Wednesday, May 18, 2011

ဟုတ်ကဲ့ ခုတလောလေ..

(၁) အစားချင်ဆုံးအစားအစာ - ဘူးရွက်ပြုတ် နဲ့ ငါးမီးဖုတ်ထောင်းဖျော်ထားတဲ့ ငါးပိရည်ကျို ။ ပြီးတော့ ငါးကျော်နှပ်လေးနဲ့လေ။

(၂) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်း နဲ့ ဟင်း။ စားရသမျှ အစားအစာတွေထဲမှာ ထမင်းနဲ့ဟင်းကိုပဲ အကြိုက်ဆုံးပါပဲ။ အဲ့ဒါတွေ မရှိတဲ့အခါကျတော့လဲ ကြုံသလိုပေါ့။

(၃) အလိုချင်ဆုံးရေမွှေး - မရှိပါဘူ။ ကြိုက်လဲမကြိုက်ပါဘူး။

(၄) သုံးဖြစ်နေတဲ့ရေမွှေး - မကြိုက်ပါဘူး ဆို။

(၅) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - ဘာရယ်လို့ သတ်သတ်မှတ်မှတ် မမျှော်လင့်တတ်ပါ။ ပေးတာမှန်သမျှ မြတ်နိုး၊တန်ဖိုးထားတတ်ပါတယ်။

(၆) အလိုချင်ဆုံးဖုန်း - ဒွိဟတွေနဲ့။မရသေးဘဲနဲ့ကို BlackBerry လား အိုင်ဖုန်းလား ဝေခွဲမရ ဖြစ်နေသေးတယ်။

(၇) သုံးဖြစ်နေတဲ့ဖုန်း - အဲ့ဒါပြောရရင် ဇာတ်လမ်းကအရှည်ကြီး။ ခု ဆိုနီအဲရစ်ဆင် ဗီဗက်စ်၅ လေးသုံးနေတယ်။ အနီရောင်ဗျ။

(၈) အရူးသွပ်ဆုံးအရာ - အင်တာနက်လေ။ မုန်းထှာ ကိုယ့်ကိုယ်လဲ။

(၉) အနီးစပ်ဆုံးဂီတ - ရော့ခ်လေ.. ရော့ခ်...။ အရှေ့ကို ရှိတ်ပါဟေ့.. အနောက်ကို ရှိတ်ပါဟေ့ တွေမကြိုက်ဘူး။

(၁၀) အလိုချင်ဆုံးစာအုပ် - တိုးနှောင်မိုး၊သွေး(စစ်ကိုင်း) တို့နဲ့ နောက်ထပ် ၃၊၄ ယောက်ပါသေးတယ်။ သူတို့တွေ ပေါင်းထုတ်ထားတဲ့ ကဗျာစာအုပ်။ ဟိုး ငယ်ငယ်တုန်းက ဖတ်ဖူးတာ။ ခုပြန်လိုချင်တယ်။

(၁၀) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အလွမ်းတက္ကသိုလ်၊ပန်းတက္ကသိုလ် (ကလောင်စုံ)

(၁၂) အကြားချင်ဆုံးစကား - မြန်မာပြည်ကို ပြန်လို့ရပြီ။ မြန်မာပြည်မှာ သူဌေးတွေကိုလဲ ဖိန့် ဖိန့် တုန်အောင် ကြောက်နေစရာ မလိုတော့ဘူး။အင်တာနက် လိုင်းတွေလဲ ကောင်းနေပြီ။ ဧရာဝတီတိုင်းထဲကို သွားတဲ့လမ်း တွေလဲ အရမ်းကို ကောင်းနေပြီ။ ရွှတ်ဆိုတာနဲ့ အမေ့အိမ်ရှိတဲ့ မြို့ကို ရောက်သွားမယ်။ ပြန်လာတော့။ အေးဆေး အေးဆေး ဆိုတာမျိုးလေ။

