Friday, February 20, 2009

မြို့တော်ရန်ကုန် ပူသည်

ရန်ကုန်ရာသီဥတုက ခုမှ ဖေဖော်ဝါရီရဲ့ လလည်ပဲရှိသေးတယ်။နောက်လာမယ့် မတ်လနဲ့ ဧပရယ်၊မေလဆန်း
တွေမှာ ပူဖို့မကျန်တော့အောင်ကို လက်ကုန်ပူလို့နေပါရောလား။ညနေတုန်းက ၅ နာရီခွဲမှာဝရံတာဘက်
တစ်ချက်ထွက်ရပ်ကြည့်လိုက်တယ်။ခြေမချနိုင်ဘူး။ပူလိုက်ပုံများ။

ပူတယ်။....ရာသီဥတုက တကယ်ပူတယ်...။အဲ့လို ကျမကညည်းညူမိတော့ အရှေ့အလယ်ပိုင်းတို့၊သြဇီတို့..
စသဖြင့် မြန်မာပြည်ထက်ပိုပူတဲ့သူတွေကိုတော့ အားနာမိပါရဲ့..။နဲနဲလေးပိုသွားတယ်ဆိုလဲ တောင်းပန်ပါ၏ အစ်ကို၊အစ်မတို့ရေ........။

ပူတယ်...မြို့တော်ရန်ကုန်က တကယ်ပူတယ်...။(ကျမက မြန်မာပြည်ကို ဘားမားလို့ပြောရတာ အာတွေ့တတ်ပြီး
ရန်ကုန်ကို မြို့တော်ရန်ကုန်လို့ ခေါ်ရတာကို ပိုကြိုက်ပါတယ်။ဘယ်သူတွေ ဘာပြောပြော၊ဘာလုပ်လုပ်နေ...
ရန်ကုန်ကတော့ မြို့တော်ရန်ကုန်ပါပဲ...)။
ဟုတ်ကဲ့...မြို့တော်ရန်ကုန်က လွှတ်ပူနေပါတယ်။

တစ်တောင်သာသာအကျယ်နဲ့ နောက်ဘက်ကို လေးပေလောက်သာရှည်တဲ့ အခန်းလေးထဲက အမ်ပီးသရီး၊
အမ်ပီဖိုး ပြင်ဆရာကိုကြည့်ရတာ၊မြင်ရတာလဲ ပူတယ်။....။

ရန်ကင်းကို၊ရန်ကင်းကို လို့ မလာတဲ့ခရီးသည်ကို အော်ခေါ်နေတဲ့ 107 အောက်ဆိုက်ကားစပါယ်ယာကိုမြင်တော့
လဲ ပူတယ်..။

၄၅ ကောက်ရိုးကားပေါ်တက်လိုက်တယ်...။အိုး.........ကောင်းလိုက်တာ...သဘာဝရဲ့လေ............။
အဲ့ဒိလေနုအေးလေးက လာထိတွေ့တော့ အပူဒဏ်က နဲနဲတော့ လျော့သွားသလို ရှိသား...။တချက်လေး
မျက်စိမှိတ်ပြီး ဇိမ်ယူမယ် အကြံ.အရှေ့က အမျိုးသမီးဆီက ဆံပင်တွေအထွေးလိုက်ကမျက်နှာဆီလာရိုက်........။
အင်း ..သူလဲ ပူလို့နေရှာမပေါ့..။

တစ်ရပ်ကွက်လုံး တစ်ထိန်းထိန်းမြည်နေတဲ့ မီးစက်သံနဲ့ ဆူနေတဲ့ ဒီရပ်ကွက်ကြီးကလဲ ပူတာပဲ...။
ဘာကြောင့် ဘာကို၊ဘယ်သူ့ကို ဒေါသကြီးနေမှန်းမသိ...ဒေါသချွေးတွေတစ်လုံးလုံးနဲ့ ရောင်းဝယ်ဖောက်ကား
လုပ်နေကြတဲ့ လူကြီးတွေကိုကြည့်တော့လဲ ပူလိုက်တာ.........။

ညနေစောင်းတော့ အပူရှိန်က မာယာများပြီး နဲနဲကျသွားသယောင်နဲ့ ညကျတော့လဲ ပြန်ပူလာတာပါပဲ။
တစ်နေ့လုံးအပူငွေ့မှန်သမျှ စုပ်ယူထားတဲ့ တိုက်ခန်းနံရံက လွှတ်ထုတ်နေတဲ့ အပူငွေ့တွေ..မညှာမတာ..။
ဘယ်သူရက်စက်သလဲကွယ်...........။


(ဘာရယ် ရည်ရွယ်ချက်မရှိပါ..။စိတ်ထဲခံစားရသလိုရေးမိလိုက်ပါသည်..။နားလည်ခွင့်လွှတ်မယ်လို့ထင်ပါသည်)

Thursday, February 12, 2009

နေ့များ.....ဘ၀များ.....


