Sunday, October 25, 2009

အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ဆီတုန်းက ဇနပုဒ်လေးတခုမှာ မျက်နှာဝိုင်းသလောက် အင်မတန်မှ အငိုသန်ပြီး အရမ်းစိတ်ကြီးတဲ့ ကလေးတယောက်မွေးခဲ့တယ်။

တစ်လနဲ့ ငါးရက်သမီးမှာ သူတို့အဖေက ပိုးထိတယ်။ ဒီတော့ ဒီကလေးလေးက ခိုက်တယ်ပေါ့။ မွေးထဲက ငိုတာလဲ အသည်းနဲ့မှ အသန်၊အငိုရပ်ဖို့ဆိုလဲ အင်မတန်ကြာပြီး စိတ်ကလဲ အင်မတန်ကြီးတယ်။
ဒါ ဒီကလေးမလေး ခိုက်တာပေါ့။ သူ့အမေက ငါ့သမီး တနင်္လာသမီးလေး၊ သိပ်ထက်မြက်တာလို့ သာ တွင်တွင်ပြောခဲ့..။

၂နှစ်သမီးမှာ ကဲလွန်းလို့ ရင်ဘတ်တခုလုံး ရေနွေးပူတွေ လောင်တော့ လမိုက်ည၊သန်းခေါင်အချိန်ပေါ့။ အဖေက မနက်လင်းမှ ဆေးရုံ သွားကြတာပေါ့။ အမေက ငါ့သမီးလေး ပူနေတာ၊ ငါမကြည့်ရက်ဘူး။ ဘာမှ ငှက်ပျောပင်တွေ၊ အုံးရည်တွေ လုပ်မနေနဲ့။ဆေးရုံ သွားမယ်ဆိုပြီး သမီးကိုပွေ့ ညအမှောင်မှာ ကြယ်ရောင်ပဲ အားကိုးပြီး ဆေးရုံသေးသေးလေးဆီကို အားကိုးတကြီးနဲ့ ပြေးခဲ့တာ။

အဲ့ဒိကလေး သုံးနှစ်ခွဲရောက်တော့ သူ့တို့အဖေက ပိုးထိတဲ့ ဝေဒနာနဲ့ပဲ ဆုံးပါးသွားခဲ့။ အမေက အသက်လေးဆယ်။ သိပ်လှတာ။ နဖူးလေးကဆို ၀ါဝါ၀င်း ရွှေနဖူးကျမျိုးလေးနဲ့..။ အဖေ့အမျိုးတွေက ဒီမိန်းမ၊ကလေးက ငါးယောက်၊ ကြွေးတွေက ပတ်လည် ၀ိုင်းနေတာ၊ နောက်လင် ထပ်ယူ ဦးမှာပဲ။ ဒီလိုပဲ တွက်ထားခဲ့။ အဖေ့အမျိုးတွေတွင် မဟုတ်။ အမေ့ အဒေါ်တွေ ကိုယ်တိုင်လဲ ပါခဲ့သေးတာပဲ။ အမေ့အဒေါ်နှစ်ယောက်ကလဲ ဆောင်းတွင်း၊လယ်တလင်းပြီးလို့ စကောနဲ့တလင်းပြန့်ပဲကျန်လဲ အကြွေးကတော့ နှစ်တိုင်း တွင်တွင် တောင်းမြဲ..။ အမေက ရင်မကော့နိုင်ဘူး။ ခေါင်းငုံ့ပြီး တနေ့ အကျေပြန်ဆပ်ပါ့မယ်။ တနေ့ အကျေပြန်ဆပ်ပါ့မယ်..နဲ့..။

အဲ့ဒိကလေး ငါးနှစ်သမီးလောက်မှာ အမကြီး၊အကိုကြီးတွေနဲ့ ထားခဲ့ပြီး ဟိုင်းကြီးကျွန်းကို ခရီးနှင်၊ ကိုယ့်ဆီက ထွက်တဲ့ မေမြို့ပန်းတွေကို အဲ့ကိုသယ်။ အဲ့ဒိက ငါးပိ၊ငါးခြောက်တွေကို ဧရာဝတီကိုပြန်သယ်..။

ပြောရင်းက "ငါ့စိတ်တွေ လေခဲ့တဲ့ အချိန်တွေ ထင်ပါရဲ့" လို့.....သူ့ကိုယ်သူ မသေချာသလို ကလဲ လုပ်တတ် သေးတာ။အဲ့ဒိလို မသေချာသလိုလေး ကိုယ့်စိတ်ကိုယ် ဖန်တီးထား တတ်သေးတာ။ အဲ့ဒါကတော့ အငိုသန်တဲ့ သူ့သမီး အငယ်ဆုံးလေးက တထေရာထဲ တူတယ်။