(၁၃) အဖြစ်ချင်ဆုံးဆန္ဒ - ညတုန်းကတွေးမိတာ။ ကြီးကြီးကျယ်ကျယ်နဲ့ မကြေးမုံက အလုံးကြီးကြီးတွေ ပြောပြန်ပြီလို့လဲ မကဲ့ရဲ့ကြပါနဲ့။ ညတုန်းက ကဆုန်လပြည့်နေ့ လကိုကြည့်ရင်း စိတ်ကူးပေါ်လာတာလေ။
အမပြောတဲ့ စု၊ဖွား၊ပွင့်၊စံ ... ဘာညာပေါ့လေ။ အိမ်ကိုပြန်ထားတာလဲ သိပ်မကြာသေးတော့ တူမလေးတွေ၊ တူလေးတွေကို သတိရနေတာလဲ ပါတယ်။ သူတို့ဘ၀တွေက ဖြည့်စွက်စာတွေ မစားရပေမယ့် ဖြည့်စွက်ပစ္စည်းတွေနဲ့ မြတ်စွာဘုရားအကြောင်းလဲ ဘာမှ ဂဃနဏ မသိဘူး။ သူတို့မိဘတွေကလဲ ပြောမပြနိုင်ကြဘူး။ ဘုရားရှိခိုးတော့ သင်ပေးပါလိမ့်မယ်။အဲ့ဒါနဲ့ ရွာမှာ ကိုယ်တွေငယ်ငယ်က တက်ခဲ့ဖူးသလိုမျိုး ဗုဒ္ဓဘာသာ သင်တန်းကျောင်းလေး ဖွင့်ပေးချင်မိတယ်။ဘုန်းကြီးကလဲ အမျိုးတော်တဲ့ဘုန်းကြီးဆိုတော့ အရှင်ဘုရား တစ်သိန်းလောက် ၀တ္ထုကပ်ပါတယ်။ သင်တန်းပေးပေးပါ ဘုရားဆို ရမလားပေါ့။ ကိုယ့်တူ၊တူမတွေတွင်မက တရွာလုံးက ကလေးတွေလဲ သိသွားနိုင်တယ်ပေါ့။ တွေးမိတာရယ်။ အဲ့ဒါလေး လုပ်ချင်မိတယ်။

(၁၄) အလိုချင်ဆုံးဆု - မခွဲခြားပြတတ်ပါ။

(၁၅) အသွားချင်ဆုံးနေရာ - မန်းလေး မန်းလေး။

(၁၆) သွားဖြစ်နေတဲ့နေရာတွေ - စင်ကာပူမြစ်နား။

(၁၇) အကြည့်ချင်ဆုံးရုပ်ရှင် - ဘာကားဖြစ်ဖြစ်ပါ။ ခုတော့ ကိုးရီးယားကားတွေကြည့်နေမိတယ်။ ဒါမယ့် ပြတ်တောင်းပြတ်တောင်းဖြစ်တာကိုတော့ စိတ်မရှည်ဘူး။

(၁၈) အပြောချင်ဆုံးစကား - သူများကိုနားလည်ပေးဖို့ ကြိုးစားတဲ့သူ မဖြစ်ပါစေနဲ့။ နောက်ပြီး နှစ်ခါပြန် တွေးတတ်တဲ့လူ မဖြစ်ပါစေနဲ့။

(၁၉) အယုံကြည်ဆုံးလူသား - အမေ လေ။

(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကိုယ်ကိုလေ။

(21) အမုန်းဆုံးအရာ - တစ်ခုထဲ၊တစ်ယောက်ထဲ မဟုတ်ဘူး။သူတို့တွေ မြန်မာပြည်မှာရှိတယ်။ သူတို့ကိုထက် ဘယ်သူ့ကိုမှ မမုန်းဘူး။

(22) အသောက်ဖြစ်ဆုံးအအေး - Sour plum lime juice. အမြဲသောက်ချင်တာ။

(23) လတ်တလောအထိတွေ့ဆုံးအရာ - ကွန်မြူတာ ကွန်မြူတာ။

(24) မကောင်းတဲ့ကျန်းမာရေး - ညာဘက်နားလေ။ ၀ဋ်နာကံနာပါပဲ။

(25) အကောင်းဆုံးအဖော် - လောလောဆယ်တော့ ဘေးနားမှာ။

(26) လက်ရှိအကြိုက်ဆုံးသီချင်း - ရွှေပွင့်လွှာ (မန္တလေးသိန်းဇော်)

(27) အကြောက်ဆုံးအလုပ် - မကြောက်တတ်လွန်းလို့ ဆိုလားပဲ။ သူများတွေ ဝေဖန်ကြတာလေ။

(28) တန်ဖိုးအထားဆုံးအရာ - အသေးအဖွဲလေးကအစ တန်ဖိုးထားပါတယ်။ အဲ့လိုတွေ တန်ဖိုးထားတတ် လွန်းလို့လဲ ကိုယ့်ကိုယ်ကို စိတ်ပျက်နေမိပါတယ်။ ဘာလို့ဆို နောက်ဆုံးတော့ "အားလုံးငါ့အပြစ်တွေပါကွယ်" ချည်းပဲ ဖြစ်ဖြစ်လာနေလို့လေ။

