စိတ်ကူးစီစဉ်ထားတာက ရေးထားတဲ့ကဗျာလေးတစ်ပုဒ်တင်မလို့။ဒါမဲ့မေ့တတ်တဲ့ဒီအကျင့်က ခြစ်ထားတဲ့စာရွက်လေးကိုမှမေ့ဖြစ်အောင် မေ့ရသေးတယ်။
ဒီတော့ အတင်းဆိုလဲဟုတ်၊အဖျင်းဆိုလဲဟုတ်တဲ့ အကြောင်းလေးတစ်ခုပဲပြောခဲ့တော့မယ် စိတ်ကူးတယ်.။။(ကြားဖြတ်ပေါ့..ညနေမှတခါအားရင် ရင်ဖျက်ပြီး ရေးထားတဲ့ကဗျာတင်တော့မယ်..ကိုင်း)
ဒီလိုပါ..။မြန်မာပြည်က လူငယ်အမျိုးသား(တချို့)တွေက (တချို့ ဆိုပေမယ့် တော်တော်များသောအရေအတွက်ဖြစ်ပါသည်။)
အမျိုးသမီးထုတစ်ခုလုံးကို ကလော်ဆဲချင်စိတ်ပေါက်နေတာ ကြာကြာခဲ့ပြီထင်ပါ့။
ဘာကြောင့်ဆို ဟိုတစ်လောက ကလေးကစားစရာအရုပ်နာမည်နဲ့ HiP H0P သမားတစ်ယောက်ရဲ့ Black ခေါ်မလား သီချင်း ၃၊၄ ပုဒ်ထွက်လာပါတယ်။အားပေးလိုက်ကြတာ...သောက်သောက်ကိုလဲပဲ..။အားရစရာကြီးပေါ့။ဒါမဲ့ ကျမကြားရတဲ့ တစ်တွန်းတစ်စကတင်ကိုပဲ နားတွေ၊ပါးတွေပူထူသွားအောင်ဖြစ်ရတဲ့အထိ ရှက်စရာအင်မတန်ကောင်းတဲ့ စကားလုံးများနဲ့ စီထားတဲ့ Hip Hop သီချင်းပါ။(ဟစ်ဟော့ပ်တဲ့၊သူတို့က အဲ့လိုပြောတော့လဲ ကိုယ်လဲအဲ့လိုပဲ ပြောရတာပေါ့ :P )
သူက ကိုယ်ပိုင် Single ခွေတစ်ခွေမှ မထွက်ရသေးဘူးလို့လဲ သတင်းကြားပါတယ်။ဒါမဲ့ သူငယ်က တော်တော်လေးကို (ပေါက်)နှင့်နေပါပြီ။
ထွက်လာတဲ့သီချင်းတွေက အမေနဲ့သား၊မောင်နဲ့ နှမ၊အဖေနဲ့ သမီး တူတူနားထောင်ဖို့အသာထား၊ဖြတ်သွားဖြတ်လာ ကြားလို့မှ မသင့်တော်တဲ့၊ချက်ချင်းထွက်ဝေးရာကို ထွက်ပြေးရလောက်တဲ့ထိ ညစ်ညမ်းသော၊သေးသိမ်သော စကားလုံးများ၊အသုံးအနှုန်းများနဲ့ သီချင်းတွေ ထွက်လာတာပါ။ညစ်ပတ်တဲ့ သူ့စကားလုံးတွေကိုပေါ်လွင်အောင် ဖော်ညွှန်းဖို့ ကျမမှာစကားလုံးမရှိပါ။
သို့သော် သေချာတာကတော့ မိန်းကလေးထုကို ဆဲထားတာနဲ့ ဘာမှမထူးပါဘူး။သူတို့အရပ်နဲ့ သူတို့ဇတ်နဲ့ဆိုပေမင့် နားထောင်သူတွေသည် ပြည်သူလုထုပါ။လူ့အလွှာပေါင်းစုံကပါ။သို့ကလို လူအလွှာပေါင်းစုံက လူတွေလိုက်ဆိုတော့ ဘာဖြစ်လာသလဲ။လူ့အလွှာပေါင်းစုံရဲ့ပါးစပ်ထဲ အဲ့သီချင်းတွေ၊အဲ့ဒိစကားလုံးတွေရောက်လာပါတယ်။အဆိုးဆုံးကတော့ အမှား၊အမှန် သေချာမဆန်းစစ်နိုင်သေးတဲ့ အသက်4နှစ်၊5 နှစ်အရွယ် စကားပြောတတ်စကလေးအရွယ်ထိ အဲ့စကားလုံးတွေရောက်ကုန်ပါတယ်။ယိုသူမရှက် မြင်သူရှက်ပါ။ကြားရတဲ့ သူက ဟဲ့နင့်ပါးစပ်ခုပိတ်လိုက်စမ်း၊နောက်တစ်ခါနင်အဲ့ဒါမျိုး ဆိုရဲဆိုကြည့် ငါနဲ့တွေ့မယ် လို့အထိ တားဆီးပိတ်ပင်မိတယ်၊(တားမြစ်ပိတ်ပင်ဆိုတာကို လေသံလေးတောင် ကျမမကြားချင်ပေမယ့်)
