Tuesday, December 16, 2008

သူမမွေးနေ့

ကျမနဲ့ သူနဲ့ သာမာန်ရိုးကျဆန်စွာပဲ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။
သာမာန်ရိုးကျလို့ ကျမပြောရသည်မှာ သာမာန်လူတွေလိုပဲ သူလိုငါလို တက္ကသိုလ်တက်၊တိုက်ခန်းငှားနေ..၊အိမ်ကိုလွမ်း အဲ့လိုဘ၀ကို ပျော်ပျော်ကြီးပုံမှန်လေးနဲ့ ကျမဖြတ်သန်းနေခဲ့တဲ့ အချိန်မှာ တခြားသူတွေနဲ့ ဆုံတွေ့သလိုပဲ သူနဲ့ကျမတွေ့ခဲ့ကြပါသည်။အဲ့ဒိအချိန်သည် လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကဖြစ်ပါသည်။သို့သော် သူနဲ့ကျမသည် ဘယ်အချိန်မှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာ သေချာမသိသေးပေမယ့် တခြားသော သာမာန်ရိုးကျသူငယ်ချင်းတွေထက်စာရင်တော့ ခုထိအတူတူရှိနေတာကိုကပဲ ကျမကံကောင်းတယ်လို့ပဲ ကျမယုံပါသည်။

ကျမတို့သည် သူများသူငယ်ချင်းတွေလို အ၀တ်ဆင်တူဝတ်၊ဖိနပ်ဆင်တူစီး၊ဆွဲခြင်းတောင်ဆင်တူကိုင်ပြီး ကိုယ်တွေရဲ့ခင်မင်မှုကို ပြသခဲ့ကြသူများလဲမဟုတ်ပါ။
သို့သော် ကျမတို့တစ်ယောက်ကိုတစ်ယောက် ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ သိပ်ချစ်ခင်ခဲ့ကြပါသည်။

သူရော ကျမရော မွေးချင်းငါးယောက်ထဲမှာမှ အငယ်ဆုံးတွေဖြစ်ကြသည်။သူရော၊ကျမရော ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ဆန္ဒပြင်းပြခဲ့ကြသူများဖြစ်သည်။


ကုန်ခဲ့တဲ့ ၅ နှစ်တုန်းထဲက ကျမတို့မှာ တူညီသောခံစားချက်များရှိခဲ့သည်ဟု ထင်ပါသည်။ကျမတို့ရဲ့ တူညီသောခံစားချက်ဆိုသည်မှာ လူတွေထင်ထားကြသလို အငယ်ဆုံးဆိုတိုင်း အလိုလိုက်၊အကြိုက်ဆောင်နေခဲ့ရသည်မှာ ၁၀၀ ရာခိုင်နှုန်းမမှန်ပါဘူးဆိုတဲ့ ကလေးအတွေးလေးတစ်ခုမျှသာဖြစ်သည်။

နောက်ထပ်ကျမတို့ကို နှလုံးသွေးချင်းနီးစေသော အချက်ပေါင်းများစွာ ရှိပါသေးသည်။အဲ့ဒိအများကြီးထဲမှာ ၄ နှစ်တက်ရမယ့်ကျောင်းကို တစ်နှစ်ကျော်လာထဲက စိတ်ဝင်စားမှုလျော့နည်းလာတာ၊
ရှေ့ဆက်ရမယ့် ဘ၀ခရီးအတွက် ကျောင်းမပြီးခင် သုံးနှစ်လောက်လိုကထဲက တွေးမိပီးရင်မောလာတာ၊အဲ့ဒိအချက်တွေက ကျမတို့အတွက် နီးစပ်မှုတွေပိုပြီး အားကောင်းစေခဲ့သည်ဟုထင်ပါသည်။

သူသည် တောကတက်လာတဲ့မအူမလည်ကျမကို လူလောကကြီးနှင့် ဆက်သွယ်ပေးခဲ့သူဖြစ်ပါသည်။အထူးသဖြင့် မြို့ပြလို့ဆိုသော်ငြား အင်မတန်မှ သားရဲတိရိ စ္တာန်တွေပေါလှစွာသော ဟောဒီရန်ကုန်မြို့ကြီးမှာ နေတတ်ထိုင်တတ်ရှိလာအောင်၊လူတောတိုးပီး သွားရဲလာရဲရှိလာအောင် ရှေ့ကနေမားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပေး၊လမ်းပြပေးခဲ့သူဖြစ်သည်။
လူတွေက နင်ထင်သလောက် မရိုးသားဘူးဟုလဲ ခုချိန်ထိပြောနေဆဲဖြစ်သည်။

