Sunday, September 06, 2009

ပွဲ


လမ်းကြားလေးတစ်ခုပါပဲ
...............။
အလင်းနဲ့ အမှောင်စီးချင်းသတ်ကြတဲ့နေရာ....
ညနဲ့လ ဇွဲခတ်ကြတဲ့နေရာ...
မိန်းမတစ်ယောက်အတွက်
မနက်ဖန်တွေ လောင်းကြေးထပ်တဲ့နေရာ....။

Mirror
5.09.09

Tuesday, September 01, 2009

တမ်းတ



သက်ပြင်းမှုတ်သံတချက်တချ
က်စီမှာ.....
နှာခေါင်းဝဆီက ထွက်လာတဲ့ခပ်နွေးနွေးအပူငွေ့တွေကို....
သစ်ရွက်စိမ်းတွေဆီက ဇိမ်းရွှေရွှေ(စိမ်းရွှေရွှေ)ရနံ့ကို
နှစ်ခြိုက်နေမိသလား...။
မပြောတတ်တော့ပါ
ဘာကိုမှလဲ ဆက်လက်ပြောကြားလိုစိတ် စိုးစဉ်လေမျှမရှိတော့ပါ။

တိမ်တောက်တဲ့ ညနေ၊
ရေတမာပင်ရိပ်သန်းတဲ့ ညနေ၊
သံလွင်မြစ်ရေစီးသံ သွဲ့သွဲ့ညင်သာတဲ့ ညနေ..၊
သိပ်လှတဲ့ညနေ၊
ဟော့ဒီ အထီးကျန်တဲ့ညေ
နမှာ......
ဟိုးဘက်သံလွင်မြစ်ဆီ တစ်ရိပ်ရိပ်ကျဆင်းနေတာဟာ
ဆည်းဆာလား..
ကိုယ်ကိုယ်တိုင်လား...
ကျရှုံးမှုမှာ ငါရင်မခုန်နိုင်ဘူး ညနေရေ....
ငါ...မရယ်၊မပြုံးပြနိုင်တဲ့အတွက် ခွင့်လွှတ်တော့လေ...ကွယ်......။

လျှောခနဲ၊လျှောခနဲ နဲ့
လျှောကျနေတဲ့...
ဆည်းဆာရေ....
ဒီတစ်ညတော့မင်းလဲ တစ်ထောက်နားလိုက်ဦး..
ငါလဲငါ့နှလုံးသားကို တစ်ညအနားပေးမယ်။

မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းထဲမှာ
အပူငွေ့တွေပါသွားပါစေ။
ဇိမ်းရွှင်ရွှင်ရနံ့တွေတော့ ချန်ထားခဲ့ပါဦး။
ငါ့အသက်ရှူသံခပ်ပြင်းပြင်းမှာ.....၀င်ကယ်ထွက်ကယ်နဲ့...
အဲ့ဒါ အပူငွေ့တွေများ။

ဘယ်ရောက်သွားလဲ၊
သူဘယ်ရောက်သွားသလဲ.........
ခင်ဗျားတို့သိထားရမှာက
ပြန်မရတော့တာဟာ
အတိတ်ဆိုတာကိုပါ။

မှတ်ချက်။ ။ ကဗျာခေါင်းစဉ်မှာ ကိုအငဲရေးပြီး ၀ိုင်ဝိုင်းရဲ့ ထာဝရ တေးစီးရီးထဲမှ သီချင်းနာမည် ဖြစ်ပါတယ်။ သဘောကျလွန်းလို့ ယူသုံးထားပါတယ်။ တစုံတရာ ကန့်ကွက်လာပါက ချက်ချင်းဖြုတ်ပေးပါမည်။

Saturday, August 29, 2009

မကြေးမုံတို့ရွာ

ဒီဘုရားနာမည်က ပဲ့နင်းကြီးဘုရားလို့ခေါ်ပါတယ်။ ဥမ္မာဒန္တီ မိဘုရားတည်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒိဘုရားနဲ့ ကပ်ရပ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး သင်္ကြန်တွင်းနဲ့ သီတင်းကျွတ်တိုင်းမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ အဲ့ဒိဘုရားနားက မယ်သီလရင်ကျောင်းလေးမှာ ကျမဆယ်တန်းပြီးခါစတုန်းက မယ်သီလရင် ၀တ်ဖူးတယ်။ ဘွဲ့နာမည်က ခေမာစာရီ တဲ့။း)။ ငယ်ငယ်တုန်းက ရိုးစင်းတဲ့ဘ၀ဖြတ်သန်းမှုတွေ တမ်းတရင်း ဒီဘုရားပုံလေးကို ရိုက်လာဖြစ်ခဲ့တယ် ဆိုပါတော့။

စကားထစ်ပေမယ့် အင်မတန်လည်တဲ့ အိမ်ရှေ့အိမ်က ကလေးလေး။ နာမည်က ကိုသူ တဲ့။ ခုမှ ၆ နှစ်ရယ်။ ညနေတိုင်း နွားထွက်ရုတ်ရတယ်..။(ရုတ်=ပြန်သိမ်းတာ)






