Thursday, March 19, 2009

Internet Cafe'

ကျမဖွင့်ရက်သားဖြစ်နေတဲ့ မြေခွေးမီးလျှံထဲမှာ............စာမျက်နှာပေါင်းက မြောက်မြားစွာရှိနေပါတယ်။ ကျမရဲ့စာမျက်နှာ၊ကိုအောင်သာငယ်၊မကေ၊နန်းညီ၊ကိုကွီနိုင်း၊မောင်မျိုး.....နောက်တော့ ဦးဂင်၊ကိုငြိမ်းစု စသည်..
ကျမမှတ်မိသလောက်ပါ.........။အဲ့ဒိဘလောဂ့်စာမျက်နှာတွေက သေနေသလိုရပ်တန့်သွားတော့ ဆိုင်ဝန်ထမ်း
အစ်ကိုကြီးကို ကျမလှမ်းခေါ်လိုက်ပါတယ်..။လက်ဘက်ရည်ဆိုင်မှာ ခေါ်သလိုခေါ်မိလို့တောင် "ဟဲ့" ဆိုပြီး
ကျမသူငယ်ချင်းက ကျမကို လှမ်းအော်နေသေးတယ်..။နောက်ပြီးတော့ "အနားသွားပြောလိုက်လေ.." တဲ့....။
ကျမသွားခေါ်လိုက်တယ်...။ချက်ချင်းလိုက်မလာသေးပေမယ့် နောက်ထပ် ၃ မိနစ်လောက်အကြာမှာ ကျမစက် နားဆီကို သူရောက်လာပါတယ်။

"ဟုတ်ကဲ့ ဖရီးဒမ်းလေး ဖွင့်ပေးလို့ရမလား အစ်ကို "...
"အော်.ကျနော်တို့က ဖရီးဒမ်းမသုံးဘူးဗျ..ယူ သုံးကြည့်ပါလား.."
"အော် ဟုတ်လား ယူရှိတယ်လား..အင်း..အဲ့ဒါဆိုလဲ အဲ့ဒါလေး desktop ပေါ်တင်ပေးခဲ့ပါလား.."
" ဟုတ်ကဲ့ ဟုတ်ကဲ့"
ကံကောင်းထောက်မစွာပဲ ယူကပွင့်သွားတယ်။ဖွင့်ရက်သား ကျမရှေ့ကစာမျက်နှာတွေ ပြန်လည်အသက်ဝင် သွားတယ်..။
" ကျေးဇူး အစ်ကိုကြီး...."

နောက်ထပ် ၁၅ မိနစ်လောက်နေတော့ ကျမဘေးက စက်ဆီကို မိန်းကလေးတစ်ယောက်ရောက်လာတယ်.။
သူ့ကို ဆိုင်ဝန်ထမ်းအစ်ကိုက စက်နားဆီ လိုက်ပို့ပေးတယ်.....။

"အဲ့ဒိမှာ နံပါတယ်..၁၈ ..အေးအေး အဲ့ဒိမှာ...လုပ်မတတ်တာ ရှိရင် အနားက အစ်မကြီးတွေကိုမေး သိလား."တဲ့
ကျမ တစ်ချက်မော့ကြည့်မိလိုက်တယ်..။ဒီအစ်ကိုက ဘာကြောင့်..(ဒီခေတ်စကားနဲ့ဆို ဘာအထာနဲ့)ဒီစကားကို
ပြောလိုက်တာလဲ...ငါလဲ သူ့ကိုကောင်းကောင်းမွန်မွန်ပြောဆို ခဲ့တာပဲ။ငါ့ကို မေးဆိုရအောင် ငါတောင် ယူဘယ်လိုဖွင့်ရမယ်မှန်းမသိလို့ သူ့ခေါ်ပြီး မေးခဲ့ရသေးတာပဲ...။
စုတ်ထိုးပြီးတော့ ခေါ်လိုက်မိလို့လား...မဟုတ်ဘူး ။စုတ်ထိုးခေါ်တာကို သူမကြားလိုက်လို့တောင် ငါကိုယ်တိုင်
သွားခေါ်လိုက်ရသေးတာပဲ...။ဒါမှ မဟုတ်ငါ့ပုံစံကများ သူနောက်ပြောင်ချင်စရာ ပုံစံပေါက်နေရော့သလား...
ကဲပါလေ...ထားလိုက်ပါတော့..။စာဖတ်ရတာ အရသာပျက်ပါတယ်..ဆိုပြီး စိတ်ကိုစာမျက်နှာတွေပေါ် ပြန်ခေါ် လာခဲ့တယ်......။

ကျမတို့ အဲ့ဒိဆိုင်ကို သွားတာ သူငယ်ချင်းသုံးယောက်ပါ..။၂ ယောက်က တစ်ခုံကျော်စီထိုင်ကြရပြီး ကျန်တဲ့ တစ်ယောက်က ဆာဗာနားမှာပါ၊ဆာဗာကွန်ပြူတာနဲ့ဆိုရင် တစ်ခုံခြားမှာသုံးနေတယ်..။စောစောက အစ်ကိုထွက်သွားပြီး ခဏမှာပဲ သူကလှမ်းပြောတယ်
"ဟဲ့ နင်တို့စက်နံပါတ်..ဘယ်လောက်....? "
"ငါက ၁၇........က ၁၉ "
ဆိုတော့
"အေး...ဒီမှာ ပြောနေတယ်..၁၇ ၁၉က အကြီးကြီးတွေဗျား...
နိုင်ငံရေးဆိုဒ်တွေကြည့်နေတယ်..လို့ပြောနေကြတယ်..ကြည့်လဲ လုပ်ကြဦးနော်.."
ကျမ စိတ်လွတ်ကိုယ်လွတ် ....ဆဲရေးတိုင်းထွာပစ်လိုက်မိတယ်..။
ဘေးတစ်ယောက်ကျော်ကိုလဲလှမ်းပြီးပြောလိုက်တယ်.။သြော်..ဒါကြောင့် စောစောက ဟိုကောင်မလေးကို ဒီလိုပြောသွားတာကိုးလို့ လဲ သဘောပေါက်သွားတယ်..။

