Monday, January 23, 2012

ခွဲခွာခြင်း နှစ်ပတ်လည်

ဒီနေ့တစ်နေ့လုံး စိတ်အစဉ်ထဲရောက်နေတဲ့ စကားစုတစ်ခုက " ခွဲခွာခြင်းကို တုပြိုင်ပြုံးစမ်းပါဦး "တဲ့။
တကယ်တော့ ဒီစာသားတွေက ကိုခင်ဝမ်းရဲ့ သီချင်းတစ်ပိုင်းတစ်စပါ။ ကိုခင်ဝမ်းသီချင်းတွေဟာ သီချင်းလိုခံစားလို့ ရရုံမျှမက ကဗျာတွေလိုလဲ လှနေတတ်တာ အားလုံးလဲ သိကြမှာပါပဲ။

ခွဲခွာခြင်းကို သို့မဟုတ် ခွဲခွာခြင်းနေ့ရက်များကို... သူပြုံးနိုင်ပါပြီလား။ ပြုံးနိုင်၊ပျော်နိုင်၊ မော်နိုင်ပါပြီလား...။

=======

နံရံမှာကပ်တွယ်နေတဲ့ တို့လို့တွဲလောင်းအ၀တ်အစားတွေဟာ ခွဲခွာခြင်းကို ပိုပြီးလေးနက်စေပါသလား။
မဆေးမကြောပဲ အပုံလိုက်ဖြစ်နေတဲ့ ပန်းကန်ခွက်ယောက်တွေဟာ ခွဲခွာခြင်းကို ပိုပြီးလေးနက်စေပါသလား။
ရေခဲသေတ္တာထဲက စပျစ်သီးစိမ်းစိမ်းတွေဟာ ခွဲခွာခြင်းကို ပိုပြီးလေးနက်စေပါသလား။
အေသင်ချိုဆွေရဲ့ " လာခြင်းကောင်းတဲ့ မင်းဘ၀ပျော်ပါစေ " သီချင်းဟာ ခွဲခွာခြင်းကို ပိုပြီး လေးနက်စေပါသလား။
( သို့မဟုတ်....)
အမေရိကန်ဆိနိတ်တာတွေ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်
တွေ့ဆုံရခြင်းကများ ခွဲခွာခြင်းကို ပိုမိုလေးနက်စေပါသလား။

လူဦးရေတစ်သန်းရဲ့ ခွဲခွာခြင်းခံစားမှုဟာ လူသန်းခြောက်ဆယ်ကျော်ရဲ့ နေ့စဉ် ရပ်တည်မှုနဲ့ ယှဉ်ထိုးစဉ်းစား ကြည့်တဲ့အခါ ကျောက်မြောင်းဘီယာဆိုင်တစ်ဆိုင်က စားပွဲထိုးလေးတစ်ဦးရဲ့ ညနေထမင်း တစ်နပ်စာ လောက်တောင် စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ ဒီတော့ အဲ့ဒီ ခွဲခွာခြင်းအကြောင်းကို စာဖွဲ့ပြောနေတာထက်စာရင် တုပြိုင်ပြုံးဖို့ ကြိုးစားနေရတာမှ နည်းနည်းလေးပိုပြီး နေသာထိုင်သာ ရှိစေလေမလား...။

=======

ခွဲခွာခြင်းအကြောင်းကို ခုလိုနှစ်သစ်ကူးရာသီတိုင်း ခံစားမိတာပါပဲ။
အဲ့ဒီလို ခံစားတဲ့အခါတိုင်းမှာ..
မှန်တချပ်ပဲခြားထားတဲ့ ရင်ခုန်သံတွေအကြောင်းပါမယ်။ ။
ချာချာလည်မူးအောင်စီးခဲ့ရတဲ့ လေယာဉ်ပျံကြီးအကြောင်းလဲ ပါတဲ့အခါပါမယ်။
ရပ်ကွက်လေးတစ်ခုဆီက ရွှေရောင်တပြောင်ပြောင်နဲ့ ဘုရားလေးတစ်ဆူအကြောင်းလဲပါမယ်။
စိမ်းမြမြကွင်းပြင်ကျယ်ကြီးနဲ့ ကန့်လန့်ဖြတ် မြစ်ချောင်းအင်းအိုင်တွေအကြောင်းလဲ ပါမယ်။
လွှတ်တော်ထဲက အမတ် ၄၈ နေရာအကြောင်းလဲပါမယ်။