ဒါပေမယ့် ကျမအိမ်ကောင်လေးက နောက်ထပ်ထပ်ဆိုပါတယ်။သူလဲ ရွတ်စရှိတော့ ချက်ချင်းရပ်မရဘူးထင်ရဲ့။ဒီတစ်ခါတော့ မနာနာအောင် အရင့်သီးဆုံးစကားလုံးရွေးပြီး ပြောပစ်လိုက်တယ်။ဟဲ့ နင့်မလဲ အစ်မတွေ၊နှမတွေရှိတယ်မလား၊ဘာလို့ အဲ့ဒါကြီးကိုနင်ရွတ်နေတာလဲ။နင်မရှက်တတ်ဘူးလား...ဟင်..ဆိုတော့၊အာာာာာာာာ..မကြီးဖိုးဒီကလဲ မရွတ်တော့ဘူးဆိုပြီး အောင့်သက်သက်မျက်နှာနဲ့...။
တကယ်ကိုပဲ စကားပြောတတ်စအရွယ်၊သီချင်းတွေကိုလိုက်ရွတ်တတ်တဲ့အရွယ်ကလေးတွေကစပြီး အသက် 15 နှစ်လောက်၊သို့မဟုတ် အချို့သောအသက် ၁၈နှစ်အောက်လူငယ်တွေကသူတို့တွေရဲ့ပရိတ်သတ်တွေပါ။ရေရေလည်လည်အားပေးတာပါ။
ကျမတို့ သီချင်းကိုရူးသွပ်ခုံမင်တာထက် အများကြီးရင့်တဲ့ ရူးသွပ်မှုမျိုးနဲ့ သူတို့က Hip Hop ကိုရင်ခုန်ကြတဲ့လူငယ်တွေပါ။
အဲ့ဒိ ပရိတ်သတ်ထုရှေ့မှာ Represent လုပ်ပြီးရပ်နေတဲ့ အနုပညာရှင်နာမည်ခံထားသူတစ်ယောက်ဟာ ဖရုဿဝါစာကို ပါးစပ်ကတရပ်စပ်ထွက်လာတာဟာ ကျမအတွက်မယုံကြည်နိုင်သော အမှန်တရားတွေပါပဲ။ဒိထက်ပိုမှန်ပြီး ပိုကြောက်စရာကောင်းတာက လူငယ်ထုတစ်ရပ်လုံးက သူ့သီချင်းတွေကိုအားရပါးရ လိုက်ဆို၊လိုက်ရွတ်နေကြတာပါပဲ။ရှေ့ကခေါင်းဆောင်ပြီး ဆဲမယ့်သူ၊မရှိသေးတော့ ဆဲမယ့်သူလဲ ထွက်လာရော အားကိုးတကြီးနဲ့ ဦးညွှတ်ပြီး လိုက်ဆဲကြတော့ပါပဲ။
သူကတော့ သီချင်းလုပ်ဆိုတာပါ။လူထုကြားထဲရောက်လာတော့ ဒါဟာ ဆဲဆိုနေတာနဲ့ တူတူပါပဲ။
ဆရာသုမောင်ရေးတဲ့စာတစ်ပုဒ်ထဲမှာ ဆရာ့အမေ အမေညိုက သူ့သားကိုေ_ာက်ပြောလို့ ဟဲ့ သားရယ်နင့်မလဲ မိန်းမတစ်ယောက်ရဲ့ပစ္စည်းကိုများ ကိုယ့်ပါးစပ်ထဲထည့်ပြောရတယ်လို့ဟယ်....တဲ့။အဲ့ဒိကထဲက ကျနော်လဲပြောခါနီးတိုင်းတစ်မျိုးကြီးဖြစ်နေတော့တာပဲတဲ့...။(ဖတ်ဖူးတာပါ။စာလုံးကျ မှားကောင်းမှားနိုင်ပေမယ့် သဘောတရားကတော့ မလွဲလောက်ဘူးလို့ထင်ပါတယ်။)
ဆိုတော့ ဒီသီချင်းသာအမေညိုရှိသေးလို့ ကြားခဲ့ရင် ဘာလောက်တောင် စိတ်ဆင်းရဲလိမ့်မလဲမသိပါ။အမေညိုမှ မဟုတ်ပါ။အမေတိုင်း ကြားလိုက်ရရင် ကြက်သီးတဖြန်ဖြန်းထလောက်တဲ့အထိ စကားလုံးတွေပါ။
ကိုယ့်ဖန်တီးမှုသည် အဆိပ်ဖြစ်နေတာလား၊အားဖြစ်စေတာလား ဆိုတာလောက်တော့ သတိချပ်သင့်သည်ဟု ထင်ပါသည်။
