သူငယ်ချင်းရဲ့ အမေကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုလိုက်ပို့ပေးပြီး
ကိုယ့်နေရာပြန်ရောက်တော့ 7 နာရီခွဲပြီ။မနက်စာနဲ့ညစာပေါင်းစားဖို့စောင့်နေတဲ့
ဗိုက်ကလဲ သိသိသာသာကိုအောင့်ပြနေပြီ။
ဒီနေရာမှာ စားစရာကလဲ ပြောလောက်စရာ၊မက်မက်မောမောဘာမှမရှိပါ...။
ကတ်ကြေးကိုက် စားရင်ကောင်းမလားဆိုပြီးဆိုင်နားကပ်သွားမိတော့ သူ့ဘေးနားက အမှိုက်ပုံနံ့က
တော်တော်လေးနံနေတယ်...(ဒါတောင်ကျမက နားရောဂါနဲ့ရောပြီး အနံ့ခံပါမကောင်းတော့တဲ့သူ)
မဖြစ်သေးပါဘူး၊တော်ကြာ စားနေရင်းထအန်မှဖြင့်..ဆိုပြီး...နဲနဲဆက်လျှောက်လာ...
Moon Bakery ဆိုတာတွေ့တယ်..ဈေးကြီးပြီး ကြာလဲကြာတယ်..ဆက်ဆံရေးလဲမပြေပြစ်ဘူး။
ပယ်လိုက်တယ်...ထမင်းကြော်တစ်ပွဲဆို 2200 လားမသိဘူး။
အဓိကအကြောင်းရင်းကတော့ ဈေးကြီးလို့ပါ...။
သူ့ဘေးက အကင်ဆိုင်မှာ အကင်စားမယ်လို့ဆုံးဖြတ်ပြီး ၀င်လိုက်တယ်...
ကျမဈေးမေးတယ်...ဒါဘယ်လောက်လဲ..ဒါပေမယ့် ဘလောက်စ်အနီရောင်နဲ့ ရွှေဆွဲကြိုးနဲ့အစ်မကြီးက
ကျမဆီအာရုံရောက်မလာဘူး။သူ့ဘေးက ရွယ်တူအစ်မကြီးတစ်ယောက်နဲ့စကားပြောနေတယ်.....
2 မိနစ်လောက်ကြာသွားတယ်...ကျမဘက်ကိုစိတ်မရောက်သေးဘူး။
ဆိုင်သိမ်းခါနီးဖြစ်လို့နေပါလိမ့်မယ်...ကျမစောင့်နေလိုက်တယ်....
သူတို့ဘာတွေပြောနေလဲမသိ၊
ဧည့်သည်အစ်မက ပြန်တော့မယ်လို့ပြောသံကျမှစကားသံကကျယ်လာတယ်...
ကျမလဲ အဲ့စကားကျမှကြားတော့တယ်...
အဲ့ဒိအချိန်မှာ အသက် 15 နှစ်လောက်ရှိတဲ့ ကောင်လေးငယ်ငယ်လေးတစ်ယောက်က
ဧည့်သည်အစ်မနားကပ်သွားပြီး ပြောလိုက်တယ်...ကျမကြားလိုက်တယ်....
သားပျော်ရင် ဆက်နေမယ်...မပျော်ရင်တော့မနက်ဖြန်နေ့လည် 12နာရီဖုန်းဆက်မယ်...
ပြန်လာခေါ်တဲ့...
ကျမသိလိုက်ပြီ...လိုက်ပို့တဲ့အစ်မကြီးက ကောင်ကလေးနဲ့ဘာမှမတော်ဘူး....
သူ့မှာလဲ ယောက်ျားနဲ့ သားလေး 2ယောက်လဲပါလာသေးတယ်...
"အေးပါ..အေးပါ..အစ်မဒါဆို မပေးနဲ့ဦးပေါ့.အခြေအနေကြည့်လိုက်ဦးလေ "ဆိုပြီး
ကားပေါ်တက်သွားတယ်....