သေချာတွေးကြည့်လိုက်ရင်တော့ အင်..ဘာမှလဲမဆိုင်ဘူး...လို့ပြောကြမှာ.ဒါပေမယ့် အဲ့ဒါတကယ်ပါ..။
ကျမကြည့်နေတဲ့ ဆိုဒ်တွေက ဘာတွေလဲဆိုတာနဲ့ ဟိုကောင်မလေးကို ဒီလိုပြောတာနဲ့က ပြောကြကြေးဆိုရင် ဘာမှမသက်ဆိုင်တဲ့ ကိစ္စတစ်ခုလို့ ထင်စရာအကြောင်းရှိပါတယ်..။ဒါမယ့်သူတို့အတွက်တော့ သိပ်ကို သက်ဆိုင်ပါတယ်........။သူတို့စိတ်ထဲမှာ....ဒီကိစ္စဟာ ထူးဆန်းနေပါတယ်..။Blogspot က ထူးဆန်းနေပါတယ်...။ ချက်တင်း နဲ့ မတူ၊ညစ်ညမ်းစာ၊ညစ်ညမ်းဗွီဒီယိုနဲ့ မတူ၊ကွဲပြားနေပါတယ်..။

"နိုင်ငံရေးဝက်ဆိုဒ်များ ကြည့်ရှုခြင်းသည်းခံပါ.." "နိုင်ငံရေးဝက်ဆိုဒ်များ ကြည့်ရှုခြင်းအား လေးနက်စွာတားမြစ်သည် "" နိုင်ငံရေးဝက်ဆိုဒ်များ လုံးဝ(လုံးဝ)မကြည့်ရ........."။" လုံးဝ"ကို နှစ်ခါတောင် "၀"ထားပါသေးတော့ ပိုတင်းကြပ်ထားပါတယ်လို့ ဆိုလိုချင်တာလား...။
သို့ကလိုလူတွေ လက်ခံထား၊နားလည်ထားတဲ့ နိုင်ငံရေးဆိုဒ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်တာလဲ ဆိုတာ ကျမသိချင်လှပါတယ်။ညစ်ညမ်းဝက်ဆိုဒ်များကြည့်ရှုခြင်းသည်းခံပါ ဆိုတာမျိုးကိုတော့ တစ်ချို့တစ်လေမှာ တွေ့ရတတ်တယ်..။အများစုမှာ မတွေ့ရတတ်ပါဘူး..။ဒီအတွက်တော့တရားဝင်စာကပ်ပြီးတားမြစ်ဖို့လဲ စိတ်မ၀င်စားဘူးထင်ရဲ့..........။

ဒါဟာတကယ်ကိုတွေးချင်စရာကိစ္စပါ..။နီးရာဓားကို ကြောက်တာကိုကျမလက်ခံပါတယ်။သို့သော်..
ဆင်ခြင်တုံတရားလေးကပ်ရင်တော့ ပိုပြီး ပြောရ၊ဆိုရ၊နေရ ထိုင်ရတာ အဆင်ပြေလာမယ်ထင်ပါတယ်..။ နားလည်မှုလေးတွေနဲ့ အလုပ်လုပ်ကြတာ...ပိုအဆင်ပြေမယ်ထင်တယ်လေ။ဆိုင်ဝန်ထမ်းအစ်ကိုရဲ့ အခြေအနေ ကို ကျမနားလည်ပါတယ်...။သို့သော် တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ စိတ်တွေ၊ခံယူယုံကြည်ချက်တွေ
မပြောင်းလဲနိုင်သေးသရွေ့ဘာမှပြောင်းလဲလာမှာ မဟုတ်သေးဘူးလို့ တွေးမိလို့ပါ........။

ဟိုတစ်လောက ဗမာပြည်အပြင်ဘက်က အစ်ကိုတစ်ယောက်က အထဲက အင်တာနက်ကဖေးတွေရဲ့ အခြေအနေကို မေးဖူးတယ်..။အဆင်ပြေချောမွေ့မှု၊လုံခြုံမှု နဲ့ပတ်ဝန်းကျင်အခင်းအကျင်း...စသဖြင့်...။

အဆင်ပြေချောမွေ့မှု ဆိုတာကို ကျမသိပ်နားမလည်ပါဘူး။အဆင်ပြေချောမွေ့မှုဆိုတာ ဘာကိုခေါ်ပါသလဲ..။
တစ်ခါမှ မကြုံဖူးတဲ့အတွက် အဲ့ဒိမေးခွန်းကို မသိဘူး လို့ တိုတိုပြတ်ပြတ်ဖြေခဲ့ဖူးတယ်..။
နောက်ထပ်တစ်ခု"လုံခြုံမှု..."ပရိုင်ဗေစီလား..အဲ့ဒိစကားလုံးကိုကျမပတ်ဝန်းကျင်ထဲဆွဲခေါ်လာဖို့....
အဆင်သင့်မဖြစ်သေးဘူးထင်တာပဲ........။
နောက်ဆုံးတစ်ခု ပတ်ဝန်းကျင် အခင်းအကျင်းလား.....အမျိုးအစားအစုံအလင်ရှိပါတယ်........။၂ ယောက်တွဲမှ အင်တာနက်သုံးတတ်တဲ့ ဒူးတနန့်နန့်နဲ့ အမျိုးသားကြီးတွေ၊အော်ဟစ်ဆဲဆိုနေတဲ့ ကစားနေသူတွေ..။ "မောင်လားဟင်..အာ အဲ့ဒိချစ်တယ်ကို ဘယ်နှစ်ခါပြောရမှာလဲ...ချစ်တယ် ချစ်တယ် ချစ်တယ်.."
"ကမ္ဘာပျက်တောင် မမုန်းဘူး..သိလား..."စသဖြင့် စသဖြင့်...။

တစ်ချို့ဆိုင်တွေ သိပ်ကိုစေတနာကောင်းပါတယ်..။ပွင့်လင်းလွတ်လပ်မှုရှိတယ်...။ကြိုက်တာကို မေးပိုင်ခွင့်၊တောင်းဆိုပိုင်ခွင့်တွေရှိပါတယ်..။
တစ်ခုခုကို (ဥပမာ ယူရှိလား၊ဖရီးဒမ်းရလား၊ဖရီးဂိတ်ရလား)မေးလိုက်လို့ဘာလုပ်ဖို့လဲ....၊ဘာဆိုဒ်ကြည့်မလို့လဲ လို့အမေးမခံရတဲ့....၊လူငယ်တွေကိုနည်းပညာနဲ့ပတ်သက်လို့ နောက်မကျစေချင်တဲ့ စိတ်စေတနာနဲ့ လုပ်ပေးထားတဲ့ ဆိုင်တွေရှိပါတယ်။ကြိုက်တာမေးပါ..ကိုယ်မသိတာတွေကို မျှဝေပါတယ်...။ သေချာနားလည်သွားအောင် ရှင်းပြပေးပါတယ်...။သူတို့ဆိုင်မဟုတ်တဲ့ တခြားဆိုင်မှာသုံးရင်တောင် ဘယ်လိုနည်းနဲ့ ကျော်နိုင်ခွနိုင်မလဲ ဆိုတာကိုမျှဝေပေးတတ်ကြပါတယ်..။
သိပ်ကို ကျေးဇူးတင်ရပါတယ်...။ကျေနပ်ရပါတယ်။
ကျေးဇူးတင်တာက ကိုယ့်ကိုအဆင်ပြေစေတဲ့အတွက်ပါ။
ကျေနပ်ရတာက ကိုယ့်တွင်မဟုတ်၊တခြားလူငယ်တွေကိုလဲ သူတို့ဒီလိုစေတနာထားတာ သိရလို့ပါ.....။ ဒါပေမယ့်...တချို့ပါ...။အလွန်နဲသော တစ်ချို့ပါ......။

