Monday, December 08, 2008

အမုန်းစာရင်း......

စိုင်းစိုင်းခမ်းလှိုင် သီချင်းခေါင်းစဉ်နဲ့များတူနေမလားမသိဘူး။
ဒါပေမယ့် ကိုဆောင်းယွန်းလကြီးလာအော်ခဲ့တာတွေ့ကထဲက ဒီနာမည်တပ်မည်လို့စိတ်ကူးပေါ်တာနဲ့
တခြားစဉ်းစားမနေတော့ပဲ ဒီလိုလေးပဲ တပ်လိုက်ပါတယ်..........။
ကိုယ့်ကိုယ်ကိုမုန်းတဲ့ အမုန်းစာရင်းကလဲ များတော့များသား၊
အဲ..ဒါပေမယ့် သူတစ်ပါးကိုတော့ မမုန်းတတ်ပါဘူး။မမုန်းတတ်တဲ့အပြင် ခင်တတ်လွန်းလို့တောင်
ကိုယ့်ကိုယ်ကို မုန်းပါသေးတယ်...။
ကဲ အဲ့ဒိတော့ ခင်တတ်လွန်းတာကနေပဲ စလိုက်တော့မယ်။


၁ ) ခင်မိပြီဟေ့ဆို....အမုန်းကို ခင်တာ

ဟုတ်ကဲ့ ကျမကလူတွေကို အရမ်းခင်တတ်ပါတယ်..။
ဒါပေမယ့် တွေ့တဲ့လူ ဖမ်းခင်လိုက်တာမျိုးတော့မဟုတ်ပါဘူး။
ကျမစိတ်ထဲမှာ ခွဲခြားပိုင်းခြားထားပါတယ်......။လူတိုင်းကို မခင်တတ်သလို ခင်မိပြီဆိုရင်လဲ ရဲဘော်လိုပေါင်းချင်တာပါ။ခင်လို့ သွေးရင်းသားရင်းစိတ်၊ရဲဘော်ရဲဘက်စိတ်ပါ တကယ်ပါလာပြီဆိုရင်တော့ ပြောမိ၊ဆိုမိတွေအထိဖြစ်တတ်ပါတယ်...။အဲ့ဒိအခါမျိုးကျတော့ အပြောခံရတဲ့လူက အခန့်မသင့်ရင် ပြဿနာတွေကဖြစ်လာတတ်ပါတယ်...။ဒါကြောင့် ကိုယ့်ကိုယ်ကို မုန်းပါတယ်..။

၂ ) တွေဝေခြင်း

ကျမ Profile မှာကိုပဲ တင်ထားပါတယ်...။
တွေဝေခြင်းတွေနဲ့လုံးထွေးသတ်ပုတ်နေတတ်သူဆိုပြီးတော့လေ...။
တကယ်တွေဝေတာပါ...။ဆုံးဖြတ်ချက်တစ်ခုချဖို့ဟာ အချိန်တွေအကြာကြီးယူတတ်လွန်းပါတယ်...။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူချင်တာကြောင့်လဲ ပါတယ်..ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်ဖြစ်ကိုယ်ခံသဘောထားပြီးတွေဝေလွန်းလှပါတယ်...။မကောင်းမှန်းသိတယ်...။ဒါပေမယ့် အဲ့ဒိတွေဝေစဉ်းစားငေးမောပြီးမှ ရလာတတ်တဲ့အဖြေကိုပဲ သဘောကျနေတတ်တယ်..။
အဲ့ဒါကြီးကိုလဲ မုန်းတယ်...။

၃ ) ဒေါသကြီးလွန်းခြင်း

လူတိုင်းနဲ့တော့ မဟုတ်ပေမယ့် ကျမက ကျမနိုင်လို့ရတဲ့လူတွေနဲ့ဆို အင်မတန်ဒေါသကြီးပါတယ်...။
ဝူးဆို ဒိုင်းကနဲ၊ထစ်ဆို ဗြစ်ခနဲ ဆိုတဲ့လူစားမျိုးထဲကပါ...။
(ကျမအစ်ကိုက အမေ့ကိုခဏ ခဏပြောတဲ့စကားရှိတယ် အမေသမီးမွေးထားလို့တဲ့ သားသာဆို ဂတ်တဲသွားရတာနဲ့ ချောင်းပေါက်မယ်တဲ့ ...)
ဒါပေမယ့် ချက်ချင်းဒေါသကလဲ ပြယ်တတ်ပါသေးတယ်..။ကောက်ရိုးမီးဒေါသလေ..။
အဲ့ခါကျတော့မှ ကိုယ်ဒေါသဖြစ်ခဲ့တာက ရှက်စရာဖြစ်ဖြစ်နေတတ်တယ်...။
အော်မိ၊ဆဲမိ၊ဆိုမိတဲ့သူတွေကိုလဲ အားနာရတယ်..။

