Friday, April 13, 2012

ကိုယ်တိုင်ရေး ပုံတူ



ဒီရက်တွေထဲ လက်ရေးနဲ့ စာရေးရတာကို အတော်သဘောကျနေမိတယ်။
ဟိုတို့တို့ ဒီတို့တို့လေးတွေမှန်သမျှ လက်ရေးနဲ့ပဲ ရေးနေဖြစ်တယ်။ အခု ဒီကဗျာမပီ၊ စာမပီတဲ့ ပါဒလေး သုံးလေးခုကိုလဲ လက်ရေးနဲ့ပဲ ချရေးလိုက်ပါတယ်။ ခေါင်းစဉ်က အငဲ သီချင်းတစ်ပုဒ်နဲ့များ တူနေမလား မသိပါဘူး။ အခုလောလောဆယ်တော့ တခြားလဲ ဘာမှမခံစားနိုင်၊ မစဉ်းစားနိုင်သမို့ .. ဒါလေးပဲ ရွေးလိုက်ပါတယ်။

 ရာသီက အရူးရင့်နေစေသလို စိတ်ကလဲ ရောဂါရင့်နေတဲ့ ကာလ၊ သမယ ပေါ့။

ရေးပြီးလို့ ဓာတ်ပုံလဲရိုက်ပြီးကာမှ နောက်ထပ်တစ်ကြောင်းလောက် ထပ်ထည့်လို့ရသေးတာပဲ လို့ တွေးမိတယ်။
" ငါက အရည်မရ၊ အဖတ်မရ ခံစားချက်တွေနဲ့ အသက်ရှင်နေမိတဲ့ လူပါ " လို့လေ။


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
MIRROR
( 13-04-2012 )


Saturday, March 24, 2012

ခေါင်းစဉ်မသိတဲ့ ကဗျာ

ဘလော့ဂ်တွေရဲ့ side bar တွေမှာ ကိုယ်နှစ်သက်တဲ့ ကဗျာလေးတွေကို post လုပ်တဲ့ အလေ့အထတစ်ခုကို ဘယ်သူက စတင်ခဲ့သလဲ မသိပေမယ့် ကျမဘလော့ရဲ့ဆိုဒ်ဘားမှာ ကဗျာလေးတွေ တင်နေခဲ့မိတာတော့ နှစ်အတော်ကြာခဲ့ပြီလို့ ဆိုရပါမယ်။ side bar က ကဗျာတွေရဲ့ အပြောင်းအလဲဟာ ဘလော့ပိုင်ရှင်ရဲ့ " စိတ်အရောင် " အပြောင်းအလဲပါပဲ။
ကျမအဖို့တော့ ဆိုဒ်ဘားမှကဗျာတစ်ပုဒ်ဟာ ကျမရဲ့ခံစားမှုကို ကိုယ်စားပြုတယ်လို့ ဆိုချင်ပါတယ်။

======

လွန်ခဲ့တဲ့ သုံးလေးလခန့်ကစပြီး ဘယ်ဆီကနေ ရောက်လာမှန်းမသိတဲ့ အားလပ်တဲ့အချိန်တွေကို ကျမ ပိုင်ဆိုင်လာခဲ့တယ်။ အဲ့ဒီအချိန်ထဲကစပြီး စာလဲ သေသေချာချာ ပြန်ဖတ်ဖြစ်တယ်ဆိုပါတော့။ " စာ " ဆိုပေမယ့် အရင်မြန်မာပြည်မှာ နေစဉ်ကလို မိုးလင်းအိပ်ယာနိုးတာနဲ့ အဆင့်သင့်ပြင်ထားတဲ့ မနက်စာကို စားပြီး ကော်ဖီတစ်ခွက်ဆွဲလို့ တစ်နေ့လုံးအိပ်ယာထဲခွေကာ စာဖတ်နေနိုင်တဲ့ အခွင့်အရေးမျိုးဆိုတာ ဘယ်လိုမှ ပြန်ပြီးဖန်တီးလို့ မရနိုင်တော့တာမို့ စိတ်ထဲဝင်လာတဲ့စာမှန်သမျှ လိုက်ဖတ်မိပါတယ်။ ( အကြောင်းပြ ချက်က သိပ်ပြီး မခိုင်လုံလှဘူးနော် )

အရင်တုန်းက မေ့မေ့လျော့လျော့နေခဲ့မိတဲ့ ဘလော့တွေဆီမှာပါ တစ်ပုဒ်ချင်းဆီ အမြစ်ကနေ လှန် ဖြစ်တော့တာပါပဲ။ ဒီလိုနဲ့.... တချို့ရက်သတ္တပတ်တွေမှာ ကျမဟာ အဲ့ဒီဘလော့ရေးသူတွေရဲ့ စာတွေက လွှမ်းမိုးချုပ်ကိုင်မှုကိုပါ ခံစားလာရတဲ့အထိပါပဲ။ တစ်ဘလော့ချင်းဖတ်ပါတယ်။ တစ်ခုပြီးမှနောက်တစ်ခုကို ပြောင်းဖြစ်တယ်ပေါ့။

