Tuesday, October 26, 2010

သူ့မှာ အဲ့ဒီမြို့ကလေး ရှိခဲ့ဖူးတယ်

ထန်းလက်ကုလားထိုင်လေးပေါ်မှာ သေချာကျနစွာ၊ခြေထောက်ကို ဟန်ပါပါချိတ်ကာထိုင်ပြီး လွန်ခဲ့တဲ့တစ်လ လောက်ဆီက အဖြစ်အပျက်များကို သူ ပြန်စဉ်းစားနေမိသည်။

+++++++

သူသည် အရင်ကအိမ်ကို ခင်တွယ်တတ်သူ မဟုတ်သော်လည်း ယခုတော့ အိမ်ကိုခင်တွယ်တတ်နေပြီ ဖြစ်သည်။ အိမ်ဆိုတာထက် သူနေထိုင်ရာ.. ဒီအခန်း ကျဉ်းကျဉ်း၊မှောင်မှောင်လေးကို သဘောကျနေမိပြီ ဖြစ်သည်။

အခန်းက ၁၀ ပေ ပတ်လည် အကျယ်အ၀န်းရှိသည်။ အခန်းနံရံများသည် ထူထည်းလွန်းသည်။ အပြင်မှာ စစ်ဖြစ် နေရင်တောင် အထဲကမကြားနိုင်ဘူးဟု သူညွှန်းချင်ပါသည်။ နံရံများထူထည်းသော်လည် အခန်း၏ဒေါင့်များတွင် အက်ကွဲကြောင်းများရှိပါသည်။တခါတရံ မနက်ခင်းများတွင် အဲ့ဒီအက်ကွဲကြောင်းတွေထဲမှ ကင်းမြီးကောက် မြီးကောင်ပေါက်ကြီးများ ထွက်ချလာတတ်သည်။ထို့အပြင် အိမ်မြှောင်လည်း အလွန်ပေါများသော အခန်းဖြစ် သည်။ ပင့်ကူ၊အိမ်မြှောင်၊ကင်းမြီးကောက်၊တခါတရံ မြွေပေါက်စလေးများ ၀င်ဝင်လာတတ်သေးသည်။ သူတို့လဲ အမှောင်ကို နှစ်သက်ကြပုံ ရပါသည်။ သူသည်လဲ အလင်းကို လုံလောက်စွာ မရနိုင်သေးသရွေ့ မှောင်နေရတာ ကိုသာ နှစ်သက်မြတ်နိုးချင်သူ ဖြစ်သည်။

မြို့ကြီးပြကြီးမှာတုန်းကလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ရန် ကွန်ပြူတာ၊အင်တာနက် ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး.. စသည့် လိုအပ်ချက်များနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ပါသည်။ တစ်ကမ္ဘာလုံးအကြောင်းကိုသိဖို့ရာ.. တကယ့် လက်တွေ့မှာ အဲ့ဒါတွေ သိပ်မလိုအပ်လှပါ။ နယ်ရှင်နယ်ဓာတ်ခဲအကြီး ၂ လုံးနှင့် အသံအောင်သော ရေဒီယို တစ်လုံးရှိပါက တစ်ကမ္ဘာလုံးအကြောင်းသာမက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ဘာသာစကားနှင့်ကိုယ် သေချာ ကျနစွာ နားထောင်နိုင်ပါသည်။ ဓာတ်ခဲ ၂ လုံးကို ၁ လလောက်ဖြင့် သုံးစွဲနိုင်ပါသည်။

ယခုထိုင်နေတဲ့ ထန်းလက်ကုလားထိုင်လေးကို ကန်ပြားရွာမှ ၀ယ်လာခဲ့သည်။ပူပြင်းသော အညာနွေကို အံတုရန် အလွန်အဆင်ပြေသည်။ခုံးခုံးခုခု ထန်းလက်လေးတွေက တစ်ပတ်လုံးညောင်းညာ ကိုက်ခဲမှုကို အသင့်အတင့် ပြေလျော့စေပါသည်။

လက်ထဲမှ စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်မိပါသည်။ အနည်းငယ်ခါးသက်သက်ဖြစ် နေသည်။ သူသောက် နေကျ စီးကရက်အမျိုးအစားနဲ့ မတူပါ။ သူသောက်နေကျစီးကရက်မှာ အရင်ဆုံး ပူသောအရသာကို ပေးပါသည်။ နောက်တော့ အေးမြပါသည်။ နောက်တော့ ခံတွင်းထဲမှာ ချိုချိုခါးခါးအရသာကို ကျန်ခဲ့စေပါသည်။ ဒီမြို့လေးမှာ ထိုစီးကရက်အမျိုးအစား မရနိုင်သည့်အတွက် ယခုလို ဖင်စည်ခံအနီရောင်ရှိသော စီးကရက်နှင့်သာ သူ့ချဉ်ခြင်း အား ပြေပျောက်စေရပါသည်။

