Saturday, February 26, 2011

မုန်းမိတယ်ဆိုရင်တောင် အဲ့ဒါ မတော်တဆ

ကျမတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးကြတယ်...။အဲ့ဒိ မတော်တဆမှုတွေကနေပဲ တချို့ အမှတ်ရစရာ၊ပျော်စရာ၊တချို့ဝမ်းနည်းစရာ..နောက်ပြီး အဲ့ဒိမတော်တဆမှုတွေကနေ တစ်ဘ၀လုံး ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေထိ ဆိုးရွားခဲ့တာတွေ..။

*********************************************

ဒီညကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်းလေးတစ်ခုအကြောင်း အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖြစ်ပြီး မင်းသားက မြန်မာပရိတ်သတ်တွေကြားမှာ အချိန်အတော်ကြာ ကွယ်ပျောက်နေတဲ့ တချိန်တုန်းက ညီနန္ဒခေါ် ခု နန္ဒ ပါ။ မင်းသမီးတွေက နန္ဒာလှိုင်နဲ့ ပန်းဖြူနဲ့ ကလေးသရုပ်ဆောင် ၂ယောက်လဲ ပါဝင်ပါတယ်။

ဇာတ်လမ်းကို အကျဉ်ချုံးပြီးပြောရရင်တော့ ညီနန္ဒနဲ့ ပန်းဖြူတို့က ဇနီးမောင်နှံတွေဖြစ်ကြတယ်။သူတို့မှာ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။

ပန်းဖြူက အိမ်ထောင်မှုလုပ်၊သိမ်းထုပ်သေချာပြီး အင်မတန်မှ သ၀န်တိုတတ်တဲ့အမျိုးသမီး၊ညီနန္ဒကကျတော့ အလုပ်ကိုပဲအေးအေးဆေးဆေးလုပ်ချင်သူ။ သူ့မိန်းမကိုအရမ်းချစ်ပေမယ့် သူ့မိန်းမကတစ်မျိုးပြီးတမျိုး မရိုး နိုင်အောင် သူ့ကိုနီးစပ်ရာအမျိုးသမီးတွေနဲ့သမုတ်နေတာကို နားပူမခံချင်ဘူး။နားအေးပါး နေချင်တဲ့သူ ဆိုပါတော့။

သူတို့နှစ်ဦး(နန္ဒနဲ့ ပန်းဖြူ)ကြားမှာ ယောက်ျားလုပ်သူကို အမျိုးသမီးက အမြဲတမ်းရန်ရှာပြီး၊ အချိန်တိုင်း ရန်ဖြစ်နေရတဲ့ ပြသနာကတော့ နန္ဒာလှိုင်နဲ့ ညီနန္ဒတို့က အလုပ်တစ်ခုထဲဖြစ်နေခြင်းပါပဲ..။ညီနန္ဒရဲ့ အသံသွင်းစတူဒီယိုမှာ နန္ဒာလှိုင်က ၀န်ထမ်းတစ်ဦးပေါ့။

ဒီလိုနဲ့ သ၀န်တိုတတ်တဲ့မိန်းမရယ်၊အေးတိအေးစက် မထုံတတ်တေးလုပ်တဲ့ယောက်ျားရယ်၊နောက်ပြီး အင်မတန်မှ ဗဟုသုတကြွယ်ဝသလို၊လူတွေရဲ့ စိတ်အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက် လွယ်သော တပည့်မလေးတစ်ဦးရယ်နဲ့ ဇာတ်အိမ်တစ်ခုတည်ခဲ့ပါတယ်။

ခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွေအတော်များများဟာ ဟိုအရင်ကလို ချစ်ကြိုက်ကွဲ၊ပြီးရင် ပြန်ပေါင်းထုပ် ဆိုတာတွေထက် အခုကားလိုမျိုး လူ့သဘော၊မနောတွေနဲ့ ရောယှက်ထားတဲ့ဇာတ်တွေ များလာပါတယ်။ ဇာတ်အိမ်အားဖြင့်ရှုပ်လာပြီး အဲ့ဒီဇာတ်အတွက် သရုပ်ဆောင်တွေနိုင်နင်းမှု ရှိမရှိဆိုတာကတော့ တခြားတပိုင်းပေါ့လေ...။

အဲ့ဒါနဲ့ တနေ့မတော့ လင်မယားချင်းစကားများကြတယ်။ ဒီတစ်ခေါက်ပြဿနာက အနည်းငယ်ပြင်းထန်ပြီး ကိုယ်ထိလက်ရောက်တွေပါ ပါလာတယ်။ တွန်းထိုးရင်းက ပန်းဖြူက ဗီရိုစောင်းနဲ့ခိုက်မိပြီး သေဆုံးသွားခဲ့တယ်။

ဒီနေရာမှာ ဇာတ်လမ်းအသေးစိတ်ကို မရေးလိုတော့ပါ။ပန်းဖြူက သေခါနီးမှာဆွံ့ဆွံ့အအနဲ့ ယောက်ျား လုပ်သူကို တစ်ခွန်းထဲပြောသွားတဲ့ စကားက “ကလေးတွေကို စောင့်ရှောက်ပါ” တဲ့။ အသက်ငင်နေနဲ့ ပန်းဖြူရဲ့ မျက်လုံးတွေထဲမှာ"ပြဿနာကို ငါဒီနည်းနဲ့ဖြေရှင်းမိတာ မှားသွားပြီလား" ဆိုတဲ့ နောင်တတွေများလားလို့ ကျမခံစားရှာဖွေမိပြန်ပါတယ်။

အဲ့ဒိမတော်တဆမှုကို ရဲလက်အပ်လိုက်ရင် သူ့ကလေးတွေ မိဘမဲ့တွေဖြစ်ကုန်တော့မှာစိုးတဲ့အတွက် မိန်းမအလောင်းကို ရေထဲလွှင့်ပစ်ခဲ့တယ်။နောက်ဆုံးမတော့ ဖုံးဖိထားရင်းကပဲ အမှုကပေါ်သွားတယ်။ ကလေးတွေက ဖအေလုပ်သူကို အထင်တွေလွဲ၊ အဲ့ဒီလိုနဲ့ ဖခင်က ထောင်ကျတယ်ပေါ့။ သားနဲ့သမီးလေးက သူ့အဖေကို နာကျည်းသွားတယ်။ ဒီနေရာမှာ ညီနန္ဒအတွက် ဝေဒနာက ထောင်ကျရတာထက် လူမမယ် သားသမီးတွေရဲ့ အထင်အမြင်လွဲခံရတာက ပိုမယ်ထင်ပါတယ်။

