Friday, October 03, 2008

မိန်းကလေးဘဝ

ကျမတို့ဆိုတာက ဆင်းရဲသားစာရင်းမသွင်းရင်တောင် မချမ်းသာတာတော့သေချာပါသည်။
ဒါကြောင့်ကျမတို့တွေ သာမာန်ပြည်သူတွေ သွားလာနေတဲ့၊ကျက်စားတဲ့၊အပန်းဖြေတဲ့နေရာမျိုးတွေမှာ
ကျင်လည်ကြသည်။အဲ့ဒိအခါသာမာန်ပြည်သူတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာမှန်သမျှ ခါးစည်းခံရသည်..။ဒီလူတွေပဲလှိမ့်ပိန့်ခံနေရသည်။ခံရလို့လဲ တိုင်တည်အားကိုးစရာလူရယ်လို့မရှိပါဘူး။
ကျမတို့လိုမိန်းကလေးတွေအတွက်တော့ ပိုလို့တောင်ဆိုးသေးသည်။ကိုယ့်အားကိုယ်တောင်ကိုးလို့မရ။
ကိုယ်အားကိုယ်ကိုးလွန်းတဲ့မိန်းမဆိုရင်လဲ ၀ိုင်းပြောဖို့စောင့်နေကြသည်။

အားကိုးစရာမရှိတဲ့မိန်းကလေးတွေ

မနေ့ကကျမတို့တွေ စမ်းချောင်းကလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို လက်ဘက်ရည်သောက်သွားကြသည်။
အင်မတိအင်မတန်ကို အငမ်းမရသောက်ချင်လွန်းလို့သွားကြခြင်းဖြစ်သည်။
တော်ရုံဆိုအိမ်မှာပဲ Tea Mix တစ်ထုပ်လောက်ဖောက်သောက်လိုက်ရုံပဲ...။
မနေ့တုန်းကတော့ ကျမတို့လဲသီချင်းလေးနားထောင်ရင်း လက်ဘက်ရည်လေး အရသာခံချင်မိသည်။
နောက်ဆုံးတော့ ပါးစပ်အရသာခံချင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလားဟုတွေးမိတယ်...
အကြောင်းက ကျမတို့စိတ်တိုပြီး ပြန်လာရတယ်။ကျမတို့ ဆိုင်ထဲကိုဝင်သွားလိုက်ရင်ပဲ
တခြားဂြိုလ်က သတ္တ၀ါတွေဆိုင်ထဲကိုဝင်လာသလိုမျိုး ပုရိသပေါင်းများစွာရဲ့အကြည့်ကိုခံရသည်..။
သူတို့မျက်နှာပေါ်မှာ တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ အရောင်တွေကိုကျမတို့မြင်နေရသည်။
အဓိပ်ပါယ်ဘယ်လိုလဲ၊မှန်းဆဖို့ခက်ခဲလှပါသည်။
တော်ရုံအပျိုဖြန်းလေးဆို ခြေလှမ်းမှားပြီးသူတို့ရှေ့မှောက်လဲလောက်တယ်...။

ဒီမှာပြောစရာရှိလာတာက လက်ဘက်ရည်ဆိုင်သွားထိုင်မိတာကိုပဲ အပြစ်တစ်ခုလား..။
မိန်းမတို့ အိနြေ္ဒတွေဘာတွေထိပါလာနိုင်သည်။ပြောရင်းကနေ မြန်မာ့ယဉ်ကျေးမှုတွေ ဘာတွေပါရောက်လာနိုင်သည်။ဒါကိုကျမလက်မခံနိုင်ပါ။ဒီနေ့ခေတ်အခါကြီးမှာဘယ်မိန်းကလေးမှ ရှေးရိုးစွဲမနေနိုင်သလိုဘယ်ယောက်ျားမှလဲရှေ့တုန်းကပုံစံအတိုင်းမနေနိုင်ကြတော့ပါဘူး။
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဒါတွေကို မိန်းကလေးတွေလဲ သဟဇာတဖြစ်အောင် လိုက်လံပြောင်းလဲနေကြရတာပါလဲ..။ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်တဲ့
လူချင်းအတူတူ မိန်းမ၊ယောက်ျားအခွင့်အရေးဟာကျမတို့ဆီမှာဘာကြောင့်မှဒီလောက်ခြားနားနေဖို့
မလိုတော့ဘူးလို့ကျမထင်တယ်လေ။