သူနှင့်ကျမသည် အသက် 17 နှစ်အရွယ်လောက်ကထဲက လက်ဘက်ရည်ဆိုင်ထိုင်တာကို မက်မောတွယ်တာခဲ့ကြသူများဖြစ်ပါသည်...။လမ်းတကာလှည့်ပြီး ရန်ကုန်မြို့မှာ ရှိသမျှလက်ဘက်ရည်ဆိုင်အားလုံးနီးပါးကို ထိုင်ခဲ့ကြသူများဖြစ်ပါသည်။ဘယ်သူတွေဘယ်လိုမေးငေါ့ပါစေ နေချင်သလိုနေခဲ့ကြသူများလဲဖြစ်သည်။ကိုယ်လုပ်ချင်ရာကို ကိုယ်ရဲရဲရင့်ရင့် လုပ်တတ်အောင် သူကကျမကိုမြှောက်ပင့်ပေးခဲ့သူဖြစ်သည်။ကျမကလဲ အပြန်အလှန်မြှောက်ပင့်ပေးခဲ့ဖူးပါသည်။ခုထိလဲ မြှောက်ပင့်ပေးနေတုန်းပင် ဖြစ်သည်။ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲတဲ့သတ္တိတွေကို အချင်းချင်းကြားမှာ အပြန်အလှန်မွေးမြူပေးခဲ့ဖြစ်ကြပါသည်။

ဒါတင်မကသေးပါ။သူသည် ကျမကို စာပေအမျိုးအစားအစုံနှင့်ကဗျာတွေကိုပါ ဖတ်တတ်လာအောင်၊အဲ့ဒီစာဖတ်တတ်၊စာချစ်တတ်တဲ့ နှလုံးသွေးတွေနဲ့ နွေးနေအောင်..တနည်းပြောရရင် ကျမတစ်ဘ၀လုံးစာ စာပေကရလာတဲ့ အားအင်တွေ၊သတ္တိတွေနဲ့ နွေးထွေးနေအောင် စတင်မီးပျိုးပေးခဲ့သူလည်းဖြစ်ပါသည်။
သို့သော် သူနဲ့ကျမသည် ဂျူးဝတ္ထုတွေကိုဖတ်ပြီးတိုင်း ဖတ်ဖတ်မောသည်အထိ ငြင်းရခုန်ရတာလဲ ခုချိန်ထိလွန်ခဲ့တဲ့ ၅ နှစ်ကအတိုင်းပင်ဖြစ်ပါသည်။

သူသည် ကျမနှလုံးသားကို သီချင်းတွေနဲ့ နူးညံ့ပျော့ပျောင်းလာအောင်ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပြန်ပါသည်။မှတ်မှတ်ရရ ကျမမှာရှိသမျှ အခွေတွေအားလုံးလိုလိုသည် သူ့လက်ဆောင်တွေချည်းပဲဖြစ်သည်။
၂၀၀၃ ခုနှစ် နိုဝင်ဘာလတုန်းက ၀ိုင်ဝိုင်းရဲ့ အချစ်ငှက်သီချင်းခွေထွက်ပါသည်။နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကျမအိမ်မှာ အဲ့ဒိအခွေနဲ့အတူ ခရီးသွားငါးယောက်ရဲ့ဒုတိယခွေရောက်နေခဲ့သည်။
သူလာပေးသွားခြင်းဖြစ်ပါသည်။
" 4D ရေ နင်နယ်ပြန်တုန်း ပျင်းရင်နားထောင်ဖို့ အခွေတွေလာပေးထားလိုက်တယ်၊ကျေးဇူးနော် :) " ဆိုပြီးရေးထားတဲ့စာရွက်လေးတစ်ရွက်လဲ ပါပါသေးသည်။
အဲ့ဒိတုန်းက ခံစားရတဲ့ ကြည်နူးမှုမျိုး ကျမနှစ်ခါပြန်ခံစားနိုင်ခွင့်ရှိတော့မှာမဟုတ်ပါ။
သို့သော် သူနဲ့ကျမသည် သ်ီချင်း၊အဆိုတော်ကြိုက်ရာမှာလဲ ဘယ်သောအခါမျှ အကြိုက်ချင်းမတူညီကြပြန်ပါ။
ကိုတိုးကြီးကို သူကမကြိုက်၊ထူးအိမ်သင်ကို တစ်ခွေလုံးအစအဆုံးနားထောင်လို့မရဘူးဟု သူကခဏခဏပြောတတ်သလို ကျမကအသွေးအသားထဲကနှစ်သက်သူဖြစ်ပါသည်။
နှုတ်ခမ်းမွေးစစနဲ့ အဲလက်စ်ကို သူကခရေဇီဖြစ်သလောက် ကျမကတော့ပေါ့လျှပ်သည်ဟုဆိုကာ လက်မခံတတ်သူဖြစ်သည်။ခုခေတ်ထွက်နေတဲ့ ဟစ်ဟော့(ပ်)တစ်ချို့ကို သူကလက်ခံပြီး ကျမကတော့ ကြားရရုံနှင့်ကို အော်ဂလီဆန်လာတတ်သူဖြစ်သည်။