ငါးတန်းစာမေးပွဲတွေ ဖြေအပြီး နွေကျောင်းပိတ်တော့ နားပြည်ယိုတဲ့ ရောဂါနဲ့ အလူးအလဲ။ ပိုက်ဆံက မရှိ။ ရန်ကုန်လဲ မလာနိုင်၊ ပုသိမ်မှာတွင်ပဲ မပြန်လာနိုင်တဲ့၊ဘယ်တော့ ပြန်ရောက်မယ် မသိတဲ့ ဇာတိပြန်သွားတဲ့ ဆရာဝန်ကို စောင့်နေကြတာ သားအမိလေး သုံးယောက်၊ အကိုလုပ်သူက ငို၊အမေက အားပေးတယ်။ ဘယ်သူ့ကိုမှ မယုတ်မာဖူးဘူး။ တို့မိသားစုကို ဘုရားကယ်မှာပါ။သမီး ပုတီးလေး စိပ်နေနော်။ဘုရားကု ခေါ်တယ်သမီးရဲ့...။နောက်ဆုံးတော့ ကြွေးတွေ ထပ်တင်၊ရောဂါတော့ ပျောက်....။

အဲ့ဒိကလေးလေး ဆယ်ခြောက်နှစ်သမီး၊ဆယ်တန်းအောင်တော့ ပတ်ဝန်းကျင်က လူတွေက ၀မ်းသာလိုက်တာ။ အမလေးဟဲ့..မုဆိုးမသမီးလေး၊အမလေးဟဲ့ မုဆိုးမသမီးလေးနဲ့...။ဒါမယ့် မုဆိုးမကြီးမှာသာ တိတ်တိတ်လေး ကြိတ်ကာငို...။

ံအရူးမကြီး မစောသိန်းဆိုတာ မြို့ဈေးထဲမှာ ရှိတယ်။ မစောသိန်းမှာလဲ သမီးလေး တယောက်ရှိတယ်။ သူ့သမီးလေးငါးနှစ်၊ကျောင်းထားတဲ့အရွယ်ရောက်တော့ ဈေးသူဈေးသားတွေက ကျောက်သင်ပုန်း၊ကျောက်တံတွေဝယ်၊ လွယ်အိတ်လေး ၀ယ်ပေးပြီး ကျောင်းပို့တော့ အရူးမကြီးမစောသိန်းခမျာ သူ့သမီးလေး ပျောက်လို့။ ဒါမယ့် ဘယ်ရောက်နေမှန်းလဲ မသိရှာဘူး။ ရူးနေတာကိုး။

ဒါနဲ့ပဲ သုံးလေးရက် ဆက်တိုက်ပျောက်နေတော့ လူတကာ လိုက်မေးရင်း နင့်သမီးလေး ကျောင်းသွားတာကိုး။ နင့်နား ဘယ်ရှိမလဲဆိုတော့၊ သူ့သမီးလေး ပြန်လာရော အဲ့ဒိကျောက်သင်ပုန်း၊ကျောက်တံတွေကို ဆင်ကူး သံတံတားကြီးကနေ ချောင်းထဲ သွားပစ် ချလိုက်တယ်တဲ့။ခုလဲ ငါ့မှာ အဲ့လိုလုပ်ရမလိုဖြစ်နေပြီ လို့....ပြောတာ အမေ...။

ခု အဲ့ဒီ ကလေးလေး အသက် နှစ်ဆယ့်လေးနှစ် ပြည့်သွားပြီ။ အမေ့ကို သူခွဲထားခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဘယ်အချိန်မှာ အဲ့ဒိကလေးနဲ့ သူ့အမေ ပြန်ဆုံနိုင်ပါမလဲ။ သူ့အမေကလဲ ကျောက်သင်ပုန်း၊ ကျောက်တံတွေ လွှင့်မပစ်ရက်သလို... အငိုသန်တဲ့၊ စိတ်ကြီးတဲ့ သူ့သမီးလေးကလဲ သူ့အမေအတွက် ဘာမှမဖန်တီးပေးနိုင်သေး..။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတွေပဲ။ မိသားစုဆိုတာ တဦးချင်း၊တယောက်ချင်းစီတွေနဲ့ ဖွဲ့စည်းထားတာ စသဖြင့် ဒီလို နှုတ်ထွက်သီဝရီတွေကို ကဗျာထဲ ထည့်စပ်ဖို့သာ ရူးသွပ်နေတတ်တာ၊ ကိုယ့်ခံစားမှုကို မိသားစုနဲ့အမေ့ရှေ့မှာ ဘာမထီ လုပ်လုပ်ပြတတ်တာ သူ့ အမေသာ သိခဲ့ရင် ...ကျောက်သင်ပုန်း၊ကျောက်တံတွေ လွှင့်မပစ်ခဲ့တာများ နောင်တ ရနေမလား...။

