Monday, December 29, 2008

ဓာတ်ပုံလက်ကျန်ရှင်းတမ်း

အညာမှာနေတုန်းက ရိုက်ထားတဲ့ပုံလေးတွေ ပြန်တင်လိုက်ပါတယ်။မျက်စိနောက်တယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါလေ...။
ဒီတစ်ခါ နောက်ဆုံးတင်ခြင်းပါ...။ဘာဖန်တီးမှုမှ မပါတဲ့ကျမရဲ့ ကင်မရာစုတ်စုတ်လေးနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ...။



ရွာတစ်ရွာကနေ နောက်တစ်ရွာကိုကူးတိုင်း ဒီလိုအပင်တွေနဲ့ပြည့်နေတဲ့ ကွင်းပြင်ကြီးကိုဖြတ်ရတယ်..။ကျမလဲ ဘယ်ရမလဲ။ကိုအငဲရဲ့ "ဒီကွင်းပြင်ကြီးကို...တို့ဖြတ်ဖူးတယ်....ဒီမြက်ပင်စိမ်းတွေ..ခြောက်သွေ့ကာ ညိုမွဲနေ..ဒီကောင်းကင်ကြီးလဲ ဟိုအရင်လို မလှတော့ဘူး..." လို့အော်ဆိုပြီး နွားလှည်းစီးခဲ့တာပေါ့..။
အဲ့ဒိအချိန်တုန်းကသာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလို့ စိတ်ပင်ပန်းခဲ့ရတာ..ခုပြန်တွေးတော့ လွမ်းမောစရာ..:'(



ဒီပုံကိုကျတော့ ကျမဆရာက ရှေ့ကနေရိုက်သွားတယ်..။ကျမက သူ့အိုင်ဒီယာကို ကောင်းမလားထင်ပြီး လိုက်ရိုက်ထားလိုက်တာ..။



ဒီပုံကျတော့လဲ အလင်းရောင်နဲ့ မြတ်စွာဘုရားရဲ့ သင်္ကန်းအရောင်တွေကို ဟပ်နေတယ်လို့ ခံစားရလို့ ရိုက်ခဲ့ပါတယ်..။
(အဟဲ အရောင်တွေ အကြောင်းပြောနေတော့ ပန်းချီတွေဘာတွေ နားလည်လားလို့ အထင်မကြီးလိုက်နဲ့ဦးနော်။မျဉ်းတောင်ဖြောင့်အောင် မဆွဲတတ်ပါဘူး )



အရောင်တွေ စပ်ပုံကိုသိပ်သဘောကျလို့ပါ...။


ပုဂံဘုရားတစ်ဆူထဲက နံရံဆေးရေးပန်းချီတစ်ခုပါ။ဘုရားနာမည်တော့ မမှတ်မိတော့တာ ခွင့်လွှတ်နော်...:)


ဒီဓာတ်ပုံကို ကျမဘာသာကျမ တံတိုင်းကြီးလို့ နာမည်ပေးထားတယ်..။



အညာရွာမှ အမေအို...။

အားလုံးကိုလေးစားခင်မင်လျက်........။


Sunday, December 28, 2008

စိတ်ကူးအိပ်မက်များ

ပြောခဲ့ဖူးသလို ချစ်တတ်တဲ့ရင်ခွင်အကျယ်ကြီးနှင့်လူဆိုတော့ စိတ်ကူးကလဲ အလွန်ကိုယဉ်ပါသည်။ အင်္ဂလိပ် စကားပုံလား၊ အဆိုအမိန့်လား မသိ.. ကြားဖူးတာတောင်ရှိသည်။ " အိပ်မက်တွေကို မက်ပါ..တနေ့မှာ အိပ်မက်တွေက သင်သွားလိုရာကို ရောက်တဲ့အထိခေါ်ဆောင်သွားပါလိမ့်မယ်" ..တဲ့လေ..။
ဒီတော့ အလကားဖောချင်းသောချင်းရနိုင်တဲ့ ဒီစိတ်ကူးအိပ်မက်တွေ ဘာလို့ မမက်ရဲရမှာလဲ....။
စိတ်ကူးယဉ်တတ်တဲ့အရွယ်ကတည်းက မက်ခဲ့တဲ့စိတ်ကူးအိပ်မက်...ခုထိလဲ မက်ဆဲပါပဲ။ဆက်ပြီးလဲ မက်နေမိဦးမှာပါပဲ။

စိတ်ကူးအိပ်မက်များ အများအပြားရှိပါတယ်။ သို့သော် အဲ့များလှတဲ့ စိတ်ကူးအိပ်မက် ကို အကောင် အထည်
ဖေါ်ဖို့ရာ လမ်းကြောင်းပေါင်းများစွာနဲ့ လျှောက်လှမ်းမှ ဖြစ်နိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်။ ကျမစိတ်ကူးလေးတွေကို တစ်ခုချင်းစီ ချရေးကြည့်ပါ့မယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ၀ိုင်းပြီးစဉ်းစားပေးကြပါဦး။

၁ ) နယ်ပြန်ပြီး အမေနဲ့နေဖို့...