ဒီနေ့နဲ့ မနက်ဖြန်အမှတ်တရအဖြစ် ဒီပုံကိုတင်လိုက်ပါတယ်။နတ်မောက်မြို့က သူငယ်ချင်းတစ်ယောက်ဆွဲထား
တဲ့ပုံပါ။ကျမရဲ့ ပိုစ့်တစ်ခုမှာလဲ တင် ခဲ့ဖူးပြီးသားပါ။အဲ့ဒိပိုစ့်တုန်းက အစ်မတစ်ယောက်က နာမည်လာပြောသွား
တယ်၊ပုံရဲ့ နာမည်က ရရင်ရ မရရင်ချ တဲ့။(တခြားသူတွေဆွဲတဲ့ ဒီလိုပုံတွေအများကြီးရှိပါတယ်)

တစ်လက်စထဲ၊ကြုံတုန်းလေး ဆက်ရေးပါရစေ..........။ကျမက လွန်ခဲ့တဲ့ ၂ ရက်စပြီး ကျမဂျီတော့ခ်မှာ
"Feb 14 is later than Feb 12 and Feb 13 " လို့တင်ထားဖြစ်ပါတယ်။
ဓာတ်ပုံကိုတော့ အစ်ကိုတစ်ယောက်ဆီကတောင်းယူထားတဲ့ ဗိုလ်ချုပ်ပုံကြမ်းလေးနဲ့ပါ..။
အဲ့ဒိ message နဲ့ပတ်သက်ပြီးလို့ မရှင်းသင့်ပဲ၊မရှင်းချင်ပဲ ဖြေရှင်းရတာလဲ အခါခါ...........။နင့်ရဲ့ အယူအဆကို ငါလက်ခံပါတယ်။ဒါပေမယ့် ဘာဖြစ်သည်၊ဘာဖြစ်သည်ဆိုတာတွေ..စသဖြင့် အမျိုးမျိုးပေါ့လေ.....၊
အဲ့ဒိမှာ စိတ်ရောကိုယ်ပါ ချွတ်ချုံကျရတဲ့ စကားတစ်ခုကတော့ ကျမခုတက်နေတဲ့ သင်တန်းကညီမလေးတစ်ယောက်ရဲ့ အမေးပါ...။

"အစ်မ ဘယ်သူ့ပုံကြီးတင်ထားတာလဲ" တဲ့..။
နှုတ်တွေဆွံ့အ......ဘာဆက်ပြောလို့ပြောရမှန်းမသိ....။"အဲ့ဒိပုံကို အစ်မပို့ပေးမယ်.။သိမ်းသွားလိုက်၊
အိမ်ပြန်ရောက်ရင် ညီမလေးရဲ့ အမေကိုမေးကြည့်လိုက် "လို့ ..ကျမ ပြန်ပြောလိုက်ပါတယ်။

စိတ်ထဲကနေလဲအေးပေါ့လေ..ခြသေ့င်္တွေပဲမြင်နေရတော့ ခြင်္သေ့တွေပဲ သတိထားမိမှာပေါ့လို့ တွေးလို့...။
ဒါဟာ ငါတို့ခေတ်မဟုတ်၊ဒါဟာ ငါတို့အတွက် ဗိုလ်ချုပ်တည်ဆောက်ခဲ့တဲ့ ဘ၀တွေ မဟုတ်သေးပါဘူးလို့ ကိုယ့်ကိုယ်ကိုအားပေးနေရတယ်။နောက်တော့ ဒီကဗျာလေးလဲ ပြေးသတိရမိတယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ရေးသူက ညိုထက်(လမ်းသစ်ဦး) ပါ..။

ဟုတ်တယ်...ကျမတို့ခေတ်ကိုရောက်ဖို့ ကျမတို့ကြိုးစားရပါဦးမယ်..........။

Monday, February 09, 2009

နန်းညီမှလက်ဆောင်

အဟမ်း အဟမ်း... အားလုံး အသံကြားပြီး လန့်သွားကြပါသလား.. “ဟ.. ဟ .. မေရာလည်းမဟုတ်ဘူး.. ဘယ်သူကြီးတုန်း” ဆိုပြီး.. မှန်ပါတယ်.. ကျွန်မနန်းညီပါ.. ဒီနေ့ တပို့တွဲလပြည့်နေ့လေ ဟုတ်တယ်မဟုတ်လား.. အဲဒါ လကိုမုန်းသူ နန်းညီနဲ့ လချစ်သူ မမေရာတို့ ရူးကြောင်ကြောင်လုပ်ကြပါတယ်.. သူ့ဘလော့မှာ တစ်ခုခု ၀င်ရေးပေးစမ်းပါ တဲ့.. အဲဒါနဲ့ ပျော်ပျော်ကြီး ၀င်ပြီး ရေးလို့နေပါတယ်..