ကင်မရာ စုတ်စုတ်လေးနဲ့ပါ။ တကယ်တော့ အစိမ်းရောင်သေချာမြင်ရတဲ့ ပုံတွေ ကျန်သေးတယ်။ ပုသိမ် မုံရွာလမ်းမကြီးပေါ့။ ကျမမိသားစုနေနေတဲ့ ရွာလေးရဲ့ အနောက်ဘက်မှာပါ။

စပါးပင်ရဲ့ အစိမ်းရောင်နဲ့ ဝေးနေကြသူများအတွက်။



မြက်ထုံး။ ရှေ့တစ်ထုံး၊ နောက်တစ်ထုံး၊ တံပိုးနဲ့လျှိုပြီး ထမ်းပါတယ်။ ခုလိုမိုးတွင်းမှာ ကောက်ရိုးခြောက်ရော မြက်ရော စားရတဲ့နွားတွေ ဆူဖြိုးတာပေါ့။

မြတ်ရိတ်ပြီးပြန်လာတဲ့ ရွာထဲကအစ်ကို၂ယောက်။

ကျနော် ကြွက်ထောင်မလို့ဗျ။

ဘာရယ် မဟုတ်ပါဘူး။ အားအားနေရင် ကိုယ့်ဇာတိမြေဆိုတာတော့ လူတိုင်း လွမ်းတတ်ကြတာပဲ မဟုတ်လား။ ဟုတ်ကဲ့။ ကျမ တောသူပါ။

Wednesday, August 26, 2009

ခရေရာဇ၀င်

မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့နှစ်ကျော့တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းလုပ်လုပ်စို့ တပြုံးပြုံး၊
ပန်းတွေ တကုံးကုံး။ ။


အဲ့ဒိ ပန်းသည်ကဗျာလေးကို သူ့မေမေက သင်ပေးဖူးသည်။ တကယ်တော့ သူ့မေမေနဲ့သူနဲ့က ငယ်ငယ်လေးထဲက ခုချိန်ထိ သားအမိရယ်လို့ အတူနေခွင့် သိပ်မရှိခဲ့တာ အမှန်ပါ။ သို့ပေမယ့် သူငယ်ငယ်တုန်းက ဆရာကြီးမင်းသုဝဏ် ကဗျာတွေကို လေးတန်းကျောင်းထွက် သူ့မေမေက နှုတ်တိုက်ချပြီး သင်ပေးခဲ့တာဖြစ်သည်။

သပြေသီးကောက်၊ ဥပုသ်စောင့် စတာတွေထဲကမှ သူကအဲ့ဒိ ပန်းသည် ကဗျာလေးကို ပိုလို့ အမှတ်ရမိနေတတ်သည်။ ဗန်းလေးယူခဲ့ မောင်လေးရယ်၊ သွားကောက်ချေစို့ကွယ် ဆိုတဲ့ နေရာလေးကိုတော့ ဘာကြောင့်မှန်းမသိ၊ သိပ်ကိုသဘောကျမိခဲ့တာ ခုချိန်ထိပါ။ အိမ်မှာ အငယ်ဆုံးပီပီ တကယ်ပဲ မောင်ငယ်လေး တစ်ယောက်တော့ ငယ်ငယ်ကလေးဘ၀တုန်းက လိုချင်ခဲ့တာ အမှန်ပါပဲ။

ဒါမယ့်သူဟာ တသက်လုံးမှာ တစ်ကြိမ်ရယ်သာ မောင်ငယ်လေး တစ်ယောက်နဲ့အတူ ခရေပန်းကောက်ခွင့် ရခဲ့သူ။

မှတ်မှတ်ရရ ထိုနေ့မနက်က နှင်းတွေသိပ်သည်းစွာ ကျနေတဲ့ ဆောင်းမနက်ခင်း တစ်ခုဖြစ်သည်။ မနေ့ညနေက စပါးတလင်းထဲကအပြန်မှာ စဥ့်အိုးနဲ့လုပ်တဲ့ အိုးစည်လေးကျကွဲလို့ အကြီးအကျယ်စိတ်ညစ်ပြီး အိပ်ပျော်သွားခဲ့တဲ့ သူ။ နောက်တနေ့ မနက်မှာ အမေက သူ့အိုးလေး ဘယ်မှာလဲလို့မေးရင် ဘာဖြေရမှန်းမသိလို့ အိပ်ယာနိုးနိုးချင်း မျက်နှာသစ်တဲ့ ရေတိုင်ကီနားမှာ သူငူငူငိုင်ငိုင်နဲ့ ထိုင်နေတုန်းမှာ မောင်လေးက ရောက်လာခဲ့တာဖြစ်သည်။