မိန်းကလေးနဲ့အ၀တ်အစားဘယ်လိုပတ်သတ်သလဲ

မိန်းကလေးတစ်ယောက်ဟာ လူတကာအမြင်မှာ မိန်းမပီသနေဖို့၊ဒါဟာ မိန်းမပါလို့သတ်မှတ်ဖို့
ဘယ်လိုအ၀တ်အစားမျိုးတွေကိုဝတ်ရမလဲ။လမ်းထွက်ရင်ရော ဘယ်လိုအခြေအနေမျိုးနဲ့လမ်းထွက်ရမလဲ..။
ပေါင်လည်လောက်တိုတဲ့စကဒ်၊ကြိုးတစ်ချောင်းပဲပါတဲ့ဘလောက်စ်တွေ၊ဘောင်းဘီကျပ်ကျပ်တွေဝတ်ပြီးမှ
လမ်းထွက်ရမလား။ကိုယ်နေသာထိုင်သာရှိမယ့်အ၀တ်အစားမျိုးကိုရော ကိုယ့်လွတ်လပ်ခွင့်နဲကိုယ် ၀တ်လို့မရဘူးလား။ဒါဆိုရင် အ၀တ်အစားတွေကြော်ငြာရာမှာ
Confidence ဆိုတဲ့စကားလုံးကိုဖြုတ်ပစ်လိုက်ရမလား။
မိန်းကလေးတစ်ယောက်ဟာ ကိုယ့်စိတ်ကြိုက်ဝတ်စားဆင်ယင်ခွင့်မရှိတော့ဘူးလား။
တကယ်ပါ ဘုရားပဲတမိပါတယ်..ဘုရားသခင် တပည့်တော်မတို့ဘ၀မလဲ ကိုယ်ဝတ်ချင်တာမ၀တ်ရ..။
ကိုယ်နေချင်သလိုမနေရ ဘ၀ပါလား..။မိန်းမဆိုရင် ထမီနဲ့မှလား..။ဒါမှမဟုတ်..ပေါင်လည်လောက်တိုတဲ့၊
စကတ်အကွဲဝတ်မှမိန်းမလို့သတ်မှတ်မှာလား။မိန်းမလို့သူတို့နားလည်နိုင်မှာလား။ဟူးစိတ်မောရပါတယ်..။


မိန်းကလေးနဲ့ ပတ်ဝန်းကျင်

ပြည်လမ်းမပေါ်မှာ ညသန်းခေါင်ကျော်ကိုယ့်ကားကိုယ်မောင်းသွားတဲ့မိန်းကလေးတစ်ယောက်ကို
ဒါမှမဟုတ် Night Club ထဲကိုတစ်ကိုယ်ထဲဘာမထီပုံစံနဲ့ဝင်ရဲထွက်ရဲဖြစ်နေတဲ့
မိန်းကလေးတစ်ယောက်၊ဒီလိုမိန်းကလေးတွေကိုတော့ သူတို့ဝေ့တောင်ကြည့်ရဲပါ့မလား..။
နောက်ပြီးတော့ရော..ဆိုပါတော့ ကုန်စိမ်းရောင်းတဲ့ဈေးသည်မိန်းကလေးတစ်ယောက်
ဒါမှမဟုတ်..လမ်းဘေးကားပါကင်မှာ အလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက်
အဲလိုမိန်းကလေးတွေကိုရော..သူတို့ဒီလို သရိုးသရီလုပ်ဖို့ စိတ်မှဝင်စားပါမလားမသိ..။

