာနဲ့ ဂဏန်းတွေကိုတွဲထားတဲ့မဲပြားတွေကို ကိုယ့်ဆီမှာပါလာတဲ့မဲပြားနဲ့တူမတူတိုက်စစ်ရတာ
ကလေးတွေအတွက် အင်မတန်ကိုကြီးမားတဲ့အလုပ်ဖြစ်နေတယ်။အပျော်တွေကတော့
သူတို့မျက်နှာတွေပေါ်မှာ ယိုဖိတ်ကျလို့။လရောင်အောက်မှာ ပြေးရင်း၊လွှားရင်းနဲ့....။

ကျမတို့အိမ်မှာက ရခိုင်မုန့်တီကျွေးတယ်။မုန့်ဟင်းခါးလုပ်ပါလို့ ကျမကပြောတာကို
ကျမအစ်မက "ဟဲ့မဲ 30 ကြီးများတောင်မုန့်ဟင်းခါးလုပ်ရင် မနည်းဘူးကုန်မှာ။
နောက်ပြီး မုန့်ဟင်းခါးကဘယ်စားစား၊စားလို့ရတယ်။မုန့်တီကမှ စားရခဲတာ"ဆိုပြီး
မုန့်တီပဲလုပ်ပါတယ်။တကယ်တမ်းကျတော့ သတ်မှတ်ထားတဲ့မဲပြားအရေအတွက်ကသာ
30။တကယ်လာစားကြတော့ လူအယောက် ၄၀ ကျော်လောက်ရှိပါတယ်။ပျော်စရာအင်မတန်ကောင်းပါတယ်။
လျှပ်စစ်မီးလုံးဝမရှိဘဲ ဖယောင်းတိုင်မီးလေးတွေကိုမြင်ရတာလဲ ကြည်နူးစရာကောင်းပါတယ်။

လော်စပီကာနဲ့ အကျယ်ကြီးဖွင့်ထားတဲ့သီချင်းသံတွေကို ဟိုမှဒီမှ ကြားနေရတယ်။
သီချင်းတွေကလဲ အတူတူတွေကြီးပဲ။Rockတွေမကြားရ၊Punk၊Hip Hopဆိုတာဖြင့်ဝေးရော။
သီတင်းကျွတ်ရာသီရဲ့ အရသာတစ်ခုထဲကိုသာပေးတဲ့ သီချင်းတွေ၊
ငယ်ငယ်ထဲကလဲရတဲ့သီချင်းတွေကို ခုမှသေချာပြန်နားထောင်မိပါတယ်။

"အေးသာရေ၊အေးသာရေ ကောက်ရိုးပုံဟေ့....။"ဆိုတာမျိုး

အကြိုက်ဆုံးနဲ့ ရင်ကိုအထိဆုံးသီချင်းတစ်ပုဒ်က
"မလေးသူ့ကို မောင်လာခိုး..အထုပ်အပိုးပြင်တော့ကွယ်...။"
ဒါကချိန်းတဲ့အကြောင်းလို့ထင်တယ်။

"မီးပုံးအစိမ်းကိုထွန်းကာ စိမ်းလိုက်တာလား၊စိမ်းလိုက်တာလား။"

"ရွှေဘနဲ့ မောင်နောင်ချိန်ချမယ်၊ရွှေဘနဲ့မောင်နောင်ချိန်ချမယ်
ယုံပါအချစ်ရယ်...။"ဆိုတာမျိုး
အချစ်ကိုသက်သေပြတာလို့ထင်ပါတယ်။

နောက်ဆုံးအဆုံးသတ်ထားတာက
ဝါကျွတ်ပေါ့သက်ဝေရယ်.....။တဲ့

ကျမဘာကြောင့်မှန်းသာမသိတယ်။ဒီသီချင်းလေးကို တော်တော်ခိုက်တာ။
ထပ်ခါထပ်ခါနားထောင်ချင်နေမိတော့တယ်။
ရိုးရိုးလေးနဲ့ သူ့မှာလေးနက်မှုတွေ၊ကြိုးစားအားထုတ်မှုတွေ တစ်ပုံတစ်ပင်ကို
အတိုင်းသားမြင်နေရတယ်။

Sunday, October 12, 2008

အချစ်ဆိုတာ

"အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု
ဘယ်သူမပြု မိမိမှု၊စဉ်းစားကြည့်ပါခု
မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု
528 ထက်ပိုရင် ငိုပွဲတွေစု။သံယောဇဉ်ဆိုတာကရော
ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။"
အယ်မဟုတ်တော့ဘူး။
ကိုယ်ရေးရမှာ၊ကိုယ်တိုင်ရေးရမယ့်ဟာကို သီချင်းတွေလျှောက်ရေးနေမိတယ်။

ခင်မင်ရတဲ့ အစ်ကိုကြီး ကိုအောင်သာငယ်က "အချစ်ဆိုတာ "ဆိုပြီးတက်ဂ်လာတော့လဲ
ရေးတတ်သလောက်တော့ရေးရမှာ့ပေါ့လေ။
ဒီမှာကြုံတုန်းလေး ပြောချင်ပါသေးတယ်။
ဘလောဂ့်တစ်ကာ လှည့်ပြီးစာဖတ်တဲ့သူငယ်ချင်းနှစ်ယောက်က ကျမတောင်မသိသေးဘူး။သူတို့က
ဟဲ့ နင့်ကို ကိုအောင်သာငယ်က အချစ်ဆိုတာ ကိုတက်ဂ်ထားပါလားတဲ့။
ဟီးဟီးရယ်စရာကြီးနော်တဲ့။နောက်တော့ သူတို့ဆက်ပြီး ရယ်ပါလေရော။
အသင်းအဖွဲ့တစ်ခုလို ၇ နှစ်ကျော်ပေါင်းလာတဲ့သူငယ်ချင်းတွေပါ။
သူတို့က ကျမကိုမှ အချစ်အကြောင်းရေးခိုင်းတယ်ဆိုတော့ သဘောကျတော့မပေါ့။

ကဲ အစ်ကို ကိုအောင်သာငယ်...ဒီလောက်ဆိုခန့်မှန်းမိလောက်ရောပေါ့နော်။
ညီမဘယ်လောက်ထိအချစ်ကို ခံစားတတ်သလဲဆိုတာကို။
စိတ်ထဲရှိသလောက်လေးတော့ရေးပေးလိုက်ပါတယ်။
အစ်ကို Tag သမျှလူတွေထဲမှာ အဆင်မပြေဆုံးဖြစ်နေမှာတော့ ကြိုမြင်ယောင်သေး။

ကျမသိသလောက်

" အချစ်ဆိုတာ "


လကို ကဗျာလုပ်စေပြီး
နေလို ပူလောင်စေတယ်...။

လရောင်ထက်အေးမြပြီး
နေရောင်ထက်ပူလောင်စေတယ်။

မညိုဘဲ ရွာတဲ့မိုး
မျှော်သာမျှော် ပေါ်မလာတဲ့မိုး....။

သူ့ကြောင့်ပဲကျေးကျွန်
သူ့ကြောင့်ပဲ အရှင်သခင်...။

သူ့ကြောင့်မူးပြီး
သူ့ကြောင့်ရူးတယ်....။

သူ့ကြောင့်ပဲကျေးကျွန်
သူ့ကြောင့်ပဲ အရှင်သခင်...။

အတိတ်ကိုနိုးထစေပြီး
အနာဂတ်ကို ရှင်သန်စေတယ်။
လက်ရှိအချိန်ကိုမေ့လျော့စေတယ်။

တစ်ခါတစ်ခါ အလံဖြူလေးပြပြီး
တစ်ခါတစ်ခါကျတော့လဲ အနီရောင်ပါဝါစဖြစ်တယ်။

တစ်ခါတစ်ရံမှာ အမြင့်မားဆုံးတောင်ထိပ်ဖြစ်ပြီး
တစ်ခါတစ်ရံမှာ အနက်ရှိုင်းဆုံးသော ချောက်ကမ်းပါးဖြစ်တယ်။

အရာအားလုံးကိုအဆုံးသတ်စေပြီး
အရာအားလုံးကို အသစ်တစ်ခုစတင်စေတယ်။

သူ့ကြောင့် အင်ပါယာတစ်ခုလုံးကိုသိမ်းပိုက်စေတယ်။
သူ့ကြောင့် နွမ်းပါးတဲ့ဘ၀တွေ ဖြစ်ပေါ်စေတယ်။

အမုန်းကြောင့်လဲ စစ်ပွဲတွေစတင်စေသလို
အချစ်ကြောင့်လဲ စစ်ပွဲတွေဖြစ်စေတယ်။
အချစ်ကြောင့်ပဲ စစ်ပွဲတွေအဆုံးသတ်စေတယ်။

အချစ်ကြောင့် အချစ်
အချစ်ကြောင့် အမုန်း....။

ဒါကထင်သလိုမြင်သလိုတွေလျှောက်ရေးထားတာပါ။
အချစ်ဆိုတာ အနက်ဖွင့်ဆိုဖို့ရာ လွန်စွာခက်ခဲတဲ့ စကားတစ်ခုပါ။
လူတိုင်းမှာ ကိုယ်ပိုင်အချစ်အဘိဓာန်တစ်အုပ်တော့ ရှိတယ်။
ကျမအဘိဓာန်မှာဖွင့်ထားတာတွေက
အချစ်ဆိုတာ
တစ်ခုပေး၊တစ်ခုယူမဟုတ်ဘူး။လူပုဂ္ဂိုလ်၊သတ္တ၀ါများအကြား၊သက်ရှိများအကြား၊
လူအဖွဲ့အစည်းများကြားမှာ အချစ်ကိုလိုအပ်တယ်။
ချစ်တတ်မှ လူစိတ်နှလုံးနူးညံ့တယ်။
ချစ်တတ်ရင်ပျော်စရာ၊မချစ်တတ်ရင်စိတ်ညစ်စရာ။
ချစ်တတ်ဖို့၊သို့မဟုတ် ချစ်ခြင်းနည်းပညာကို ကျွမ်းကျင်ဖို့ပဲလိုပါတယ်။


