Sunday, August 23, 2009

ရောဂါနှင့်ခွဲခြားဆက်ဆံခြင်း


ကျမ တက္ကသိုလ်ကျောင်းသူ တတိယနှစ်ရောက်လို့ ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့ ဆေးရုံတွေမှာ လက်တွေ့ဆင်းဖို့ သွားရနေရပြီ ဆိုတာသိသိချင်းမှာပဲ ကျမအစ်ကိုက စကားတစ်ခွန်းပြောပါတယ်...။

" ညီမ ..နင့်ကိုဆေးကုတုန်းက တို့မောင်နှမ၊သားအမိတွေ ဘယ်လောက်ထိ မျက်နှာငယ်အောက်ကျို့ခဲ့ရလဲ နင် မှတ်မိသေးတယ် မဟုတ်လား။ ဒီတော့ ခုနင်ဆက်ဆံရတဲ့လူတွေဟာ မမာလို့သာ ဆေးရုံဆိုတဲ့ နေရာမျိုးကို ရောက်လာတယ်ဆိုတာ ကိုဘယ်တော့မှ မေ့မထားနဲ့ "တဲ့....။

ကျန်းမာရေးဝန်ထမ်းဆိုတော့၂ နှစ်လုံးလုံး ဆေးရုံပေါင်းများစွာမှာလူနာပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ ရတယ်။

ပြည်သူ့ဆေးရုံ အမည်ခံထားတဲ့နေရာတွေဆိုတော့လဲ မျက်နှာမွဲပေ့ဆိုတဲ့ ပြည်သူတွေနဲ့ပဲ ကြုံရတာပေါ့။
မကြေးမုံ ဘယ်လောက်ထိ ကိုယ်ချင်းစာခဲ့သလဲဆိုရင် အဲ့ဒိအလုပ်ကို တစ်သက်လုံး ဘယ်တော့မှ လုပ်မစားတော့ဘူးလို့ လက်တွေ့ဆင်းဆင်းချင်းနှစ်မှာပဲ ကြွေးကြော်ခဲ့တဲ့အထိ။

+++++++++++++++++++++++++++

ဒါပေမယ့် ဘ၀ပေးကုသိုလ်က အဲ့ဒိကျန်းမာရေးအသိုင်းအ၀ိုင်းနဲ့ မလွတ်ကင်းရဘူး။ ကျောင်းပြီးလို့ အလုပ်ဝင်တော့ နေထိုင်မကောင်းတဲ့လူနာတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အလုပ်ပဲ ဖြစ်ခဲ့ပြန်တယ်။

HIV ပိုးကူးစက်ခံထားရတဲ့ လူတွေနဲ့ စကားထိုင်ပြောရတဲ့အလုပ်ပေါ့။ ရာထူးနာမည်ကတော့ အနက်ကို အကျယ်ဖွင့်ရင် ဖွင့်သလောက် ကျယ်ပြန့်တယ်ဆိုရမယ်။ ဒါမယ့် ကိုယ့်ကိုယ်ကိုယ်မို့ မညှာမတာ ပြောရရင်တော့ " အာ" ပေါ့လေ။

တစ်နေ့တစ်နေ့ပါးစပ်ပေါက်လေးတစ်ခုထဲ အားနဲ့ အာပဲနေရတာ..။ ပါးစပ်လှုပ်နိုင်ဖို့အတွက် ပါးစပ်လှုပ်မှ ရတဲ့ အလုပ်ပေါ့။

အဲ့ဒိမှာ လုပ်ခဲ့တဲ့အချိန်အတွင်း လေ့လာမိသလောက်ကတော့ သူတို့တွေက တခြားရောဂါသည်တွေနဲ့ ဘာမှထူးပြီး ကွဲပြားခြားနား မနေပါဘူး။ နှလုံးရောဂါ၊သွေးတိုးရောဂါဆိုတာမျိုးကမှ ဘုံးကနဲ ချက်ချင်းလဲကျ သေဆုံး သွားနိုင်သေးတယ်။ HIV ရောဂါသည်တွေမှာ အဲ့လိုနည်းနဲ့ သေဆုံးတာမတွေ့ဖူးသလောက်ပါပဲ။