စည်းကမ်းတကျနေချင်တဲ့ ကျမနဲ့ ဖြစ်သလိုနေတတ်သောသူ နေ့တိုင်းနီးပါးလဲ ရန်ဖြစ်ကြပါသည်။ကျမက စိတ်ဆိုးဒေါသထွက်လွယ်သလောက် သူကတော့ အင်မတန်မှ အေးဆေးတည်ငြိမ်လွန်းသူဖြစ်သည်။

သူသည် ကျမကို ယခုဒီစာရေးနေသော ဘလောဂ့်ဆိုတာကြီးနဲ့လဲ မိတ်ဆက်ပေးခဲ့သူဖြစ်ပါသည်။သို့သော် သူသည်စာဖတ်သူသက်သက်မျှသာဖြစ်ပါသည်။
ကိုလူသစ်ဘလောဂ့်က စာများအားလုံးကိုတစ်လုံးမကျန် အရည်ကြိုသောက်ထားသူလဲဖြစ်ပါသည်။ကိုအောင်သာငယ့် ကဗျာတွေကို ရူးသွပ်ပြီး ကိုကောင်းကင်ကို ကဗျာတွေကို ခွင့်ပြူချက်နဲ့ စုထားချင်သည်ဟုလဲ ခဏခဏပြောပါသည်။ကျမဘလောဂ့်ကိုတော့ တစ်ပတ်နေလို့မှ တစ်ခါတောင်လာလည်တဲ့သူတော့ မဟုတ်ပါ။
နောက်ပီး ကျမရေးထားခဲ့သမျှ စာတွေထဲမှာ တောင်ကြီးသွားတဲ့ဓာတ်ပုံတွေပါတဲ့ပိုစ့်က လွဲရင်ဘာကိုမှ အားမရဘူးလို့လဲ အားပေးတတ်ပါသည် :(

သူသည် ကျမကိုစာရေးဖို့ လွန်ခဲ့သော ၅ နှစ်ကျော်ထဲကအတိုင်းခုလဲ အားပေးနေဆဲပါပဲ။သူရဲ့ အထောက်အပံ့သော်မှ မရရှိခဲ့ပါလျှင် ကျမရဲ့ ယခုလိုဘလောဂ့်ပေါ်မှာ စာရေးခြင်းဆိုတဲ့ကိစ္စတစ်ခုလဲဖြစ်လာခဲ့မှာ မဟုတ်လို့ ကျမရဲရဲကြီးယုံပါသည်။

ဧရာဝတီတိုင်းမှာနေပြီး ဇာတိမြို့နဲ့ ပုသိမ်ကလွဲလို့ တခြားဘယ်မှမရောက်ဖူးသော ကျမကို မွေးနေ့လက်ဆောင်အဖြစ် ချောင်းသာခရီးကို ကျမဘ၀မှာပထမဆုံးခရီးအဖြစ် သူမကစီစဉ်ပေးခဲ့ပါသည်။
(အဲ့ဒိတုန်းက ကျမအသက် ၁၉ နှစ်ပြည့်လက်ဆောင်ဖြစ်ပါသည်။)
ခု သူ့ ၂၄ နှစ်ပြည့်မွေးနေ့မှာ ကျမက ဒီစာကိုရေးပီး အလွမ်းဖြေနေမိပါသည်။သူ့အတွက် မွေးနေ့လက်ဆောင်ဟု ကျမဘာသာကျမယူဆပါသည်။

11 Responses to “သူမမွေးနေ့”

Anonymous said...

