Monday, December 13, 2010

မဖြစ်လာသေးသော ဖြစ်ချင်တဲ့ဘ၀များ

ကိုယ့်အကြောင်းတွေချည်းပဲ ရေးတဲ့ ကိုယ်ရည်သွေးတီးလုံးများ ဖြစ်နေမလားပဲ။ ဒါပေမယ့်.. အညောင်းမိနေ ရှာတဲ့ ခံစားမှုတွေကို ခုလိုပေါ့ပေါ့ပါးပါး လေးတွေးပြီး၊ဒီလိုနည်းနဲ့ ဖျော့လျှော့ပါရစေ..။

ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာတွေပေါ့..။ငယ်ငယ်တုန်းက ဆိုပေမယ့် ကလေးဘ၀ကိုမှ ဆိုလိုချင်တာ မဟုတ်ပါဘူး။ဒီနေ့မဟုတ်ရင် မနေ့ကဆိုရင်ပဲငယ်ငယ်တုန်းကလို့ ပြောလို့ရတာပေါ့။ မဟုတ်ဘူးလား။

တချို့မိတ်ဆွေ၊သူငယ်ချင်းတွေဆို ငယ်ငယ်လေးထဲက "ငါကြီးလာရင် ဘာဖြစ်ရမယ်။ ငါ ကတော့ ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာ။ခုတော့ ဘာဖြစ်လာတယ်" စသဖြင့် အဲ့လိုမျိုးလေးတွေ ရှိကြတယ်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတယ်လို့ သတ်မှတ်ရမလားပဲ။ အဲ့လိုလူတွေကို အားကျမိတယ်။ ကိုယ့်မှာတော့ အဲ့လိုတွေ မရှိခဲ့ဘူး။ အလျင်းသင့်သလို နေထိုင်၊ကြီးပြင်း၊ရှင်သန်၊ဖြစ်ချင်ခဲ့တာချည်းပါပဲ။

အမေရှိတဲ့မြို့လေးမှာတုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပေါ့။ စာအုပ်ဆိုင်ပိုင်ရှင် ဆိုပေမယ့် ဖတ်စရာစာအုပ်တွေပဲ ငှားတဲ့၊ရောင်းတဲ့ဆိုင်လား ဆိုတော့ အဲ့လိုလဲ မဟုတ်ပါဘူး။ စာအုပ်ချုပ်၊ ကော်ပီကူး၊ဖိတ်စာရိုက် စတဲ့ စာစီစာရိုက်အလုပ်တွေပါ တွဲလုပ်ချင်သေးတာ။ဈေးရောင်း၊ဈေးဝယ် ကျွမ်းကျင်တဲ့ အမေက သူနဲ့သိပ်မရင်းနှီးတဲ့အလုပ် ဆိုပေမယ့် အဲ့ဒီကလေးဘ၀တုန်းကတည်းက အားပေးရှာပါတယ်။ လုပ်ချင်ရင် သူလုပ်ပေးပါမယ် ပေါ့။ကျောင်းပြီးပြီးချင်း အလုပ်တွေဆက်တိုက်လုပ်ဖြစ်ပြီး ၂ နှစ် လောက်ကြာတော့ အလုပ်လက်မဲ့ဖြစ်နေတုန်း၊ စာတွေအစက ပြန်သင်နေတုန်းက အမေက အဲ့ဒီစိတ်ကူးလေးကို
သတိတရ အစဖော်ပေးရှာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာကျတော့ ကိုယ်ဖြစ်ချင်တာက စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်တော့ဘူး။

