Sunday, December 28, 2008

စိတ်ကူးအိပ်မက်များ

ပြောခဲ့ဖူးသလို ချစ်တတ်တဲ့ရင်ခွင်အကျယ်ကြီးနှင့်လူဆိုတော့ စိတ်ကူးကလဲ အလွန်ကိုယဉ်ပါသည်။ အင်္ဂလိပ် စကားပုံလား၊ အဆိုအမိန့်လား မသိ.. ကြားဖူးတာတောင်ရှိသည်။ " အိပ်မက်တွေကို မက်ပါ..တနေ့မှာ အိပ်မက်တွေက သင်သွားလိုရာကို ရောက်တဲ့အထိခေါ်ဆောင်သွားပါလိမ့်မယ်" ..တဲ့လေ..။
ဒီတော့ အလကားဖောချင်းသောချင်းရနိုင်တဲ့ ဒီစိတ်ကူးအိပ်မက်တွေ ဘာလို့ မမက်ရဲရမှာလဲ....။
စိတ်ကူးယဉ်တတ်တဲ့အရွယ်ကတည်းက မက်ခဲ့တဲ့စိတ်ကူးအိပ်မက်...ခုထိလဲ မက်ဆဲပါပဲ။ဆက်ပြီးလဲ မက်နေမိဦးမှာပါပဲ။

စိတ်ကူးအိပ်မက်များ အများအပြားရှိပါတယ်။ သို့သော် အဲ့များလှတဲ့ စိတ်ကူးအိပ်မက် ကို အကောင် အထည်
ဖေါ်ဖို့ရာ လမ်းကြောင်းပေါင်းများစွာနဲ့ လျှောက်လှမ်းမှ ဖြစ်နိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်။ ကျမစိတ်ကူးလေးတွေကို တစ်ခုချင်းစီ ချရေးကြည့်ပါ့မယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ၀ိုင်းပြီးစဉ်းစားပေးကြပါဦး။

၁ ) နယ်ပြန်ပြီး အမေနဲ့နေဖို့...

အငယ်ဆုံးသမီးကို အမြဲတမ်း ရင်ခွင်ထဲ ထည့်ထားပြီးနေချင်တဲ့ ကျမအမေရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးဖို့ ဒါက ကျမအတွက် လက်တွေ့အကျဆုံး အိပ်မက်တစ်ခုပါပဲ။ အမေအသက်က ခုဆို ၆၀။ ခုလာမယ့် ပြာသိုလထဲမှာ ပြည့်ပါပြီ။ ဆိုတော့ အမေ့အသက် ၇၀ ဆိုရင်တောင် ကျမဒီအခွင့်အရေးကို ရနိုင်ပါ့မလား မသေချာသော်လည်း တစ်နေ့ဖြစ်ကိုဖြစ်လာရမယ်လို့ အမြဲအိပ်မက်မက်ပါတယ်။
ကျမစိတ်ကူးထဲမှာပေါ့လေ..။

အမေနဲ့အတူ ခြံစိုက်စားကြမယ်။ ခုလို ဆောင်းတွင်းဆိုရင် မေမြို့၊ဂန္ဒမာ နဲ့ ဂေါ်ဖီပန်းတွေနဲ့ ကျမတို့ရဲ့ အိမ်နောက်ဖေး ဈေးဆိုင်လေးက စည်ပင်နေမှာပဲ...။ အပင်တွေကို ရေလောင်းဖို့ အတွက် ရေတင်စက်လေးတစ်လုံးဝယ်မယ်။ ပြီးရင် ရေပိုက်နဲ့ပဲ ရေဖြန်းမယ်...။ခုလို ပုံးနဲ့ထမ်းပြီးရေလောင်းစရာ မလိုတော့ဘူးပေါ့။ကျမတို့အိမ်နောက်ဖေးက ချောင်းထဲမှာ နေ့တိုင်းရေဆင်းချိုးမယ်။အသားတွေမဲလဲ မဲပါစေ၊ဆံပင်တွေနီလဲ နီပါစေ။ရေချိုးရင်း ငါးတွေဖမ်းမယ်၊ငှက်ပျောတုန်းနဲ့ နွံတွေကို ကမ်းစပ်ထိ တွန်းတင်ပြီး အဲ့ဒိနွံထဲမှာ လျှောက်ပြေးနေတဲ့ ငါးတွေကိုဖမ်းမယ်...။အဲ့ဒိအခါ အမေက ဟဲ့မိ...ရေ...နင်ခုလာခဲ့စမ်းလို့ အော်ခေါ်လိမ့်မယ်။အော်ခေါ်တဲ့ အခါကျမှ ပြေးလွှားပြီ ကုန်းပေါ်ကိုတက်မယ်...။
အိမ်ပေါ်ရောက်တော့မှ ရေအသန့်နဲ့ တစ်ထပ်ချိုးပြီးတော့မှ အမေချက်ထားတဲ့ ငါးဖြူလေးချက်၊ငါးမီးဖုတ်နဲ့ ငြုပ်သီးစိမ်းထောင်းဖျော်ထားတဲ့ ငါးပိချက်နဲ့ ဘူးရွက်ပြုတ်တို့စရာနဲ့ ထမင်းစားမယ်...။ကျမရှာလို့ရလာတဲ့ ငါးလေးတွေကိုတော့ အမေမသိအောင် အိမ်ရှေ့ အိမ်ကိုပေးလိုက်ပြီးပေါ့....။