စီးကရက်ကောင်းကောင်းမရှိပေမယ့် လက်ဘက်ရည်ကောင်းကောင်းတော့ ရရှိနိုင်ပါသည်။ ထို့ထက်ပိုပြီး သူ့အတွက် ကံကောင်းစေတာက ထိုလက်ဘက်ရည် ကောင်းကောင်းရသော ဆိုင်မှာ သူနေထိုင်ရာအခန်း ကျဉ်းကျဉ်း၊ မှောင်မှောင်လေးရဲ့ အရှေ့တည့်တည့်မှာ ရှိသည်။ လက်ဘက်ရည်ဆိုင် နာမည်မှာ စတူဒီယိုခေတ်ဦး အဆိုတော်အမျိုးသမီးတစ်ဦး၏ နာမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင်စုံတွဲမှာ သီချင်းဝါသနာကြီးသူချင်း သံယောဇဉ်ကြိုး ငြိခဲ့ကြသူတွေ ဖြစ်သည်။ တစ်မိသားစုလုံး ထိုစဉ်ကသူကြိုက်ခဲ့ဖူးသော ဘောလုံးအသင်းကိုသာ ရူးသွပ်စွာ အားပေးကြသည်။ ထို့ကြောင့် ဘောလုံးပွဲရှိသောညများတွင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ခုံမရ၊စားပွဲမရ ဖြစ်မှာ မပူပင်ရပါ။ အရောင်တူသူချင်း ရန်မဖြစ်ဘဲ ဖေးမကြင်နာမှုထားတတ်ကြသူတွေ ဖြစ်သည်။

အဲ့ဒီမြို့လေးမှာ ထူးခြားသော အရူးသုံးယောက်ရှိသည်။ "အရူးတွေဆိုတာ ဥာဏ်ရည်မြင့်မား လို့ အရူးဖြစ်တာ" လို့ သူပြောတဲ့အခါ သူ့အလုပ်မှ လုပ်ဖော်ကိုင်ဖက်များရော သူ့မိတ်ဆွေတချို့ကပါ သူ့ကိုရယ်မောတာ ခံရဖူးပါသည်။ အဲ့ဒီလူတွေကို ဆက်လက်ရှင်းမပြလိုတော့သည့်အတွက် သူတို့ကွယ်ရာမှာ သူတို့ကို ရယ်မောခဲ့ပါသည်။

++++++

လွန်ခဲ့သော တစ်လခန့်ဆီက.. အဲ့ဒီမြို့ကို သူရောက်တာ ၂ ရက်ရှိပြီဖြစ်သည်။ နေစရာနေရာရှာလို့မရသေး။ စိုးရိမ် ပူပန်မှု အလျင်းမျှမရှိဘဲ နေစရာရှာမရလျင် ရန်ကုန်ပြန်ရုံပဲ ဟုသူတွေးခဲ့ဖူးပါသည်။...။
ယခုတော့ သူ နေစရာလဲရ၊ နားထောင်စရာလဲရှိ၊စားစရာကြွယ်ဝသည့်အပြင် သူနှစ်သက်တဲ့ အခန်းကျဉ်းကျဉ်း၊ မှောင်မှောင်လေးရှိသည့် ဒီမြို့လေးကို ခွဲခွာဖို့အရေးက သူ့ကို အတွေးများစေပြီ ဖြစ်သည်။


Monday, October 25, 2010

မွေးနေ့ အတွေး

လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကရိုက်ခဲ့တဲ့ ဓာတ်ပုံထဲကလူက ကိုယ်မဟုတ်တဲ့ သူစိမ်းတယောက်ပါ။...။

ကုန်ခဲ့တဲ့တနှစ်လုံး အရွေ့တွေများတယ်။လူ၊နေထိုင်ရှင်သန်ရာဝန်းကျင်၊နှလုံးသားခံစားမှု။ပြီးတော့ အဓိပ္ပါယ်ရှိ လာတယ်။အရောင်ပိုစုံလာတဲ့ ပန်းချီကားတစ်ချပ်ကို ပြန်ကြည့်နေရသလို။

ပြန်တွေးကြည့်တော့ လျှောက်ခဲ့တဲ့လမ်းက ရှည်လျားမယောင်နဲ့ တိုတောင်းလွန်းလှတယ်။လုပ်ချင်တဲ့အလုပ် တွေ၊ ဘ၀နေထိုင်မှုပုံစံ..စတာတွေ ကိုယ့်ဆန္ဒရှိသလောက် မလုပ်နိုင်သေး၊မနေနိုင်သေးဘူး။
အသက် ၂၁ ကနေ ၂၃ နှစ်အထိမှာ ကုသိုလ်လဲရ ၀မ်းလဲဝ ...လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်အတွက်သာ ရှာဖွေစုဆောင်းနေခဲ့မိ။