ဟေ့ မသက်မွန်၊ ငါတို့ ကြိမ်ချောင်း ဘုန်းကြီးကျောင်းနားမှာ ခရေပန်း သွားကောက်ကြမယ်၊ လိုက်မလား လို့ သူကခေါ်တော့ ချက်ချင်း ထလိုက်ဖြစ်ခဲ့တာ။ သောက်ရေအိုးဖုံးခြင်းလေးနဲ့ တစ်လုံးအပြည့် ခရေပန်းတွေ အပြည့် အမောက်နဲ့ သူအိမ်ပြန်လာတော့ အမေရဲ့ စကားတွတ်ထိုး ဆူတာကို ခံရသည်။ အိုးစည်လုပ်တဲ့ စဥ့်အိုးကွဲလို့လား။ မောင်လေးနဲ့ ခရေပန်း သွားကောက်လို့လား ဆိုတာတော့ သူ သေချာမသိခဲ့ပါ။

++++++++++++++++++++++

သူတို့တက်ခဲ့ရတဲ့ ယူနီဗာစီတီက တကယ့် ဆေးရုံကြီးနဲ့တူသည်။ သီရေတာဆိုလို့ နှစ်ခန်းပဲရှိသည်။ ကျန်တဲ့အဆောင်တွေက ဆေးရုံကြီးတစ်ခုလို၊ ဆေးရုံနဲ့ တူတယ်ဆိုတဲ့ ခံစားမှုကို ပေးတာကလဲ သူတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာက တီဘီဆေးရုံရှိလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အဲ့ဒိလို ဆေးရုံကြီးနဲ့တူလှတဲ့ သူတို့ကျောင်းမှာ နှစ်သက်စရာဆိုလို့ တစ်ဆိုင်ထဲသော အသုပ်ဆိုင်ဖြစ်တဲ့ ရခိုင်မကြီး ဒေါ်ထွေးညိုဆီကိုသွားတဲ့ လမ်းလေးဆီက ခရေပင်လေး လေးငါးခြောက်ပင်သာ ရှိသည်။ ခရေတွေပွင့်တဲ့ အချိန်နဲ့ သူတို့ ကျောင်းစဖွင့်တဲ့အချိန်က ကွက်တိဖြစ်သည်။ ယူနီဗာစီတီ ကင်တင်းတစ်ဖြစ်လဲ ဒေါ်ထွေးညိုရဲ့ အသုပ်ဆိုင်မှာ ထိုင်ရင်းက ဖြတ်သွားဖြတ်လာ လူပေါင်းခြောက်ဆယ်လောက်ကို ငေးရတာကလဲ သူ့အတွက်တော့ ထူးဆန်းတဲ့ ခံစားမှုဖြစ်သည်။

ရန်ကုန်မြို့ထဲက နာမည်ကြီးခရေပင်လမ်းလောက် မလှသော်လည်း သူ့အတွက်တော့ ဒီကျောင်းကခရေပင်တန်း လေးက အမှတ်ရစရာတွေ အများကြီးနဲ့ သူ့ရာဇ၀င်တွေ ထမ်းပိုးထားခဲ့ဖူးသည်။

မိန်းကလေးတိုင်း လုံချည်ဝတ်ရမယ့် စည်းကမ်းကြောင့် ဗိုသီဘတ်သီနိုင်လှတဲ့ လုံချည်တစ်စကို လက်ကကိုင်ပြီး လက်တစ်ဘက်ထဲနဲ့ ခရေပန်းတွေကိုကောက်နေတဲ့ သူ့အနား လက်ခုပ်လေးတစ်စုံရောက်လာခဲ့ဖူးသည်။

တက္ကသိုလ်ကျောင်းက ခရေပင်တန်းမှာတော့ သူနဲ့အတူ ပန်းကူကောက်မယ့် မောင်လေးလဲ မရှိတော့ပါ။ မောင်လေးမရှိတော့တဲ့အတွက် ပန်းကောက်လို့လား၊ စဥ့်အိုးလေးကွဲလို့လား မသိတဲ့ အမေ့ရဲ့ဗျစ်တောက်၊ ဗျစ်တောက် ဆူသံကိုလဲ မကြားရတော့ပါ။ ဗန်းလေးမပါပေမယ့် လက်ခုပ်လေးနဲ့ ပန်းကောက်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်လဲ ခုတော့ ဘယ်ရောက်နေမှန်း မသိတော့ပါ။

+++++++++++++++++++++++

ရွှေတိဂုံဘုရားဆီကို ဖြတ်လမ်းလေးတစ်ခုဆီကသွားရင် သိပ်လှတဲ့ မနက်ခင်းတစ်ခုနဲ့ အတူ ကဗျာဆန်တဲ့ ခရေပင်တန်းလေးလဲ ရှိနေတာကို သူ အဲ့ဒိအခါကျမှသိခဲ့ရသည်။

လှည်းတန်းကနေ အမှတ် ၅၀ ကားကိုစီးပြီး အုတ်လမ်းမှတ်တိုင်မှာဆင်း၊ ပြီးတော့ အာဇာနည်ကုန်းရဲ့ နောက်ကျောဘက်က တောင်ဂမူလေးတစ်ခုကို ကျော်ပြီးမှ သွားရတဲ့လမ်းလေးကို ပိုနှစ်သက်ပါသည်။ အဲ့ဒိတောင်ဂမူလေးရဲ့ တောလမ်းလိုမျိုး နေရာလေးမှာ သိပ်လှတဲ့ ခရေပင်တန်းတွေ ရှိသည်။