နတ်မောက်မှာအလုပ်သွားလုပ်နေတုန်းက အလုပ်အတူတွဲလုပ်ရတဲ့ အင်ဂျင်နီယာ အကိုတစ်ယောက်နဲ့ ကြုံတဲ့ အခါ ဖြစ်ချင်တာတွေက ပြောင်းသွားခဲ့ပြန်ပါတယ်။တကယ်တမ်း ကိုယ်လုပ်ရမယ့်အလုပ်က လူတွေ ရှေ့ရပ်၊ ဟိုဟိုဒီဒီပြော... ပေါ့။ဒါပေမယ့် အဲ့ဒါတွေထက် ပိုပြီး စိတ်ဝင်စားတာက အဲ့ဒီအကိုကြီးနဲ့လိုက်ပြီး ရေချိန်တိုင်းတာ၊ ပဋက်ရိုက်၊မြေတိုင်း ..အဲ့လို အလုပ်တွေ။Rain water collecting tank လို့ခေါ်တဲ့ ပုံသဏ္ဍန်ဝိုင်းဝိုင်းနဲ့ရေလှောင်ကန်တွေ ဆောက်တဲ့နေရာတွေမှာပါ..။ ကိုယ့်တာဝန်ကို ကိုယ်မြန်မြန်ပြီးအောင် လုပ်၊ ပြီးတာနဲ့သူနဲ့သာ လိုက်ကူညီနေမိတာပဲ။ အင်ဂျင်နီယာရယ်လို့ မယ်မယ်ရရဖြစ်ချင်တာမဟုတ်ပေမယ့် အဲ့ဒီအလုပ်တွေကို လုပ်ချင်တာပါ။သူ့လိုမျိုး အဆောက်အဦတစ်ခုကို ကိုယ်တိုင်စိတ်ကူး၊ကိုယ်တိုင် အကောင်အထည်ဖော်၊ ဖြစ်လာသမျှ နောက်ဆက်တွဲပြဿနာတွေကို ကိုယ်တိုင်ခေါင်းခံဖြေရှင်း၊အဲ့လိုမျိုးဘ၀ လေးလဲ ရချင်ခဲ့ဖူးတာပဲ။

မြန်မာပြည်မှာဆို မကြာခဏဆိုသလို ခရီးထွက်ဖြစ်ပါတယ်။ရန်ကုန်ကနေ ကိုယ့်အိမ်ကိုယ်ပြန်တာလဲ ခရီး ထွက်တာပါပဲ။ နောက် အတူနေတဲ့သူငယ်ချင်းရဲ့ မွန်ပြည်နယ်ကိုလဲ မကြာခဏ လိုက်လည်ဖြစ်ပါတယ်။ နတ်မောက်-ရန်ကုန် ကူးချည်သန်းချည်လုပ်တာကလဲ အခေါက်ပေါင်းမနည်းပါဘူး။ အဲ့ဒီလို ခရီးတွေသွားတိုင်း
ဟိုက်ဝေးကားမောင်းဆရာ ဖြစ်ချင်မိတယ်။ လူစီးကားမဟုတ်။ ကုန်တင်ကားတွေ မောင်းချင်တာပါ။ ဟိုက်ဝေးကား အတော်များများက ကားအကောင်းတွေများသလို၊မီးရောင်လှလှတွေလဲ ဆင်ထားကြတော့.. ကားတွေဟာ တစ်စီးကို တစ်စီးစောင့်ပြီးမှ မောင်းကြတဲ့အခါ ကားရဲ့ဦးခေါင်းပိုင်းမှာရှိတဲ့ မြတ်စွာဘုရား ပုံတော်လေးတွေက အစီအရီ...နဲ့။အင်မတန်မှ ကြည့်လို့အဆင်ပြေပါတယ်။ ကားရဲ့ ဘယ်ညာ တစ်ဖက်တစ်ချက်စီမှာ အလှဆင်ထားတဲ့မီးတွေကျတော့ သူတို့ဘာနဲ့လုပ်သလဲ သေချာမသိပေမယ့် အဲ့ဒီ မီးခွက်လေးတွေဟာ ရန်ကုန်က တချို့လက်ဘက်ရည်ဆိုင်တွေက အကြမ်းခွက်လေးတွေနဲ့ အင်မတန် တူပါတယ်။ အမှတ်တမဲ့ဆိုရင် အကြမ်းခွက်လေးတွေကို ဆေးရောင်အမျိုးမျိုးသုတ်ပြီး တပ်ထားသလားတောင် ထင်ရပါတယ်။ မီးရောင်စုံနဲ့ အဲ့လိုဟိုင်းဝေးကားကြီးတွေကို စိတ်ကူးနဲ့ မောင်းကြည့်ဖူးရဲ့..။

အခုလောလောဆယ်၊ မနေ့က သို့မဟုတ် ဒီနေ့မနက်ကအထိဖြစ်ချင်ခဲ့တာတော့ လူနဲ့သူနဲ့တူတဲ့အစိုးရတစ်ခုရဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်ချင်နေမိတယ်။ စာပို့သမားလေးတစ်ဦးအဖြစ် ဘ၀ကို ရပ်တည်ချင်မိတယ်။ အစိုးရက ပေးထားမယ့် စက်ဘီးလေးရဲ့ ရှေ့ခြင်းထဲမှာ စာတွေထည့်၊ အိတ်ကလေးတစ်လုံးလွယ်ပြီး ကိုယ်တာဝန်ကျတဲ့ ရပ်ကွက်၊ကျေးရွာအနှံ့ စာလေးတွေ လိုက်ပြီးဝေငှရရင် ဘယ်လောက်များကြည်နူးစရာ ကောင်းလိုက်မလဲ။ စာမျှော်နေတဲ့လူတွေဆိုတာ များသောအားဖြင့် ကိုယ့်နာမည်နဲ့လိပ်စာတပ်ထားတဲ့ စာလေးတွေရတဲ့အခါ ပျော်ရွှင်ကြတာပဲ မဟုတ်လား။ ဒီလိုသာဆို.. နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် အလုပ်ပေါ့..။