အဲ့ဒီမှာ ဟိုး ရှေးခေတ်တုန်းက ဘလော့တွေ အားကောင်းမောင်းသန်ရှိခဲ့ချိန်တုန်းက ဘလော့ဂါတွေ အရှိန်အဟုန်နဲ့ ရေးခဲ့ကြ၊ အပြန်အလှန် Comment တွေပေးခဲ့ကြတာတွေကို ပြန်မြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ Click ကလေးတစ်ချက်ထဲနဲ့ မိမိကိုယ်မိမိ ကိုယ်စားပြုနေရတဲ့ " မျက်နှာစာအုပ် ယဉ်ကျေးမှုခေတ် " ထဲမှာ ကျမလဲ ပျော်ဝင်စီးမျောနေမိသူပါပဲ။ သို့ပေမယ့် ဘလော့ယဉ်ကျေးမှုကိုတော့ တမ်းတမြတ်နိုးဆဲ...။

ပြန်ဖတ်တဲ့ဘလော့တွေထဲမှာ ကျမဘလော့လဲ ပါတာပေါ့။ ဘယ်နေပါ့မလဲ နော်။း) အဲ့ဒီမှာ ကိုယ့်ရဲ့ အင်မတန်မှ နုံချာလှတဲ့အရေးအသားတွေကို ရှက်ဖွယ်လိလိတွေ့ရတော့တာ။ ရေးခဲ့စဉ်အခါတုန်းကတော့ တကယ့်ကိုပဲ ကိုယ်ရေးတဲ့စာကို ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်အပြည့်ရှိမှ တင်ခဲ့တာပါ။ ဒီလိုဆိုရင်ဖြင့် အဲ့ဒီအချိန်တုန်းက ယုံကြည်ချက်တွေကလဲ ခုနေခါမှာ ရှက်စရာတွေဖြစ်နေတာပေါ့။ အဲ့လိုတွေးစရာရှိတယ်နော်။ အဲ့လိုလဲ မဟုတ်ပြန်ဘူး။း)
စကားတွေများနေမိပြန်ပြီ။ လိုရင်းကို ရောက်အောင်သွားစရာရှိသေးတယ်။

ကိုယ်ရေးထားတဲ့စာတွေကို ပြန်ဖတ်တဲ့အခါ ကိုယ့်မိတ်ဆွေဘလော့ဂါတွေ၊ ဘလော့လာဖတ်သူတွေရဲ့ တချို့သော Comment တွေဟာ လက်လက်ထအောင်ကို လှနေပါတယ်။ အဲ့ဒီလို Comment တွေမှ အများကြီးပဲ ပြန်တွေ့ရပါတယ်။ ကျမ ကံကောင်းသားပဲ နော်။

အဲ့ဒါတွေထဲကမှ ... ရေတောင်မနောက်ဘဲ ခြေရာဖျောက်သွားတဲ့ အစ်ကိုတော်တစ်ယောက်ရဲ့ ကွန်မန့်လေး တစ်ခုကို ပြန်မျှချင်ပါတယ်။

ဒီနေရာမှာ အပေါ်ဆုံးတစ်ပိုဒ်မှာ ပြောခဲ့တာလေးကို ပြန်ဆက်စပ်လို့ရပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ကျမရေးခဲ့တဲ့ပိုစ့်တစ်ခုမှာ သူရေးသွားတဲ့ ကဗျာအသွားလေးနဲ့ Comment လေးပေါ့။ သူက ကွန်မန့် အဖြစ်ပေးခဲ့တာမို့ ခေါင်းစဉ်လဲမသိပါဘူး။ အဲ့ဒီကဗျာလေးကို ကျမဘလော့ရဲ့ Side bar မှာ ကာလအခိုက်အတန့်တစ်ခုစာ တင်ထားပါဦးမယ်။ အဲ့ဒီကဗျာတင်ထားသမျှ ကာလတစ်လျှောက်လုံးမှာ မကြေးမုံတစ်ယောက် အဲ့ဒီ ကဗျာဆန်နေတယ် လို့ ယူဆနိုင်ပါတယ်။

" ခေါင်းစဉ်မသိပါ "





















ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ။

မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့။

( ရွာသားလေး- ၀ိုင်တီယူ )

ကဗျာရေးသူ ( သို့မဟုတ် ) comment ပေးခဲ့သူ အစ်ကိုတော်အား စပါယ်ရှယ် ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောလိုက်ပါတယ်။

Tuesday, March 13, 2012

ရွေးချယ်မှုပြဿနာ

( မျက်မှန်အဘွားအိုလေး စာဖတ်ခဲ့စဉ် )

ဟိုးလွန်ခဲ့တဲ့၃နှစ်ကျော်ထဲက ရထားခဲ့တဲ့ဒီမျက်မှန်လေးက ဒီနှစ်ထဲမှာတော့ သူ့ကျန်းမာရေးက သိသိသာသာကို ချူချာလာပါတယ်။ အရိုးအဆစ်တွေက မသန်မာတော့ဘဲ လှုပ်လှီလှုပ်လှီနဲ့ အဘွားအိုတစ်ယောက် လို ဖြစ်လာရှာတယ်။ ဘယ်လောက်များ အိုမင်းမစွမ်းဖြစ်လာသလဲဆိုရင် တချို့အချိန်တွေမှာ သူရဲ့မှန်ကလေး က ဒေါက်ကနဲ၊ ဒေါက်ကနဲနဲ့ အောက်ကိုထိုးထိုးကျသွားတဲ့အထိ။ အဲ့သလိုတွေ သူ့ရဲ့အိုမင်းရင့်ရော်မှု လက္ခဏာတွေပြလို့သာ မကြေးမုံလဲ မျက်မှန်အဘွားအိုလေးကို သုံးနှစ်ထဲနဲ့ ပင်စင်ပေးဖို့ဆုံးဖြတ်ရပါတော့တယ်။