အဲ့ဒိ ခရေပင်တန်းလေးကို အကြောင်းပြုပြီး သူနဲ့ သူ့ သူငယ်ချင်း ၂ယောက် ရွှေတိဂုံကို ရက်ဆက် ရောက်ဖြစ်ခဲ့တာ ခုပြန်တွေးတော့ ပြုံးချင့်စရာ။

ဆင်ခုံမြက်လို့ခေါ်တဲ့ မြတ်ပင်လေးနဲ့ သူက ခရေပန်းလေးတွေ သီပေးတော့ မြို့ပြမှာပဲနေ၊မြို့ပြမှာပဲကြီးလာရတဲ့ သူ့ သူငယ်ချင်းက သဘောတကျ ရှိနေခဲ့တာ။ တချို့ကို သူငယ်ချင်းမလေးက ပန်ပြီး တချို့ကိုတော့ ရွှေတိဂုံဘုရားကို ကပ်လှူခဲ့ဖူးသည် ထင်ပါသည်။

မှတ်မှတ်ရရ။ ယခုပြုရ ကုသလကြောင့် အဲ့ဒိနှစ်က သူတို့သူငယ်ချင်း၂ယောက်လုံး အထစ်အငေါ့မရှိပဲ စာမေးပွဲ အောင်ခဲ့ကြသည်။ ခရေပန်းလေးတွေရဲ့ ကျေးဇူးကြောင့်ဟု ယူဆရမည်။

ပန်းချင်တူတူ ပန်းနာမည်ခံ နာဂစ်ကြောင့် ရန်ကုန်မှာရှိတဲ့ အပင်တွေမြေခ၊ ငုပင်၊ပိတောက်ပင်တွေဆီမှလဲ သင်္ကြန်နားနီးပေမဲ့ အနံ့အသက်မရ၊ မိုးနားနီးပေမဲ့ ခရေနံ့လဲ မရ။ ရန်ကုန်ဆိုတာ ပန်းတွေနဲ့များ ဝေးနေပြီလားဟုတောင် သူတွေးမိသည်။

ခုတော့ သူ့ဘေးနားမှာ ပန်းကူကောက်မယ့် မောင်လေးလဲမရှိတော့။ လက်ခုပ်လေးတစ်စုံလဲ မရှိတော့။ဆင်ခုံမြက် လေးနဲ့ပန်းသီပေးရမယ့် သူငယ်ချင်းလေးလဲ မရှိတော့။

ခရေကို နမ်းခဲ့သူတွေ၊ ခရေကို လွမ်းခဲ့သူတွေနဲ့ ၊ခရေနံ့တွေ မရှိတော့ပေမယ့် သူ့ရာဇ၀င်မှာ ရေးမှတ်ထားတဲ့ ရနံ့ကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တာ သူ့အတ္တသာ ဖြစ်တော့သည်။


ကိုရွာသားရေ...ဖတ်မကောင်းလဲ သည်းခံပြီးသာ ဖတ်တော့ဗျာ။ ပြောသားပဲ။ ပန်းနဲ့ ညီမနဲ့ အလှမ်းတော့ ဝေးသား လို့လေ။ တခုတ်တရ တဂ်တာကိုတော့ ၀မ်းမြောက် ၀မ်းသာဖြစ်မိပါသည်။

မှတ်ချက် ။ နန်းညီ တဂ်သော ထားခဲ့ဖူးလေသမျှကိုတော့ အမေ့ခံ စာရင်းထဲ ထည့်ရင် ကောင်းလေမလား။

Sunday, August 23, 2009

ရောဂါနှင့်ခွဲခြားဆက်ဆံခြင်း


ကျမ တက္ကသိုလ်ကျောင်းသူ တတိယနှစ်ရောက်လို့ ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့ ဆေးရုံတွေမှာ လက်တွေ့ဆင်းဖို့ သွားရနေရပြီ ဆိုတာသိသိချင်းမှာပဲ ကျမအစ်ကိုက စကားတစ်ခွန်းပြောပါတယ်...။

" ညီမ ..နင့်ကိုဆေးကုတုန်းက တို့မောင်နှမ၊သားအမိတွေ ဘယ်လောက်ထိ မျက်နှာငယ်အောက်ကျို့ခဲ့ရလဲ နင် မှတ်မိသေးတယ် မဟုတ်လား။ ဒီတော့ ခုနင်ဆက်ဆံရတဲ့လူတွေဟာ မမာလို့သာ ဆေးရုံဆိုတဲ့ နေရာမျိုးကို ရောက်လာတယ်ဆိုတာ ကိုဘယ်တော့မှ မေ့မထားနဲ့ "တဲ့....။

ကျန်းမာရေးဝန်ထမ်းဆိုတော့၂ နှစ်လုံးလုံး ဆေးရုံပေါင်းများစွာမှာလူနာပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ ရတယ်။