စတာ.. စတာ.. အတည်ရေးပါ့မယ်.. မမေရာနဲ့ နန်းညီ စခင်တဲ့အကြောင်း..
စတာကတော့ တောင်ကြီးတန်ဆောင်တိုင်ပါပဲ.. အယ်ရှားလေး တန်ဆောင်တိုင်မှာ တောင်ကြီးပြန်ပြီး မီးပုံးပျံလုပ်တာ.. နန်းညီက ကျန်ခဲ့ရတယ်လေ.. အဲ့ဒါနဲ့ မကျေနပ်ကျေနပ်နဲ့ပဲ.. တောင်ကြီးချယ်ရီမြေဘလော့ကနေ မီးပုံးပျံတိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ဖို့.. ညဘက်ကြီး အင်တာနက်ဆိုင်ကိုရောက်ခဲ့တာ..

အဲ့မှာ ဆိုင်ထဲမှာ ကြည့်နေတဲ့ အစ်မ ၃ ယောက်ရှိနှင့်နေတယ်.. ကိုးနက်ရှင်က ကျလိုက် ပြတ်လိုက်.. မတက်လိုက်နဲ့ ဆိုတော့ ဒီစက်ကမရရင် ဟိုစက်ပြေးကြည့်.. ဟိုစက်ကကျ.. ဟိုဘက်စက်ပြေးနဲ့.. ၀ရုန်းသုန်းကားပါပဲ.. နောက်တော့ ဆံပင်တိုတို မျက်မှန်လေးနဲ့ အစ်မက ဆိုင်ကောင်တာမှာ ပိုက်ဆံရှင်းပါတယ်.. ဒီကကြည့်ရတာ အားမရပါဘူး.. မနက်ဖြန် တောင်ကြီးတက်မယ်.. အဲ့ကသွားကြည့်မယ်တဲ့.. ဆိုင်ကလူတွေက နန်းညီနဲ့ရင်းနှီးနေသူတွေဆိုတော့ကာ “ဟာ ဒါဖြင့် အဲ့အရူးမလေးကိုခေါ်သွားစမ်းပါတဲ့.. ကားလတ်မှတ်မရလို့ မသွားရတာ.. ” ဆိုပြီး.. အဲ့မှာ သူက လှည့်ကြည့်ပါတယ်.. ပြုံးပြတယ်.. လိုက်ခဲ့လေ လို့ကျမခေါ်တော့.. နန်းညီလည်း ဘာမှမပြောတော့ဘူး..

အဲလိုနဲ့ နောက်နေ့ သူတို့တောင်ကြီးတက်သွားပါတယ်.. ပြန်လာတော့ အဲ့ဆိုင်မှာပဲ သူလည်းသုံး.. နန်းညီလည်းသုံးဆိုတော့ မျက်မှန်းတန်းမိနေပြီး.. နောက်တော့ သူက ဘန်နာလုပ်ချင်လို့ ဆက်သွယ်လာတော့မှ ဂျီတော့မှာ အပြန်အလှန် စကားပြောဖြစ်တာပါ.. ဘန်နာလုပ်ပေးခ ကြေးအိုးဆီချက်လိုက်ကျွေးတဲ့နေ့မှ သေချာ မြင်ဖူး စကားပြောဖူးသွားပြီး.. ခုတော့လည်း အင်မတန်ချစ်စရာ အစ်မကြီးကိုဖြစ်လို့.. နန်းညီအိမ်လည်း လိုက်လည်သေးတယ်.. သူ့ရွာပြန်ပြီး ထန်းရည်သောက်ဖို့ကိစ္စကလည်း ခုထိတော့ စီစဉ်လို့မရသေး.. တစ်နေ့တော့သွားဖြစ်မှာပါ.. ငယ်ငယ်ကတည်းက မိန်းကလေးသူငယ်ချင်းရှားတဲ့ နန်းညီက .. ခုမှ အစ်မတစ်ယောက် ကောက်ရလိုက်လို့ အတော်လေးတော့ ပျော်မိသား.. ပြီးတော့ အစ်မက ရေကလျှံ စေတနာကကောင်းကိုးဗျ.. (ဟိ).. မကြာခဏလည်း မုန့်လိုက်ကျွေးတယ်.. မကြာခဏလည်း အရစ်တက်ပါတယ်.. (ရစ်ချက်ကတော့ ရင်နင့်စရာတွေပါ.. တကယ်... မောင်ရှင်းသန့်တို့ဆို သိမှာပဲ)..

အခုလည်း ပြန်ခါနီးမှာ.. အွန်လိုင်းရောက်လာ. .. ပို့စ်ရေးပေးပါပြောလို့.. ကမန်းကတမ်းဝင်.. ရေးနေရတာ..
စာဖတ်သူ ပရိတ်သတ်များ.. အောက်မှာသာ ရှုကြပေတော့..