အမေရေ... ခွဲခွာခြင်းက တချိန်မှာ တယောက်အရိပ်၊ တယောက် လုံလုံခြုံခြုံ ခိုဖို့။ အဲ့ဒိအရိပ် ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိသေးလို့ နေပူထဲက စောင့်နေရင်း၊ သားသမီး မွေးနေ့ကို မွေးလပဲ အနိုင်နိုင် မှတ်မိ တတ်တဲ့၊မွေးနေ့ ဆုတောင်းပေးတာတို့၊ ဘာညာ သာရကာတွေ မလုပ်တတ်တဲ့ အမေ့ကို လွမ်းလို့... ဒီလိုလေးပဲ အမှတ်တရ စာရေးပြီး တေးမှတ် ထားလိုက်ပါတော့တယ် ။


Thursday, October 01, 2009

မီးပုံးပျံလွှတ်ကြရအောင်

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မီးစာဖိုး တတ်နိုင်မယ့်တနေ့မှာ...။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မပြောတဲ့လူသန်တွေ သန်လာမယ့်တနေ့မှာ..။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဆယ်လမွန်ငါးတို့ ပြန်လာနိုင်မယ့်တနေ့မှာ..။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
လှောင်အိမ်ထဲက ငှက်ကလေးတွေလွတ်မြောက်မယ့်တနေ့မှာ...။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
နွားနို့ထဲကို ရေတွေရောရောပစ်တတ်လေသော
ဒီခေတ်ကြီး ဆိတ်သုဉ်းမယ့်တနေ့မှာ....။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

Wednesday, September 23, 2009

ဆိုနေမယ် ခပ်တိုးတိုးလေးပဲ

ဒီနေ့ ငါလေ ကျဆုံးခြင်း၊ပြန်မဆုံနိုင်တဲ့ချစ်ခြင်း နှုတ်ဆက်ခြင်းရဲ့ သီချင်း ကိုခပ်တိုးတိုးလေး ညည်းချင်ရဲ့ကွယ်။

+++++++++++++++++++++++++

နာနတ်တော ဂုံးကျော် တံတားလေးအဆင်းမှာ အရင်တုန်းက သူတို့ကျက်စားခဲ့ဖူးတဲ့ အိမ်လေးတလုံး ရှိခဲ့ဖူးရဲ့။ မိုင်တွေ ဘယ်လောက်ဝေးဝေး၊ ဘယ်လိုပင်ပန်းနေပါစေ။ ညနေစောင်းပြီးဆိုရင် အဲ့ဒိအိမ်လေးကို ရောက်သွားကြစမြဲ။ မတီးတတ်၊ တီးတတ်နဲ့ ဂစ်တာ တဒေါင်ဒေါင်လဲ ခေါက်ခဲ့ကြသေးတာပဲ။
"အမေ့လက်ရာ" ငါးပိထောင်းလေးနဲ့ သံပုရာသီးလေး ညှစ်ပြီး "ညစာ" ဖြစ်ခဲ့ကြတာပဲ။ လက်ထဲမှာ ငွေယားလေး ရွှင်တဲ့အခါဆိုရင်တော့ လှည်းတန်းဘက် သွားကြတာပေါ့။ မက်စ်ဘာဂါကို အကောင်းဆုံး စာရင်းသွင်းပြီး စားလဲစား၊ ဆိုလဲဆိုပေါ့လေ။

"အဖြူစင်ခဲ့ဆုံး၊ မေတ္တာတရားနဲ့ နှလုံးသားနုနု အပျံသင်ခါစအရွယ်၊ပုံပြင်ဟောင်းလေးတပုဒ် ရင်မှာရှိခဲ့တယ်။ လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံး ကျောင်းတက်ချိန်... ငါတို့ ကျောင်းသားဘ၀" ပေါ့လေ။