ပြည်သူ့ဆေးရုံ အမည်ခံထားတဲ့နေရာတွေဆိုတော့လဲ မျက်နှာမွဲပေ့ဆိုတဲ့ ပြည်သူတွေနဲ့ပဲ ကြုံရတာပေါ့။
မကြေးမုံ ဘယ်လောက်ထိ ကိုယ်ချင်းစာခဲ့သလဲဆိုရင် အဲ့ဒိအလုပ်ကို တစ်သက်လုံး ဘယ်တော့မှ လုပ်မစားတော့ဘူးလို့ လက်တွေ့ဆင်းဆင်းချင်းနှစ်မှာပဲ ကြွေးကြော်ခဲ့တဲ့အထိ။

+++++++++++++++++++++++++++

ဒါပေမယ့် ဘ၀ပေးကုသိုလ်က အဲ့ဒိကျန်းမာရေးအသိုင်းအ၀ိုင်းနဲ့ မလွတ်ကင်းရဘူး။ ကျောင်းပြီးလို့ အလုပ်ဝင်တော့ နေထိုင်မကောင်းတဲ့လူနာတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အလုပ်ပဲ ဖြစ်ခဲ့ပြန်တယ်။

HIV ပိုးကူးစက်ခံထားရတဲ့ လူတွေနဲ့ စကားထိုင်ပြောရတဲ့အလုပ်ပေါ့။ ရာထူးနာမည်ကတော့ အနက်ကို အကျယ်ဖွင့်ရင် ဖွင့်သလောက် ကျယ်ပြန့်တယ်ဆိုရမယ်။ ဒါမယ့် ကိုယ့်ကိုယ်ကိုယ်မို့ မညှာမတာ ပြောရရင်တော့ " အာ" ပေါ့လေ။

တစ်နေ့တစ်နေ့ပါးစပ်ပေါက်လေးတစ်ခုထဲ အားနဲ့ အာပဲနေရတာ..။ ပါးစပ်လှုပ်နိုင်ဖို့အတွက် ပါးစပ်လှုပ်မှ ရတဲ့ အလုပ်ပေါ့။

အဲ့ဒိမှာ လုပ်ခဲ့တဲ့အချိန်အတွင်း လေ့လာမိသလောက်ကတော့ သူတို့တွေက တခြားရောဂါသည်တွေနဲ့ ဘာမှထူးပြီး ကွဲပြားခြားနား မနေပါဘူး။ နှလုံးရောဂါ၊သွေးတိုးရောဂါဆိုတာမျိုးကမှ ဘုံးကနဲ ချက်ချင်းလဲကျ သေဆုံး သွားနိုင်သေးတယ်။ HIV ရောဂါသည်တွေမှာ အဲ့လိုနည်းနဲ့ သေဆုံးတာမတွေ့ဖူးသလောက်ပါပဲ။

သူတို့ဟာ သာမာန်ကျန်းမာတဲ့ လူတွေနဲ့ ဘာမှမကွာခြားပါဘူး။ တန်းတူ နေနိုင်၊သွားနိုင်၊စားနိုင် နေနိုင်ကြပါတယ်။

ဒါမယ့် သူတို့မှာ အင်မတန်မှကြီးမားတဲ့ ပြသနာတစ်ခုက အားလုံးသိပြီးတဲ့အတိုင်းပဲ ကိုယ့်ရောဂါကို လူသိမခံဝံ့တာပါ။

လူကောင်းတစ်ယောက်လိုပဲ သန်မြန်နေသေးတဲ့လူတစ်ယောက်မှာလဲ အိပ်ယာထဲဘုန်းဘုန်းသားလဲနေတဲ့ လူနဲ့မကွဲပြား၊တူညီတဲ့ ခံစားချက်တွေ ရှိနေတယ်။ အမှန်တော့ကိုယ်ကလူကောင်းပဲ၊ကိုယ်ကမှထုတ်ဖော် မပြောရင် ဘယ်သူကမှ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာ မသိနိုင်ပေမယ့် သူတို့မှာ အဲ့ဒိလိုကျောမလုံတဲ့ စိတ်ရဲ့ ဖိစီးမှုတွေနဲ့ပဲနေကြရတယ်…။ အဲ့ဒါတွေဟာ ဘာကြောင့်များလဲ..။ လူသားတစ်ဦးကို အရာရာမှာ တွန့်ဆုတ်နေအောင် ဘယ်လို အကြောင်းအရာတွေကများ ဖန်တီးလို့နေပါသလဲ။ သေချာနဖူးပေါ် လက်တင်ပြီး စဉ်းစားကြည့်ချင်စရာပါ။

ကျမရလိုက်တဲ့အဖြေက ရိုးရိုးလေးပါပဲ။သူကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်ပါ။

သူကိုယ်တိုင်ကိုအဲ့လိုအားငယ်တဲ့စိတ်၊သိမ်ငယ်တဲ့စိတ်ကိုဖြစ်အောင်ဖန်တီးပေးတာကသူ့ပတ်ဝန်းကျင် ဖြစ်တယ်။