ကိုအောင်သာငယ်...ဒီရက်ထဲမှ ဒီခေါင်းစဉ်ကိုပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်။
ကျေးဇူးတင်တယ်ဆိုတာမှာ တစ်ခုက သတိတရရေးခိုင်းတဲ့အတွက်၊
နောက်တစ်ခုကတော့ နူးညံ့တဲ့စိတ်ခံစားမှုတွေကို ပြန်လည်နှိုးဆွဖြစ်လို့။
မကောင်းရင်တော့ သည်းခံဖတ်ပါအစ်ကိုရေ...။

Friday, October 10, 2008

ရွှေတိဂုံ

ဓာတ်ပုံလဲ မတောက်တစ်ခေါက်ဝါသနာပါတော့ ဒီလိုပဲ ဟိုရိုက်၊ဒီရိုက်လေးတွေကို
တင်ကြည့်တာပါ။

ကန်တော်ကြီးဥယာဉ်ထဲကနေ ညနေပိုင်းမြင်ရတဲ့ရွှေတိဂုံကိုရိုက်ထားတာပါ။

Thursday, October 09, 2008

လုပ်ခဲ့ဖူးသော အလုပ်များ

ကျောင်းပြီးထဲက တိကျသေချာတဲ့ရည်မှန်းချက်မရှိတဲ့လူတစ်ယောက်ရဲ့
သဘာဝအတိုင်းခုချိန်ထိအလုပ် 3 ခုပြောင်းလုပ်ခဲ့ဖူးပါသည်။
ခုတော့ဘာမှမလုပ်တော့ပဲ အေးအေးလူလူ အပျင်းထူနေပါသည်။
ပျင်းနေရင်း လုပ်ခဲ့ဖူးတဲ့အလုပ်တွေအကြောင်းလဲ မကြာခဏပြန်တွေးဖြစ်ပါသည်။
တွေးမိတာလေးတွေကို ရေးထားလိုက်ပါသည်။

ပထမအလုပ်

ကျောင်းပြီးကာစ အလုပ်ရှာသည်။မြင်မြင်သမျှအကုန်လျှောက်သည်။
ကိုယ့်မှာပိုင်ဆိုင်တာက ဘာအလုပ်ပဲဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့စိတ်ပဲဖြစ်သည်။
လခ ကဖြင့်ဘယ်လောက်ရရမယ်၊ပိတ်ရက်က တစ်ပတ်နှစ်ရက်ပေးရမယ်
ဒါတွေနားမလည်၊တွေးလဲမတွေးချင်ပါ၊အဲ့ဒိအချိန်တုန်းက ရန်ကုန်မှာ
လူတစ်ယောက်ရဲ့စရိတ်ကတစ်လကို 50000 လောက်ကုန်ကျတတ်သည်။
ဘာလို့ဆိုတော့ကျောင်းတက်စဉ်အခါက အိမ်ကထောက်ပံ့တာကလဲ 50000 ပဲ။
အဲ့ဒိစရိတ်လေး လောက်ငရင်တော်ပြီဟုပဲတွေးထားသည်။
ကျမရဲ့တစ်ဘ၀လုံးမှာ ပထမဆုံးလုပ်ဖူးတဲ့အလုပ်သည် ကျမကိုခံစားမှုမျိုးစုံနဲ့
ပြည့်သိပ်နေတဲ့ ကမ္ဘသစ်တစ်ခုကိုခေါ်ဆောင်ပေးခဲ့ပါသည်။
ကျမကံကောင်းခဲ့သလား၊ဒါမှမဟုတ် ......။

အလုပ်ခေါ်စာဆိုတာကို ဂျာနယ်မှာလောက်ပဲပါတယ်လို့ထင်ထားတဲ့ ကျမကို
အစ်မတစ်ယောက်ကသူအင်တာနက်မှာရှာတွေ့လာတဲ့ အလုပ်တစ်ခုကို
သွားလျှောက်လို့ခိုင်းသည်။ဆေးပစ္စည်း၊ရောဂါရှာဖွေရေးပစ္စည်းတွေ အရောင်းအ၀ယ်လုပ်တဲ့
Company ဖြစ်ပါသည်။ပိုင်ရှင်က Australian တစ်ယောက်ပါ။
ယူထားတဲ့မိန်းမကဗမာမဖြစ်သည်။အဲ့ဒိအမျိုးသမီးကကျမတို့ရဲ့ကျောင်းကစီနီယာမမဖြစ်သည်။
သိပ်ကိုလှတဲ့အမျိုးသမီးဖြစ်ပါသည်။တစ်ခါတစ်ခါဗိုလ်ဆန်သလို၊တစ်ခါတစ်ခါ
မြန်မာမလေးလိုဝတ်ရင်လဲ အင်မတန်ကျက်သရေရှိပါသည်။
ပိုင်ရှင်က Australian ဖြစ်သော်လည်း အလုပ်သမားစီမံခန့်ခွဲရေးကို
စီနီယာမမကပဲလုပ်တာဖြစ်ပါသည်။

ကျမအလုပ်က Receptionist ဖြစ်သည်။နာမည်ကသာ Receptionist ပါ။
လုပ်ရတဲ့အလုပ်တွေကိုပြောရရင်ဖြင့်
ရုံးကိုရောက်ရောက်ချင်း တံမျက်စည်းလှည်းရသည်။
(Cleaner တစ်ယောက်ရှိပါသည်။မလင်ဒါတဲ့။ဒါပေမယ့်
ဘာလို့ကျမကိုလုပ်ခိုင်းသလဲ မစဉ်းစားမိခဲ့ပါ)
ပြောင်လက်နေအောင်လှည်းပေးခဲ့သည်။ရှိသမျှအခန်းတိုင်းမှာ Air con တွေလိုက်ဖွင့်ပေးရသည်။
အေးလွန်းတာမကြိုက်တဲ့သူတွေရဲ့ အခန်း၊တော်ရုံအေးရင်ရတဲ့အခန်း၊
အရမ်းအေးမှအဆင်ပြေတယ်ဆိုတဲ့အခန်းအဲ့ဒါတွေကအစခွဲမှတ်ထားရသည်။
ကျမမှာတော့ စားပွဲခုံတောင်ကိုယ်ပိုင်မရှိခဲ့ပါ။တစ်ခုခုရေးစရာရှိခဲ့ရင်လဲ
သူများစားပွဲမှာနေရာလွတ်နေတာမြင်မှ မျက်နှာချိုသွေးပြီးခဏတင်ရေးရသည်။
ကွင်းဖောက်ပြီး စာအုပ်ချုပ်တာကောင်းကောင်းကြီးလုပ်တတ်သွားသည်။
သြဇီ အင်္ဂလိပ်အသံထွက်ကိုကောင်းကောင်းကျက်မိသွားခဲ့ပါသည်။
မိတ္ထု ချုံ့/ချဲ့ ကျွမ်းကျင်အဆင့်ရောက်သွားသည်။
အပြေးအလွှားမှာ ကျမကိုဘယ်သူမှမှီမယ်မထင်တော့ပါ။
အချိန်တိုင်းပြေးနေရသည်။ခိုင်းတဲ့အလုပ်တိုင်းက အမြန်၊အရေးကြီး(Urgent)ဆိုတာချည်း။

Civil Engineer အန်တီကြီးကမန်နေဂျာဖြစ်သည်။
ကျမကသူ့ကိုတိတ်တိတ်လေးနာမည်ပေးထားသည်။မာန်နေဂျ လို့၊
အချိန်တိုင်းသူက အော်ဟစ်ဆူပူနေသည်။လက်ထဲက ကောဒ့်လက်စ်ဖုန်းနဲ့
ကောက်ပေါက်မလိုလုပ်တာက ခဏ၊ခဏဖြစ်သည်။အလုပ်စစချင်းနေ့မှာပဲ
သူကျမကိုဆဲသည်။ဆဲသည်ဟုပင်သုံးလိုပါသည်။တကယ်လဲ အဆဲခံရပါသည်။

နယ်မပြန်လိုတဲ့စိတ်တစ်ခုထဲကြောင့်သာ ကျမသည်းခံနေမိသည်။
အိမ်ပြန်ရောက်တိုင်းမျက်ရည်ကျရသည်။ကိုယ့်စိတ်ကိုလဲ မဖြေတတ်ပါ။
စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဆိုတာကို ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်ပါသည်။
1 လခွဲကြာပြီးနောက်တော့ ကျမကို Accountant ရဲ့ Assistant (Assistant Account မဟုတ်ပါ)
ဆိုပြီး Account and Finance Room ထဲကိုလွှတ်သည်။
ဘာကြောင့်မှန်းတော့ကျမလဲမသိခဲ့ပါ။ဘယ်သူကမှလဲ ကျမကို နင့်ကိုဘာကြောင့်
ဒီလိုပြောင်းပေးသလဲဆိုတာလဲ အရေးတယူလုပ်ပြီးမပြောခဲ့ပါ။
ကျမကိုယ်တိုင်လဲ ဝေဖန်စီစစ်မနေအားခဲ့ပါ။သွားဆိုသွားတာပဲရှိသည်။
ဒါပေမယ့်စိတ်ထဲမှာတော့ ပျော်နေမိခဲ့သည်။
ငါ့ကြိုးစားမှုတွေကိုများ အသိအမှတ်ပြုတာလားဆိုပြီး လိုရာဆွဲတွေးနေခဲ့ပါသည်။

ဒီလိုနဲ့ ကျမအမေ နယ်ကရောက်လာတော့ အလုပ်အခြေအနေပြောပြဖြစ်သည်။
ကျမကအကောင်းဘက်ကချည်းတင်ပြခဲ့တာဖြစ်သော်လည်း
ကျမစကားအဆုံးမှာပဲ အမေက တစ်ခွန်းထဲပြောသည်။
နင်အဲ့ဒိအလုပ်ကထွက်လိုက်တော့ တဲ့။
ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးနင့်ကိုပြဿနာဖြစ်စေလာခဲ့ရင်
ငါလဲဘာမှမတတ်နိုင်ဘူးဟုပြောပါသည်။
ငါ့ဆီမှာ ပြန်လာလုပ်၊နင့်ကိုတစ်နေ့ 2500 ပေးမယ်၊ဘယ်လိုလဲတဲ့။
ဟင့်အင်း အမေ၊ကျမနယ်မှာမနေနိုင်ဘူး။
ဒါကိုဘာကြောင့်ဆိုတာ ကျမဘာသာပဲသိပါသည်။
ကျမကတော့ အမေအစိုးရိမ်လွန်တာနေမှာပါ ဟုသာထင်ခဲ့ပါသည်။