ကဲ..အဲ့ဒိလောက်တောင် ဖြစ်နေရင် ဘာလို့သုံးနေသေးလဲ...မသုံးနဲ့ပေါ့လို့ ပြောခံရရုံပဲရှိပါတယ်...။ ဟုတ်ပါတယ်..ခံရဲပါတယ်...။။မသုံးပဲ မနေနိုင်လို့ပါ...။နောက်ပြီး.....
ဒီကိစ္စတွေကို စိတ်ကသိကအောက်ဖြစ်စရာလို့ ထင်မြင်သုံးသပ်တဲ့သူရယ်ဆိုရင် ...ကျမရယ်..နောက်ထပ် ကျမရယ် ဒါပဲ ရှိနိုင်မယ်ထင်ပါရဲ့လေ.....။

မှတ်ချက်...ဒီပိုစ့်ကို ဒီရက်ထဲမှာ ပိုစ့်မတင်နိုင်ရခြင်းရဲ့ အကြောင်းပြချက်တစ်ခုလို့ ကျမသတ်မှတ်ပါတယ်.....။
ယူ=ultraSurf
ဖရီးဒမ်း=freedom
ဖရီးဂိတ်=freegate

Thursday, March 12, 2009

စကားတစ်ခွန်းနဲ့အတူ

" သွားတော့" လို့ ပြောမထွက်တဲ့ အတွက်ရယ်ကြောင့်
" သွားတော့မယ် " လို့ပြောပြီး
ချာကနဲ...လှည့်အထွက်မယ်.....,,,,,,
နွေးကနဲ..တစ်ချက်အလှိုက်မှာ
အဲ့ဒါ...
ဘာမှမဟုတ်ဖို့........
ငါဟန်ဆောင်လိုက်ပြန်တယ်......။

Monday, March 09, 2009

အစ်ကို

မနေ့တုန်းက နယ်ကရောက်လာတဲ့ အစ်ကိုနဲ့သူ့အမျိုးသမီး(ကျမယောင်းမ)၊ကျမ အစ်မငယ်တို့ကို မနက် စောစောမှာ ရွှေတိဂုံဘုရားကိုလိုက်ပို့တယ်...။

အဲ့ဒိလို မနက်စောစော အရောက်သွားနိုင်ဖို့ အိပ်ယာကနေ မနည်းကုံးရုံးပြီးထယူရတယ်..။ခုနောက်ပိုင်းမှာ အရင်တုန်းက ငယ်ငယ်ကနဲ့ မတူတော့ဘူး။ အိပ်ယာဝင်တာလဲနောက်ကျသလို အိပ်ယာထတာလည်း သိသိသာသာကြီးကို နောက်ကျလာတယ်။အရင်တုန်းက ဒီလိုမဟုတ်ဘူး။စောစောမအိပ်ရလဲ မနက်ကျရင် စောစောနိုးလေ့ရှိတယ်...။တမင်နောက်ကျပြီးမှ ထတာမဟုတ်ဘူး။နိုးကို မနိုးတာ။တစ်ခါတစ်လေဆို အိပ်လွန်းလို့ ကိုယ့်ကိုယ်ကိုလဲ ဒေါသတွေထွက်မိတယ်....။ဘာကြောင့်မှန်းမသိဘူး။ဒါကြောင့် နောက်တစ်နေ့မနက်မှာ တစ်ခုခုအစီအစဉ်ရှိရင် ထုံးစံအတိုင်း Alarm နာရီနဲ့ ကိုယ့်ကိုယ်ကို နှိုးရတယ်။

အိပ်ယာကနိုးတော့ နိုးနိုးချင်းပဲ ရန်ကုန်ရောက်နေတဲ့အစ်ကိုအကြောင်းကို စဉ်းစားမိတယ်...။ သူနဲ့သာဆိုရင် ကျမဒီလို မထချင်သလိုလို လုပ်နေလို့ဘယ်ရလိမ့်မလဲ....လို့တွေးမိတယ်...။

ကျမ ဆယ်တန်းတုန်းကဆိုရင် ကြမ်းတပြေးထဲအတူတူအိပ်နေရင်းနဲ့ သူ့လက်ကြီး အကြီးကြီးနဲ့ ကြမ်းပြင်ကို ဘုန်း ခနဲဆိုပုတ်လိုက်တာနဲ့ငေါက်ခနဲ ထထိုင်ရတာ။စာကျက်ရင်းက တစ်ယောက်ထဲတိတ်တိတ်လေး ငြိမ်ပြီးငိုက်နေရင်လဲ...ဘယ်အချိန်မှာ သူက နိုးနေသလဲမသိ။တစ်ခါ အုန်း ဆိုထုပြန်ရော.။
ဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့ရတာ..။ကိုယ့်ဝီရိယနဲ့ ကိုယ်သာဆို ဆယ်တန်းတောင်အောင်ပါ့မလား မသိဘူး...။