သူ့ပတ်ဝန်းကျင်က လူတွေ သူ့အပေါ် အဲ့လိုမြင်လာအောင်၊ခွဲခြား ဆက်ဆံလာအောင်၊သူ့ကို လူထူးလူဆန်း လို၊မကောင်းဆိုးရွားလို၊အကျင့်ပျက်၊အကျင့်ယုတ်လို၊ လူတန်းစားတရပ်အနေနဲ့ ခွဲခြားသတ်မှတ်ပြီး မျက်လုံး အရောင်တွေ ပြောင်းကြည့်တတ်အောင် သင်ကြားပေးတာက ကျမတို့မြန်မာပြည်က လှိုင်လှိုင်ကြီးဝေငှနေတဲ့ တလွဲ ဆံပင်ကောင်း ပညာပေး၊ အသိပေးမှု ပုံစံတွေကြောင့်ပါပဲ...။

++++++++++++++++++++++++


လမ်းဆုံလမ်းခွတိုင်းမှာ အေအိုင်ဒီအက်စ် ရောဂါကုရာနတ္ထိဆေးမရှိပါ။ တစ်လင်တစ်မယားစနစ်ကို လိုက်နာပါ။ မိမိအိမ်ထောင်ဘက်ကို သစ္စာရှိပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှရှောင်ကြဉ်ပါစတဲ့ စာတွေနဲ့အတူ အရိုးခေါင်းပုံတွေ၊ အရိုးပေါ်အရေတင် လူနာပုံတွေ၊ မီးခိုးတစ်လူလူထွက်နေတဲ့ အရိုးပုံတွေ၊ဆေးလိပ်ခဲနေတဲ့ လူပုံတွေနဲ့ အထင်းသား၊ အလင်းသား သတင်းပေးမျှဝေထားတဲ့ ချိုးချိုးဖဲ့ဖဲ့ စိတ်ခံစားမှုဖြစ်စေတဲ့ ပညာပေး လှုံ့ဆော်မှုပုံစံတွေကို အားလုံးမြင်ဖူးကြမှာပါ။ (မှတ်ချက် ဒီဘက်နှစ်တွေမှာတော့ အဲ့ဒါမျိုးတွေ မတွေ့ ရတော့ပါဘူး။သို့သော် အင်းစိန်တို့၊ လှိုင်သာယာတို့ ဘက်တွေမှာတောင် တစ်ခုတစ်လေ ကျန်နေတုန်း၊ တွေ့နေရတုန်းပါပဲ )

+++++++++++++++++++++++++++


ဦးတည်ချက် ၁၂ ရပ်ကို ဘယ်တုန်းကမှ အစအဆုံးမကြည့်ပဲ ကျော်ပစ်တတ်ကြတဲ့ မြန်မာတွေကို အဲ့ဒိထဲက တစ်ချက်၊ နှစ်ချက်လောက်ကို အစပြုပြီး ဆိုခိုင်းကြည့်ပါ။ သူတို့ အဆုံးထိ ဆိုပြနိုင်ပါလိမ့်မယ်။ အဆုံးမဟုတ်ရင်တောင် အဲ့ဒါတွေက ဘာကိုပြောချင်တာလဲဆိုတဲ့ အချက်လောက်တော့ သူတို့ခန့်မှန်း တတ်ကြမှာပဲ။ အဲ့ဒါဟာ အမြဲတမ်းထိတွေ့မှုရဲ့ ရလဒ်ပေါ့။ကျော်တော့ ကျော်တာပဲ၊ဒါပေသည့် ရီမုတ်ကွန်ထရိုး ဘယ်နား ချထားမိမှန်း မသိလို့၊ ဒါမှမဟုတ်လဲ အသံကိုအရင်တိုးနေလို့ စသဖြင့်ပေါ့။

တစ်ခေါက်တစ်မျိုးမရိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ပဲ အဲ့ဒါကြီးကိုမကြားချင်လဲကြားနေရတတ်တာပဲ။

ကြားပါများတဲ့အခါမှာနားယဉ်လာတယ်၊မျက်စိယဉ်လာတယ်၊နောက်ဆုံးစိတ်နှလုံးသားမှာပါယဉ်ပါးလာတာပဲ။

++++++++++++++++++++++++


အခုလိုမျိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်နေခဲ့တာပေမယ့် ဗမာပြည်မှာလွန်ခဲ့တဲ့ဆယ်နှစ် ကျော်ကမှ ရောက်ရှိကြောင်း အတည်ပြုကြေငြာခဲ့တဲ့ လူထုနဲ့အင်မတန်မှ နားစိမ်းနေတဲ့ အဲ့ဒိ HIV ရောဂါပိုးကို အထက်က ပြောသလိုမျိုးတွေနဲ့ အသိပေး၊ ပညာပေးလေတော့…….ရလာတဲ့ နောက်ဆက်တွဲ ကြောက်ခမန်းလိလိ ပြသနာတွေကိုတော့ ဘယ်ဒေတာ၊ဘယ်စစ်တမ်းမှာမှ ဖော်ပြထားတာ မတွေ့ရ သေး ပါဘူး။

