အချစ်ရေ့...
စက္ကန့်မလပ်စွာ...တို့တတွေထိစပ်ခဲ့ကြတာပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက...
အဝေး နေရရင်တောင်
စိတ်အမှောင်မှာ ရင်ခုန်သံချင်းထပ်ပြီး အိပ်ခဲ့ကြတာပဲ။
လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက...
တို့နှစ်ဦးလောက် ချစ်ကြတဲ့သူ
တို့နှစ်ဦးလောက် သောကဗျာပါဒများကြသူ
တို့နှစ်ဦးလောက် " ပြုံး"တတ်ခဲ့ကြသူ
ဒီကမ္ဘာလောကကြီးမှာ ရှိမှာမဟုတ်ဘူး(လို့)
ငါပြော(ရင်)
မင်း အသံကျယ်ကျယ်လေးနဲ့ ရီ(ရယ်)မောပါကွယ်။
တက္ကသိုလ်ရိပ်သာလမ်းပေါ်က ကုက္ကိုလ်ပင်တွေသိပါတယ်။
တက္ကသိုလ်ရေကူးကန်က ကလေးလေးတွေ သက်သေရှိပါတယ်။
အသဲပန်းက စားပွဲထိုးလေးကိုလဲ မေးကြည့်လို့ရပါတယ်။
လိပ်ခုံးနောက်က ကျောင်းအိုအိုကြီးလဲ သိပါတယ်။
သထုံလမ်းမပေါ်က ကတ္တရာစေးမဲမဲတွေလဲ သိကြပါတယ်။
ပိတောက်လမ်းက ပန်းခြောက်လေးတွေ သိပါတယ်။
လှည်းတန်းဈေးကြီး နဲ့ ဆုကော်ဖီဆိုင်လေးလဲ သိပါတယ်။
စိန်ဂေဟာကြီးလဲ သိပါတယ်။
တို့နှစ်ဦးလောက်ချစ်ကြတာ ကမ္ဘာလောကကြီးတခွင်လုံး မရှိပါဘူးဆိုတာ...
အချစ်ရေ့..
လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း
ငါ့ နဲ့...
ကျောချင်းကပ်ထားပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါ့ကို...
မင်းမျက်နှာပေါ်မှာ အပြုံးလေးတွေ ပွင့်ပြပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
ငါ့လက်ကို မြဲမြဲတွဲထားစမ်းပါကွယ်..။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
မင်းလက်သည်း၊ခြေသည်းလေးတွေ ရှည်လာတိုင်း
ငါ့ကိုသတိရပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ရွှေတိဂုံဘုရားသွားကြရအောင်ကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါသီပေးတဲ့ ခရေပန်းကုံးလေးနဲ့ ဘုရားကပ်ပါဦးကွယ်။
အချစ်ရေ့....
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း...
ငါ့နဲ့...
င့ါကို....
.....
...........
ငါ့နှလုံးသားကို...