အချိန်ကာလ အပိုင်းအခြားတခုမှာ လူတယောက်ဟာ ပုတ်သင်ညိုတကောင်လိုပဲ အရောင်တွေ ပြောင်းလဲသွားခဲ့တယ်။ အရေခွံအသစ်နဲ့။ ရုပ်ကိုက။

" အရင်ကလို တို့နှလုံးသား ရင်ခုံသံကြားဖို့အားရဲ့လား "
လို့ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဆန်းစစ်မိ။
အမှား၊အမှန်ခွဲခြားဖို့ခက်တဲ့ မျှော်လင့်ချက် အရှည်ကြီးတွေနဲ့ ကမောက်ကမ ခေတ်ထဲမှာ အဆူခက်၊အနပ်ခက်နဲ့ လူတယောက်။ "အိပ်မက်တွေ တခုပြီးတခု လူကိုအဝေးကမျှားလို့ရယ် "ကွယ်။

ထီးတွေလဲဖြူ ဖိနပ်တွေလဲ ပါး။ "ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လဲပါးတော့မယ်.."

ဟေ့ ဒီမှာ.. မာနကတော့ တပြားသားမှ မလျှော့ဘူး။ သူ့မာနတွေကို သူအရောင်တင်တယ်။သူ့ဒဏ်ရာကို မကုစားပဲ နာကျင်မှုကို အရသာခံနေမိသေးတယ်။ " ပိုက်ဆံတပြားမှ မရှိလည်း သူက သိက္ခာရှိချင်သေးသတဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့.." အမေ့ရဲ့ ဒုက္ခအိုး ၊ပြီးတော့ သူရဲ့ ဒုက္ခအိုး။ သူမရှိရင် မနေတတ်ဘူး။

တွေဝေခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေတဲ့သူ၊ သေချာရေရာမှုတွေကို မုန်းတတ်တဲ့ သူ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အမေရဲ့ အဝေးမှာ ရောက်နေရတဲ့သူ.......

"မေမေ နေကောင်းလား မေမေ"


" ဆင်လိုလို၊သမင်လိုလို လူတွေကြားထဲ ကျားရဲဖြစ်မှ ရှင်နိုင်မယ်.."
ကျားရဲမဖြစ်သေးရင်တောင် သူဟာဖြူစင်တဲ့ ယုန်သူငယ်လေးတကောင် မဟုတ်တော့တာ အသေအချာ။

"တယောက်ထဲ ခရီးဆက်လိုက်၊တယောက်ထဲ အဆုံးထိ၊အားတင်းရင်ဆိုင်နေလိုက်....."
တယောက်ထဲ ဆက်ရမယ့်ခရီးတွေမှာ "ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ၊ဘယ်ရင်ခွင်ကို ရည်ရွယ်ထား" လို့ အော်ဆိုပစ်လိုက်တယ်..။ ကဲ ..။


++++++++++++++++++++++++


ညနေ စောင်းလာပြီ။ မကြာခင် အမှောင်လာတော့မယ်။ အမှောင်ဟာမလုံခြုံဘူး။ ကိုယ့်လုံခြုံမှုဟာ ကိုယ့်ထိန်းသိမ်းမှု ဖြစ်တယ်။ သူအပြန်လမ်းက မှိုင်းပြပြ။



++++++++++++++++++++++++


ဆက်ဆိုဖို့ တောင်းဆိုချင်တဲ့သူတွေက

၁။ အန်ဒီ
၂။ ကိုဖုန်းမြင့်
၃။ အဆိုတော် အကိုကြီး ကိုအောင်သာငယ်
၎။ ကြားရခဲစွာ၊ပြီးတော့ စိန်ပန်းနဲ့ ကံ့ကော်တွေဝေနေတဲ့ မကေ

ဖြစ်တယ်မလား။အားရင် ရေးပေးကြဗျာ။

မိညီမလေး တက်ဂ်တဲ့ ဆိုညဉ်းဖြစ်သောသီချင်းများ ဆိုတဲ့ တက်ဂ်ပိုစ့်ဖြစ်ပြီး အော်ပဲ ဆိုဆို၊ တိုးတိုးလေးပဲ ဆိုဆိုပေါ့။