အဲ့သလို ခွဲခြားဆက်ဆံခံရလို့ ညှိုးငယ်သိမ်ငယ်ရတဲ့ အဖြစ်ကိုလူဆင်းရဲမျက်နှာမွဲတွေမှာ အလူးလူး အလိမ့်လိမ့် ခံရတာပါ။ လူကဆင်းရဲသလို စိတ်အဆာကို ဘယ်တုန်းကမှ မဖြည့်ဆည်းနိုင်ခဲ့တဲ့ မျက်နှာမွဲတွေမှာ သာ မဆန့်မပြဲ ခါးစည်း ခံရတာပဲ။

++++++++++++++++++++++++++++++


မနှစ်တုန်းက နယ်မြို့လေး တစ်မြို့ကို ရောက်နေချိန်၊ အဲ့ဒိမှာ အသုဘဟစ်သံကြားတော့ ကိုယ်စားနေတဲ့ မုန့်ဟင်းခါးဆိုင်ကနေ ကြားရတဲ့သတင်းက သေဆုံးတာ တစ်ယောက်မဟုတ်ဘူး။ ၂ ယောက်နဲ့တစ်ဗိုက်တဲ့။ အမေနဲ့ သုံးနှစ်အရွယ် ကလေးငယ်၊ပြီးတော့ဗိုက်ထဲက တစ်ယောက်၊အမေလုပ်သူက အကြီးကလေးကို သူကိုယ်တိုင်ရေနှစ်သတ်တယ်၊ပြီးတော့ သူ့ဗိုက်ရောသူပါ ရေနှစ်ပြီး သေပစ်လိုက်တယ်။ကိုယ့်ရင်သွေးနှစ် ယောက်လုံးကိုရော၊ကိုယ်တိုင်ပါ အဆုံးစီရင်ပစ်လောက်တဲ့အထိ ဘယ်လို အကြောက်တရား၊ အရှက်တရားတွေ ကများ သူ့ကိုတွန်းအားပေးလိုက်ပါသလဲ…။ကျမဖြင့်တွေးလို့တောင် မရပါဘူး။

ဒီနေရာမှာ အရှက်တရား အရှိန်မြင့် ကြီးထွားလာအောင် အဓိကပုံဖော်ပေးတာက အသိပညာမရှိမှုလို့ ကျမ ယူဆပါတယ်။ ရောဂါပိုးကို သယ်ဆောင်လာသူ အမျိုးသားက မိန်းမကို အသိပေး၊ မိန်းမက ရှက်၊ကြောက်၊အားငယ်၊ ရင်သွေးတွေအတွက် စိုးရိမ်ပူပန်၊ယောက်ျားလုပ်သူက တုံဏိဘာဝေ၊ဒီလိုနဲ့ မိန်းမက ကိုယ့်ကိုယ်ကိုယ်ရော၊ရင်သွေးတွေပါ အဆုံးလုပ်ပစ်လိုက်၊ယောက်ျားက နှစ်နှစ်နီးပါးရှိလာတဲ့ ခုချိန်ထိ နေကောင်းကျန်းမာတုန်း၊ အခြေအနေဟန်ရင် နောက်ထပ် အိမ်ထောင်တစ်ခုထပ်မပြုဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ရင်သွေးနှစ်ယောက်ရတဲ့အဖြစ်ထိ နီးစပ်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ပေမယ့် သူတို့နှစ်ယောက်ကြားမှာကိုပဲ အသိဥာဏ် ကွာခြားမှုတွေရှိနေတုန်းပါလားလို့ အသိတရားသစ် တစ်ခု ထပ်မှတ်လိုက် ရလေမလား။

မြန်မာပြည်မှာ အခြေခံ ပြည်သူလူထုကို ယေဘုယျအားဖြင့် ခွဲခြမ်း စိတ်ဖြာကြည့်မိတယ်။ အခြေခံ ပြည်သူလူထုဆိုရာမှာ ဆင်းရဲသား လူထုကို ဆိုလိုတာဖြစ်ပါတယ်။အဲ့ဒိမှာ အမျိုးသမီးတွေထက် အမျိုးသားတွေက အသိဥာဏ်ပိုကြတယ်။ ဟင်းရွက်စိမ်းရောင်းတဲ့ အမျိုးသမီးနဲ့ ဆိုက်ကားနင်းတဲ့အမျိုးသား ဘယ်သူက ဂျာနယ်၊မဂ္ဂဇင်း၊စာတိုပေစနဲ့ ပိုနီးစပ်လိမ့်မလဲ..။လယ်ထဲ၊ယာထဲကိုအလုပ်သွားတဲ့ အမျိုးသားနဲ့ အိမ်မှာ ကလေးတွေနဲ့ကျန်နေခဲ့တဲ့အမျိုးသမီး ဘယ်သူကအကြောင်းအရာတစ်ခုကို တွေးဖို့၊စဉ်းစားဆင်ခြင်ဖို့ အချိန်ပိုထွက်လာလေမလဲ…။ ပုဆိုးချက်လျှောစီး၊ခုံဖိနပ်တဂွပ်ဂွပ်နဲ့လမ်းသလားနိုင်တဲ့ လူပျိုပေါက်နဲ့ အိမ်မှာ နှုတ်ခမ်းနီ၊ပါးနီခြယ်နေတဲ့ အပျိုပေါက်..ဘယ်သူက ဗဟုသုတပိုကြွယ်နိုင်မလဲ….။ ဒါဟာ ယေဘုယျဆန်တဲ့ နှိုင်းယှဉ်မှုတစ်ခုပါ။

