Thursday, December 25, 2008

အချစ်အကြောင်းစဉ်းစားခြင်း

ဒီနေ့ တစ်နေ့လုံး အချစ်အကြောင်းစဉ်းစားမိနေသည်။
အချစ်အကြောင်းဆိုတော့ အချစ်ဆိုတဲ့ကောင်မလေး သို့မဟုတ် ကောင်လေးအကြောင်းလို့တော့ မထင်လိုက်ပါနှင့်။
လူတို့ အင်မတန်ဖောဖောသီသီအသုံးများသလောက်၊လူတို့ ပြောချင်သလိုပြော၊သတ်မှတ်ချင်သလို သတ်မှတ်ခံနေရသောစိတ္တဇနာမ် အချစ်အကြောင်းသာဖြစ်ပါသည်။

စဉ်းစားဖြစ်တယ်ဆိုတော့ ကျမအသက်ဆယ့်သုံးနှစ်ဆိုတဲ့ သီချင်းထဲကလို မှန်ရှေ့ထိုင်ကာတခိုးခိုးတစ်ခစ်ခစ်ရယ်ပြီးတော့ စဉ်းစားနေတာမျိုးလဲ မဟုတ်ရပါ။

စဉ်းစားဖြစ်စေတဲ့ အကြောင်းရင်းလေးတွေလဲရှိပါသည်။
ကိုအောင်သာငယ်ကြီးတဂ်တုန်းက အချစ်အကြောင်းကိုသေချာ ရေးမပေးလိုက်ရ၊မရေးတတ်တာလဲ ပါပါသည်။
နောက်တစ်ချက်မှာ ကိုယ့်အချစ်ကြောင့် သူတပါးကို စိတ်ကသိကအောက်ဖြစ်ရလောက်အောင်ထိ လိုက်လံနှောက်ယှက်တတ်သော ယောက်ျား၊မိန်းမတို့ကို နားမလည်နိုင်ခြင်းကြောင့်လဲဖြစ်ပါသည်။

တကယ်စဉ်းစားတော့မှ ဒီကိစ္စကအင်မတန်လေးနက်ပြီး အလွန်တရာအဖြေရှာရခက်ပါသည်။
ကျမသည် သိပ်ချစ်တတ်ပါသည်။
တနည်းအားဖြင့် ချစ်တတ်သောနှလုံးသားအကြီးကြီးနှင့် အချစ်တို့နဲ့ပြည့်သော ရင်ခွင်အကျယ်ကြီးကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ချစ်စရာ ကောင်းတာမှန်သမျှကို အကုန်ချစ်ပါသည်။

အချစ်အကြောင်း စဉ်းစားရင်းကပဲ သူနဲ့နံရံပါးပါးလေးတစ်ခုသာခြားပြီး လုံးဝဆန့်ကျင်ဘက်ဖြစ်သော
အမုန်းအကြောင်းထဲကိုပါ စိတ်ရေယာဉ်ကိုမျှောနေမိခဲ့ပါသည်။ရိုးသားပွင့်လင်းစွာ ပြောရရင်အမုန်းတရာဆိုတာကို လူပေါ်လူညွန့်ခူးစားတဲ့လူတွေလောက်ကလွဲရင် ကျန်တဲ့၊အခြားသော ဘယ်နေရာ၊ဘယ်အသိုင်းအ၀ိုင်း၊ဘယ်လူတန်းစားပေါ်တွင်မှ အမုန်းတရားဟူသည်ကို သိပ်ချစ်တတ်သောကျမ မထားတတ်ပါ။
ထားလဲမထားနိုင်ပါ။တကယ်တမ်းကျတော့ အမုန်းတရားသည် မုန်းရသူကိုပါ ပူလောင်စေသည်မဟုတ်လား။ဒီလိုဆိုတော့ အချစ်အကြောင်းလေးပြန်လှည့်မိသည်။


