Monday, October 25, 2010

မွေးနေ့ အတွေး

လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကရိုက်ခဲ့တဲ့ ဓာတ်ပုံထဲကလူက ကိုယ်မဟုတ်တဲ့ သူစိမ်းတယောက်ပါ။...။

ကုန်ခဲ့တဲ့တနှစ်လုံး အရွေ့တွေများတယ်။လူ၊နေထိုင်ရှင်သန်ရာဝန်းကျင်၊နှလုံးသားခံစားမှု။ပြီးတော့ အဓိပ္ပါယ်ရှိ လာတယ်။အရောင်ပိုစုံလာတဲ့ ပန်းချီကားတစ်ချပ်ကို ပြန်ကြည့်နေရသလို။

ပြန်တွေးကြည့်တော့ လျှောက်ခဲ့တဲ့လမ်းက ရှည်လျားမယောင်နဲ့ တိုတောင်းလွန်းလှတယ်။လုပ်ချင်တဲ့အလုပ် တွေ၊ ဘ၀နေထိုင်မှုပုံစံ..စတာတွေ ကိုယ့်ဆန္ဒရှိသလောက် မလုပ်နိုင်သေး၊မနေနိုင်သေးဘူး။
အသက် ၂၁ ကနေ ၂၃ နှစ်အထိမှာ ကုသိုလ်လဲရ ၀မ်းလဲဝ ...လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်အတွက်သာ ရှာဖွေစုဆောင်းနေခဲ့မိ။

တနေ့ထက်တနေ့ တိုးလို့သာ လာတာတွေက အတ္တများ။
လူ့အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေ၊ဆီလျော်အောင် တည့်မတ်နေထိုင်ရင်းက အနီးအနားမှာရှိတဲ့ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့လူတွေ အပေါ်မှာ.. မသိမသာ ဒါမှမဟုတ်လဲ သိသိသာသာ.. ဆိုး ဆိုးလာနေမိတယ်။ ဆိုးရွားစွာ ပြုမူနေထိုင် လာမိတယ်။ဒီအကျင့်က မကောင်းဘူးဆိုတာ သိသိကြီးနဲ့ တည့်မတ်မရနိုင်သေးဘူး။

"မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေကို...ငါသွင်းခဲ့တာ "
(စိုင်းဝင်းမြင့်)..
မိသားစုအကြောင်းတွေးရင် ဒီကဗျာလေးပဲ ပြေးပြေးသတိရမိတယ်။...။
ကိုယ်က စကေးလ်ကောင်းတဲ့ ဘောလုံးသမားမဖြစ်ခဲ့တာလား၊ဒါမှမဟုတ် စကေးလ်တော့ ကောင်းပါရဲ့ သက်လုံ မကောင်းခဲ့တာလား။...။ ခုချိန်ထိတော့ မိသားစုနဲ့ပတ်သက်ရင် ဂိုးတွေ ၀င်အောင်မသွင်းနိုင်သေးဘူး။

"ပြောင်းလဲခြင်းတရားကို စိုးရိမ်နေသူလေး" လို့ သီချင်းပဲ တိုးတိုးလေးညည်းမိတယ်။
ဘာပဲဖြစ်ဖြစ်.. ဒီနေ့မှာ ဒီလောက်လေးတော့ တွေးနိုင်သေးတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ရမလို..။

မှတ်ချက်။ ။ ဖဘမှာရော ဘလော့မှာပါ မွေးနေ့ဆုတောင်းပေးသူများအားလုံးကို ကျေးဇူး။

10 Responses to “မွေးနေ့ အတွေး”

Happy Birthday ပါနော်
အောင်မြင်ပျော်ရွှင်တဲ့ စိတ်ချမ်းမြေ့ဖွယ်ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
ချစ်ခင်သော မိသားစုတွေနဲ့ အမြဲမကွာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ။
နေ့ရက်တိုင်း ဘ၀အတွက် တန်ဖိုးရှိသောရက်များ ဖြစ်ပါစေ။
ခင်မင်စွာ ဆုတောင်းပေးသွားပါတယ်..

ညီမရေ ...
မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ .....

~~~~~HappY B'Day~~~~~
စိတ်ချမ်းမြေ့ဖွယ် မွေးနေ့မှသည် မနက်ဖြန်များစွာတိုင်တိုင် ရွှင်လန်းချမ်းမြေ့ပါစေ...

ZaunG

kay said...

ဒီနေ့ မှာ..ဒီလောက်လေး တော့..တွေးနိုင် ရေးနိုင် နေပြီ ရော..ကွယ်..။
အုပ်စုပွဲစဉ် တွေ တက် နေပါပြီ။..လာတော့မယ်..း)

အသက်ရာထောင်ကျော် ရှည်ပါစေ။

Anonymous said...

ဖေ့ဘွတ်ခ်မှာ note ရေးထားပေးတယ် လာကြည့်လေ ... :)
ပျော်၇ွင်ဖွယ် မွေးနေ့များစွာ .. ကြုံလာရဦးမှာပါကွာ

နင့်အကို LB

jr said...

စကေးမကောင်းတာလဲ မဟုတ်ဘူး။
သက်လုံမကောင်းတာလဲ မဟုတ်ဘူး။
ခဏ ဟန်လုပ်နေတာ။
တွေ့တယ်မလား ရွန်နီ။ မန်ယူမှာ ၂၀၁၅ထိတဲ့။
အဲ့လိုပဲလေ။

အဲဒီ စိုင်းဝင်းမြင့်ကဗျာကို အရမ်းကြိုက်တယ် ။
ဖတ်လိုက်တိုင်း ကိုယ့်ကိုကိုယ် ပြန်ပြောနေသလိုပဲ ။
တဒိတ်ဒိတ်နဲ့ သွေးတက်စေတဲ့ကဗျာ....။

ဘာပဲဖြစ်ဖြစ် ဒီလိုအသိလေးရှိနေတာကိုက အရှိတရားဆီ ဆက်သွားနေတာ....။

Anonymous said...

ညီမကြေးကြေး ကျန်းမာပျော်ရွှင် ဘလော့ဂင်းနိုင်ပါစေ... အနှစ် ၁၂၀ တိုင်ထိပေါ့ ...
နောက်ကျ ဆုတောင်းအတွက် ဆောရီး ပါ ...

mie nge

မောင်မျိုး said...

တော်တော်နောက်ကျ မှလာဆုတောင်းဖြစ်တော့တယ် သယ်ရင်းရေ မွေးနေ့မှာ အစစ်အမှန်းပျော်ပါစေဗျာ . စကားတွေပြောချင်သေးတယ် .။