******************************
သူတို့တည်းတဲ့ ဟိုတယ်ကိုကျမရောက်သွားတော့ မနက် ၇နာရီ..။
သူတို့ကိုခေါ်ပြီးတော့ ဘုရားသွားဖို့ကားငှားကြတယ်..။အဲ့ဒိမှာ ကျမအစ်ကိုလုပ်သူက ရှေ့ကနေသွားနေရင်းက
ကားနားရောက်ခါနီးမှ တစ်ချက်ဆတ်ခနဲဆို ရပ်လိုက်တယ်။ပြီးတော့ ကျမဘက်ကိုလှည့်ပြီး...ပြော...ဆိုတဲ့ပုံမျိုး
လုပ်ပြတယ်။သူများအမြင်ဆိုရင်တော့ ဒါဟာမထူးဆန်းဘူးဆိုပေမယ့် ကျမအတွက်တော့ အဲ့ဒိအမူအယာက ထူးဆန်းနေပါတယ်။အစ်ကိုက ကျမကို ရှေ့တင်ပေးလိုက်တာ ဆိုပေမယ့် ကျမကအဲ့လိုမျိုးမနေချင်ဘူး။
ကျမဘာသာ တစ်ယောက်ထဲရပ်တည်နေရင်နေပါမယ်..။ဒါပေမယ့် အစ်ကို့ရှေ့မှာတော့ အဲ့လိုမျိုးရှေ့က မနေချင်ဘူးလေ၊အဲ့လိုမျိုးသူက လုပ်ပြတော့မသွားပဲလဲ နေလို့မရဲတော့ ကျမကပဲ ကားသမားနဲ့ စကားပြောပြီး
နောက်ဆုံးတော့ ဘုရားပေါ်ကိုရောက်လာခဲ့တယ်။ဒါပေမယ့် ကျမစိတ်ထဲမှာ အစ်ကို့ကို တယ်ပြီး ဘ၀င်မကျချင်လှဘူး။

သူဘာလို့ငါ့ကို အဲ့လိုလုပ်တာလဲ........။ငါ့ကို သူအဲ့လိုဆက်ဆံစရာအကြောင်းမရှိဘူးလို့လဲ တွေးမိသေးတယ်..။
တစ်သက်လုံးက သူ့ဦးဆောင်မှုနောက်မှာ ကျမကလိုက်လာခဲ့ရတာ..။ခုခါမှ သူကဘာလို့ငါ့ကို ဦးဆောင်နေစေတာလဲ......။အဲ့ဒိနေ့က တစ်နေ့လုံးသွားသမျှမှာလဲ နေရာတိုင်းမှာ ကျမကပဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချပြီး...ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခဲ့ရတယ်.......။


ညဘက်ရောက်တော့ ကျမဘာသာတစ်ယောက်ထဲ ပြန်ပြီးတွေးနေမိတယ်......။အစ်ကို့ပြောင်းလဲမှုတွေလား..
ဒါမှမဟုတ်..ကျမရဲ့ပြောင်းလဲမှုတွေလား...ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုတွေလား....လို့...
ပြန်စဉ်းစားနေမိတယ်...။


************************************

အဖေဆုံးတော့ အမေနဲ့ ကျမတို့ မောင်နှမ ငါးယောက်ကျန်ခဲ့တယ်။အကြီးဆုံး ၂ ယောက်ဖြစ်တဲ့ အစ်မနဲ့ အစ်ကို
က အဖေဆုံးပြီးလို့ ၁ နှစ်အတွင်းမှာပဲ ရှေ့ဆင်နောက်ဆင့်အိမ်ထောင်တွေပြုလိုက်ကြတယ်။အဲ့ဒိအချိန်မှာ ကျမအစ်ကိုက အသက် ၁၆ နှစ်လားပဲရှိသေးတယ်။သူနဲ့ ကျမနဲ့က အသက် ၁၃ နှစ်နီးပါးကွာကြတယ်။သူနဲ့ ကျမနဲ့ ကြားမှာ အစ်မတစ်ယောက်ရှိသေးတယ်။အစ်မနဲ့ ကျမက ၆ နှစ်ကြီး၊၆ နှစ်ငယ်တွေ၊အကြီးဆုံး ၂ ယောက်ထွက်သွားပြီးနောက်ပိုင်းမှာ ကျမအစ်ကိုလေးက သူပဲအကြီးဆုံးဆိုပြီး ကျမတို့ ညီအစ်မနှစ်ယောက်ကို
ကျွေးမွေးစောင့်ရှောက်လာခဲ့တယ်.....။အမေက အဖေဆုံးကာစတုန်းက စိတ်တွေလေလို့....... ချက်ချင်းအနည်မထိုင်သေးခင်မှာ အစ်ကိုကအမေ့ကို တစ်ဖန်ပြန်ပြီး ဦးဆောင်ခဲ့တယ်..။ဒါ့အပြင် အကြီးဆုံး နှစ်ယောက်က ထားခဲ့တော့လဲ ကျမတို့ ညီအစ်မနှစ်ယောက်ကို သူကအားပေးနှစ်သိမ့်ခဲ့တယ်...။

သူ့ကိုကျမတို့ ညီအစ်မ နှစ်ယောက်လုံးက သိပ်ကြောက်ခဲ့ကြတယ်။သူတစ်ခွန်းဆို မီးခဲကိုရေဖြန်းသတ်လိုက်တာနဲ့အတူတူပဲ...။ချက်ချင်းငြိမ်သွားကြရတာ...။ပြီးမှသာ ကြိတ်ပြီး ရန်သတ်ရင်သတ်ကြ..။သူ့ရှေ့မှာတော့ ရန်ဖြစ်ဖို့ဝေးလို့ တစ်ယောက်နဲ့တစ်ယောက် စောင်လို့၊မဲ့လို့တောင်မရဘူး


ကျမတို့ငယ်ငယ်တုန်းက ရွာမှာဗွီဒီယိုရုံမှာဗွီဒီယိုသွားကြည့်ကြရတယ်။အဲ့လိုသွားကြည့်ချင်တာ။နေကြာစေ့၊
ဇီးငံစေ့တွေ တစ်ခုတ်ခုတ်စားပြီး....လူတွေကြပ်ကြပ်ထဲမှာ တိုးဝှေ့ပြီးကြည့်ရတာကို အရသာတွေကြတာ...။ အဲ့လိုညဘက်သွားကြည့်ဖို့ဆို...မနက်လောက်ထဲက အမေ့ကိုပြောရတာ။အမေက "နင်တို့ရေခပ်ရင် သွားရမယ်၊ ထမင်းအိုး၊ငါးပိချက်အိုး စုံအောင်တည်ရင်သွားရမယ်" ဆိုရင် တစ်နေကုန် ညီအစ်မ နှစ်ယောက်သားမှာ ကြိုးစားရတာ..။ညလဲရောက်လို့ အိမ်ရှေ့မှာ အဖော်တွေကလာခေါ်လှည့်ရော...အစ်ကိုလုပ်သူက ဘယ်သူလဲ သွားချင်တာ...လာစမ်းဒီနားလာစမ်းဆိုတာနဲ့...ဘယ်သူကမှ မသွားချင်သလိုနဲ့.....သူ့အနားလဲ မသွားရဲသလို..အိမ်ရှေ့ကအဖော်တွေကိုလဲ အချက်ပြပြီး သွားတော့လို့ပြောခဲ့ရတာ...။သူတို့တွေသွားကြလို့ ဗွီဒီယိုရုံမှာ ဇာတ်ကားတောင်ပြီးရော့မယ်...ကျမတို့အိမ်က လက်ချာက မပြီးတတ်သေးဘူး။