nye: သိဘူး
စားခဲ့တယ်

mirror: ကောင်းတော့ ကောင်းတယ်မလား..။

nye: သိဘူး

mirror: စိတ်ညစ်လို့ဗျာ
ပိုစ့်တစ်ပုဒ်လောက်ရေးပြီး ငါ့ဘလောဂ့်မှာတင်ပေးစမ်းပါ

nye: ဟင်
ဘာရေးရမယ်

mirror: မသိဘူးလား

nye: ရေးချင်တာရေးရမှာလား

mirror: အင်း
ပေးမယ်
ပါစ့်ဝါဒ့်

nye: အင်း
ကေ
ရေးချင်တာရေးမှာနော်

mirror: အင်း
ဘာဖြစ်နေမှန်းကို မသိဘူး

nye: ရူးနေတာ

mirror: မှားပဲ မှားနေတာ
ဟုတ်တယ် ရူးသွားလဲ ကောင်းတာပဲ

nye: လက်သီးနဲ့ပိတ်ထိုးပစ်ရမယ်
အဲဒါ

mirror: ဘယ်သူ့က
မှုတ်ဘူး ဘယ်သူ့ကို

nye: အစ်မကို

mirror: ငါလဲ ပြန်ထိုးမှာ

nye: အစ်မ ပြန်ရေးမလား
ညီ့ဘလော့မှာ
ရေးမလား ရေးမလား

mirror: အင်းလေ
ခုတော့ ဘာရမလဲ

nye: ဟမ်

mirror: ခုတော့ မရေးနိုင်သေးဘူးလေ
ညီက ခုရေးခိုင်းတာလား

nye: အေးလေ.. အပြန်အလှန်

mirror: ခု က
ဘာမှ မတွေးတတ်ဘူး
ဖြစ်နေတယ်လေ
နောက်နေ့ရေးပေးမယ်

nye: တော်ပီ

mirror: လုပ်ဟာ
ပြန်သေးဘူး မလား

nye: မပြန်သေးဘူး

mirror: အေးလေ
ရေးပေးခဲ့ ငါ့ဟာက ခုပျင်းစရာကြီး

nye: ((ဒီနေ့ တပို့တွဲလပြည့်နေ့လေ ဟုတ်တယ်မဟုတ်လား.. အဲဒါ လကိုမုန်းသူ နန်းညီနဲ့ လချစ်သူ မမေရာတို့ ရူးကြောင်ကြောင်လုပ်ကြပါတယ်.. သူ့ဘလော့မှာ တစ်ခုခု ၀င်ရေးပေးစမ်းပါ တဲ့.. ))
အဲ့လိုလေးအစချီထားသည်

mirror: အင်း

nye: ရေးနေတုန်း
ခဏ
သိပ်တော့အရှည်ကြီးနဲ့ အလေးနက်ကြီးမရဘူးနော်
တထိုင်ထဲရေးတာဆိုတော့

mirror: ဘာ ညားညား
ဟိ ကျေးဇူးလဲတင်တယ်၊ပိုတောင် ချစ်သွားပြီး ငါ့ညီမလေးကို

ဒီလောက်ဆို တော်သေးပြီနော်..

Thursday, February 05, 2009

ရပ်နေသူ့ ရင်ထဲမယ်...........

အေးလွန်းတဲ့ ဆောင်းမနက်ခင်းတစ်ခုရဲ့ နှင်းတွေကြားထဲမှာ....နှင်းကျသံတစ်ဖျောက်ဖျောက်ထဲမှာကျမကို
ချစ်တယ်လို့ သူပြောခဲ့ပါသည်။ကျမက ခပ်ဟဟပြုံးတော့"ဘာလို့ ပြုံးတာလဲ။မယုံဘူးမို့လား ကျနော်သိတယ်။
ခင်ဗျားက တစ်ခုခုကို အလွယ်တကူနဲ့ မယုံတတ်၊လက်မခံတတ်ဘူး ဆိုတာကို "တဲ့။
"မယုံလို့ မဟုတ်ပါဘူး၊ဒီစကားကို ကိုရဲ ဒီလိုပြောလာမယ်ဆိုတာကြိုတင်သိပြီးသားဖြစ်နေလို့လေ။နောက်ပြီး ကိုယ်က ကိုရဲ မပြောလောက်ဘူးလို့လဲ ယုံကြည်နေမိခဲ့ပြန်ရောလေ..." ဆိုတော့
"ခင်ဗျား အဲ့ဒိလောက် မပွင့်လင်းပါနဲ့ဗျာ..." ဆိုပြီး သူ့ဆံပင်ခပ်တိုတိုလေးကို ထိုးကုတ်နေလိုက်သေးတယ်။

သူ့ကို "ကိုရဲ"လို့ကျမက တမင်လေးစားသလိုခေါ်ရင် သူမကြိုက်ပါဘူး။ "ခင်ဗျားကလဲရွယ်တူတွေပဲ၊ဘာလို့
ကိုတပ်တပ်ပြီးခေါ်တာလဲ "တဲ့။
"ဒါဆို ကိုရဲကရောဘာလို့ကိုယ့်ကို ခင်ဗျားလို့ ခေါ်တာလဲ "ဆိုတော့
"ဟ ဒါက အညာကလူတွေအကုန်လုံး ဒီလိုပဲပြောကြတာပဲဟာ.." တဲ့။
"'ဒါပေမယ့်ကိုယ်ကအညာသူမဟုတ်ဘူးလေ.." ဆိုတော့
"စကားကို ကပ်မပြောနဲ့ဗျာ၊ကျနော် ခင်ဗျားလို စကားမတတ်ဘူး"တဲ့....။

