Monday, December 26, 2011

သို့.. ဒိုင်ယာရီ

မည့်သည်အရာကိုမဆို ဆုံးရှုံးခံလိုက်ဖို့ ၀န်မလေးတော့တဲ့စိတ် ကိုယ့်ဆီကိုရောက်လာတဲ့အချိန်ကျမှ
အရင်တုန်းက ကိုယ်ဘယ်လောက်ထိ ပင်ပန်းနေခဲ့သလဲဆိုတာ သိလာရတယ်။ အဲ့ဒီအသိနဲ့အတူပဲ တပါတည်း
ရောက်လာတဲ့စိတ်ခံစားမှုက ကုန်ဆုံးတဲ့အချိန်တွေအတွက် ကိုယ်...သိပ်ကို နှမြောနေမိတော့တာပါ။

ဒီအချိန်မှာ ကိုယ့်ချာတိတ်ဘ၀တုန်းက သူငယ်ချင်းတစ်ယောက် ကိုယ့်ကိုအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို
ပြန်အမှတ်ရမိတယ်။ သူပြောလေ့ရှိတာ "နင့်ခံစားချက်အတွက်ပဲ နင်ဦးတည်စဉ်းစားစမ်းပါ " ဆိုတာ။ တကယ်တော့ ကိုယ်လဲ ကိုယ့်ခံစားချက်အတွက်ပဲ စဉ်းစားတာပါ။ ကိုယ်လဲ ပုထုစဉ်လူသားပဲ။ ကိုယ် သူများအတွက်ပဲ စဉ်းစားပါတယ်လို့ မပြောလိုပါဘူး။ ဒိုင်ယာရီ.. မင်းကိုမို့ ကိုယ်ရိုးသားစွာ ၀န်ခံပါတယ်။ ကိုယ် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှ မစဉ်းစားပေးခဲ့ပါဘူး။

တခုရှိတာက ကိုယ့်စဉ်းစားပုံ မှားနေခဲ့တာ နေမှာပါ။

နောက်ထပ်တမျိုး ကိုယ်ထပ်စဉ်းစားမိပြန်တယ်။ တကယ်ပဲ ကိုယ့်စဉ်းစားပုံ မှားခဲ့သလား။မမှားလို့သာ ကိုယ်လုံးဝ ကျွံကျမသွားသေးခင်မှာ သတိထား လိုက်မိတာနေမှာ။ ဒီတော့... ကိုယ်စဉ်းစားတာ နောက်ကျသွားတာပဲ လို့ထင်မိပြန်ရောကွယ်။ သို့မဟုတ်ရင်လဲ စောသွားခဲ့တာ မျိုးလဲ ဖြစ်နိုင်ပါတယ်လို့ ကိုယ်ဒီလိုပဲ တွေးပါတယ် ဒိုင်ယာရီ....။

ဟုတ်တယ်.. ဒီနေရာမှာ ကိုယ်ဘာဖြစ်နေတာလဲဆိုတဲ့ ပွိုင့်ကိုဖမ်းမိသွားပြီ။ ကိုယ်က အမြဲပဲ ကိစ္စရပ်တိုင်းမှာ စောချင်စောနေ၊ ဒါမှမဟုတ်လဲ နောက်ကျချင် နောက်ကျနေတတ်တယ်။ ကိုယ်ရယ်၊ အခြေအနေရယ်၊ အချိန်အခါရယ် အမြဲလွဲနေခဲ့တယ်။

=========

ကိုယ်တို့ တက္ကသိုလ်တက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားဘ၀ အနှစ်သာရ ကို သေချာမခံစားခဲ့ရဘူး။တက္ကသိုလ်ဆိုတာ ဘာမှန်းမသိတဲ့ တက္ကသိုလ်မှာ ကိုယ်တို့တက်ခဲ့ရတယ်။ အဲ့ဒီအခြေအနေကို လက်မခံနိုင်တဲ့ ကိုယ်က အဲ့ဒီအသိုင်းအ၀ိုင်းကနေ စောစောစီးစီးပဲ လက်ပြနှုတ်ဆက် ထွက်လာခဲ့တယ်။ အမှန်တော့ ကိုယ်သေချာမသိတဲ့အရာတွေ ရှိနေခဲ့မှန်း ကိုယ်ခုမှသေချာသိသွားတယ်။ ဘာလဲဆိုတော့ အဲ့ဒီအချိန်ထဲက ကိုယ်တို့တိုင်းပြည်လေးမှာ တက္ကသိုလ်နဲ့မတူတဲ့ တက္ကသိုလ်တွေပဲ ရှိနေပြီး အဲ့ဒီလိုတက္ကသိုလ်တွေမှာ တက်နေခဲ့တာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဆိုတာ...။

