Tuesday, October 25, 2011

မွေးနေ့အတွေး

သို့.. မာတာမိခင်

ဒီတခေါက် အမေ့ဆီကိုပြန်တဲ့ခရီးက အပျော်ခရီးမဟုတ်ခဲ့ဘူး။
အပျော်ခရီး မဖြစ်ခဲ့တာကိုပြောတာ မဟုတ်ပါဘူး။ ပျော်လို့ပြန်တဲ့ခရီး၊ ပျော်ရွှင်ပြီး ပြန်တဲ့ခရီးမဟုတ်ဘူးလို့ ဆိုလို ချင်တာပါ။တာဝန်တွေထမ်းပြီးပြန်သွားခဲ့ရတာဖြစ်ပြီး တာဝန်တွေကိုထမ်းပြီး ပြန်လာခဲ့ရတဲ့ခရီးလို့ ဆိုရမယ်။

ဒီနေရာမှာ တာဝန်လို့ပြောမိ၊သုံးနှုံးမိတာကိုက ကျမဘက်က အနည်းငယ်လွန်သွားမလားမသိဘူး။အမေက ကျမအတွက် ၂၆ နှစ်လုံးလုံး တာဝန်ထမ်းခဲ့ပြီးပြီ။ ကျမအဖို့ရာက ဒီတစ်ကြိမ်ကမှ စလို့ အမေ့အတွက် လိုအပ်နေ တဲ့နေရာတွေမှာ ငါသာ ၀င်နေရာယူလိုက်ရင်ဆိုတဲ့စိတ်နဲ့တင် တာဝန်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်ဆိုတော့ ဒါ... ရာနှုန်းပြည့်မှန်တယ်၊ရာနှုန်းပြည့်သင့်တင့်လျောက်ပတ်တဲ့ အတွေးလို့ မသတ်မှတ်သင့်ဘူးလို့ ကိုယ့်ကိုယ် ကို နှလုံးသွင်းပါတယ်။

ချစ်ခြင်းမေတ္တာ

အရင့်အရင်တုန်းက စာတွေထဲမှာ ရေးခဲ့ဖူးသလိုပဲ ကျမမှာ စိတ်အကျယ်ကြီးရှိသမို့.. ချစ်ခြင်းမေတ္တာအမျိုးအစား အစုံအလင်ရှိပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေကဋာချီပြီးပြောင်းလဲနိုင်တဲ့အထိ မြန်ဆန်ပြောင်း လဲနိုင်စွမ်းရှိတယ်လို့ မြတ်စွာဘုရားဟောခဲ့ဖူးပါတယ်။အဲ့ဒီပြောင်းလဲမှုတိုင်းကို အသိကပ်ပြီး မှတ်နိုင်တဲ့ အရည်အချင်းက အဲ့ဒီလူရဲ့ပင်ကိုယ်ဥာဏ်ရည်၊အဲ့ဒီလူရဲ့ သမာဓိရင့်သန်မှုလို့ တရားတွေ နာကြားဖူးပါတယ်။ မဆီတာနဲ့ မဆိုင်တာကိုဆွဲစပ်ပစ်သလိုမျိုးများ မသိဘူး။ ကျမစိတ်ရဲ့ ပြောင်းလဲမှုက အင်မတန်မြန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းကိုတော့ စိတ်နောက်ကိုယ်ပါ မလုပ်မိအောင်၊မလုပ်ဖြစ်အောင် လိုက်လိုက်ထိန်းတတ်တဲ့ အကျင့်တစ်ခုကလဲ ရှိနေပါတယ်။ အဲ့ဒီအတွက် ကျမရဲ့ မိတ်ဆွေတချို့က "တွေဝေသူ" လို့ ကျမကို ငဲ့ငဲ့ညှာညှာ သတ်မှတ်ကြတယ်။အဲ့ဒီစိတ်ကြောင့်ပဲ ဘ၀ရဲ့ ဆုံးဖြတ်ချက်တွေမှာ မှားယွင်းစေခဲ့သလို.. ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင်လဲ မှားယွင်းနေတတ်ပါတယ်။