အဲ့လိုမတူညီတဲ့ အခြေအနေတွေကပဲဘ၀တွေကိုဖန်တီးပေးလိုက်ကြတယ်။
ဒါကြောင့်မို့လဲ အိမ်ထောင်တစ်ခုမှာ အများဆုံးမှာ အမျိုးသားက စတင်သယ်ဆောင်လာသူ ဖြစ်ပေမယ့် ရောဂါကြောင့် ကျပြီဟေ့ဆိုရင်အမျိုးသမီးကသာ အရင်ဆုံးကျတာဖြစ်တယ်။

တစ်ခုထဲ ကောက်ချက်ဆွဲမယ်ဆိုရင်တော့ ခွဲခြားဆက်ဆံမှုဒဏ်ကို အင်မတန်အရှက်အကြောက်ကြီးတဲ့ မြန်မာမတွေ မခံနိုင်ကြဘူး။ ဒီရောဂါသည် ရှက်စရာ၊ကြောက်စရာရောဂါမဟုတ်ဘူး။ကုသလို့ရတယ်စသဖြင့် မသိကြဘူး။ သူတို့ဆီသယ်လာတဲ့ ခင်ပွန်းတွေရဲ့သိက္ခာတရားအတွက်ပါ ပူပန်လိုက်ကြ သေးတယ်။

+++++++++++++++++++++


အခုလဲ အားလုံးသိကြပြီးတဲ့အတိုင်းပဲ မြန်မာပြည်ကို တစ်ကမ္ဘာလုံးထက် ရက်ပေါင်းများစွာ နောက်ကျပြီးမှ ၀က်တုပ်ကွေးဆိုတဲ့ရောဂါ ရောက်လာတယ်။ ကောက်ရိုးမီးလိုပဲ ဟုန်းခနဲနဲ့ နေရာတကာမှာ နှာခေါင်းစည်းတွေ ခေတ်ထ လာပြန်ရော၊နှာခေါင်းစည်းတွေလဲ ပြတ်လပ်၊ ဆေးခန်းတွေက ဖျားတဲ့လူတိုင်းကို လက်မခံ၊ ပြည်တွင်း သတင်းမီဒီယာမျိုးစုံက အမျိုးစုံတွေတင်ပြကြ၊အချင်းချင်းလဲခတ်မိကြ၊သတင်းရဲ့ အရင်းမှန်က လမ်းခုလတ်မှာ ပျောက်ဆုံး။ ကျမတို့က ဘယ်ဟာကိုယုံရမယ်မှန်း မသိ၊အမိမဲ့သား ရေနဲငါး ဖြစ်မြဲသာဖြစ်။ တကယ်ဖြစ်နေတဲ့၊ ခံစားနေရတဲ့သူက ဘယ်မှာလဲ၊ဘာတွေလုပ်ပေးပြီးပြီလဲ ဆိုတာလဲ မသိရ။

ဖြစ်တယ်လို့သံသယရှိတဲ့သူကို ဝေဘာဂီတန်းပို့ကြောင်း၊ရောဂါပိုးရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့လူ နာမည်ကြီးဖို့သာ ပြင်တော့၊ သတင်းဓာတ်ပုံယူတဲ့လူ နာမည်ကြီးဖို့သာပြင်တော့။ ထည့်ပြကြလိ့မ်မယ် လှိုင်လှိုင်ကြီး၊ ထည့်တာကိစ္စမဟုတ်၊မှန်လား မမှန်လားမသေချာ၊ အဲ့ဒီရောဂါပိုးကူးစက်ခံရသူကို ပုံမှန်မျက်လုံးနဲ့ကြည့်တတ်အောင် တပါထဲမပြောတာ ကိစ္စ။

ကိုယ်တောင်မှ ၀မ်းလျှောရင်းဖျားတာကို ငါ့များတုပ်ကွေးကူးပြီးလားလို့ စိုးရိမ်စိတ် ၀င်မိတဲ့အထိ။

ရေးမိတာတွေများသွားပြီ။ ဘာရယ် မဟုတ်ဘူး။ draft အနေနဲ့သိမ်းထားတာ တုပ်ကွေး မြန်မာပြည် ရောက်စထဲက၊ ခုမှပြန်တင်ဖြစ်တော့တယ်..။ သည်းခံပြီးဖတ်ပေးတာ အားလုံးကိုကျေးဇူး။