သူတို့ဟာ သာမာန်ကျန်းမာတဲ့ လူတွေနဲ့ ဘာမှမကွာခြားပါဘူး။ တန်းတူ နေနိုင်၊သွားနိုင်၊စားနိုင် နေနိုင်ကြပါတယ်။

ဒါမယ့် သူတို့မှာ အင်မတန်မှကြီးမားတဲ့ ပြသနာတစ်ခုက အားလုံးသိပြီးတဲ့အတိုင်းပဲ ကိုယ့်ရောဂါကို လူသိမခံဝံ့တာပါ။

လူကောင်းတစ်ယောက်လိုပဲ သန်မြန်နေသေးတဲ့လူတစ်ယောက်မှာလဲ အိပ်ယာထဲဘုန်းဘုန်းသားလဲနေတဲ့ လူနဲ့မကွဲပြား၊တူညီတဲ့ ခံစားချက်တွေ ရှိနေတယ်။ အမှန်တော့ကိုယ်ကလူကောင်းပဲ၊ကိုယ်ကမှထုတ်ဖော် မပြောရင် ဘယ်သူကမှ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာ မသိနိုင်ပေမယ့် သူတို့မှာ အဲ့ဒိလိုကျောမလုံတဲ့ စိတ်ရဲ့ ဖိစီးမှုတွေနဲ့ပဲနေကြရတယ်…။ အဲ့ဒါတွေဟာ ဘာကြောင့်များလဲ..။ လူသားတစ်ဦးကို အရာရာမှာ တွန့်ဆုတ်နေအောင် ဘယ်လို အကြောင်းအရာတွေကများ ဖန်တီးလို့နေပါသလဲ။ သေချာနဖူးပေါ် လက်တင်ပြီး စဉ်းစားကြည့်ချင်စရာပါ။

ကျမရလိုက်တဲ့အဖြေက ရိုးရိုးလေးပါပဲ။သူကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်ပါ။

သူကိုယ်တိုင်ကိုအဲ့လိုအားငယ်တဲ့စိတ်၊သိမ်ငယ်တဲ့စိတ်ကိုဖြစ်အောင်ဖန်တီးပေးတာကသူ့ပတ်ဝန်းကျင် ဖြစ်တယ်။

သူ့ပတ်ဝန်းကျင်က လူတွေ သူ့အပေါ် အဲ့လိုမြင်လာအောင်၊ခွဲခြား ဆက်ဆံလာအောင်၊သူ့ကို လူထူးလူဆန်း လို၊မကောင်းဆိုးရွားလို၊အကျင့်ပျက်၊အကျင့်ယုတ်လို၊ လူတန်းစားတရပ်အနေနဲ့ ခွဲခြားသတ်မှတ်ပြီး မျက်လုံး အရောင်တွေ ပြောင်းကြည့်တတ်အောင် သင်ကြားပေးတာက ကျမတို့မြန်မာပြည်က လှိုင်လှိုင်ကြီးဝေငှနေတဲ့ တလွဲ ဆံပင်ကောင်း ပညာပေး၊ အသိပေးမှု ပုံစံတွေကြောင့်ပါပဲ...။

++++++++++++++++++++++++


လမ်းဆုံလမ်းခွတိုင်းမှာ အေအိုင်ဒီအက်စ် ရောဂါကုရာနတ္ထိဆေးမရှိပါ။ တစ်လင်တစ်မယားစနစ်ကို လိုက်နာပါ။ မိမိအိမ်ထောင်ဘက်ကို သစ္စာရှိပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှရှောင်ကြဉ်ပါစတဲ့ စာတွေနဲ့အတူ အရိုးခေါင်းပုံတွေ၊ အရိုးပေါ်အရေတင် လူနာပုံတွေ၊ မီးခိုးတစ်လူလူထွက်နေတဲ့ အရိုးပုံတွေ၊ဆေးလိပ်ခဲနေတဲ့ လူပုံတွေနဲ့ အထင်းသား၊ အလင်းသား သတင်းပေးမျှဝေထားတဲ့ ချိုးချိုးဖဲ့ဖဲ့ စိတ်ခံစားမှုဖြစ်စေတဲ့ ပညာပေး လှုံ့ဆော်မှုပုံစံတွေကို အားလုံးမြင်ဖူးကြမှာပါ။ (မှတ်ချက် ဒီဘက်နှစ်တွေမှာတော့ အဲ့ဒါမျိုးတွေ မတွေ့ ရတော့ပါဘူး။သို့သော် အင်းစိန်တို့၊ လှိုင်သာယာတို့ ဘက်တွေမှာတောင် တစ်ခုတစ်လေ ကျန်နေတုန်း၊ တွေ့နေရတုန်းပါပဲ )