ခုတော့သေချာစဉ်းစားမိသည်။
အမေသိပ်ကိုမှန်ခဲ့ပါသည်။ကျမက မအူမလည်ရယ်။ခုမှအလုပ်စလုပ်တာ 1 လခွဲပဲရှိသေးတဲ့သူကို
ပိုက်ဆံနဲ့ပတ်သက်ခိုင်းတာကို အမေကလက်မခံနိုင်ပါ။နောက်ပြီး ကျမက စာရင်းကိုင်လဲမဟုတ်ဘူးလေ။အရမ်းကာရော တောက်တိုမယ်ရအလုပ်တွေပဲ
ခိုင်းနေရင်းကနေ ဘာကြောင့်ပြောင်းသွားတာလဲ၊
"နင်လဲ ဘာမှလုပ်တတ်သေးတာမဟုတ်ဘူး၊ဒါကိုဘာကြောင့်ချက်ချင်း နေရာပြောင်းပေးသလဲ
ငါတော့စိုးရိမ်တယ်။တစ်ခုခုဖြစ်လာခဲ့ရင် မှန်မှန်၊မှားမှား အရင်ဆုံးထိခိုက်မှာကသိက္ခာ" တဲ့။
အမေပြောခဲ့တာဖြစ်သည်။အဆိုးဆုံးကိုကြိုတွေးထားတာမမှားဘူးလို့လဲပြောသည်။
သူကျမအတွက် စဉ်းစားပေးခဲ့တာဖြစ်နိုင်သည်။
ခုချိန်ထိ နေရာတကာမှာအဲ့ဒိအလုပ်ရဲ့ အလုပ်ခေါ်စာတွေတွေ့နေရသည်။
လူမမြဲဟုလဲ သတင်းတွေပြန်ကြားရပါသည်။

ကျမရတဲ့ပိုက်ဆံက တစ်နေ့ကို 2000 ကျပ်ဖြစ်သည်။
တစ်ပတ်တစ်ခါရှင်းပြီးယူရသည်။တစ်ပတ် ၆ ရက်အလုပ်လုပ်ရပါသည်။
ဆိုတော့ကျမမှန်းထားသလို တစ်လစရိတ်တော့လောက်ငတယ်လို့ဆိုရမည်။
ကျမအမေ့ကိုဆန့်ကျင်ပြီး နောက်ထပ် 7 လလောက်လုပ်နေခဲ့ပါသေးသည်။
ဘာပြဿနာမှတော့မဖြစ်ခဲ့ပါ။စိတ်တော့ အတော်လေးပင်ပန်းခဲ့ပါသည်။
သို့သော်အမေက မလုပ်စေချင်တော့ဘူးဆိုတော့ ကျမထွက်ခဲ့လိုက်သည်။

အဲ့ဒိအလုပ်ကနေ ကျမဘာတွေရခဲ့သလဲ။သူတို့ကိုရော ကျမဘာတွေလုပ်ပေး
နိုင်ခဲ့သလဲ။ဒါကိုတော့သူတို့ပဲသိပါလိမ့်မယ်။
ကျမရခဲ့တာတွေကတော့ အလုပ်ဆိုတာဒါပါလားဆိုပြီး နဖူးတွေ့၊ဒူးတွေ့တွေ့ဖူးခဲ့သည်။
ပိုက်ဆံရှာရတာမလွယ်ပါလားလို့ သူများတွေကိုပြန်ပြောဖို့စကားတစ်ခုရခဲ့သည်။
အဲ့ဒိစကားကိုပဲ ကျမအစ်ကိုနဲ့ အမေပြောပြောနေတာကို နားလည်ပေးနိုင်ခဲ့သည်။

ကျန်တဲ့နှစ်ခုအကြောင်းကိုလဲ ဆက်လက်ရေးသားပါဦးမယ်။

ယုဇနပလာဇာမှာဈေးဝယ်ခြင်း

ဒီနေ့ Pam Khang မှာအလုပ်သွားလုပ်နေတဲ့အစ်မအတွက် ဒီကခေါ်တဲ့အလုပ်တစ်ခုကို
သူ့ကိုယ်စားသွားလျှောက်ပေးရသည်။နေရာက ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ။
သူငယ်ချင်းနှင့်အတူသွားကြသည်။ အချိန်ကခဏပဲကြာတယ်။
အလုပ်ကိစ္စပြီးသွားတော့ ပြန်မလို့လုပ်နေရင်းက ယုဇနပလာဇာသွားမယ်ဟု
သူငယ်ချင်းကပြောသည်။တကယ်တော့ ကျမစိတ်မပါပါ။ရန်ကုန်မှာနေလာတာ ၈ နှစ်ရှိခဲ့ပြီ။
အဲလိုလူတွေသိပ်ရှုပ်တဲ့နေရာတွေ ကျမသွားဖြစ်တာကိုလက်ချိုးရေထားလို့တောင်ရသည်။

တခုတ်တရလဲ ဘယ်တုန်းကမှမသွားခဲ့ဖူးပါ။တခုတ်တရဆိုတာက
မနက်ဖြန်ငါတို့ရုပ်ရှင်ကြည့်မယ်နော်။အဲ့ဒီကအပြန်ကျရင် ပလာဇာဝင်ပတ်ကြတာပေါ့လို့ ညဘက်ထဲကကြိုတင်စီစဉ်ထားတာမျိုးကိုဆိုလိုပါသည်။
နောက်ပြီးဒီနေ့အဖို့တခြားရွေးချယ်စရာရှိနေသေးရင်လဲ ကျမသွားဖြစ်မယ်မဟုတ်ပါ။
ခုတော့ နီးလဲနီးသည်။ရာသီဥတုကလဲ သာယာနေတာနဲ့လိုက်သွားဖြစ်သည်။
မှားတော့မမှား လိုက်သွားလိုက်တာကကျမအတွက်တွေးစရာတွေတစ်ပုံကြီးရလာခဲ့သည်။

အရင်စတွေ့လိုက်ရတာက တက်စီသမားတစ်ယောက်နဲ့နောက်ထပ်သူ့လို့ပဲ
ကားဆရာလားတော့မသိပါ လူတစ်ယောက်ခွန်းကြီးခွန်ငယ်အော်နေကြတာဖြစ်သည်။
အဲ့ဒါကိုတွေတော့ကျမတို့ကားပေါ်ကတောင်မဆင်းရသေးပါဘူး။
တဆက်တည်းလိုလိုပဲကျမတို့စီးလာတဲ့ ကားဆရာထံမှဟန်းဖုန်းထမြည်သံကြားရသည်။
ပလာဇာရှေ့သည်အင်မတန်ကားရှုပ်သည်။
ကားဆရာဖုန်းထုတ်ပြီးစဖြေမလို့လုပ်နေထဲက ကျမကဆင်းလိုက်ချင်ပြီ။
တစ်ခုခုဖြစ်မှာ ကျမကြောက်တယ်လေ။
ငါတို့ဆင်းကြမယ်လို့ပြောလိုက်ပြီး ကားဆရာကိုပိုက်ဆံလှမ်းပေး။ဆင်းမလို့အလုပ်မှာပဲ ဘေးကစောစောကပြောတဲ့လူတွေစကားများနေတာတွေတော့မဆင်းရဲပြန်။
သူတို့ဘေးကနေကပ်ပြီးလမ်းလျှောက်ရမယ့်အဖြစ်က ဘယ်လိုကြီးမှန်းမသိပါ။
အော်ကြုံမှကြုံတတ်ပလေတယ်နော်။

ယုဇနပလာဇာကိုမရောက်တာ နှစ်နှင့်ချီနေပြီဟုထင်ပါသည်။ဖြတ်သွားဖြတ်လာတော့တွေ့နေသားပဲ။
ရန်ကုန်စရောက်ခါစကတော့ သူငယ်ချင်းတွေနဲ့ဘာမှအရေးကိစ္စမရှိလဲအားအားရှိ
ဒီပဲရောက်နေကြတာပေါ့လေ။အဲ့တုန်းက ဒဂုံစင်တာတို့ဘာတို့ဆိုတာမဖွင့်သေးဘူး။
သူငယ်ချင်းတွေနဲ့ ဘာမှမ၀ယ်ပဲလျှောက်ကြည့်နေခဲ့ကြတာ။
သူများတွေကိုယ့်ကိုဘယ်လိုမျက်လုံးနဲ့ကြည့်လဲ အဲ့ဒါတွေလဲမသိသေးဘူး။
သူတို့လဲကြည့်ချင်သလိုကြည့်ကြ။ကိုယ်လဲကိုယ်ကြည့်ချင်တာလျှောက်ကြည့်ခဲ့တာပဲဖြစ်သည်။
ဆိုင်ခန်းသပ်သပ်နဲ့မဟုတ်ပဲ လူသွားစင်္ကြန်လမ်းဘေးမှာရောင်းနေတဲ့ နာရီ၊ဖန်စီလက်ပတ်ကြိုးအမျိုးမျိုး၊
နေကာမျက်မှန်၊ရေဒီယို၊ကက်ဆက်၊ဂဏန်းပေါင်းစက် အဲ့ဒါတွေလိုက်ကြည့်နေခဲ့တာပေါ့။
ခုသွားရင်းတောင်သေချာကြည့်ခဲ့သေးတယ်။ဘာတွေများပြောင်းလဲလာသလဲပေါ့။
ပိုများလာတဲ့ပစ္စည်းတွေက တရုတ်ဖြစ်သီချင်းနားထောင်စက်အမျိုးမျိုးနဲ့ မိုဘိုင်းဖုန်းနဲ့
ဟန်းဆက်အမျိုးမျိုးဖြစ်သည်။တစ်ခုသေသေချာချာသတိထားမိတာကနေကာမျက်မှန်တွေအားလုံးက
အင်္ဂလန်စတား ဒေးဗစ်ဘက်ခမ်နဲ့ သူ့မိန်းမဗစ်တိုးရီးယားတပ်နေတဲ့ဒီဇိုင်းတွေဖြစ်သည်။
ရေဒီယိုတွေ ဈေးအဆမတန်တက်နေတာဖြစ်သည်။အတော်ရောင်းအားကောင်းပုံရပါသည်။
ဘယ်တံဆိပ်မေးမေး 6000ကျပ်အထက်တွေချည်းပဲဖြစ်သည်။သဘောကျဖို့ကောင်းပါသည်။