အဲ့လို သာမာန်ရိုးကျဆန်တဲ့ဘ၀လေးထဲမှာ ကျမဖြတ်သန်းပြီး ကျမရဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်....။

၂ ) ကျမမြို့မှာ အကျိုးပြု သင်တန်းလေးဖွင့်ဖို့ နဲ့ စာကြည့်တိုက်လေးတစ်ခုတည်ထောင်ဖို့.....

ဒီစိတ်ကူးကလဲ အမြဲမက်တဲ့အိပ်မက်ပါ...။အထူးသဖြင့် နယ်ပြန်ပြီးရင် ပိုပြီးဒီစိတ်ကူးက ပြင်းထန်လာတတ်ပါတယ်။
ကျမတို့ မြို့ဟာ ခရီးလမ်းဆုံးမြို့ဖြစ်သလို ဘာမှလဲ သိသာမြင်သာတဲ့ တိုးတက်မှုမရှိပဲ လူတွေအားလုံးသည်လဲ တို့လူလေးများဆိုသလေ............ဝေလေလေ...သို့မဟုတ်...ခင်ညာာာာာာာာ.....ဆိုတဲ့လူတွေနဲ့ပေါ့။
ကျမအဲ့မြို့လေးမှာ ဘာသာစကားသင်တန်း၊ကွန်ပြူတာသင်တန်းနဲ့ စာကြည့်တိုက်လေးတစ်ခုဖွင့်ချင်တယ်...။

ကျမစိတ်ကူးထဲက ဘာသာစကားသင်တန်းမှာ တစ်ပတ်နှစ်ရက်မှာ ရန်ကုန်ကနေအလကားလာသင်ပေးမယ့် သူငယ်ချင်းရဲ့ အင်္ဂလိပ်စာသင်တန်း၊နောက် ကျမရဲ့ မြန်မာစာသင်တန်းလေးတွေ လုပ်မယ်...။တန်ရာတန်ကြေးလဲ တောင်းမယ်...။
ရလာတဲ့ ငွေနဲ့ ကျမရဲ့စာကြည့်တိုက်မှာ စာအုပ်တွေဝယ်ဖြည့်မယ်...။ရန်ကုန်ကို စာအုပ်တွေလှမ်းမှာမယ်...။

ကွန်ပြူတာသင်တန်းမှာကျတော့ အဲ့ဒိအချိန်ဆို အင်တာနက်တွေ၊ဘာတွေလဲချိတ်ဆက်လို့ရနေလောက်ပြီ ဆိုတော့ကျမကလေးတွေကို ဂျာဗားတွေဘာတွေကအစ နည်းပညာနဲ့ပတ်သက်တာ အကုန်သင်ပေးမယ်...။ဒါသင်ဖို့အတွက်တော့ သင်တန်းဆရာရှာရဦးမယ်..။ကျွမ်းကျင်သူများ ကျမအိပ်မက်တွေ အကောင်အထည်ဖော်တဲ့အခါ ပါဝင်ဖို့ ခုထဲကဆက်သွယ်နိုင်ပါတယ်...။

ကျမစာကြည့်တိုက်လေးမှာကျတော့ ကျမတုန်းက အသက်အရွယ်အလိုက် မဖတ်ခဲ့ရတဲ့စာတွေကို ကျမ Librarian တွေဖတ်နိုင်အောင် စီစဉ်ထားမယ်...။ကျမစာကြည့်တိုက်မှာ ငှားလဲငှားနိုင်သလို ထိုင်မြည်းလဲလုပ်လို့ရအောင် စီစဉ်ထားမယ်..။စိုစွတ်ပြီး အပင်ပေါတဲ့အရပ်ဖြစ်တာမို့ ခြံအကျယ်ကြီးထဲမှာ အပင်မျိုးစုံစိုက်ထားဦးမယ်...။အပင်စိုက်တာ ၀ါသနာပါတဲ့ ကျမအစ်မငယ်က အဲ့ဒါကိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်...။ကျမကို ဝေဖန်မယ့်သူတွေကိုလဲ အလုပ်နဲ့သက်သေပြဖို့ စဉ်းစားထားတယ်...။ကျမရဲ့ နယ်မြို့က သယ်၇င်းတွေကတော့ နင်တော်တော်ကြောင်တာပဲလို့ ပြောကြလိမ့်မယ်..။သူတို့တွေကိုလဲ သိမ်းသွင်းမနေပါဘူး..။။ကိုယ့်လမ်းကိုယ်ဆက်လျှောက်မယ်...။