+++++++++++++++++++++++++++


ဦးတည်ချက် ၁၂ ရပ်ကို ဘယ်တုန်းကမှ အစအဆုံးမကြည့်ပဲ ကျော်ပစ်တတ်ကြတဲ့ မြန်မာတွေကို အဲ့ဒိထဲက တစ်ချက်၊ နှစ်ချက်လောက်ကို အစပြုပြီး ဆိုခိုင်းကြည့်ပါ။ သူတို့ အဆုံးထိ ဆိုပြနိုင်ပါလိမ့်မယ်။ အဆုံးမဟုတ်ရင်တောင် အဲ့ဒါတွေက ဘာကိုပြောချင်တာလဲဆိုတဲ့ အချက်လောက်တော့ သူတို့ခန့်မှန်း တတ်ကြမှာပဲ။ အဲ့ဒါဟာ အမြဲတမ်းထိတွေ့မှုရဲ့ ရလဒ်ပေါ့။ကျော်တော့ ကျော်တာပဲ၊ဒါပေသည့် ရီမုတ်ကွန်ထရိုး ဘယ်နား ချထားမိမှန်း မသိလို့၊ ဒါမှမဟုတ်လဲ အသံကိုအရင်တိုးနေလို့ စသဖြင့်ပေါ့။

တစ်ခေါက်တစ်မျိုးမရိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ပဲ အဲ့ဒါကြီးကိုမကြားချင်လဲကြားနေရတတ်တာပဲ။

ကြားပါများတဲ့အခါမှာနားယဉ်လာတယ်၊မျက်စိယဉ်လာတယ်၊နောက်ဆုံးစိတ်နှလုံးသားမှာပါယဉ်ပါးလာတာပဲ။

++++++++++++++++++++++++


အခုလိုမျိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်နေခဲ့တာပေမယ့် ဗမာပြည်မှာလွန်ခဲ့တဲ့ဆယ်နှစ် ကျော်ကမှ ရောက်ရှိကြောင်း အတည်ပြုကြေငြာခဲ့တဲ့ လူထုနဲ့အင်မတန်မှ နားစိမ်းနေတဲ့ အဲ့ဒိ HIV ရောဂါပိုးကို အထက်က ပြောသလိုမျိုးတွေနဲ့ အသိပေး၊ ပညာပေးလေတော့…….ရလာတဲ့ နောက်ဆက်တွဲ ကြောက်ခမန်းလိလိ ပြသနာတွေကိုတော့ ဘယ်ဒေတာ၊ဘယ်စစ်တမ်းမှာမှ ဖော်ပြထားတာ မတွေ့ရ သေး ပါဘူး။

အဲ့သလို ခွဲခြားဆက်ဆံခံရလို့ ညှိုးငယ်သိမ်ငယ်ရတဲ့ အဖြစ်ကိုလူဆင်းရဲမျက်နှာမွဲတွေမှာ အလူးလူး အလိမ့်လိမ့် ခံရတာပါ။ လူကဆင်းရဲသလို စိတ်အဆာကို ဘယ်တုန်းကမှ မဖြည့်ဆည်းနိုင်ခဲ့တဲ့ မျက်နှာမွဲတွေမှာ သာ မဆန့်မပြဲ ခါးစည်း ခံရတာပဲ။