အငယ်ဆုံးသမီးကို အမြဲတမ်း ရင်ခွင်ထဲ ထည့်ထားပြီးနေချင်တဲ့ ကျမအမေရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးဖို့ ဒါက ကျမအတွက် လက်တွေ့အကျဆုံး အိပ်မက်တစ်ခုပါပဲ။ အမေအသက်က ခုဆို ၆၀။ ခုလာမယ့် ပြာသိုလထဲမှာ ပြည့်ပါပြီ။ ဆိုတော့ အမေ့အသက် ၇၀ ဆိုရင်တောင် ကျမဒီအခွင့်အရေးကို ရနိုင်ပါ့မလား မသေချာသော်လည်း တစ်နေ့ဖြစ်ကိုဖြစ်လာရမယ်လို့ အမြဲအိပ်မက်မက်ပါတယ်။
ကျမစိတ်ကူးထဲမှာပေါ့လေ..။

အမေနဲ့အတူ ခြံစိုက်စားကြမယ်။ ခုလို ဆောင်းတွင်းဆိုရင် မေမြို့၊ဂန္ဒမာ နဲ့ ဂေါ်ဖီပန်းတွေနဲ့ ကျမတို့ရဲ့ အိမ်နောက်ဖေး ဈေးဆိုင်လေးက စည်ပင်နေမှာပဲ...။ အပင်တွေကို ရေလောင်းဖို့ အတွက် ရေတင်စက်လေးတစ်လုံးဝယ်မယ်။ ပြီးရင် ရေပိုက်နဲ့ပဲ ရေဖြန်းမယ်...။ခုလို ပုံးနဲ့ထမ်းပြီးရေလောင်းစရာ မလိုတော့ဘူးပေါ့။ကျမတို့အိမ်နောက်ဖေးက ချောင်းထဲမှာ နေ့တိုင်းရေဆင်းချိုးမယ်။အသားတွေမဲလဲ မဲပါစေ၊ဆံပင်တွေနီလဲ နီပါစေ။ရေချိုးရင်း ငါးတွေဖမ်းမယ်၊ငှက်ပျောတုန်းနဲ့ နွံတွေကို ကမ်းစပ်ထိ တွန်းတင်ပြီး အဲ့ဒိနွံထဲမှာ လျှောက်ပြေးနေတဲ့ ငါးတွေကိုဖမ်းမယ်...။အဲ့ဒိအခါ အမေက ဟဲ့မိ...ရေ...နင်ခုလာခဲ့စမ်းလို့ အော်ခေါ်လိမ့်မယ်။အော်ခေါ်တဲ့ အခါကျမှ ပြေးလွှားပြီ ကုန်းပေါ်ကိုတက်မယ်...။
အိမ်ပေါ်ရောက်တော့မှ ရေအသန့်နဲ့ တစ်ထပ်ချိုးပြီးတော့မှ အမေချက်ထားတဲ့ ငါးဖြူလေးချက်၊ငါးမီးဖုတ်နဲ့ ငြုပ်သီးစိမ်းထောင်းဖျော်ထားတဲ့ ငါးပိချက်နဲ့ ဘူးရွက်ပြုတ်တို့စရာနဲ့ ထမင်းစားမယ်...။ကျမရှာလို့ရလာတဲ့ ငါးလေးတွေကိုတော့ အမေမသိအောင် အိမ်ရှေ့ အိမ်ကိုပေးလိုက်ပြီးပေါ့....။

အဲ့လို သာမာန်ရိုးကျဆန်တဲ့ဘ၀လေးထဲမှာ ကျမဖြတ်သန်းပြီး ကျမရဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်....။

၂ ) ကျမမြို့မှာ အကျိုးပြု သင်တန်းလေးဖွင့်ဖို့ နဲ့ စာကြည့်တိုက်လေးတစ်ခုတည်ထောင်ဖို့.....