=======

ရောက်တာ ၂ နှစ်ကျော်ပြီဖြစ်ပေမယ့် ဒီမှာဈေးမ၀ယ်တတ်လှပါဘူး။ ဒါနဲ့ပဲ မျက်မှန်ဆိုင် မျက်မှန်ဆိုင်ဆိုပြီး အင်တာနက်မှာ ဟိုဒီရှာကြည့်ပါတယ်။ ဆိုင်တွေတော့ အများကြီးပါပဲ။ တစ်သက်လုံးက ဈေးဝယ်ဖို့၊ ဈေးပတ်ဖို့ဆို အင်မတန်စိတ်မရှည်တာမို့ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ တစ်နေရာထဲမှာ ပစ္စည်းလဲအစုံအလင်ရှိနိုင်မယ့်နေရာက ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ပါတယ်။ City Link ထဲကနေ Suntec city ဘက်ကိုလျှောက်ရင် Marina Square ဘက်ကို ဖက်တက်တဲ့စက်လှေခါးတွေရှိတဲ့အပေါက်နားက Optical 88 ဆိုတဲ့ဆိုင်မှာ လိုချင်တဲ့မျက်မှန်ရခဲ့တယ်ဆိုပါတော့။ အဲ့ဒီဆိုင်မတိုင်ခင်မှာ Raffles city အောက်ထဲမှာရှိတဲ့ ဆိုင်မှာလဲ တစ်ခေါက်ကြည့်လိုက်ပါသေးတယ်။ ခုပြောတဲ့ဆိုင်က ဒုတိယမြောက်ဆိုင်ပေါ့။ နာမည်က အတူတူပါပဲ။
Display ပြထားတဲ့ မျက်မှန်လေးတွေ အနည်းငယ်ကွာသွားတာပဲရှိပါတယ်။ ပထမဆိုင်မှာသဘောကျတယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ပြီးမှတ်လာခဲ့တဲ့မျက်မှန်ကိုပဲ ဒုတိယဆိုင်မှာလဲ ထပ်မြင်ပြီး၊ ထပ်သဘောကျတာနဲ့ ဒါယူမယ်ဆိုပြီး ဖြစ်သွားပါတော့တယ်။ အမှန်တော့ ဈေးပတ်တာကို စိတ်မရှည်တာရယ်၊ ကိုယ့်ဖို့ဝယ်စရာရှိလို့ပတ်နေတာမျိုးဆို ပိုပြီးစိတ်မရှည်တာ၊ ဘေးက အဖော်လိုက်ပေးရသူတွေကို အားနာမိတာတွေရယ် ပေါင်းပြီး ခပ်မြန်မြန်ဆုံးဖြတ်ချက်ချပစ်လိုက်တာပါ။ ဒါက အခုလို ပြဿနာဖြစ်တော့မှ အကြောင်းပြချက်တွေ ဆွဲထုတ်စဉ်းစားနေမိတာပါ။ ၀ယ်ဖို့စဉ်းစားဆုံးဖြတ်နေစဉ်အချိန်မှာတုန်းကတော့ မကြေးမုံဟာ အဲ့ဒီမျက်မှန်မှ အဲ့ဒီမျက်မှန်ပါ။ တခြားဘယ်မျက်မှန်ကိုမှ မျက်လုံးထဲကို ထပ်ပြီးဝင်မလာတော့ပါဘူး။

မျက်စေ့ကို ဒီဂရီပြန်စမ်းပါတယ်။ ထူးဆန်းတာက စလုံးကိုရောက်ကတည်းက အားတဲ့အချိန်တိုင်းနီးပါးမှာ ကွန်ပြူတာနဲ့မျက်နှာကပ်နေခဲ့တဲ့ ကျမမျက်လုံးက အဝေးမှုန်တဲ့ဒီဂရီတွေကျသွားသတဲ့။ မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့ပေမယ့် အစခေါင်ဆုံး စလုံးမှာပဲ မျက်မှန်လုပ်လိုက်ပါမယ်လေ လို့ ဆုံးဖြတ်လိုက်ထဲက ဒီက စစ်ဆေးတာတွေကို မယုံဘူး၊ ငါ့ရန်ကုန်က မေတ္တာဦး၊ ဒါမှမဟုတ်လဲ အမေရိကန်ဗွီးရှင်းကမှ မှန်တာပါ လို့
လှေနံဓားထစ်တွက်ထားခဲ့တဲ့ မကြေးမုံဟာ " ကဲ.. မှားရင်လဲ မှားပါစေတော့.. ငါမြင်နေရသေးရင် ပြီးတာပဲ" လို့ တွေးပြီး ဂျူတီကုတ်ဝတ်ထားတဲ့ကုလားလေးကို အင်မတန်ရစ်တတ်တဲ့ ကိုယ့်ရိုးရာကိုတောင်ဖျက်ပြီး ခပ်အေးအေးပဲ ပြန်လာခဲ့ပါတယ်။