နောက်ပိုင်းမတော့ ဖအေကို သားသမီးတွေက ခွင့်လွှတ်နားလည်ပေးကြောင်းနဲ့ "မုန်းတယ်လို့ပြောမိရင်တောင် အဲ့ဒါ မတော်တဆ" လို့ ရေးထားတဲ့ပိုစ့်ကဒ်လေးတစ်ခုကို ထောင်ထဲပို့ပေး...စသဖြင့် ဇာတ်ကိုမနာအောင် ပြန်သိမ်းထားတယ်....။

**********************

ဇာတ်လမ်းဆုံးပြီ။ ကုတင်ပုပုလေးပေါ်မှာ လှဲနေရင်း အတွေးနယ်ဆက်ချဲ့မိပါတယ်။ အဲ့ဒိလို မတော်တဆမှုတွေကြောင့် ကျမတို့ရှင်သန်ကြီးပြင်း ကျင်လည်ရာ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်ခဲ့ ပြီးပြီလဲ...။ အဲ့ဒါထက်ပိုလို့ အချိန် ၂နာရီလောက်ပေးပြီး ကြည့်လိုက်ရတဲ့ဒီဇာတ်လမ်းထဲကနေ ကျမဘာတွေရလိုက်ပါသလဲ။

ကျမသတိထားမိလိုက်တာ တစ်ခုရှိရဲ့...။အဲ့ဒါက အိမ်ထောင်ရေး၊သံသယ၊ဖောက်ပြန်ခြင်း နဲ့ နားလည်မှု အဲ့ဒါတွေ အဟ ကွာနေခြင်း ပါပဲ..။

ဒီဇာတ်လမ်းထဲမှာဆိုရင် ယောက်ျားက တကယ်မဖောက်ပြန်ပါဘဲနဲ့ သူ့ကိုဖောက်ပြန်ပါတယ်လို့ စွပ်စွဲတဲ့မိန်းမကိုတွန်းထိုးရင်းက လူသတ်တရားခံဖြစ်သွားရတယ်..။ မိန်းမအနေနဲ့ကလဲ သူ့ယောက်ျားဆီကနေ သေချာတိကျတဲ့ ဖြေရှင်းစကားတစ်ချို့ကို မျှော်လင့်နေမိခဲ့တယ်။ (အနည်းဆုံး လိမ်ညာပြီး ဖြေရှင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့)

ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာဘူး။သူ့ယောက်ျားကလဲ သူသည်ဘာတစ်ခုမှ အမှားမလုပ်တဲ့အတွက် ဘာကိုမှ ဖြေရှင်းနေစရာမလိုဘူး။

အသံသွင်းစတူဒီယိုအခန်း တစ်ခန်းထဲမှာ အလုပ်အတူလုပ်နေကြတဲ့ တပည့်မလေးက သူအလုပ်ထွက်ပေးဆိုလဲ ထွက်မယ်၊သူ့ကြောင့်တော့ ဆရာတို့အိမ်ထောင်ရေး အနှောက်အယှက်ဖြစ်နေပါ့မယ်ဆိုတဲ့ အပြောကိုလဲ ငါတို့ တွေ မောင်နှမရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ခင်မင်ကြတာကို ငါတို့သိတယ်..။ ဒါကို သူများလက်ခံလာအောင် ရှင်းပြနေစရာမလိုဘူး။ နောက်ပြီးတော့ အဲ့လိုအလုပ်ထွက်လိုက်မှ တို့တွေရဲ့ ဖြူစင်မှုကို သူများအထင်သေးတယ် စသဖြင့် ငါတို့မမှားဘူးဆိုပြီးလက်မခံတဲ့ ဆရာတပည့်ကြားက နားလည်မှု၊စသဖြင့် ပေါ့လေ...။

ဒါပေမယ့် အဲ့ဒါတွေက ဘေးက ပွဲ့ကြည့်ပရိတ်သတ်ရဲ့အမြင်တွေပါ။ကာယကံရှင်တွေက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း၊ ဘာကိုခံစားနေရမှန်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မကြည့်နိုင်ပါဘူး။

အိမ်ထောင်မှု ကိစ္စတွေနဲ့ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေနဲ့ သူတို့ဇောနဲ့သူတို့ ကပ်နေကြတာပါ။ တစ်ဦးချင်းစီက ငါမှန်တယ်၊ ငါဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အတွေးတွေ၊ ငါ့ကိုမှ လာစော်ကားတယ်ဆိုတဲ့ မခံချင်စိတ်တွေ၊ ငါ့ကိုယ်ကျင့်တရား၊ နောက်ပြီး ငါ့တာဝန်ယူမှု.. အဲ့ဒီခံစားမှုတွေက ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ထိ ရင်နင့်ကြေကွဲဖွယ် ဖြစ်ခဲ့တာပါပဲ။

ဒီဇာတ်လမ်းလေးကိုပဲ ကျမတွေးမိတယ်..။ဖခင်လုပ်တဲ့သူ ထောင်ကျသွားတော့ လူမမယ်ကလေးနှစ်ယောက်ကို နယ်မြို့က ဖခင်ရဲ့အစ်ကိုအိမ်မှာထားခဲ့ရတယ်။သူတို့ဟာ သူတို့ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တဲ့ အမေကိုလဲ ရုတ်တရက်ကြီး ပျောက်ဆုံးခဲ့ရသလို အမေပျောက်ကွယ်သွားခါမှ သူတို့ကိုကြင်နာယုယမှုတွေ ပေးလာတဲ့ အဖေကိုပါ မဆိုင်းမတွပဲ... ထပ်ပြီးဆုံးရှုံးလိုက်ရပြန်တယ်...။ ရွှေတောင်ကြီးရော.. အိမ်ခေါင်မိုးရော... အကုန်ပြိုတာမှ သူတို့လေးတွေပါ....။

နှမြောစရာကောင်းတာက တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ ကလေးတွေရဲ့ မိခင်ဖခင်အပေါ် ထားရှိတဲ့ စိတ်တွေ၊ခံယူချက် တွေပေါ့..။ သူတို့လို ကလေးငယ်တွေ ကျမလက်တကမ်းမှာကို အများကြီးရှိနေလေရဲ့။

******************************

ကိုယ်ဘာမှမတတ်နိုင်တဲ့ လူ့သဘာဝတွေမို့ မသိလိုက် မသိဘာသာလေးပဲ နေလိုက်ရမှာလား။ ဒါမှမဟုတ် ကိုယ့်အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေနဲ့ သူတို့ရင်သွေးလေးတွေ သူတို့ကို မတော်တဆမုန်းမိနိုင်တယ် ဆိုတဲ့အကြောင်းလေးများ..... ကွေ့ပတ်ဝေ့၀ိုက်ပြီး ဆွေးနွေးရင်ကောင်းမလား...စဉ်းစား နေရတုန်းပါပဲ။

******************************


လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တုန်းက ရေးထားတဲ့ အဟောင်းလေးပါ။ကိုယ့်စာကိုယ်ဖတ်ပြီး စိတ်တိုင်းမကျပေမယ့် တိတ်ဆိတ်မှုကို ဒီနည်းနဲ့ပဲ ဖြိုခွဲခွင့်ပြုပါ။
ခေါင်းစဉ်ကိုလဲ အဲ့ဒီဇာတ်လမ်းထဲက ပိုစ့်ကဒ်လေးလဲက စာကြောင်းလေးပဲ ယူသုံးလိုက်ပါတယ်။း)

Monday, December 20, 2010

အိုင်စီပွဲနဲ့ ဆက်စပ်မိသမျှ....