++++++++++++++++++++++++++++++


မနှစ်တုန်းက နယ်မြို့လေး တစ်မြို့ကို ရောက်နေချိန်၊ အဲ့ဒိမှာ အသုဘဟစ်သံကြားတော့ ကိုယ်စားနေတဲ့ မုန့်ဟင်းခါးဆိုင်ကနေ ကြားရတဲ့သတင်းက သေဆုံးတာ တစ်ယောက်မဟုတ်ဘူး။ ၂ ယောက်နဲ့တစ်ဗိုက်တဲ့။ အမေနဲ့ သုံးနှစ်အရွယ် ကလေးငယ်၊ပြီးတော့ဗိုက်ထဲက တစ်ယောက်၊အမေလုပ်သူက အကြီးကလေးကို သူကိုယ်တိုင်ရေနှစ်သတ်တယ်၊ပြီးတော့ သူ့ဗိုက်ရောသူပါ ရေနှစ်ပြီး သေပစ်လိုက်တယ်။ကိုယ့်ရင်သွေးနှစ် ယောက်လုံးကိုရော၊ကိုယ်တိုင်ပါ အဆုံးစီရင်ပစ်လောက်တဲ့အထိ ဘယ်လို အကြောက်တရား၊ အရှက်တရားတွေ ကများ သူ့ကိုတွန်းအားပေးလိုက်ပါသလဲ…။ကျမဖြင့်တွေးလို့တောင် မရပါဘူး။

ဒီနေရာမှာ အရှက်တရား အရှိန်မြင့် ကြီးထွားလာအောင် အဓိကပုံဖော်ပေးတာက အသိပညာမရှိမှုလို့ ကျမ ယူဆပါတယ်။ ရောဂါပိုးကို သယ်ဆောင်လာသူ အမျိုးသားက မိန်းမကို အသိပေး၊ မိန်းမက ရှက်၊ကြောက်၊အားငယ်၊ ရင်သွေးတွေအတွက် စိုးရိမ်ပူပန်၊ယောက်ျားလုပ်သူက တုံဏိဘာဝေ၊ဒီလိုနဲ့ မိန်းမက ကိုယ့်ကိုယ်ကိုယ်ရော၊ရင်သွေးတွေပါ အဆုံးလုပ်ပစ်လိုက်၊ယောက်ျားက နှစ်နှစ်နီးပါးရှိလာတဲ့ ခုချိန်ထိ နေကောင်းကျန်းမာတုန်း၊ အခြေအနေဟန်ရင် နောက်ထပ် အိမ်ထောင်တစ်ခုထပ်မပြုဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ရင်သွေးနှစ်ယောက်ရတဲ့အဖြစ်ထိ နီးစပ်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ပေမယ့် သူတို့နှစ်ယောက်ကြားမှာကိုပဲ အသိဥာဏ် ကွာခြားမှုတွေရှိနေတုန်းပါလားလို့ အသိတရားသစ် တစ်ခု ထပ်မှတ်လိုက် ရလေမလား။

မြန်မာပြည်မှာ အခြေခံ ပြည်သူလူထုကို ယေဘုယျအားဖြင့် ခွဲခြမ်း စိတ်ဖြာကြည့်မိတယ်။ အခြေခံ ပြည်သူလူထုဆိုရာမှာ ဆင်းရဲသား လူထုကို ဆိုလိုတာဖြစ်ပါတယ်။အဲ့ဒိမှာ အမျိုးသမီးတွေထက် အမျိုးသားတွေက အသိဥာဏ်ပိုကြတယ်။ ဟင်းရွက်စိမ်းရောင်းတဲ့ အမျိုးသမီးနဲ့ ဆိုက်ကားနင်းတဲ့အမျိုးသား ဘယ်သူက ဂျာနယ်၊မဂ္ဂဇင်း၊စာတိုပေစနဲ့ ပိုနီးစပ်လိမ့်မလဲ..။လယ်ထဲ၊ယာထဲကိုအလုပ်သွားတဲ့ အမျိုးသားနဲ့ အိမ်မှာ ကလေးတွေနဲ့ကျန်နေခဲ့တဲ့အမျိုးသမီး ဘယ်သူကအကြောင်းအရာတစ်ခုကို တွေးဖို့၊စဉ်းစားဆင်ခြင်ဖို့ အချိန်ပိုထွက်လာလေမလဲ…။ ပုဆိုးချက်လျှောစီး၊ခုံဖိနပ်တဂွပ်ဂွပ်နဲ့လမ်းသလားနိုင်တဲ့ လူပျိုပေါက်နဲ့ အိမ်မှာ နှုတ်ခမ်းနီ၊ပါးနီခြယ်နေတဲ့ အပျိုပေါက်..ဘယ်သူက ဗဟုသုတပိုကြွယ်နိုင်မလဲ….။ ဒါဟာ ယေဘုယျဆန်တဲ့ နှိုင်းယှဉ်မှုတစ်ခုပါ။