ကျမတို့ကို လက်ဘက်ရည်ဆိုင်မှာစိမ်းစိမ်းစားစားကြည့်ပေးလိုက်တဲ့အစ်ကိုများ၊အ၀တ်အစားကိုကြည့်ပြီး
အင်မတန်မှတိမ်တဲ့အတွေးနဲ့ပြောချလိုက်တဲ့အစ်ကိုများ.. အနားတောင်သီဝင့်မယ်မထင်ပါဘူး..။
မိန်းကလေးချင်းအတွက်က ဘယ်နေရာကမိန်းမပဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပါပဲ။ဘာမှအလွှာတွေနဲ့တွဲပြီး မကြည့်ကြပါဘူး။
နောက်ပြီးကျမတို့လိုမိန်းကလေးတွေဆိုတာက ဟို ဟစ်ဟော့ပ်သီချင်းတွေထဲကလို
ညတိုင်း Night Club တက်နေကြတာလဲမဟုတ်ဘူး၊တွန့်လိမ်ပြီးလမ်းလျှောက်နေကြတာမဟုတ်ဘူး။
နောက်တယ်ဆိုတဲ့စကားလုံးကိုပဲသုံးတယ်ဆိုရင်တောင် ကိုယ်နောက်မယ့်သူရဲ့ လူနေမှုအဆင့်အတန်းကို
ကြည့်သင့်တယ်မဟုတ်ဘူးလား၊ကာလံဒေသံ ကြည့်သင့်တယ်မဟုတ်ဘူးလား။

ဒီက သာမာန်ယောက်ျားလေး၊မိန်းကလေးစတဲ့ အမျိုးမျိုးသောလူငယ်တွေဟာ အဆင်မပြေနေကြဘူး..။
လိုအပ်ချက်တွေအများကြီးနဲ့ ဘယ်ကိုရောက်မယ်မှန်းမသိတဲ့ဘ၀ခရီးကို
ကိုယ့်ဘာသာကိုယ်အင်ဂျင်တပ်ပြီးကိုယ့်အင်၊ကိုယ့်အားနဲ့မောင်းနှုင်နေကြရတာပါ..။
အထူးသဖြင့်ကိုယ့်ဝမ်းစာကိုယ်ကျောင်းနိုင်ဖို့ကြိုးစားနေတဲ့လူငယ်တွေမှာ ပိုပြီးအဆင်မပြေတာတွေရှိတတ်ပါတယ်။အဆင်မပြေနေတာတွေကိုလဲပိုမြင်တတ်ကြပါတယ်။
သို့ကလို ကိုယ်တော်များဘာတွေလုပ်နေမှန်းမသိပေမယ့် သေချာတာကတော့ကျမတို့လိုအလွှာထဲက
မိန်းကလေးတွေဟာရတတ်သမျှ အခွင့်အရေးကို အသုံးချပြီးအဆင်ပြေပြေနေနိုင်ဖို့၊
လက်ရှိအခြေအနေထက် ပိုမိုလုံခြုံဖို့ ကြိုးစားနေကြတာပါပဲ။

လွတ်လပ်မှုစွာပြောဆိုနေထိုင်ခွင့်၊သွားလာခွင့်..။
သာမာန်လူငယ်များရနိုင်စွမ်းရှိတဲ့ ကိုယ်ဘာသာကိုယ်ဖန်တီးယူနိုင်စွမ်းတဲ့ လွတ်လပ်ခွင့်တွေ.............။
ဘာခွင့်..ညာခွင့်စတဲ့အခွင့်အရေးတွေ။ဒါတွေဟာ..မိန်းကလေးတွေအတွက်ဆိုရင်သာ သီးသန့်ချန်လှပ်ခံထားရတဲ့အရာတွေများလား...။

ကိုယ့်ကားကိုမောင်းပြီးမသွားလာနိုင်တာချင်းအတူတူ၊ဘတ်စ်ကားစီးရတာချင်းအတူတူ၊
လမ်းမပေါ်ခြေတိုအောင်လျှောက်နေရတာခြင်းအတူတူ အမှန်တရားကိုရှာဖွေနေကြတာခြင်းအတူတူ၊လွတ်လပ်မှုကိုငတ်မွတ်နေကြတာခြင်းအတူတူ၊
လူငယ်အချင်းချင်း ဖေးမမှုမရှိတဲ့အပြင် သို့ကလို မဟာယောက်ျားများကတော့ ကာယကံ၊၀စီကံ၊မနောကံနဲ့ပစ်မှားဖို့ကိုဝန်မလေးကြဘူးဖြစ်နေတယ်..။
ဒီမှာရှိတဲ့မိန်းကလေးတွေတော်တော်များများသည်လည်း ဒီဝေဒနာကိုခံစားဖူးကြမှာပဲဖြစ်သည်။