(29) အကြောက်ဆုံးတိရိစ္ဆာန် - မြွေ (အသွေးထဲ အသားထဲကနေကို ကြောက်တာ။ မြွေအရုပ်လဲ ကြောက်တယ်။ မြွေလိုမျောရှည်ရှည်ဆိုရင်တောင် ကြောက်ပါတယ်)

(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - မဂျူနီယာ ၊ ကိုလင်းဒီပ။

(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ်၊ဖုန်း။(တကယ်တော့ မြန်မာပြည်မှာတုန်းကလို ဘောင်းဘီ အိတ်ထဲ ပိုက်ဆံထည့်ရုံပဲထည့်ပြီး သွားချင်တာ၊ဒီမှာက ဘာကဒ်၊ညာကဒ်တွေကလဲ ပါသေးတာကလား။ ရှုပ်ပေမယ့် သယ်ရတာပါပဲ)

(32) သွားဖြစ်နေတဲ့နေရာတွေ - မသွားချင်လဲသွား၊ သွားချင်လဲသွားမို့ မပြောတော့ပါဘူး။

(33) စိတ်အညစ်ဆုံးအချိန် - ဘယ်အချိန်ကို ရွေးထုတ်ရမှန်းတောင် မသိတော့ဘူး။ အမြဲ စိတ်ညစ်နေတော့ အပျော်ဆုံးအချိန်ဆိုရင်တောင် ရွေးရ ပိုလွယ်မလားပဲ။

(34) အနေချင်ဆုံးနေရာ - လမ်းပေါ်လေ။ခြေထောက်မှာ ဗွေမပါပေမယ့် လမ်းထွက်နေရတာကိုပဲ ကြိုက်တယ်။
ရေးရင်း "ကျနော် လမ်းပေါ်ကလူပါ" ဆိုတာလေး ပြေးသတိရတယ်။ :)

(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - သမတ အသစ်ပေးလိုက်တဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြားတော့လေ။.. ဟီးဟီး နိုင်ဂံရေးတွေတောင် ပါကုန်ဘီ။

(36) ပေးချင်တဲ့သတင်းတစ်ခု - မန်ယူဖလား ရသွားတယ်လေ။ နောက်ထပ် တစ်ဖလားလဲ လက်တစ်ကမ်းပဲ လိုတော့တယ်။ (မမဂျူနီယာ မသိမှာစိုးလို့)

(37) အပျော်ဆုံးဖြစ်မယ့်အချိန် - ကိုယ်အလိုချင်ဆုံးတစ်ခုကတော့ မရနိုင်ပြီကွယ် ဆိုတဲ့သီချင်း မဆိုရတော့မယ့်နေ့။ ...။

စာရေးမရတဲ့အချိန် ဒီလို Tag လေးတွေ ဖြေရတာလဲ ကောင်းတာပဲ။ တခြားလူတွေ tag ထားတာတွေလဲ ဖြေပါဦးမယ်။

Sunday, May 15, 2011

အမေ့ဆီမှ တဆင့်

နေ့လည်တုန်းက အမေ့ဆီဖုန်းဆက်တယ်။ ထုံးစံအတိုင်း သာကြောင်း၊ မာကြောင်း၊ဘုရားမှန်မှန်ရှိခိုးကြောင်း မုသား တ၀က်လိမ်းကျံပြီး ဖြေရတယ်။ အမေ့ဆီက မေတ္တာတွေရလိုက်တယ်။ အဲ့ဒီမေတ္တာတွေရဲ့အရှိန်နဲ့ တခြား သူတွေကို မေတ္တာ ရောင်ပြန်လေးတွေ ပေးရဦးမယ်။ ပေးနိုင်ဖို့ မျှော်လင့်တယ်။ အမေ့ဆီမှတဆင့် ရကာမှပဲ..။

ဘ၀ဟာ ဒီလိုပဲ လုံးချာလည်လိုက်နေတော့မှာပါပဲ။ အတိတ်ကို ပြန်မတမ်းတဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ အရင်တုန်းက မကြေးမုံဟာ သူများတွေကို စိတ်ခွန်အားတွေ ဖြည့်ပေးနိုင်တဲ့ လူပေါ့။ အခုတော့ မကြေးမုံဟာ သူကိုယ်တိုင် စိတ်ခွန်အားတွေ အရောင်ဖျော့နေ လေရဲ့။

အရွယ်မရောက်ခင်မှာပဲ စိတ်တွေ အိုစာခဲ့ရလို့ ဘ၀ဆိုတဲ့ သီချင်းကို ခုတလော ခဏခဏညည်းမိတာရယ်။ ..