"ကဲ ကဲ ဒါဆိုလဲ ကိုယ်က ငရဲလို့ ခေါ်မယ်လေ" လို့ဆိုတော့ သူပြုံးလိုက်တယ်။
"ဘာလို့ခေါ်တာလဲ ပြောရဦးမလား" ဆိုတော့
" မပြောနဲ့ရတယ် " တဲ့...။
"ဒါမယ့် ငရဲဆိုတော့ ပူပြင်းမလား မသိဘူးနော်.."တဲ့၊
" အဲ့ဒါတော့ ကိုယ်လဲ မသိဘူးလေကွာ....၊ကိုယ့်စိတ်ခံစားမှု မပါပဲ ဘာတစ်ခုကိုမှ မလုပ်ဖူးဘူး"
ဆိုတော့.. " အိုကေလေ" တဲ့။

အဲ့ဒိနေ့တုန်းက ကျမသူ့ဆိုင်ကယ်နောက်ကနေ သူနဲ့မထိမိအောင် ခပ်ခွာခွာလေးထိုင်ပြီးလိုက်ခဲ့တယ်....။
အဲ့ဒိနေ့မနက်က နှင်းကျသံတစ်ဖျောက်ဖျောက်ကြားမှာ ကျမတို့စကားသံတွေ တိတ်ဆိတ်ဆွံ့အခဲ့တယ်။

သူလဲ ဘာမှဆက်မပြောတော့သလို ကျမလဲ ဘာစကားမှ ပြန်မစဖြစ်ခဲ့တော့ပါ................။

*****************************

"မျှော်လင့်ခြင်းကွင်းပြင် ဆိုကွာ" ဆိုတော့ "ဟာ တောထဲသွားတဲ့သီချင်းတွေ မဆိုချင်ဘူးတဲ့..........."...
"အိုး ရွာသွားတဲ့ ကွင်းပြင်ထဲမှာ ဆိုတိုင်း ဒါကိုမဆိုင်နိုင်တာတော့ မဟုတ်သေးပါဘူး "ဆိုတော့
"တခြားတစ်ပုဒ်ပြော "...တဲ့။ကိုအငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင်ကို ကျမ ဘယ်တုန်းကမှ ဆိုခိုင်းလို့ မရသလို၊
ကျမဆိုမယ် တီးပေး လို့လဲ ပြောလို့မရခဲ့ဖူးပါ............။

သူက ခုထွက်နေတဲ့ LMN ထဲက လမ်း သီချင်းဆိုပြမယ်ဆိုတော့ "ဟင့်အင်း အဲ့သီချင်းက ကိုယ်တို့နှစ်ယောက်နဲ့ ဘာမှမဆိုင်တဲ့ သီချင်း"လို့ ကျမကပြောတော့ "ဘယ်သူပြောလဲတဲ့......."၊
" ပိတ်ဆို့ခြင်းခံ တို့အချစ်များ ဘယ်လမ်းကဆက်သွယ်မလဲ "လေ...။
"အဲ့နေရာလေ...အဲ့နေရာက ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ" ဆိုတော့
"ခင်ဗျားကလဲ မဆီမဆိုင်တွေ တွေးနေပြန်ပြီ"လို့ ချက်ချင်း ချေပတတ်ပါတယ်။
"ငရဲလဲ စကားတွေအရမ်းတတ်လာပြီနော် "ဆိုတော့

"အဲ့ဒါ ခင်ဗျားပဲ သင်ပေးတာလေ "တဲ့..............။ကျမ သူ့ကိုနှစ်လိုစွာပြုံးပြလိုက်မိပါတယ်။

နောက်ဆုံးတော့ သူဆိုချင်တာဆိုပြီး၊ကျမတောင်းဆိုတဲ့ သီချင်း သုံးလေးပုဒ်ရယ်၊ကျမရူးသွပ်တဲ့ ဒိုးလုံးသီချင်း
သုံးလေးပုဒ်ရယ်နဲ့ ကျနော်တို့ ဘောလုံးပွဲသွားကြည့်ကြမယ်လေဆိုပြီး သူနဲ့ကျမရဲ့ ဂစ်တာဝိုင်းလေးကို
အဆုံးသတ်ခဲ့ကြတယ်။

******************************

အကြေမြို့လေးကနေ အပြီးအပိုင်ခွဲရတော့မယ် ဆိုတော့ နေစဉ်အခါက ဒုက္ခတွေကို ပြန်တွေးရင်း ကျမတစ်ယောက်ထဲ ပြုံးနေမိပါတယ်။ခုတော့လဲ ဒါတွေက ဘာမှ မဟုတ်တော့ပါလားကွယ်.ဒါပေမယ့် ကျမခံစားချက်တစ်ခုကို ရင်ထဲထည့်သယ်သွားချင်ပါသည်။ကျမနေရပ်ပြန်ရောက်တဲ့ အထိ အဲ့ဒိခံစားချက်ကို
သယ်သွားပြီး တသသနဲ့ ခံစားနေနိုင်ဖို့ ဖြစ်ပါသည်။