တနေ့ထက်တနေ့ တိုးလို့သာ လာတာတွေက အတ္တများ။
လူ့အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေ၊ဆီလျော်အောင် တည့်မတ်နေထိုင်ရင်းက အနီးအနားမှာရှိတဲ့ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့လူတွေ အပေါ်မှာ.. မသိမသာ ဒါမှမဟုတ်လဲ သိသိသာသာ.. ဆိုး ဆိုးလာနေမိတယ်။ ဆိုးရွားစွာ ပြုမူနေထိုင် လာမိတယ်။ဒီအကျင့်က မကောင်းဘူးဆိုတာ သိသိကြီးနဲ့ တည့်မတ်မရနိုင်သေးဘူး။

"မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေကို...ငါသွင်းခဲ့တာ "
(စိုင်းဝင်းမြင့်)..
မိသားစုအကြောင်းတွေးရင် ဒီကဗျာလေးပဲ ပြေးပြေးသတိရမိတယ်။...။
ကိုယ်က စကေးလ်ကောင်းတဲ့ ဘောလုံးသမားမဖြစ်ခဲ့တာလား၊ဒါမှမဟုတ် စကေးလ်တော့ ကောင်းပါရဲ့ သက်လုံ မကောင်းခဲ့တာလား။...။ ခုချိန်ထိတော့ မိသားစုနဲ့ပတ်သက်ရင် ဂိုးတွေ ၀င်အောင်မသွင်းနိုင်သေးဘူး။

"ပြောင်းလဲခြင်းတရားကို စိုးရိမ်နေသူလေး" လို့ သီချင်းပဲ တိုးတိုးလေးညည်းမိတယ်။
ဘာပဲဖြစ်ဖြစ်.. ဒီနေ့မှာ ဒီလောက်လေးတော့ တွေးနိုင်သေးတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ရမလို..။

မှတ်ချက်။ ။ ဖဘမှာရော ဘလော့မှာပါ မွေးနေ့ဆုတောင်းပေးသူများအားလုံးကို ကျေးဇူး။

Friday, October 22, 2010

သီတင်းကျွတ်ညလေး တစ်ည

ရောက်နေတဲ့ အရပ်ဒေသမှာတော့ တခြားတနေရာဆီက မီးခိုးမှိုင်းလုံးတွေကြောင့် နေကုန် ဝေေ၀၀ါးဝါးဖြစ်နေခဲ့ တာ ဒီနေ့နဲ့ပါဆို သုံးရက်ရှိခဲ့ပြီ။မနေ့တုန်းက မိုးတွေတအားရွာနေခဲ့ပြီး ဒီနေ့တော့ နေအလင်းရောင်မြင်ရတယ်။

မွေးရပ်မြေဆီက မုန်တိုင်းသတင်းတွေဖတ်ရ၊ကြားရတယ်။ စိုးရိမ်မိတယ်ဆိုတာထက် မည်ရွေ့မည်မျှ မစွမ်းသာ။ သဘာဝဘေးအန္တရာယ်ကို မွေးရာပါယဉ်းပါးခဲ့သူတွေအတွက် ကိုယ်တွေလို ကမ္ဘာ့ကွန်ယက်ပေါ်တက်ပြီး ရှာဖွေဖတ်မှ သူတို့သိမှာမဟုတ်ဘူး။ ကောင်းကင်မော့ကြည့်ပြီး၊သို့မဟုတ် အိမ်ရှေ့အုန်းပင်က ငှက်သိုက်လေး တွေ အခြေအနေကြည့်ပြီး၊ဒါမှမဟုတ်လဲ မိုးဦးကျတုန်းထဲက သရက်ပင်က သရက်ပွင့်တွေ၊သရက်ကင်းတွေ ဖူးငုံပွင့်တဲ့ အဆင့်ဆင့်ကို ကြည့်ပြီး သူတို့က သိနှင့်ပြီးသားဖြစ်မှာပါ..။

ကိုယ်ကသာ ဒီကနေ တွေးပူနေတာ။ တွေးပူနေပြီး တယ်လီဖုန်းလေးတချက်တောင် ဆက်လားဆိုတော့လဲ မဆက်ဖြစ်ပါဘူး။ သူတို့သိပြီးသားမို့ ထူးပြီး မပြောနေချင်တော့။နောက်ပြီးတော့ ဒီနေ့မှာမို့ ပိုလို့ပင်မဆက်ချင် ဖြစ်နေမိတာပါ။ ဒီနေ့မှာမို့ သူတို့ဆီမှာ မိုးမရွာဖို့ဆုတောင်းပေးနေမိပါတယ်။မိုးဖျက်လို့ သူတို့ပွဲတော်ကြီး မပျက်စီးပါစေနဲ့ လို့.. ။