Thursday, May 05, 2011

Internet cafe' မှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေကြည့်မိတယ်

အခန်းတံခါးကို ဆွဲဖွင့်ပြီးဝင်လိုက်လိုက်ချင်းမှာပဲ ၀မ်းနည်းစိတ်၊ သူ့ကိုယ်သူ နှမြောစိတ်၊ သူ့ရဲ့ အတိတ်ကို သူ ပြန်လည်တသ တဲ့စိတ်တွေ လှိုက်လှိုက်ပြီး တက်လာတယ်။ သူဟာ သိပ်ကိုခံစားတတ်သူပါ။ ဘုရားဟောခဲ့ဖူးတဲ့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေကဋာ ပြောင်းလဲနေတယ်ဆိုတဲ့ စိတ်ရဲ့အပြောင်းအလဲတိုင်းကို ဥာဏ်မှီသ လောက် လိုက်ဖမ်းဆုပ်ပြီး ခံစားတတ်နေတာလဲ သူပဲလေ။

ကောင်တာဘက်ဆီ လှမ်းကြည့်လိုက်တော့ တစ်ဦးတစ်ယောက်မှ မမြင်ရဘူး။ ဟိုအရင်တုန်းကဆိုရင်တော့ ခုလို ဘယ်သူမှမရှိနေလဲ ပြဿနာမရှိဘူး။ လွတ်နေတဲ့တစ်နေရာဆီ လျှောက်သွားပြီး ကိုယ့်စကားဝှက်ကို ရိုက်ထည့်လို့ ကွန်ပြူတာပွင့်လာတာနဲ့ သုံးလိုက်ရုံ။ ခုတော့ ကိုယ့်ကို "အမ ဘယ်စက်ယူမလဲ၊ member လား " ဆိုပြီး နေရာချထားပေးမယ့် တစ်ယောက်ယောက် ဒီကောင်တာဆီကို ပြန်လာတဲ့အထိ မတ်တပ်ရပ်လို့ စောင့်နေရုံပေါ့။ ခဏနေတော့ အမျိုးသမီးတစ်ဦးပြန်ထွက်လာတယ်။ နောက်ဖေးဘက်သွားတာ ထင်ပါရဲ့။ ပြီးတော့ သူ့ကို နံပါတ် ၆ ကို သွားပါ အမ ဆိုပြီးပြောတယ်။ ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းလောက် အတွင်းမှာ သူ့စိတ်တွေဟာ အဝေးဆီကို ထွက်ပြေးသွားတယ်။

၅၊၆၊၇ ဆိုတာ သူထိုင်နေကျ ခုံနံပါတ်တွေ။ အဲ့ဒီတုန်းက သူက ဂျီမေးလ်၊ဂျီတော့ခ် မှန်မှန်သုံးဖြစ်တယ်။ ဂျီတော့ခ် ကို အမြဲတမ်းစိမ်းထားပြီး သူငယ်ချင်းစာရင်းထဲမှာ မိတ်ရင်းဆွေရင်းတွေချည်းပဲ ဆိုပေတဲ့ လာခေါ်တဲ့လူတိုင်းကို စကားပြန်ပြောမဟုတ်ဘူး။အနီရောင်အတုံးဆိုတာ ဘယ်တုန်းကမှ မတား,ထားခဲ့ဖူးဘူး။ သူ့အယူအဆက သူဟာ အလုပ်များနေတဲ့သူ မဟုတ်ဘူး။အားလို့ အင်တာနက်သုံးနေတာဖြစ်တဲ့အတွက် အစိမ်းရောင် အစက်လေးပဲ ချထားရမယ်။ ဒါပေမယ့် လူတိုင်းနဲ့ စကားမပြောချင်လို့ လာခေါ်တိုင်းပြန်မပြောနိုင်ဘူး။ အဲ့လိုမျိုး ကန့်လန့်တွေးပြီး ထင်သလိုလုပ်ရဲတဲ့ စိတ်အင်အားတွေ သူ့မှာ ခိုအောင်ခဲ့ဖူးတယ်။