ဒါပေမယ့် ကျမရဲ့ ပူပြင်းတဲ့မီးတောက်လေးက ကျမကို ဘာခံစားချက်မှ သယ်မသွားနဲ့လို့ ပြောထားခဲ့ဖူးပါသည်။
ကျနော်လဲ ဘာခံစားချက်မှ ယူမထားခဲ့ဘူးတဲ့။ခင်ဗျားလဲ ယူမသွားပါနဲ့တဲ့။ကျမ သူ့စကားကို နားထောင်ပြီး ဘာခံစားချက်မှ မသယ်ပဲပြန်ခဲ့ချင်ပါသည်။ဒါပေမယ့်အဲ့ဒိစိတ်ကူးက အရာရာကိုမဖြစ်နိုင်တာ မရှိစေရလို့
ကြွေးကြော်ထားတဲ့ မိန်းမတစ်ယောက်ရဲ့မသိစိတ်မှာ ဘယ်လိုမှအကောင်အထည်
ဖော်မရတဲ့စိတ္တဇနာမ်တစ်ခုပါ။

ဒါကြောင့်ပဲ အမျိုးအမည်တပ်မရတဲ့ အဲ့ဒီခံစားချက်လေးတစ်ခုကို ကျမသယ်လာခဲ့မိတယ်.............။

*******************************************

အေးလွန်းတဲ့ အညာဆောင်းဟာ မကွေးမြို့မှာတော့ နေရာတကာထက်ပိုလွန်းသလားလို့ ကျမထင်ပါသည်။
ညနေလေးနာရီဆိုတဲ့အချိန်မှာပဲ မကွေးမြို့သည် အေးစက်စက်ဖြစ်နေပြီ။

ဖုံတစ်ထောင်းထောင်းထနေတဲ့ လမ်းမဘေးမှာ ကျမတစ်ယောက်ထဲ လမ်းလျှောက်နေမိသည်။
ဘယ်ကိုသွားနေမိသလဲ ကိုယ့်ဘာသာကို မသိပါ။လမ်းတွေက တစ်ခုနဲ့တစ်ခုထောင့်မှန်ကျပြီးရှိနေသည်။
မြို့ဖွဲ့စည်းပုံ
လှပသလို သပ်သပ်ရပ်ရပ်လဲ ရှိပါသည်။

နေလုံးက ဧရာဝတီထဲ ၀င်တော့မည်။ကျမလဲ နေမင်းကြီးနဲ့အတူ ဧရာဝတီဆီလျှောက်လိုက်သွားနေမိပါသည်။

နေမကွယ်ခင် ကျမ ဧရာဝတီဆီရောက်မှာပေါ့။နေလဲ ဧရာဝတီဆီ အရောက်၊ကျမလဲ ဧရာဝတီဆီအရောက်..
ကျမတို့အတူတူသွားနေကြသည်။

ဒီမြို့က ကျမမြို့မဟုတ်ပါ။နောက် တစ်နာရီလောက် လမ်းလျှောက်အချိန်ဖြုန်းပြီးရင် နောက်ထပ်ကျမမြို့
မဟုတ်တဲ့ မြို့တစ်မြို့ကိုကျမခရီးဆက်ရဦးမယ်........။


ရင်ထဲမှာ ဘာခံစားချက်မှ မရှိပါ။လိုက်ပို့နှုတ်ဆက်မယ့်သူ မရှိသလို၊ဆီးကြိုပွေ့ဖက်မယ့်သူလဲ မရှိတဲ့ ဒီလိုခရီးမျိုး
ဘယ်နှစ်ခုလောက် ခရီးဆန့်ပြီးခဲ့ပြီလဲ...။မတွေးတတ်တော့တာကို ဘယ်သူကမှလဲ နားလည်နိုင်မှာ မဟုတ်။
ကျမခေါင်းထဲမှာ ရန်ကုန်ရောက်ရင် တစ်ပတ်တိတိ တက်ရမယ့်သင်တန်းအကြောင်း၊နောက်ပြီး
လက်စမသတ်နိုင်ပဲထားခဲ့ရတဲ့ ကျမရဲ့ကျောင်းသားလေးတွေ၊ကျမရဲ့ ငါးနှစ်အောက်ကလေးအမေတွေ၊

သူနာပြုဆရာမလေးတွေ၊သားဖွားဆရာမလေးတွေ။ပြုစုရမယ့် စာရင်းအချက်အလက်တွေ၊ရုံးပြန်ရောက်တာနဲ့
ပြန်ရှင်းပေးရမယ့် ခရီးစရိတ်တွေ၊reportတွေ၊အဲ့ဒါတွေနဲ့ အုံခဲလို့နေရင်းက ဧရာဝတီဆီလျှောက်သွားနေမိတယ်။