ဇာတ်သမားပြန်တော့ မှတ်သားစရာကျန်သတဲ့။အိုင်စီပြန်တော့...လွမ်းကျန်ခဲ့ရပါပေါ့။လွမ်းတာက အိုင်စီကိုမှ၊ ကိုကြီးငဲ တို့ကိုမှ လွမ်းရခြင်းမဟုတ်။ သူတို့ပြန်သွားမယ့် ရွှေပြည်ကြီးကိုပေါ့။ လွမ်းတာလေ လွမ်းလိုက်တာမှ။ အငဲ ထွက်လာလာချင်း ကိုယ့်ဆွေမျိုးသားချင်းများ မြင်ရသလိုပါပဲ။ အမေ့ကို မြင်ရင်တောင် ဒီလောက် ခံစားမှု တွေ ယောက်ယတ်ခပ်ပါ့မလား..ကိုယ့်ဘာသာကိုယ် မသေချာပါဘူး။ သီချင်းကို လိုက်ဆိုမလို့လုပ်လိုက်၊
ငြိမ်နေလိုက်ရလိုက် နဲ့..။ ခု ပြန်စဉ်းစားတော့ လိုက်ဆိုမိလား၊မဆိုမိလား မမှတ်မိနိုင်တော့...။ ဘာပဲဖြစ်ဖြစ် သူတို့တွေ၊ နောက် တောကျောင်းဆရာတို့တွေ အများကြီးဘ၀ပေးကံ ကောင်းပါတယ်။တခြားတခြားသော အရေခွံတွေကိုခွာချပြီး ကိုယ့်ရင်ထဲက ခံစားမှုချည်းသက်သက် ချဉ်းကပ်ကြည့်မယ် ဆိုရင်ပေါ့..။

မျှော်ခဲ့လိုက်ရတဲ့ ဒီဇင်ဘာ ၁၉ ရက်။ ဟိုးလွန်ခဲ့တဲ့ ၁ လ လောက်ထဲက။ စိတ်မလှုပ်ရှားတော့ပေမယ့် ငါဟဲ့.. သွားကို အော်ဟစ်ပေါက်ကွဲပစ်လိုက် ဦးမယ်ပေါ့။လင်းလင်း ဆိုတဲ့ပွဲ မြန်မာပြည်မှာတုန်းက တစ်ပွဲကြုံတယ်။ သူငယ်ချင်းမတွေ အလှပြင်လို့ မပြီးတာနဲ့ သူ ဆိုတဲ့တချိန်လုံး လုံးဝကို လွတ်သွားခဲ့တယ်။ဒီ တစ်ခေါက်မှ လွတ်ရင်တော့ သူတို့နဲ့ကိုယ်နဲ့ သေခန်းပြတ်ပဲ သူငယ်ချင်းတောင် ဖြစ်သွားမလားပဲ။သက်ပြင်းတွေ ပြိုင်တူချ ခိုင်းပြီး ကိုယ်တွေကို နေတတ်သလိုနေခိုင်းခဲ့တဲ့ လင်းလင်းကို စိတ်မနာပါဘူး။ နေတတ်သလိုပဲ နေပါတယ်။

လင်းလင်းမထွက်ခင်မှာပဲ ရှေ့တန်းမှာထိုင်တဲ့ သူငယ်ချင်းတွေက အပြင်ခဏသွားပါတယ်။ထိုင်နေတုန်းပဲ ဗြုန်းဆို ကိုယ့်မျက်နှာပေါ် ဆံပင်တွေ အထွေးလိုက်လာထိတော့ ရုတ်တရက် လန့်ဖျပ်သွားပါတယ်။ မော့ကြည့် လိုက်တော့ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာက ကိုယ့်အပေါ်တည့်တည့်မှာ။လမ်းခဏလောက်ဆိုပြီး လွှားခနဲဆို ကျော်ဆင်းသွားပါတယ်။သူ့နောက်ကနေ ကောင်ကလေးတစ်ယောက်၊ကောင်မလေး တစ်ယောက် ထပ်ဆင့်လွှား ကြပါတယ်။ကြယ်တွေ၊လတွေ မြင်သွားသလိုပါပဲ။ ပြီးတော့ စောစောက အပြင်ခဏ ထွက်သွားတဲ့ သူငယ်ချင်း ၂ ယောက်နေရာမှာ ၀င်ထိုင်ပါတယ်။ ဟန့်တားရမှာ အားနာပေမယ့် ဒီနေရာ လူရှိတယ် ပြောလိုက်ပါတယ်။ ခုံနာပါတ်နဲ့ မဟုတ်ပေမယ့် သူတို့နေရာအသီးသီးမှာ ရေသန့်ဗူးတွေ ချထားပါတယ်။ ကိုယ်လိုချင်တဲ့နေရာရဖို့ အတွက် အိမ်ကနေ အစောကြီးထွက်ကြရပါတယ်။ နောက်ပြီး ကိုယ်တွေကိုယ်တိုင် အပြင်(အိမ်သာ)ခဏသွားချင်ပေမယ့် တမင်လေးယောက်ကို ၂ ယောက်စီခွဲ သွားရတာ ကိုက ကိုယ့်နေရာ မပျောက်သွားချင်လို့ပါ။ ဒီတော့ မပြောမဖြစ် ပြောရပါတယ်။ပြောတဲ့အခါကျတော့ မယ်မင်းကြီးမလေး နဲ့ မောင်မင်းကြီးသားက ကိုယ်တွေ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ပါတယ်။ ဒီတော့ ကိုယ့်တစ်ယောက်ကျော်က ကိုယ့်သူငယ်ချင်းပါပဲ။သူကလဲ ခပ်စွာစွာရယ်ဆိုတော့.. ဟင် နင်တို့ ဒီလိုရပ်တော့ နောက်က လူတွေ ဘယ်လိုမြင်ရမလဲ လို့ ပြောပါတယ်။ကိုယ်လဲ ၀င်ပြောပါတယ်။ သူတို့ကို ကိုယ်တို့ပြောတဲ့စကားလုံးတွေ၊အမူအယာတွေဟာ ရည်ရည်မွန်မွန် မဟုတ်တောင် မရိုင်းပြဘူးဆိုတာ ကိုယ်တို့ဘာသာ ကိုယ်တို့ သေချာပါတယ်။ဒီတော့ မိန်းကလေး ၂ ယောက်ကြား သူရဲကောင်း မောင်မင်းကြီးသားက ပိုက်ဆံပေးကြည့်တာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ လာ ရပ်သာရပ် လို့ ဆိုပါတယ်။ အင်း ဒါဆို မကြေးမုံတို့က အလကား အလကားကြည့်တာပေါ့ နော်။ ...။