Friday, September 18, 2009

လမ်းပေါ်မှာလေ

ရွှေနိုင်ငံက ကားကြီး၊ကားငယ် အသွယ်သွယ်တို့ဟာ သိပ်ကြမ်းသကိုး။
"ကျွမ်းတာလဲ မဟုတ်ဘူး။ကြမ်းတာလဲ မဟုတ်ဘူး။ရမ်းတာ "တဲ့။မိတ်ဆွေတယောက်ရဲ့ စကားပါ။
သူက အဲ့လို ရမ်းတဲ့ ကားတွေရော၊ကားပေါ်က လူတွေကိုပါ နဲနဲလေးသော်မှ ကြည့်မရ။ အရင်ရုံးမှာတုန်းကဆိုရင် ခပ်ရမ်းရမ်း ကားမောင်းလို့ဆိုပြီး ကားဆရာကို အသံကုန်တဲ့အထိ အော်ဟစ်ပစ်တတ်သေး၊ တကယ်တော့ ဒီလူက လူအေး။

သူက အဲ့လိုဆိုတော့ သူနဲ့ ပေါင်းတဲ့ကိုယ်လဲ ထို့အတူပေါ့။ အသွင်တူလို့ပဲ ပေါင်းလို့ သင်းလို့ဖြစ်နေတာ မဟုတ်လား။

+++++++++++++++++++++

မနက်တုန်းဆီက လက်ဘက်ရည် သောက်နေရင်း ဆိုင်ရှေ့ဆီက အော်ကျယ်၊အော်ကျယ် အဆဲအဆိုတွေ တထွေကြီး ကြားလိုက်ရတယ်။ သိပ်စပ်စုတာကိုး။ဘယ်နေမလဲ။ ခါးလေးမတ်၊မျက်မှန်လေးပင့်ပြီး လှမ်းအကဲခတ် တာပေါ့။

မိုးဖွဲဖွဲအောက်မှာ ကားဖြူလေးတစီး၊ ပြီးတော့ တလုံးပြီး၊တလုံးဆဲနေတဲ့ လမ်းမပေါ်က ဦးလေးကြီးရဲ့ ငယ်သံ ငယ်ရင်းပါတဲ့အထိ ဒေါသသံတွေပါလား။

ဖြစ်နိုင်ခြေက ကားပေါ်ကဆရာက အညင်သာဆုံး စကားနဲ့ဆိုရင်တောင် "လမ်းကို ဘယ်လို လျှောက်နေတာလဲ"လို့ အင်မတန်မှ နားဝင်ခက်တဲ့ အောက်ကလိအာ၊ အာကလိအောက်အသံနဲ့ ပြောပါလိမ့်မယ်။ ဒီတော့ စိတ်ဆတ်ပုံရတဲ့ လမ်းပေါ်က ဦးလေးကလဲ တခွန်းမကျန် ပြန်ပြောရင်းက ရန်ထဖြစ်နေကြတာ။ သူ့ကားနောက်မှာ ကားတွေ တသီတတန်း ပိတ်လို့၊လူတွေလဲ ၀ိုင်းအုံကြည့်လို့၊ ကိုယ်လဲ ပါးစပ်အဟောင်းသားနဲ့ ငေးနေမိတာပေါ့။

ကားပေါ်က ဆရာသမားက ဆင်းလာမလို့ လုပ်သေးတယ်။ ဒါမယ့် သူ့နယ်မြေမဟုတ်လို့ ထင်ရဲ့။ အုံး..၀ုန်း ဆိုပြီး ကားတံခါးကို ဆောင့်ပိတ်လို့ ၀ူး ကနဲမောင်းထွက်သွားတော့တယ်။

+++++++++++++++++++


ရန်ကုန်မြို့က ခြောက်လမ်းသွား၊ လေးလမ်းသွား။ နှစ်လမ်းသွား အဆုံးစွန်စုံး လမ်းကြား မြောင်မြောင်လေးပင် ဖြစ်ပါစေ... လမ်းလျှောက်တဲ့သူမှာ အမြဲ အပြစ်ဖြစ်ရတယ်။ ဘယ်လို လျှောက်နေတာလဲ။
"ဟေ့ မသာပေါ်သွားချင်လို့လား" " ဘယ်လိုလဲ ယောက်ျား မယူချင်တော့ဘူးလား" ဆိုတာထိ။
(ဒီနေရာမှာ ယောက်ျားလို့ပဲသုံးလိုက်ပါတယ်။တကယ် သူတို့ပြောတာက ဒီထက်ဆိုးသေး)