======

ဒီနေ့ရက်တွေရဲ့ နာရီတွေဟာ မြန်မာအတာသင်္ကြန်ကို အမှတ်ရစရာ အချက်အလက်တွေပါပဲ။ ကဗျာဆရာကြည်မောင်သန်းရဲ့ ကဗျာထဲကလိုပြောရရင် ဒီရက်တွေဟာ ပြက္ခဒိန်မှာအနီရောင်နဲ့
ပုံနှိပ်ထားတဲ့နေ့တွေပေါ့..။ ဒါပေမယ့် သူ့ကဗျာထဲကလို တနင်္ဂနွေတစ်ရက်ထဲတော့ မဟုတ်ဘူးလေ။
ရောက်ရှိနေရာအရပ်ဒေသရဲ့ ပြက္ခဒိန်ထဲမှာတော့ ဒီကာလတွေထဲ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့တွေ ခြေချင်းလိမ်နေတယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူရဲ့ညနေခင်းမှာ ပလက်ဖောင်းပေါ်ထိုင်ပြီး ဖြတ်သွားဖြတ်လာလူတွေရဲ့ မျက်နှာတစ်ခုချင်းစီပေါ်က
အပြုံးတစ်ခုချင်းစီကို လိုက်ပြီးခံစားနေမိသတဲ့။ သူ့အဖို့တော့ စာအုပ်စင်လေးနားရပ်ပြီး ကဗျာတစ်တို၊ စာတစ်တိုဖတ်ဖို့ စဉ်းစားကာ သူ့ညနေတွေကို အသက်သွင်းနေမိတော့တာပါပဲ။

Mirror
၂၃-၀၁-၂၀၁၂

=======


Related Posts :
လရောင်ဖျောက်သောလမ်း
ညနေအိပ်မက်
ကူးစမ်းကွဲ့ငါး
လိုက်ရင်းပြေးရင်း ရှူဖွာတိုပစ်
လွမ်းအောင်ကူချွဲ
ခေါ်သံများ
အရိပ်သွင်ထင်နေဆဲများ

၂၃ ရက်၊ ဇန်န၀ါရီလ အထိမ်းအမှတ်အနေနဲ့ စာလေးတစ်တို၊နှစ်တို ချရေးမိတာပါ။ အမှတ်တရရေးတဲ့ ပိုစ့်က အပေါ်မှာ ပြီးသွားခဲ့ပေမယ့် တစ်လက်စတည်း ရေးခဲ့ဖူးတဲ့ပိုစ့်တချိုကို လင့်ခ်တွေချိတ်လိုက်ပါတယ်။ ဒါတွေဟာ မကြေးမုံတစ်ယောက် သူ့အလွမ်းတွေကို စမ်းရေထဲမျှောခဲ့မိသမျှထဲက တချို့ဆိုပါတော့...း)

Thursday, January 12, 2012

ခရမ်းရောင်ပန်းလေးတစ်ပွင့်ရဲ့ အက်ဆေးပုံပြင်

" မြတ်..ကျနော့်ကို မြတ်ရေးထားတဲ့အက်ဆေးတစ်ပုဒ် ဖတ်ပြပါ " လို့ ကျနော် မကြာခဏ တောင်းဆိုဖူးပါသည်။
ထိုအခါ သူမက
"အို အဲ့လိုကြီး ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ဖတ်ရတာ မကြိုက်ပါဘူး" ဟု မပြုံးတပြုံးနဲ့ ပြန်ပြောပါသည်။ 
အဲ့လိုငြင်းနေသော်လည်း သူမစိတ်ထဲမှာ ကျနော့်ကို ဖတ်ပြချင်နေတယ်လို့ ကျနော်က ထင်ပါသည်။
ထို့ကြောင့် ကျနော်က ဆက်လက်တောင်းဆိုပါသည်။

-------

" မြတ်.. သိလား၊ မြတ်ရေးထားတဲ့ ပန်းပွင့်လေးအကြောင်းအက်ဆေးက ပုံပြင်လေးတစ်ပုဒ်နဲ့ တူတယ် မြတ်ရဲ့၊ ...
ကျနော်ငယ်ငယ် ကလေးဘ၀တုန်းက သူတကာကလေးတွေလို အိပ်ယာဝင်ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတာ မဟုတ်ဘူး။ ကျနော့် အိပ်ယာဝင်ချိန်တွေမှာ ကျနော့်မေမေက မအိပ်နိုင်သေးဘဲ အလုပ်တွေလုပ်နေရတုန်းမို့ ကျနော်တယောက်ထဲ ကိုယ့်ဘာသာကိုယ် ကြိုးစားအိပ်ပစ်လိုက်ရတဲ့ ညတွေချည်းပါပဲ "
" အခု အဲ့ဒီအက်ဆေးလေး ကျနော့်ကို မြတ် ဖတ်ပြနော်။ ကျနော် ပုံပြင်တပုဒ်လို နားထောင်ချင်လို့ပါ.." လို့
အကျိုးသင့်၊ အကြောင်းသင့်ပြောကာ ကျနော်ထပ်မံတောင်းဆိုမိပါသည်။

"မောင်ရဲ့.. ကိုယ့်အဲ့ဒီစာက အက်ဆေးလေ.. ပုံပြင်မှ မဟုတ်တာ.. "
"ဟုတ်တယ်။ ပုံပြင်မဟုတ်ဘူး၊ မြတ်ရေးထားတာ အက်ဆေးတစ်ပုဒ်ပဲ ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် အဲ့ဒီအက်ဆေးကိုပဲ ကျနော့်ကို ပုံပြင်လို ဖတ်ပြပါ..။ "
" မောင်တစ်ယောက်နဲ့ကွာ.. ရုံးမှာ အလုပ်တွေများရတဲ့အထဲ၊ ဒီလိုဆိုလဲ ကိုယ့်ကို အချိန်နဲနဲပေးကွယ်၊ ခုလာမယ့်သောကြာညကျမှ Midnight ပွဲ သွားကြည့်ရင်း ပွဲချိန်မရောက်ခင် ဖတ်ပြမယ်လေ၊ ဟုတ်ပြီလား "