အဲ့ဒိအချိန်တုန်းက နင်အမုန်းဆုံးလူကဘယ်သူလဲလို့ ညီအစ်မနှစ်ယောက်သား တစ်ယောက်ကို
တစ်ယောက်ကြိတ်ပြီး မေးဖြစ်ကြတယ်။နှစ်ယောက်လုံးက ညီညီညာညာပဲ "အစ်ကိုလေး " လို့ ဖြေခဲ့ကြတယ်.........။

ဒါပေမယ့် အမှတ်မရှိတဲ့ကျမတို့ညီအစ်မ နှစ်ယောက်က အိပ်ယာထဲရောက်ရင်သာ ကြိတ်ငိုကြတာ ညတိုင်းပေမယ့် နောက်နေ့တွေမှာလဲ အမေ့ကို ထမင်းအိုး၊ဟင်းအိုး ကူချက်ပေးရင်း ညဘက်ကျရင် ဗွီဒီယိုရုံ သွားရဖို့ ကြိုးစားမြဲပါပဲ...။

ကျမအသက် ၁၀ နှစ်သမီးမှာ နားရောဂါအကြီးအကျယ်ခံစားရပါတယ်။ဆေးရုံကို သုံးလလောက်တက် ယူ ရတဲ့အထိဖြစ်ခဲတယ်။အဲ့ဒိတုန်းက အိမ်မှာအစ်မတစ်ယောက်ထဲထားခဲ့ပြီး အမေရော၊ အစ်ကိုရော နှစ်ယောက်စလုံး ကျမနားမှာလိုက်နေခဲ့ကြတယ်..။ဖြစ်တဲ့အချိန်က သင်္ကြန်တွင်းကြီးဆိုတော့ ပုသိမ်ဆေးရုံက ဆရာဝန်က ဇာတိတောင်ကြီးကိုပြန်ပြီးရဟန်းဝတ်နေတဲ့အချိန်၊ရန်ကုန်ကိုလာဖို့ကလဲ ပိုက်ဆံမတတ်နိုင်တော့
ပုသိမ်မှာပဲ ကျောက်ချပြီး ဘယ်တော့ပြန်လာမယ်မှန်းမသိတဲ့ နား၊နှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကို
ကျမတို့သားအမိသုံးယောက် စောင့်နေခဲ့ကြတယ်။ကျမက သတိလွတ်သွားလိုက်၊ပြန်လည်လာလိုက်နဲ့... ဖြစ်နေခဲ့တယ်။နောက်မှပြန်သိရတာက အဲ့ဒိတုန်းက အစ်ကိုက စိတ်ညစ်လို့ ကျမတို့တည်းတဲ့ ဘုန်းကြီးကျောင်း ထဲက ရေတွင်းနားမှာ ညတိုင်း သွားသွားထိုင်ပြီး ငိုနေခဲ့တာတဲ့..။

အဲ့ဒိတုန်းက ကျမကနှစ်ခါပြန်ပြီးခွဲစိတ်ခဲ့ရတယ်။နောက်တစ်ကြိမ်ခွဲစိတ်ခန်းဝင်ရတော့မယ်ဆိုတော့ ကျမကမ၀င်ချင်တော့ဘူး။သေရင်လဲသေပါစေတော့ဆိုတော့ ခွဲမှာ မဟုတ်၊ဆေးထည့်ရုံသက်သက်ပဲလို့ပြောပြီး
အစ်ကိုက ကျမကိုညာလို့ ခွဲခန်းထဲကိုပို့ခဲ့တယ်။အထဲရောက်တော့မှ သူညာမှန်းသိတဲ့ကျမက သူ့ကိုမုန်းလိုက်တာ။စိတ်တွေလဲ အလွန်တိုခဲ့မိတယ်။ဘယ်လောက်ထိစိတ်ထဲတိုနေခဲ့သလဲဆိုတော့ ခွဲခန်းကထွက်လာတော့ မေးဆေးကယောင်ကတမ်းနဲ့ကိုပဲ အစ်ကိုလေးညာတယ်၊အစ်ကိုလေးညာတယ်လို့
ယောင်နေခဲ့တယ်တဲ့...လေ။

ကျမရှစ်တန်းကျောင်းသူဖြစ်တော့ သားရေဖိနပ်လေးတွေဆို သိပ်စီးချင်တာ။အမေ့ကိုမရရအောင် ပူဆာပြီး သားရေဖိနပ်အမာ(ယောက်ျားစီးဖိနပ်လိုမျိုး)ကိုစီးတော့ ခြေထောက်တွေမာကုန်လိမ့်မယ်ဆိုပြီး ....အစ်ကိုက တားခဲ့ဖူးတယ်။ဒီစကားဟာ ကျမတစ်သက်လုံးမှာ သူ့ဆီကကြားရဖူးတဲ့ နူးညံ့ကြင်နာတယ်လို့ယူဆလို့ရတဲ့ စကားတစ်ခွန်းပါပဲ..။အဲ့ဒိတစ်ခါကစပြီး နောက်ဘယ်တော့မှလဲ မကြားရတော့ပါဘူး။ဒါပေမယ့်ကျမကလဲ ခုချိန်ထိ အဲ့ဒိဖိနပ်ကိုစီးနေဖြစ်တုန်းပါပဲ...။

ရန်ကုန်ကိုကျောင်းတက်ဖို့ မောင်နှမနှစ်ယောက်သားလာခဲ့ကြတော့....သူကျမအတွက်စိတ်တွေပူနေခဲ့တယ်လို့
ကျမထင်တယ်။ရန်ကုန်မှာ လူတွေကိုသိပ်မယုံနဲ့ဆိုတဲ့ စကားကိုသာတွင်တွင်မှာနေခဲ့တယ်...။ဒါပေမယ့် ကျမအစ်ကိုက ကျမကိုစိတ်ချယုံကြည်စွာနဲ့ အမျိုးအဆွေရယ်လို့တစ်ယောက်မှ မရှိတဲ့ရန်ကုန်မြို့ကြီးမှာ တစ်ယောက်ထဲထားခဲ့တာ .....ခုဆို ၈ နှစ်ပြည့်တော့မယ်...။