မိန်းကလေးနဲ့လုံခြုံမှု

တလောကကြည့်လိုက်ရတဲ့ မြန်မာကားတစ်ကား၊ဇာတ်လမ်းရဲ့အသွားအလာကိုကျမမမှတ်မိတော့ပါ
ဒါပေမယ့် သဘောကျသလိုရှိလို့မှတ်မိနေတဲ့စကားလေးတစ်ခွန်းပါ.။
မင်းသမီးနဲ့ မင်းသားနဲ့ချစ်သူတွေဘ၀ရောက်ရောက်ချင်းမှာပဲ မင်းသမီးကမင်းသားကိုပြောတဲ့စကားက
ကျမလုံခြုံသွားပါပြီတဲ့.ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်လောက် ကျမကိုလုံခြုံမှုပေးနိုင်မယ့်နေရာ
ကျမရှာလို့မတွေ့သေးပါဘူးတဲ့။

ဒီမင်းသမီးပြောတဲ့စကားကဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
မိန်းကလေးတွေဟာ ဒီမြန်မာပြည်မှာတော့ ယောက်ျားတစ်ယောက်နဲ့မှတွဲမသွားရင်
မှန်းဆမရနိုင်တဲ့ ဘေးရန်အမျိုးမျိုးကြုံလာရနိုင်တယ်လေ...

မိန်းကလေးတစ်ယောက်လုံခြုံမှုရှိဖို့အတွက် ဘယ်လိုအခြေအနေတွေဖန်တီးပေးဖို့လိုအပ်မလဲ။
ဘယ်လိုပတ်ဝန်းကျင်မျိုးက မိန်းကလေးတစ်ယောက်အတွက် အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးလဲ။
ဒါကိုရော ဘယ်သူတွေက လစ်လျူရှုထားခဲ့ပြီး ဘယ်သူတွေကဖန်တီးပေးနိုင်လိမ့်မလဲ..။

7 Responses to “မိန်းကလေးဘ၀”

kay said...

ညီမရေ- ဒါမျိုးက..ဖြစ်နေခဲ့တာ ကြာပါပီ..ခုတော့ ပိုဆိုးသလား မဆိုနိုင်။ ဗမာအမျိုးသား တော်တော်များများမှာ.. အသားကျ အမြစ်တွယ်နေတဲ့.. အကျင့် အလေ့တခု များလား တွေးမိ တယ်။

အနား က..သီချင်း ကပ် ဆိုပီး..ရိသဲ့သဲ့လုပ်တာ။ ဟိုပြော ဒီပြောလုပ်တာ။ နောက်က..ကပ်လိုက်တာ။ မေးမြန်း သိရှိသလောက်..အနီးဆုံး ထိုင်း နိုင်ငံ မှာ တောင် ဒါမျိုး သိပ်မတွေ့ရ ပါ။ အဆုံး စွန်.. မိန်းကလေးတွေ သဘောကျ ရင်ခုန်ကျေနပ်ပါတယ် ဆိုတဲ့..အဆောင်ရှေ့ သီချင်းဆိုတာ..( အိမ်ရှေ့ သီချင်း အော်ဆို တာ..- ဒါတော့မကြိုက်) မျိုးတောင်..တခြား နီးနီးပါးပါး လူမျိုးတွေ မှာ မတွေ့ရ ။

mirror said...

ဟုတ်ကဲ့ မK ၊အစ်မတစ်ယောက်အနေနဲ့ ညီမအယူအဆကို လက်ခံတာခန့်မှန်းမိလို့
ကျေနပ်ပါတယ်..။
ဒါကမိန်းကလေးတွေပဲ နားလည်နိုင်မယ့်၊မိန်းကလေးတွေပဲ သီးသန့်ကွက်ပြီးခံစားနေရတဲ့ ဒုက္ခရယ်ပါ..။

ATN said...

ညီမရေ -

ခုခေတ် ညီမတို့ ခံစားနေရသမျှကို အကိုတယောက်အနေနဲ့ နားလည်ပါတယ်။

နိုင်ငံတနိုင်ငံမှာ အရာအားလုံးကို နိုင်ငံရေးစနစ်က ပြဌာန်းသတဲ့၊ အရာအားလုံးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံတဲ့ ---

တို့နိုင်ငံက
၁) သက်ဦးဆံပိုင် နိုင်ငံရေး
၂) ကိုလိုနီ နိုင်ငံရေး
၃) ပါလီမန်ဒီမိုကရေစီ နိုင်ငံရေး
၎) စစ်အာဏာရှင် နိုင်ငံရေး - တွေနဲ့ ကြီးပြင်းလာရတာကိုး။