မှားတယ်လို့ သတ်မှတ်နိုင်ပြီဆိုတာက အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြတ်သန်းပြီးမို့လို့ သတ်မှတ်နိုင် တာဖြစ်ပြီး... ဘ၀ရဲ့ဖြတ်သန်းမှု အချို့နေရာတွေမှာ ကျမမှားခဲ့တာတွေ ရှိပါတယ်။ချစ်ခြင်းမေတ္တာအရာမှာ.. အဲ့ဒီအပြောင်းအလဲ မြန်တဲ့စိတ်ကြောင့် မှားသွားလိမ့်မလား၊ သို့မဟုတ် မှန်တယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်မှာလား ဆိုတာတော့ ကျမကိုယ်တိုင် ခုထိမသိသေးပါဘူး။အဲ့ဒီလမ်းကိုတော့ လျှောက်နေဆဲပါပဲ။

သံဝေဂ

ဘယ်လိုပဲဖြစ်ဖြစ် ၂၆ နှစ်ဆိုတဲ့အသက်အရွယ်ဟာ သေမယ်ဆိုလဲ သေလို့ရတဲ့အရွယ်ပါပဲ။ ဒီစာရေးနေရင်းမှာပဲ ငယ်ငယ်တုန်းက Presentation တစ်ခုလုပ်ဖူးတာ သွားသတိရမိပါတယ်။ငယ်ငယ်တုန်းက လုပ်တာဆိုတော့ ကိုယ့်မှာ လူများထောက်ပြပြောဆိုစရာ အချက်အလက်တွေ သိပ်နည်းတဲ့အချိန်မို့ လူများတကာကိုသာ ကိုယ်က ထောက်ပြပြောဆိုခဲ့တာမျိုးတွေချည်းပဲ Presentation တစ်ခုလုံးပြည့်လို့ နေပါတယ်။ ခေါင်းစဉ်က "How to Grow old" ဖြစ်ပြီး အသက်ကြီးနေတဲ့လူကြီးတွေဆီက မကောင်းတာတွေကို ကိုယ့်မှာမဖြစ်လာဖို့ ကြိုးစားဖယ်ရှားပြီးကောင်းတာတွေကို စိတ်ရဲ့အိတ်ကပ်ထဲ ထည့်သိမ်းကြပါစို့ဆိုတဲ့ ရှူထောင့်ဘက် ကနေ ပြောခဲ့တာပါ။

အချက်အလက်တွေကို တစ်ခုချင်းသေချာ မမှတ်မိတော့ပေမယ့် လူကြီးဖြစ်နေတဲ့လူတွေရဲ့ နေထိုင်မှုပုံစံတွေကို အခန်းကဏ္ဍ ငါးခုခွဲပြီး ပြောတာမျိုးပါ။ငယ်စိတ်နဲ့ဆိုတော့ ကဲ့ရဲ့သလိုတောင် ဖြစ်ခဲ့မလားပဲ။
Presentation အပြီးမှာ ကျမတို့ဆရာကြီးက ခါးလေးကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ထွက်လာပြီး ဘယ်ကဏ္ဍထဲမှာ ငါက ပါသလဲလို့ ရယ်ကျဲကျဲနဲ့ မေးခဲ့တဲ့ပုံကို ခုထိအမှတ်ရနေဆဲ။ဆရာ့ဘာသာ ဆရာရွေးပေါ့ ဆိုတော့.. အဲ့ဒီအချိန်တုန်းက အရက်သောက်နေဆဲဖြစ်တဲ့ ဆရာက အရက်သောက်ပြီး အသက်ကြီးသူတို့အပိုင်း ကို ရွေးခဲ့ပါတယ်။ ပြီးတော့ ငါ့များစောင်းပြောသလား ထင်ရတယ်တဲ့။ ခုတော့... ကိုယ်က အဲ့ဒီတုန်းက ကိုယ်ပြောခဲ့ဖူးတဲ့ အခန်းကဏ္ဍငါးခုစလုံးထဲ ပါနေပါပြီ။ ကိုယ့်ကိုယ် How to grow old လို့ ပြန်လာမေးမယ့် သူကို စောင့်နေရတော့မယ်။

