Friday, September 18, 2009

လမ်းပေါ်မှာလေ

ရွှေနိုင်ငံက ကားကြီး၊ကားငယ် အသွယ်သွယ်တို့ဟာ သိပ်ကြမ်းသကိုး။
"ကျွမ်းတာလဲ မဟုတ်ဘူး။ကြမ်းတာလဲ မဟုတ်ဘူး။ရမ်းတာ "တဲ့။မိတ်ဆွေတယောက်ရဲ့ စကားပါ။
သူက အဲ့လို ရမ်းတဲ့ ကားတွေရော၊ကားပေါ်က လူတွေကိုပါ နဲနဲလေးသော်မှ ကြည့်မရ။ အရင်ရုံးမှာတုန်းကဆိုရင် ခပ်ရမ်းရမ်း ကားမောင်းလို့ဆိုပြီး ကားဆရာကို အသံကုန်တဲ့အထိ အော်ဟစ်ပစ်တတ်သေး၊ တကယ်တော့ ဒီလူက လူအေး။

သူက အဲ့လိုဆိုတော့ သူနဲ့ ပေါင်းတဲ့ကိုယ်လဲ ထို့အတူပေါ့။ အသွင်တူလို့ပဲ ပေါင်းလို့ သင်းလို့ဖြစ်နေတာ မဟုတ်လား။

+++++++++++++++++++++

မနက်တုန်းဆီက လက်ဘက်ရည် သောက်နေရင်း ဆိုင်ရှေ့ဆီက အော်ကျယ်၊အော်ကျယ် အဆဲအဆိုတွေ တထွေကြီး ကြားလိုက်ရတယ်။ သိပ်စပ်စုတာကိုး။ဘယ်နေမလဲ။ ခါးလေးမတ်၊မျက်မှန်လေးပင့်ပြီး လှမ်းအကဲခတ် တာပေါ့။

မိုးဖွဲဖွဲအောက်မှာ ကားဖြူလေးတစီး၊ ပြီးတော့ တလုံးပြီး၊တလုံးဆဲနေတဲ့ လမ်းမပေါ်က ဦးလေးကြီးရဲ့ ငယ်သံ ငယ်ရင်းပါတဲ့အထိ ဒေါသသံတွေပါလား။

ဖြစ်နိုင်ခြေက ကားပေါ်ကဆရာက အညင်သာဆုံး စကားနဲ့ဆိုရင်တောင် "လမ်းကို ဘယ်လို လျှောက်နေတာလဲ"လို့ အင်မတန်မှ နားဝင်ခက်တဲ့ အောက်ကလိအာ၊ အာကလိအောက်အသံနဲ့ ပြောပါလိမ့်မယ်။ ဒီတော့ စိတ်ဆတ်ပုံရတဲ့ လမ်းပေါ်က ဦးလေးကလဲ တခွန်းမကျန် ပြန်ပြောရင်းက ရန်ထဖြစ်နေကြတာ။ သူ့ကားနောက်မှာ ကားတွေ တသီတတန်း ပိတ်လို့၊လူတွေလဲ ၀ိုင်းအုံကြည့်လို့၊ ကိုယ်လဲ ပါးစပ်အဟောင်းသားနဲ့ ငေးနေမိတာပေါ့။

ကားပေါ်က ဆရာသမားက ဆင်းလာမလို့ လုပ်သေးတယ်။ ဒါမယ့် သူ့နယ်မြေမဟုတ်လို့ ထင်ရဲ့။ အုံး..၀ုန်း ဆိုပြီး ကားတံခါးကို ဆောင့်ပိတ်လို့ ၀ူး ကနဲမောင်းထွက်သွားတော့တယ်။

+++++++++++++++++++


ရန်ကုန်မြို့က ခြောက်လမ်းသွား၊ လေးလမ်းသွား။ နှစ်လမ်းသွား အဆုံးစွန်စုံး လမ်းကြား မြောင်မြောင်လေးပင် ဖြစ်ပါစေ... လမ်းလျှောက်တဲ့သူမှာ အမြဲ အပြစ်ဖြစ်ရတယ်။ ဘယ်လို လျှောက်နေတာလဲ။
"ဟေ့ မသာပေါ်သွားချင်လို့လား" " ဘယ်လိုလဲ ယောက်ျား မယူချင်တော့ဘူးလား" ဆိုတာထိ။
(ဒီနေရာမှာ ယောက်ျားလို့ပဲသုံးလိုက်ပါတယ်။တကယ် သူတို့ပြောတာက ဒီထက်ဆိုးသေး)