+++++++

ဒီအချိန်ဆို သူတို့ ပျော်ကြလေပြီပေါ့လေ..။တအိမ်နဲ့ တအိမ်...အော်ဟစ်မေးကြလို့...။
"နင်တို့က ဘာမုန့်လဲ.."
"အေး ငါတို့အိမ်ကတော့ မုန့်ဟင်းခါး.."
"ဟုတ်တယ်။ မွဌေး တို့အိမ်က သာကူ တဲ့..."
အဲ့လိုအသံတွေ ညံစီနေမှာပေါ့...။

"သူတို့အိမ်က ဘယ်နှစ်မဲ ယူတာလဲ.."
"အိုးအေ... ဒီလောက်ချမ်းသာပြီး ငါးမဲ ထဲယူရသလား..."... "ကုတ်ကို ကုတ်ကပ်တာအေ့..."

အသံများ နားထဲမှာ ပဲ့တင်ထပ်လို့နေတယ်..။ ဒါက အမျိုးသမီးတွေဆီက အသံပေါ့။

အမျိုးသားငယ်တွေဆီက အသံများကျတော့....

"အေးသာရေ...အေးသာရေ...ကောက်ရိုးပုံဟေ့... " လို့ အချိန်းအချက် လုပ်တဲ့သူက လုပ်..။
အဲ့ဒီသီချင်းကို ဟင်္သာတထွန်းရင် ဆိုထားတာ။ သီတင်းကျွတ်ရင် ကိုယ်တို့ရွာမှာ ဖွင့်နေကျ သီချင်းပေါ့...။
"၀ါကျွတ်ပြီ..ချစ်ရယ် သက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်..သီတင်းကျွတ်ခဲ့ပြီကွယ်...အော် အချစ်..."
"မီးပုံးလေးတွေ ကိုယ်စီကိုယ်ငှာ ထွန်းကြမယ်ကွယ်...ကိုယ့်ရဲ့အချစ်က ဆရာမရှိပါကွယ်..၀ါကျွတ်ချစ်သူ တယောက်ထဲ အချစ်ရယ်...မောင့်ငယ်ကျွမ်း..ဆွေ..." စသဖြင့်... တီးတိုး ပိုးပန်း....။

"လေပြေမလှုပ်ပါဘဲ ခန်းစီးရွှေဝါ သူလာလှုပ်ပါလို့..မင်း ကျွန်ုပ်ကိုလှောင်သလား အချစ်ရယ်...ငုတ်တုတ်မိုးလင်း လို့..စောင့်နေသူ..ကျုပ်အား..ပျက်ရယ်ပြုသလား.." လို့ စိမ်းကားလေသူ မမများကို..စောင်းလို့ ချိတ်လို့...။

အိုး...ကြည့်စမ်းပါဦး..။ဒီသီချင်းတွေအတော်များများကို ကိုယ်ခုထိမှတ်မိနေတုန်းပါလား..။ဟုတ်ပါရဲ့လေ..။ကိုယ် မှတ်မိနေခဲ့တာ သီချင်းလေးတွေချည်းပဲမှ မဟုတ်တာ...။

+++++++

ကလေးတွေ...သူတို့လေးတွေ မပါရင် ဒီသတင်းကျွတ်ပွဲတော်ကြီးက ဘယ်လိုမှ မစည်ကား၊မသိုက်မြိုက် နိုင်ပါဘူး။နိဗ္ဗာန်ဈေးပွဲတော်ကို အသေအချာပါဝင်ဆင်နွှဲမယ့် ပရိတ်သတ်လေးများပေါ့။

နေ့လည်နေ့ခင်းထဲက လူကြီးတွေပြောနေ၊ဆိုနေကြတဲ့ စကားတွေထဲကနေ ဘယ်သူ့အိမ်က ဘယ်မုန့် နဲ့ နိဗ္ဗာန်ဈေးလှူမယ် ဆိုတာ ကြိုတင်သတင်းရပြီးသား။ ညနေရောက်လို့ မဲတိုးတဲ့အခါ အဲ့ဒီအိမ်တွေရဲ့ မဲနာပါတ်တွေ ရပါစေလို့ ဆုတောင်းရတာ ဘုရားစာတွေလဲ အရှေ့ရောက်၊အနောက်ရောက်နဲ့။