ပိုက်ဆံလေးနဲနဲပါလာတာနဲ့ ဖိနပ်ဝယ်မယ်ဟုစိတ်ကူးသည်။ယောက်ျားဝတ်၊မိန်းမ၀တ်တွဲရောင်းတဲ့
ဆိုင်တစ်ဆိုင်ထဲရောက်သွားသည်။အားပါးပါး ပူလိုက်တာမှလွန်ပါရောလားကွယ်။
ဆိုင်ရဲ့ ဗယ်ဘက်ထောင့်မှာချိတ်ထားတဲ့ ဟစ်ဟော့ပ်စတားတွေဝတ်ဝတ်နေတဲ့
အနွေးထည်လိုလို၊ဂျာကင်လိုလိုတွေကိုမြင်တော့ ပိုအိုက်လာသည်။သူငယ်ချင်းလဲကပြောသည်။
အဲ့ဒါတွေကိုမြင်ရတာပိုပူလာတယ်တဲ့။သူတို့ကိုစိတ်ထဲက အားကျရသည်။တော်တော်လေးကို ဇွဲကောင်းကြပါသည်။ဒီလောက်ပူတဲ့အချိန် ဒီလိုအ၀တ်တွေကို
သူရို့မို့သည်းခဲပြီးဝတ်နိုင်တာဖြစ်သည်။ဖိနပ်တစ်ရံတော့ဝယ်ဖြစ်ခဲ့သည်။

ခုတစ်လော တော်တောများများ"အီမို"လာကြသည်။ကြည့်လိုက်ရင်အားလုံးစောင်းနေကြသည်။
ဆံပင်စတိုင်ကိုပြောတာပါ။ကောင်မလေးတွေလဲစောင်း၊ကောင်လေးတွေလဲစောင်း၊
ကြည့်မိတဲ့ကိုယ်ပါစောင်းသွားချင်သည်။ရှေ့ဆံပင်ရဲ့သုံးပုံတစ်ပုံလောက်ပမာဏကိုတဖက်ဖက်ကို
စောင်းပြီးခွဲထားသည်။ခွဲထားတဲ့ဆံပင်တွေကပါးပေါ်တစ်ဝက်လောက်ထိရောက်အောင်ရှည်နေသည်။
အဲ့ဒိရောက်နေတဲ့ဆံပင်ကလဲ အစောင်းပဲဖြစ်သည်။
ထိပ်တည့်တည့်ကနေ နောက်စေ့ဖက်ကိုလဲလှန်ပြီးချထားသည်။
ဆံပင်တွေအားလုံးကို ဂျဲလ်လား၊မုစ်လားတော့မသိအဲ့ဒါတွေနဲ့တောင့်နေအောင်ထောင်ထားသည်။
မြို့ထဲကိုထွက်လိုက်ရင် ရိန်းတွေချည်းပဲဟုကျားပေါက်ကသီချင်းလုပ်ပြီးဆိုထားသည်။
ဒါကိုကျမက ကျားပေါက်သိပ်ကြိုက်တဲ့သူငယ်ချင်းတစ်ယောက်ကိုနောက်ပြောင်ပြီးပြောဖူးသည်။
မြို့ထဲကိုထွက်ရင် ကျားပေါက်တွေချည်းပဲဟုပြောဖူးသည်။
အမှန်တကယ်လဲကျားပေါက်တွေများလှပါသည်။လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ
မဂ္ဂဇင်းတစ်ခုမှာဖတ်လိုက်ရတာကအဲ့ဒါ "အီမို"စတိုင်တဲ့။"ပန့်ခ်"မဟုတ်ဘူးတဲ့။
ကျမတော့နောက်ကျကျန်ခဲ့ပြီ။
ခုယုဇနပလာဇာမှာလဲ အီမိုတွေအများကြီးပဲတွေ့ခဲ့ရသည်။အောလ်စတား၊ဗန့်စ် တွေစီးကြသည်။
ဆံပင်အီမို၊ကောင်မလေးတွေက အတို။

ကျမတို့တွေပင်ပန်းခဲ့ကြသည်။
ဈေးဝယ်တော့ဈေးဆစ်ရမှာအားနာလို့ နှစ်ယောက်သားအ၀တ်လဲခန်းထဲမှာကြိတ်ကြိတ်နဲ့
ဘယ်လောက်ထားခိုင်းရင်ကောင်းမလဲဟုတိုင်ပင်ရသည်။
ပြီးတော့ မရဲတရဲပြောကြည့်သည်။ကိုယ်ပြောတဲ့ဈေးမရရင်လှည့်ပြန်မလိုလုပ်ရသည်။
အဲ့ဒါဆိုဘယ်နှစ်ထည်လောက်ယူမှာလဲဟုမေးသည်။
ကိုယ်က အာတစ်ထည်ပဲယူမှာပေါ့လို့ အဲ့ခါကျတော့မှအင်တင်တင်လုပ်ပြီးပြန်ပြောရတာလဲရှိသည်။
ကျမဈေးမ၀ယ်တတ်သေးပါ။
အစားအသောက်ကလွဲပြီး ကျန်တာတစ်ခါမှကိုယ်တိုင်ဈေးမ၀ယ်ဖူးသေးပါ။
အ၀တ်အစားဝယ်လဲ ဈေးအရင်မေးလိုက်၊ကြည့်လိုက်သည်။
ကိုယ်လဲကြိုက်မယ်၊ဈေးလဲကိုယ်တတ်နိုင်တယ်ဆိုရင် ၀ယ်လိုက်သည်။
တစ်ခါမှဒီလောက်ကြိုးစားအားထုတ်ရတာမရှိပါဘူး။
ခုတော့ 7000 ကို 3500 လောက်နဲ့ရချင်ရတတ်သည်။
မျက်နှာတော့အတော်ပူရပါသည်။ချွေးပြိုက်ပြိုက်ကျတဲ့အထိလမ်းလျှောက်ရသည်။
မရဘူး၊မရဘူး တွင်တွင်ငြင်းနေတဲ့သူတွေကလဲ နောက်ဆုံးလှည့်ပြန်မလိုလုပ်တော့မှ
့ပေးလိုက်တာလဲရှိသည်။

အိမ်ပြန်ရောက်တော့ စဉ်းစားမိသည်။
ငါရန်ကုန်ရောက်နေတာ(၈)နှစ်ရှိနေခဲ့ပြီ။ဘာမှလဲမသိသေးပါလားဟု။
မျက်စိတွေရှုပ်ပြီး စက်လှေခါးမရှာတတ်လို့ သူများတွေသွားနေတဲ့နောက်ကို
နောက်ယောင်ခံပြီးလိုက်ခဲ့ရသည်။

ဘာပဲဖြစ်ဖြစ်ပျော်စရာတော့ကောင်းပါသည်။

Tuesday, October 07, 2008

နေ့နေ့ညည

မလင်းပဲမှောင်တဲ့နေ့
အဲ့ဒါမြို့ပြနေ့
မမှောင်ပဲလင်းတဲ့ည
အဲ့ဒါမြို့ပြည

ဘာဖြစ်တယ်မသိဘူး
ဒီရက်ထဲအိမ်ကိုလွမ်းတယ်

Monday, October 06, 2008

ကျမရိုက်ခဲ့သောဓာတ်ပုံများ

ပုဂံက နံရံဆေးရေးပန်းချီတစ်ခုပါ

ဒါကရွှေဆံတော်ဘုရားပေါ်ကနေမြင်သမျှလျှောက်ရိုက်ထားတာထဲကတစ်ခုပါ။

ကျမအညာရောက်နေတုန်းကပုဂံကိုခဏ၊ခဏရောက်ဖြစ်ပါတယ်။
ဓာတ်ပုံတွေလည်းလက်တည့်စမ်းဖြစ်ခဲ့ပါတယ်။ဘယ်နှယ့်မှတော့အဆင်မပြေလှတဲ့ပုံတွေရယ်ပါ။
ဒါပေမယ့် သတိရနေတဲ့ကိုယ့်စိတ်တွေကိုဒီနည်းနဲ့ဖြေဖျောက်ဖြစ်ပါတယ်။
ဒါကြောင့်ပါ..။

Sunday, October 05, 2008

ဘလော့ဂ်လို့တွေ့လိုက်တာနဲ့

မနေ့တုန်းက နယ်ကနေလာပြီးအလုပ်လုပ်နေတဲ့သူငယ်ချင်းတစ်ယောက်နဲ့ Gtalkကနေစကားပြောဖြစ်ကြသည်။
အရင်တုန်းက ကျမကသူ့နယ်မှာအလုပ်သွားလုပ်ခဲ့ဘူးသည်။
အဲ့ဒိတုန်းက သူကတတ်နိုင်သမျှကျမကိုကူညီခဲ့သည်။အထူးသဖြင့်အချိန်ပေးပြီးကူညီခဲ့သည်။
သူတို့ဒေသမှာ ကျမသွားချင်တဲ့နေရာတွေမှန်သမျှလိုက်ပို့ပေးသည်။ပြောရရင်ကျမစပ်စုသလောက်ကို
သူက၀ါသနာမပါလှပဲလိုက်ကူညီခဲ့ခြင်းဖြစ်သည်။ကျမအလှည့်ကျတော့ သူ့လောက်မကူညီနိုင်ခဲ့တာတော့သေချာသည်။
နယ်နဲ့ရန်ကုန်နဲ့က မတူတာအဲ့ဒါတွေဖြစ်သည်။အထူးသဖြင့်အချိန်ဖြစ်သည်။နယ်မှာကတော့ကိုယ်လဲနယ်မှာနေခဲ့သူဆိုတော့
အချိန်တွေ ဘုန်းဘောလအောပေါတာကိုသိသည်။ဒါပေမယ့်ရန်ကုန်မှာတော့ အချိန်တွေကဘယ်လိုကုန်မှန်းကိုမသိအောင်
ဖြစ်နေရသည်။(အဟဲ ကိုယ့်ကိုယ်ကို အင်မတန်မှအလုပ်များရှာတဲ့ အကောင်၊ဗလောင်လိုလိုဘာလိုလိုပေါ့လေ)
ဒါနဲ့ပြောရရင် သူအလုပ်မရခင်တုန်းကတော့တတ်နိုင်သမျှကူညီပေးခဲ့သည်။
သူအလုပ်ရပြီးနောက်ပိုင်းကျတော့ သူအားတဲ့ရက် ကိုယ်မအား၊ကိုယ်အားတဲ့ရက်သူမအားနဲ့
မတွေ့ဖြစ်တာ လနှင့်ပင်ချီခဲ့ပြီ။မနေ့တုန်းကတော့ တွေ့တုန်းကြုံတုန်းလေး စကားတွေပြောဖြစ်ကြသည်။