ကျနော် မြတ်ကို ကျေကျေနပ်နပ် ပြုံးပြလိုက်ပါသည်။

---------

"အင်း အဲ့ဒီတော့ မြတ်ရဲ့ ပန်းပွင့်လေးက ကောင်မလေးပေါ့။ အဲ့လိုလားဗျ "
" အို..မောင်ရယ် အဲ့လောက်တော့ မရစ်နဲ့ကွာ၊ မင်းဘာသာမင်း ခံစားပေါ့၊ အနုပညာဆိုတာ ကိုယ်ကြိုက်သလို အနက်အဓိပ္ပါယ်ဖွင့်နိုင်၊ ခံစားနားလည်ယူနိုင်တဲ့အရာလေ မောင်ရဲ့၊ မြတ်ရဲ့ နုလုံးသားနဲ့ ခံစားပြီး ရေးထားတာကို မောင်က မောင်ရဲ့နှလုံးသားနဲ့ပဲ ဘာသာပြန်လေ၊ မြတ်ကို လာပြီး ဘာသာပြန်ခိုင်းနေတာတော့ တဆိတ်.. ရှင်နည်းနည်းလွန်လာပြီ " ဟုဆိုပြီး မျက်စောင်းလေး တစ်ချက်ထိုးပါသည်။

" ကဲ ကဲ အဲ့လိုဆိုလဲ ဂြိုလ်သားလေးက ကောင်လေး ပေါ့၊ ဟုတ်စ "
" မောင်.... "
...........

ခပ်ငေါက်ငေါက်လေသံဖြင့် သူမအော်တဲ့အခါကျမှ ကျနော့်စကားတွေကို ရပ်သင့်ပြီးမှန်း နားလည်လိုက်ပါသည်။ 
အဲ့ဒီနောက် ကျနော့်ခါးပေါ်က ဂျာကင်ကိုချွတ်ပြီး သူမခေါင်းပေါ်မှာ ခေါင်းမြီးခြုံသလိုလုပ်ကာ သူမ အရပ်ပုပုလေးကို အပေါ်စီးကနေ ဖိထားလိုက်တော့ စောစောက သူမရဲ့ အက်ဆေးကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ကြိုးစားခဲ့တဲ့ ကျနော့်ကို စိတ်ဆိုးခဲ့တာ သူမမဟုတ်တော့သလို တခစ်ခစ်နဲ့။

အဲ့ဒီရယ်သံလေးတွေကို ဘေးနားက ရေတမာပင်တန်းလေးလဲ ကျနော်နဲ့အတူ ကြားလိုက်မိမှာပါပဲ။

--------

ပန်းပင်ရယ်လို့ တပင်တလေတောင် မတွေ့ရဘဲ မြတ်ပင်စိမ်းစိမ်းတွေပဲရှိတဲ့ ပန်းခြံကျယ်ကျယ်တစ်ခု ကို ဖြတ်ပြီးသွားရတဲ့ ရုပ်ရှင်ရုံကို အသွားလမ်းမှာတော့ ကျနော်က မြတ်ရဲ့လက်ကို တွဲဆုပ်ထားခဲ့ပါသည်။

"တကယ်တော့ ကျနော်က မြတ် ကို ခရမ်းရောင် ပန်းပွင့်လေးတစ်ပွင့်အကြောင်း ရေးစေချင်တာဗျ၊ မြတ်ရေးကြည့်ပါလား " ကျနော့်စကားကို သူမ ကြားဟန် မတူပါ..။ 
ခဏနေမှ သူမ နှုတ်ခမ်းလွှာပါးလျလျဆီက အသံတချို့ ထွက်ကျလာသည်။
" မြတ်က ပန်းပွင့်လေးဆို မောင်က ဂြိုလ်သားလေး ဖြစ်ချင်တာလား " ...
ကျနော့် နှုတ်တွေဆွံ့အ သွားရပါသည်။ 
မြတ်ကို ဖြေစရာအဖြေ ကျနော့်မှာ မရှိပါ။ ကျနော့်အကြောင်းကို မြတ်က အသိနိုင်ဆုံးမို့ ဖြေစရာမလိုဘူးဟု ကျနော့်ဘာသာယူဆလိုက်မိသည်။

-------
-------------

လေပြေမလှုပ်ပါဘဲနှင့် ရေတမာရွက်တို့ ကခုန်ကြသည်။
မြတ်ရေ... မြတ်အားတဲ့အခါ ရေတမာရွက်လေးတွေရဲ့ အသံလေးတွေကို ငြိမ်ပြီးနားထောင်ကြည့်ပါဦး..။
နောက်ပြီး ရှဲရှဲမြည်မျှ.... ရင်သို့အကျဝယ်...မြတ်ရဲ့ ရင်ခုန်သံကို ကျနော် ခံစား၊ ကြားနားပါရစေဦး။