နဲနဲလေးမှ မကြားဝံ့ မနာသာ။ ဘယ်လိုလဲ၊ဘာကြောင့်လဲ... ဒီလောက်တောင် ရိုင်းစိုင်းနေကြတာ။ ကိုယ်လဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာပဲကြီးပြီး ဒီနိုင်ငံရဲ့ မြေကြီးအပေါ် ဆပ်စရာ ကျေးဇူးတရားတွေ တပုံတပင်နဲ့ပေမယ့် ကိုယ့်အချင်းချင်းမို့ အညှာအတာကင်းမဲ့စွာ သုံးသပ်ရရင် ရိုင်းစိုင်းမှုနဲ့ အကြောက်တရားသာ စိုးမိုးထားတော့တာ ပဲလား။ဒါတွေကို ဘယ်နှယ့်၊ဘယ်ပုံဆက်ပြီး စခန်းသွားကြပါ့မလဲ..။

++++++++++++++++++


ပြီးခဲ့တဲ့တခေါက် နယ်ပြန်တော့ အိမ်ရှေ့အိမ်က ဆိုက်ကားဆရာအစ်ကိုက ကိုယ်တွေအိမ်က ထော်လာဂျီကို အငှားနဲ့ မောင်းနေတယ်။ သူ ထော်လာဂျီ မောင်းတတ်သွားပြီပေါ့။ သူနဲ့ စကားလက်ဆုံကျတော့မှ "ငါလဲအရင် ဆိုက်ကားနင်းတုန်းက စက်တပ်ယာဉ်ဆို သိပ်မျက်မုန်းကျိုးတာ ညီမရာ၊ခုကိုယ်တိုင် ဒီထော်လာဂျီပေါ် ရောက်မှ လမ်းပေါ်ကကောင်တွေ မထေ့မဲ့မြင် လုပ်တာတွေကို ကိုယ်ကပြန်ပြီး ဒေါသထွက်နေရပြန်ရော " တဲ့။

ကဲ..လမ်းပေါ်က လူတွေကလဲ လမ်းပေါ်ကလူတွေပါပဲ။

ကားပေါ်ကလူတွေကလဲ လမ်းပေါ်ကလူတွေဆို အမျိုးသားများဆိုရင် အက်ပီတန်ကြေငြာလို၊ အမျိုးသမီးများ ကျတော့ ဘေဘီဘိုက်တာ ကြေငြာသလိုမျိုးပေါ့။ သူတို့ရဲ့ အရှိန်တွေကိုမြင်တာနဲ့ ကြောက်လန့်ပြီး အဲ့လိုပုံလေးတွေ ဖြစ်သွားတာကို အကျေနပ်ကြီး ကျေနပ်ကြတာကလား..။ အံမယ် အဲ့ဒါမျိုးလေးမြင်ရရင် သို့တည်းမဟုတ် ကောင်မလေးတွေ အဖွဲ့လိုက်ကြီးဆီက အံမယ်လေးးးးးးးး လို့ စီကနဲ အော်တာမျိုးဆို ပိုတောင်ကြိုက်သေး။ တပြုံးပြုံးနဲ့။ မနက်က ဦးလေးကြီးကိုပြောသလို ဘယ်တော့မှ မပြောကြဘူး။

Thursday, September 17, 2009

တစ်နှစ်ပြည့်ခဲ့ပြီ

တစ်နှစ်ပြည့်ပြီ ဆိုသော်ငြား မနှစ်က ဘယ်နှစ်ရက်နေ့က စခဲ့တာပါလို့ မပြောနိုင်ပါ။

တကယ်တော့ သူများတကာတွေလို ဒီနေ့ ဘယ်နှစ်ရက်နေ့မှာ ဘလော့ တနှစ်ပြည့်ပါပြီလို့ ပြောချင်တာ။ ဒါမယ့် ဘယ်နေ့လဲဆိုတာ မမှတ်မိတော့ပါ။ မနှစ်က သြဂုတ်လမှာ စတင်ပြီး ဘလော့ဂင်းခဲ့ပေမယ့် အဲ့ဒီ ပထမသမီးလေးခမျာ စကားဝှက်ပျောက်ပြီး ချွတ်ချော် တိမ်းပါးသွားခဲ့သည်။ ခု ရှင်သန်နေတဲ့ ဒီဘလော့က ဒုတိယသမီးဖြစ်သည်။ ဆိုတော့....... ဒုတိယဘလော့ဖြစ်တည်ခဲ့တဲ့ ဒီလ စက်တင်ဘာကိုပဲ နှစ်ပတ်လည် သတ်မှတ်လိုက်သည်။

ဆက်လက် ဘလော့ဂင်းနေဦးမည်ဟု ကိုယ့်ကိုယ် ကိုယ်ရော၊မိတ်ဆွေများကိုပါ ကတိက၀တ် ပြုလိုပါသည်။