သူက နင်ဘာလုပ်နေလဲမေးတော့ ငါဘလောဂ့်တစ်ခုလုပ်ပြီး အဲ့ဒိထဲမှာ စာရေးနေတယ်လို့ပြောဖြစ်တယ်...။
ဘလော့ဂ်ဆိုတာဘာလဲ သူသိအောင် ကိုယ်တတ်သလောက်မှတ်သလောက်လေး ပြောပြဖြစ်သည်။
အမှန်တော့ မသိတဲ့သူကို မတတ်တဲ့သူကဆရာလုပ်ခြင်းမျှသာဖြစ်ပါသည်။ကျမစာရေးနေတယ်ဆိုတော့
သူကအရမ်းထူးဆန်းနေတဲ့ပုံနဲ့။"ဘာ နင်ကစာရေးတယ် ဟုတ်လား"ဟုပြန်မေးသည်။
သူတို့ဆီမှာ အလုပ်သွားလုပ်တုန်းကဖိန့်ကောင်းကောင်းနဲ့ တစ်ခုခုဆိုဗျူး၊ဗြဲလုပ်တတ်တဲ့
ကျမကဟုတ်တိပတ်တိစာရေးနေတယ်ဆိုတော့လဲ သူမယုံနိုင်တာ
ထူးတော့မထူးဆန်းပါ။ဒါနဲ့ကျမလဲ သိပ်မပြချင်သလိုပုံစံနှင့် ကျမလိပ်စာကိုလက်သိပ်ထိုးပေးလိုက်တော့သည်။
ဖြစ်ချင်တော့ ကျမဒိုမိန်းက blogspot ဖြစ်နေတော့သူဆီကနေ၊သူသုံးနေတဲ့စက်ကနေဒီအတိုင်းဖွင့်လို့မရဘူး။
တစ်ခုခုနဲ့ကျော်မှရမယ်။ဒါကိုသူကမလုပ်တတ်။ကျမကလဲ သိပ်ပြချင်နေသူဆိုတော့တတ်သမျှ၊မှတ်သမျှ
ကျော်နည်း၊ခွနည်းတွေကိုသူ့ကိုလှမ်းပြောသည်။သူကလဲလိုက်လုပ်၊ဒါပေမယ့်အဆုံးမတော့ဘယ်လိုမှမရပါ။
ကျမလဲ ကြာလာတော့ပြောနေရင်းကမောလာသည်။

ဒါကြောင့်ပဲ"နင်သုံးနေတဲ့ဆိုင်က ၀န်ထမ်းတွေကိုပြောလိုက်၊ဒါဆိုဒ်ကိုကြည့်ချင်တယ်ဖွင့်ပေးပါလို့ပြောလိုက်"လို့ပြောခိုင်းလိုက်သည်။
သူပြောတယ်ထင်သည်။10မိနစ်လောက်ကြာတော့ စိတ်ညစ်နေတဲ့လေသံနဲ့လှမ်းပြောသည်။
"ဒါတွေက Policy ဆိုဒ်တွေ၊ဒါတွေကိုဖွင့်မပေးနိုင်ဘူး"လို့ပြောတယ်လို့သူကကျမကိုလှမ်းပြောသည်။
ဒေါသအမျက်ချောင်းချောင်းထွက်ရသည်။သူကို့လဲ ဒါလေးတောင်မလုပ်တတ်ရန်ကောလို့ဒေါသထွက်သည်။
ဘလော့ဂ်စပေါ့တ်လို့တွေ့လိုက်တာနဲ့ ထင်ရာမြင်ရာစွတ်ပြောလို့လဲဒေါသထွက်သည်။
စိတ်မကောင်းဖြစ်ရသည်။ကျမဆိုဒ်တစ်ခုထဲတင်မဟုတ်ပါ၊တခြား၊တခြားသောအစ်ကို၊အစ်မတွေရဲ့ စာကောင်းပေမွန်တွေလဲ သူ့ကိုပေးဖတ်ချင်သည်။နောက်ကြုံမှ သေချာကျော်နည်း၊ခွနည်းတွေကို ကိုယ်လေ့လာထားသလောက်ပြောပြရဦးမယ်ဟုပဲ တေးထားမိပါတော့သည်။

Friday, October 03, 2008

မိန်းကလေးဘဝ

ကျမတို့ဆိုတာက ဆင်းရဲသားစာရင်းမသွင်းရင်တောင် မချမ်းသာတာတော့သေချာပါသည်။
ဒါကြောင့်ကျမတို့တွေ သာမာန်ပြည်သူတွေ သွားလာနေတဲ့၊ကျက်စားတဲ့၊အပန်းဖြေတဲ့နေရာမျိုးတွေမှာ
ကျင်လည်ကြသည်။အဲ့ဒိအခါသာမာန်ပြည်သူတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာမှန်သမျှ ခါးစည်းခံရသည်..။ဒီလူတွေပဲလှိမ့်ပိန့်ခံနေရသည်။ခံရလို့လဲ တိုင်တည်အားကိုးစရာလူရယ်လို့မရှိပါဘူး။
ကျမတို့လိုမိန်းကလေးတွေအတွက်တော့ ပိုလို့တောင်ဆိုးသေးသည်။ကိုယ့်အားကိုယ်တောင်ကိုးလို့မရ။
ကိုယ်အားကိုယ်ကိုးလွန်းတဲ့မိန်းမဆိုရင်လဲ ၀ိုင်းပြောဖို့စောင့်နေကြသည်။

အားကိုးစရာမရှိတဲ့မိန်းကလေးတွေ

မနေ့ကကျမတို့တွေ စမ်းချောင်းကလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို လက်ဘက်ရည်သောက်သွားကြသည်။
အင်မတိအင်မတန်ကို အငမ်းမရသောက်ချင်လွန်းလို့သွားကြခြင်းဖြစ်သည်။
တော်ရုံဆိုအိမ်မှာပဲ Tea Mix တစ်ထုပ်လောက်ဖောက်သောက်လိုက်ရုံပဲ...။
မနေ့တုန်းကတော့ ကျမတို့လဲသီချင်းလေးနားထောင်ရင်း လက်ဘက်ရည်လေး အရသာခံချင်မိသည်။
နောက်ဆုံးတော့ ပါးစပ်အရသာခံချင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလားဟုတွေးမိတယ်...
အကြောင်းက ကျမတို့စိတ်တိုပြီး ပြန်လာရတယ်။ကျမတို့ ဆိုင်ထဲကိုဝင်သွားလိုက်ရင်ပဲ
တခြားဂြိုလ်က သတ္တ၀ါတွေဆိုင်ထဲကိုဝင်လာသလိုမျိုး ပုရိသပေါင်းများစွာရဲ့အကြည့်ကိုခံရသည်..။
သူတို့မျက်နှာပေါ်မှာ တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ အရောင်တွေကိုကျမတို့မြင်နေရသည်။
အဓိပ်ပါယ်ဘယ်လိုလဲ၊မှန်းဆဖို့ခက်ခဲလှပါသည်။
တော်ရုံအပျိုဖြန်းလေးဆို ခြေလှမ်းမှားပြီးသူတို့ရှေ့မှောက်လဲလောက်တယ်...။

ဒီမှာပြောစရာရှိလာတာက လက်ဘက်ရည်ဆိုင်သွားထိုင်မိတာကိုပဲ အပြစ်တစ်ခုလား..။
မိန်းမတို့ အိနြေ္ဒတွေဘာတွေထိပါလာနိုင်သည်။ပြောရင်းကနေ မြန်မာ့ယဉ်ကျေးမှုတွေ ဘာတွေပါရောက်လာနိုင်သည်။ဒါကိုကျမလက်မခံနိုင်ပါ။ဒီနေ့ခေတ်အခါကြီးမှာဘယ်မိန်းကလေးမှ ရှေးရိုးစွဲမနေနိုင်သလိုဘယ်ယောက်ျားမှလဲရှေ့တုန်းကပုံစံအတိုင်းမနေနိုင်ကြတော့ပါဘူး။
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဒါတွေကို မိန်းကလေးတွေလဲ သဟဇာတဖြစ်အောင် လိုက်လံပြောင်းလဲနေကြရတာပါလဲ..။ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်တဲ့
လူချင်းအတူတူ မိန်းမ၊ယောက်ျားအခွင့်အရေးဟာကျမတို့ဆီမှာဘာကြောင့်မှဒီလောက်ခြားနားနေဖို့
မလိုတော့ဘူးလို့ကျမထင်တယ်လေ။