ကျမဆယ်တန်းမအောင်သေးခင်တုန်းက အစ်ကို့ကို သူတကာက ဘယ်တော့ မိန်းမယူမှာလဲလူပျိုကြီး လို့မေးရင် ကျနော့ညီမလေးဆယ်တန်းအောင်တော့ ယူမှာပေါ့ဗျာလို့ သူဖြေတာကြားမိတယ်..။
ကျမဆယ်တန်းအောင်ပြီးတဲ့နောက်တော့ ကျနော့ညီမလေးကျောင်းပြီးတော့ပေါ့ဗျာလို့ သူဖြေခဲ့တယ်..။
တကယ်လဲ ကျမအစ်ကိုဟာ လူပျိုကြီးအဖြစ်ရည်းစားလဲ (ကျမသိသလောက်)တစ်ယောက်မှ မထားခဲ့ဘဲ နေခဲ့တယ်။

ကျမ တက္ကသိုလ်တတိယနှစ်ရောက်တော့ သူနှစ်သက်တဲ့မိန်းကလေးတစ်ယောက်ရှိတယ်၊ ညီမလေး ဘယ်လိုသဘောရသလဲလို့ကျမကိုသူ့မိန်းကလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်...။နောက်ဆုံးတော့
ကျမရဲ့သဘောတူညီမှုနဲ့ သူနဲ့သူ့အမျိုးသမီးနဲ့ ကျမကျောင်းပြီးတော့ အိမ်ထောင်ပြုဖြစ်ကြတယ်...........။

သားသမီးတွေကို ဘယ်တစ်ယောက်ကိုမှ အားမကိုးဘူး၊ငါ့လက်ငါ့ခြေပဲ အားကိုးတယ်၊အိမ်ထောင်ပြုပြီးတာနဲ့ ငါ့အနားမှာတစ်ယောက်မှ မနေတော့နဲ့...နင်တို့ဝေးရာကိုသွားလို့...အမေက အမြဲပြောတတ်ပေမယ့် သူ့သားကြီး ကိုတော့ အဲ့လိုမပြောခဲ့ဘူး။အစ်ကိုကလဲ အမေ့အိမ် အနားကတစ်ဖ၀ါးမှ မခွာခဲ့ဘူး။ခုချိန်ထိ အမေ့နားမှာပဲ နေပြီး " အမေရေကွမ်းလေး ယာပေးပါဦး၊" "အမေရေ...အသုတ်လေး သုပ်ကျွေးပါဦး.."လုပ်နေတုန်းပါပဲ...............။

ကျမစဉ်းစားခန်းတွေ အဆုံးသတ်မရပါဘူး...ဒီလိုပဲ အဖြေလဲ ထုတ်လို့မရခဲ့ပါဘူး.........။
တခါတလေတော့လည်း ပေါ့ပေါ့ပါးပါးလေးတွေးကြည့်မိချင်ပါတယ်.........။

Tuesday, March 03, 2009

သူ့ ဘေးနားက ဘ၀များ

ကြေးအိုးဆိုင်မှာ ဖြစ်ပါသည်။သူနဲ့ သူ့သူငယ်ချင်း၂ယောက်နဲ့ကြေးအိုးသောက်ရင်းစကားဖောင်ဖွဲ့နေကြမိသည်။
ခဏနေတော့တစ်ဖက်စားပွဲဆီက ကျယ်ကျယ်လောင်လောင်အသံတွေ ထွက်လာသည်။လှည့်ကြည့်လိုက်တော့ အသားဖြူဖြူဗိုက်ရွှဲရွှဲလူကြီးတစ်ယောက်နဲ့ စားပွဲထိုးလူငယ်လေးနဲ့ ပြဿနာ ဖြစ်နေကြတာ..။ ပြဿနာဆိုတာထက် ဗိုက်ရွှဲရွှဲလူကြီးရစ်သမျှ လူငယ်လေးက ခေါင်းလေးငုံ့လို့ ခံနေရတာဖြစ်သည်။

သူတို့လဲ သတိလက်လွတ်ငေးကြည့်နေမိသည်။လူကြီးက ဟန်းဖုန်းကို မာန်ပါပါနဲ့ ပြောနေသည်။ဟန်းဖုန်း ပြောရင်းကပဲ သူစားပြီးသမျှ ပိုက်ဆံရှင်းနေရင်းကမှ လန်ဒန်တစ်လိပ်ဆိုလား၊တစ်ပွဲဆိုလား မှာနေသည်။ စားပွဲထိုးကောင်လေးက သူဘာဖြစ်ချင်တာလဲမရှင်းလို့ ခဏရပ်ပြီး သူဖုန်းပြောပြီးတဲ့အထိ ဘေးနားမှာ ရို့ရို့လေးရပ်ပြီး စောင့်နေသည်။အဲ့ဒါကို ဘယ်ကဘယ်လို စိတ်ကထဖောက်သလဲ မသိပါ။ထအော်ထည့်လိုက်တာ ငယ်သံငယ်ရင်းပါတဲ့အထိ၊စားပွဲထိုးလေးကို အသားလွတ်ထဟောက်တာ ဖြစ်သည်။

သူတို့သူငယ်ချင်းသုံးယောက်လုံး မျက်လုံးလွှဲမိလိုက်ကြသည်။ဆက်လဲ မကြည့်ချင်တော့၊ဆက်လဲ မကြည့်ရက်တော့။ကောင်လေးက သူတို့နဲ့မှ ရွယ်တူရယ်..။သူရှက်နေမှာ သူတို့စိုးမိပါသည်။ဘယ်သူပဲဖြစ်ဖြစ်
ကိုယ်နဲ့ရွယ်တူတွေရှေ့မှာ အဆူခံ၊အဆဲခံရရင် အရှက်ကွဲသလို ခံစားရတတ်ပါသည်။ခုလို အခြေအမြစ်မရှိပဲ
အဆူခံ၊အဆဲခံနေရရင် ပိုဆိုးတော့မပေါ့.....။