နမ်းရှိုက်စမ်းပါဦးကွယ်။
(Mirror)
Tuesday, May 18, 2010
Saturday, May 15, 2010
အမေ့ထမင်းဝိုင်းလေး
တနေ့က သူငယ်ချင်းအိမ်က မိသားစုပုံလေးတပုံရောက်လာတော့ ၂ ယောက်သားကြည့်ရင်းက ဘာလိုအပ်နေ မှန်း မသိ။ဓာတ်ပုံက မပြည့်မစုံဖြစ်နေသလို ခံစားမိကြသည်။ပြီးတော့ ဓာတ်ပုံထဲက သူ့တူမလေးနဲ့ တူလေး၊ကလေး ၂ ယောက်ကို ဟာသလုပ်ပြီး ရယ်မောဖြစ်ကြသည်။ကလေးတွေက အချိန် အနည်းငယ်အတွင်း မှာ အများကြီးပြောင်းလဲလာသည်။ကိုယ်တွေ ရင်ခွင်ပိုက်တဲ့ကလေးက မတ်တပ်ရပ်ပြီး စတိုင်ပြည့်နဲ့ ဓာတ်ပုံရိုက်ခံ နေတာမြင်တော့ အသက်ရှူတောင်မှားလောက်အောင် အံ့သြဘနန်းဖြစ်ရသည်။
နောက်တရက်၊မနေ့တုန်းက တခေါက်ထပ်ကြည့်ဖြစ်သည်။ဘာလိုသလဲ ဆိုတာ ရှာတွေ့မိသွားသည်။အဓိက Subject တွေ..၊လူတွေ လိုနေ တာပါ။မိသားစု အင်အားတောင့်တင်းတဲ့သူတို့မိသားစုဆိုတာက ဓာတ်ပုံရိုက်ရင် အထဲနဲနဲတိုးဦး၊အထဲနဲနဲတိုးဦးနဲ့ လူအားလုံးပါအောင် တွန်းတွန်းထိုးထိုး၊ကြပ်ကြပ်သိပ်သိပ်နဲ့ရိုက်ခဲ့ကြတဲ့ မိသားစု က ခုတော့ကမျောက် ကချောက် ဖြစ်နေသည်။အဝေးရောက်နေသူတွေ နေရာမှာ အနီးရှိတဲ့ ကလေးငယ်တွေ အစားထိုး ပါဝင်လာသည်။ဘယ်လိုပဲ ဖြစ်ဖြစ်၊သိပ်တော့ မစိုပြည်..။ မပြည့်စုံ...။
ဓာတ်ပုံကြည့်ရင်းကနေ ထမင်းစားဝိုင်းတွေအကြောင်း တွေးမိသည်။ဟိုးး ခပ်ဝေးဝေးက ထမင်းဝိုင်းလေး....။
ကျမအသက် ၁၆ နှစ်ထိနေထိုင်ကြီးပြင်းခဲ့တဲ့ အမေအိမ်က ထမင်းစားပွဲက အလှူမင်္ဂလာ၊ပွဲနေပွဲထိုင်ဆိုရင် အငှားလိုက်ရလေ့ရှိသည်။အဖေက တို့မိသားစု ၇ ယောက်စာ ဆိုပြီး ထမင်းစားပွဲကို အကြီးကြီးလုပ်ထားခဲ့သည်။ ၇ ယောက် ချောင်ချောင်ချိချိ စားလို့ရသည်။ဧည့်သည်ဝင်ချင်ရင်တောင် ၀င်လို့ရသည်။ ကလေးငယ်ငယ်တွေ၊ ပုစုခရုနဲ့ဆိုတော့ အတော်လေးကျယ်ဝန်းမှလဲ အဆင်ပြေသည်။ ဒါပေမယ့် အဲ့ဒိထမင်းစားဝိုင်းလေးမှာ အဖေက ဘယ်နှစ်နှစ်လောက်များ သူ့မိန်းမ၊သူ့သားသမီးတွေနဲ့ ထမင်းလက်စုံ စားခွင့် ရခဲ့ပါသလဲ။တခါတလေကျ အဖေ လုပ်သူကို ကျမ ကရုဏာသက်မိသည်။သူ လူဖြစ်လာသည်။အသက် ၂၀ မှာ အိမ်ထောင်တည်ထောင်သည်။ အလုပ်လုပ်သည်။သားကျွေးမှု၊မယားကျွေးမှု။ကြွေးသစ်တွေ တပင်တပန်း ချသည်။ အသက် ၃၈ မှာ ရောဂါဆိုး တခု စတင်ခံစားရပြီး အသက် ၄၀ မှာ သူ့ဘ၀က အဆုံးသတ်သွားသည်။သူ့ကို ကြွေးဟောင်းဆပ်တာကို သူခံစားခွင့်မရရှိခဲ့ပါ။သူမွေးထားခဲ့တဲ့ သားတွေသမီးတွေရဲ့ ကောင်းသည်၊ဆိုးသည်ကို သူမမြင်နိုင်ခဲ့။သူ့ဘ၀က ဖြစ်သင့်သည်ထက် အနည်းငယ် တိုတောင်းလွန်းလှသည်ဟု တခါတခါ တွေးမိသည်။

ကျမငယ်ငယ်က မိသားစုထမင်းစားတော့မည်ဆိုတာနဲ့ အငယ်ဆုံးဆိုတော့ ဗာဟီရ၊တောက်တိုမယ်ရ ၀င်လုပ်ရ သည်။အိမ်မှာက ထမင်းကို သူတခါ၊ငါတခါ ကိုယ်ဆာတဲ့အချိန်ကိုယ်ထစား။အဲ့လို စားလို့မရ၊အမေ မကြာခဏ ပြောဖူးတဲ့စကားက "ငါးပိရည်နဲ့ပဲ စားဦး၊လက်ဆုံစားတော့ ပိုဝင်တယ်" တဲ့။အမ လုပ်သူက ထမင်းခူးနေရင် ကျမက အဲ့ဒိအဖေ့လက်ရာ ထမင်းစားပွဲအကြီးကြီးကို မနိုင်မနင်း မ ရသည်။နောက်ဖေး မီးဖိုချောင်ရဲ့ ဒေါင့်တနေရာရာမှာ ထောင်ထားတဲ့ အဲ့ဒိ ထမင်းစားပွဲကြီးကို လှိမ့်ရင်းက ကိုယ့်ခြေမပေါ် စားပွဲနဲ့ဖိသွားလို့ သွေးချေဥသည်အထိ ဖြစ်ရသည်။ကြမ်းပြင်မှာ ဖင်ချထိုင်ပြီး ထိုင်စားရတဲ့စားပွဲဆိုတော့ တခါတလေမှာ ဟင်းတွေ၊ထမင်းတွေ အိုးထဲပြန်မထည့်ချင်လို့ ထမင်းစားပွဲကို ပြန်မထောင်တော့ပဲ ဒီအတိုင်း ထားရတဲ့အခါမျိုးတွေဆိုရင်တော့ ရှပ်ပြာရှပ်ပြာနိုင်လှတဲ့ ကျမညှို့သကျည်းရိုးတွေ အညိုအမဲစွဲသည်အထိ ခလုတ်တိုက်မိတာမျိုးတွေလဲ ရှိသည်။
တကယ်တော့ အဲ့ဒိထမင်းစားပွဲက မိသားစု ၇ ယောက်ဆန့်အောင် လုပ်ထားခဲ့တယ်ဆိုပေမယ့် အဖေဆုံးပြီး နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အမတယောက်၊အကို တယောက်က ရှေ့ဆင့်နောက်ဆင့်အိမ်ထောင်ပြုသွား ကြတာဆိုတော့ တကယ့်လက်တွေ့မှာ သားသမီးသုံးယောက်နဲ့ အမေနဲ့ လေးယောက်နဲ့ စိုပြေခဲ့တဲ့ ထမင်းဝိုင်းလေးဖြစ်သည်။ ၇ ယောက် မဟုတ်ပေမယ့် လေးယောက်ဆိုတာလဲ အင်အားတော့ နည်းလှတာ မဟုတ်ပါဘူးလေ။