-------



Mirror
13-01-12 (Friday)


Monday, January 02, 2012

ရေနွေးကြမ်းကြိုက်တဲ့ မြို့ကလေး



ဒီနေ့အဖို့ရာ ငါးအိုးမြောက်ရေနွေးကြမ်းအိုးထဲကို လက်ဘက်ခြောက်အချို့ခပ်ထည့်နေရင်းက " အို အိုး .. အကြမ်းအိုးသာပူဆင်းသွားတယ်၊ ဘယ်သူသောက်သွားတယ် မသိလိုက်ဘူး၊ အိုးများ ပေါက်နေသလား" လို့ ခပ်နောက်နောက် ပြောလေ့ရှိတဲ့ မမ ရဲ့ စကားသံတချို့ကို ကြားယောင်ရင်း တစ်ကိုယ်ထဲပြုံးမိပါတယ်။

++++++++++

ကျမရန်ကုန်မှာနေစဉ်ကတည်းက နယ်ပြန်တဲ့အခါတိုင်း မမအတွက် မပါမဖြစ်ပါသွားရတာက လက်ဘက်ခြောက်ပါ။ ရွှေပုဇွန်မှာ တွေ့ရလေ့ရှိတဲ့ ဗူးအပြာရောင်လေးနဲ့ "နှင်းဦး" လက်ဘက်ခြောက်ကို ကျမရဲ့ မမက သိပ်ကြိုက်ပါတယ်။ ညီအစ်မနှစ်ယောက် စကားတပြောပြောနဲ့ သောက်ကြတာ၊ ဓာတ်ဗူးတွေ တစ်လုံးပြီး တစ်လုံးသာကုန်သွားတယ်၊ စကားတွေက ပြောလို့ မဆုံးခဲ့၊ မ၀ခဲ့ဘူး။ ဒီလောက်ညနက်တဲ့အထိ ဘာစကားတွေများ နင်တို့ ညီအစ်မနှစ်ယောက် ပြောကြသလဲလို့ အမေက မေးတဲ့အခါ ဘာစကားတွေတော့ဖြင့် ကျမတို့ပြောကြတယ်အမေရယ်လို့ ရေရေရာရာ ပြန်ပြောပြစရာ မရှိလှပါဘူး။ မမက သူ့ရဲ့ မောင်ငယ်တွေ တစ်ဖြစ်လဲ ကျမရဲ့ အစ်ကိုတွေနဲ့ ယောင်းမတွေအကြောင်း၊ အမေ့စိတ်အခြေအနေအကြောင်း.. အဲ့သလို အကြောင်းတွေကို ဘယ်လိုဖြေရှင်းကြမလဲလို့ ရေနွေးသောက်ရင်း အဖြေရှာခဲ့ကြတယ်။

++++++++++

ကိုယ်တို့ ညီအစ်မနှစ်ယောက် (အကြီးဆုံး နဲ့အငယ်ဆုံး) ရေနွေးကြမ်း ကြိုက်တာကို ကိုယ်တို့အမေက မကြိုက်ဘူး။ ရေနွေးသောက်တာကို မကြိုက်ဘူးဆိုတာထက် ရေနွေးပူပူကို " ဟူး ဟူး " နဲ့ မှုတ်သောက်တာကို မကြိုက်တာပါ။
" ဟဲ့ ရေနွေးပူပူကို အဲ့သလို တဟူးဟူးနဲ့ မှုတ်သောက်နေ.. နင်တို့ ကင်ဆာရလိမ့်မယ်၊ အေး အေး ကိုယ့်ကိုယ်ကို မှ မသနားရင်လဲ မပြောနေတော့ပါဘူး " လို့ အမြဲ မြည်တွန်တောက်တီးလေ့ရှိတဲ့ အမေပါ။
" ငတွတ်ရယ်လေ.. အဲ့လိုသောက်တာ .. ဟိုမှာ လည်ချောင်း ကင်ဆာဖြစ်တော့ မသေခင်ထဲက ငရဲရောက်သလို ဖြစ်ပါရောလား၊ " စသဖြင့် အမေက ပြောလို့မဆုံးတော့တာ။

ကျမတို့ရွာထဲက ဦးလေးငတွတ်ဆိုသူက လည်ချောင်းကင်ဆာရောဂါနဲ့ ဆုံးသွားတာပါ။ အဲ့ဒါကို အမေက သူ့ငယ်သူငယ်ချင်း ငတွတ်က ရေနွေးပူပူတွေကို နွေးတဲ့အထိ မစောင့်ဘဲ သောက်ပစ်လို့ အပူတွေများပြီး လည်ချေင်းကင်ဆာဖြစ်တာလို့ ယူဆထားပါတယ်။ သူ့အယူအဆဟာ မှန်လား၊ မှန်သလား ကျမ ခွဲခြမ်းစိတ်ဖြာပြ မနေတော့ပါဘူး။ အမေ့အမျိုးသား၊ ကျမဖခင်လဲ ရေနွေးမသောက်ပေမယ့် လည်ချောင်း ကင်ဆာနဲ့ပဲ ဆုံးသွားတယ် ဆိုတာ အမေမသိတာလဲ မဟုတ်။ သို့ပေမယ့် အမေကလဲ ဟန့်တားမြဲ၊ ကျမတို့ ညီအစ်မနှစ်ယောက်ကလဲ သောက်မြဲသောက်ဆဲပါပဲ။