ဆက်ပြောမနေပါဘူး။ လက်မှတ်စစ်တဲ့လူကို သွား အကူအညီတောင်းပါတယ်။ ဒီလိုဒီလိုပေါ့။ တကယ်ကိုလဲ ရှေ့မှာ မတ်တပ်ရပ်ရုံမက ကို့ရို့ကားယားတွေ "က"နေပါသေးတယ်။သူတို့က တာက Rock တာ မဟုတ်ပါဘူး။ သူတို့ ကနည်းက တမျိုးပါ။ ထားပါတော့လေ..။ အဲ့ဒါနဲ့ သွားပြောတော့ လက်မှတ်စစ်ရဲ့ ဖြေရှင်းပေးပုံက အတော်လေးကိုပဲ ပြီးပြည့်စုံပါတယ်။ မရပ်နဲ့လို့ ပြောလိုက် တဲ့။ ပြောပြီးပြီ။ မရဘူး။ အကို ကိုယ်တိုင်လာပြောပေးကြည့်ပါဦး ဆိုမှ ဆင်းသွားပါတယ်။ ရိုက်ပေါက်စကားကို စပြောပါတယ်။
"ဟေးဟေး... မင်းတို့ရပ်ကြည့်နေလို့ နောက်မှာ ငါ့လာပြောနေပြီ " လို့ဆိုတော့ ကိုယ်က သူတို့ရန်သူ ဖြစ်မသွားပေဘူးလား။ မသကာရင်.. "ညီလေး ဒါ ရပ်ကြည့်တဲ့ အတန်း မဟုတ်ဘူးကွ။နောက်က လူတွေ အကုန်ကွယ်ကုန်မှာပေါ့...။ ရပ်ကြည့်ချင်ရင် နောက်ဆုံးမှာ သွားရပ်ပေးပါလားကွာ" လို့ ပြောရင်လဲ ဖြစ်သား ပဲ။ အင်း.. စည်းနဲ့ဘောင်းနဲ့ ဖြစ်မှာ စိုးလို့ တူပါရဲ့။ ကိုယ်တို့ချင်း အဲ့လို တိုက်ပေးသွားတာ။ ပြဿနာက ပြေလည်သွားလားဆိုတော့ ပွဲပြီးတဲ့အထိ ဟုန်း ဆို..ဆင်းလာလိုက်၊လွှား ဆို ကျော်တက်သွားလိုက်ပါပဲ။

ဒီနေရာမှာ ဘာသွားစဉ်းစားမိလဲ ဆိုတော့... အဲ့လိုလူတွေကြောင့် အဲ့လို အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေနဲ့ ကြပ်မတ်ထားရတာပါလား၊အဲ့လို စည်းကမ်းတွေ အဓွန့်ရှည်နေတာပါလား ဆိုတာတွေးမိတယ်။လူတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သာထိန်းသိမ်းမယ်ဆိုရင် ဘယ်သူက စော်ကားပြီး ဘယ်သူကကာကွယ် ပေးသလဲ ဆိုတာ ကိုယ်တိုင်ဝေခွဲတတ် ပါလိမ့်မယ်။ ခုတော့ သေနတ်မိုးပြီးခြောက်မှ ကြောက်မယ့် လူငယ်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ။ဖြစ်လဲ ဖြစ်နေပါပြီ။

မကြေးမုံက ခုလိုပြောတာကို ဝေဖန်ချင်သူတွေ ရှိပါဦးမယ်။ အပြင်ရောက်ထဲက ဒီလိုစကားတွေ ဒီလိုအကြောင်းတွေ မရေးတော့၊ မပြောတော့ပါဘူး။ အပြင်ရောက်မှ စွတ်အော်တယ်လို့ နာမည်အတပ် မခံနိုင်ပါဘူး။ ခုက အပြင်မှာမြင်တဲ့ လူငယ်တွေ အကြောင်းမို့ ကြုံတုန်း ဆုံတုန်းပဲ ဆိုပါတော့။..ဒါနဲ့...

အာဇာနည် ထွက်ပါတယ်။ ကောင်းပါတယ်။လင်းလင်းလို အသံကြောင်၊ပွဲကြောင်မနေပါဘူး။ သူက သီချင်းတွေ ဆိုပါးဝနေပြီ မို့ ဟုတ်သောရှိ၊မဟုတ်သော်ရှိ ပရိတ်သတ်ကို ကောင်းကောင်း ပွဲထိန်းနိုင်ပါတယ်။ လင်းလင်းက ပွဲကြောင်သယောင်ရှိပေမယ့် အဓိပ္ပါယ်ရှိတဲ့ နှုတ်ခွန်းဆက်စကားတွေနဲ့မို့ နှုတ်ဆက်တဲ့နေရာမှာ အာဇာနည်ထက် သာ ပါတယ်။ အာဇာနည် ဆိုနေချိန်မှာ မကြေးမုံက အမောဖြေပါတယ်။

ဝိုင်ဝိုင်းကတော့ဖြင့် သစ်လွင်၊တောက်ပြောင် လန်းဆန်းမြဲပါ။ဒါမယ့် မြန်မာပြည်မှာတုန်းကလိုတော့ ပေါ့ပါး လွတ်လပ်မှုတွေ သူ့ဆီမှာ ရှာမတွေ့ပါဘူး။ရင်ဘတ်မှာ လက်ညှိုးနဲ့လက်မ ကွင်းပြီးမေးထားတဲ့ အိုကေ လား ဆိုတဲ့ စတစ်ကာနဲ့။ အိုကေသလောက် အိုကေပြီး မကေတာတွေ မကေဘူးပေါ့လေ။

မျိုးကြီးအလှည့်ပါ။ မျိုးကြီးသီချင်းဆိုနေတာ ကြည့်ပြီး သူတို့မှာ အဲ့လောက်ခံယူချက် မရှိပါဘူးလို့ပြောဖူးတဲ့ ရွှေပြည်ကြီးက သူငယ်ချင်းကို သတိရမိပါတယ်။ ဆေးပေးပါ တို့ဘာတို့ဆိုတာက သီချင်းရေးဆရာ ရေးထားတာတွေပါ။ မျိုးကြီးရေးတာ မဟုတ်ဘူးလေ။ နော်။