မိုးတွေသိပ်သည်းတဲ့ တချို့ညနေခင်းတွေမှာ အဲ့ဒိထမင်းဝိုင်းလေးကို ကျမလွမ်းဆွတ်မိပါသည်။ငါးသလဲထိုး သေးသေးမျှင်မျှင်လေးတွေကို သရက်သီးပါးပါးလေးတွေနဲ့ ရောချက်တဲ့ အမေ့ငါးဟင်းလေး၊နောက်ဖေး ကမ်းနား ချောင်းစပ်မှာစိုက်ထားတဲ့ ဘူးပင်တွေဆီက ခူးထားတဲ့ ဘူးညွန့်ပြုတ်၊ငြုပ်သီးစိမ်း မီးဖုတ်ထောင်း ဖျော်ထားတဲ့ ကွင်းချောင်းရွာထွက် ငါးပိရည်၊ပြီးတော့ တစိမ့်စိမ့်ရွာနေတဲ့မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့။မိသားစုလေး ယောက် စကားတပြောပြောနဲ့ လွေးကြတဲ့ ညနေခင်းထမင်းဝိုင်းလေးကို ကျမသတိတရ ရှိမိသည်။
အငယ်ဆုံးက နောက်ကားကျော်တက်ပြီး အရင်ဆုံး အမေ့အိမ်ကို လက်ပြနှုတ်ဆက်ခဲ့သည်။ မျှော်လင့်ချက်တနင့် တပိုးထည့်လွယ်ထားတဲ့ ကျောပိုးအိတ်တလုံး၊ဒိုင်ယာရီစာအုပ် တအုပ်နဲ့ ရင်ခုန်သံခပ်ပြင်းပြင်းတချက်ကို သယ်ဆောင်ပြီး အမေ့အိမ်က ထမင်းဝိုင်းလေးကို စွန့်ခွာခဲ့သည်။ နှစ်ကာလတွေအတော်များများမှာ အမေ့အိမ်က ထမင်းဝိုင်းလေးကို လွမ်းရကောင်းမှန် မသိတတ်ခဲ့ပါ။အမေ့အိမ်က ထမင်းဝိုင်းလေးဆီက ကြည်နူးမှုတွေက "ဧရာဝတီတိုင်းမှ နှုတ်ခွန်းဆက်သပါ၏ "ဆိုတဲ့ဆိုင်းဘုတ် နောက်မှာ တရေးရေးပျောက်ကျန်ခဲ့ဖူးသည်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေက ထမင်းဝိုင်းကို အပြောင်းအလဲလုပ်ထားသည်။ထမင်းစားပွဲနဲ့ ကုလားထိုင်နဲ့။ သို့သော် ကုလားထိုင်က ၂ လုံးတည်း။ အဲ့ဒါကိုမြင်တော့ စိတ်ထဲမယ် တခုခုကို မနာလိုစိတ်ဖြစ်သွားသည်။ စိတ်နောက်ကိုယ်ပါ "အမေကလဲ ဘာလို့ ထိုင်ခုံ က နှစ်ခုံထဲဖြစ်နေရတာလဲ "လို့ပြောခဲ့မိသည်။ "နင့်အကိုအိမ်က လက်သမားတွေလုပ်ပေးတဲ့အတိုင်းပါပဲကွယ်။ ထိုင် ထိုင် အမေ မထိုင်ဘူး "တဲ့။နောက်တစ်လလောက် အကြာ၊နောက်ထပ်တခေါက် အမေ့အိမ်ပြန်ရောက်တော့ ကုလားထိုင်လေးလုံး ဖြစ်နေသည်။ ကျမဖို့ တလုံး၊ အိမ်ရှေ့အိမ်မှာ သားနဲ့ဇနီးနဲ့ ဖြစ်နေတဲ့ သူ့သားငယ်အတွက် တလုံးဖြစ်ဟန်တူပါသည်။တကယ်တော့ အဲ့ဒိ ထမင်းစားပွဲမှာက သိပ်ပြီးစားဖြစ်ကြတယ်လဲ မရှိပါ။ကြမ်းပြင်မှာ ပိပိပြားပြား ထိုင်ချပြီးစားရတဲ့ အဖေလုပ်ပေး ခဲ့တဲ့ ထမင်းစားပွဲမှာပဲ သွားဝိုင်းဖြစ်ကြတာချည်း။တူတွေ၊တူမတွေက ကျမအိမ်ပြန်ရောက်နေချိန်ဆိုရင် နှင်ချလို့ တောင် မပြန်ကြ။သူတို့တွေနဲ့ဆိုတော့ စားပွဲ၊ကုလားထိုင် လေးလုံးနဲ့လဲ အဆင်မပြေ။