++++++++

ပြီးခဲ့တဲ့နှစ်ပြန်တုန်းကလဲ အမအတွက် လက်ဘက်ခြောက်တွေ တနင့်တပိုး ၀ယ်သွားပေးဖြစ်ပါတယ်။ တကယ်တမ်းက သူ့အတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျမနေခဲ့တဲ့ရက်တွေအတွင်းမှာ ကျမပြန်သောက်ခဲ့တာနဲ့တင် မမမှာ အတော်လေး ရိက္ခာချို့တဲ့သွားရှာပါတယ်။ မမ ရေနွေးကြမ်း ကြိုက်ပုံက ကျမထက် ပိုပါတယ်။ မိုးတွင်းအခါမှာ မိုးရေကို တယုတယနဲ့ခံ၊ ပြီးရင် စဥ့်အိုးကြီးငယ် အသွယ်သွယ်နဲ့ ထည့်သိမ်းထား။ မိုးရေမရနိုင်တော့တဲ့ ဆောင်းအခါ၊ နွေအခါမှ အဲ့ဒီသိမ်းထားတဲ့ မိုးရေကို ပြန်ကြိုသောက်... စသည်ဖြင့် ရေနွေးကြမ်းတစ်ခွက်ရဖို့ကို အင်မတန်မှ အားထုတ်သူပါ။

ရေနွေးဆိုတာ စက်တွင်း (အ၀ီစိတွင်း) ရေကိုကျိုပါက လက်ဘက်ခြောက်ခပ်ပြီး အချိန်တိုအတွင်း မှာ ရေနွေးကြမ်းရဲ့အရောင်က ၀ါကျင်ကျင်နဲ့ ရှိမနေတော့ဘဲ အပြာရောင်ဖြစ်သွားလေ့ရှိပြီး သောက်လို့လဲ မကောင်း၊ ဆိုလိုသည်မှာ လက်ဘက်ခြောက်ရဲ့ အနံ့နဲ့အရသာ ရသင့်သလောက် မရဘူးလို့ ကျမတို့ အရပ်သူ၊ အရပ်သားတွေ ပြောလေ့ရှိကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့မှာ နည်းလမ်းရှိပါတယ်။ အဲ့ဒါက မိုးရေကို ကျိုသောက်တာပါ။ " တံစက်မြိတ်က စီးကျတဲ့ရေကမှ ကြည်လင်နေပြီး လက်ဘက်ခြောက် ခပ်သောက်လို့ကောင်းတာ" လို့လဲ တဖွဖွပြောလေ့ရှိကြပါတယ်။ အဲ့ဒီအတွက် လက်ဘက်ရည်ကြမ်း စွဲမက်သူတိုင်း မိုးကုန်ခါနီးပြီးဆိုတာနဲ့ မိုးရေလှောင်ရတာဟာ အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လှောင်ထားတဲ့ မိုးရေဟာ အလွန်ဆုံးလှောင်နိုင်မှ ရာဝင်အိုး ၂အိုးလောက်သာ ရှိတာ မို့ နောက်နှစ် မိုးပြန်မကျခင်ကုန်တာပါပဲ။ ကုန်သွားတဲ့အခါကျရင်တော့ ဒုံရင်းဒုံရင်းအတိုင်းပဲ စက်တွင်းရေကို ကျိုသောက်ရတာပါပဲ။ စက်တွင်းရေကိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးက ဒီနေ့ညနေလိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားလျင် နောက်တစ်နေ့မနက်မှာ ပြာနောက်နောက်အရောင် ဖြစ်နေပါပြီ။ ဒါကြောင့်မို့ စက်တွင်းရေကိုကြိုထားတဲ့ ရေနွေးကြမ်းကို သူတို့မကြိုက်ဘူးဆိုလဲ မကြိုက်စရာပါ။

++++++++

ကျမတို့မြို့မှာ မြို့လည်ခေါင် မီးသတ်တပ်ဖွဲ့ရုံး၊ ကြေးနန်းရုံးနဲ့ အခွန်ရုံးတွေနဲ့ ကပ်ရပ်မှာ ရေနွေးကြမ်းဆိုင် တစ်ဆိုင် ရှိပါတယ်။ ရေနွေးကြမ်း သီးသန့်ရောင်းတဲ့ဆိုင်ပါ။ နောက်ဆုံးတစ်ခေါက်ပြန်တော့ အမ အငယ်ကို " ရေနွေးသောက်ချင်တယ်၊ သွားဝယ်လိုက်ဦးမယ်" ဆိုတော့ အမငယ်က "နေနေ..ဒီအချိန် ရေနွေးဆိုင်မှာ လူတွေများတယ်၊ ငါသွားလိုက်မယ်" ဆိုရင်း သူ့ဆိုင်က ဓာတ်ဗူးလေးဆွဲလို့ ထွက်သွားပါတယ်။ ပြန်ရောက်လာတော့ ရှင်းပြနေသေးတယ်။ မနက်တိုင်း အဲ့ဒီဆိုင်က စားပွဲထိုးကလေးတွေ ရေနွေးကြမ်းယူဦးမလားဆိုပြီး လာမေးနေကျဖြစ်ကာ အမငယ်ကလဲ သူသောက်ချင်ရင် ၀ယ်သောက်နေကျပါတဲ့။ နေ့ခင်းဘက်ရောက်ရင်လဲ တစ်ကြိမ် ဈေးထဲတစ်ပတ်ပတ်ပြီး တစ်ခေါက်လိုက်မေးတတ်ပါသေးသတဲ့။ အဲ့ဒီနေ့ကတော့ သူတို့လိုက်မမေးခင် ကျမက ဈေးထဲကိုရောက်သွားတာဖြစ်ပါတယ်။