ဘယ်လိုပဲဖြစ်ဖြစ်....မနေ့ကမှ မြေကျတဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာထဲကလိုပဲပေါ့. "မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို ဂုဏ်ယူပါရစေ" လို့ပဲ ဆိုချင်ပါတယ်။

Saturday, June 04, 2011

အရိပ်အသွင်ထင်နေဆဲများ

ကိုယ့်မှာ ခံစားတတ်တဲ့နှလုံးသားအခန်းတွေပါနေသရွေ့... ရုပ်သေအဖြစ် မှတ်တမ်းတင်စရာ ပစ္စည်းပစ္စယတွေ မလိုပါဘူး။ အဲ့ဒီလိုယုံကြည်ပြီး အမေ့မြေကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး မျက်လုံးနဲ့သေချာစေ့ငုအောင်ကြည့်၊ စိတ်နှလုံးသားထဲ သံမှိုစွဲအောင်ရိုက်ထည့်ဖြစ်ခဲ့တာတွေချည့်။ အများကြီးရယ်.။မြေရဲ့ ရနံ့ပြောင်းလဲသွားတာမှ စလို့ သစ်ပင်တွေရဲ့ အစိမ်းရောင်ခြားနားမှုအထိ။ ဘာကိုမှ လက်လွှတ်မခံမိခဲ့ဘူး ထင်ပါတယ်။

လေယာဉ်ကွင်းသေးသေးလေးနဲ့ လေယာဉ်ကွင်း အကျယ်ကြီး၊ အတိုင်းအဆမလိုတဲ့ နွေးထွေးမှုနဲ့ အတင်းကာ ရော လိုက်လံရှာဖွေယူရတဲ့ အကြင်နာများ...။

အောင်ဆန်းလမ်းနဲ့ ကျောင်းလမ်းဆုံက စိန်ပန်းပင်ကြီးက နီနီစွေးစွေးရှိလိုက်တာ။ အဲ့ဒါကို ၂ လမ်းထိပ်မှာ မုန့်တီသုပ်စားရင်း တစိမ့်စိမ့်ခံစားမိတယ်။ ချစ်စရာ စိန်ပန်းနီနီတွေ။ စိန်ပန်းတွေမြင်တာနဲ့ ကျောင်းတက်ရတော့ မှာပါလားလို့ ...လစ်ခနဲ တွေးလိုက်မိတဲ့ အတွေးကို ကဗျာကယာ ပြန်ရုတ်သိမ်းရတယ်။

င၀န်မြစ်ကို ဖြတ်တိုက်လာတဲ့လေဟာ... မလတ်ဆတ်ဘူး။ ဒါပေမယ့် အပူဒဏ်ကိုတော့ လျော့စေသားပဲ။ ခုတစ်ခေါက် င၀န်မြစ်နားကို ရောက်တာဟာ ဒီ တစ်ပတ်အတွင်းမှာ ၂ ကြိမ်မြောက်ပေါ့။ သင်္ကြန်အကြိုနေ့တုန်း က တစ်ခေါက်ရောက်တယ်။ အကြိုနေ့၊ ကလေးတွေပတ်တဲ့ရေဟာ... အေးမြမြနဲ့ပေမယ့် လူတစ်ကိုယ်စာတောင် မစိုစွတ်စေဘူး။ အိမ်အပြန်လမ်းမှာ သင်္ကြန်အိုး(အတာအိုး) တည်ဖို့အတွက် ငယ်ငယ်တုန်းက အတာပန်းတွေ အရှာထွက်ကြတဲ့အကြောင်း တူတော်မောင်ကို ပြောပြမိတယ်။ ခု တစ်ခေါက်ရောက်တာလဲ င၀န်မြစ်နားပဲ။ ကွဲကွာသွားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အင်ကြင်းပင်ကြီး တစ်ပင်အောက်မှာ တန်းစီလဲလျောင်းပြီး စကားတွေ တောင်စဉ်ရေမရ။ ကိုယ့်ပုခုံးပေါ် ကြွေကြလာတဲ့ အင်ကြင်းပန်းမွှေးမွှေးလေးကို ဘယ်နားမှာ ချထားခဲ့မှန်း တကယ် မမှတ်မိတော့ဘူး။