အဲ့ဒီတုန်းက သူ ဘလော့မှန်မှန် ဖတ်ဖြစ်တယ်။ ပရောက်ဇီအမျိုးပေါင်း သောင်းခြောက်ထောင်ကို အလွတ် မှတ်မိနိုင်တယ်။ "ဥပဒေနှင့် မလွတ်ကင်းသောဝက်ဘ်ဆိုဒ်များ မကြည့်ရ" လို့ တားမြစ်စာ ကပ်ထားတဲ့ဆိုင်မှာ ကိုယ်ကြည့်ချင်တဲ့၊ဖတ်ချင်တဲ့ သတင်းမှန်သမျှ ဖတ်ခဲ့ဖူးတယ်။ ဆိုင်ဝန်ထမ်းက နောက်သလို၊ပြောင်သလိုနဲ့ "အမ ဘာတွေကြည့်နေတာလဲလို့" တားမြစ်ချင်သလို မေးလာခဲ့ရင် "ငါ့လာမေးမယ့်အစား ဟိုဘက်စက်က ညစ်ညမ်းဗွီဒီယိုကြည့်တဲ့လူကို သွားမေးပါလားဟယ်" လို့ အငေါ့လဲတူးတတ်တယ်။

အဲ့ဒီတုန်းက သူ စာမှန်မှန်ရေးနိုင်ခဲ့ဖူးတယ်။ သူ့စာတွေအတွက် သူ့မှာ ဘယ်လိုယုံကြည်ချက်မှ မထားခဲ့ဖူးဘူး။ သူ့စာတွေဟာ သူ့အတိုင်းပဲ၊ ခပ်သွက်သွက်၊ခပ်မြန်မြန် အရှိန်တစ်ခုနဲ့ ...။ ပြီးတော့ သူ့စာတွေကနေ သူ့ကို ဖောက်ထွင်းလဲ မြင်နိုင်တယ်။

အဲ့ဒီတုန်းက သူက အင်တာနက်သုံးရင်း အင်းစတင့်ကော်ဖီ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ခဲ့တယ်။ ထမင်းကြော်ကို ပုံမှန်စားတယ်။ မျက်စိညောင်းလာရင် အင်တာနက်ဆိုင်မှာရှိတဲ့ သတင်းဂျာနယ်တွေထဲမှ အတင်းအဖျင်းတွေကို လိုက်ဖတ်တတ်တယ်။ ပြီးတော့ ဆိုင်ရှင်တွေနဲ့ စကားစမြည် ပြောဆိုလေ့ရှိတယ်။

----
-----
------

အဲ့ဒီတုန်းက သူဟာ စကားများတဲ့သူ ဖြစ်ခဲ့တယ်။သို့ပေမယ့် အဲ့ဒီတုန်းက သူဟာ မလိမ်ညာတတ်ခဲ့ဘူး။

အဲ့ဒီတုန်းက သူ ဆိုတာလဲ ရှိခဲ့ဖူးတယ်။


Monday, March 21, 2011

"ဗျာ"

အသက်ရှူသံတွေ ပူနွေးကြမ်းရှနေစဉ်မှာပဲ..
နှစ်ခွက်ဆင့်ထပ်ထားတဲ့ ကော်ဖီနှစ်ခွက်ဟာ
အခန်းထောင့်က အမှိုက်ပုံးထဲ ရောက်သွားပြီ။

ငါ့အသက်မှာ
ငြိမ်းချမ်းမှု တစ်မှုံတစ်လေမျှ ပါမလာဘူး။
ခြေသံကြားတိုင်း ခေါင်းထောင်ထောင်ပြီးကြည့်မိလို့
ခု..ငါ ခွေးလုံးလုံး ဖြစ်ခဲ့ရ..။

ခွေးဆိုလို့ အထင်တော့ မသေးနဲ့ဟေ့..
ငါ့နုံအမှုတွေ တအုံတမကြီးနဲ့
ရင်းနှီး၊ဖန်တီး၊ပြောင်းလဲယူထားရတာ..
အလျော်အစားက ကြီးတယ်။

အသွေးအသားလည်ပတ်စီးဆင်းခြင်းပုံစံအပြောင်းအလဲ
ချစ်ခြင်းမေတ္တာတွေက အရင်အတိုင်း...
လှတယ်...။....။

Saturday, February 26, 2011

မုန်းမိတယ်ဆိုရင်တောင် အဲ့ဒါ မတော်တဆ

ကျမတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးကြတယ်...။အဲ့ဒိ မတော်တဆမှုတွေကနေပဲ တချို့ အမှတ်ရစရာ၊ပျော်စရာ၊တချို့ဝမ်းနည်းစရာ..နောက်ပြီး အဲ့ဒိမတော်တဆမှုတွေကနေ တစ်ဘ၀လုံး ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေထိ ဆိုးရွားခဲ့တာတွေ..။