ဒီလောက်နဲ့ပဲ တော်သင့်ပြီ ထင်ပါရဲ့လေ။ ဖြစ်ချင်တာတွေသာ စိတ်ရှိတဲ့အတိုင်း ရေးရရင် ဖတ်သူတွေ မျက်စိညောင်းမှာ စိုးမိပါရဲ့...။ စကားမစပ်တာကို စပ်ပြီးပြောရရင် အကိုအမတွေ၊သူငယ်ချင်းတွေရဲ့ ဖြစ်ချင်ခဲ့ဖူးတာတွေအကြောင်း သိချင်မိပါတယ်။ ပြောပြကြပါဦး..။

၁။ သူငယ်ချင်း မောင်မျိုး
၂။ ဦးလင်းဒီပ
၃။ ဒေါ်ဂျူနီယာ
၎။ နံရိုးလေးဖု နေတဲ့ ညီမလေး ညီညီ

(ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်တပ်ကြပါ။မယ်ရာက ထုံးစံအတိုင်း ခေါင်းစဉ်ပေးညံ့တော့ အဲ့ဒီခေါင်းစဉ်အတိုင်း ရေးပေးစေချင်တယ် မဟုတ်ရ..း) )

9 Responses to “မဖြစ်လာသေးသော ဖြစ်ချင်တဲ့ဘ၀များ”

jr said...

ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ဖြစ်ချင်တာတွေအများကြီးရှိသည်။

ပုံ/
မယ်ရာ

ဒီအကြောင်းအရာမျိုးဆန်ဆန်ကို တခါတုန်းက “ဝါသနာသစ်ပင်” တဂ်ပိုစ့်ပဲ ရေးဖူးတယ် ။ ဒါပေမယ့် ရေးချင်ပါသေးတယ် ။ မတူတဲ့တခြားတဖက်ကနေ... စောင့်ပါ ။ :)

မောင်မျိုး said...

ရေးဖို့ ကုန်ကြမ်းမရှိတာနဲ့ အတော်ပဲး) ရေးမယ် သယ်ရင်းရေ ။ လူနဲု့တူသော အစိုးရရှိရင် ငါလည်း ကျောင်းဆရာလေး ဖြစ်ချင်တယ် ။ ခုများတော့လည်းးးးး ဟူုးးး

kay said...

ငါ့ညီမ က..ဖြစ်ချင်လိုက်တာမှစုံ..စာပို့သမားတောင် ပါသေး..း)

ဆယ်လမွန်ငါးတို့ အပြန်ထဲကလို ကော..တကယ် မဖြစ်ျင်ဘူးလား.. ရွာမှာ.. တက်ကြွသူလေ..
း)

ကုန်ကားမောင်းချင်တယ်
ကုန်ကားမောင်းချင်တယ်
း)

ရေးမယ် .. နည်းနည်းကြာမလားမသိ..
မြန်ချင်လည်းမြန်မယ်.. မသေချာ..
အဟဲ

Anonymous said...

အကို့ဆီကနေ တစ်ဆင့် အပြေးလေး လိုက်လာပါတယ်..လာချောင်းပါတယ်

pandora said...

ချစ်စရာကောင်းတဲ့ ဖြစ်ချင်တာလေးတွေကို ဖတ်ရတော့ mirror ရဲ့ စိတ်ကလေးကို ပိုမြင်လိုက်ရပါတယ်။
ထာဝရအေးချမ်းပြီး ကိုယ်ပျော်ရွှင်တာကိုလုပ်ရင်း အများအကျိုးဆောင်နိုင်တဲ့သူ ဖြစ်ပါစေ ညီမရေ။

Anonymous said...

ဖြစ်ချင်တာဖြစ် မောင်ဘချစ် :)

ိဖြစ်ချင်တာလေးတွေက ချစ်စရာ

နင့်အကို LB

ဂျူး ဝတ္ထုတို ထင်တယ်
သစ်တောလမ်းဆိုတာလေး သတိရမိတယ်