နောက်တော့ ကိုယ် အလုပ်တွေစလုပ်ဖြစ်တယ်။ ငယ်ရွယ်တယ်၊ ဖျတ်လတ်တက်ကြွတယ်၊ သင်ယူ၊လေ့လာ၊နာခံဖို့အတွက် ကိုယ့်မှာ စိတ်တွေ ၁၀၀ % ဘက်ထရီအင်အားအပြည့်နဲ့။ တစ်ခုခုကို သင်ယူတတ်မြောက်လွယ်မှုဆိုတဲ့နေရာမှာလဲ အားသာချက်၊ အားနည်းချက်တော့ ရှိတာပဲ။
သင်ယူတတ်မြောက်လွယ်မှုကြောင့် ကိုယ်အလုပ်တွေမှာ စောစောစီးစီးနဲ့ လွယ်လွယ်ကူကူ အဆင်ပြေ၊ အသားကျသွားလေ့ရှိတယ်။ ဒါပေနဲ့ ချက်ချင်းပဲ အဲ့ဒီအလုပ်ရဲ့ အကြီးအကဲတွေ၊ လူမှုစီမံခန့်ခွဲမှုတွေကို ကိုယ် စောစောစီးစီးကြီးသိသွားပြန်တယ်။ အထူးသဖြင့် သူတို့ရဲ့ ခံယူချက်တွေကို မနှစ်သက်တော့ပြန်ဘူး။ အဲ့ဒီအခါ ကိုယ်.. အဲ့ဒီပတ်ဝန်းကျင်ကနေ ပြေးထွက်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းကလဲ ကိုယ်မေ့နေခဲ့တာ တစ်ခုရှိတယ်။ "လူ့ဘ၀ကို ရှင်သန်ဖြတ်သန်းမှုပုံစံမှာ ကိုယ်ရောက်ရှိကျင်လည်နေတဲ့ ပတ်ဝန်းကျင်သာ မဟုတ်ဘူး။ နေရာအတော်များများဟာ ညစ်ထေးနေကြတယ်" ဆိုတာ ကိုယ်မေ့လျော့ထားခဲ့တာပေါ့။

ကိုယ် ငယ်ငယ်တုန်းက ကိုယ့်အမေနဲ့ ကိုယ့်အစ်ကိုနဲ့ရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတာ မင်းလဲ အသိပါပဲ ဒိုင်ယာရီရယ်...။ ကိုယ့်အမေက သာမာန်ကျေးတောသူမို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နည်းက သူနဲ့ သူမရဲ့ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနည်းတစ်ခုပေါ့။ ကိုယ့် အစ်ကိုကျတော့ ဒီလိုမဟုတ်ဘူး။ အမေ့လို တရွေ့ရွေ့နဲ့ မသွားဘူး။ သူ့ရဲ့ စီးပွားရေးနယ်ပယ်မှာ ရွေ့လျားမှုနှုန်းက မြန်ဆန်တယ်။ နောက်ပိုင်းမှာ ကိုယ်အရွယ်မရောက်ခင်မှာပဲ ဘယ်လိုစိတ်ကူးနဲ့ ကိုယ့်ကို သူ့အုပ်ထိန်းမှုအောက်ကနေ လွှတ်ပေးခဲ့သလဲ မသိဘူး။ ကိုယ့်လမ်းကို ကိုယ့်ဘာသာကိုယ်ပဲ စမ်းတ၀ါးဝါးနဲ့ စလျှောက်ရတော့တယ်။

သူ့လွှမ်းမိုးမှုအောက်ကနေ လွတ်လွတ်ချင်းမှာ ကိုယ်အရင်ဆုံး သူ့အပေါ်ထားမိသွားတဲ့အမြင်က "ကိုယ့်အစ်ကို သည် တော်တော်လေးကို မရိုးသားတဲ့လူတစ်ယောက်ဖြစ်နေပြီ " ဆိုတာ...။

ဒါနဲ့ပဲ သူ့ထက် ကိုယ့်ရဲ့ ရွေ့လျားမှုနှုန်းက ပိုမြန်ဆန်တယ်ဆိုရမယ်။ ခုအချိန်မှာ ကိုယ်က သူနဲ့ ခံစားမှုတွေတူ၊ ဖြတ်သန်းပုံတွေတူနေပြီ။ ကိုယ့်ထက် အသက် ၁၃ နှစ်လောက်ကြီးတဲ့ အစ်ကိုနဲ့ ကိုယ့်ဖြတ်သန်းပုံတွေ မတူနေသင့်ဘူးမလား။ ကိုယ့်စိတ်တွေ အဲ့လောက်ထိ အိုစာ မနေသင့်ဘူးမလား။