ဒီစိတ်ကူးကလဲ အမြဲမက်တဲ့အိပ်မက်ပါ...။အထူးသဖြင့် နယ်ပြန်ပြီးရင် ပိုပြီးဒီစိတ်ကူးက ပြင်းထန်လာတတ်ပါတယ်။
ကျမတို့ မြို့ဟာ ခရီးလမ်းဆုံးမြို့ဖြစ်သလို ဘာမှလဲ သိသာမြင်သာတဲ့ တိုးတက်မှုမရှိပဲ လူတွေအားလုံးသည်လဲ တို့လူလေးများဆိုသလေ............ဝေလေလေ...သို့မဟုတ်...ခင်ညာာာာာာာာ.....ဆိုတဲ့လူတွေနဲ့ပေါ့။
ကျမအဲ့မြို့လေးမှာ ဘာသာစကားသင်တန်း၊ကွန်ပြူတာသင်တန်းနဲ့ စာကြည့်တိုက်လေးတစ်ခုဖွင့်ချင်တယ်...။

ကျမစိတ်ကူးထဲက ဘာသာစကားသင်တန်းမှာ တစ်ပတ်နှစ်ရက်မှာ ရန်ကုန်ကနေအလကားလာသင်ပေးမယ့် သူငယ်ချင်းရဲ့ အင်္ဂလိပ်စာသင်တန်း၊နောက် ကျမရဲ့ မြန်မာစာသင်တန်းလေးတွေ လုပ်မယ်...။တန်ရာတန်ကြေးလဲ တောင်းမယ်...။
ရလာတဲ့ ငွေနဲ့ ကျမရဲ့စာကြည့်တိုက်မှာ စာအုပ်တွေဝယ်ဖြည့်မယ်...။ရန်ကုန်ကို စာအုပ်တွေလှမ်းမှာမယ်...။

ကွန်ပြူတာသင်တန်းမှာကျတော့ အဲ့ဒိအချိန်ဆို အင်တာနက်တွေ၊ဘာတွေလဲချိတ်ဆက်လို့ရနေလောက်ပြီ ဆိုတော့ကျမကလေးတွေကို ဂျာဗားတွေဘာတွေကအစ နည်းပညာနဲ့ပတ်သက်တာ အကုန်သင်ပေးမယ်...။ဒါသင်ဖို့အတွက်တော့ သင်တန်းဆရာရှာရဦးမယ်..။ကျွမ်းကျင်သူများ ကျမအိပ်မက်တွေ အကောင်အထည်ဖော်တဲ့အခါ ပါဝင်ဖို့ ခုထဲကဆက်သွယ်နိုင်ပါတယ်...။

ကျမစာကြည့်တိုက်လေးမှာကျတော့ ကျမတုန်းက အသက်အရွယ်အလိုက် မဖတ်ခဲ့ရတဲ့စာတွေကို ကျမ Librarian တွေဖတ်နိုင်အောင် စီစဉ်ထားမယ်...။ကျမစာကြည့်တိုက်မှာ ငှားလဲငှားနိုင်သလို ထိုင်မြည်းလဲလုပ်လို့ရအောင် စီစဉ်ထားမယ်..။စိုစွတ်ပြီး အပင်ပေါတဲ့အရပ်ဖြစ်တာမို့ ခြံအကျယ်ကြီးထဲမှာ အပင်မျိုးစုံစိုက်ထားဦးမယ်...။အပင်စိုက်တာ ၀ါသနာပါတဲ့ ကျမအစ်မငယ်က အဲ့ဒါကိုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်...။ကျမကို ဝေဖန်မယ့်သူတွေကိုလဲ အလုပ်နဲ့သက်သေပြဖို့ စဉ်းစားထားတယ်...။ကျမရဲ့ နယ်မြို့က သယ်၇င်းတွေကတော့ နင်တော်တော်ကြောင်တာပဲလို့ ပြောကြလိမ့်မယ်..။သူတို့တွေကိုလဲ သိမ်းသွင်းမနေပါဘူး..။။ကိုယ့်လမ်းကိုယ်ဆက်လျှောက်မယ်...။


၃ ) ကျမထက်ပိုတော်တဲ့..၊သို့မဟုတ် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်တဲ့ ကျမရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့....