၇ လမ်းရဲ့ ဟိုဘက်ထိပ်၊ဒီဘက်ထိပ်မှာ ကိုယ်တက်ခဲ့တဲ့ ကျောင်း ၂ ကျောင်းရှိတယ်။ ခေတ်အဆက်ဆက် တည်ရှိ ခဲ့တဲ့ မြို့မကျောင်းရဲ့သရုပ်မှန်က ပျောက်ဆုံးသွားပြီး တစ်နှစ်အတွင်းမှာ ထီးထီးကြီးပေါ်လာတဲ့ ကျောင်းဆောင်သစ် ကို အချိန်အတော်ကြာကြာ ရပ်ကြည့်နေမိတယ်။ ဒီမြို့မှာ ဒီကျောင်းသစ်ကြီး ပြောင်းလဲဖြစ်တည်မှုအပေါ် မနှစ်မြို့တဲ့လူဆိုလို့.. ငါနဲ့အပြင် တခြားဘယ်သူတွေ ရှိဦးမလဲ။ တွေးမိတယ်။

ကိုယ်တို့တွေက ၅ တန်းကနေ ၈ တန်းထိကို မြို့မကျောင်း(အလယ်တန်းကျောင်း)မှာ တက်ရပြီး ၉ တန်းနဲ့ ၁၀ တန်း ၂ နှစ်ကိုပဲ အထက်တန်းကျောင်းမှာ တက်ရတာ။ ငယ်တုန်း၊ကလေးစိတ်ဆီမှာထဲက စွဲလာတာက အထက်တန်းကျောင်းကို ကိုယ့်ကျောင်းရယ်လို့သတ်မှတ်မထားမိဘူး။ မြို့မကျောင်းကမှသာ.. ကိုယ့်ကျောင်း၊ ငါတို့ကျောင်း။ငါတို့ မြို့မကျောင်းကို ဘယ်သူဖျက်ဆီးပစ်လဲ။နောက်တစ်ခေါက် ထပ်မသွားချင်တော့ဘူး။ မြင်လဲ မမြင်ရက်တော့ဘူး။

လယ်ကွက်တွေရဲ့နောက်မှာ၊ ရထားလမ်းကို မေးတင်ထားတဲ့ ကိုယ်တို့ရဲ့ အထက်ကျောင်းဟာ နဂိုအတိုင်း ဘာမှ မပြောင်းလဲဘူး။ ကျောင်းခြံစည်းရိုးနားထိ ရောက်အောင်မသွားမိဘူး။ ကျောင်းခြံစည်းရိုးတလျှောက်က စိန်ပန်းပင်တွေ နီရဲနေပြီ။

မြင်ကွင်းထဲကကျောင်းနဲ့ ကိုယ်နဲ့ကြားမှာ ရထားဖြတ်လာဖို့ မျှော်လင့်နေမိတာ။ အမေ့ကို ရထားတွေခန့်မှန်းခြေ ဘယ်အချိန် ၀င်တတ်သလဲဆိုတာ မေးပြီးမှအချိန်ကိုလဲ တမင်ချိန်ကိုက်သွားတာပါ။ တစ်ယောက်ထဲ ရပ်နေတဲ့ကိုယ်ကို ကိုယ်တို့မြို့ကလူတွေက သူစိမ်းလိုလို၊ ရင်းနှီးသလိုလို မျက်လုံးတွေနဲ့ ကြည့်ကြတယ်။

မကြာခင်မှာပဲ ရထားက ဖြတ်သွားတယ်။ ခုဖြတ်သွားနေတဲ့ ရထားရဲ့အရောင်က အစိမ်းရောင်ဘက်ပါတယ်။ ဘာအရောင်လဲဆိုတာ သေချာ မမှတ်မိတော့ဘူး။ စိမ်းပြာရောင်လား ထင်တာပဲ။ သေချာတာက ကိုယ်တို့တွေ ငယ်ငယ်တုန်းကလို အနီရောင် မဟုတ်တော့ဘူး။ အထက်တန်းတွဲ၊ ရိုးရိုးတန်းတွဲရယ်လို့တော့ ရှိနေတုန်းပဲ။ ရထားဟာ ဘူတာအ၀င်မို့ ပုံမှန်ထက် လေးပင်ချည့်နဲ့စွာ။