ကိုကြီးအငဲ ပါ..။ "တစ်တိုင်းတစ်ပြည်" မှာလို့ သူပြောသွားတဲ့စကားတွေထဲမှာ ပါသွားတယ်။ ကိုယ်တွေက မြန်မာစကားကို စာရေးပြီးပဲ ပြောနေရတာ အကျင့်တွေဖြစ်နေပြီမို့ သူပြောတဲ့ "တစ်တိုင်းတစ်ပြည်" ကို အင်မတန်သဘောကျမိပါတယ်။ ညာဘက်လက်ကိုမြှောက်တင်ပြီး ဗယ်ဘက်က နားရွက်ကို ပတ်ကိုင်ပြီးတော့
အားနာပါးနာပုံစံနဲ့ ခင်ဗျားတို့မှာ အိမ်ရောရှိကြရဲ့လားဗျ လို့ သူမေးပါတယ်။ သူများတွေတော့ မသိပါဘူး။ ကိုယ့်မှာတော့ အိမ်မရှိပါဘူး။မရအရ၊ မဖြစ်မနေပြရမယ်ဆိုရင်တော့ ကိုယ့်ခြေသလုံးက ကိုယ့်အိမ်ပေါ့...။ အိမ်မရှိခဲ့တာ ၁၀ နှစ်ရှိပြီ။ အငဲနဲ့ လင်းလင်းက နှလုံးသားတည့်တည့်ကို စကားလုံးတွေနဲ့ ပစ်ပါတယ်။

လေးဖြူက အလွန်အင်မတန် ပဲ များပါတယ်။ စင်ပေါ်ကို ရိုးရိုးမတက်ပါဘူး။ ပြေးတက်ပါတယ်။ နောက်.. ပွဲပြီးတော့လဲ ပြေးဆင်းပါတယ်။ အဲ့ဒီအချိန်..အာဇာနည်ကို မင်းဆံနွယ်တွေ လေမှာလွင့်တဲ့အခါတွေ ဘာတွေ ဆိုခိုင်းရမှာပါ။ ငယ်မူငယ်သွေးပြန်ပြီး ဆံပင်အရှည်တွေနဲ့။လေးဖြူကို သိပ်ကြိုက်တဲ့ သူငယ်ချင်းလေး အသက်မှရှူရဲ့လားလို့ နောက်ကနေ လှုပ်နှိုးပေးရပါသေးတယ်။ လေးဖြူကတော့ လေးဖြူပါပဲ။ သူလာရင် ပွဲက ပွဲဆူလာတဲ့ထုံးစံအတိုင်း အားလုံးရဲ့သွေးတွေ ပွက်ပွက်ဆူကုန်ပါတယ်။

အပြင်ခဏထွက်ပါတယ်။ မြန်မာအမျိုးသားတွေ.... အိမ်သာကို မသွားကြဘဲ တွေ့ရာနေရာ ကပ်ပန်း လုပ်ကြဖို့ ချောင်ဘက်ဆီ ထွက်သွားကြပါတယ်။သူတို့လျှောက်သွားနေတာ ရေကူးကန်ဘက်ဆီကိုပါ။ မနက်လင်းတဲ့ အခါ ဘယ်လောက်များ နံစော်နေမလဲ မစဉ်းစားဝံ့စရာပါပဲ။ ဒါတောင်မှ တခြား စီးကရက်ဖင်စီခံ တို့၊ ဘီယာပုလင်း(ဗူး)ခွံ၊ ကြွပ်ကြွပ်အိပ်ခွံ...စတာတွေ မပါသေးပါဘူး။ သန့်ရှင်းရေးအလုပ်သမားတွေရဲ့ မေတ္တာကို ရွှေတစ်မျိုးလုံး ခံယူရဖို့ အသင့်ပါပဲ။တော်ပါပြီ လေ...။

တစ်ပွဲလုံးခြုံပြီးပြောရရင် ပွဲရဲ့ tempo က မြန်မာပြည်ကပွဲတွေရဲ့ တစ်ဝက်တောင် မရှိပါဘူး။ကိုယ်တွေရဲ့ ရင်ခုန်နှုန်းက တစ်ဝက်ထိလျော့ကျသွားတာမျိုးလဲ ဖြစ်တန်ကောင်းပါတယ်။

Monday, December 13, 2010

မဖြစ်လာသေးသော ဖြစ်ချင်တဲ့ဘ၀များ

ကိုယ့်အကြောင်းတွေချည်းပဲ ရေးတဲ့ ကိုယ်ရည်သွေးတီးလုံးများ ဖြစ်နေမလားပဲ။ ဒါပေမယ့်.. အညောင်းမိနေ ရှာတဲ့ ခံစားမှုတွေကို ခုလိုပေါ့ပေါ့ပါးပါး လေးတွေးပြီး၊ဒီလိုနည်းနဲ့ ဖျော့လျှော့ပါရစေ..။

ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာတွေပေါ့..။ငယ်ငယ်တုန်းက ဆိုပေမယ့် ကလေးဘ၀ကိုမှ ဆိုလိုချင်တာ မဟုတ်ပါဘူး။ဒီနေ့မဟုတ်ရင် မနေ့ကဆိုရင်ပဲငယ်ငယ်တုန်းကလို့ ပြောလို့ရတာပေါ့။ မဟုတ်ဘူးလား။

တချို့မိတ်ဆွေ၊သူငယ်ချင်းတွေဆို ငယ်ငယ်လေးထဲက "ငါကြီးလာရင် ဘာဖြစ်ရမယ်။ ငါ ကတော့ ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာ။ခုတော့ ဘာဖြစ်လာတယ်" စသဖြင့် အဲ့လိုမျိုးလေးတွေ ရှိကြတယ်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတယ်လို့ သတ်မှတ်ရမလားပဲ။ အဲ့လိုလူတွေကို အားကျမိတယ်။ ကိုယ့်မှာတော့ အဲ့လိုတွေ မရှိခဲ့ဘူး။ အလျင်းသင့်သလို နေထိုင်၊ကြီးပြင်း၊ရှင်သန်၊ဖြစ်ချင်ခဲ့တာချည်းပါပဲ။