ကျမမရှိတဲ့ ခုလိုအချိန်တွေမှာ အမေက ဘယ်ထမင်းစားပွဲမှာ စားနေမှာလဲ။သူ့သမီးကြီးက အေးတိအေးစက်။ နွေးနွေးထွေးထွေး၊သဲသဲကဲကဲ မနေတတ်။သူဗိုက်ဆာရင် ၀မ်းချင်းဆုံတာ မဟုတ်ဘူးဆိုပြီး သူ့ဘာသာသူ စားနှင့် နေတတ်တဲ့သူ။အဲ့ဒီလို ညနေခင်းတွေတိုင်း အမေဘယ်သူနဲ့ ထမင်းလက်ဆုံစားနေမှာပါလိမ့်။ သူ့ယောက်ျား လုပ်ပေးခဲ့တဲ့ ထမင်းစားပွဲဝိုင်းကြီးက မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ထောင်လျက်သားဖြစ်နေပြီး သူတဦးထဲ စားပွဲနဲ့ ကုလားထိုင်ပေါ်ထိုင်လို့ ရေနွေးကြမ်း တခွက်နဲ့ပဲ ငြိမ်သက်တိတ်ဆိတ်နေလေမလား။ရေနွေးကြမ်းခွက် လေးကြောင့်ပဲဖြစ်ဖြစ် အမေ့ထမင်းဝိုင်းလေးက နွေးနွေးလေးဖြစ်နေပါစေလို့သာ ကျမဆန္ဒပြုနေမိပါသည်။
Thursday, May 13, 2010
အသိမဲ့
ရုပ်ရှင်ကြည့်မယ်ဆိုတဲ့စိတ်ကူးက ဘယ်အချိန်ကဖြစ်ပေါ်ခဲ့သလဲဆိုတာ သူ မမှတ်မိတော့ပါ။ခုတော့ ကြည့်နေ လက်စရုပ်ရှင်ကို ပိတ်လိုက်ပြီးသားဖြစ်သွားပြီ။ဟင့်အင်း..ပိတ်လိုက်တာမဟုတ်ဘူး။ ခဏလေးရပ်ထားတာ။ ပြန်ကြည့်ချင်ရင်ကြည့်မယ်။မကြည့်ချင်ရင်လဲ မကြည့်တော့ဘူး။စိတ်အပြောင်းအလဲမြန်လိုက်တာလို့ ပြောချင် ရင်လဲ ပြောပေါ့။ခု သီချင်းနားထောင်တော့မလား လို့...။
ကဗျာဆရာတယောက် ပို့ပေးထားတဲ့ ခင်ဝမ်းသီချင်းအတော်များများ သူ့မှာရှိသည်။ကဗျာဆရာ ဆိုလို့။ အဲ့ဒီ ကဗျာဆရာနဲ့ဆုံပြီး လေဖုတ်ဖို့ချိန်းထားတာ သွားသတိရသည်။ဖုန်းနာပါတ်ပြောင်းထားတာ သူမသိသေးဘူး။ ပြောဖို့လိုလား။အင်း လိုတာပေါ့။သူ့ကို တချက်လှမ်းပြီး သတင်းပေးလိုက်သည်။နောက်တော့ ဂဏန်း (၈) နဲ့ စသော ဖုန်းနံပါတ်များအကြောင်း သတိရသည်။
သီချင်းနားထောင်မလို့ သီချင်းရှာနေတာကို ပြန်သတိရသည်။မြင်မြင်ရာ ခင်ဝမ်းသီချင်းတပုဒ်ဖွင့်လိုက်သည်။ ခွဲခွာခြင်းကိုနှစ်သိမ့် တဲ့။အချစ်ရေ...မင်း မျက်ရည်မ၀ဲပါနဲ့ မကြာခင်ပြန်ဆုံရမယ်.. ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါဦး... ခွဲခြားခြင်းကို တုပြိုင်..ပြုံးစမ်းပါဦး....။
သီချင်းမဆုံးသေးခင်မှာပဲ သူ ပြုံးလိုက်မိသည်။