အချစ်ဆိုတာကရော ပကတိငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ပါသလား။ကာလရှည်ကြာစွာ ပေးနိုင်လိမ့်မည်မထင်ပါ။အချိန်အတိုင်းအတာတစ်ခုထိတော့ ပေးကောင်းပေးနိုင်ပါလိမ့်မည်။သို့သော် အဲ့သည်အချိန်အတိုင်းအတာဆိုတာကို ဒါက ငြိမ်းချမ်းမှုလို့ နာမည်တပ်လို့မရစကောင်းပါ။သို့သော် အချစ်ရှိနေတဲ့ဘ၀၊အချစ်ရှိနေတဲ့ ပတ်ဝန်းကျင်၊အချစ်နဲ့ဖြန့်ကျက်တဲ့ ကောင်းကင်အောက်မှာ နေရတဲ့တတင်္ဂအခိုက်အတန့်မှာတော့ ငြိမ်းချမ်းမှုဆိုတာကို အပြည့်အ၀မရခဲ့ရင်တောင် အမုန်းတရားရဲ့ ပတ်ဝန်းကျင်ထက်တော့ အေးမြမှာ အမှန်ပါပဲလေ။

ဒါဆို အချစ်ကြောင့်ပူလောင်ရတာတွေလဲ ထည့်စဉ်းစားဖို့မလိုဘူးလား။သိပ်လိုတာပေါ့နော်။

အဲ့ဒိ အချစ်ကြောင့်ပူလောင်တယ်ဆိုတဲ့ ကိစ္စကို ခင်ဗျားတို့ရော ဘယ်လိုအနက်ဖွင့်ဆိုချင်ပါသလဲ။

တကယ်ချစ်ရင် ပူလောင်ရပါသတဲ့လား။အချစ်ကြောင့်ပူလောင်ခြင်း မဟုတ်တန်ဘူး။အဲ့ဒိပူလောင်မှုသည် အတ္တ၏ အသီးအပွင့်ပင်ဖြစ်ပါလိမ့်မည်။အချစ်ကြောင့် မပူလောင်ပါ။အချစ်သည် ပျော်ရွှင်မှု၊နူးညံ့မှု၊နှစ်သက်မြတ်နိုးမှု အဲ့သည်တစ်ခုခုကိုသာလျင်ပေးနိုင်စွမ်းသော စိတ္တဇနာမ်တစ်ခုဖြစ်ပါသည်။

အချစ်ကြောင့်ပူလောင်ရပြီဆိုရင်တော့ ကိုယ်တိုင်နဲ့ ကိုယ့်ဝန်းကျင်ကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပြီဟု ထင်သည်။အချစ်ကြောင့်ပူုဆွေးသောက ရောက်ရတာ၊အချစ်ကြောင့် ဘ၀ပျက်တာ၊အချစ်ကြောင့် ကိုယ့်ကိုယ်ကိုတိုက်စားခံတာ၊
အချစ်ကြောင့် မူးတာ၊အချစ်ကြောင့် ရူုးတာ၊အချစ်ကြောင့် ဘာကိုမှအမှားအမှန်မခွဲခြားနိုင်တော့တာ၊
စသဖြင့်......အချစ်ကြောင့်ပေါင်းများစွာ။

တကယ်တော့ အချစ်က ဘယ်လိုပူလောင်မှုမျိုးကိုမှမလုပ်တတ်၊မဖန်တီးတတ်ပါ။ဖန်တီးသူသည် ကိုယ်တိုင်သာလျှင်ဖြစ်ပါသည်။
အကယ်လို့များ အဲ့ဒိအချစ်ဆိုတာက သက်ရှိသတ္တ၀ါတစ်ယောက်သာဆိုခဲ့ရင် အချစ်ကြောင့်လို့နာမည်တပ်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးနေကြသူတွေကို အပြစ်တင်နေပါလိမ့်မည်။
(မှတ်ချက်...။အမိမြန်မာပြည်မှာတော့ အဲ့လိုအပြစ်တင်ခံရသူတွေ ဒုနဲ့ဒေးရှိနေကြလိမ့်မည်ဟု ကျမရဲရဲကြီးယုံကြည်ပါသည်)

အချုပ်ဆိုရလျင် အချစ်ဆိုတာ ချစ်တတ်ဖို့သာလိုပါသည်။


10 Responses to “အချစ်အကြောင်းစဉ်းစားခြင်း”

Anonymous said...