အဲ့လိုမတူညီတဲ့ အခြေအနေတွေကပဲဘ၀တွေကိုဖန်တီးပေးလိုက်ကြတယ်။
ဒါကြောင့်မို့လဲ အိမ်ထောင်တစ်ခုမှာ အများဆုံးမှာ အမျိုးသားက စတင်သယ်ဆောင်လာသူ ဖြစ်ပေမယ့် ရောဂါကြောင့် ကျပြီဟေ့ဆိုရင်အမျိုးသမီးကသာ အရင်ဆုံးကျတာဖြစ်တယ်။

တစ်ခုထဲ ကောက်ချက်ဆွဲမယ်ဆိုရင်တော့ ခွဲခြားဆက်ဆံမှုဒဏ်ကို အင်မတန်အရှက်အကြောက်ကြီးတဲ့ မြန်မာမတွေ မခံနိုင်ကြဘူး။ ဒီရောဂါသည် ရှက်စရာ၊ကြောက်စရာရောဂါမဟုတ်ဘူး။ကုသလို့ရတယ်စသဖြင့် မသိကြဘူး။ သူတို့ဆီသယ်လာတဲ့ ခင်ပွန်းတွေရဲ့သိက္ခာတရားအတွက်ပါ ပူပန်လိုက်ကြ သေးတယ်။

+++++++++++++++++++++


အခုလဲ အားလုံးသိကြပြီးတဲ့အတိုင်းပဲ မြန်မာပြည်ကို တစ်ကမ္ဘာလုံးထက် ရက်ပေါင်းများစွာ နောက်ကျပြီးမှ ၀က်တုပ်ကွေးဆိုတဲ့ရောဂါ ရောက်လာတယ်။ ကောက်ရိုးမီးလိုပဲ ဟုန်းခနဲနဲ့ နေရာတကာမှာ နှာခေါင်းစည်းတွေ ခေတ်ထ လာပြန်ရော၊နှာခေါင်းစည်းတွေလဲ ပြတ်လပ်၊ ဆေးခန်းတွေက ဖျားတဲ့လူတိုင်းကို လက်မခံ၊ ပြည်တွင်း သတင်းမီဒီယာမျိုးစုံက အမျိုးစုံတွေတင်ပြကြ၊အချင်းချင်းလဲခတ်မိကြ၊သတင်းရဲ့ အရင်းမှန်က လမ်းခုလတ်မှာ ပျောက်ဆုံး။ ကျမတို့က ဘယ်ဟာကိုယုံရမယ်မှန်း မသိ၊အမိမဲ့သား ရေနဲငါး ဖြစ်မြဲသာဖြစ်။ တကယ်ဖြစ်နေတဲ့၊ ခံစားနေရတဲ့သူက ဘယ်မှာလဲ၊ဘာတွေလုပ်ပေးပြီးပြီလဲ ဆိုတာလဲ မသိရ။

ဖြစ်တယ်လို့သံသယရှိတဲ့သူကို ဝေဘာဂီတန်းပို့ကြောင်း၊ရောဂါပိုးရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့လူ နာမည်ကြီးဖို့သာ ပြင်တော့၊ သတင်းဓာတ်ပုံယူတဲ့လူ နာမည်ကြီးဖို့သာပြင်တော့။ ထည့်ပြကြလိ့မ်မယ် လှိုင်လှိုင်ကြီး၊ ထည့်တာကိစ္စမဟုတ်၊မှန်လား မမှန်လားမသေချာ၊ အဲ့ဒီရောဂါပိုးကူးစက်ခံရသူကို ပုံမှန်မျက်လုံးနဲ့ကြည့်တတ်အောင် တပါထဲမပြောတာ ကိစ္စ။

ကိုယ်တောင်မှ ၀မ်းလျှောရင်းဖျားတာကို ငါ့များတုပ်ကွေးကူးပြီးလားလို့ စိုးရိမ်စိတ် ၀င်မိတဲ့အထိ။

ရေးမိတာတွေများသွားပြီ။ ဘာရယ် မဟုတ်ဘူး။ draft အနေနဲ့သိမ်းထားတာ တုပ်ကွေး မြန်မာပြည် ရောက်စထဲက၊ ခုမှပြန်တင်ဖြစ်တော့တယ်..။ သည်းခံပြီးဖတ်ပေးတာ အားလုံးကိုကျေးဇူး။

8 Responses to “ရောဂါနှင့်ခွဲခြားဆက်ဆံခြင်း”

yangonthar said...