ဒီနေရာမှာ တစ်ခုတော့တွေးမိပါသေးတယ်။ အဝေးမှုန်နဲ့ နှစ်ရှည်လများ မျက်မှန်တပ်ခဲ့ရတဲ့လူတွေဟာ အသက်အရွယ်ရလာတာနဲ့ ဗြုန်းဆို အနီးမှုန်ဖြစ်သွားတတ်တယ် ဆိုတာ စာတွေဘာတွေထဲလဲ ဖတ်ဖူးထားတာတစ်ကြောင်း၊ နောက်ပြီးတော့ကာ တစ်ခေါင်းလုံးရဲ့ ၃ ပုံ ၁ ပုံလောက်တောင်ရှိမလား မသိအောင် ဇရာတွေပြကာ ဖြူပြနေတဲ့ ဆံပင်ဖြူတွေကြောင့်တစ်ကြောင်းနဲ့... " ငါ အတော်များအိုလာလို့ အဝေးမှုန် ဒီဂရီတွေလျော့ပြီး အနီးများမှုန်ချင်သလား " ဆိုတဲ့ သံသယအတွေးပါ။ ကဲ..ထားပါဦးတော့လေ။


ဒီလိုနဲ့... သုံးရက်ကြာပြီးတဲ့နောက်.. မျက်မှန်အသစ်လေးကို သွားရွေးပါတယ်။ သူများတွေလုပ်သလိုပါပဲ။ တပ်ကြည့်တယ်။ အိုကေ။ စိုးရိမ်မိခဲ့တာက ဒီဂရီအပြောင်းအလဲကြောင့် ခေါင်းများမူးမလားလို့။ တကယ်ဖြစ်လာတာက အဲ့ဒီကျန်းမာသန်စွမ်းလှတဲ့ မျက်မှန်အသစ်လေးက ကျမမျက်နှာနဲ့ ကြပ်နေပြီးဘယ်လိုမှကို အဆင်မပြေတော့ပါဘူး။

အင်မတန်စေ့စပ်တဲ့ မကြေးမုံပါ။ ရွေးခဲ့စဉ်အခါတုန်းက မျက်မှန်ရဲ့ မှန် ၂ ချပ် + နှာဒေါက်နေရာကို အရင် မျက်မှန်အဘွားအိုလေးနဲ့ အတိုင်းအတာ အတူတူပဲရှိတဲ့ မျက်မှန်ကိုပဲ တမင်ရွေးဝယ်ခဲ့တာပါ။ စာလိုက်ဖတ်နေတဲ့လူက စိတ်မရှည်တော့ဘူး...လိုတိုရှင်းပြောဆိုရင်တော့ တံဆိပ်ကလွဲပြီး အကျယ်အ၀န်း နဲ့ ဒီဇိုင်း စတာတွေ အားလုံးအတူတူပါပဲ။ " လည်လွန်းတဲ့ဘီး ချီးသင့်တယ် " လို့ ကိုယ့်ကိုယ်ကိုမို့ မညှာမတာပြောရမလား မပြောတတ်ပါဘူး။ သေချာရွေးကာမှ သက်တောင့်သက်သာတစ်စက်လေးမှမရှိတဲ့ မျက်မှန်တစ်လက် လက်ထဲရောက်လာရသလိုပါပဲ။

( ကျန်းမာသန်စွမ်းသော်လည်း နာကျင်မှုများစွာ သူလေပေးတယ်...)

နားရွက်ဆီမှာ သွားချိတ်ရတဲ့ မျက်မှန်ကိုင်းရဲ့ အဆုံးမှာ ဘုလုံးလေးတွေပါနေပါတယ်။ အဲ့ဒီဘုလုံးလေးက ဗယ်ဘက်နားအတွက် အထိအခိုက်မရှိပေမယ့် ခွဲစိတ်ထားတဲ့ အမာရွတ်ကြီးရှိနေတဲ့ ညာဘက်နား အတွက်တော့ တော်တော်လေးကိုနေရဆိုးတဲ့ နာကျင်မှုကိုပေးပါတယ်။ ဟိုးး အရိုးအထဲကနေပါ လှိုက်ပြီးနာသလို နာတာပါ။ ရှိစေဦးတော့နော်..။ ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ မျက်မှန်အဘွားအိုလေးနဲ့ အကျယ်အ၀န်းအတူတူကို ရွေးခဲ့ရဲ့သားနဲ့ ဘယ်လိုကြောင့်သာ မဆိုနိုင်တယ်။ သူက နားထင်မှာကြပ်နေပါတယ်။ မျက်နှာကိုဘာမှမလိမ်းလို့များ အသားခြောက်တာနဲ့ ပွတ်မိသလားဆိုပြီး Cream တစ်မျိုးကို ကြိုးစားပြီး လိမ်းကြည့်ပါတယ်။ Cream ကြောင့် အနည်းငယ်ချောမွတ်သွားတဲ့အတွက် အရင်ထက်စာရင် နည်းနည်း သက်သာသလိုတော့ရှိပါတယ်။ သို့သော် ..ညနေစောင်းလောက်ဆိုတာနဲ့ စပ်ဖျဉ်းစပ်ဖျဉ်းနဲ့ ပြန်ဖြစ်လာပြန်တာ။

ဆိုင်ကိုနောက်တစ်ခေါက်ပြန်သွားပြီး အဆင်ပြေအောင်လုပ်ပေးလို့ရမလားဆိုတော့ တစ်ချက်နှစ်ချက်ကြည့်ပြီး နည်းနည်းပဲချောင်ပေးလို့ရမယ်။ အများကြီးချောင်သွားအောင်လုပ်ရင် မျက်မှန်ပါလျှောကျလာနိုင်တယ် ဆိုတာနဲ့ စိတ်လျှော့ပြီး ပြန်လာခဲ့ရပါတယ်။