နဲနဲလေးမှ မကြားဝံ့ မနာသာ။ ဘယ်လိုလဲ၊ဘာကြောင့်လဲ... ဒီလောက်တောင် ရိုင်းစိုင်းနေကြတာ။ ကိုယ်လဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာပဲကြီးပြီး ဒီနိုင်ငံရဲ့ မြေကြီးအပေါ် ဆပ်စရာ ကျေးဇူးတရားတွေ တပုံတပင်နဲ့ပေမယ့် ကိုယ့်အချင်းချင်းမို့ အညှာအတာကင်းမဲ့စွာ သုံးသပ်ရရင် ရိုင်းစိုင်းမှုနဲ့ အကြောက်တရားသာ စိုးမိုးထားတော့တာ ပဲလား။ဒါတွေကို ဘယ်နှယ့်၊ဘယ်ပုံဆက်ပြီး စခန်းသွားကြပါ့မလဲ..။

++++++++++++++++++


ပြီးခဲ့တဲ့တခေါက် နယ်ပြန်တော့ အိမ်ရှေ့အိမ်က ဆိုက်ကားဆရာအစ်ကိုက ကိုယ်တွေအိမ်က ထော်လာဂျီကို အငှားနဲ့ မောင်းနေတယ်။ သူ ထော်လာဂျီ မောင်းတတ်သွားပြီပေါ့။ သူနဲ့ စကားလက်ဆုံကျတော့မှ "ငါလဲအရင် ဆိုက်ကားနင်းတုန်းက စက်တပ်ယာဉ်ဆို သိပ်မျက်မုန်းကျိုးတာ ညီမရာ၊ခုကိုယ်တိုင် ဒီထော်လာဂျီပေါ် ရောက်မှ လမ်းပေါ်ကကောင်တွေ မထေ့မဲ့မြင် လုပ်တာတွေကို ကိုယ်ကပြန်ပြီး ဒေါသထွက်နေရပြန်ရော " တဲ့။

ကဲ..လမ်းပေါ်က လူတွေကလဲ လမ်းပေါ်ကလူတွေပါပဲ။

ကားပေါ်ကလူတွေကလဲ လမ်းပေါ်ကလူတွေဆို အမျိုးသားများဆိုရင် အက်ပီတန်ကြေငြာလို၊ အမျိုးသမီးများ ကျတော့ ဘေဘီဘိုက်တာ ကြေငြာသလိုမျိုးပေါ့။ သူတို့ရဲ့ အရှိန်တွေကိုမြင်တာနဲ့ ကြောက်လန့်ပြီး အဲ့လိုပုံလေးတွေ ဖြစ်သွားတာကို အကျေနပ်ကြီး ကျေနပ်ကြတာကလား..။ အံမယ် အဲ့ဒါမျိုးလေးမြင်ရရင် သို့တည်းမဟုတ် ကောင်မလေးတွေ အဖွဲ့လိုက်ကြီးဆီက အံမယ်လေးးးးးးးး လို့ စီကနဲ အော်တာမျိုးဆို ပိုတောင်ကြိုက်သေး။ တပြုံးပြုံးနဲ့။ မနက်က ဦးလေးကြီးကိုပြောသလို ဘယ်တော့မှ မပြောကြဘူး။

9 Responses to “လမ်းပေါ်မှာလေ”

လမ်းပေါ်က လူတွေက အချိုးမပြေတာ များပါတယ်.. ဘယ့်နှယ့်ဗျာ ညဘက်ဆို ကားပေါ်ကလူက မျက်နှာချင်းဆိုင်မီးထိုးတာနဲ့ဘာနဲ့ မြင်တတ်တာမဟုတ်ဘူး.. သူတို့ကအဲ့ဒါကို လမ်းဘေးကနေ အချိုးမပြေလျှောက်.. ကားပေါ်ကလူက ပြောတော့ “ဖင်ခေါင်းကျယ်တယ်”ဖြစ်ရသေး.. ရေအိုင်တွေဘာတွေ ကျင်းတွေချိုင့်တွေရှိလို့ ကွေ့ကောက်ရှောင်ပတ်မောင်းနေရပါတယ်ဆို သူတို့က ၃ ယောက်ကြီးတွဲလျှောက်လိုလျှောက်.. မောင်နှင့်မယ် ကလူကျီစယ်ရင်း တွန်းထိုးလိုထိုး.. ရေစင်ရင်ကျတော့ ဆဲသေးတယ်..း(

(ငါတော့နော်.. ဘုဂလန့်မြင်ပြန်ပြီလို့ ပြောခံရတော့မှာပဲ)

littlebrook said...