အမေရှိတဲ့မြို့လေးမှာတုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပေါ့။ စာအုပ်ဆိုင်ပိုင်ရှင် ဆိုပေမယ့် ဖတ်စရာစာအုပ်တွေပဲ ငှားတဲ့၊ရောင်းတဲ့ဆိုင်လား ဆိုတော့ အဲ့လိုလဲ မဟုတ်ပါဘူး။ စာအုပ်ချုပ်၊ ကော်ပီကူး၊ဖိတ်စာရိုက် စတဲ့ စာစီစာရိုက်အလုပ်တွေပါ တွဲလုပ်ချင်သေးတာ။ဈေးရောင်း၊ဈေးဝယ် ကျွမ်းကျင်တဲ့ အမေက သူနဲ့သိပ်မရင်းနှီးတဲ့အလုပ် ဆိုပေမယ့် အဲ့ဒီကလေးဘ၀တုန်းကတည်းက အားပေးရှာပါတယ်။ လုပ်ချင်ရင် သူလုပ်ပေးပါမယ် ပေါ့။ကျောင်းပြီးပြီးချင်း အလုပ်တွေဆက်တိုက်လုပ်ဖြစ်ပြီး ၂ နှစ် လောက်ကြာတော့ အလုပ်လက်မဲ့ဖြစ်နေတုန်း၊ စာတွေအစက ပြန်သင်နေတုန်းက အမေက အဲ့ဒီစိတ်ကူးလေးကို
သတိတရ အစဖော်ပေးရှာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာကျတော့ ကိုယ်ဖြစ်ချင်တာက စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်တော့ဘူး။

နတ်မောက်မှာအလုပ်သွားလုပ်နေတုန်းက အလုပ်အတူတွဲလုပ်ရတဲ့ အင်ဂျင်နီယာ အကိုတစ်ယောက်နဲ့ ကြုံတဲ့ အခါ ဖြစ်ချင်တာတွေက ပြောင်းသွားခဲ့ပြန်ပါတယ်။တကယ်တမ်း ကိုယ်လုပ်ရမယ့်အလုပ်က လူတွေ ရှေ့ရပ်၊ ဟိုဟိုဒီဒီပြော... ပေါ့။ဒါပေမယ့် အဲ့ဒါတွေထက် ပိုပြီး စိတ်ဝင်စားတာက အဲ့ဒီအကိုကြီးနဲ့လိုက်ပြီး ရေချိန်တိုင်းတာ၊ ပဋက်ရိုက်၊မြေတိုင်း ..အဲ့လို အလုပ်တွေ။Rain water collecting tank လို့ခေါ်တဲ့ ပုံသဏ္ဍန်ဝိုင်းဝိုင်းနဲ့ရေလှောင်ကန်တွေ ဆောက်တဲ့နေရာတွေမှာပါ..။ ကိုယ့်တာဝန်ကို ကိုယ်မြန်မြန်ပြီးအောင် လုပ်၊ ပြီးတာနဲ့သူနဲ့သာ လိုက်ကူညီနေမိတာပဲ။ အင်ဂျင်နီယာရယ်လို့ မယ်မယ်ရရဖြစ်ချင်တာမဟုတ်ပေမယ့် အဲ့ဒီအလုပ်တွေကို လုပ်ချင်တာပါ။သူ့လိုမျိုး အဆောက်အဦတစ်ခုကို ကိုယ်တိုင်စိတ်ကူး၊ကိုယ်တိုင် အကောင်အထည်ဖော်၊ ဖြစ်လာသမျှ နောက်ဆက်တွဲပြဿနာတွေကို ကိုယ်တိုင်ခေါင်းခံဖြေရှင်း၊အဲ့လိုမျိုးဘ၀ လေးလဲ ရချင်ခဲ့ဖူးတာပဲ။

မြန်မာပြည်မှာဆို မကြာခဏဆိုသလို ခရီးထွက်ဖြစ်ပါတယ်။ရန်ကုန်ကနေ ကိုယ့်အိမ်ကိုယ်ပြန်တာလဲ ခရီး ထွက်တာပါပဲ။ နောက် အတူနေတဲ့သူငယ်ချင်းရဲ့ မွန်ပြည်နယ်ကိုလဲ မကြာခဏ လိုက်လည်ဖြစ်ပါတယ်။ နတ်မောက်-ရန်ကုန် ကူးချည်သန်းချည်လုပ်တာကလဲ အခေါက်ပေါင်းမနည်းပါဘူး။ အဲ့ဒီလို ခရီးတွေသွားတိုင်း
ဟိုက်ဝေးကားမောင်းဆရာ ဖြစ်ချင်မိတယ်။ လူစီးကားမဟုတ်။ ကုန်တင်ကားတွေ မောင်းချင်တာပါ။ ဟိုက်ဝေးကား အတော်များများက ကားအကောင်းတွေများသလို၊မီးရောင်လှလှတွေလဲ ဆင်ထားကြတော့.. ကားတွေဟာ တစ်စီးကို တစ်စီးစောင့်ပြီးမှ မောင်းကြတဲ့အခါ ကားရဲ့ဦးခေါင်းပိုင်းမှာရှိတဲ့ မြတ်စွာဘုရား ပုံတော်လေးတွေက အစီအရီ...နဲ့။အင်မတန်မှ ကြည့်လို့အဆင်ပြေပါတယ်။ ကားရဲ့ ဘယ်ညာ တစ်ဖက်တစ်ချက်စီမှာ အလှဆင်ထားတဲ့မီးတွေကျတော့ သူတို့ဘာနဲ့လုပ်သလဲ သေချာမသိပေမယ့် အဲ့ဒီ မီးခွက်လေးတွေဟာ ရန်ကုန်က တချို့လက်ဘက်ရည်ဆိုင်တွေက အကြမ်းခွက်လေးတွေနဲ့ အင်မတန် တူပါတယ်။ အမှတ်တမဲ့ဆိုရင် အကြမ်းခွက်လေးတွေကို ဆေးရောင်အမျိုးမျိုးသုတ်ပြီး တပ်ထားသလားတောင် ထင်ရပါတယ်။ မီးရောင်စုံနဲ့ အဲ့လိုဟိုင်းဝေးကားကြီးတွေကို စိတ်ကူးနဲ့ မောင်းကြည့်ဖူးရဲ့..။

အခုလောလောဆယ်၊ မနေ့က သို့မဟုတ် ဒီနေ့မနက်ကအထိဖြစ်ချင်ခဲ့တာတော့ လူနဲ့သူနဲ့တူတဲ့အစိုးရတစ်ခုရဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်ချင်နေမိတယ်။ စာပို့သမားလေးတစ်ဦးအဖြစ် ဘ၀ကို ရပ်တည်ချင်မိတယ်။ အစိုးရက ပေးထားမယ့် စက်ဘီးလေးရဲ့ ရှေ့ခြင်းထဲမှာ စာတွေထည့်၊ အိတ်ကလေးတစ်လုံးလွယ်ပြီး ကိုယ်တာဝန်ကျတဲ့ ရပ်ကွက်၊ကျေးရွာအနှံ့ စာလေးတွေ လိုက်ပြီးဝေငှရရင် ဘယ်လောက်များကြည်နူးစရာ ကောင်းလိုက်မလဲ။ စာမျှော်နေတဲ့လူတွေဆိုတာ များသောအားဖြင့် ကိုယ့်နာမည်နဲ့လိပ်စာတပ်ထားတဲ့ စာလေးတွေရတဲ့အခါ ပျော်ရွှင်ကြတာပဲ မဟုတ်လား။ ဒီလိုသာဆို.. နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် အလုပ်ပေါ့..။