ကျောင်းခြံစည်းရိုးက စိန်ပန်းပင်တွေက လေနဲ့အတူ ခပ်သွဲ့သွဲ့ပဲ ယိမ်းနေကြတယ်။ လျှစ်စစ်ဓာတ်အား ပေးဝေရေးတိုင်တွေ၊တယ်လီဖုန်း၊ကြေးနန်းဆက်သွယ်ရေးတိုင်တွေလဲ ငိုးတိုးငေါက်တောက်နဲ့။ အရောင်ပြောင်း သွားတဲ့ ရထားတစ်စင်း ကိုယ့်ရှေ့က ဖြတ်သွားတယ်။.. ဆွေးတယ် ဒုတ်ဒုတ်ထိပဲ။

========

Sunday, May 22, 2011

ဘောလုံး

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။
နည်းပြတစ်ယာက်မှ မရှိခဲ့ဘူး။မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ဒိုင် မရှိခဲ့ဘူး။ မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ပွဲတိုင်း အနိုင်လိုချင်တဲ့ ကစားသမားတွေရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။
လက်ခုပ်တီးမယ့် ပရိတ်သတ်၊လောင်းကြေးထပ်ထားတဲ့ ပရိတ်သတ်၊
အော်ဆဲချင်လို့ ရောက်လာတဲ့ ပရိတ်သတ်တွေ
ရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။

ကစားသမားတိုင်းက အနိုင်ယူချင်သူချည်းမို့
ဘောလုံးတစ်လုံးထဲကိုပဲ အလုအယက် ရှာဖွေနေကြတယ်။
ဘောလုံးက တစ်လုံးထဲ...
ကစားသမားပေါင်းက များစွာ
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ... ဘောလုံးတစ်လုံးရှိနေတယ်။

ဘောလုံးတစ်လုံးထဲကို ၀ိုင်းကန်ကြတယ်၊ လုကြတယ်၊
အဆုံးမှာ ရှုံးစေဦးတော့...
အဓိကက ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးရှိနေဖို့၊
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဆို ရှုံးရင်တောင် သိက္ခာရှိတယ်။
ဟုတ်တယ်မဟုတ်လား...။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံး ရှိနေတယ်။
နည်းပြမရှိ၊ ဒိုင်မရှိတဲ့ပွဲမို့ အရှုံးအနိုင် အဖြေမပေါ်ဘူး။
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ....
မူးရစ်ရီဝေ ချာချာလည်နေတဲ့ ဘောလုံးတစ်လုံးဟာ
တဖက်ဖက်က နိုင်သွားပါစေလို့
ဘောလုံးတစ်လုံးဟာ ဆုတောင်းနေတယ်။

Wednesday, May 18, 2011

ဟုတ်ကဲ့ ခုတလောလေ..

(၁) အစားချင်ဆုံးအစားအစာ - ဘူးရွက်ပြုတ် နဲ့ ငါးမီးဖုတ်ထောင်းဖျော်ထားတဲ့ ငါးပိရည်ကျို ။ ပြီးတော့ ငါးကျော်နှပ်လေးနဲ့လေ။

(၂) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်း နဲ့ ဟင်း။ စားရသမျှ အစားအစာတွေထဲမှာ ထမင်းနဲ့ဟင်းကိုပဲ အကြိုက်ဆုံးပါပဲ။ အဲ့ဒါတွေ မရှိတဲ့အခါကျတော့လဲ ကြုံသလိုပေါ့။

(၃) အလိုချင်ဆုံးရေမွှေး - မရှိပါဘူ။ ကြိုက်လဲမကြိုက်ပါဘူး။

(၄) သုံးဖြစ်နေတဲ့ရေမွှေး - မကြိုက်ပါဘူး ဆို။

(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - ဘာရယ်လို့ သတ်သတ်မှတ်မှတ် မမျှော်လင့်တတ်ပါ။ ပေးတာမှန်သမျှ မြတ်နိုး၊တန်ဖိုးထားတတ်ပါတယ်။