ထေရ၀ါဒဗုဒ္ဓသာသနာတောင် ဒီနိုင်ငံရေးတွေအောက်မှာ
လင်းတလှည့် မှိန်တလှည့်နဲ့ ---

အဲဒီအချက်တွေအောက်မှာ
ယောက်ျားတွေဟာလည်း အမျိုးမျိုးပါပဲလေ။
သို့သော်လည်း ကျိန်းသေတာတခုကတော့
ခုခေတ်ကြီးမှာ ယောက်ျားများရာစုဟာ
(ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်)
အသိတရား ခေါင်းပါးနေကြပါပြီ။
ဒါကြောင့်မို့လည်း ဒီလို အဖြစ်အပျက်တွေကို
တို့ ဗမာ အမျိုးကောင်းသမီးတွေ ခံစားနေရတာပါပဲ။

ယောက်ျားတွေဖက်ကနေ ကာကွယ်ပြောနေတာမဟုတ်ပါ။
နိုင်ငံရေးစနစ်က တရားခံပါ။
စင်္ကာပူမှာ ဒါမျိုး မကြုံရပါဘူး။
စလုံးမှာ နေဘူးတဲ့ ဗမာအမျိုးသမီးတိုင်း သိမှာပါ။
စနစ်ကိုက ခွင့် မပြုဘူးလေ။

သို့သော်လည်း ယောက်ျားကောင်းတွေလည်း ရှိပါသေးတယ်လေ။

mirror said...
This comment has been removed by the author.
mirror said...

ဟုတ်ကဲ့ အစ်ကိုရေ သေချာကြီးကိုလက်ခံပါတယ်။
ယောက်ျားကောင်းတွေလဲရှိနေပါသေးတယ်။
အားလုံးကိုသိမ်းကြုံးပြောလိုခြင်းမဟုတ်ပါဘူးဆိုတာကိုတော့
ပြောပါရစေ၊ဒီပိုစ့်ကိုမရေးခင်ထဲက အထပ်ထပ်အခါခါ
စဉ်းစားပါတယ်။လာဖတ်တဲ့သူတွေကိုစော်ကားမိသလိုမျိုးဖြစ်မှာ
ညီမမလိုလားပါဘူး။

megumi said...

်ဟုတ်တယ်ရှင့်။ သူတို့ကအကျင့်ပါနေကြတာ။နောက်ပြီး အမြင်တွေကလည်း ကျဉ်းတယ်လေ။ မြန်မာမိန်းကလေးဆိုရင် ဘယ်လိုနေရမယ်။ဘယ်လိုထိုင်ရမယ် ဆိုပြီး သတ်မှတ်ချင်ကြသေးတယ်။ မြန်မာယဉ်ကျေးမှုကို မထိခိုက်ရင် ခေတ်နဲ့အမီ ပြောဆိုနေထိုင်ခွင့်ရှိသင့်တယ်လို့ ကျမတော့ထင်တယ်။ မိန်းကလေးတစ်ယောက်က ထိကပါးရိကပါးလုပ်တာဟာ ကောင်း တဲ့ဓလေ့မဟုတ်ဘူးဆိုတာကို အခုခေတ်ဗမာယောက်ကျားတွေ သဘောမပေါက်သေးတာ ကျမတော့ အံ့ဩတယ်အဟုတ်။ အမေကျော် ဒွေးတော်လွမ်းတာတော့မဟုတ်ဘူး။

အရမ်းခေတ်မှီလွတ်လပ်လွန်းတဲ့ ဂျပန်မှာတောင် အဲလို အကြည့်ရိုင်းတွေ၊ ထိကပါးရိကပါးပြောတာတွေမရှိသလောက်ရှားတယ်သိလား။ ဥပဒေက ခွင့်မပြုလို့လေ။


( စိတ်ထဲရှိတာ ရေးချလိုက်မိတယ်။ ပို့စ်နဲ့မသက်ဆိုင်တာတွေ ပါသွား ခဲ့ရင် တောင်းပန်ပါတယ်။)

Anonymous said...

ခုမှ ဖတ်ဖူးတာပါ။
မိန်းကလေးဘ၀ .... အတော်ကောင်းတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ Heart ထိတယ်ပေါ့။
အားပေးနေပါသည်။