၎ ) စိတ်မရှည်တတ်တာ

အပေါ်က ဒေါသကြီးတယ်ဆိုတာကို နံပါတ်တွေများသွားအောင် ခွဲထုတ်လိုက်တာ.....:P
ဒေါသကြီးတယ် ဆိုတာကလဲ စိတ်မရှည်တတ်လို့ပဲ ထင်ပါတယ်...။
" ပြောတဲ့သူပြီးပြီ လုပ်တဲ့သူမပြီးသေးဘူးလား" ...ဆိုတဲ့လူမျိုးပါ..။ကိုယ်တိုင်လဲ စိတ်ကတအားမြန်သလို သူတကာကိုလဲ
စိတ်မရှည်တတ်ပါဘူး။ဒါကိုလဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်လို့ မုန်းတယ်...။

၅ ) ကိုယ်တတ်သလောက်၊ကိုယ်သိသလောက်လေးကို သူများကိုသိစေချင်တာ

ဒီတစ်ခုကတော့ အထူးသဖြင့် ကျမနဲ့လက်ပွန်းတတီးနေနေတဲ့ သူငယ်ချင်းတွေနဲ့ဆို ပိုဖြစ်တတ်ပါတယ်...။
ဒီနေ့ ဘယ်သူဘလောဂ့်ကို ငါသွားဖတ်တော့ သူရေးတာဟာ...ဘယ်လိုကောင်းတာ..၊
သူ့ပန်းချီလေးတွေကဟာ.....ဘယ်လို မိုက်တာ....၊စသဖြင့်....
နောက်ရှိသေးတယ်...ဖတ်ပြီးသမျှ စာအုပ်တွေ၊ဂျာနယ်တွေ ထဲက သူတို့မဖတ်ရသေးတာတွေကိုဆို နားထောင်ချင်သလား၊နားမထောင်ချင်သလား မစဉ်းစားပဲ နင်းကန်ပြောပြတတ်တာ..
ဒါကိုလဲ ဘယ်သူကမှ သတိပေးစရာမလိုပဲ မကောင်းမှန်းသိရက်နဲ့ မပြင်နိုင်သေးတာ.....မို့
ဒါကိုလဲ စာရင်းသွင်းလိုက်တယ်..။

၆ ) စကားများတာ

ခုရေးနေတာတွေကိုပဲ ကြည့်ပါဦး၊စကားများလား၊မများလား ခန့်မှန်းလို့ရလောက်ပြီထင်ပါရဲ့...။
တခါတလေဆို စကားပြောခြင်းအနုပညာလို့တောင်ကိုယ့်ကိုယ်ကိုမာန်တတ်သေးတယ်..။
ဒါပေသိ....သူများနားညည်းလောက်အောင်ထိပြောတာတော့ မကောင်းဘူးပေါ့..။
ကဲ..ခုပဲကြည့် ပြောရင်းကလည်နေပြီ...မုန်းလိုက်တာ..

ရ ) သိချင်တတ်ချင်စိတ်များတာ
အမှတ်တမဲ့ဆိုရင်တော့ ဒါကောင်းတဲ့အချက်ပဲ...။ဘာမုန်းစရာရှိလဲလို့ ထင်စရာပဲ..။
ဒါပေမယ့် ဒီစိတ်ကြီးနဲ့ အမြဲနေနေရသူဆိုရင်တော့ ဒါမုန်းစရာပါ..။
ဟိုဟာလေးဆိုလဲ ကလိလိုက်ရမှ...ဒီဟာလေးဆိုလဲ...စမ်းကြည့်လိုက်ရမှ...
တချို့ပြင်မရလောက်အောင် ပျက်စီးသွားတတ်တာတွေရှိတယ်
အဲ့ဒိစိတ်က လူကိုအနှိပ်စက်ဆုံးပါပဲ...ဘယ်လိုပြုပြင်ရမယ်မှန်းတောင်မသိပါဘူး...။
ဒါကြောင့် ထည့်တယ်အမုန်းစာရင်းထဲ..ကဲ...

၈ ) ပစ္စည်းကောင်းမက်တာ

မသုံးရရင်နေပါစေ...သုံးမယ်ဆိုရင်တော့ ကောင်းမှသုံးချင်တဲ့ အကျင့်ဆိုးပါ..။
သူငယ်ချင်းတွေက ထောမနာပြုပါတယ်...ဘန်းစကားနဲ့ Miss Branded တဲ့....
ပိုက်ဆံလဲ ကုန်တယ်...စိတ်မထားတတ်တဲ့အခါမျိုးဆို ပင်ပန်းတတ်တယ်...ဒါလဲ စာရင်းထဲထည့်လိုက်တယ်..။