အဲ့ဒီ ရေနွေးကြမ်းဆိုင် ပိုင်ရှင်တွေက မိုးရေခံပြီး ရာဝင်အိုးပေါင်းများစွာထဲထည့်သိမ်းကာ သူတို့ဆိုင်ရဲ့ အနောက်ဘက်ခြံထဲမှာ သိပ်ထားကြတာပါ။ မိုးတွင်းဆိုရင်တော့ သိပ်ထားတဲ့ အိုးတွေထဲက သွားခပ်စရာမလိုဘူး။ ရွာနေတဲ့မိုးရေကို ခံပြီးကြိုလိုက်ရုံပါပဲ။ အဲ့ဒီအချိန်မှာတော့ သူတို့ဆိုင်လဲ အရောင်းအားကျတာပေါ့။ ဘာလို့ဆို မြို့သူမြို့သားတွေဟာ ကိုယ့်အိမ်တံစက်မြိတ်ကကျတဲ့ရေကို ကိုယ့်အိမ်မှာ ကိုယ်ကြိုသောက် နေကြတဲ့ရာသီကိုး။ ဒါပေမယ့် ခုလိုဆောင်းရာသီနဲ့ နွေရာသီရောက်ပြီဆိုတာနဲ့ သူတို့ဆိုင်လေးမှာ လူစည်ကားနေပါပြီ။

ကျမ အထက်တန်းကျောင်းသူဘ၀တုန်းက တစ်အိုးကို ပြားငါးဆယ်နဲ့ ၀ယ်သောက်ခဲ့ရတဲ့ ရေနွေးဓာတ်ဗူး တစ်ဗူးက အခုတော့ ငါးဆယ်ကျပ်ဖြစ်နေပါပြီ။ ကြည့်ရတာ မိုးရေတွေ ဈေးမြင့်လာလို့ ထင်ပါရဲ့နော်။ ဒီစာကိုရေးနေရင်းကပဲ "အရှေ့ဝိုင်းကို တစ်အိုးပို့ဟေ့" ဆိုတဲ့ အသံလေးတွေညံစီနေတဲ့ မြို့ကလေးကို ကျမ သတိရ လွမ်းဆွတ်နေမိပါတော့တယ်။


Monday, December 26, 2011

သို့.. ဒိုင်ယာရီ

မည့်သည်အရာကိုမဆို ဆုံးရှုံးခံလိုက်ဖို့ ၀န်မလေးတော့တဲ့စိတ် ကိုယ့်ဆီကိုရောက်လာတဲ့အချိန်ကျမှ
အရင်တုန်းက ကိုယ်ဘယ်လောက်ထိ ပင်ပန်းနေခဲ့သလဲဆိုတာ သိလာရတယ်။ အဲ့ဒီအသိနဲ့အတူပဲ တပါတည်း
ရောက်လာတဲ့စိတ်ခံစားမှုက ကုန်ဆုံးတဲ့အချိန်တွေအတွက် ကိုယ်...သိပ်ကို နှမြောနေမိတော့တာပါ။

ဒီအချိန်မှာ ကိုယ့်ချာတိတ်ဘ၀တုန်းက သူငယ်ချင်းတစ်ယောက် ကိုယ့်ကိုအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို
ပြန်အမှတ်ရမိတယ်။ သူပြောလေ့ရှိတာ "နင့်ခံစားချက်အတွက်ပဲ နင်ဦးတည်စဉ်းစားစမ်းပါ " ဆိုတာ။ တကယ်တော့ ကိုယ်လဲ ကိုယ့်ခံစားချက်အတွက်ပဲ စဉ်းစားတာပါ။ ကိုယ်လဲ ပုထုစဉ်လူသားပဲ။ ကိုယ် သူများအတွက်ပဲ စဉ်းစားပါတယ်လို့ မပြောလိုပါဘူး။ ဒိုင်ယာရီ.. မင်းကိုမို့ ကိုယ်ရိုးသားစွာ ၀န်ခံပါတယ်။ ကိုယ် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှ မစဉ်းစားပေးခဲ့ပါဘူး။