ကောင်ကလေးပုံက သပ်သပ်ရပ်ရပ်ရယ်ပါ...။
ဆံပင်လေးကို တိတိပပညှပ်ထားတယ်....
မနေ့ကဒါမှမဟုတ် ဒီနေ့မှညှပ်ထားသလိုမျိုး၊ရှပ်လက်တိုလေးနဲ့...
ပုဆိုးကွက်စိပ်လေးနဲ့.....
မျက်နှာလေးက ပကတိအရိုးအစင်းသား...။
သူ့ရင်ထဲရှိတာ သူပြောလိုက်တာပါပဲ....
ဒါပေမယ့် အစ်မကြီးတွေကတော့ ပိုက်ဆံလွန်သွားမှာကိုသာ စိုးရိမ်နေပုံပါ.။
ကျမလဲမှာစရာရှိတာမှာပြီး ကင်နေတာကိုစောင့်ရင်းက ကောင်လေးမျက်နှာကို
အသေအချာလိုက်ကြည့်နေလိုက်တယ်....။သူ့မျက်နှာပေါ်မှာဘာတွေထင်ဟပ်နေမလဲ...
ဘာတွေအရောင်ပြောင်းလဲသွားမလဲ...
အလုပ်လုပ်တဲ့နေရာမှာများ..တစ်ခုခုပြောင်းလဲသွားမလား...
ပန်းကန်ခွက်ယောက်တွေကို ဆောင့်အောင့်ချတာမျိုး...ဘာမျိုးပေါ့...
ကောင်ကလေးကတော့ အေးအေးဆေးဆေးပဲ၊ပြုံးသလိုတောင် ကျမထင်တယ်။ဘာမှမဖြစ်ဘူး။
သူ့ပုံစံက သူမလုပ်နိုင်တာ၊လုပ်နိုင်တာကို သူ့ ရပိုင်ခွင့်တွေ၊သူ့အလုပ်ချိန်တွေ၊
သူ့အလုပ်ရှင်ရဲ့ ဆက်ဆံရေးတွေကို ထည့်သွင့်စဉ်းစားနေပုံလဲမရဘူး၊
ဒီကြက်ကင်ဆိုင်မှာ အလုပ်ဆက်လုပ်၊မလုပ်ဆိုတာက သူပျော်လား၊မပျော်လားဆိုတာပေါ်မှာပဲ
မူတည်တယ်.ထင်ပါရဲ့....။
သူကအေးဆေးသလောက် ဆိုင်ရှင်အစ်မကြီးကတော့ စရံတောင်မချရသေးတဲ့
အလုပ်သမားအသစ်စက်စက်လေးကို ပဒေသာပင်(Briefing)တွေဝေနေပါပြီ...။
" ပျော်တယ်မပျော်ဘူးရှိမလား။ပိုက်ဆံရဖို့လုပ်တာပဲ...ပိုက်ဆံလိုချင်ရင်တော့
ပျော်ပျော်၊မပျော်ပျော်လုပ်ရမှာပဲ....တကထဲ...သူတို့များ..စားစရာသာမရှိရှိရမယ်...
လေသံကတစ်ပြားသားမှမလျှော့ဘူး" ...စသဖြင့်..စသဖြင့်......
ကျမဆက်မကြားချင်တော့ပါဘူး....ကောင်ကလေးလခဘယ်လောက်ရမှာလဲ။
သူရတဲ့ငွေကြေးကရော....သူမိသားစုစားဝတ်နေရေးအတွက် ဖူလုံပါ့မလား...
သူကိုယ်တိုင်ကရော..မိသားစုစားဝတ်နေရေးအတွက်
ကိုယ့်အသိနဲ့ကိုယ် ရုန်းကန်ပေးဖို့စိတ်ဆုံးဖြတ်ထားတဲ့ကလေးလား...။
သူမှမလုပ်ရင် သူ့အောက်က ညီလေး၊ညီမလေးတွေက ငတ်နေမှာလား.....
ကျမအတွေးတွေက အဆုံးမသတ်တော့.....