++++++

တခုသော သီတင်းကျွတ်ရာသီ..။အဲ့သည်နေ့တုန်းက တနေ့လုံးမိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့ပြီးမှ သူတို့တွေ မဲတိုးခါနီးမှ မိုးက စဲပေးထားသယောင်..။
မျှော်လင့်ထားသလိုဖြစ်မလာတတ်တာ ဘ၀ကြီးတခုလုံးနဲ့ချီမှ မဟုတ်ပါဘူး။သီတင်းကျွတ်လဆန်း ၁၄ ရက် ည၊ တောရွာလေးတရွာရဲ့ နိဗ္ဗာန်ဈေးပွဲမှာကို ရှိခဲ့ဖူးတတ်တာရယ်။

တနေလုံး အမျှော်ကြီးမျှော်ခဲ့သမျှ ညရောက်လို့ မဲတိုးကြတဲ့အခါ.. အသံချဲ့စက်သံ ဆူဆူညံညံကြားမှာ ချွေးတလုံးလုံးနဲ့ ကလေးတွေ၊ကလေးမက၊လူကြီးမကျတွေ... အစုလိုက်အပြုံလိုက်၊ဆဲလို့ဆိုလို့၊ရန်တွေဖြစ်လား ဖြစ်လို့...။အပင်ပန်းခံပြီး ရလာတော့ မဲလိပ်လေး နှစ်ခု။

၁ မိုင် မရှိတရှိရှည်လျားတဲ့ ရွာလေးတလျှောက် တောင်ဘက်ပြေးလိုက် မြောက်ဘက် ပြေးလိုက်နဲ့..။နောက်ဆုံး ရလာတော့ ထန်းလျက်ယိုလေး ၂ ပြား...။အဲ့လိုလေးတွေလဲ ရှိတာပေါ့။ ညအမှောင်ကြီးစိုးလာတဲ့အချိန် ရောက်တဲ့အထိ အပင်ပန်းခံရှာဖွေခဲ့ပေမယ့် တစ်မဲ ပဲရှာလို့ရသေးတယ်။ သူများတကာတွေ ခေါက်ဆွဲကြော်ထုပ်တွေ၊ မုန့်ဟင်းခါးအထုပ်တွေ သယ်သွားတဲ့အချိန်... သူက သူတို့ထန်းလျက်ယိုလေးတွေကို ဘောင်းဘီသားရေကြိုးကြားထဲ မသိမသာလေး လိပ်ထည့်လို့...။ သီတင်းကျွတ်ညရဲ့ လမင်းကြီးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးနဲ့သာ ငုံ့ကြည့်နေခဲ့တာ။

အမေက ပြန်လာခဲ့ဖို့ အော်ခေါ်နေပြီမို့..လက်ထဲက လက်ကျန်မဲလိပ်လေးတခုကို ရှပ်အင်္ကျီအိတ်လေးထဲ ထိုးထည့်မိတယ်။ တကယ်တော့ ဒီမဲလိပ်နာပါတ်ရှိတဲ့ အိမ်ကို ဒီညအပြီးရှာရမှာ။ရှာပြီး ဘာမုန့်ရရ အရယူရမှာ။ မနက်ဖန်ဆို ဒီမဲလိပ်က ဘာမှသုံးလို့မရတော့ဘူး။ဘယ်နေရာမှာမှ မုန့်နဲ့လဲစားလို့ မရနိုင်တော့တဲ့ စက္ကူရွက် တစ်ရွက် ဖြစ်သွားတော့မှာ။အမေ ကလဲ ခက်ပါ့...။

ခြေထောက်မှာ တွယ်ကပ်နေတဲ့ ကျွတ်တွေကို ခြေဆေးရင်း ခွာချနေမိတယ်။ သူတို့တွေ သွေးစုပ်သွားခဲ့တဲ့နေရာ တွေက နာနေပေမယ့် နာဖို့ သတိမရ..ဘာကို ၀မ်းနည်းမှန်းမသိ။ခေါက်ဆွဲကြော်ထုပ်တွေ၊မုန့်ဟင်းခါးထုပ်တွေ၊ သာကူထုပ်လေးတွေ... အဲ့ဒါတွေများ လိုချင်လို့လား။ ဒီလိုလဲ မဟုတ်ဘူး။ကိုယ်တို့အိမ်မှာက နှစ်တိုင်း မုန့်ဟင်းခါး လုပ်တာပဲ...။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်..။အိုး... ကြေကြေကွဲကွဲ ရှိလိုက်တာ။....။