ပတ်ဝန်းကျင်ကြောင့် ပျက်သုဉ်းရတဲ့ ဘဝတွေ
ပေါ့ မကြေးမုံရယ် အကြောင်းတွေကတော့
အများကြီးပေါ့ လိုအပ်နေတာတွေ ဖြည့်ဆည်း
ရမှာတွေလည်း အများကြီးပေါ့ ..... တစ်ခါတစ်ခါ ဘာမဟုတ်တဲ့ အရှက်အတွက်
(အရှက်ဆိုတာ သူ့ နေရာနဲ့ သူ အရေးကြီး မယ်ထင်ပါတယ်) သေဆုံးကြရတဲ့ အသက်
တွေ ပျက်ဆီးကြရတဲ့ဘဝတွေ တွေ့ တိုင်းမြင်
တိုင်း ကြားတိုင်း စိတ်ဆင်းရဲရတယ် ...
နောက်ဆုံးတော့ ကျနော်တို့ ရောက်နေတဲ့ 
နေရာတစ်ခုကနေ ကိုယ်လုပ်ပေးနိုင်တာ
လေး တစ်ခုခုပေါ့လေ သတိပေးစကားလေး
ပဲဖြစ်ဖြစ် သတင်းလေးတစ်ခုခုပဲဖြစ်ဖြစ်
အနည်းဆုံး ကြင်နာတဲ့ အပြုံးလေး တစ်ခုခု
ပဲဖြစ်ဖြစ် ပေးပြီး ကူညီဖို့ ပဲတတ်နိုင်တော့ တယ် လို့ ထင်မိပါတယ်ဗျာ ..... စာကောင်းပေမွန်တွင် များစွာရေး
ဖွဲ့ နိုင်ပါစေ မကြေးမုံ
လေးစားခင်မင်လျှက် ရန်ကုန်သား :D

ပညာယူစရာတွေအများကြီးမို့ ဒီစာအတွက် ကျေးဇူးတင်မိပါတယ်...

ညီမလေးရေ..
ပို့စ်လေးကိုဖတ်ပြီးရင်ထဲမှာတင်းကျပ်သွားပြီး စိတ်ထဲမှာလည်းမကောင်းဘူး
ကျန်တာတွေတော့ ဘာမှမပြောချင်တော့ပါဘူး ညီမလေးရေ...

ရွှင်လန်းချမ်းမြေ့ပါစေ

kay said...

သည်းခံဖတ်တာမဟုတ်ပါဘူးကွယ်။ အသေအချာ ဖတ်ရင်းနဲ့ကို..အတွေးတွေပါ..ခပ်ယူသွားတယ်။

MANORHARY said...

ညီမရေ
အတွေးတွေအများကြီးရစေတဲ့ပို့စ်ပါပဲ
ပြောစရာတွေလည်းရင်ထဲအပြည့်ဖြစ်သွားတယ်
ဒါပေမယ့်........
................

emayarKhin said...

ပို့စ်ကောင်းကောင်းလေးတွေရေးဖွဲ့
နိုင်ပါစေ........

မဖတ်သွားသေးဘူးဗျ.. အမြန်လာကြည့်တာ.. စိတ်ပင်ပန်းစရာဆိုတာသိတာနဲ့ တပြိုင်နက်.. မဖတ်သေးပဲ ခဏထားထားလိုက်တယ်.. ရတယ်ဟုတ်

purplemay said...

ဘာပဲဖြစ်ဖြစ်..ကျန်းမာရေးဝန်ထမ်းဆိုတာ..
ကုသိုလ်တွေအများကြီးရမယ့်အလုပ်မျိုးပါ..။
ဝေဒနာသည်တွေကို နှစ်သိမ့်ပညာပေးဆွေးနွေးတာလားဟင်..?
စိတ်ဝင်စားလို့ပါ..။