(မှတ်ချက်၊ဝေဖန်ရေးသည် ကိုယ်ကြိုက်တာ၊မကြိုက်တာကိုပြောခြင်းမဟုတ်လို့ ကြားဖူးနားဝရှိခဲ့ဖူးပါသည်။ဒီစာသည် ကျမကြိုက်ခြင်း၊မကြိုက်ခြင်းများနှင့် မပတ်သက်၊မနှီးနွှယ်ပါ။ရင်မော၊ရင်နာလွန်းသဖြင့် ရင်ဖွင့်ခြင်းမျှသာ ဖြစ်ပါသည်။နောက်ပြီးသည်းခံဖတ်ပေးကြတဲ့ ဘလောဂ့်ရပ်မှ အစ်ကို၊အစ်မမောင်နှမများကို ကျေးဇူးလဲတင်တောင်းလဲပန်ပါသည်။ဘာကြောင့်ဆိုတော့ ကျောင်းပြေးတဲ့သူတွေကိုဆူနေတဲ့ ဆရာရဲ့စကားသံကို ကျောင်းလဲတက်ရဲ့နဲ့ ကြိတ်မှိတ်သည်းခံပြီးနားထောင်နေရသလို ဖြစ်နေပြီလို့ ရေးပြီးမှတွေးမိလို့ပါ)
Monday, January 05, 2009
« Newer Post
Older Post »
16 Responses to “စိတ်နဲ့ ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့....မော....ဒယ်....”
အဲ သီချင်းထဲက တပုဒ် ထင်တယ် (သီချင်းလို့တော့ မပြောချင်ပါ) တယောက်က အကို့ကို မေးလ်ထဲမှာ ပို့လာလို့ နားထောင်ကြည့်တယ်... အင်း... အစပိုင်းမှာတင်... ရပ်လိုက်ရတယ်... သီချင်းတပုဒ်လုံးဆုံးအောင် နားမထောင် မိခဲ့ဘူး... သီချင်းနံမည်ကိုကလည်း (----က်----န်း) ဆိုပဲ... (တချောင်းငင်ကို ဖြုတ်ထားပါတယ်)
အဲ အဆိုတော်ဆိုတဲ့ ကောင်ဟာ သူ့ အမေအကြောင်းများ ပြောနေလေသလားတောင် အမြင် ကပ်ကပ်နဲ့ တွေးလိုက်မိသေးတယ်...
အသေးစိပ်နဲ့ သေသေချာချာ ပြောရရင်တော့ HipHop ရဲ့ သမိုင်းကို မြေလှန်သင့်တယ်လေ... ဒါမဲ့ ခု ဒီမှာတော့ မပြောတော့ပါဘူး... ပြောလည်း မပြောချင်ဘူး...
အားလုံးကို လိုက် အတုယူနေတာကတော့ စိတ်မကောင်းစရာပါ...
ဒီက HipHop ဆရာကြီးတွေအားလုံးလိုလိုက မူးယစ်ဆေးဝါး(drugs)၊ လူဆိုးဂိုဏ်း(gangs)၊ မိန်းမ (women)၊ သေနတ် (guns)၊ ပက်ပက်စက်စက် ဆဲရေးတိုင်းထွာမှု (cursing, dirty words) - အဲဒါတွေနဲ့ မကင်းကြဘူးလေ... သီချင်းထဲမှာကို အဲဒါတွေနဲ့ ကင်းရင်လည်း ဘယ်သူကမှ ဆရာကြီးစာရင်းထဲ မထည့်ဘူး... (အ၀တ်အစားတွေ အကြောင်းကို မပြောလိုပါ)
HipHop ကို music လို့ လက်ခံရင်လည်း musical style ကိုပဲ ယူသင့်ပါတယ်... ခုတော့ အားလုံး ဒီ ဆရာကြီးတွေ လုပ်သလို လိုက်လုပ်နေကြရင်တော့ ...
ငရဲပန်းတွေ ပွင့်နေပြီလို့ပဲ ပြောပါရစေတော့... ညီမရေ့...
စိတ်ကုန်တယ်...း(
သည်းခံပြီးဖတ်တာမဟုတ်ပါ...
ကျေကျေနပ်နပ်နဲ့ ထောက်ခံပြီး ဖတ်သွားပါတယ်....
အားလုံးကို မဆိုလိုချင်သော်လည်း Hip Hop သီချင်း
အတော်များများရဲ့ စာသားတွေကို စိတ်ပျက်နေခဲ့ရတာကြာပါပြီ...