++++++

"ဘုရားထဲ ဆီမီးသွားထွန်းကြရအောင် သမီး " လို့ အမေခေါ်တော့...စိတ်က သိပ်မပါချင်..။
အနွေးထည်လေးတစ်ထည် ကောက်ယူလိုက်ပြီး အမေ့နောက်က လိုက်လာမိတယ်။ကိုယ့်လက်ကို ခပ်နွေးနွေး အရာတခု လာထိတယ်။ ပြီးတော့ အိခနဲ...။ ရခိုင်မုန့်တီ အထုပ်လေးတစ်ထုပ်။ နောက်လှည့်ကြည့်လိုက်တော့... ချာကနဲ ထွက်ပြေးသွားတဲ့ သူ...။ ကြည့်ဦး ...ဒီလောက်ရွှံ့တွေဗွက်တွေထဲမှာ ပုဆိုးခြေမူးထိုး နဲ့....။

+++++++

အပြင်မှာ မိုးတွေသည်းလို့နေပြီ...။ နံဘေးနားက သူငယ်ချင်းတယောက်က ရှင်ငြိမ်နေလို့ မိုးရွာတာလို့ ပြောသည်။ ကိုယ် သူ့ကို ပြန်ပြီးပြုံးပြလိုက်မိသလား...။ ကိုယ်ပြုံးပြလိုက်တာ သူငယ်ချင်းမ ကိုမှဟုတ်ရဲ့လား...။

ပြုံးမိနေတုန်းအခိုက်မှာ ကိုယ့်နှလုံးသွေးတွေ နွေးလာတယ်။အတိတ်တို့က ကိုယ့်ကို ခြောက်လှန့်ဆဲ၊နှလုံးသား ထဲမှာ နေရာယူလို့ကောင်းဆဲ...။ ဒီတခေါက်ပြန်ရင်တော့ သူ့သမီးလေးကို ပွေ့ချီနမ်းရှုံ့ပစ်လိုက်ဖို့ စိတ်ကူးထားမိတယ်။

+++++++

Monday, October 04, 2010

အာသီသ

မိုးလင်းမိုးချုပ်
စုံးစုံးမြုပ်ကဲ့...၊
နေ၀င်မီးငြိမ်း ဘ၀များ။

ဆာလောင်မှုနောက် လိုက်ရင်းက
ငတ်သည်ထက် ငတ်လို့လာ...
မေတ္တာမိုးခေါင်ရေရှားအရပ်
လက်တစ်ဖက် ကမ်းပေးဖို့ရာ
အရင်ဆုံး နှလုံးသားလေးကို ယပ်ခပ်ပေးကြပါဦးစို့ရဲ့..။

ခေါင်မိုးမလုံတဲ့ အိမ်အိုကြီးရဲ့ အမိုးကလေးအောက်
ဆူးပြိုင်းပြိုင်းထနေတဲ့ ထနောင်းပင်အိုလေးရဲ့ အရိပ်လေးအောက်...
တစ်ခေါက်တစ်ကျင်းတော့ နားခိုပါရစေ..မေမေ...။....။

m!rror
4.10.2010

Thursday, September 23, 2010

အပြောင်းအလဲ နာရီများ

အခန်းအပြင်က မိုးရေစက်တွေကိုကြည့်ပြီး ဒီတနေ့စာကုန်လွန်ခဲ့ပြီးတဲ့နာရီတွေထဲကနေ အချို့နာရီတွေကို ကျနော် ပြန်နှုတ်ထားချင်မိသလိုဖြစ်လာသည်။ မိုးရေတွေထဲမှာ ကျနော်စိတ်တွေ စိုစွတ်ကုန်တော့သည်။

စိတ်ရောလူပါ အထိုင်ကျစေဖို့ဆို ကဗျာတပုဒ်ကို ဖတ်လိုက်ရင် နေသာသွားမလား။ ဒါမှမဟုတ်လဲ အက်ဆေး တပုဒ်ပေါ့။ သီချင်းတပုဒ်ဆိုလဲ နေသာထိုင်သာရှိ သွားမလား။ဒါနဲ့ ခင်မောင်တိုးတွေချည်းပဲ နားထောင်နေမိ သည်။
"ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ.... .. ဝေးခဲ့ပြီ... ပန်းခရမ်းပြာရေ......"
ဟူးး.... ထွက်လာသမျှ ဘာလို့များ ဝေးကွာခြင်းသီအိုရီတွေထဲက ရုန်းမထွက်နိုင်တဲ့သီချင်း တွေဖြစ်နေရသလဲ...။ ထို့ထက်ပိုတာကတော့ ဘာကြောင့် ပန်းခရမ်းပြာဖြစ်နေရသလဲ...။
ကျနော့်မှာလဲ ဒီနေ့နေ့လည်တုန်းက ခြေဆောင့် စိတ်ကောက်ပြီး ထွက်သွားတဲ့ ခရမ်းရောင်ပန်းကလေး တစ်ပွင့်ရှိသည်..။