==========

ကိုယ် ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသလဲ..။ အဲ့ဒီအပြောင်းအလဲတွေကို ကိုယ်မသိလိုက်ဘူး။
ဒါပေမယ့် ကိုယ့်ဘ၀မှာ အပြောင်းအလဲတိုင်းက အဲ့ဒီလိုပါပဲ။ ကိုယ်သတိမထားမိ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန်မှာပဲ ကိုယ်ကိုယ်တိုင်က ပြောင်းလဲနေနှင့်ပြီ ဒိုင်ယာရီ... အဲ့ဒါကိုတော့ မင်းလဲ သတိထားမိမယ် ထင်ပါတယ်။

=========

အခုလောလောဆယ်မှာ ကိုယ်ပြောင်းလဲသွားတာ တစ်ခုရှိတယ်။ အဲ့ဒါက ဘယ်သူ့ကိုမဆို ဆုံးရှုံးခံလိုက်ရဖို့ ၀န်မလေးတော့ဘူး ဆိုတာပါပဲ။ ကိုယ့်ခံစားမှုတွေကို ကိုယ်ထိန်းချုပ်ပစ်လိုက်တယ်။ တနည်းအားဖြင့် ကိုယ့်နှလုံးသားရဲ့ စေစားမှုတွေကို ကိုယ်ကိုယ်တိုင် လွှတ်ချပစ်လိုက်တာပါပဲ။ သေသေချာချာ ဆင်ခြင်ကြည့်တဲ့အချိန်ကျတော့.. ကိုယ့်နှလုံးသားမှာ အဲ့ဒီ "မနှမြောတတ်တော့စိတ် " က ပြောင်းလဲ သန္ဒေတည်နေပြီ။

သို့သော်.. အဲ့ဒီအပြောင်းအလဲကိုတော့ ကိုယ် တဆိတ်နောင်တရမိကြောင်း ၀န်ခံလိုပါတယ်။ ဟုတ်တယ်။ ကိုယ်အဲ့ဒီအပြောင်းအလဲကို မနှစ်သက်ဘဲ၊ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပါ ဒိုင်ယာရီ...။

=====

ဒိုင်ယာရီရယ်.. နောက်ဆုံးပြောချင်တာကတော့ ကိုယ်က ကိုယ့်ဘေးနားက မိတ်ဆွေတွေကိုလဲ သူတို့လိုအပ်တဲ့လာတဲ့ အခါမျိုးမှာ၊ သို့မဟုတ် သူတို့ကို တစ်ခုခုပြောပြဖို့အချိန်တန်ပြီလို့ ယူဆရတဲ့အချိန်မျိုးမှာ.. ကိုယ် ဒီလိုပဲ.. သူတို့စိတ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့ဖူးတယ်။ အဲ့ဒီလို တစ်ခါပြောပြီးတိုင်း ကိုယ်က ကြိတ်စက်ထဲ အကြိမ်ကြိမ်ထိုးထည့်ခံခဲ့ရတဲ့ ကြံချောင်းတစ်ချောင်းလို ပျော့ဖတ်နုံးခွေသွားတတ်တာ မင်းလဲ မြင်နေတာပဲလေ။

အခုလို မင်းကိုမှ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောရတဲ့အခါကျတော့ အရင်အခါတွေတိုင်းထက် ကိုယ်... ပိုလို့ ပင်ပန်းပါတယ်။ အဲ့ဒီ အတွက် တောင့်တာမိတာ တစ်ခုရှိကြောင်း ကိုယ် မင်းကိုဝန်ခံပါရစေ...။ ဟုတ်တယ်.. ကိုယ် ပုခုံးလေးတစ်ခုကို တောင့်တနေမိတယ်။ ကိုယ့်အပေါ် ဘာဝန်ထုပ်ဝန်ပိုးမှမဖြစ်စေတဲ့ ပုခုံးလေးတစ်ကိုပေါ့။ အဲ့ဒီ ပုခုံးလေးက အတုလေးပဲဖြစ်စေဦးတော့.. ကိုယ် မက်မက်မောမောကို လိုချင်နေမိပါတယ် ဒိုင်ယာရီရယ်...။

မှ...

မကြေးမုံ

=============



No response to “သို့.. ဒိုင်ယာရီ”