*********************************************

ဒီညကြည့်ခဲ့ရတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်းလေးတစ်ခုအကြောင်း အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဖြစ်ပြီး မင်းသားက မြန်မာပရိတ်သတ်တွေကြားမှာ အချိန်အတော်ကြာ ကွယ်ပျောက်နေတဲ့ တချိန်တုန်းက ညီနန္ဒခေါ် ခု နန္ဒ ပါ။ မင်းသမီးတွေက နန္ဒာလှိုင်နဲ့ ပန်းဖြူနဲ့ ကလေးသရုပ်ဆောင် ၂ယောက်လဲ ပါဝင်ပါတယ်။

ဇာတ်လမ်းကို အကျဉ်ချုံးပြီးပြောရရင်တော့ ညီနန္ဒနဲ့ ပန်းဖြူတို့က ဇနီးမောင်နှံတွေဖြစ်ကြတယ်။သူတို့မှာ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။

ပန်းဖြူက အိမ်ထောင်မှုလုပ်၊သိမ်းထုပ်သေချာပြီး အင်မတန်မှ သ၀န်တိုတတ်တဲ့အမျိုးသမီး၊ညီနန္ဒကကျတော့ အလုပ်ကိုပဲအေးအေးဆေးဆေးလုပ်ချင်သူ။ သူ့မိန်းမကိုအရမ်းချစ်ပေမယ့် သူ့မိန်းမကတစ်မျိုးပြီးတမျိုး မရိုး နိုင်အောင် သူ့ကိုနီးစပ်ရာအမျိုးသမီးတွေနဲ့သမုတ်နေတာကို နားပူမခံချင်ဘူး။နားအေးပါး နေချင်တဲ့သူ ဆိုပါတော့။

သူတို့နှစ်ဦး(နန္ဒနဲ့ ပန်းဖြူ)ကြားမှာ ယောက်ျားလုပ်သူကို အမျိုးသမီးက အမြဲတမ်းရန်ရှာပြီး၊ အချိန်တိုင်း ရန်ဖြစ်နေရတဲ့ ပြသနာကတော့ နန္ဒာလှိုင်နဲ့ ညီနန္ဒတို့က အလုပ်တစ်ခုထဲဖြစ်နေခြင်းပါပဲ..။ညီနန္ဒရဲ့ အသံသွင်းစတူဒီယိုမှာ နန္ဒာလှိုင်က ၀န်ထမ်းတစ်ဦးပေါ့။

ဒီလိုနဲ့ သ၀န်တိုတတ်တဲ့မိန်းမရယ်၊အေးတိအေးစက် မထုံတတ်တေးလုပ်တဲ့ယောက်ျားရယ်၊နောက်ပြီး အင်မတန်မှ ဗဟုသုတကြွယ်ဝသလို၊လူတွေရဲ့ စိတ်အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက် လွယ်သော တပည့်မလေးတစ်ဦးရယ်နဲ့ ဇာတ်အိမ်တစ်ခုတည်ခဲ့ပါတယ်။

ခုနောက်ပိုင်း မြန်မာဇာတ်လမ်းတွေအတော်များများဟာ ဟိုအရင်ကလို ချစ်ကြိုက်ကွဲ၊ပြီးရင် ပြန်ပေါင်းထုပ် ဆိုတာတွေထက် အခုကားလိုမျိုး လူ့သဘော၊မနောတွေနဲ့ ရောယှက်ထားတဲ့ဇာတ်တွေ များလာပါတယ်။ ဇာတ်အိမ်အားဖြင့်ရှုပ်လာပြီး အဲ့ဒီဇာတ်အတွက် သရုပ်ဆောင်တွေနိုင်နင်းမှု ရှိမရှိဆိုတာကတော့ တခြားတပိုင်းပေါ့လေ...။

အဲ့ဒါနဲ့ တနေ့မတော့ လင်မယားချင်းစကားများကြတယ်။ ဒီတစ်ခေါက်ပြဿနာက အနည်းငယ်ပြင်းထန်ပြီး ကိုယ်ထိလက်ရောက်တွေပါ ပါလာတယ်။ တွန်းထိုးရင်းက ပန်းဖြူက ဗီရိုစောင်းနဲ့ခိုက်မိပြီး သေဆုံးသွားခဲ့တယ်။

ဒီနေရာမှာ ဇာတ်လမ်းအသေးစိတ်ကို မရေးလိုတော့ပါ။ပန်းဖြူက သေခါနီးမှာဆွံ့ဆွံ့အအနဲ့ ယောက်ျား လုပ်သူကို တစ်ခွန်းထဲပြောသွားတဲ့ စကားက “ကလေးတွေကို စောင့်ရှောက်ပါ” တဲ့။ အသက်ငင်နေနဲ့ ပန်းဖြူရဲ့ မျက်လုံးတွေထဲမှာ"ပြဿနာကို ငါဒီနည်းနဲ့ဖြေရှင်းမိတာ မှားသွားပြီလား" ဆိုတဲ့ နောင်တတွေများလားလို့ ကျမခံစားရှာဖွေမိပြန်ပါတယ်။