ကျမအမေထက် ကျမတော်တယ်၊ပိုအသုံးကျတယ်လို့ ဘယ်တုန်းကမှ မခံယူခဲ့ဘူး..။ဒါမဲ့ ကျမရင်သွေးတွေကျရင်တော့ ကျမထက်ပိုတော်ပြီး လူ့လောကပတ်ဝန်းကျင်အတွက် အထောက်အကူပြုမယ့် လူငယ်လေးတွေဖြစ်စေချင်ပါတယ်..။
ဖြစ်အောင်လဲ ကျမကြိုးစားထောက်ပံ့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။ကျမရင်သွေးလေးတွေက အမှီခိုကင်းကင်းနဲ့ ဘ၀မှာရပ်တည်နိုင်ရမယ်..။အမျိုး၊ဘာသာ၊သာသနာကို ချစ်တတ်ရမယ်...။အမှားနဲ့ အမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ရမယ်..။အဲ့ဒိလို ရင်သွေးလေးတွေနဲ့ ကျမရဲ့နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်တယ်...။

ကဲ..ဒီလောက်ပါပဲ..ကျမစိတ်ကူးတွေကတော့...လုံးဝအောက်မဆင်းဘူးနော်..။မောင်လေးကာတွန်းရေ..အဆင်ပြေမယ် မျှော်လင့်ပါတယ်..။

သည်းခံဖတ်ပေးကြတဲ့ မောင်နှမများအားလုံးစိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေ...။

ကျမစိတ်ကုးတွေကို ဖတ်ပြီးရင် အစ်ကိုတို့အစ်မတို့လဲ ရေးပေးရမယ်နော်...။

ကိုအောင်သာငယ်(သူပဲအမြဲတဂ်နေတာ..ဒီတစ်ခါ ညီမတဂ်တာ ဖြေ...:) )
ကိုဆောင်းယွန်း(ညီမအလှည့် )
ကိုငြိမ်းစု (ဘယ်တုန်းကမှ မဖြေ..သို့သော် ၀ါသနာအရ တဂ်ပါသည်)
အစ်ကို ဖိုးညို(ပထမဆုံးနဲ့ အခါအခွင့်သင့်တုန်း ရေးပေးမယ်လို့ မျှော်လင့်ပါတယ်..။)
မောင်ရှင်းသန့် (အစ်မကြီးပဲလေ အနိုင်ကျင့်ရမှာပေါ့)
ကျောင်းဆရာ (ခပ်လန့်လန့်နဲ့ပဲ...)
မောင်နော်မန်..(၀ါသနာမယ်လို့ ထင်ပါတယ်)
အစ်မ ယောနသံ (အစ်မကြီး ဒုတိယံပိနော)
အစ်မပန် (အစ်မသာ ဖြေရင် ညီမတကယ်ဝမ်းသာမှာ)
အစ်မကေ (ခင်တယ်ဆို ဖြေပေးနော် အစ်မ )

အစ်ကိုအစ်များ၊အားရင်ရေးပေးမယ်လို့ ယုံကြည်ပါသည်။

Saturday, December 27, 2008

ဘာမှလုပ်မရတဲ့အကြောင်းနဲ့ အရည်ညှစ်ထုတ်ထားခဲ့သော ပိုစ့်ပေါင်း ၈၀

ကျော်မရ၊ခွမရ ဖြစ်နေပါတယ်။ကျမတစ်ယောက်ထဲများ ဖြစ်နေလားမခန့်မှန်းတတ်ပါ။တစ်ခါတစ်လေ ပြတင်းပေါက်လေးက ပွင့်နေပြီး ဘာမှလုပ်လို့ မရပါ။အလကား!! လူကိုလာလိမ်နေတယ်။စာတွေလိုက်ဖတ်ပြီးလို့ ထင်ရာမြင်ရာလေးရေးမယ်ကြံလဲ 10 အိမ်ကို တစ်အိမ်တောင် အဆင်မပြေဘူး။ကြာတယ်...ခါးချည့်တယ်။ဇက်ကြောတက်တယ်။မျက်မှန်ပါဝါတိုးတယ်။

ပိုစ့် 80 မြောက်ကို ဒီအရည်မရ၊အဖတ်မရအကြောင်းကိုပဲ အရည်ညှစ်ပြီးရေးတင်လိုက်မယ်။
အားလုံး သည်းခံပြီးဖတ်ပေးလို့ ကျေးဇူးပါ။