တခုရှိတာက ကိုယ့်စဉ်းစားပုံ မှားနေခဲ့တာ နေမှာပါ။

နောက်ထပ်တမျိုး ကိုယ်ထပ်စဉ်းစားမိပြန်တယ်။ တကယ်ပဲ ကိုယ့်စဉ်းစားပုံ မှားခဲ့သလား။မမှားလို့သာ ကိုယ်လုံးဝ ကျွံကျမသွားသေးခင်မှာ သတိထား လိုက်မိတာနေမှာ။ ဒီတော့... ကိုယ်စဉ်းစားတာ နောက်ကျသွားတာပဲ လို့ထင်မိပြန်ရောကွယ်။ သို့မဟုတ်ရင်လဲ စောသွားခဲ့တာ မျိုးလဲ ဖြစ်နိုင်ပါတယ်လို့ ကိုယ်ဒီလိုပဲ တွေးပါတယ် ဒိုင်ယာရီ....။

ဟုတ်တယ်.. ဒီနေရာမှာ ကိုယ်ဘာဖြစ်နေတာလဲဆိုတဲ့ ပွိုင့်ကိုဖမ်းမိသွားပြီ။ ကိုယ်က အမြဲပဲ ကိစ္စရပ်တိုင်းမှာ စောချင်စောနေ၊ ဒါမှမဟုတ်လဲ နောက်ကျချင် နောက်ကျနေတတ်တယ်။ ကိုယ်ရယ်၊ အခြေအနေရယ်၊ အချိန်အခါရယ် အမြဲလွဲနေခဲ့တယ်။

=========

ကိုယ်တို့ တက္ကသိုလ်တက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားဘ၀ အနှစ်သာရ ကို သေချာမခံစားခဲ့ရဘူး။တက္ကသိုလ်ဆိုတာ ဘာမှန်းမသိတဲ့ တက္ကသိုလ်မှာ ကိုယ်တို့တက်ခဲ့ရတယ်။ အဲ့ဒီအခြေအနေကို လက်မခံနိုင်တဲ့ ကိုယ်က အဲ့ဒီအသိုင်းအ၀ိုင်းကနေ စောစောစီးစီးပဲ လက်ပြနှုတ်ဆက် ထွက်လာခဲ့တယ်။ အမှန်တော့ ကိုယ်သေချာမသိတဲ့အရာတွေ ရှိနေခဲ့မှန်း ကိုယ်ခုမှသေချာသိသွားတယ်။ ဘာလဲဆိုတော့ အဲ့ဒီအချိန်ထဲက ကိုယ်တို့တိုင်းပြည်လေးမှာ တက္ကသိုလ်နဲ့မတူတဲ့ တက္ကသိုလ်တွေပဲ ရှိနေပြီး အဲ့ဒီလိုတက္ကသိုလ်တွေမှာ တက်နေခဲ့တာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဆိုတာ...။

နောက်တော့ ကိုယ် အလုပ်တွေစလုပ်ဖြစ်တယ်။ ငယ်ရွယ်တယ်၊ ဖျတ်လတ်တက်ကြွတယ်၊ သင်ယူ၊လေ့လာ၊နာခံဖို့အတွက် ကိုယ့်မှာ စိတ်တွေ ၁၀၀ % ဘက်ထရီအင်အားအပြည့်နဲ့။ တစ်ခုခုကို သင်ယူတတ်မြောက်လွယ်မှုဆိုတဲ့နေရာမှာလဲ အားသာချက်၊ အားနည်းချက်တော့ ရှိတာပဲ။
သင်ယူတတ်မြောက်လွယ်မှုကြောင့် ကိုယ်အလုပ်တွေမှာ စောစောစီးစီးနဲ့ လွယ်လွယ်ကူကူ အဆင်ပြေ၊ အသားကျသွားလေ့ရှိတယ်။ ဒါပေနဲ့ ချက်ချင်းပဲ အဲ့ဒီအလုပ်ရဲ့ အကြီးအကဲတွေ၊ လူမှုစီမံခန့်ခွဲမှုတွေကို ကိုယ် စောစောစီးစီးကြီးသိသွားပြန်တယ်။ အထူးသဖြင့် သူတို့ရဲ့ ခံယူချက်တွေကို မနှစ်သက်တော့ပြန်ဘူး။ အဲ့ဒီအခါ ကိုယ်.. အဲ့ဒီပတ်ဝန်းကျင်ကနေ ပြေးထွက်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းကလဲ ကိုယ်မေ့နေခဲ့တာ တစ်ခုရှိတယ်။ "လူ့ဘ၀ကို ရှင်သန်ဖြတ်သန်းမှုပုံစံမှာ ကိုယ်ရောက်ရှိကျင်လည်နေတဲ့ ပတ်ဝန်းကျင်သာ မဟုတ်ဘူး။ နေရာအတော်များများဟာ ညစ်ထေးနေကြတယ်" ဆိုတာ ကိုယ်မေ့လျော့ထားခဲ့တာပေါ့။