(၆) အလိုချင်ဆုံးဖုန်း - ဒွိဟတွေနဲ့။မရသေးဘဲနဲ့ကို BlackBerry လား အိုင်ဖုန်းလား ဝေခွဲမရ ဖြစ်နေသေးတယ်။

(၇) သုံးဖြစ်နေတဲ့ဖုန်း - အဲ့ဒါပြောရရင် ဇာတ်လမ်းကအရှည်ကြီး။ ခု ဆိုနီအဲရစ်ဆင် ဗီဗက်စ်၅ လေးသုံးနေတယ်။ အနီရောင်ဗျ။

(၈) အရူးသွပ်ဆုံးအရာ - အင်တာနက်လေ။ မုန်းထှာ ကိုယ့်ကိုယ်လဲ။

(၉) အနီးစပ်ဆုံးဂီတ - ရော့ခ်လေ.. ရော့ခ်...။ အရှေ့ကို ရှိတ်ပါဟေ့.. အနောက်ကို ရှိတ်ပါဟေ့ တွေမကြိုက်ဘူး။

(၁၀) အလိုချင်ဆုံးစာအုပ် - တိုးနှောင်မိုး၊သွေး(စစ်ကိုင်း) တို့နဲ့ နောက်ထပ် ၃၊၄ ယောက်ပါသေးတယ်။ သူတို့တွေ ပေါင်းထုတ်ထားတဲ့ ကဗျာစာအုပ်။ ဟိုး ငယ်ငယ်တုန်းက ဖတ်ဖူးတာ။ ခုပြန်လိုချင်တယ်။

(၁၀) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အလွမ်းတက္ကသိုလ်၊ပန်းတက္ကသိုလ် (ကလောင်စုံ)

(၁၂) အကြားချင်ဆုံးစကား - မြန်မာပြည်ကို ပြန်လို့ရပြီ။ မြန်မာပြည်မှာ သူဌေးတွေကိုလဲ ဖိန့် ဖိန့် တုန်အောင် ကြောက်နေစရာ မလိုတော့ဘူး။အင်တာနက် လိုင်းတွေလဲ ကောင်းနေပြီ။ ဧရာဝတီတိုင်းထဲကို သွားတဲ့လမ်း တွေလဲ အရမ်းကို ကောင်းနေပြီ။ ရွှတ်ဆိုတာနဲ့ အမေ့အိမ်ရှိတဲ့ မြို့ကို ရောက်သွားမယ်။ ပြန်လာတော့။ အေးဆေး အေးဆေး ဆိုတာမျိုးလေ။

(၁၃) အဖြစ်ချင်ဆုံးဆန္ဒ - ညတုန်းကတွေးမိတာ။ ကြီးကြီးကျယ်ကျယ်နဲ့ မကြေးမုံက အလုံးကြီးကြီးတွေ ပြောပြန်ပြီလို့လဲ မကဲ့ရဲ့ကြပါနဲ့။ ညတုန်းက ကဆုန်လပြည့်နေ့ လကိုကြည့်ရင်း စိတ်ကူးပေါ်လာတာလေ။
အမပြောတဲ့ စု၊ဖွား၊ပွင့်၊စံ ... ဘာညာပေါ့လေ။ အိမ်ကိုပြန်ထားတာလဲ သိပ်မကြာသေးတော့ တူမလေးတွေ၊ တူလေးတွေကို သတိရနေတာလဲ ပါတယ်။ သူတို့ဘ၀တွေက ဖြည့်စွက်စာတွေ မစားရပေမယ့် ဖြည့်စွက်ပစ္စည်းတွေနဲ့ မြတ်စွာဘုရားအကြောင်းလဲ ဘာမှ ဂဃနဏ မသိဘူး။ သူတို့မိဘတွေကလဲ ပြောမပြနိုင်ကြဘူး။ ဘုရားရှိခိုးတော့ သင်ပေးပါလိမ့်မယ်။အဲ့ဒါနဲ့ ရွာမှာ ကိုယ်တွေငယ်ငယ်က တက်ခဲ့ဖူးသလိုမျိုး ဗုဒ္ဓဘာသာ သင်တန်းကျောင်းလေး ဖွင့်ပေးချင်မိတယ်။ဘုန်းကြီးကလဲ အမျိုးတော်တဲ့ဘုန်းကြီးဆိုတော့ အရှင်ဘုရား တစ်သိန်းလောက် ၀တ္ထုကပ်ပါတယ်။ သင်တန်းပေးပေးပါ ဘုရားဆို ရမလားပေါ့။ ကိုယ့်တူ၊တူမတွေတွင်မက တရွာလုံးက ကလေးတွေလဲ သိသွားနိုင်တယ်ပေါ့။ တွေးမိတာရယ်။ အဲ့ဒါလေး လုပ်ချင်မိတယ်။