ကျမ ဧရာဝတီဆီရောက်ပါပြီ။ဧရာဝတီက ပကတိရိုးစင်းလိုက်တာ။မင်းဘူးဘက်ကမ်းကနေဖြတ်လာတဲ့
လေနုနုက မင်းဘူးရနံ့၊စက္ကိန်းတဲရနံ့....၊ရေနံအနံ့တွေကသယ်လာပြီး ကျမဆီလာထိခတ်တယ်။ကျမရင်တွေ
သိပ်ကိုလှုပ်ခတ်လာတယ်။ဟောဟိုမှာမြင်နေရတာက ကဗျာဆရာတွေ ကျွန်းမကြီးကဗျာရွတ်ပွဲလုပ်လေ့ရှိတဲ့
ကျွန်းများလား။ရေစပ်ကနေ မြစ်ကမ်းနဖူးထိ ထွန်းနေတဲ့သောင်တွေပေါ်မှာ အ၀တ်လျှော်၊ရေချိုး လုပ်နေတဲ့ မိသားစုတွေ။နောက်ပြီးတော့
ကြက်သွန်ခင်း စိမ်းစိမ်းများ၊အနောက်ဘက်ကမ်းက မှိုင်းပြပြတောင်တန်း။

ဧရာဝတီ၊အဲ့ဒိ ဧရာဝတီရဲ့ အဆုံးမှာ ကျမနေပြီး ဧရာဝတီရဲ့အစကိုတော့ ခုထိ မတွေ့ထိ၊မခံစားဖူးသေးဘူး၊
ခုကျမရောက်နေတာက ဧရာဝတီရဲ့အလယ်၊ဧရာဝတီနဲ့ နှုတ်ခမ်းတစ်ဖက်ကို နင်းပြီး ကျမရပ်နေမိတယ်။

ဧရာဝတီရဲ့ဘေးမှာရပ်ပြီး အဆုံးအစမဲ့စွာ ကျမငေးနေမိတယ်။

***************************

ရပ်နေတဲ့သူရဲ့ ရင်ထဲမှာ ဘာတွေရှိနိုင်မလဲ....တွေးကြည့်မိမလား၊တစ်ယောက်ယောက်အလာကို မျှော်နေတာလဲ ဖြစ်နိုင်သလို တစ်ယောက်ယောက် ထွက်သွားတာကို ရပ်ကြည့်နေတာလဲ ဖြစ်နိုင်ပါသည်။

***********************

Sunday, February 01, 2009

ပိုစ့်တွေက တစ်ရာမြောက်

ဘယ်သူကမှ ၀ီစီလဲ မမှုတ်ပါပဲနဲ့ ကိုယ့်ဘာသာကိုယ် တာထွက်လာခဲ့တာ....ဘာလိုလိုနဲ့ စာပုဒ်ရေ ၁၀၀ တောင်ပြည့်ခဲ့ပြီ။ဒီပိုစ့်နဲ့ပါ ပေါင်းရင် ၁၀၀ ပေါ့။ပိုစ့် ၉၀ ကျော်လာချိန်မှာ သတိထားမိပါတယ်။
၁၀၀ ပြည့်တော့မယ်လို့.........။ပိုစ့် ၁၀၀ မြောက်ဆိုပြီး ဘာမှလဲ ထွေထွေထူးထူး မရေးချင်တော့ပါဘူး။ဒါကြောင့်
ကျေးဇူးစာရင်းလေးပဲ ပြုလိုက်ပါတယ်။ရာဇ၀င်လေးလဲ နဲနဲလှန်ရင်းပေါ့...။


သိပ်ပြီးကြည့်လို့ မရပေမယ့် မဖြစ်မနေကျေးဇူးတင်ရမယ့်သူက ကျမသူငယ်ချင်း ဘိုဘိုပါ...။သူစတင်ပြီး
သူ့ဘလောဂ့်ကိုကြွားလို့ ကျမက သူ့ဆီကလင့်ခ်တွေကနေ သွားရင်း၊သွားရင်းက ကိုယ်တိုင်လုပ်ကြည့်ချင်စိတ်နဲ့ အရင်တုန်းကထဲက စာရေးတဲ့ပိုးနဲ့ ပေါင်းလိုက်ပြီး ဒီလိုတွေးမိသမျှတွေ ရေးဖြစ်သွားပါတယ်။

သူနဲ့ထပ်တူ ကျေးဇူးတင်ရမှာက ကိုငြိမ်းစုပါ..။စာရေးပြီး တင်ရုံတင်မဟုတ်ပဲ ကျမကလိချင်သမျှ ကလိပြီးလို့ တင်းပလိတ်တွေ ပျက်တိုင်း(အကြိမ်ပေါင်းလဲ မရေနိုင်တော့ပါဘူး)သူ့ကို အနိုင်ကျင့်ပြီး ခိုင်းခဲ့၊တောင်းဆိုခဲ့သမျှ သည်းခံပြီး ပြင်ဆင်ပေးတဲ့ ကျမအစ်ကိုကြီး....။

ညီမရေ့၊ညီမရေ့ နဲ့ လာလာပြီးအားပေးတတ်တဲ့ အစ်ကို၊စကားပြောရင် ကဗျာရွတ်နေသလို သိမ်မွေ့တဲ့
စကားလုံးတွေနဲ့ ပြောတတ်တဲ့ကျမအစ်ကို၊ဒီထက်ပိုပြီး ညီမရဲ့ညည်းတွားတဲ့အသံတွေကို စိတ်ရှည်လက်ရှည်
နားထောင်ပေးတဲ့ ကျမအစ်ကို၊ကိုအောင်သာငယ်၊
အဲ့ဒိ အစ်ကိုနဲ့အတူ.....