=====

မကျေမနပ်နဲ့ ပွစိပွစိတွေလုပ်နေမိတော့ သူငယ်ချင်းကပြောတယ်။ နားညည်းတယ် အသစ်ဝယ်နိုင်ရင် ထပ်ဝယ်လိုက်၊ မ၀ယ်နိုင်သေးခင်မှာ ဟိုအဟောင်းပဲ ပြန်တပ်နေတဲ့။ အဲ့လိုကျပြန်တော့လဲ ကျမက ခေါင်းမာချင်ပြန်တယ်။ အဟောင်းအဆင်မပြေလွန်းလို့ အသစ်တပ်ချင်လှချည်ရဲ့ဆိုပြီး ၀ယ်ထားပါတယ် ဆိုကာမှ အဟောင်းပြန်တပ်ရမယ်ဆိုရင် ဒီအသစ်ကို ဘယ်လိုလုပ်ပစ်ရပါ့ မလဲ။ ရွေးထားတဲ့မျက်မှန်ဒီဇိုင်းကလဲ ပုံတုံးကြီး ဖြစ်နေတော့ အလကားပေးရင်တောင် လက်ခံချင်မယ့်သူ မမြင်မိဘူး။ ဒီလိုဆို အသုံးမတည့်တော့တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်နေပါပေါ့လား...။

ရိုးရိုးသားသားပြောရရင် မရှိမဲ့ရှိမဲ့လေးထဲကဖဲ့ပြီး ၀ယ်ထားတာမလို့ နှမြောနေမိပါတယ်။ ပစ္စည်းကောင်း မက်မောတတ်တဲ့စိတ်ကြောင့်လဲ ပိုလို့တောင်နှမြောနေမိပြန်တယ်။ စိတ်ထဲမှာလဲ တအုံ့နွေးနွေးနဲ့ပါ။ ဒါနဲ့ မိတ်ဆွေတွေကိုပါ ရင်ဖွင့်ချင်မိတဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ ကိစ္စတစ်ခုခုဆိုရင် မိုးတစ်ဆုံးမြေတစ်ဆုံးစဉ်းစားတတ်တဲ့ အကျင့်ကြီးလဲရှိတာမို့.... တန်ဖိုးဘာမှ မရှိလှတဲ့ ပစ္စည်းလေးတစ်ခုကိုရွေးချယ်ခဲ့မှုအပေါ် မှားသလား၊ မှန်သလားတွေလဲ လိုက်ပြီးမစဉ်းစားချင်တော့ပါဘူး။
ဒီလိုမှလဲ နေသာမှာပါ။

========

Saturday, February 25, 2012

အပြန်လမ်း

တိုက်ခတ်နေတဲ့လေတွေက
သိပ်ကြမ်းတာပဲ အချစ်ရယ်
ကိုယ် တကယ်အိမ်မပြန်ချင်သေးဘူး။

အဲ့ဒီ..လေနီကြမ်းတွေတိုက်တဲ့အရပ်မှာ
လေတွေတိုက်တဲ့ လူတွေရဲ့လက်ထဲ
ကိုယ်နဲ့မင်းရဲ့ အနာဂတ်ကို ထိုးထည့်လိုက်ဖို့သတ္တိ
ကိုယ့်မှာ အလျင်းမရှိလို့ပါကွယ်။

မကြေးမုံ
၂၅-၀၂-၂၀၁၂

Tuesday, February 21, 2012

သမီးပြောတဲ့ အမေ့အကြောင်း

တခါဖူးမျှ အမေ့အကြောင်းရယ်လို့ စာတစ်ပုဒ်ပီပီပြင်ပြင် မရေးဖူးပါဘူး။ တခြားသော ကျမရေးတဲ့စာတွေ ဆိုတာကလဲ စာဖွဲ့လောက်စရာမရှိတဲ့ မလောက်လေး၊ မလောက်စားတွေသာဖြစ်နေတာမို့ အမေ့အကြောင်း ရေးဖို့ဆို ဆိုပိုလို့တောင်မှ လက်မရဲခဲ့ပါဘူး။

ဒီနေ့ညတော့ စိတ်ကိုသာလွှတ်ပေးခဲ့ရင် သွက်သွက်ခါရူးနေတဲ့ အရူးတစ်ယောက်လို ဖြစ်သွားနိုင်တဲ့အထိ အမေ့ ကိုသတိရနေမိတယ်။ တဆက်ထဲမှာပဲ တွေးမိတာက အခုကျမအမေ့ကိုသတိရနေသလိုမျိုး အမေ ကျမကို သတိရတဲ့အခါတွေမှာ အိမ်မှာတစ်ယောက်ထဲထိုင်ပြီး အမေငိုနေလေမလား။ ကျမက မျက်ရည်ကျခိုင်တဲ့လူမို့ မျက်ရည်မကျတာပါ။ အမေ့လို အမေအိုတစ်ယောက်ကတော့ သူ့သမီးငယ်ကို သတိရတဲ့အခါ သူ့ရင်ထဲက သတိတရရှိမှုတွေကို ပြောပြစရာလူ ရှိခဲ့ရင်တောင် အဲ့ဒီလူကိုပြောပြရင်းမှာပဲ မျက်ရည်တွေကျချင် ကျနေမှာပေါ့။ အမေက အသက်ကြီးပြီကို။ နောက်ပြီး..သူမရဲ့မျှော်လင့်ချက်က သူ့မသမီးငယ် သူ့အနားပြန်လာရေးတစ်ခုထဲသာ။