**ဆရာသုမောင်ရဲ့စာကို ကျွန်မလည်း ဖတ်ဖူးတယ်..
ဟုတ်ပါတယ်..mirror ဖော်ပြထားတဲ့အတိုင်းပါပဲ..."
မေရာ ရေ့ ငါလည်း အဲ့သီချင်း ညီလေးတစ်ယောက်ပို့ပေးလို့နားထောင်လိုက်ရတယ်
ထင်တာက အင်တာနက်မှာပဲ ပျံ့နေပြီး ပြည်တွင်းမှာတော့မရဘူးလားလို့ ဆိုထားတာကတော့ တော်၂ရိုင်းမှန်းသိတယ် ။ သီချင်းနာမည်ကိုက ဆဲထားသလိုကြီး ပထမနားထောင်နေတာဟုတ်သလိုလိုနဲ့နောက်ကျမှ ဒါကြီးကဆဲနေပ်ါလားလို့ အံ့သြသွားတယ်။ HipHop ဆိုတာ အလကားပါ ငါကတော့ ပစ်ပစ်နှစ်နှစ်ဝေဖန်ရရင် ဒါ ဂီတကို ဖျက်ဆီးနေတဲ့  သတ္တ၀ါတွေလို့ပဲပြောချင်တယ် ။ အားလုံးကိုခံစားတက်ပေမယ့် ဒီလို အရေးသားတွေနဲ့ သီချင်းမျိုးကိုတော့ စိတ်ကုန်မိတာ အမှန်ပဲ သူတို့အပြင်မှာ ပေါက်ကွဲနေတာတွေကို ပရိသတ်ဆီမှာ လာဖွင့်ချနေတာ လာဆဲတာလို့ပဲ ခံယူတယ် ။ သီချင်းရေတဲ့သူကလည်းပေါက်ရ “တောင်ကြီး ချယ်ရီမြေ” က “ဘာဘူ”ဆိုထားတဲ့ သီချင်းဆိုကွာ “အက်စ်အမ် မှာဆုရတုန်းက ငါ့ကိုမေ့တာ ဒီ ၃ ယောက်ပဲ” ဆိုတာလည်း စဉ်းစားကြည့်ရင် သူတို့ ပြဿနာကို အရှက်မရှိပဲ ချပြနေတာပဲ ။ စိုင်းစိုင်း သီချင်းတွေလည်း အစပိုင်းက ဟုတ်မလိုလိုနဲ့ နောက်ပိုင်းတော့ အလကားပါ အိုးလေး လှုပ်ပါဟေ့ ဆိုတာလည်း မြန်မာ အယူဆနဲ့ဆို ရိုင်းတာပဲ ။ ငါတော့ Hip Hop ဆိုတာ ကိုယ့်ကို ရန်လာဖြစ်ပြ လာဆဲပြနေတယ်ထင်လို့ နားကိုမထောင်ဘူးး ။ ဒါမျိုးကျတော့ ဂီတ အစည်းရူံးက မပယ်ဘူးတဲ့လားး သေနေလားမသိ စိတ်ကုန်တယ် ဘာမှကိုစိတ်တိုင်းမကျ ။
(ဟဲဟဲ ရောယောင်ပြီးတော့ လာပေါက်ကွဲတာ အဲ့တာ နင် အစဖော်လို့ ငါနဲ့ဆိုင်ဘူးး :P )
သိရ ကြားရတာ စိတ်ညစ်စရာပါလား ညီမရေ။ အဲဒါပေါ့
နေရာလိုက်ရှာတာ မရလို့ လူအဖြစ်ကနေ တိရိစ္ဆာန်
ဘ၀ကို ရောက်တယ်ဆိုတာမျိုးလေ၊ အဲဒီသီချင်းဆိုတဲ့
လူငယ်တွေလည်း မူးယစ်ဆေးဝါး မူးယစ်နေလို့လည်း
ဖြစ်နိုင်ပါတယ် ညီမရေ။ စိတ်လျှော့။
ညီမလေးရေ.အတုယူလွဲမှားမှုတွေရဲ့နံပတ်တစ်တရားခံ
ကအဲဒီမှာစတာပါဘဲ...
ဂီတနဲ့ဖရုဿဝါစာကိုမှားယွင်းစွာအယူလွဲနေတဲ့
လူမွဲတွေရဲ့ပါးစပ်ဝဲထူမှုတွေလို့ဘဲခံယူလိုက်ပါ။
အကိုတော့တစ်ခါမှမကြားဖူးဘူး..
ဘာဖြစ်လို့လဲဆိုတော့Hip Hopကိုလုံးဝနားမထောင်လို့ပါ
Hip Hop ကိုMusic လို့လည်းတခါမှမသတ်မှတ်ခဲ့မိဘူး
ကိုယ့်တစ်ဦးတည်းအမြင်နဲ့ခံယူချက်ကိုပြောတာပါ.