၃ ) ကျမထက်ပိုတော်တဲ့..၊သို့မဟုတ် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်တဲ့ ကျမရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့....

ကျမအမေထက် ကျမတော်တယ်၊ပိုအသုံးကျတယ်လို့ ဘယ်တုန်းကမှ မခံယူခဲ့ဘူး..။ဒါမဲ့ ကျမရင်သွေးတွေကျရင်တော့ ကျမထက်ပိုတော်ပြီး လူ့လောကပတ်ဝန်းကျင်အတွက် အထောက်အကူပြုမယ့် လူငယ်လေးတွေဖြစ်စေချင်ပါတယ်..။
ဖြစ်အောင်လဲ ကျမကြိုးစားထောက်ပံ့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။ကျမရင်သွေးလေးတွေက အမှီခိုကင်းကင်းနဲ့ ဘ၀မှာရပ်တည်နိုင်ရမယ်..။အမျိုး၊ဘာသာ၊သာသနာကို ချစ်တတ်ရမယ်...။အမှားနဲ့ အမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ရမယ်..။အဲ့ဒိလို ရင်သွေးလေးတွေနဲ့ ကျမရဲ့နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်တယ်...။

ကဲ..ဒီလောက်ပါပဲ..ကျမစိတ်ကူးတွေကတော့...လုံးဝအောက်မဆင်းဘူးနော်..။မောင်လေးကာတွန်းရေ..အဆင်ပြေမယ် မျှော်လင့်ပါတယ်..။

သည်းခံဖတ်ပေးကြတဲ့ မောင်နှမများအားလုံးစိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေ...။

ကျမစိတ်ကုးတွေကို ဖတ်ပြီးရင် အစ်ကိုတို့အစ်မတို့လဲ ရေးပေးရမယ်နော်...။

ကိုအောင်သာငယ်(သူပဲအမြဲတဂ်နေတာ..ဒီတစ်ခါ ညီမတဂ်တာ ဖြေ...:) )
ကိုဆောင်းယွန်း(ညီမအလှည့် )
ကိုငြိမ်းစု (ဘယ်တုန်းကမှ မဖြေ..သို့သော် ၀ါသနာအရ တဂ်ပါသည်)
အစ်ကို ဖိုးညို(ပထမဆုံးနဲ့ အခါအခွင့်သင့်တုန်း ရေးပေးမယ်လို့ မျှော်လင့်ပါတယ်..။)
မောင်ရှင်းသန့် (အစ်မကြီးပဲလေ အနိုင်ကျင့်ရမှာပေါ့)
ကျောင်းဆရာ (ခပ်လန့်လန့်နဲ့ပဲ...)
မောင်နော်မန်..(၀ါသနာမယ်လို့ ထင်ပါတယ်)
အစ်မ ယောနသံ (အစ်မကြီး ဒုတိယံပိနော)
အစ်မပန် (အစ်မသာ ဖြေရင် ညီမတကယ်ဝမ်းသာမှာ)
အစ်မကေ (ခင်တယ်ဆို ဖြေပေးနော် အစ်မ )

အစ်ကိုအစ်များ၊အားရင်ရေးပေးမယ်လို့ ယုံကြည်ပါသည်။

9 Responses to “စိတ်ကူးအိပ်မက်များ”

Anonymous said...

မmirror.. မကျေနပ်စရာအကြောင်းမရှိပါ။ ဒီလောက်ကောင်းတဲ့စိတ်ကူးလေးတွေကို.. အစ်မရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခြေအနေပေးမယ်ဆိုရင် မောင်လေးလည်း တစ်ဖက်တစ်လမ်းက ပါဝင် ကူညီချင်ပါတယ်။ တစ်နေ့နေ့ မြန်မာပြည်ပြန်ရောက်ရင် စေတနာသက်သက်နဲ့ လာကူညီပါ့မယ်။ အစ်မသာပြောသလို ဖြစ်အောင် အကောင်အထည်ဖော်နိုင်ပါစေဗျာ။း)

kay said...