အဲ့ဒိမတော်တဆမှုကို ရဲလက်အပ်လိုက်ရင် သူ့ကလေးတွေ မိဘမဲ့တွေဖြစ်ကုန်တော့မှာစိုးတဲ့အတွက် မိန်းမအလောင်းကို ရေထဲလွှင့်ပစ်ခဲ့တယ်။နောက်ဆုံးမတော့ ဖုံးဖိထားရင်းကပဲ အမှုကပေါ်သွားတယ်။ ကလေးတွေက ဖအေလုပ်သူကို အထင်တွေလွဲ၊ အဲ့ဒီလိုနဲ့ ဖခင်က ထောင်ကျတယ်ပေါ့။ သားနဲ့သမီးလေးက သူ့အဖေကို နာကျည်းသွားတယ်။ ဒီနေရာမှာ ညီနန္ဒအတွက် ဝေဒနာက ထောင်ကျရတာထက် လူမမယ် သားသမီးတွေရဲ့ အထင်အမြင်လွဲခံရတာက ပိုမယ်ထင်ပါတယ်။

နောက်ပိုင်းမတော့ ဖအေကို သားသမီးတွေက ခွင့်လွှတ်နားလည်ပေးကြောင်းနဲ့ "မုန်းတယ်လို့ပြောမိရင်တောင် အဲ့ဒါ မတော်တဆ" လို့ ရေးထားတဲ့ပိုစ့်ကဒ်လေးတစ်ခုကို ထောင်ထဲပို့ပေး...စသဖြင့် ဇာတ်ကိုမနာအောင် ပြန်သိမ်းထားတယ်....။

**********************

ဇာတ်လမ်းဆုံးပြီ။ ကုတင်ပုပုလေးပေါ်မှာ လှဲနေရင်း အတွေးနယ်ဆက်ချဲ့မိပါတယ်။ အဲ့ဒိလို မတော်တဆမှုတွေကြောင့် ကျမတို့ရှင်သန်ကြီးပြင်း ကျင်လည်ရာ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်ခဲ့ ပြီးပြီလဲ...။ အဲ့ဒါထက်ပိုလို့ အချိန် ၂နာရီလောက်ပေးပြီး ကြည့်လိုက်ရတဲ့ဒီဇာတ်လမ်းထဲကနေ ကျမဘာတွေရလိုက်ပါသလဲ။

ကျမသတိထားမိလိုက်တာ တစ်ခုရှိရဲ့...။အဲ့ဒါက အိမ်ထောင်ရေး၊သံသယ၊ဖောက်ပြန်ခြင်း နဲ့ နားလည်မှု အဲ့ဒါတွေ အဟ ကွာနေခြင်း ပါပဲ..။

ဒီဇာတ်လမ်းထဲမှာဆိုရင် ယောက်ျားက တကယ်မဖောက်ပြန်ပါဘဲနဲ့ သူ့ကိုဖောက်ပြန်ပါတယ်လို့ စွပ်စွဲတဲ့မိန်းမကိုတွန်းထိုးရင်းက လူသတ်တရားခံဖြစ်သွားရတယ်..။ မိန်းမအနေနဲ့ကလဲ သူ့ယောက်ျားဆီကနေ သေချာတိကျတဲ့ ဖြေရှင်းစကားတစ်ချို့ကို မျှော်လင့်နေမိခဲ့တယ်။ (အနည်းဆုံး လိမ်ညာပြီး ဖြေရှင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့)

ဒါပေမယ့် သူမျှော်လင့်သလို ဖြစ်မလာဘူး။သူ့ယောက်ျားကလဲ သူသည်ဘာတစ်ခုမှ အမှားမလုပ်တဲ့အတွက် ဘာကိုမှ ဖြေရှင်းနေစရာမလိုဘူး။