Hip Hopကိုပုတ်ခတ်တာလည်းမဟုတ်ပါဘူး..ဆိုချင်တာ
ကိုသာယာနာပျော်ဖွယ်ဖြစ်အောင်ဖန်တီးနိုင်ကြရင်တော့
အကောင်းဆုံးပေါ့...
ခင်မင်လျက်...
ဂီတကိုအလွဲသုံးစားလုပ်လာကြတာပါပဲ။ ကိုယ်လည်းလူငယ်ဆိုတော့ HipHopကိုကြိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်အချင်းချင်းမကျေနပ်ကြတာတွေကို သီချင်းထဲထည့်ဆိုတာကတော့ ပိုက်ဆံပေးအားပေးရတဲ့ ပရိသတ်ကိုစော်ကားတာပဲလို့မြင်ပါတယ်။ ကလေးတွေကတော့ သီချင်းကဆိုလို့ကောင်းရင်လိုက် ဆိုမှာပဲပေါ့။ ဒါပေမယ့် အဲဒါအနုပညာမှမဟုတ်တာ။
ဟုတ်ပါ့ အမှန်တော့ညီမမှားခဲ့တာ။နားစွင့်မိတာအမှား။
လာလည်ပြီး ကွန်မန့်လေးတွေပေးထားတာမြင်တော့ အားရှိလိုက်တာဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
အဲ..လောက်တောင်ဆိုးလား။
ပလုံးပထွေးနဲ့ ညစ်ပြီးဆိုတဲ့ အတင်းအဖျင်း သီချင်းကို မနှစ်သက်တာ အမှန်ပါ။ သံစဉ်မရှိ၊ စာသားခပ်ကြမ်းကြမ်းမို့ အိမ်မှာ မဖွင့်ဖို့ လူကြီးတွေက တစ်ချက်လွှတ် အမိန့် ချထားတာမို့ နားမထောင် ဖြစ်တာပါ။
http://winzaw-mdy.blogspot.com
မမရေ..မမကိုအပြည့်အ၀ကိုထောက်ခံတယ်..စာများနေလို့ခုမှလာဖတ်ဖြစ်တာပါ...
ူဟုတ်ပါတယ်ဗျာ.. ကြားရတာ တကယ်ကို စိတ်ပျက်စရာပါ။ ဘယ်သူတွေ ကြိုက်ပြီးနားထောင်နေလဲ မသိပေမဲ့ ဆိုသူနဲ့ သူ့ရဲ့အသိုင်းအ၀ိုင်းကို တကယ်ကို အံ့အောမိပါတယ်။ ဆိုရဲတဲ့သူကိုရောပေါ့။ မြန်မာ့ဂီတဟာ ဒီလိုတွေပါလားလို့ ကမ္ဘာက ထင်မြင်သွားမှာများ ကြောက်မိပါတယ်.. တကယ်ပါ။ ဂီတနဲ့ သိမ်ငယ်နိမ့်ဆင်းတဲ့ အတွေးအခေါ်တွေကို လွဲမှားစွာ အသုံးချနေတဲ့ သူတွေကို အမြန်ဆုံး အမြင်မှန် ရပါစေလို့ပဲ ဆုတောင်းမိပါတယ်.. ရေးသူကိုလဲ ကိုယ်ချင်းစာပါတယ်။ ဒါတွေ ခုခောတ်လူငယ်တွေ ကောင်းကောင်း နားလည်သင့်ပါတယ်။
ဒီ comment ကိုချရေးရတာ အားလုံးကိုချဲချင်လို့မဟုတ်ပါဘူး။ သိသင့်တဲ့အရာကိုပြောတာပါ။
Hip Hop ဆိုတဲ့ဂီတက လမ်းဘေး ကပေါ်ပေါက်လာတာပါ။ ပြီးရင် Hip Hop ဆိုတဲ့သူအများစုကလဲ Boy တွေတာဖြစ်ပါတယ်။ ဒီတော့ Hip Hop ဂီတအစစ်မှာလမ်းဘေးအသုံးအနှုံးတွေပါလာမှာပါပဲ။ ပြီ:တော့ လူငယ်တွေ boy တွေပါဆိုနေမှ ဒီနှမတွေ ၊ အစ်မကိုင်တုပ်တယ်ဆိုတာမပါပဲနေတော့မလားဗျာ။ ကျွန်တော် ဥပမာတစ်ခုပေးပါမယ်။ Hip Hop ကြိုက်တဲ့သူတွေ Eminem ဆိုတာကြားဖူးမှာပါ။ ကဲ Eminem ကသူ့ Show ပွဲမှာပရိသတ်ကို လက်ခလယ်တစ်ချောင်းထောင်ပြပါတယ်တဲ့။ အဲဒီအတွက် သူ့ကိုဘာများဝိုင်းလုပ်တယ်ထင်ပါသလဲ။ ဟ သူ့ကိုဘာမှမလုပ်တဲ့အပြင် ပရိသတ်ကတခဲနက် "ဟေး" ခနဲ တောင်အားပေးလိုက်ပါသေးတယ်။ ကဲ အဲဒီတော့  အမေရိက ကလူတွေကဘာလို့အဲဒီလိုဖြစ်နေတာလဲတဲ့။ အဖြေက ဘာလဲဆိုတော့ သူတို့က Real HipHop ပရိသတ်တွေပါတဲ့။
ကဲ ကဲ အဲဒီတော့ ကျွန်တော် တို့ကိုယ့်ကိုကိုယ့် ပြန်မေးလိုက်ကြရအောင်။
ငါတို့က Hip Hop ပရိသတ်အစစ်ကော ဟုတ်ရဲ့လား?