(၁၄) အလိုချင်ဆုံးဆု - မခွဲခြားပြတတ်ပါ။

(၁၅) အသွားချင်ဆုံးနေရာ - မန်းလေး မန်းလေး။

(၁၆) သွားဖြစ်နေတဲ့နေရာတွေ - စင်ကာပူမြစ်နား။

(၁၇) အကြည့်ချင်ဆုံးရုပ်ရှင် - ဘာကားဖြစ်ဖြစ်ပါ။ ခုတော့ ကိုးရီးယားကားတွေကြည့်နေမိတယ်။ ဒါမယ့် ပြတ်တောင်းပြတ်တောင်းဖြစ်တာကိုတော့ စိတ်မရှည်ဘူး။

(၁၈) အပြောချင်ဆုံးစကား - သူများကိုနားလည်ပေးဖို့ ကြိုးစားတဲ့သူ မဖြစ်ပါစေနဲ့။ နောက်ပြီး နှစ်ခါပြန် တွေးတတ်တဲ့လူ မဖြစ်ပါစေနဲ့။

(၁၉) အယုံကြည်ဆုံးလူသား - အမေ လေ။

(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကိုယ်ကိုလေ။

(21) အမုန်းဆုံးအရာ - တစ်ခုထဲ၊တစ်ယောက်ထဲ မဟုတ်ဘူး။သူတို့တွေ မြန်မာပြည်မှာရှိတယ်။ သူတို့ကိုထက် ဘယ်သူ့ကိုမှ မမုန်းဘူး။

(22) အသောက်ဖြစ်ဆုံးအအေး - Sour plum lime juice. အမြဲသောက်ချင်တာ။

(23) လတ်တလောအထိတွေ့ဆုံးအရာ - ကွန်မြူတာ ကွန်မြူတာ။

(24) မကောင်းတဲ့ကျန်းမာရေး - ညာဘက်နားလေ။ ၀ဋ်နာကံနာပါပဲ။

(25) အကောင်းဆုံးအဖော် - လောလောဆယ်တော့ ဘေးနားမှာ။

(26) လက်ရှိအကြိုက်ဆုံးသီချင်း - ရွှေပွင့်လွှာ (မန္တလေးသိန်းဇော်)

(27) အကြောက်ဆုံးအလုပ် - မကြောက်တတ်လွန်းလို့ ဆိုလားပဲ။ သူများတွေ ဝေဖန်ကြတာလေ။

(28) တန်ဖိုးအထားဆုံးအရာ - အသေးအဖွဲလေးကအစ တန်ဖိုးထားပါတယ်။ အဲ့လိုတွေ တန်ဖိုးထားတတ် လွန်းလို့လဲ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမိပါတယ်။ ဘာလို့ဆို နောက်ဆုံးတော့ "အားလုံးငါ့အပြစ်တွေပါကွယ်" ချည်းပဲ ဖြစ်ဖြစ်လာနေလို့လေ။

(29) အကြောက်ဆုံးတိရိစ္ဆာန် - မြွေ (အသွေးထဲ အသားထဲကနေကို ကြောက်တာ။ မြွေအရုပ်လဲ ကြောက်တယ်။ မြွေလိုမျောရှည်ရှည်ဆိုရင်တောင် ကြောက်ပါတယ်)