ဟုတ်ပါရဲ့လေ.. ကျမတို့သားအမိကိုက အဖြစ်သည်းလွန်းတာရယ်။

== == == == ==

နေ့လည်တုန်းက အိမ်ကိုဖုန်းဆက်တဲ့အခါ တူမလေးက ဖုန်းလာဖြေတယ်။ တယ်လီဖုန်းက ကျမအမေရဲ့ အိမ်ရှေ့က အစ်ကိုငယ်ရဲ့အိမ်မှာပဲရှိတာ။ တူမလေးက အစ်ကိုငယ်တို့မိသားစု အိမ်မှာမရှိကြလို့ အိမ်စောင့်ပေးနေတုန်းအချိန် ဖုန်းဝင်သွားတော့ သူနဲ့ပဲစကားတွေေ ပြောဖြစ်ခဲ့တယ်။ " အမေ အိမ်မှာရှိနေတယ် လှမ်းခေါ်ပေးရမလား" ဆိုပေတဲ့.. မခေါ်ခိုင်းလိုက်နိုင်ခဲ့ဘူး။ အဲ့လိုတွေက ကျမ အတွက်တော့ ဖြစ်နေကျ အဖြစ်အပျက်တွေပါပဲ။ အကြာကြီးနေမှ တခါဖုန်းဆက်တတ်တဲ့ ကျမအကျင့်ကြောင့် ပြောစရာစကားတွေလဲ ရှားပါးကုန်သလို၊ အင်မတန်စကားများတဲ့ကျမ.. မိသားစုနဲ့ စကားပြောဟေ့ ဆိုရင် ဘယ်နားက စပြောရမယ်မှန်း မသိတော့ပါဘူး။ တောင်တောင်အီအီတွေ ဖြစ်လို့သာနေတတ်ပါတယ်။ အမေကလဲ တယ်လီဖုန်းကနေတဆင့် စကားကိုဖွဲ့နွဲ့ကာမပြောတတ်လေတော့ အဲ့ဒီမှာပဲတယ်လီဖုန်းလိုင်းများမှတဆင့် မေတ္တာ ထုံကူးခြင်း ကိစ္စဟာ ရှားပါးလာပါတော့တယ်။

စကားကြုံတုန်း ကျမအမေ တယ်လီဖုန်းထဲမှာ သေချာစကားမပြောတတ်ဘူး ဆိုတာလေး ပြောပြချင်သေးတယ်။

ဟိုတလောက ညနေခင်းလေးရုံးအဆင်းမှာ အိမ်ကိုဖုန်းဆက်တော့ အစ်ကို့အိမ်မှာရော၊ ကျမတို့အိမ်မှာရော ရှိရှိ သမျှ ကလေး၊လူကြီးအကုန် အပြင်သွားကြတာမို့ အမေရယ်၊ အကို့အိမ်မှာ အလုပ်လုပ်နေတဲ့ အဒေါ်ကြီး တစ်ယောက်ရယ်ကလွဲပြီး တခြားဘယ်သူမှ မရှိနေကြတဲ့အချိန်။ အဒေါ်ကြီးက အမေ့ကို "ကျမဖုန်းဆက်တယ်၊ လာနားထောင်ဦး " လို့ လှမ်းအော်ခေါ်တယ်။ ၂ မိနစ်လောက်စောင့်ပြီးတဲ့နောက် အမေရဲ့အသံ " ဟဲလို " ဆိုပြီးထူးသံကို ကြားရပါတယ်။ တခြား တူ၊တူမ ပုစုခရုတွေမရှိနေတုန်းမို့ သားအမိနှစ်ယောက် အေးအေးလူလူနဲ့ စကားတွေ တောင်စဉ်ရေမရ ပြောဖြစ်ကြတယ်။ Conversation တစ်ခုလုံးကို အဓိကဦးဆောင်သူက ကျမပေါ့။ အမေကတော့ နားထောင်ရုံသက်သက်ပါပဲ။ဒါပေမယ့် အဲ့ဒီတစ်ခေါက်တုန်းကတော့ အမေက ပုံမှန် ထက်ပိုပြီး ငြိမ်နေကာ နားပဲထောင်နေပါတယ်။