မဟုတ်ရေးချ မဟုတ်ပါ ခင်ဗျား။
အဲဒီတော့ I တို့ကဘာတွေလဲ? I တို့က Hip Hop ဆိုပြီ:ဗန်းပြပြီး Pop Rap တွေ R & B တွေနဲ့နှိပ်စပ် တာကိုခံခဲ့ရတဲ့သူတွေပါတဲ့။
အဲဒါဘာလို့လဲ ဆိုတော့ Hip Hop ဆိုရင် ကျွန်တော် တို့က Sai Sai လေး၊ ဒါမှမဟုတ် Examplez ကိုသွားသတိရ ကြတယ်။ တကယ်တော့ Sai Sai ဆိုတာတွေအများစုက Pop Rap ဒါမှမဟုတ် R&B တွေဖြစ်နေကြပါတယ်။
အဲဒါကို ကျွန်တော် တို့က HipHop Hiphopလို့ တယုတယ ကြွေးကြော် ခဲ့ကြပါတယ်။ ဒီကြားထဲ Copy တွေနဲ့နှိပ်စက်လိုက်သေးတယ်။ Website တစ်ခုမှာရေးထားတာပါ Sai Sai က Hip Hop ဆိုရင် သူ့ရဲ့ "ပျော်တော်စက်" သီချင်းကိုဘယ်လိုပြောမလဲ တဲ့။ ဟာဗျာ တော်တော်ထိရောက်တဲ့ ဥပမာ ပါပဲ။
မင်းရောမကြွေးကြော်ခဲ့ဘူးလားဆိုရင် ကျွန်တော် ကတော့ခပ်တည်တည်ပဲ ဟုတ်ပါတယ်လို့ ပြောရမှာပါ။
ဪ အဲဒီအချိန်တုံးက I က ကလေး ပဲရှိသေးတာကို ဘယ်သိမလဲ။
ပြီးတော့ Examplez အကြောင်း သူကတော့ ရှင်းပါတယ် ထွန်းထွန်း ကိုယ်တိုင်က သူတို့ဆိုတာ HipHop မဟုတ်ပါဘူးလို့ Media တွေကသာ Hip Hop လို့ သူတို့ကိုဝိုင်းရေးကြတာပါ တဲ့ အဲဒီလို မဂ္ဂဇင်းတစ်စောင်မှာပြောခဲ့ပါတယ်တဲ့။ ဒါကို Website တစ်ခုမှာ နောင်တော်ကြီးတစ်ယောက် ရေးထားတာပါ။
ကဲ ကဲ အဲဒီတော့ ကျွန်တော်တို့မှာ ရွေးစရာ နှစ်ခုပဲရှိပါတယ်
(တစ်) R&B လိုင်းကိုပြောင်းမလားဒါမှမဟုတ်
(နှစ်) HipHop ကိုအားပေးချင်ရင်တော့ ဒီအကြောင်းကိုမပြောဖို့ပါပဲ။
ဒီလိုပြောတဲ့အတွက် ကျွန်တော်ကို မေးမယ် မင်းကဆရာကြီးလားပေါ့
ဟာ ငရဲတွေကြီးကုန်ဦးမယ်
ကျွန်တော်က ၁၇ နှနှစ် ပြည့်တာမှ ဘာမမကြာသေးဘူး။
ဒါ တွေကိုဘယ်လိုသိလဲဆိုရင် Hip Hop ကိုလေ့လာပေါ့ဗျာ
ဒီအကြောင်း ရေးသားရတဲ့အတွက်ကျေးဇူးတင်ရတာရှိပါတယ်
Planet Myanmar Website ဗျ အဲမှာရှာ ကြည့်ပေါ့ HipHop အစစ်ဆိုတာဘာလဲဆိုတာ
ကဲ ကျွန်တော့ ကိုဆက်သွယ် ချင်ရင်တော့ yelfelcon@gmail.com ကို mail ပို့လိုက်ဗျာ
ဟဲဟဲ တစ်ခုပြောရဦးမယ် ဂျောက်ဂျက် ကဒီလိုတွေဆိုပေမဲ့ ph 7 နဲ့ ခဲ နဲ့ မပေါက်ခံရပါဘူးတဲ့ဗျ။ ဒါကိုကြားပြီးသွားပေါက်ရင်တော့မပြောတတ်ဘူး။
;-)
အမ အမှန်အတိုင်းပြောရရင် အမ Blog ကို ကျွန်တော်ရောက်တာမနေ့ကမှပါ
ကျွန်တော် ဖတ်ကြည့်တော့ အရေးအသားလဲ ကောင်:တယ် အတွေးအခေါ်လဲ ကောင်းတာကိုတွေ့တယ်
ဒါပေမဲ့ ဒီ ခေါင်းစဉ်အောက်ရောက်တော့ ဒီအယူအဆကြီး ကလွဲနေတယ်လေ
ပထမ တော့ ငြိမ်ငြိမ်နေဖို့ စဉ်းစားလိုက်တယ်