ရုပ်ရှင်တွေ..ယုတ္တိမရှိလိုက်ပုံများ။ခေတ်အခါနဲ့ လျော်ညီမှုကိုမရှိဘူး။ရပ်ထားရာကနေ ပြန်ဖွင့်ကြည့်သည်။ ပြီးတော့ အပြီးအပိုင် ပိတ်ပစ်လိုက်ရသည်။အဲ့လို ရိုက်ချင်ရာရိုက်ပြနေတတ်တဲ့ ရုပ်ရှင်တွေထက်စာရင် ပျော်ရွှင် ကျေနပ်စရာ၊ စိတ်ပင်ပန်းမှုများနဲ့ ခေတ္တကင်းဝေးစရာ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေသာ ကြည့်ချင်သည်။ သို့သော် အခုတော့ ဘာမှမကြည့်ချင်တော့ဘူး။
လေ ၀၀ရှူလိုက်ချင်တဲ့စိတ် ဖြစ်လာသည်။
အပြင်ဘက်ကို ခဏလေးဖြစ်ဖြစ် မြင်ခွင့်၊ကြည့်ခွင့်ရရင် သိပ်ကောင်းမည်။သြကာသလောကကြီး တစ်ခုလုံး ဘာတွေများ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာ သူစိတ်ဝင်စားသည်။ဘယ်သူတဦးတယောက်ကမှ မဖိတ်ခေါ် ပေမယ့် သူ့စိတ်က အတိတ်ဆီသို့ ခြေဦးလှည့်သွားသည်။
အထပ်မြင့်တိုက်တခုပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျယ်ကျယ်ပြန့်ပြန့်တြိဂံပုံစံ မြေနီကွက်လပ်လေးမှာ မှောင်ကုပ်ကုပ်လက်ဘက်ရည်ဆိုင်လေးရှိတဲ့ မြင်ကွင်းလေးတခု ဟိုဟိုဒီဒီ၊ဘယ်ဆီကနေမှန်းမသိ ပေါ်လာသည်။အဲ့ဒီဆိုင်လေးမှာ သူတို့တွေ ရေနွေးကြမ်းအိုးပေါင်းများစွာ အတူတူသောက်ကြသည်။ ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေကို လက်ဘက်ရည်ထဲနှစ်သောက်ပြီး မင်းချမ်းမွန်ရဲ့ ကဗျာကို ရွတ်ကြသည်။ ပဲပြုတ်နံပြား စားခဲ့သည်။.............။
လွမ်းရပြန်သည်။တစ်ခါ။
ထုံထိုင်းမူးယစ်ခြင်းနဲ့ ကိုယ့်အလွမ်းကို တစ်လွှာချင်းစီ အရောင်တင်ဖြစ်သည်။သတိတရရှိခြင်းမှာ ဒဏ်ရာတွေ မပါဖို့ သူကြိုးစားရတော့မည်။မဖြစ်မနေ..။ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်ဖို့ မဟုတ်ဘူး။ရင်ငွေ့ခြုံလုံပါပေ့ ဖြစ်စေဖို့။ရရှိခဲ့ဖူးတာတွေကို ပြန်ပြီးဆာလောင်နေရတာ... အနာဖေးအထပ်ထပ် အနာကို သေချာ ကြည့်ပြီးဆွ နေရသလို။