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မဂျူနီယာ ၊ ကိုလင်းဒီပ။

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ်၊ဖုန်း။(တကယ်တော့ မြန်မာပြည်မှာတုန်းကလို ဘောင်းဘီ အိတ်ထဲ ပိုက်ဆံထည့်ရုံပဲထည့်ပြီး သွားချင်တာ၊ဒီမှာက ဘာကဒ်၊ညာကဒ်တွေကလဲ ပါသေးတာကလား။ ရှုပ်ပေမယ့် သယ်ရတာပါပဲ)

(32) သွားဖြစ်နေတဲ့နေရာတွေ - မသွားချင်လဲသွား၊ သွားချင်လဲသွားမို့ မပြောတော့ပါဘူး။

(33) စိတ်အညစ်ဆုံးအချိန် - ဘယ်အချိန်ကို ရွေးထုတ်ရမှန်းတောင် မသိတော့ဘူး။ အမြဲ စိတ်ညစ်နေတော့ အပျော်ဆုံးအချိန်ဆိုရင်တောင် ရွေးရ ပိုလွယ်မလားပဲ။

(34) အနေချင်ဆုံးနေရာ - လမ်းပေါ်လေ။ခြေထောက်မှာ ဗွေမပါပေမယ့် လမ်းထွက်နေရတာကိုပဲ ကြိုက်တယ်။
ရေးရင်း "ကျနော် လမ်းပေါ်ကလူပါ" ဆိုတာလေး ပြေးသတိရတယ်။ :)

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - သမတ အသစ်ပေးလိုက်တဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြားတော့လေ။.. ဟီးဟီး နိုင်ဂံရေးတွေတောင် ပါကုန်ဘီ။

(36) ပေးချင်တဲ့သတင်းတစ်ခု - မန်ယူဖလား ရသွားတယ်လေ။ နောက်ထပ် တစ်ဖလားလဲ လက်တစ်ကမ်းပဲ လိုတော့တယ်။ (မမဂျူနီယာ မသိမှာစိုးလို့)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - ကိုယ်အလိုချင်ဆုံးတစ်ခုကတော့ မရနိုင်ပြီကွယ် ဆိုတဲ့သီချင်း မဆိုရတော့မယ့်နေ့။ ...။

စာရေးမရတဲ့အချိန် ဒီလို Tag လေးတွေ ဖြေရတာလဲ ကောင်းတာပဲ။ တခြားလူတွေ tag ထားတာတွေလဲ ဖြေပါဦးမယ်။

Sunday, May 15, 2011

အမေ့ဆီမှ တဆင့်

နေ့လည်တုန်းက အမေ့ဆီဖုန်းဆက်တယ်။ ထုံးစံအတိုင်း သာကြောင်း၊ မာကြောင်း၊ဘုရားမှန်မှန်ရှိခိုးကြောင်း မုသား တ၀က်လိမ်းကျံပြီး ဖြေရတယ်။ အမေ့ဆီက မေတ္တာတွေရလိုက်တယ်။ အဲ့ဒီမေတ္တာတွေရဲ့အရှိန်နဲ့ တခြား သူတွေကို မေတ္တာ ရောင်ပြန်လေးတွေ ပေးရဦးမယ်။ ပေးနိုင်ဖို့ မျှော်လင့်တယ်။ အမေ့ဆီမှတဆင့် ရကာမှပဲ..။

ဘ၀ဟာ ဒီလိုပဲ လုံးချာလည်လိုက်နေတော့မှာပါပဲ။ အတိတ်ကို ပြန်မတမ်းတဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ အရင်တုန်းက မကြေးမုံဟာ သူများတွေကို စိတ်ခွန်အားတွေ ဖြည့်ပေးနိုင်တဲ့ လူပေါ့။ အခုတော့ မကြေးမုံဟာ သူကိုယ်တိုင် စိတ်ခွန်အားတွေ အရောင်ဖျော့နေ လေရဲ့။

အရွယ်မရောက်ခင်မှာပဲ စိတ်တွေ အိုစာခဲ့ရလို့ ဘ၀ဆိုတဲ့ သီချင်းကို ခုတလော ခဏခဏညည်းမိတာရယ်။ ..