+++++

"ကျမ မျက်စိရှေ့က ရှင်ထွက်သွားစမ်းပါ... " ပြောပြောဆိုဆို ကျနော့်ရှပ်အင်္ကျီစကိုဆွဲပြီး
"လာ ကျမ တံခါးလိုက်ဖွင့်ပေးမယ် " အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျနော့်ခန္ဒာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လို့နေသည်။ကျနော့်လက်တွေကို လက်ပိုက်ထားသလိုမျိုး ချုပ်ထားရသည်။ လက်တွေကို အဲ့လို ချုပ်ထိန်းမထားပါက ကျနော့်ရှေ့က အဲ့ဒီမိန်းမကို တခုခု နာကျင်သွားအောင် လုပ်မိလိမ့်မည်ထင်ပါသည်။

"မင်းက နှင်နေမှတော့ ငါကဘာအကြောင်းကြောင့်မှ ထွက်မသွားစရာ မရှိဘူးဘူးကွ" လို့ပြောပြီး ကျနော်ချာခနဲ လှည့်ထွက်ခဲ့ဖို့ ကောင်းသည်။ဘာလို့ဆို ဒါက သူ့အခန်းဖြစ်နေသည်လေ။ဧည့်သည်ကိုအိမ်ရှင်ကမှ နှင်နေပြီပဲ။ ကျနော်ဘာကြောင့် ထပ်ရှိနေဦးမလဲ...။

သူ့ပုံစံကြည့်ရတာ ကျနော့်ကို သူ့ဘ၀၊သူ့စိတ်၊သူ့နှလုံးသားထဲကနေ ထွက်သွားအောင် မောင်းနှင်ထုတ်နေပုံရပါ သည်။ သူမမျက်လုံးများက ထိုစကားများကိုပြောနေချိန်မှာ နှစ်နှစ်ကာကာ စိတ်ပါလက်ပါ ရှိလှသည်။

++++++

အဖြစ်အပျက်များက လွန်စွာမြန်ဆန်လှသည်မို့ ဘယ်အခိုက်အတန့်မှာ ခုလိုစိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို ရောက်သွားခဲ့လဲ ကျနော် စဉ်းစားလို့မရပါ။
ကျနော်ခန့်မှန်းရသလောက်တော့ ကျနော့်ဆီကို ၀င်လာတဲ့တယ်လီဖုန်းတခုကြောင့် ဖြစ်သည်။ တယ်လီဖုန်း ဆက်တဲ့ကိစ္စရော၊ဆက်တဲ့သူပါ ကျနော့်အတွက် အရေးမကြီးလှသည်မို့ ပေါ့ပေါ့တန်တန်သာ သဘောထား လိုက်ပါသည်။ သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။

အမှန်အတိုင်းပြောပြလိုက်တော့ သူဒေါသူပုန်ထပါသည်။ သူဒေါသက ချက်ချင်းအမြင့်ဆုံးအခြေအနေကို ရောက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဒေါသဒီဂရီက မြင့်တက်လာတာ ဖြစ်သည်။သူ ဒေါသ စထွက်ချိန်မှာ စကားတခွန်းပြောမည်။ကျနော်က ဖြေရှင်းမည်။ ပြောရင်း... သူ့အပြစ်တင်မှုတွေကို ဖြေရှင်းရင်း ဖြေရှင်းရင်းကနေ... ကျနော့်စကားတွေကြားကျနော့်ဘာသာ လှောင်ပိတ်မိ ပြီးထွက်မရတော့...။ အဲ့ဒီအခါမှ သူ့ဒေါသမီးလျှံများက အထွဋ်အထိပ်သို့ရောက်ကာ ဘယ်လိုမှ ငြှိမရ၊နှိုင်းမရတွေ ဖြစ်ကုန်တော့သည်။

++++++

မျက်လုံးကို အစွမ်းကုန်ပြူးထုတ်ထားပြီး အသံကိုအကျယ်ဆုံးထိ မြှင့်တင်ထားသော ထိုမိန်းမကို စိတ်ပျက်လက်ပျက် ကြည့်နေရင်းကပင် သူမရဲ့ အလှကိုကျနော်သတိပြုနေမိသောကြောင့် ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်မိသည်။
ပါးလျလျနှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်လို့ အဖြူဖတ်လေးတွေလန်နေသေးသည်။ ကျနော့်ဆီ ဖုန်းတခုဝင်လာပြီးနောက် သူနဲ့ကျနော်ကတောက်ကဆတ်ဖြစ်ကြတဲ့အချိန်က သူမအပြင်သွားဖို့ အလှပြင် နေချိန်မို့ မိတ်ကပ်လူးလက်စ သူမမျက်နှာက ကြည်လင်လို့နေသည်။ ခေါင်းလျှော်ထားတဲ့ဆံပင်တွေက စိုနေတုန်းပေမယ့် ငယ်ထိပ်နားတ၀ိုက်က ဆံပင်တွေတော့ ခြောက်နေပြီ။

လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်လောက်တုန်းက "မောင်..ကျမဆံပင်တွေကို စက်ဆွဲပေးဦးနော်" လို့ ကျနော့်ကို ပြောခဲ့တာ သူမမှ ဟုတ်ပါလေစ လို့ ကျနော် ကပျာကယာတွေးမိသည်။ သေးသေးလေးပေမယ့် ထိပ်ကလေးမှာ လုံးနေတဲ့ သူမနှာခေါင်းကို ဖြတ်ကနဲ လိမ်ဆွဲပြီး ကျနော့်ရင်ခွင်ထဲဆွဲထည့်ထားဖို့ စိတ်ကူးမိသည်။မဖြစ်နိုင်ပါ။ ကျနော်သူ့ကို ဆွဲဖက်လိုက်ရင် သူမက ကျနော့်ကို ကုတ်ဖဲ့ရိုက်ပုတ် မလုပ်ဘူးလို့ ပြောနိုင်ပါ့မလား...။ သူမအဲ့လိုလုပ်လာရင် ကျနော်ကရော စိတ်ကို ထိန်းထားနိုင်ပါ့မလား။

++++++

သို့နှင့်ပင် ကျနော်ထွက်လာခဲ့သည်။ဘယ်လောက်အတိုင်းတာထိ ထွက်သွားခိုင်းမှန်း ကျနော်မသိသော်ငြား ကျနော်ခြေလှမ်းများက သူ့ဘ၀ထဲကနေ ထွက်သွားနေတာဖြစ်သည်။ကျနော် အဲ့ဒီမိန်းမကို လည်ပြန်တောင် ငဲ့မကြည့်ချင်တော့ပါ...။

စိတ်သည် ထူးဆန်းပေစွ...။

+++++

ဆေးလိပ်မီးကို ရဲကနဲ ရဲကနဲ နေအောင် ကျနော်ဖွာလိုက်သည်။ မိုးတွေက အပြင်မှာ သည်းသည်းထန်ထန်...။ ကျနော်တို့ ရန်ဖြစ်ကြတုန်းက သူမက အပြင်သွားမို့လုပ်နေတာ။ထီးမှ ပါသွားရဲ့လား။ သူမ သွားရမယ့် နေရာကိုရော ချောချောမွေ့မွေ့မှ ရောက်ရဲ့လား...။သွားတဲ့ကိစ္စရော အဆင်မှပြေရဲ့လား...။
ကျနော် မိန်းမကြီးတယောက်လို ပူပင်နေမိသည်။

သူ့ဆံပင်စိုစိုတွေကို ရေခြောက်အောင် မသုတ်ပဲ အိပ်ယာထဲဝင်အိပ်နေမလား...။စိတ်ဖိစီးမှုတွေများပြီး ဖြစ်နေတဲ့ ပါးစပ်ထဲက အနာတွေကများ အရမ်းနာနေမလား...။ ဆေးခန်းသွားဖို့ အင်မတန်ပျင်းတဲ့ သူမကို ကျနော်ပဲ ဆေးတွေကို အဆင်ပြေသလို တိုက်နေတာမို့ ခု ဘယ်ဆေးကို သူသောက်မလဲ... ကျနော့်ကိုရွဲ့ပြီး သောက်ရောသောက်ပါ့မလား....။ .....။

++++

လက်ထဲက ဆေးလိပ်ကိုကြည့်လိုက်တော့ အစီခံနားထိ တိုဝင်နေပြီ..။အပြင်ကိုငေးနေမိတဲ့ စိတ်တွေကို အခန်းထဲပြန်ခေါ်ထည့်....နောက်ပြီးတော့ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးခြေပြီး မာန်ဖီနေတဲ့ ခရမ်းရောင်ပန်းပွင့်လေးဆီ ကျနော့်ခြေလှမ်းတွေကို သယ်ဆောင်ခဲ့မိတော့သည်...။

စိတ်သည်ထူးဆန်းပေစွ..။


(မှတ်ချက်...။ နာရီတွေတင် ပြောင်းလဲတာမဟုတ်. ..စာရေးတဲ့သူလဲ ပြောင်းလဲနေတယ်။စက္ကန့်နဲ့အမျှပါပဲ..။
ဇေယျာလင်းစကားနဲ့ပြောရရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့တောင် ကိုယ့်ကိုယ်ကိုပြန်ရှာနေရတယ် ဆိုသလို အခိုက်အတန့်ခဏဆိုတော့... စာတွေလဲ မရေးဖြစ်၊ရေးဖြစ်လဲ အရာမထင်။ ဆိုတော့... သည်းခံပြီးဖတ်ကြဗျာ.)