မိန်းကလေးနဲ့အ၀တ်အစားဘယ်လိုပတ်သတ်သလဲ

မိန်းကလေးတစ်ယောက်ဟာ လူတကာအမြင်မှာ မိန်းမပီသနေဖို့၊ဒါဟာ မိန်းမပါလို့သတ်မှတ်ဖို့
ဘယ်လိုအ၀တ်အစားမျိုးတွေကိုဝတ်ရမလဲ။လမ်းထွက်ရင်ရော ဘယ်လိုအခြေအနေမျိုးနဲ့လမ်းထွက်ရမလဲ..။
ပေါင်လည်လောက်တိုတဲ့စကဒ်၊ကြိုးတစ်ချောင်းပဲပါတဲ့ဘလောက်စ်တွေ၊ဘောင်းဘီကျပ်ကျပ်တွေဝတ်ပြီးမှ
လမ်းထွက်ရမလား။ကိုယ်နေသာထိုင်သာရှိမယ့်အ၀တ်အစားမျိုးကိုရော ကိုယ့်လွတ်လပ်ခွင့်နဲကိုယ် ၀တ်လို့မရဘူးလား။ဒါဆိုရင် အ၀တ်အစားတွေကြော်ငြာရာမှာ
Confidence ဆိုတဲ့စကားလုံးကိုဖြုတ်ပစ်လိုက်ရမလား။
မိန်းကလေးတစ်ယောက်ဟာ ကိုယ့်စိတ်ကြိုက်ဝတ်စားဆင်ယင်ခွင့်မရှိတော့ဘူးလား။
တကယ်ပါ ဘုရားပဲတမိပါတယ်..ဘုရားသခင် တပည့်တော်မတို့ဘ၀မလဲ ကိုယ်ဝတ်ချင်တာမ၀တ်ရ..။
ကိုယ်နေချင်သလိုမနေရ ဘ၀ပါလား..။မိန်းမဆိုရင် ထမီနဲ့မှလား..။ဒါမှမဟုတ်..ပေါင်လည်လောက်တိုတဲ့၊
စကတ်အကွဲဝတ်မှမိန်းမလို့သတ်မှတ်မှာလား။မိန်းမလို့သူတို့နားလည်နိုင်မှာလား။ဟူးစိတ်မောရပါတယ်..။


မိန်းကလေးနဲ့ ပတ်ဝန်းကျင်

ပြည်လမ်းမပေါ်မှာ ညသန်းခေါင်ကျော်ကိုယ့်ကားကိုယ်မောင်းသွားတဲ့မိန်းကလေးတစ်ယောက်ကို
ဒါမှမဟုတ် Night Club ထဲကိုတစ်ကိုယ်ထဲဘာမထီပုံစံနဲ့ဝင်ရဲထွက်ရဲဖြစ်နေတဲ့
မိန်းကလေးတစ်ယောက်၊ဒီလိုမိန်းကလေးတွေကိုတော့ သူတို့ဝေ့တောင်ကြည့်ရဲပါ့မလား..။
နောက်ပြီးတော့ရော..ဆိုပါတော့ ကုန်စိမ်းရောင်းတဲ့ဈေးသည်မိန်းကလေးတစ်ယောက်
ဒါမှမဟုတ်..လမ်းဘေးကားပါကင်မှာ အလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက်
အဲလိုမိန်းကလေးတွေကိုရော..သူတို့ဒီလို သရိုးသရီလုပ်ဖို့ စိတ်မှဝင်စားပါမလားမသိ..။

ကျမတို့ကို လက်ဘက်ရည်ဆိုင်မှာစိမ်းစိမ်းစားစားကြည့်ပေးလိုက်တဲ့အစ်ကိုများ၊အ၀တ်အစားကိုကြည့်ပြီး
အင်မတန်မှတိမ်တဲ့အတွေးနဲ့ပြောချလိုက်တဲ့အစ်ကိုများ.. အနားတောင်သီဝင့်မယ်မထင်ပါဘူး..။
မိန်းကလေးချင်းအတွက်က ဘယ်နေရာကမိန်းမပဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပါပဲ။ဘာမှအလွှာတွေနဲ့တွဲပြီး မကြည့်ကြပါဘူး။
နောက်ပြီးကျမတို့လိုမိန်းကလေးတွေဆိုတာက ဟို ဟစ်ဟော့ပ်သီချင်းတွေထဲကလို
ညတိုင်း Night Club တက်နေကြတာလဲမဟုတ်ဘူး၊တွန့်လိမ်ပြီးလမ်းလျှောက်နေကြတာမဟုတ်ဘူး။
နောက်တယ်ဆိုတဲ့စကားလုံးကိုပဲသုံးတယ်ဆိုရင်တောင် ကိုယ်နောက်မယ့်သူရဲ့ လူနေမှုအဆင့်အတန်းကို
ကြည့်သင့်တယ်မဟုတ်ဘူးလား၊ကာလံဒေသံ ကြည့်သင့်တယ်မဟုတ်ဘူးလား။

ဒီက သာမာန်ယောက်ျားလေး၊မိန်းကလေးစတဲ့ အမျိုးမျိုးသောလူငယ်တွေဟာ အဆင်မပြေနေကြဘူး..။
လိုအပ်ချက်တွေအများကြီးနဲ့ ဘယ်ကိုရောက်မယ်မှန်းမသိတဲ့ဘ၀ခရီးကို
ကိုယ့်ဘာသာကိုယ်အင်ဂျင်တပ်ပြီးကိုယ့်အင်၊ကိုယ့်အားနဲ့မောင်းနှုင်နေကြရတာပါ..။
အထူးသဖြင့်ကိုယ့်ဝမ်းစာကိုယ်ကျောင်းနိုင်ဖို့ကြိုးစားနေတဲ့လူငယ်တွေမှာ ပိုပြီးအဆင်မပြေတာတွေရှိတတ်ပါတယ်။အဆင်မပြေနေတာတွေကိုလဲပိုမြင်တတ်ကြပါတယ်။
သို့ကလို ကိုယ်တော်များဘာတွေလုပ်နေမှန်းမသိပေမယ့် သေချာတာကတော့ကျမတို့လိုအလွှာထဲက
မိန်းကလေးတွေဟာရတတ်သမျှ အခွင့်အရေးကို အသုံးချပြီးအဆင်ပြေပြေနေနိုင်ဖို့၊
လက်ရှိအခြေအနေထက် ပိုမိုလုံခြုံဖို့ ကြိုးစားနေကြတာပါပဲ။

လွတ်လပ်မှုစွာပြောဆိုနေထိုင်ခွင့်၊သွားလာခွင့်..။
သာမာန်လူငယ်များရနိုင်စွမ်းရှိတဲ့ ကိုယ်ဘာသာကိုယ်ဖန်တီးယူနိုင်စွမ်းတဲ့ လွတ်လပ်ခွင့်တွေ.............။
ဘာခွင့်..ညာခွင့်စတဲ့အခွင့်အရေးတွေ။ဒါတွေဟာ..မိန်းကလေးတွေအတွက်ဆိုရင်သာ သီးသန့်ချန်လှပ်ခံထားရတဲ့အရာတွေများလား...။

ကိုယ့်ကားကိုမောင်းပြီးမသွားလာနိုင်တာချင်းအတူတူ၊ဘတ်စ်ကားစီးရတာချင်းအတူတူ၊
လမ်းမပေါ်ခြေတိုအောင်လျှောက်နေရတာခြင်းအတူတူ အမှန်တရားကိုရှာဖွေနေကြတာခြင်းအတူတူ၊လွတ်လပ်မှုကိုငတ်မွတ်နေကြတာခြင်းအတူတူ၊
လူငယ်အချင်းချင်း ဖေးမမှုမရှိတဲ့အပြင် သို့ကလို မဟာယောက်ျားများကတော့ ကာယကံ၊၀စီကံ၊မနောကံနဲ့ပစ်မှားဖို့ကိုဝန်မလေးကြဘူးဖြစ်နေတယ်..။
ဒီမှာရှိတဲ့မိန်းကလေးတွေတော်တော်များများသည်လည်း ဒီဝေဒနာကိုခံစားဖူးကြမှာပဲဖြစ်သည်။

မိန်းကလေးနဲ့လုံခြုံမှု

တလောကကြည့်လိုက်ရတဲ့ မြန်မာကားတစ်ကား၊ဇာတ်လမ်းရဲ့အသွားအလာကိုကျမမမှတ်မိတော့ပါ
ဒါပေမယ့် သဘောကျသလိုရှိလို့မှတ်မိနေတဲ့စကားလေးတစ်ခွန်းပါ.။
မင်းသမီးနဲ့ မင်းသားနဲ့ချစ်သူတွေဘ၀ရောက်ရောက်ချင်းမှာပဲ မင်းသမီးကမင်းသားကိုပြောတဲ့စကားက
ကျမလုံခြုံသွားပါပြီတဲ့.ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်လောက် ကျမကိုလုံခြုံမှုပေးနိုင်မယ့်နေရာ
ကျမရှာလို့မတွေ့သေးပါဘူးတဲ့။

ဒီမင်းသမီးပြောတဲ့စကားကဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
မိန်းကလေးတွေဟာ ဒီမြန်မာပြည်မှာတော့ ယောက်ျားတစ်ယောက်နဲ့မှတွဲမသွားရင်
မှန်းဆမရနိုင်တဲ့ ဘေးရန်အမျိုးမျိုးကြုံလာရနိုင်တယ်လေ...