ကျမအစ်မ မကေ..........." ညီမရေ ...ရေးပါဦး ရန်ကုန်မြင်ကွင်းလေးတွေ၊ကူပြီး မောရအောင်လို့ " ပြောပြီး အားပေးတတ်တဲ့ အစ်မပါ။အသစ်တင်တိုင်းရောက်ပါတယ် ညီမရေလို့ လဲ ပြောတတ်ပါသေးတယ်။အဲ့ဒိ အစ်ကိုနဲ့၊
အစ်မရဲ့ မှတ်ချက်စကားတွေ ကျမကြားရရင် ကျမခြေထောက် မြောက်ကြွ၊မြောက်ကြွ ဖြစ်ရတဲ့အထိ...........။
သူရို့စာတွေပဲ လိုက်ဖတ်ရင်းက နေရင်းထိုင်ရင်း စိတ်ထဲက ရင်းနှီးလာခဲ့....။ရင်ဘတ်ချင်းနီးတယ်လို့ မှတ်ယူပြီး ပြောချင်ရာပြော၊မန့်ချင်ရာမန့်ပြီး ဆိုးခဲ့သမျှလဲ သည်းခံပေးတဲ့ အစ်ကိုနဲ့ အစ်မနဲ့ပါ...........။
လွန်တာရှိ ၀န္တာမိလို့ တစ်လက်စထဲ တောင်းပန်ပါတယ်။

ပိုစ့်တိုင်းနီးပါးကို နေု့တိုင်းနီးပါး လာလာပြီး မန့်တတ်တဲ့ အစ်ကိုအောင်....။

တစ်ခါတစ်လေမှာ တစ်ကြောင်းထဲသော စာကြောင်းလေးနဲ့ လာလာမန့်တတ်တဲ့ အစ်မပန်ဒိုရာ.....။
တစ်ကြောင်းထဲတွေကပဲ အားအင်တွေ အပြည့်ရလာအောင် ပြောတတ်တဲ့ အစ်မ......။

ခု နေမကောင်းဖြစ်နေလို့ ပိုစ့်တွေမတင်နိုင်ရှာတဲ့ တောကျောင်းဆရာ.....။

ကျောင်းဆရာနဲ့ ဆက်ပြီးမှ ခဏ၊ခဏအင်ဗိုက်လုပ်တာတောင် လက်မခံခဲ့တဲ့ သယ်ရင်းကြီး မောင်မျိုး.........။
(ခုတော့ လက်ခံပြီးစကားပြောဖော်ရနေပါပြီ....ကျေးဇူးကြီးလှပါတယ်..တငှယ်ရှင်းရေ့....)

ဘန်နာလေးတစ်ပုံ ဆွဲပေးပြီး ကြေးအိုးတိုက်လဲတိုက်၊အကင်လဲ ကျွေးရတဲ့ ညီမလေး ညီညီ...။
(နောက်ထပ်တစ်ပုံဆွဲခိုင်းဖို့လဲ မပြောရဲသေးလို့...)

ကျမကို ပုံတူလေးတစ်ပုံဆွဲပေးတဲ့၊နောက်ပြီး အချစ်နဲ့ ပတ်သတ်တဲ့စကားလုံးလှလှတွေကိုဖောချင်းသောချင်း
လှိမ့်ထုတ်သလို ထုတ်နေတဲ့..... ချောင်းထဲက ကိုစိုင်း။

ဒါထက်ပိုလို့...ကျမဆီလာလည်ကြသော....အစ်ကိုများ၊အစ်မများ၊ညီမလေးများ၊မောင်လေးများ အားလုံး........။
(နာမည်တွေတော့ ထည့်မရေးတော့ပေမယ့် စိတ်ထဲမှာ အကုန်လုံးကို ထည့်ထားပါတယ်..)
ဘယ်သွားသွား၊ဘယ်လာလာ ဘလောဂ့်ပေါ်က ဘော်ဒါတွေကို စိတ်ထဲ ထည့်ထည့်သွားတတ်ပါတယ်။

ပိုစ့် ၁၀၀မှာဆားချက်ထားတာက ၂၅၊ရောက်တတ်ရာရာက ၂၅၊ရေးချင်သလိုရေးတာက ၂၅.....ပုဒ်၊ဒီလိုနဲ့....၊
အစိတ်၊အစိတ် သုံးလေးခါစိတ်လိုက်တော့ ၁၀၀ ရှိလာခဲ့ပါပြီ....။ဆက်ပြီးရေးနိုင်ဦးမယ်လို့လဲ မျှော်လင့်ပါတယ်။
ရှုထောင့်မျိုးစုံကနေ ဝေဖန်သုံးသပ်ပေးကြတဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ရပါတယ်...။
နောက်...အားလုံးကိုလဲ ချစ်တယ်။