စိတ္တသုခ၊ကာယသုခနဲ့ ပြည့်စုံကြပါစေ။

Thursday, December 25, 2008

အချစ်အကြောင်းစဉ်းစားခြင်း

ဒီနေ့ တစ်နေ့လုံး အချစ်အကြောင်းစဉ်းစားမိနေသည်။
အချစ်အကြောင်းဆိုတော့ အချစ်ဆိုတဲ့ကောင်မလေး သို့မဟုတ် ကောင်လေးအကြောင်းလို့တော့ မထင်လိုက်ပါနှင့်။
လူတို့ အင်မတန်ဖောဖောသီသီအသုံးများသလောက်၊လူတို့ ပြောချင်သလိုပြော၊သတ်မှတ်ချင်သလို သတ်မှတ်ခံနေရသောစိတ္တဇနာမ် အချစ်အကြောင်းသာဖြစ်ပါသည်။

စဉ်းစားဖြစ်တယ်ဆိုတော့ ကျမအသက်ဆယ့်သုံးနှစ်ဆိုတဲ့ သီချင်းထဲကလို မှန်ရှေ့ထိုင်ကာတခိုးခိုးတစ်ခစ်ခစ်ရယ်ပြီးတော့ စဉ်းစားနေတာမျိုးလဲ မဟုတ်ရပါ။

စဉ်းစားဖြစ်စေတဲ့ အကြောင်းရင်းလေးတွေလဲရှိပါသည်။
ကိုအောင်သာငယ်ကြီးတဂ်တုန်းက အချစ်အကြောင်းကိုသေချာ ရေးမပေးလိုက်ရ၊မရေးတတ်တာလဲ ပါပါသည်။
နောက်တစ်ချက်မှာ ကိုယ့်အချစ်ကြောင့် သူတပါးကို စိတ်ကသိကအောက်ဖြစ်ရလောက်အောင်ထိ လိုက်လံနှောက်ယှက်တတ်သော ယောက်ျား၊မိန်းမတို့ကို နားမလည်နိုင်ခြင်းကြောင့်လဲဖြစ်ပါသည်။

တကယ်စဉ်းစားတော့မှ ဒီကိစ္စကအင်မတန်လေးနက်ပြီး အလွန်တရာအဖြေရှာရခက်ပါသည်။
ကျမသည် သိပ်ချစ်တတ်ပါသည်။
တနည်းအားဖြင့် ချစ်တတ်သောနှလုံးသားအကြီးကြီးနှင့် အချစ်တို့နဲ့ပြည့်သော ရင်ခွင်အကျယ်ကြီးကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ချစ်စရာ ကောင်းတာမှန်သမျှကို အကုန်ချစ်ပါသည်။

အချစ်အကြောင်း စဉ်းစားရင်းကပဲ သူနဲ့နံရံပါးပါးလေးတစ်ခုသာခြားပြီး လုံးဝဆန့်ကျင်ဘက်ဖြစ်သော
အမုန်းအကြောင်းထဲကိုပါ စိတ်ရေယာဉ်ကိုမျှောနေမိခဲ့ပါသည်။ရိုးသားပွင့်လင်းစွာ ပြောရရင်အမုန်းတရာဆိုတာကို လူပေါ်လူညွန့်ခူးစားတဲ့လူတွေလောက်ကလွဲရင် ကျန်တဲ့၊အခြားသော ဘယ်နေရာ၊ဘယ်အသိုင်းအ၀ိုင်း၊ဘယ်လူတန်းစားပေါ်တွင်မှ အမုန်းတရားဟူသည်ကို သိပ်ချစ်တတ်သောကျမ မထားတတ်ပါ။
ထားလဲမထားနိုင်ပါ။တကယ်တမ်းကျတော့ အမုန်းတရားသည် မုန်းရသူကိုပါ ပူလောင်စေသည်မဟုတ်လား။ဒီလိုဆိုတော့ အချစ်အကြောင်းလေးပြန်လှည့်မိသည်။


အချစ်ဆိုတာကရော ပကတိငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ပါသလား။ကာလရှည်ကြာစွာ ပေးနိုင်လိမ့်မည်မထင်ပါ။အချိန်အတိုင်းအတာတစ်ခုထိတော့ ပေးကောင်းပေးနိုင်ပါလိမ့်မည်။သို့သော် အဲ့သည်အချိန်အတိုင်းအတာဆိုတာကို ဒါက ငြိမ်းချမ်းမှုလို့ နာမည်တပ်လို့မရစကောင်းပါ။သို့သော် အချစ်ရှိနေတဲ့ဘ၀၊အချစ်ရှိနေတဲ့ ပတ်ဝန်းကျင်၊အချစ်နဲ့ဖြန့်ကျက်တဲ့ ကောင်းကင်အောက်မှာ နေရတဲ့တတင်္ဂအခိုက်အတန့်မှာတော့ ငြိမ်းချမ်းမှုဆိုတာကို အပြည့်အ၀မရခဲ့ရင်တောင် အမုန်းတရားရဲ့ ပတ်ဝန်းကျင်ထက်တော့ အေးမြမှာ အမှန်ပါပဲလေ။