မမြင်ရသော၊မပိုင်ဆိုင်နိုင်သော ကောင်းကင်ကြီးကို အခန်းကျဉ်းလေးထဲကနေပြီး စိတ်ကူးနဲ့လဲ ပုံဖော်လို့ ရသားပဲ။သူ့ကိုအုပ်မိုးထားသော၊သူချစ်သောသူတွေကို အုပ်မိုးထားသော ကောင်းကင်ကြီးက ညနေတုန်းကလို ညစ်ပုတ်ပုတ်ဖြစ်နေတုန်းပဲလား။ဒါမှမဟုတ် ဟိုနေ့ညတွေတုန်းကလို တိမ်မျှင်မျှင်တွေကများက သူ့အလင်း သူမဆောင်နိုင်ရှာတဲ့ လမင်းကြီးရဲ့ အပေါ်ကနေ ဖြတ်ဖြတ်ပြီး ပြေးနေကြမလား။
သူ့ ကောင်းကင်တစ်ခုလုံး ဘာတွေဖြစ်နေသလဲဆိုတာ ဒီညအဖို့ သူ မသိရသေးပါ...။ဘယ်အချိန်ကျရင်ဖြင့် သေချာသိခွင့်ရမလဲဆိုတာလဲ မသေချာပါ။
အသိမဲ့စွာ ခဏလေး ပြေးထွက်သွားရာကနေ လက်ရှိပစ္စက္ခဆီသို့ ပြန်ရောက်လာရပြန်သည်။ဒါမှ သူ့ဘ၀ အစစ်အမှန်ဖြစ်သည်။

Labels
အလာပ၊သလာပ
Wednesday, May 12, 2010
ခရီးလမ်းဆုံး

(My country/ My origin/ My destination)
စမ်းတ၀ါးဝါးနဲ့ ဒီနေ့တနေ့ခင်းလုံး ဒီဟာလေးလုပ်နေဖြစ်တယ်။အဆင်မပြေလဲ သည်းခံပြီး ကြည့်ကြပါလေ :) ဓာတ်ပုံတွေက ပြည်မြို့ဗိုလ်ချုပ်ပုံကလွဲရင် ကျန်တဲ့ပုံတွေက ကျမရိုက်ခဲ့တာတွေဖြစ်ပြီး၊သီချင်းက အားလုံးသိပြီး ဖြစ်တဲ့ ဂျွန်ဒမ်းဗားရဲ့ ကန်ထရီးရုတ်(ဒ်)ပါ။
တူညီသောမနက်ခင်းများ၊ပျင်းရိငြီးငွေ့ဖွယ် မေလနေ့လယ်ခင်များ၊တဟီးဟီးတောက်လောင်နေသောကျွန်းပိစိမှ အပူလှိုင်းများဆီကနေ ကျမ တိတ်တိတ်လေးပြေးထွက်သွားခဲ့မိတယ်။....။
All credits to John Denver & Song Composer of Country Roads.
Labels
အလာပ၊သလာပ
Sunday, May 02, 2010
မျက်ရည်အန်ဖတ်
ဘ၀ဆိုတဲ့ မြွေကောင်ဆိုးကမှ
ငိုအောင်စ နေရင်
ငိုတတ်အောင် ငိုဖို့ပဲ ...။
လက်သည်းထိပ်ကို နာနာကိုက်
တအိအိနဲ့ ငိုချလိုက်စမ်း...။
ခက်နေတာက..
ငါ့မျက်ရည်မြစ်ကြောတလျှောက်
ချော်ရည်ပူတွေနဲ့ ပိတ်ဆို့နေတာ..။
ငါ...
ဒီနေ့ည ပျော်ရွှင်တယ်
ငါ..
မနက်ဖန်မနက် မိုးမလင်းခင်မှာ... ငိုကြွေးမယ်
ငါ့ကို ..
လာမတားနဲ့ ....။
ရိုးသားမှုကို ရွက်ကုန်လွှင့်ပြီး...
ငါ ဘာကိုမှ မမျှော်လင့်ခဲ့ဘူးဆိုတာ
ငါ့ကိုယ်ငါ ရင်းလို့....
ငါ ယုံကြည်၏။
ငါ့ကဗျာတွေထဲမလဲ
ငါ့ရှိရှိသမျှ
ငါ့ပိုင်ဆိုင်သမျှ...
ငါ့ အကြောင်းအရာတွေ အကုန်မပါနိုင်ခဲ့...
အဲ့ဒီလိုနဲ့..
လူတွေကြား ဖြတ်လျှောက်ဖွင့်မပေးဘဲ
ဝှက်ထားမိတဲ့
ငါ့မျက်ရည်အန်ဖတ်တွေ...။....။
Mirror

ကျမကဗျာ