မိန်းကလေးတစ်ယောက်လုံခြုံမှုရှိဖို့အတွက် ဘယ်လိုအခြေအနေတွေဖန်တီးပေးဖို့လိုအပ်မလဲ။
ဘယ်လိုပတ်ဝန်းကျင်မျိုးက မိန်းကလေးတစ်ယောက်အတွက် အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးလဲ။
ဒါကိုရော ဘယ်သူတွေက လစ်လျူရှုထားခဲ့ပြီး ဘယ်သူတွေကဖန်တီးပေးနိုင်လိမ့်မလဲ..။

Thursday, October 02, 2008

ပထမဆုံးခရီး


ကျမတို့သူငယ်ချင်းတွေခရီးမကြာခဏထွက်ဖြစ်ကြသည်။
ကျောင်းတက်စဉ်အခါက အနည်းဆုံးတစ်နှစ်ကို 2 ခါလောက်တော့သွားဖြစ်ကြသည်။
ပထမဆုံးသွားဖူးတဲ့ခရီးက ချောင်းသာဖြစ်သည်။

ကျမက ဧရာဝတီသူဆိုပေမယ့် ဧရာဝတီတိုင်းထဲကဘယ်နေရာတွေက ထင်ရှားသလဲ ကျမမသိခဲ့ပါ။
အဲ့ဒိလောက်ကိုလည်လည်ဝယ်ဝယ်ရှိခဲ့သည်။ကျောင်းတက်တော့လဲပထမနှစ်၊ဒုတိယနှစ်တလျှောက်လုံး
ကျောင်းကလူတွေသွားကြတာတွေ့တော့ ဘာတွေများဒီလောက်ထူးဆန်းလို့သွားနေတာပါလိမ့်ပေါ့...။
ကိုယ်မသိတာကိုဘေးချိတ်၊သူများကိုထူးဆန်းနေတာ။

တတိယနှစ် စာမေးပွဲဖြေပြီးချိန်မှာ ခရီးသွားဖို့ သူငယ်ချင်းတွေကစီစဉ်ကြသည်။
ကျမဘယ်လောက်အသက်သာကျိုး၊ရေသာခိုခဲ့သလဲဆိုရင် ခုပြန်တွေးတော့မှ ကိုယ့်ကိုယ်ကို ရှက်မိသည်။
ကားခဘယ်လောက်လဲ ကျမမသိ၊ဟိုတယ်အခန်းခ ဘယ်လောက်လဲ ကျမမသိ၊ဘယ်နှစ်ညတည်းမှာလဲမသိ။
လိုက်သာသွားသည်။စိတ်ကသိပ်မပါလှ။မြင်ကွင်းတွေကကျမအတွက်မထူးဆန်းလှပါ၊
မြစ်တွေ၊ချောင်းတွေနဲ့စပါးခင်းတွေ၊ပဲခင်းတွေပဲဖြစ်သည်။

မနက် ၇ နာရီမှာ ဒဂုံဧရာအဝေးပြေးကနေ ကားကစထွက်သည်။ကျမမှန်းလိုက်သည်။
ပုသိမ်ကိုနေ့ခင်းကြောင်တောင်ရောက်နေတော့မည်လို့...။
ကျမသူငယ်ချင်းတွေကပြောတော့ ပုသိမ်မှာကားပြောင်းစီးရုံပဲ၊ခဏပဲကြာမယ်တဲ့။
ဒါနဲ့ပုသိမ်ကိုရောက်သွားတယ်ဆိုပါတော့။ကျမတို့ထဲမှာပါလာတဲ့ တစ်ဦးတည်းသောယောက်ျားလေးသူငယ်ချင်းက
"တော်တော်လေးကို မြစ်တွေ၊ချောင်းတွေနဲ့၊တံတားတွေပေါတဲ့နေရာပဲ၊ငါတစ်လမ်းလုံးကြည့်လာတာ၊
တံတားတွေကိုရေလာတာ မရေနိုင်တော့ဘူး"တဲ့။အဲ့ဒိတော့နောက်တစ်ယောက်ကထပြောတယ်
"နင်ကလဲ မြစ်ကိုမြင်လျှင်တံတားဆင် ပြည်ခွင်သာဖို့လမ်းခင်းစို့တဲ့ နင်မကြားဖူးဘူးလား"တဲ့
ပြီးတော့ ၀ါးဟားဟားဟားဆိုပြီးအကျယ်ကြီးအော်ရယ်မိကြသည်။ဘာရယ်ကြောင့်မသိ။

ပုသိမ်ကိုရောက်တော့ သူတို့ပြောသလို ချက်ချင်းကားပြောင်းမစီးရပါ။၁နာရီခွဲလောက်ထိုင်စောင့်လိုက်ရသည်။
အမြတ်ကတော့ ပုသိမ်ဆိုသိပ်လည်တဲ့ကျမက သူတို့ကိုရွေမုဋ္ဌောဘုရားကိုလိုက်ပို့ပေးလိုက်သည်။
တကယ့်တကယ်ကျတော့ ချောင်းသာသွားဖို့ကားက သူတို့ပြောသလို လေအိတ်ကားလဲမဟုတ်ပါ..။
ရန်ကုန်က 48 မီနီဘတ်စ်လိုမျိုးကားကိုပြောင်းပေးသည်။တောင်းထားတဲ့ဈေးကတော့ လေအိတ်ကားဈေးနှုန်းဖြစ်သည်။
ချောင်းသာတိုက်ရိုက်ကားတွေရှိတာကို ဒင်းတို့ကစတန့်ထွင်ပြီး ပုသိမ်မှာတစ်ထောက်နားရတဲ့ကားကိုစီစဉ်ခဲ့ကြတာဖြစ်သည်။
ကဲ မှတ်ကရော..ဟိုက ဆန်အိတ်တွေအပြည့်အသိပ်တင်ထားတဲ့ကားပေါ်မှာ သူတို့ကိုပြွတ်သိပ်ထိုးပြီးတင်ပေးလိုက်သည်။
ခုမှတော့ ငြင်းခုံနေလဲအပိုပါပဲ။တတ်နိုင်ဘူး။ဒါနဲ့လိုက်ရုံပဲရှိတာပေါ့။

ကားလေးကသေးသေး။ထိုင်ခုံတွေအောက်မှာက ဆန်အိတ်တွေအပြည့်ထည့်တာတာ။ခြေထောက်ချထိုင်လို့မရ။ဆန်အိတ်တွေပေါ်
ခြေတင်ပြီးထိုင်ရသည်။စုစုပေါင်းကျမတို့အဖွဲ့က (၈)ယောက်အဖွဲ့ဆိုတော့ခုံတန်း ၄တန်းရသည်။
ရှေ့ဆင့်နောက်ဆင့်ထိုင်ကြသည်။နောက်ဆုံးတန်းမှာကျမနဲ့သူငယ်ချင်းတစ်ယောက်နဲ့တူတူထိုင်ပေါ့။ဖြစ်ချင်တော့ ကျမခုံရဲ့နောက်မှာ နောက်ဆုံးတန်းတစ်တန်းပဲရှိတော့သည်။၆ယောက်ထိုင်ခုံတန်းဖြစ်သည်။အဲ့ဒိမှာ ဇာတ်လမ်းကစတော့သည်။အဲ့ဒိခုံတန်းမှာ ထိုင်နေတဲ့လူတွေထဲက လူကြီးတစ်ယောက်က ဝေါ့...ဝေါ့ဆိုပြီးစလာသည်။
အာပြဿနာပဲ။လှည့်ကြည့်လိုက်တော့ သူကအန်နေတာတော့မဟုတ်..။ဒါပေမယ့်သွားရေတွေကတမျှားမျှားကျပြီး
ကြွပ်ကြွပ်အိတ်ထဲကိုမျက်နှာက၀င်တော့မယ်။အန်ထွက်အောင်လုပ်နေတာနေမှာပေါ့။လက်ညှိုးထိုးထည့်ပြီးလုပ်လဲမအန်ဘူးဖြစ်နေတာ။

ကားကတောင်စတက်နေပြီ..။ကျမသိပ်အံ့သြသွားသည်။ပင်လယ်ဆီကိုသွားတာ..။တောင်တွေကဘယ်လိုရှိနေတာပါလိမ့်ပေါ့..။
(အဲ့ဒိလောက် ပထ၀ီဝင်သဘောတရားကိုပိုင်နိုင်တာလေ)
မူးလိုက်တာ..။တလျှောက်လုံးမမူးပဲနဲ့နေရာက..ခုမှမူးတော့တာပဲ..။ကားကတောင်ကွေ့တစ်ကွေ့တက်လိုက်..။ဖုံလုံးက ဟူးကနဲ
ဝင်လာလိုက်..။စစခေါင်ဆုံးတော့ ပွတ်ချနေသေးတယ်..။နောက်တော့ ဘယ်လိုမှမရတော့ဘူး..။လူတွေလဲ မျောက်ဖြူတွေဖြစ်ကုန်ပေါ့..။
နောက်က ဝေါ့ ဆိုတိုင်း ကျမကပါ လိုက်ဝေါ့ချင်နေတော့တာ..အန်ရင်အရမ်းပင်ပန်းမယ်ဆိုတာသိတော့ ချုပ်ထားတာပေါ့.။
ကျမလေ ဘယ်သူ့တွေကိုစိတ်တိုမှန်းမသိပါဘူး။ကျမသာ ဒီလောက်ဖြစ်နေတာ ရှေ့ကအစ်မများကတော့ တောင်ကွေ့တစ်ခါရောက်တိုင်း
ဟေးးးး ......ဆိုအော်ရတာအမော။ကားဆရာတို့လဲ စိတ်ညစ်မှာပဲ..။

အရင်ဆုံးတွေ့ရတာက ချောင်းသာကမ်းခြေမှ ကြိုဆိုပါ၏ ဆိုတဲ့စာတမ်းပဲ.။
ဒါပေမယ့် ပင်လယ်ကိုချက်ချင်းမမြင်ရသေးဘူး။ဆင်စခန်းဆိုလားပဲ..အဲ့ဒါကို ကားနောက်လိုက်ကပြတယ်..။
ဆင်တွေတော့မတွေ့ရပါဘူး။ငှက်ပျောပင်တွေ..ဘာပင်မှန်းကျမမသိတဲ့အပင်တွေကတော့ စိမ်းလို့၊စိုလို့..။တကယ့်တောကြီးမျက်မဲ
ထဲမှာ ခရီးသွားနေရသလိုပဲ..။

ပင်လယ်ကိုစတွေ့ပြီ.။ရေပြင်က ပြာလိုက်တာ။ပြီးတော့ မောက်မို့နေတယ်..။ပြောရရင် ရေပြင်က မြေပြင်ထက်မြင့်နေသလိုမျိုး..။



ကျမစိတ်တွေချက်ချင်းပြောင်းလဲသွားတယ်..။မြန်လိုက်တာအပြောင်းအလဲကလဲ..။
ကျမပျော်လိုက်တာ..။အဲ့ဒိခံစားချက်ကိုခုပြန်ပြောလို့မပြောတတ်ဘူး။ရေထဲကိုပြေးဆင်းသွားမိတယ်။
မွေးထဲကချောင်းဘေးမှာနေလာခဲ့ပေမယ့်ဒီလောက်ကြီးမားကျယ်ပြန့်တဲ့ရေပြင်ကိုကျမတစ်ခါမှမတွေ့ဖူးဘူးလေ.။