မေရာ့ လို သူငယ်ချင်းအကြောင်းလေးကို စကားလုံး လှလှလေးတွေ ဘ၀အတွေ့ ကြုံတွေနဲ့ ဖော်ကျူးပေးတဲ့ သူတစ်ယောက်ကို သူငယ်ချင်းတော်ရတာနဲ့ တင် အဲ့အစ်မ ဂုဏ်ယူဖို့ကောင်းနေပြီးဗျ ကျနော့်မှာဆို အဲ့လိုသယ်ရင်းမျိုး ရှိတော့ရှိတယ် ရှားတယ်လို့ပြောရမယ် ။

Happy Birthday
မွေးနေ့မှာပျော်ပါစေ သူငယ်ချင်းနှစ်ယောက်အမြဲ ချစ်၂ခင်၂ ဖြစ်ကြပါစေလို့ဆုတောင်းပါတယ်ဗျာ ။

happy Birthday
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်။ အမလို သူငယ်ချင်းမျိုးရတာ
ကံကောင်းပါတယ်။ နောက်နှစ်သော မွေးနေ့တွေမှာ
သူငယ်ချင်းနှစ်ယောက် မွေးနေ့ပွဲကို ပျော်ရွှင်စွာ
အတူတကွကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ညီမရေ.. သူငယ်ချင်း အတွက်မွေးနေ့အမှတ်တရလေး ရေးပေးတဲ့ ညီမဟာ သူမ အတွက်တော့ သူငယ်ချင်းကောင်းတယောက်ပေါ့။ ကိုယ်ချစ်ခင်တဲ့သူတွေကို ဂရုတစိုက်ရှိတတ်တဲ့သူတွေ က စိတ်ထားလည်းနူးညံ့တတ်တယ်တဲ့။

အကိုလည်း သေသေချာချာမသိတဲ့ ညီမလေး
သူငယ်ချင်း အသက်ရာကျော် ရှည်ပါစေ။

သိပ်တော်တဲ သူငယ်ချင်းကောင်းကို ရထားပါလား၊
ဒါဟာလဲ ဘုရားပေးတဲ့ ကံကောင်းခြင်းလက်ဆောင်ပါပဲ။
သမီးရဲ့ သူငယ်ချင်းမလေး
ပျော်ရွှင်သောမွေ့နေ့များစွာ ပိုင်ဆိုင်နိုင်ပါစေ။

ညီမလေးသူငယ်ချင်းအတွက်ညီမလေးပေးလိုက်တဲ့
မွေးနေ့လက်ဆောင်လေးကိုသူနှစ်သက်မှာပါ..
တန်ဖိုးရှိတဲ့မွေးနေ့လက်ဆောင်ကလေးပါ...

ATN said...

ဒီလို သူငယ်ချင်းတယောက် ရထားတာဟာ...
ရှေးဘ၀က... ကောင်းမှုပေါ့...
အဲလို ပြောရမယ်..

လူတိုင်း...
အဲလို သူငယ်ချင်းတယောက်စီ... ရှိကြမယ်ဆိုရင်...
ဒီကမ္ဘာကြီးဟာ... အတော် လှပသွားမှာပါပဲ...

mirror said...

ကျေးဇူးတင်လိုက်တာ...အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....။


အားလုံးကိုချစ်ခင်လေးစားစွာဖြင့်

Andy said...

ဘဝတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကို လာဖတ်သွားပါတယ်

Anonymous said...

မွေးနေ့ရှင်ကြီးကိုလည်း မတွေ့ရပါလား..
ပျော်ရွှင်မှုများပိုင်ဆိုင်နိုင်ပါစေကြောင်း...

Anonymous said...

နှင်းမုန်တိုင်း ကျနေလို့ အခုမှ နောက်ကျစွာ ဘော်ဘော်ကြီးရဲ့ ချစ်ဘော်ဘော် မွေးနေ့ကို လာဆုတောင်းပါတယ် ...မော်ဒန်ဆန်ဆန်ပေါ့ ဟက်ပီးဘတ်ဒေး ထူမီ ...ထူမီ ....ထူယူ ကရိုးနေလို့။ အချမ်းပြေ အနွေးထည်ခြုံဦးမယ် ချလွမ်...ကလစ်...ဖေါက်...ဂွပ်...ဂလု...ဂလု...ဝှီးး