ဘာလို့လဲဆိုတော့ လူကြီးကို အထွန့်တက်လို့ မှမကောင်းပဲ
နောက်တော့မနေနိုင်တော့ဘူးဗျာ့
ကျွန်တော်ဆိုတဲ့ကောင် ကလဲလုပ်ပြီဆိုရင် သေသေချာချာလုပ် တတ်တဲ့ကောင်မျိုးဗျာ့
အမ ကျွန်တော်က Reply လုပ်ထားတဲ့စာကို နဲနဲလောက်ပြောကြည့်မယ်နော်
လူကြီးကို ပြန်ပြောတာမဟုတ်ပါဘူး
"လူသူလေးပါး သိပ်မသိလိုက်ပဲ ကျမဆီရောက်လာတဲ့ ကွန်မန့်တစ်ခု"
အမရယ် ကျွန်တော်ရေးတဲ့အချိန်ကိုလည်းကြည့်ပါဦး
January 31, 2009 7:53 PM
ကဲ ပြီးရင် ကျွန်တော့် အပေါ်က Comment နှစ်ခုကိုလည်းကြည့်ပါဦး
January 25, 2009 10:56 PM
နောက်တစ်ခု ကျော်က ဟာက
January 8, 2009 4:52 PM
ကဲ အဲဒီတော့ အမမြင်မှာ ပေါ့အမရယ်
ခုနှစ်နာရီ မှာ Comment ရေးခဲ့တဲ့ ကျွန်တော်ဆိုတဲ့ကောင် ကပဲ လူသူလေးပါး သိပ်မသိလိုက်ပဲ ရေးတာတဲ့လား အမ ရယ်
ပြီး ရင် "စကားမစပ်၊ခုမှ ထူးထူးခြားခြားရောက်လာပြီး မန့်သွားတာကို ကျေးဇူးအထူးတင်ကြောင်းပါ"
အမ ကျေးဇူးအထူးတင်တော့ ကျွန်တော်လည်း အထူးဝမ်းသာတာ ပေါ့အမရယ်
အမလိုနံမည်ရ ပြီးသား Blogger တစ်ယောက်ကအဲဒီလို ပြောတော့ ကျွန်တော်က ဝမ်းသာရတာပေါ့
အရှေ့မှာ ကျွန်တော်ပြောခဲ့ပြီးပြီပဲ "အမ Blog ကို ကျွန်တော်ရောက်တာမနေ့ကမှပါ" ဆိုမှ ခုမှ ထူးထူးခြားခြားရောက်လာပြီး မန့်သွားရတာပေါ့ အမရယ်
"အစ်ကို့စာမျက်နှာကိုမြင်ရုံနဲ့လဲ လန့်လဲ မလန့်ပါဘူး။အမြင်မတူလို့လဲ ရန်သူလို့မသတ်မှတ်ပါဘူး။မိတ်ဆွေဖြစ်လို့လဲ ၇ပါတယ်"
ဟား...ဒီစာကို တော့ကြိုက်သွားပြီ အမ
အမလိုနံမည်ရ ပြီးသား Blogger တစ်ယောက် နဲ့မိတ်ဆွေ ဖြစ်ရမှာကိုကျွန်တော် ဂုဏ်ယူမိပါတယ် အမ
ဒါပေမဲ့ အမတစ်ခုပြောရဦးမယ်
ကျွန်တော်က ၁၇ နှနှစ် ပြည့်တာမှ ဘာမမကြာသေးဘူး
ဒီလို ရေးထားတာပါ အမ
ကျွန်တော့ အထင်ပြောရရင် အမကအနည်းဆုံး 23 လောက်တော့ရှိမယ်
အဲဒီတော့ ကျွန်တော့ကို အစ်ကို အကို လို့ မခေါ်ပါနဲ့ အမရယ်
ကျွန်တော် ငရဲ ရှိတယ်ဆိုတာ ကိုလည်း ယုံလည်း ယုံတယ်
ကြောက်လည်းကြောက် တဲ့အတွက် မလုပ်ပါနဲ့ အမရယ်
နောက် ပြီးတော့ "စိတ်နဲ့ ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့....မော....ဒယ်.... "
ဒီခေါင်းစဉ်အောက် မှာ အမနဲ့ အမြင်မတူတာဆို လို့
ကျွန်တော်တစ်ယောက် ထဲရှိတာကို အဲဒါကို ဒီလိုဖြစ်သွားတယ်ဆိုတော့
ရှေ့ဆက်ရမယ့် Blogger တစ်ယောတ်ရဲ့ဘဝ ကိုကြည့်ပြီး
ကျွန်တော်လည်း "စိတ်နဲ့ ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့....မော....ဒယ်....