" အင်း " " ဟင့်အင်း " ဆိုတဲ့ ဧည့်ထောက်လေးတောင် မခံတဲ့အခါ.. အမေ သမီးပြောတာကြားရဲ့လား လို့ မေးလိုက်တိုင်း " အေး အေး ကြားတယ်သမီး" လို့ အသံသဲ့သဲ့လေးနဲ့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျမလဲ ဆက်ပြောတယ်။ တဖက်ကလဲ သိသိသာသာကို အသံတိတ်နေတာမို့ " အမေ.. တခုခုပြန်ပြောဦးလေ၊ ဘာလို့ငြိမ်နေတာလဲ " လို့ စိုးရိမ်ပူပန်ကြီးစွာ ကျမမေးမိတော့ (ကျမဟာ အိမ်ကိုဖုန်းဆက်တိုင်း အမြဲတမ်း လှုပ်လှုပ်ရှားရှားဖြစ်နေတတ်ပါတယ်။ ဖုန်းထဲက သူတို့ရဲ့အဖြေတွေမှာ အမေများ နေမကောင်းဖြစ်နေတဲ့ သတင်းကြားရမလား၊ အမေများ ကျမအသံကြားပြီး ဟီးး ခနဲငိုချလိုက်မလား၊ ငိုချလိုက်ရင် ကျမဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်ရပါ့မလဲ ... စသဖြင့် အဲ့လိုစိတ်တွေနဲ့မို့ ဘယ်နှစ်ကြိမ်ဆက်ဆက် ဆက်တဲ့အခါတိုင်း အဲ့သလိုမျိုး စိတ်လှုပ်ရှားနေမိတာပါ ) ..
" အင်း အမေက သမီးပြောတာ နားထောင်နေတာ။ သမီးပြောချင်တာပြောလေ " တဲ့။
အဲ့ဒီအချိန်မှာပဲ စောစောက သူ့ကိုဖုန်းခေါ်ပေးတဲ့ အဒေါ်ကြီးက အ၀တ်လှန်းနေရာက အိမ်ပေါ်ပြန်တက်လာရင်း အမေဖုန်းပြောနေတဲ့ပုံစံကိုကြည့်လို့..
" ဟယ်.. မမရယ် ဖုန်းကိုဇောက်ထိုးကြီးပြောနေတာကိုး၊ ပြန်လှည့်လိုက် ပြန်လှည့်လိုက်၊ ဒါကြောင့်မို့ ဟိုဘက်က မေးနေတာ " လို့လဲ ပြောရော.. အမေရယ်လေ.. ရီလိုက်တာ၊ရီလိုက်တာမှ အသံတွေဘာတွေ ပျောက်သွားတဲ့အထိပါပဲ။ အမေ့ရီသံကြားတော့ကျမလဲ လိုက်ရီမိတာပေါ့။ ဒီဘက်မှာက လူသူရှင်းတဲ့ လမ်းမပေါ်မှာ တစ်ယောက်ထဲလျှောက်နေရတာဆိုပေမယ့် အမေ့ရယ်သံမှာ ကျမစိတ်တွေလဲ မထိန်းနိုင်တော့ပါဘူး။ ကျမတို့သားအမိနှစ်ယောက် အဲ့ဒီလို ဟက်ဟက်ပက်ပက် မရီမောမိခင်လေးမှာတွင် ကျမက အမေ့ကို ညည်းညူနေပြနေမိသေးတာလေ။ ရယ်မောခြင်းကို ဘရိတ်အုပ်နိုင်ပြီးတဲ့အခါကျတော့ အမေက တစ်ခုပဲပြောပါတယ်။ " ဟင် ရီလိုက်ရတာဆိုတာ.. သမီးလဲ ရီလိုက်ရတယ်မလား
အေး.. နင်ညည်းတာတွေကို ငါလဲနားမလည်တော့ ဘာမှပြန်မပြောတတ်တာ။ ခု စိတ်ညစ်ပြေသွားပြီးမလား " တဲ့လေ။

== == == == ==

ဒီနေ့နေ့လည်တုန်းကတော့ တူမလေးကို အမေ ဘာလုပ်နေလဲ လို့မေးကြည့်တဲ့အခါ .. မန်ကျည်းသီး ထွတ်နေတယ်။ ငံပြာရည်လဲ ချနေတယ်တဲ့။ အမေ့ဘ၀ရယ်လေ.. အေးချမ်းလိုက်တာ။

ဆောင်းတွင်းဆိုတာနဲ့ အမေလုပ်လေ့ရှိတာတွေက ထင်းပုံဆောက်မယ်။ ခြံစည်းရိုးတစ်လျှောက်မှာ စိုက်ထားတဲ့အပင်တွေရဲ့ အကိုင်းတွေကို ခုတ်သင့်တန်တာတွေ ခုတ်မယ်။ လယ်ထဲမှာရှိတဲ့ အပင်တွေလဲ ခုတ်မယ်။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေ အမေက နားမလည်ပေမယ့် အပင်ကို ဘယ်တုန်းကမှ ခုတ်လှဲမပစ်တတ်ဘူး။ အကိုင်းတွေကိုပဲ နှစ်စဉ်ခုတ်ပြီး ထင်းလုပ်ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာဆို ထင်းအကြီးကြီးတွေကိုမသုံးပဲ သူ့မျက်လုံးထဲ မြင်မြင်သမျှအတိုအထွာတွေကိုသာ ထင်းမီးဆိုက်ပါတယ်။ ဒီလိုနည်းနဲ့ ထင်းစုမယ်။ အဲ့ဒီထင်းတွေကို တစ်ချောင်းချင်းစီသယ်ပြီး ထင်းပုံထဲမှာ စီစီရီရီထားမယ်။ တစ်မိုးတွင်းစာထက် ဘယ်တော့မှ မပိုစေရ၊ လိုလဲ မလိုစေရဘူး။