ငါကျ လမ်းပေါ်ကလူကို အားနာလွန်းလို့ ကားမောင်းတိုင်းအဆဲခံရတယ် .. သေချာတာကတော့ ကားပေါ်ကလူက သက်သက်သာသာကြီးလေ ကိုယ်ပိုင်ကားစီးတဲ့လူဆို ပိုတောင်ငဲ့ညှာရဦးမယ် ..
ခမျာများ ပိုက်ဆံမရှိလို့ ကားမစီးနိုင်တဲ့အပြင် ခြေတိုအောင်လျောက်နေရတယ် .. ကိုယ်ဟွန်းတီးပြီး လမ်းဖယ်ခိုင်းလိုက်တိုင်း လှည့်ကြည့်လာတယ့် အကြည့်တွေကို အားနာတယ် ..

yangonthar said...

အင်း ဝါးလုံးရှည်နဲ့ တော့သိမ်းရိုက်လို့ မရဘူး ပေါ့ ကားပေါ်ကလူလည်း မှားတတ်သလို လမ်း ပေါ်ကလူလည်း မှားတတ်ကြပါတယ် ....
ခင်မင်လျှက်
ရန်ကုန်သား :)))

Anonymous said...

ဒီမှာကတော့ လူကိုလူလို တန်ဖိုးထားကြ တာမို့ ( တချို့
အရိုင်းအစိုင်းတွေတော့ ဘယ်မှာဘဲဖြစ်ဖြစ် ရှိသေးတာပေါ့လေ ) ကားပေါ်က လူတွေ ကတော့
လမ်းပေါ်ကလူတွေကို ဦးစားပေးကြပြီး မောင်းပါတယ်..
လမ်းကူးနေရင် လူစောင့်ပြီးမောင်းပေးပါတယ်... မမောင်းလို့ကလည်း မရဘူးလေ...ဥပဒေက ရှိနေသေးတာကိုး ...လမ်းဖြတ်ကူးသူကို( မီးပွိုင့်တွေမှာပေါ့ ) မစောင့်ဘဲ ကားမောင်းတာ ရဲ တွေ့လို့ရှိရင်တော့ ကိုယ့်လိုင်စင်မှာ ပြစ်ဒဏ်အဖြစ် ကြောက်စရာကောင်းတဲ့ ပွိုင့် ၃ ခု ရမယ့် အပြင် ငွေပါ
ဆောင်ရဦးမှာပါ...ညီမလေး ရေးထားသလိုဘဲ ရိုင်းစိုင်းမှုနဲ့ အကြောက်တရားတွေ ကိုယ့်တိုင်းပြည်ကြီးမှာ စိုးမိုးနေဦးမှာကတော့
အသေအချာဘဲနော့ ... အပြန်အလှန် လေးစားမှု လေးတွေရှိနေမယ် ဆိုရင် အကောင်းဆုံးပေါ့ ...

mie nge

အင်း...လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေကြသူတွေနဲ့
ရမ်းကားပြီး လမ်းသလားနေကြတဲ့ ကားစီးလူတန်းစား
လူရမ်းကားတွေရဲ့အကြောင်းဖတ်မိပြီးရင်မောသွားတယ်
တကယ်တော့..လမ်းလျှောက်သူမှာရော ကားမောင်းသူမှာပါ အကြောင်းအရာစုံလင်လှတဲ့ ပေါက်ကွဲသံစဉ်တွေရှိနေကြတာကိုး...ဖောက်မထွက်နိုင်ကြတော့ ထွက်ပေါက်ရှာကြရင်း
အချင်းများ အငြင်းပွားနေကြတော့တာပေါ့ညီမလေးရေ

ကိုယ်ဟွန်းတီးပြီး လမ်းဖယ်ခိုင်းလိုက်တိုင်း လှည့်ကြည့်လာတယ့် အကြည့်တွေကို အားနာတယ် ..

ဟက်ဟက်

လမ်းပေါ်ကလူရော ကားပေါ်က လူရော တော်ကြတော့ တော်ကြတော့..:P

ကျွန်တော်ကတော့ Flexible ဖြစ်တယ် မမေရာရ။
လမ်းပေါ်ရောက်ရင် ကားပေါ်ကကောင်ကို သောက်ညင်ကပ်တယ်။ ကားပေါ်ရောက်ရင် လမ်းပေါ်ကကောင်ကို ကလော်ဆဲတယ်။
ဟဲဟဲ

purplemay said...

လမ်းပေါ်ကလူတွေကလည်း လမ်းပေါ်ကလူတွေပဲ ။ ကားပေါ်ကလူတွေကလည်း ကားပေါ်ကလူတွေပဲ ...။
အေးအေးဆေးဆေးမှ စာဖတ်တတ်လို့ အကြာကြီးနေမှ လာဖတ်ဖြစ်ပါတယ် ....:)