အမရယ်...."
ကျွန်တော်ကိုတစ်ခုခုပြော ချင်ရင် ကျွန်တော့် Mail ကိုတိုက်ရိုက် ပို့လည်းရပါတယ် အမ
Mail ကဒီမှာပါ ထပ်ပေးလိုက်ပါတယ်
yelfelcon@gmail.com
ကျွန်တော့်ကို Comment တက်ချင်တဲ့ အကို အမ များရှိရင် Welcome ပါခင်ဗျာ
ကျွန်တော့်မှာအမ မရှိလို့ အမကိုပဲ တကယ့်အမရင်း သဖွယ်သတ်မှတ်ပြီး
Comment လိုက်ပါတယ်
အမရဲ့ မောင်လေး
Yelfelcon
အမ က တော့ဘယ်လို ထင်ထင် ကျွန်တော်အမကို ကိုယ့် အမတစ်ယောက်အနေ နဲ့သတ်မှတ်လိုက်ပြီဗျာ
"အမြင်မတူလို့လဲ ရန်သူလို့မသတ်မှတ်ပါဘူး"
အမှားပါရင် အမှန်ပြင်ဖတ် ပေးပါ အမရယ်
ဒီစာကို အမတွေ့ ပြီးသွားပြီလားမသိဘူး
ဖတ်ကြည့်ပေါ့ အမ ရယ်
သူ့အယူအဆတွေ ကို ခံစားကြည့်ပေါ့
ဆောင်းပါးရှင် နေသန်မောင် ရဲ့ `စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုညည်းသံများ´ ...တဲ့။
စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip hop ငိုငြီးသံများ
ဆောင်းပါး
နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 14:05 - မြန်မာစံတော်ချိန်
စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ
ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊
Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။
ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။
Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။
ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။
လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။
ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။
၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။
MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။
ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။
Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။
တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။
ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။
ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။
အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။
ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။
သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။
Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။
Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။
ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)
အင်း... ခုမှ ဖတ်ဖူးတယ်ဗျ။ ဘယ်လိုပြောရမလဲ
ဗျာ ဒါကဒီလိုရှိတယ် .... အဟီ သိပ်လဲ မပြောရဲ
ဘူးတော်ကြာ ၀ိုင်းထုနေကြမှာလဲစိုးရသေးတယ်
ဒီလိုလေဗျာ ခုခေတ် ရွာ(မြန်မာပြည်)မှာက
အထူးသဖြ့်ပေါ့လေ ရန်ကုန်မြို့ကြီးမှာ တခြားမြို့
တွေမှာလဲ ရှိမှာပါ ကျနော်မသိလို့ပါ ထားတော့
ရန်ကုန်ပဲ ပြောကြစို့။ လက်ညိုးထိုးမလွဲ အရက်
ဆိုင်၊ စားသောက်ဆိုင်၊ဘီယာစတေရှင်၊ အနှိပ်
ခန်း၊ အလှပြင်ခန်းနာမည်တပ်ပြီး ဖွင့်ထားတဲ့
အနှိပ်ခန်း၊ တည်းခိုခန်း၊ ဟိုတယ်၊ အင်း၊ တည်းခို
ရိပ်သာ၊ ညကလပ်၊ ကေတီဗွီ၊ စသည်စသည်
တို့က နေရာတိုင်းမှာ ရှိနေကြပြီဗျ ဒီတော့ဗျာ
ဆက်မပြောတော့ဘူး ကိုယ့်ဟာကိုယ်သာ
စဉ်းစားတော့ ဆက်ပြောရင် မကောင်းတော့
ဘူးဗျ။
That is great to hear, thank you for reading!
Post a Comment