၉ ) အရာရာကို စနစ်တကျ ရှိစေချင်တာ

အပင်ပန်းဆုံး အချက်ပါပဲ...။ကိုယ့်နေရာ၊ကိုယ့်အခန်း၊ကိုယ့်အိမ်၊ကိုယ့်ရွာ...............စသဖြင့်
စည်းနဲ့ကမ်းနဲ့ စနစ်တကျတွေ ဖြစ်စေချင်တာ....၊ဖြစ်စေချင်တော့ လိုက်လုပ်၊လိုက်လုပ်တော့ ပင်ပန်း၊
ဒီကြားထဲ စည်းကမ်းမရှိသူနဲ့ဆို ဒေါသကထွက်ရသေး..။ဒီအတွက်ကြောင့် အဲ့ဒိအကျင့်ကိုလဲ မုန်းတယ်...။

၁၀ ) အားနာတတ်ခြင်း
တစ်ခုခုဆို ကျမပါးစပ်က အရင်ဆုံးထွက်လာတတ်တာ အားနာလို့ဆိုတဲ့ စကားပါ။
အတူနေတဲ့ သူငယ်ချင်းနဲ့ဆို အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတာ တစ်ကျက်ကျက်ပါပဲ၊
အားနာပြီး ပိုက်ဆံချေးလိုက်တာ၊အားနာပြီး ကိုယ်နဲ့လဲ သိပ်မရင်းနှီးတဲ့သူကို တစ်နေကုန်တစ်နေကမ်း အဖော်ပြုပေးနေတာ၊အားနာပြီး အပေါင်းအသင်းလုပ်မိတာ၊အားနာပြီး ကားခကိုမဆစ်တာ...အများကြီးပါပဲ...။

ခုလဲ ကိုဆောင်းယွန်းကြီးကို အားနာပြီး ဖြေလိုက်တာမှ စာကိုအရှည်ကြီးပဲ..အဟဲ အလကားနောက်တာ...။

အမုန်းစာရင်းတွေကတော့ ဒီလောက်ပါပဲ...ရေးရင်းကလဲ လည်နေပြီ..။
တော်ကြာဖတ်ရင်း ဖတ်ရင်းနဲ့ အပေါင်းအသင်းမလုပ်ချင်တော့အောင်ဖြစ်လာမှာ စိုးလို့ပါ..။
စိတ်ထဲရှိသလို ရေးထားတာဖြစ်လို့ သည်းခံပြီးတော့ပဲ ဖတ်ပေးကြပါ..။

မှတ်ချက်။ ။သူများတဂ်တော့ကိုယ်လဲ တဂ်ချင်တာပေါ့လေ...။မှုတ်ဖူးလား။
၁ )ကိုငြိမ်းစု ( ဒီတစ်ခါနဲ့ဆို 2 ခါရှိပြီ တဂ်တာ...မဖြေရင် အပေါင်းအသင်းမလုပ်တော့ဘူး)
၂ ) မြို့တက်ပြီး လူလည်ကြီးလုပ်နေတဲ့ တောကျောင်းဆရာ
၃ ) အစ်မ ယောနသံစင်ရော်
၎ ) အစ်ကိုကြီး ကိုအောင် (မနေ့ထဲက တစ်ယောက်ကျန်သေးပါတယ်..စိတ်ထဲမှာထင်နေတာ မေ့ကျန်ခဲ့တာစိတ်မဆိုးဘူးဆို ရေးပေးနော် )

5 Responses to “အမုန်းစာရင်း......”

အမုန်းစာရင်းကို ဖတ်သွားတယ် ညီမရေ။

ATN said...

တခု ကျန်နေခဲ့တယ် ထင်တယ်...
လက်သံပြောင်ခြင်း....း)

ယုံတယ်ညီမရေ..ညီမဆီကထွက်ကျလာတဲ့အမုန်းစာရင်း
တွေကဘာတွေဖြစ်လိမ့်မယ်ဆိုတာကိုတော်တော်များ
များကြိုတွေးမိထားလို့ပါ..
အခုလိုမြန်မြန်ဆန်ဆန်ပြန်ရေးပေးတဲ့အတွက်ကျေးဇူး
တင်ပါတယ်ညီမလေးရေ...
ခင်မင်လျက်...

mirror said...

ကိုအောင်ကြီး..အစ်ကိုကျန်နေခဲ့တယ် မနေ့ထဲက
ဘယ်သူကျန်နေပါလိမ့်...ဘယ်သူကျန်နေပါလိမ့်နဲ့ ထင်နေတာ..။ကဲ ခုဆက်တဂ်လိုက်မယ်နော်..

ကိုအောင်သာငယ်..အစ်ကိုက မှတ်မိနေတာပဲ
ညီမပထမဆုံးရန်ဖြစ်တာကို..ကျေးဇူးအစ်ကိုကြီး

အစ်ကိုဆောင်းယွန်း..ဘာတွေများခန့်မှန်းထားမိပါလိမ့်
တူနေတယ်ဆိုလဲ ကျေးဇူး...

အားလုံးကိုခင်မင်လျက်

အကို Tag ကို ရှောင်တဲ့ကိစ္စ အကြောင်းရှိလို့ပါ။
ညီမ တဂ်တာကို အထူးခွင့်လွှတ်ပါ ညီမလေးရေ။