အသံသွင်းစတူဒီယိုအခန်း တစ်ခန်းထဲမှာ အလုပ်အတူလုပ်နေကြတဲ့ တပည့်မလေးက သူအလုပ်ထွက်ပေးဆိုလဲ ထွက်မယ်၊သူ့ကြောင့်တော့ ဆရာတို့အိမ်ထောင်ရေး အနှောက်အယှက်ဖြစ်နေပါ့မယ်ဆိုတဲ့ အပြောကိုလဲ ငါတို့ တွေ မောင်နှမရင်းတွေလို တစ်ယောက်ကိုတစ်ယောက် ခင်မင်ကြတာကို ငါတို့သိတယ်..။ ဒါကို သူများလက်ခံလာအောင် ရှင်းပြနေစရာမလိုဘူး။ နောက်ပြီးတော့ အဲ့လိုအလုပ်ထွက်လိုက်မှ တို့တွေရဲ့ ဖြူစင်မှုကို သူများအထင်သေးတယ် စသဖြင့် ငါတို့မမှားဘူးဆိုပြီးလက်မခံတဲ့ ဆရာတပည့်ကြားက နားလည်မှု၊စသဖြင့် ပေါ့လေ...။

ဒါပေမယ့် အဲ့ဒါတွေက ဘေးက ပွဲ့ကြည့်ပရိတ်သတ်ရဲ့အမြင်တွေပါ။ကာယကံရှင်တွေက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း၊ ဘာကိုခံစားနေရမှန်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မကြည့်နိုင်ပါဘူး။

အိမ်ထောင်မှု ကိစ္စတွေနဲ့ ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေနဲ့ သူတို့ဇောနဲ့သူတို့ ကပ်နေကြတာပါ။ တစ်ဦးချင်းစီက ငါမှန်တယ်၊ ငါဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အတွေးတွေ၊ ငါ့ကိုမှ လာစော်ကားတယ်ဆိုတဲ့ မခံချင်စိတ်တွေ၊ ငါ့ကိုယ်ကျင့်တရား၊ နောက်ပြီး ငါ့တာဝန်ယူမှု.. အဲ့ဒီခံစားမှုတွေက ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ထိ ရင်နင့်ကြေကွဲဖွယ် ဖြစ်ခဲ့တာပါပဲ။

ဒီဇာတ်လမ်းလေးကိုပဲ ကျမတွေးမိတယ်..။ဖခင်လုပ်တဲ့သူ ထောင်ကျသွားတော့ လူမမယ်ကလေးနှစ်ယောက်ကို နယ်မြို့က ဖခင်ရဲ့အစ်ကိုအိမ်မှာထားခဲ့ရတယ်။သူတို့ဟာ သူတို့ကိုသိပ်ချစ်ပြီး သိပ်အလိုလိုက်တဲ့ အမေကိုလဲ ရုတ်တရက်ကြီး ပျောက်ဆုံးခဲ့ရသလို အမေပျောက်ကွယ်သွားခါမှ သူတို့ကိုကြင်နာယုယမှုတွေ ပေးလာတဲ့ အဖေကိုပါ မဆိုင်းမတွပဲ... ထပ်ပြီးဆုံးရှုံးလိုက်ရပြန်တယ်...။ ရွှေတောင်ကြီးရော.. အိမ်ခေါင်မိုးရော... အကုန်ပြိုတာမှ သူတို့လေးတွေပါ....။

နှမြောစရာကောင်းတာက တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ ကလေးတွေရဲ့ မိခင်ဖခင်အပေါ် ထားရှိတဲ့ စိတ်တွေ၊ခံယူချက် တွေပေါ့..။ သူတို့လို ကလေးငယ်တွေ ကျမလက်တကမ်းမှာကို အများကြီးရှိနေလေရဲ့။

******************************

ကိုယ်ဘာမှမတတ်နိုင်တဲ့ လူ့သဘာဝတွေမို့ မသိလိုက် မသိဘာသာလေးပဲ နေလိုက်ရမှာလား။ ဒါမှမဟုတ် ကိုယ့်အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေနဲ့ သူတို့ရင်သွေးလေးတွေ သူတို့ကို မတော်တဆမုန်းမိနိုင်တယ် ဆိုတဲ့အကြောင်းလေးများ..... ကွေ့ပတ်ဝေ့၀ိုက်ပြီး ဆွေးနွေးရင်ကောင်းမလား...စဉ်းစား နေရတုန်းပါပဲ။

******************************


လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တုန်းက ရေးထားတဲ့ အဟောင်းလေးပါ။ကိုယ့်စာကိုယ်ဖတ်ပြီး စိတ်တိုင်းမကျပေမယ့် တိတ်ဆိတ်မှုကို ဒီနည်းနဲ့ပဲ ဖြိုခွဲခွင့်ပြုပါ။
ခေါင်းစဉ်ကိုလဲ အဲ့ဒီဇာတ်လမ်းထဲက ပိုစ့်ကဒ်လေးလဲက စာကြောင်းလေးပဲ ယူသုံးလိုက်ပါတယ်။း)