ဒီလောက်နဲ့ပဲ တော်သင့်ပြီ ထင်ပါရဲ့လေ။ ဖြစ်ချင်တာတွေသာ စိတ်ရှိတဲ့အတိုင်း ရေးရရင် ဖတ်သူတွေ မျက်စိညောင်းမှာ စိုးမိပါရဲ့...။ စကားမစပ်တာကို စပ်ပြီးပြောရရင် အကိုအမတွေ၊သူငယ်ချင်းတွေရဲ့ ဖြစ်ချင်ခဲ့ဖူးတာတွေအကြောင်း သိချင်မိပါတယ်။ ပြောပြကြပါဦး..။

၁။ သူငယ်ချင်း မောင်မျိုး
၂။ ဦးလင်းဒီပ
၃။ ဒေါ်ဂျူနီယာ
၎။ နံရိုးလေးဖု နေတဲ့ ညီမလေး ညီညီ

(ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်တပ်ကြပါ။မယ်ရာက ထုံးစံအတိုင်း ခေါင်းစဉ်ပေးညံ့တော့ အဲ့ဒီခေါင်းစဉ်အတိုင်း ရေးပေးစေချင်တယ် မဟုတ်ရ..း) )

Tuesday, October 26, 2010

သူ့မှာ အဲ့ဒီမြို့ကလေး ရှိခဲ့ဖူးတယ်

ထန်းလက်ကုလားထိုင်လေးပေါ်မှာ သေချာကျနစွာ၊ခြေထောက်ကို ဟန်ပါပါချိတ်ကာထိုင်ပြီး လွန်ခဲ့တဲ့တစ်လ လောက်ဆီက အဖြစ်အပျက်များကို သူ ပြန်စဉ်းစားနေမိသည်။

+++++++

သူသည် အရင်ကအိမ်ကို ခင်တွယ်တတ်သူ မဟုတ်သော်လည်း ယခုတော့ အိမ်ကိုခင်တွယ်တတ်နေပြီ ဖြစ်သည်။ အိမ်ဆိုတာထက် သူနေထိုင်ရာ.. ဒီအခန်း ကျဉ်းကျဉ်း၊မှောင်မှောင်လေးကို သဘောကျနေမိပြီ ဖြစ်သည်။

အခန်းက ၁၀ ပေ ပတ်လည် အကျယ်အ၀န်းရှိသည်။ အခန်းနံရံများသည် ထူထည်းလွန်းသည်။ အပြင်မှာ စစ်ဖြစ် နေရင်တောင် အထဲကမကြားနိုင်ဘူးဟု သူညွှန်းချင်ပါသည်။ နံရံများထူထည်းသော်လည် အခန်း၏ဒေါင့်များတွင် အက်ကွဲကြောင်းများရှိပါသည်။တခါတရံ မနက်ခင်းများတွင် အဲ့ဒီအက်ကွဲကြောင်းတွေထဲမှ ကင်းမြီးကောက် မြီးကောင်ပေါက်ကြီးများ ထွက်ချလာတတ်သည်။ထို့အပြင် အိမ်မြှောင်လည်း အလွန်ပေါများသော အခန်းဖြစ် သည်။ ပင့်ကူ၊အိမ်မြှောင်၊ကင်းမြီးကောက်၊တခါတရံ မြွေပေါက်စလေးများ ၀င်ဝင်လာတတ်သေးသည်။ သူတို့လဲ အမှောင်ကို နှစ်သက်ကြပုံ ရပါသည်။ သူသည်လဲ အလင်းကို လုံလောက်စွာ မရနိုင်သေးသရွေ့ မှောင်နေရတာ ကိုသာ နှစ်သက်မြတ်နိုးချင်သူ ဖြစ်သည်။

မြို့ကြီးပြကြီးမှာတုန်းကလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ရန် ကွန်ပြူတာ၊အင်တာနက် ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး.. စသည့် လိုအပ်ချက်များနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ပါသည်။ တစ်ကမ္ဘာလုံးအကြောင်းကိုသိဖို့ရာ.. တကယ့် လက်တွေ့မှာ အဲ့ဒါတွေ သိပ်မလိုအပ်လှပါ။ နယ်ရှင်နယ်ဓာတ်ခဲအကြီး ၂ လုံးနှင့် အသံအောင်သော ရေဒီယို တစ်လုံးရှိပါက တစ်ကမ္ဘာလုံးအကြောင်းသာမက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ဘာသာစကားနှင့်ကိုယ် သေချာ ကျနစွာ နားထောင်နိုင်ပါသည်။ ဓာတ်ခဲ ၂ လုံးကို ၁ လလောက်ဖြင့် သုံးစွဲနိုင်ပါသည်။

ယခုထိုင်နေတဲ့ ထန်းလက်ကုလားထိုင်လေးကို ကန်ပြားရွာမှ ၀ယ်လာခဲ့သည်။ပူပြင်းသော အညာနွေကို အံတုရန် အလွန်အဆင်ပြေသည်။ခုံးခုံးခုခု ထန်းလက်လေးတွေက တစ်ပတ်လုံးညောင်းညာ ကိုက်ခဲမှုကို အသင့်အတင့် ပြေလျော့စေပါသည်။

လက်ထဲမှ စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်မိပါသည်။ အနည်းငယ်ခါးသက်သက်ဖြစ် နေသည်။ သူသောက် နေကျ စီးကရက်အမျိုးအစားနဲ့ မတူပါ။ သူသောက်နေကျစီးကရက်မှာ အရင်ဆုံး ပူသောအရသာကို ပေးပါသည်။ နောက်တော့ အေးမြပါသည်။ နောက်တော့ ခံတွင်းထဲမှာ ချိုချိုခါးခါးအရသာကို ကျန်ခဲ့စေပါသည်။ ဒီမြို့လေးမှာ ထိုစီးကရက်အမျိုးအစား မရနိုင်သည့်အတွက် ယခုလို ဖင်စည်ခံအနီရောင်ရှိသော စီးကရက်နှင့်သာ သူ့ချဉ်ခြင်း အား ပြေပျောက်စေရပါသည်။