အနော်တစ်ကွ.....

Anonymous said...

မှန်လိုက်တာ မmirrorရေ..။
အချစ်က မပူလောင်ဘူး။ ပူလောင်အောင် ဖန်တီးမိရင်တော့ ဖန်တီးသူသာအချစ်ကို မချစ်တတ်လို့ပါ။ အချစ်ဆိုတာ အေးမြသလို နွေးထွေးလုံခြုံတယ်။ အချစ်ကြောင့်အရာရာကို ပြောင်းလဲသွားစေနိုင်တယ်။း)

(ဆရာဂျီးဝင်လုပ်ခြင်း)

kay said...

အချစ်အကြောင်းတွေးမိ နေတယ်လား..ညီမရေ-
း)
ပျော်ရွှင်ဖွယ် ခရစ်စမတ်ကာလနဲ့..နှစ်သစ်ဖြစ်ပါစေ

ATN said...

ချစ်တတ်ဖို့ဆိုတာကလည်း...
ချစ်တတ်တဲ့ နှလုံးသားတခု လိုသေးတယ်လေ...

Merry X'Mas & Very Happy New Year 2009!!!

အချစ်နဲ့တူတယ် အချစ်ကို ပိုင်ဆိုင်ပါစေ ညီမလေးရေ။

အနှစ်ဘဲ...
သိပ်မှန်ပြီးကောင်းတဲ့အနက်ဖွင့်ဆိုချက်လေးပါဘဲညီမ
လေးရေ...ဟုတ်တယ်.တကယ်တော့အချစ်ကမပူလောင်
ပါဘူး..ပူလောင်မှုကိုလူတွေကသာဖန်တီးယူကြတာပါ..
ခင်မင်လျက်...

Anonymous said...

သေချာပြီး နင်ပင်လယ်သွားပြီး ပြန်လာတော့ လမ်းမှာတွေ့ခဲ့တဲ့ အချစ်ဆိုတဲ့ ကုလားလေးအကြောင်းကို အခြေခံပြီးရေးထားတာဟုတ် =) စတာ စတာ အတည်ရေးပြီး အချစ်ဆိုတာ ချစ်နေဖို့ပါပဲ အ တော့ မ အ နဲ့  အသွားရင် အချစ်မဟုတ်တော့ပဲ အလို့ ချစ်သွားတာ အ - ချစ် ဖြစ်သွားလိမ့်မယ် ။ ထင်တာပဲ ငါလည်းသိဘူး ဟဲဟဲ

Mirror said...

ကာတွန်းရာ...တစ်ရလို့ဝမ်းသာရအောင် ငါကသိပ်အောင်မြင်နေတဲ့စာရေးသူကြီးကျနေတာပဲ :)
ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ။

အစ်မကေ..ညီမပြောဖူးသလို ခြေဖနောင့်တော့ သံစူးတော့မှာပဲ..တကယ်ကျေးဇူးတင်ပါတယ်။

ကိုကြီးအောင်သာငယ်..ညီမမှာ အဲ့နှလုံးသားရှိတယ်။ဒါမဲ့အေးခဲနေလားတော့ ပြောတတ်ဘူးဗျ။

ကိုကြီးအောင်...အစ်ကိုရော နော်..။

ကိုကြီးဆောင်းယွန်းလ..မြှောက်တော့ ဒီကနေတောင်နေတတ်တော့ဘူး..:)
Anyway,ကျေးဇူးပါအစ်ကို။

မောင်မျိုး...နင်ကတော့လေ..လုပ်ပြီ ပေါက်ကရ..။


ချီးမြှင့်ကြတဲ့ မောင်နှမများအားလုံးကျေးဇူးပါ။

emayarKhin said...

အမှန်တွေချည်းပဲရေးသွားတယ်နော်....

အချစ်ဆိုတာ ဒီလိုမျိုးလား
ကိုယ်ဖာသာ ပူလောင်အောင်လုပ်နေကျတာပေါ့
မှန်တယ် မှန်၏ ထောက်ခံ၏။