နောက်ပြီး မန်းကျည်သီးတွေဝယ်ပြီး မန်ကျည်းသီးအစေ့တွေထွတ်မယ်။ ငံပြာရည်ချတယ်ဆိုတာ ငံပြာရည်လုပ်တာပါ။ တမိုးတွင်းလုံး ရွာထဲမှလယ်သမားတွေ သူတို့လယ်တွေထဲမှာ မြှုံးတွေနဲ့ထောင်လို့ရခဲ့သမျှ ငါးသေးသေးကွေးကွေးလေးတွေကို အမေ့ဆီပဲ လာလာရောင်းကြတယ်။ အဲ့ဒါတွေကို အမေက ၀ယ်ပြီးဆားနဲ့နယ်ကာ စဥ့်အိုးတွေထဲထည့်သိပ်ထားပါတယ်။ မိုးကုန်ပြီးလို့ ဆောင်းတွင်းပီပီပြင်ပြင် ၀င်လာပြီဆိုတာနဲ့ အမေ့ရဲ့ Hand Made ငံပြာရည်လုပ်ငန်း စတင်တော့တာပါပဲ။ လေးတိုင်စင်လေးတစ်ခုကို ကျမ အစ်မငယ်ကို ဆောက်ခိုင်းမယ်။ ဆာလာအိပ်ခွံ ၂ ခုကို သန့်စင်နေအောင်လျှော်ပြီး တိုင်တွေမှာ လိုက်ချည်တဲ့အခါ ဇကာစစ်လိုမျိုးဖြစ်သွားတယ်။ အဲ့ဒီကမှတဆင့် တစ်မိုးတွင်းလုံး ဆားသိပ်ထားခဲ့တဲ့ အရည်လယ်နေတဲ့ငါးတွေကို စစ်ချတာပဲ။ ခေါက်ကယ်ပြန်ကယ်စစ်၊ အကြိမ်ဖန်များစွာ နေပူလှန်းပြီးရင် ငံပြာရည်ဖြစ်ပါပြီ။ ဒီလုပ်ငန်းရဲ့ Process ကလဲ တစ်ဆောင်းတွင်းနီးပါး အချိန်ယူပါတယ်။ ကရိကထလဲ အင်မတန်များပါတယ်။ ဧရာဝတီတိုင်းမို့.. မိုးက ညို့ချင်တဲ့အချိန် ညို့ချင်သလိုညို့တိုင်း အဲ့ဒီငံပြာရည် ဖြစ်လုဖြစ်ခင်အရည်တွေကို သိမ်းဆည်းရတာလဲ အမေ့အလုပ်တစ်ခုပေ့ါ။

ငံပြာရည်ဖြစ်သွားတဲ့အခါ သူ့အဒေါ်တွေ ( ကျမအဘွားအေ ) ကို ၂ အိမ်စာ တစ်အိမ်ကို ၂ ပုံးကျစီ ပေးပြီးရင် လက်ကျန်ဟာ ကျမတို့မိသားစု တစ်မိုးတွင်းစာ ကွက်တိပါပဲ။ အပိုအလိုမရှိစေရပါဘူး။ မန်ကျည်သီးလဲ ဒီလိုပဲပေါ့။ ကျမဘာလို့ ဒီကိစ္စတွေကို ရှည်ရှည်ဝေးဝေးရေးနေမိသလဲ။ ရေးနေရင်းနဲ့ အမေတစ်ယောက် တနေ့တနေ့ သူ့အချိန်တွေကို ဘယ်လိုကုန်ဆုံးစေသလဲဆိုတာ ကိုယ့်ဘာသာကိုယ် သတိတရရှိမိရင်း ရေးမိသွား တာပါ။

== == == == ==

ကျမကို အသေအချာမသိသူတွေရဲ့ အသေအချာသိသလိုဖန်တီး၊ ပြောဆိုနေကြတဲ့ ပတ်ဝန်းကျင်မှာ ကျမဘ၀လဲ တဖြည်းဖြည်းနဲ့ နောက်ကျိလာလိုက်တာ အောက်ခြေမှာ ဘာတွေရှိနေလဲ၊ ဘယ်လိုအနည်တွေ ထိုင်နေသလဲဆိုတာ ကျမကိုယ်တိုင်တောင် မနည်းကို ခြေကလေးလှုပ်လှုပ်ပြီး ငုံ့ကြည့်မှပြန်သိရမယ့် အခြေအနေဖြစ်နေပါပြီ။

အမေ့ဘ၀နဲ့ယှဉ်လိုက်တဲ့အခါ ကျမဘ၀ဟာ အလိုလိုသေးနုပ်သွားပါတယ်။ ကျမတို့မြို့သေးသေးလေးမှာ ကျမကို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်လိုမျိုး လူတွေကအပေါ်ယံသတ်မှတ်တဲ့အခါမျိုးမှာ ကျမ အင်မတန်ရှက်ပါတယ်။ သူတို့ကို ပြန်ပြီးတော့ ပြုံးရုံသာ ပြုံးပြနိုင်ပြီး ဘာမှစကားမပြန်တတ်ပါဘူး။
ကိုယ့်ဘာသာကိုယ်တစ်ကိုယ်စာလေးသာ ကြိတ်ပြီးတွေးနေမိတာက အမေဖြတ်သန်းလျှောက်လှမ်းခဲ့တဲ့ ခရီးကိုပြန်စဉ်းစားအောက်မေ့နေမိတာပါ။

အမေ့ဘ၀က ရှင်းလင်းအေးမြသလောက် ကျမဘ၀က ရှုပ်ထွေးပူလောင်လှပါတယ်။ ရေတံခွန်ကြီးအမေက ရိုးဖြောင့်သလောက် ချောင်းငယ်လေး ကျမရဲ့ဘ၀က ကွေ့ကောက်၊ နောက်ကျိလှပါတယ်။