နောက်တော့ ဘယ်လိုကိစ္စပြတ်သွားသလဲတော့ မသိပါ..။အသံတွေငြိမ်သွားပြီး ခဏနေတော့ ဗိုက်ရွှဲရွှဲလူကြီးက
သူတို့ စားပွဲဝိုင်းဘေးက ဖြတ်သွားရင်းသူတို့သုံးယောက်ကို ဘုကြည့်ကြည့်သွားသည်။သူလဲ ဘယ်ရမလဲ..
မိုက်ဂိုက်နဲ့ ပြန်ကြည့်ပေးလိုက်သည်။နောက်ပြီး အဲ့ဒိလူကြီးမျက်လုံးထဲက အရိပ်တစ်ခုကို မရရအောင် ဖမ်းလိုက်
နိုင်သည်။ဒီလူ ရှက်ရမ်းရမ်းသွားတာမှန်း သူသိလိုက်ပါသည်။သူ့ဘာသာသူ မဟုတ်တာ၊မတရားတာ လုပ်ပြီး သူ့လုပ်ရပ်ကိုလဲ ဘေးလူတွေကမြင်သွားတော့ သူ့လိပ်ပြာသူမလုံဖြစ်နေတာ....ခံပေါ့........၊
မဟုတ်တာ၊မတရားလုပ်နေတဲ့သူမှန်သမျှ ဒီလိုပဲခံရမှာပဲ...ပိုပြီးခံစားရမှာက အဲ့ဒိစားပွဲထိုးကောင်လေးလိုမျိုး ရိုးသားတဲ့လူတွေအပေါ်မှာမှ မဟုတ်တာလုပ်ရင် ပိုပြီးကိုယ့်လိပ်ပြာကိုယ်ရှက်ရမှာပဲ...........။
လူတစ်ယောက်ထဲဆိုလဲ ရှက်ရမှာပဲ..လူအဖွဲ့အစည်းနဲ့ဆိုလဲ ရှက်ရမှာပဲ.....ဒါလောကနိယာမ..။နှေးတာမြန်တာပဲ
ကွာလိမ့်မယ်.........သူ့စိတ်ထဲကစကားတွေကို ဘေးကသူငယ်ချင်း၂ ယောက်ကို ပြောပစ်လိုက်မိတယ်။

ဒီလိုလူမျိုးတွေက ပိုက်ဆံတွေ ရေလိုပေးပြီး စားရတဲ့စားသောက်ဆိုင်၊အရက်ဆိုင်တွေမှာ ပိုက်ဆံပေးပြီး
ပြောချင်ရာပြောလေ့၊ခိုင်းချင်သလို ခိုင်းလေ့ရှိတဲ့ အမူအကျင့်ကို ဒီလိုကြေးအိုးဆိုင်ရောက်တဲ့အထိ မဖျောက် နိုင်ကြဘူး။နေရာဒေသမှားပြီး ရောက်လာတယ်လို့ သူတွေးမိတယ်....။

ဒါမျိုး အဖြစ်အပျက်တွေ၊ဒီလိုမျိုး ကိုယ်တွင်းမာနကို အဆမတန်ချိုးနှိမ်ပြီး ငုံ့ခံနေရတဲ့ ဘ၀တွေ သူ့ဘေးနားမှာ များလှပြီ..။အမှန်တရားကို သိသိကြီးနဲ့ ခေါင်းငုံ့လည်စင်းခံနေရတဲ့ ဘ၀တွေနဲ့........ခေါင်းပေါ်တက်ပြီးမှ ခြေသုတ်ချင်တဲ့သူတွေနဲ့ပတ်သက်ရတဲ့ဘ၀တွေ...အဲ့လိုဘ၀တွေ သူတို့ဆီမှာ များလှပြီ....။

ဝက်သားဒုတ်ထိုးဆိုင်မှာ သူ့ချစ်သူရဲ့ဘလောက်စ်လှလှလေးပေါ်ကို ရေဖိတ်ကျလို့ ဆိုင်က စားပွဲထိုး ကလေးကို မင်းအနားမလာနဲ့တော့လို့ ရင့်ရင့်သီးသီးပြောလွတ်တာ...အစားအသောက်စားပြီးလို့ ပိုက်ဆံရှင်းခါနီးမှာ လုယက်ပြီး ရှင်းကြရင်းက ဘယ်သူ့ဆီကပိုက်ဆံကို ယူရမှန်းမသိဖြစ်နေတဲ့ စားပွဲထိုးကလေးတွေကို အော်ငေါက်ပစ်ကြတာ..............။
အဲ့ဒါမျိုးတွေကျတော့ ချစ်သူစုံတွဲတွေက လုပ်လေ့ရှိတယ်..တချို့သော စုံတွေတွေမှာ ချစ်စ၊ကြင်နာစမို့လားတော့ မသိဘူး။မိန်းကလေးကလဲ လိုအပ်တာထက် ပိုပြီးကဲပြ ၊သဲပြသလို ယောက်ျားလေးလုပ်သူကလဲ သူရဲကောင်းကြီး လုပ်ပြရ..နဲ့. .ကြားထဲက မြေဇာပင်အဖြစ် မလုပ်တတ်၊ မကိုင်တတ်တဲ့ ကလေးငယ်လေးတွေ........
ရှက်နေရုံ...ကြိတ်ပြီး ငိုကြွေးနေရုံကလွဲပြီး ဘာများတတ်နိုင်ပါ့မလဲ...။

ဒီပုံပြင်မှာ ဘယ်သူကမတရားတာလဲ.........တဲ့...သီချင်းတစ်ပုဒ်ကြားဖူးတယ်..။
အဲ့ဒိသီချင်းလေးပဲ သူညည်းနေမိတော့တယ်.....။

Monday, March 02, 2009

အချဉ်ဖောက်ခြင်း

ဒီအကြောင်းပဲ ပိုစ့်လုပ်ပြီးရေးနေတယ်လိုပြောလဲ ခံရမှာပဲ..မတတ်နိုင်ဘူး။စိတ်ခံစားမှုကိုထိန်းချုပ်မှု
အားနည်းတယ်ပဲ ပြောရမလား...။ပြောချင်သလိုသာ ပြောတော့.၊ကိုယ်မပြောပဲ သူများပြောတာတွေပဲ
ကြားနေရတာများတော့....ပြောလို့ရတဲ့ ဒီနေရာမှာပြောမိတယ်...