စီးကရက်ကောင်းကောင်းမရှိပေမယ့် လက်ဘက်ရည်ကောင်းကောင်းတော့ ရရှိနိုင်ပါသည်။ ထို့ထက်ပိုပြီး သူ့အတွက် ကံကောင်းစေတာက ထိုလက်ဘက်ရည် ကောင်းကောင်းရသော ဆိုင်မှာ သူနေထိုင်ရာအခန်း ကျဉ်းကျဉ်း၊ မှောင်မှောင်လေးရဲ့ အရှေ့တည့်တည့်မှာ ရှိသည်။ လက်ဘက်ရည်ဆိုင် နာမည်မှာ စတူဒီယိုခေတ်ဦး အဆိုတော်အမျိုးသမီးတစ်ဦး၏ နာမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင်စုံတွဲမှာ သီချင်းဝါသနာကြီးသူချင်း သံယောဇဉ်ကြိုး ငြိခဲ့ကြသူတွေ ဖြစ်သည်။ တစ်မိသားစုလုံး ထိုစဉ်ကသူကြိုက်ခဲ့ဖူးသော ဘောလုံးအသင်းကိုသာ ရူးသွပ်စွာ အားပေးကြသည်။ ထို့ကြောင့် ဘောလုံးပွဲရှိသောညများတွင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ခုံမရ၊စားပွဲမရ ဖြစ်မှာ မပူပင်ရပါ။ အရောင်တူသူချင်း ရန်မဖြစ်ဘဲ ဖေးမကြင်နာမှုထားတတ်ကြသူတွေ ဖြစ်သည်။

အဲ့ဒီမြို့လေးမှာ ထူးခြားသော အရူးသုံးယောက်ရှိသည်။ "အရူးတွေဆိုတာ ဥာဏ်ရည်မြင့်မား လို့ အရူးဖြစ်တာ" လို့ သူပြောတဲ့အခါ သူ့အလုပ်မှ လုပ်ဖော်ကိုင်ဖက်များရော သူ့မိတ်ဆွေတချို့ကပါ သူ့ကိုရယ်မောတာ ခံရဖူးပါသည်။ အဲ့ဒီလူတွေကို ဆက်လက်ရှင်းမပြလိုတော့သည့်အတွက် သူတို့ကွယ်ရာမှာ သူတို့ကို ရယ်မောခဲ့ပါသည်။

++++++

လွန်ခဲ့သော တစ်လခန့်ဆီက.. အဲ့ဒီမြို့ကို သူရောက်တာ ၂ ရက်ရှိပြီဖြစ်သည်။ နေစရာနေရာရှာလို့မရသေး။ စိုးရိမ် ပူပန်မှု အလျင်းမျှမရှိဘဲ နေစရာရှာမရလျင် ရန်ကုန်ပြန်ရုံပဲ ဟုသူတွေးခဲ့ဖူးပါသည်။...။
ယခုတော့ သူ နေစရာလဲရ၊ နားထောင်စရာလဲရှိ၊စားစရာကြွယ်ဝသည့်အပြင် သူနှစ်သက်တဲ့ အခန်းကျဉ်းကျဉ်း၊ မှောင်မှောင်လေးရှိသည့် ဒီမြို့လေးကို ခွဲခွာဖို့အရေးက သူ့ကို အတွေးများစေပြီ ဖြစ်သည်။


Monday, October 25, 2010

မွေးနေ့ အတွေး

လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကရိုက်ခဲ့တဲ့ ဓာတ်ပုံထဲကလူက ကိုယ်မဟုတ်တဲ့ သူစိမ်းတယောက်ပါ။...။

ကုန်ခဲ့တဲ့တနှစ်လုံး အရွေ့တွေများတယ်။လူ၊နေထိုင်ရှင်သန်ရာဝန်းကျင်၊နှလုံးသားခံစားမှု။ပြီးတော့ အဓိပ္ပါယ်ရှိ လာတယ်။အရောင်ပိုစုံလာတဲ့ ပန်းချီကားတစ်ချပ်ကို ပြန်ကြည့်နေရသလို။

ပြန်တွေးကြည့်တော့ လျှောက်ခဲ့တဲ့လမ်းက ရှည်လျားမယောင်နဲ့ တိုတောင်းလွန်းလှတယ်။လုပ်ချင်တဲ့အလုပ် တွေ၊ ဘ၀နေထိုင်မှုပုံစံ..စတာတွေ ကိုယ့်ဆန္ဒရှိသလောက် မလုပ်နိုင်သေး၊မနေနိုင်သေးဘူး။
အသက် ၂၁ ကနေ ၂၃ နှစ်အထိမှာ ကုသိုလ်လဲရ ၀မ်းလဲဝ ...လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်အတွက်သာ ရှာဖွေစုဆောင်းနေခဲ့မိ။

တနေ့ထက်တနေ့ တိုးလို့သာ လာတာတွေက အတ္တများ။
လူ့အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေ၊ဆီလျော်အောင် တည့်မတ်နေထိုင်ရင်းက အနီးအနားမှာရှိတဲ့ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့လူတွေ အပေါ်မှာ.. မသိမသာ ဒါမှမဟုတ်လဲ သိသိသာသာ.. ဆိုး ဆိုးလာနေမိတယ်။ ဆိုးရွားစွာ ပြုမူနေထိုင် လာမိတယ်။ဒီအကျင့်က မကောင်းဘူးဆိုတာ သိသိကြီးနဲ့ တည့်မတ်မရနိုင်သေးဘူး။

"မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေကို...ငါသွင်းခဲ့တာ "
(စိုင်းဝင်းမြင့်)..
မိသားစုအကြောင်းတွေးရင် ဒီကဗျာလေးပဲ ပြေးပြေးသတိရမိတယ်။...။
ကိုယ်က စကေးလ်ကောင်းတဲ့ ဘောလုံးသမားမဖြစ်ခဲ့တာလား၊ဒါမှမဟုတ် စကေးလ်တော့ ကောင်းပါရဲ့ သက်လုံ မကောင်းခဲ့တာလား။...။ ခုချိန်ထိတော့ မိသားစုနဲ့ပတ်သက်ရင် ဂိုးတွေ ၀င်အောင်မသွင်းနိုင်သေးဘူး။

"ပြောင်းလဲခြင်းတရားကို စိုးရိမ်နေသူလေး" လို့ သီချင်းပဲ တိုးတိုးလေးညည်းမိတယ်။
ဘာပဲဖြစ်ဖြစ်.. ဒီနေ့မှာ ဒီလောက်လေးတော့ တွေးနိုင်သေးတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ရမလို..။

မှတ်ချက်။ ။ ဖဘမှာရော ဘလော့မှာပါ မွေးနေ့ဆုတောင်းပေးသူများအားလုံးကို ကျေးဇူး။