ညီမရေ- ရေးပေးမှာပေါ့ကွယ်။ ညီမ လုပ်ချင်တဲ့..အိမ်က်တွေကိုလည်း..အားပေးပါတယ်။ စာကြည့်တိုက်ကလေးအတွက်ဆို..စာအုပ်တွေတောင်လှူချင်တယ်။ ကြုံအုံးမယ်ထင်ပါတယ်။

ဒါနဲ့..နောက်လိုက်အုံးမယ်.. ရင်ခွင်ကျယ်ကြီးနဲ့ချစ်သူဆိုလို့..မောင်ဝဏ္ဏကာတွန်းထဲက..အာတာလွတ်မြို့စားကြီးကို..ပြေးမြင်ယောင်နေမိတယ်။း)

စိတ်ကူးလေး ကရိုးသားပြီး ချစ်စရာကောင်းတယ်နော် အစ်မ.အမေသာ သိရင် ဘယ်လောက်ဝမ်းသာမလဲ..
အဲဒိ အချိန်ကျရင် ခေါင်ခေါင့်ကိုလဲ ဆက်သွယ်ပါ...
ကလေးတွေကို အင်္ဂလိပ်စာ.. လူမှုဆက်ဆံရေးပညာ.. ရသအနုပညာတွေ သင်ပေးလို့ရတယ် .. ဟီးဟီး..
ခုထဲက စာရင်းလာပေးထားတာ...

Anonymous said...

စိတ်ကူးတွေက ပြည့်စုံပြီး အဓိပ်ပါယ်ရှိတယ်။မိခင်ကိုသိတက်တဲ့ သမီးအလိမ္မာလေးရဲ့ စိတ်ကူးတွေ အပြင်မှာလည်းတကယ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ် သယ်ရင်းရေ့ “ဝေလေလေ တို့ ခင်ညားး တို့ ဆိုတာဘာကိုပြောတာတုန်းး ။ ဆရာ ငှားရင် ငါ့ကိုပြောနော့်း)

ညီမလေးရဲ့စိတ်ကူးတွေကအရမ်းလှပတဲ့
စိတ်ကူးတွေပါ
အဲဒီစိတ်ကူးအိပ်မက်တွေအားလုံးကိုတနေ့မှာ
အကောင်အထည်ဖော်လာနိုင်ပါစေ.အကောင်အထည်လည်းပေါ်လာနိုင်ပါစေလို့
အလေးအနက်ဆုတောင်းပေးပါတယ်ညီမလေးရေ..

ခင်မင်လျက်..

အရေးတယူလုပ်မေးတဲ့အတွက်ကျေးဇူးပါဗျာ
အိပ်မက်တွေလက်တွေ့ကြပါစေဗျာ
တော်တော်လှတဲ့စိတ်ကူးလေးပါ
ဖြစ်နိုင်ခဲ့ရင်ကျွန်တော်လည်းကူညီချင်ပါတယ်
မိဘကိုသိတတ်တာ၊ဇာတိကိုတိုးတက်စေချင်တာ
အရမ်းကိုကောင်းတဲ့၊မွန်မြတ်တဲ့စိတ်ကူးတွေပါ။
ဟုတ်တယ်ဗျ၊စိတ်ကူးအိပ်မက်မျှော်လင့်ချက်တွေ
သာမရှိရင်ဘ၀ဆိုတာခြောက်ကပ်နေမှာ။
စာကြည့်တိုက်စိတ်ကူးကိုအရမ်းမျှော်လင့်တယ်၊
ကျွန်တော့်မှာလည်းအဲ့လိုရှိလို့လေ၊အကြောင်းသင့်တဲ့အခါကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်မျှော်လင့်ချက်တွေကို
လည်းပြောပြပါမယ်၊

သက်ဝေ said...

ဖြူစင်လှပသော စိတ်ကူးလေးများ
လက်တွေ့ မှာ ညီမလေးဆီ အမြန်ဆုံး ရောက်လာကြပါစေ...

ATN said...

ငါ့ ညီမ စိတ်ကူးတွေ တကယ် ဖြစ်ပေါ်လာပါစေလို့ ဆန္ဒပြုပါတယ်...

အကိုလည်း ပြန်ရေးပေးပြီပြီနော်...

အပေါ်ဆုံးစိတ်ကူးလေး အကောင်းဆုံး။
နယ်ပြန်ချင်တာတောင် ပြန်စရာနယ်မရှိသူမို့ အားကျသွားပါတယ်။
P.S. ခုတော့ လိုက်နေလို့ရဘီ။း))