ဒါဆို အချစ်ကြောင့်ပူလောင်ရတာတွေလဲ ထည့်စဉ်းစားဖို့မလိုဘူးလား။သိပ်လိုတာပေါ့နော်။

အဲ့ဒိ အချစ်ကြောင့်ပူလောင်တယ်ဆိုတဲ့ ကိစ္စကို ခင်ဗျားတို့ရော ဘယ်လိုအနက်ဖွင့်ဆိုချင်ပါသလဲ။

တကယ်ချစ်ရင် ပူလောင်ရပါသတဲ့လား။အချစ်ကြောင့်ပူလောင်ခြင်း မဟုတ်တန်ဘူး။အဲ့ဒိပူလောင်မှုသည် အတ္တ၏ အသီးအပွင့်ပင်ဖြစ်ပါလိမ့်မည်။အချစ်ကြောင့် မပူလောင်ပါ။အချစ်သည် ပျော်ရွှင်မှု၊နူးညံ့မှု၊နှစ်သက်မြတ်နိုးမှု အဲ့သည်တစ်ခုခုကိုသာလျင်ပေးနိုင်စွမ်းသော စိတ္တဇနာမ်တစ်ခုဖြစ်ပါသည်။

အချစ်ကြောင့်ပူလောင်ရပြီဆိုရင်တော့ ကိုယ်တိုင်နဲ့ ကိုယ့်ဝန်းကျင်ကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပြီဟု ထင်သည်။အချစ်ကြောင့်ပူုဆွေးသောက ရောက်ရတာ၊အချစ်ကြောင့် ဘ၀ပျက်တာ၊အချစ်ကြောင့် ကိုယ့်ကိုယ်ကိုတိုက်စားခံတာ၊
အချစ်ကြောင့် မူးတာ၊အချစ်ကြောင့် ရူုးတာ၊အချစ်ကြောင့် ဘာကိုမှအမှားအမှန်မခွဲခြားနိုင်တော့တာ၊
စသဖြင့်......အချစ်ကြောင့်ပေါင်းများစွာ။

တကယ်တော့ အချစ်က ဘယ်လိုပူလောင်မှုမျိုးကိုမှမလုပ်တတ်၊မဖန်တီးတတ်ပါ။ဖန်တီးသူသည် ကိုယ်တိုင်သာလျှင်ဖြစ်ပါသည်။
အကယ်လို့များ အဲ့ဒိအချစ်ဆိုတာက သက်ရှိသတ္တ၀ါတစ်ယောက်သာဆိုခဲ့ရင် အချစ်ကြောင့်လို့နာမည်တပ်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးနေကြသူတွေကို အပြစ်တင်နေပါလိမ့်မည်။
(မှတ်ချက်...။အမိမြန်မာပြည်မှာတော့ အဲ့လိုအပြစ်တင်ခံရသူတွေ ဒုနဲ့ဒေးရှိနေကြလိမ့်မည်ဟု ကျမရဲရဲကြီးယုံကြည်ပါသည်)

အချုပ်ဆိုရလျင် အချစ်ဆိုတာ ချစ်တတ်ဖို့သာလိုပါသည်။


Monday, December 22, 2008

အထီးကျန်ခြင်းများနဲ့ သုံးရက်တာ......


အထီးကျန်ခြင်းဆိုတာ
ထိမရ၊တွေ့မရတဲ့ စိတ္တဇနာမ်...။

အထီးကျန်ခြင်းဆိုတာ
အဆုံးသတ်အတွေးကို တွေးမရတဲ့မိစ္ဆာ

အထီးကျန်ခြင်းဆိုတာ
သီချင်းတွေကို ခြောက်သွေ့စေတဲ့ စိတ်ရဲ့တစ္ဆေ

အထီးကျန်ခြင်းဆိုတာ....
ကြောက်ရွံ့ခြင်းများနဲ့ မလင်းတဲ့ ညတွေ

အထီးကျန်ခြင်းဆိုတာ....
အိပ်ရေးပျက်ညတွေကို အဖော်လုပ်ပြီးကုန်ဆုံးရတဲ့ အမှောင်ကမ္ဘာ

ငါ..
အဲ့ဒိ အထီးကျန်ခြင်းကို သိပ်...မုန်း...တယ်...။