ထူးမခြားနား ဘာကိုဒေါသထွက်မှန်းမသိတဲ့စိတ်တွေကလဲ..
ဟိုကဒီကတဖွားဖွားထွက်လို့......
မနက်ကတုန်းက ကျမကအိပ်ယာထကာစ၊ဘေးနားရှိတဲ့ ဆရာမဂျူးရဲ့
မောင်တို့ယောက်ျားတွေ ဆိုတဲ့ရုပ်ရှင်ဆောင်းပါးကိုဖတ်နေတုန်းမှာပဲ
ဦးလေးက DVB ရုပ်မြင်သံကြားကို အကျယ်ကြီးဖွင့်ထားတာ။တစ်ချက်ကြားလိုက်တာ....
နိုဝင်ဘာ 20 ဟာ ကမ္ဘာ့ကလေးများနေ့...တဲ့...
နိုင်ငံတကာကလေးတွေနဲ့ မြန်မာပြည်ကကလေးတွေကြား ကွဲပြားခြားနားချက်တွေကို
ထောင့်စုံကနေတင်ဆက်သွားခဲ့တာ...။တိုင်းရင်းသားကျေးရွာက ကလေးအလုပ်သမလေးကို
မေးထားတာတောင်ပါသေးတယ်ထင်တယ်....
(တကယ်တော့ အဲ့ဒိအစီအစဉ်က တစ်ပတ်စာပြန်လည်တင်ဆက်ခြင်းဆိုတာမှာ
ပါတာလို့ထင်ပါတယ်...ကျမမသေချာပါ)
နားထောင်ရင်းရင်တွေမောနေတုန်း....
ကိုထူးအိမ်သင်မဆုံးခင်လေးမှာတင် တူးတူးပွဲမှာသူအပါအ၀င်ပေါ့..... ဆိုသွားတဲ့သီချင်း....
"နိုင်ငံတကာရင်သွေးလေးတွေ အများအပြားဟာ ကံဆိုးနေရရှာတယ်လေ........
တာဝန်ပျက်သူတွေဟာ..ပေါ့ဆခြင်းလက်နက်နဲ့ ကလေးတို့ရဲ့ ဇီဝိန်အသက်ကိုခြွေခဲ့ပြီ......."
ဆိုပြီး အစီအစဉ်ကိုအဆုံးသတ်ထားခဲ့တယ်...။
အကင်ဆိုင်မှာတွေ့ခဲ့တဲ့ ကောင်ကလေးကို မနက်ဖြန်ညကျရင်
ကျမသွားချောင်းကြည့်လိုက်ဦးမယ်.....
တွေ့ရင်တော့ သူပျော်တယ်ပေါ့၊မတွေ့ရတော့ဘူးဆိုရင်တော့ သူမပျော်ဘူးပေါ့...
ဒီလိုပဲ သတ်မှတ်လိုက်ရတော့မပေါ့....။
သူ့အတွက် ရွေးချယ်ပိုင်ခွင့်ဆိုတာတွေ မရှိဘူး၊
သူ့အတွက် အခွင့်အရေးဆိုတာ ဘာမှန်းမသိဘူး၊
ခေတ်ကပြဌာန်းပြီးသား အခြေအနေတစ်ခုမှာ....သူ့အတွက်အနာဂတ်ဆိုတာ
သူရပ်နေတဲ့ကတ္တရာလမ်းမပေါ်မှာ
နေပူလွန်းရင်ဖြစ်လာတတ်တဲ့ အခိုးအငွေ့တွေလိုပဲ...၀ါးတားတားပဲ...............။
တာဝန်ပျက်သူတွေဟာ ပေါ့ဆခြင်းလက်နက်နဲ့.....................
ကျမ မနက်ကကြားခဲ့ရတဲ့သီချင်းလေးပြန်ညည်းပြီး ထွက်လာခဲ့တယ်....
မနက်ဖြန်ညကျရင် အကင်ဆိုင်ကကောင်ကလေးကိုသွားကြည့်ဦးမယ်
စိတ်ကူးတယ်...................။