လွန်ခဲ့တဲ့ ၁ ပတ်လောက်က၊ကြာသပတေးနေ့ကနေစပြီး စနေနေ့ထိ ၇၂ နာရီတိတိ ကျမတို့နေတဲ့ရပ်ကွက်မှာ မီးပြတ်သွားခဲ့တယ်...။လူတွေအားလုံးဒုက္ခရောက်လိုက်ကြတာ....၊နာဂစ်ဖြစ်တုန်းကနဲ့ သိပ်မကွာခြားဘူး။ မီးမလာတော့ ရေမတင်ရ၊ရေမတင်ရလို့ ရေမရှိတော့ အားလုံးလိုလို မျက်နှာတွေ အဆီတ၀င်းဝင်းနဲ့... ကလေးတွေက ရေကြောက်တွေပေါက်ကြတယ်..။အပူရှိန်က သိသိသာသာမြင့်တက်လာတဲ့ အချိန်မှာ ရေကို ၀၀လင်လင်မချိုးရဘူး။မဖြစ်မနေအပြင်သွားစရာရှိတဲ့သူတွေဆိုလဲ ရေကိုမှုတ်ရေနဲ့ ချိုးရတာ...
ဒါမျိုးဆိုတာ သေပြီးသားလူကိုမှ လုပ်တတ်ကြတာဆိုလား။ဗမာအယူမှာ ကြားဖူးတယ်။
မတတ်နိုင်ဘူး...အဲ့လိုသာဆိုရင်ဖြင့် ကျမတို့တွေ လူသေကောင်တွေဖြစ်ကုန်ရောပေါ့....း(

အဲ့ဒိ ၇၂ နာရီမှာ ဘုရားစူး ၁၀ မိနစ်တစ်ခါ၊၅ မိနစ်တစ်ခါပဲလာတယ်....။ဖျတ်ခနဲဆို လာတော့ လူတွေက အားရ၀မ်းသာနဲ့ ရေတင်ကြတယ်..အထပ်မြင့်တိုက်အပေါ်က လူတွေကရေလဲတင်လိုက်ရော... အောက်ဆုံးမြေညီထပ်က လူတွေက ဟေ့လူတွေ ခင်ဗျားတို့ ဒီလောက်တောင် နားမလည်ဘူးလား။
ခုမှ မီးလာတာ အောက်ကန်မှာရော ရေက ဘယ်လာရှိပါ့မလဲတွေနဲ့ ဖြစ်ကုန်ရော.... လူတွေဟာ...ကျားသစ်နာတွေလိုပဲ....တစ်ယောက်နဲ့ တစ်ယောက် မာန်ဖီနေကြတာ....
အဲ့လောက်အော်ဟယ်၊ဟစ်ဟယ်နဲ့ပဲ ပြီးသွားလို့ တော်သေးတယ်..။

ဟော......ခုရက်ထဲ မိနစ် ၂၀လောက်တစ်ခါလာလိုက်၊ပြန်ပြတ်သွားလိုက်နဲ့ လာပြန်တော့လဲ
မတန်တဆမီးအားတွေနဲ့...။တစ်ချို့ဆို မီးအားအ၀င်မိန်းပေါက်ကို မချမိခဲ့လို ၀ါယာရှော့ဖြစ်လား ဖြစ်ရဲ့နဲ့...။ အဘက်ဘက်ကနေ လှည့်ပြီး နှိပ်စက်နေတော့တာပါကလား ကွယ်တို့ရယ်လို့ပဲပြောရမယ်.........။

တစ်ခါတစ်လေဆို ရင်နာဖို့သိပ်ကောင်းတယ်...ကိုယ်နေတဲ့ တစ်လမ်းထဲကွက်မှောင်နေပြီး ကိုယ့်မျက်စိရှေ့က အကောင်၊ဗလောင်တွေနေတဲ့ လမ်းကျတော့လင်းလို့၊ထိန်လို့...............။လူတွေကို လူလို့တောင်မှ သတ်မှတ်သေးရဲ့လားလို့ တွေးမိတယ်...။ခံစားတတ်တဲ့ နှလုံးသားနဲ့လူဆိုတော့လဲ မခံစားပဲက မနေနိုင်ဘူး...။

ကျမသူငယ်ချင်းတစ်ယောက်ကတော့ နာနာကျည်းကျည်းနဲ့ စိတ်လွတ်၊ကိုယ်လွတ်ပြောရဲ့...တစ်နေ့ကို မီး ၁၂ နာရီပဲလာ...ငါဒီနိုင်ငံကနေ ဘယ်ကိုမှတစ်ဖ၀ါးမှ မခွာတော့ဘူးတဲ့...။မခံစားဖူးတဲ့သူတွေက ဒါကိုနားလည်နိုင်မှာ မဟုတ်ဘူး ။အဝေးကြီးမကြည့်နဲ့ ..သံလွင်လမ်းထဲမှာ အလုပ်လုပ်နေတဲ့ အစ်မကပဲ ..အမလေးရည်ရွယ်ချက်က ကြီးမားလိုက်တာတဲ့....ပြောကြပါစေ..ပြောကြပါစေ...ပခုံးနှစ်ဘက်ကြားခေါင်းပေါက်ပြီး လူဖြစ်လာတဲ့
လူချင်းအတူတူ..ဘ၀ချင်းက ခြားနေကြတာကိုး..နားလည်မှုတွေက မသိသိုးသား လွဲနေကြတာ...မဆန်းပါဘူး။...။

အတိုချုံးပြီး ပြောရရင်တော့ စိတ်ရဲ့အာသီသာက စာရေးဖို့နဲနဲမှအာရုံ ဖြစ်မလာသေးပါဘူး။မရေးနိုင်တဲ့အတွက်လဲ ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံဘူး(အဟဲ ပြောပုံကတော့ တကယ့်လူလို ပုံပန်းအပြည့်နဲ့ပဲ...)
ဘယ်လိုပဲဖြစ်စေကာမူ..အနဲဆုံးတော့ ကိုယ့်ရင်သွေးလို့ ဖြစ်နေတဲ့ ကိုယ့်ဘလောဂ့်အပေါ်မှာ ကိုယ်သစ္စာမရှိသလို
ဖြစ်နေပါတယ်...။သူ့ကို ဂရုမစိုက်နိုင်ဘူး။သူ့အပေါင်းအသင်းတွေဆီ လိုက်မလည်နိုင်ဘူး။ သူ့အပေါင်းအသင်းတွေ ဘာတွေလုပ်လို့၊ဘာတွေဖြစ်နေလဲ...မသိရ၊မလုပ်ရ...မသိနိုင်၊မလုပ်နိုင်...ဒီအတွက် ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဘူး......။

ဆိုတော့ ဘယ်သူ့ကို စိတ်နာရမလဲ၊ဘယ်သူ့ကိုမုန်းတီးပစ်လိုက်ရမလဲ......... ကိုယ့်ကိုယ်ကိုလား... ဒါမှမဟုတ်...တခြားသူတွေကိုလား....နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲ စိတ်ရှိလက်ရှိ မုန်းပစ်လိုက်ပါတယ်...။