ရေကူးဖို့ကြိုးစားကြည့်တယ်။ကြောက်လိုက်တာ။ကျမခါးလည်လောက်ထက်ပိုနက်တဲ့နေရာတွေကိုမသွားရဲဘူး။
ရေကူးလိုက်တိုင်း ရေကကျမကိုဆွဲချသွားသလိုခံစားရတာလေ..။သူတို့တွေကလှောင်ကြတယ်။ဒါလား ဧရာဝတီသူတဲ့။
ဒါလားရေကူးတတ်တာတဲ့။

ကျမတို့ ချောင်းသာမှာ 2 ညအိပ်ခဲ့ကြတယ်..။အိပ်တဲ့အချိန်နည်းပါတယ်..။
ရှေ့ရေးနောက်ရေးတွေ ပြောကြ၊ဆိုကြပေါ့..။

ရန်ကုန်ပြန်ရောက်တော့ ရိုက်လာတဲ့ဓာတ်ပုံတွေကို ဒစ်ထဲထည့်တယ်..။
ကျမခေါင်းစဉ်ပေးထားတယ်..။
"Unforgettable trip" လို့..။တကယ်လဲမမေ့ပါဘူး..။

ပဲ့တင်တောမှာ


ဘယ်အရာမှ
ပျောက်ရှ ဆုံးရှုံးမနေလို။
ဘယ်အရာမျှ
ထာဝရ...
ပျောက်ရှဆုံးရှုံးမနေကြ။
ရင်မှသော် လည်းကောင်း...
နှုတ်မှသော်လည်းကောင်း...
လက်မှသော်လည်းကောင်း...
အကြောင်းကြောင်းကြောင့်။

ပေါင်းစည်းချို့တဲ့
နေရာမဲ့ချိန်၊ ချည့်နဲ့တိမ်မြုပ်
ခံစားရုပ်တွေ...
စကားရုပ်တွေ...
ရှင်ပြန်နေလျက်၊ပွင့်ဝေခက်လည်း
သက်ဆက်လှုပ်ရှား၊ရသအားတွေ
ပွားစည်နေသော၊ပဲ့တင်တောမှာ
ဘယ်အရာမျှ၊ ထာဝရ...
ပျောက်ရှ ဆုံးရှုံးမနေကြ။...။

မောင်မြင့်မြတ်

ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းက အိမ်မှာစာအုပ်စင်ပြန်ရှင်းတော့ ကဗျာစာအုပ်ရယ်လဲမဟုတ်ပဲ ဟိုးတုန်းကဆရာများရဲ့ကဗျာတွေကိုစုပြီးချုပ်ထားတဲ့ စာအုပ်လေးတစ်အုပ်သွားတွေ့တယ်၊အဲ့ဒိထဲကမှ ဆရာမောင်မြင့်မြတ်ရဲ့ ကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်...။

Wednesday, October 01, 2008

မနက်တိုင်းထွက်ရတဲ့ဇာတ်

မနက်တိုင်း သင်တန်းသွားရင်းကြုံရလေ့ရှိတဲ့ ပြဿနာပါ..။
ကားဆရာတွေရယ်..၊ပါကင်ကောင်မလေးရယ်..။ဆိုက္ကားဂိတ်ရယ်...။
ဘယ်နှယ့်အဟပ်အစပ်တည့်နေမှန်းကိုမသိဘူး..။မနက်တိုင်းကို ထူးမခြားနားဇာတ်ထွက်နေရတာ..။
မင်းသမီးက ကိုယ်တစ်ယောက်ထဲ..။

ကြာတော့လည်း စိတ်ချုပ်လာပြီ..။ကိုယ်ကကားငှား..၊လမ်းဘေးဈေးသည်တွေကလဲဟင်းနံ့၊ထမင်းနံ့ တထောင်းထောင်းထနေကြပြီ။ဆိုက္ကားဆရာတွေကလဲ ခပ်တည်တည်၊ခပ်မိန့်မိန့်နဲ့။
သူရို့ရှေ့မှာကိုယ်ကရပ်နေရတာ..ရပ်စရာနေရာမရှိဘူး..။တခြားနေရာသွားရပ်လို့အဆင်မပြေလှဘူး..။
ဒီတစ်နေရာပဲရှိတယ်၊ဆိုက္ကားဂိတ်နဲ့ကားမှတ်တိုင်ကကပ်ရပ်အနေအထားမှာရှိတယ်။
ဒီနေရာမှာမှ မရပ်ချင်ဘူးဆိုရင်အနည်းဆုံးတစ်ဖာလုံလောက်ဝေးတဲ့နေရာကိုသွားပြီးငှားရမယ်။

မျက်လုံးထဲမြင်ကြည့်ရင်တော့ ကိုယ်ဘာသာကိုတောင်သနားလာတယ်..။
အငှားကားတစ်စီးတားလိုက်..။ဈေးမတည့်လိုက်..ကားကထွက်သွားလိုက်..။
မရဲတရဲနဲ့ နောက်ဘက်က ဆိုက္ကားဆရာတို့ကိုလှည့်ကြည့်လိုက်..။

ပါကင်ကောင်မလေးကလဲ "အစ်မဟိုဘက်နဲနဲဖယ်လိုက်ပါဦး၊ဒီမှာကားထွက်နေလို့"ဆိုပြီး
"ဆုတ်..ဆုတ်..ဆုတ်.." ။
အာ..ကိုယ်ပါရောယောင်ပြီး ဆုတ်မိတဲ့အထိ..။ကားတစ်စီးကကိုယ်ကလက်တားလိုက်လို့ထိုးရပ်လိုက်.
နောက်ဘက်ကကားတန်းဆီက တီဟီဟီဟီတီ...တီဆိုတဲ့သံရှည်ကြီးကရထားဥသြဆွဲသလားအောက်မေ့ရတယ်။

"တစ်ထောင်ပဲ၊ရပါတယ်အစ်ကိုရယ်၊ကျမမနက်တိုင်းသွားနေကျပါ၊ပြည်လမ်းမပေါ်တင်ပဲ၊အထဲမ၀င်ရပါဘူး.."
ဘာဘူး..ညာဘူး...။
စားသုံးသူလိုအပ်ချက်ကလျှော့ချရတာ တဖြည်းဖြည်းနဲ့စားသုံးသူကဘာမှမလိုအပ်ချင်တော့ဘူး၊
ရောင့်ရဲခြင်းမှာ မွေ့လျော်နေရတာ....။

"ဟေ့ နောက်ကားလဲကြည့်ပါဦးဟ၊မင့်ပထွေးလမ်းမှတ်နေလား.....ဘယ်လိုလုပ်နေကြတာလဲ....."

"တက်တက်မြန်မြန်တက်၊ဆစ်မနေတော့နဲ့ 1000နဲ့ပဲလိုက်ခဲ့တော့၊ဓာတ်ဆီကားမို့ညည်းကိုဒီလောက်ပြောနေတာပါကွာ"

"အာ..အစ်မ ဒီမှာကားဝင်မလို့ဟာကို...မြန်မြန်လုပ်ပါ.."

တကယ်တော့လမ်းမက ပေ100ကျော်တယ်..၊ဒါပေမယ့်
ပါကင်ရယ်...၊ဆိုက္ကားဂိတ်ရယ်..၊ကားမှတ်တိုင်ရယ်..။ပလက်ဖောင်းမရှိတဲ့ဒီလမ်းမမှာ...။

လိုအပ်ချက်တွေကိုပဲလျှော့ချရမှာလား..။ဒါမှမဟုတ်......တစ်ခုခုတော့လျှော့ချမှဖြစ်တော့မယ်..။

တစ်ယောက်ထဲ ရှက်ရှက်နဲ့ပဲကနေရတဲ့ဇာတ်ပါ..။

ပုန်းသျှိုးပုန်းရှောင်ဘဝ

ကျမဒီရက်ထဲစာမရေးဖြစ်တာအတော်ကြာပေါ့။မရေးဆို ရေးဖို့လဲစိတ်မရှိဘူး။
ခုနေခါရေးလဲအကောင်းတော့ထွက်လာမယ်မထင်၊အငေါ့တွေ၊မကျေနပ်ချက်တွေနဲ့ပဲ
လုံးထွေးရစ်ပတ်နေမှာကိုယ့်ဘာသာကိုသိတယ်။ဒါပေမယ့်အစ်ကိုတွေ၊အစ်မတွေဆီကိုတော့
မကြာခဏရောက်ဖြစ်တယ်။အထူးသဖြင့်ပထမဆုံးတွေရေးပြီးမှစိတ်ထဲမှာရင်ဘတ်ချင်းတွေနီးလာတယ်လို့
ခံစားရတဲ့...အစ်ကို ကိုအောင်သာငယ်ကိုအောင်ကိုတောကျောင်းဆရာကိုမောင်မျိုး
ဖတ်ရင်းမျောသွားလောက်တဲ့အထိပထမဆုံးတွေကို အရေးကောင်းတဲ့ မK၊ပထမဆုံးတွေကို ပွင့်ပွင့်လင်းလင်းရေးတဲ့ မ_မေတို့တွေဆီကိုတော့နေ့တိုင်းနီးပါးရောက်ဖြစ်ပါတယ်။
လူမသိသူမသိ၊တိတ်တိတ်လေး ပုန်းသျှိုးပုန်းရှောင်ရောက်ဖြစ်နေတယ်..။
မနေ့ကတော့ အစ်ကိုအောင်သာငယ်ဆီမှာ "ပျော်ပျော်ပါးပါးရောဂါ"ကိုသွားအားပေးရင်း စာပြန်ရေးဖို့စိတ်လည်လာတယ်..။ပျော်ပျော်ပါးပါးပဲရေးတာပေါ့လေ။ဒါပေမယ့်အာမတော့မခံရဲဘူး..။
ဘာလို့ဆိုကိုယ်ကလဲထစ်ဆိုဗြစ်ခနဲဒေါသထွက်လွယ်သလိုဖျတ်ခနဲ၊ဖျတ်ခနဲကျကျပျောက်သွားတဲ့
အပျော်တွေကိုလဲ မနည်းပြန်လည်စုဆောင်းရတာမလား။