ကိုယ် ငယ်ငယ်တုန်းက ကိုယ့်အမေနဲ့ ကိုယ့်အစ်ကိုနဲ့ရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတာ မင်းလဲ အသိပါပဲ ဒိုင်ယာရီရယ်...။ ကိုယ့်အမေက သာမာန်ကျေးတောသူမို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နည်းက သူနဲ့ သူမရဲ့ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနည်းတစ်ခုပေါ့။ ကိုယ့် အစ်ကိုကျတော့ ဒီလိုမဟုတ်ဘူး။ အမေ့လို တရွေ့ရွေ့နဲ့ မသွားဘူး။ သူ့ရဲ့ စီးပွားရေးနယ်ပယ်မှာ ရွေ့လျားမှုနှုန်းက မြန်ဆန်တယ်။ နောက်ပိုင်းမှာ ကိုယ်အရွယ်မရောက်ခင်မှာပဲ ဘယ်လိုစိတ်ကူးနဲ့ ကိုယ့်ကို သူ့အုပ်ထိန်းမှုအောက်ကနေ လွှတ်ပေးခဲ့သလဲ မသိဘူး။ ကိုယ့်လမ်းကို ကိုယ့်ဘာသာကိုယ်ပဲ စမ်းတ၀ါးဝါးနဲ့ စလျှောက်ရတော့တယ်။

သူ့လွှမ်းမိုးမှုအောက်ကနေ လွတ်လွတ်ချင်းမှာ ကိုယ်အရင်ဆုံး သူ့အပေါ်ထားမိသွားတဲ့အမြင်က "ကိုယ့်အစ်ကို သည် တော်တော်လေးကို မရိုးသားတဲ့လူတစ်ယောက်ဖြစ်နေပြီ " ဆိုတာ...။

ဒါနဲ့ပဲ သူ့ထက် ကိုယ့်ရဲ့ ရွေ့လျားမှုနှုန်းက ပိုမြန်ဆန်တယ်ဆိုရမယ်။ ခုအချိန်မှာ ကိုယ်က သူနဲ့ ခံစားမှုတွေတူ၊ ဖြတ်သန်းပုံတွေတူနေပြီ။ ကိုယ့်ထက် အသက် ၁၃ နှစ်လောက်ကြီးတဲ့ အစ်ကိုနဲ့ ကိုယ့်ဖြတ်သန်းပုံတွေ မတူနေသင့်ဘူးမလား။ ကိုယ့်စိတ်တွေ အဲ့လောက်ထိ အိုစာ မနေသင့်ဘူးမလား။

==========

ကိုယ် ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသလဲ..။ အဲ့ဒီအပြောင်းအလဲတွေကို ကိုယ်မသိလိုက်ဘူး။
ဒါပေမယ့် ကိုယ့်ဘ၀မှာ အပြောင်းအလဲတိုင်းက အဲ့ဒီလိုပါပဲ။ ကိုယ်သတိမထားမိ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန်မှာပဲ ကိုယ်ကိုယ်တိုင်က ပြောင်းလဲနေနှင့်ပြီ ဒိုင်ယာရီ... အဲ့ဒါကိုတော့ မင်းလဲ သတိထားမိမယ် ထင်ပါတယ်။

=========

အခုလောလောဆယ်မှာ ကိုယ်ပြောင်းလဲသွားတာ တစ်ခုရှိတယ်။ အဲ့ဒါက ဘယ်သူ့ကိုမဆို ဆုံးရှုံးခံလိုက်ရဖို့ ၀န်မလေးတော့ဘူး ဆိုတာပါပဲ။ ကိုယ့်ခံစားမှုတွေကို ကိုယ်ထိန်းချုပ်ပစ်လိုက်တယ်။ တနည်းအားဖြင့် ကိုယ့်နှလုံးသားရဲ့ စေစားမှုတွေကို ကိုယ်ကိုယ်တိုင် လွှတ်ချပစ်လိုက်တာပါပဲ။ သေသေချာချာ ဆင်ခြင်ကြည့်တဲ့အချိန်ကျတော့.. ကိုယ့်နှလုံးသားမှာ အဲ့ဒီ "မနှမြောတတ်တော့စိတ် " က ပြောင်းလဲ သန္ဒေတည်နေပြီ။

သို့သော်.. အဲ့ဒီအပြောင်းအလဲကိုတော့ ကိုယ် တဆိတ်နောင်တရမိကြောင်း ၀န်ခံလိုပါတယ်။ ဟုတ်တယ်။ ကိုယ်အဲ့ဒီအပြောင်းအလဲကို မနှစ်သက်ဘဲ၊ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပါ ဒိုင်ယာရီ...။

=====

ဒိုင်ယာရီရယ်.. နောက်ဆုံးပြောချင်တာကတော့ ကိုယ်က ကိုယ့်ဘေးနားက မိတ်ဆွေတွေကိုလဲ သူတို့လိုအပ်တဲ့လာတဲ့ အခါမျိုးမှာ၊ သို့မဟုတ် သူတို့ကို တစ်ခုခုပြောပြဖို့အချိန်တန်ပြီလို့ ယူဆရတဲ့အချိန်မျိုးမှာ.. ကိုယ် ဒီလိုပဲ.. သူတို့စိတ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့ဖူးတယ်။ အဲ့ဒီလို တစ်ခါပြောပြီးတိုင်း ကိုယ်က ကြိတ်စက်ထဲ အကြိမ်ကြိမ်ထိုးထည့်ခံခဲ့ရတဲ့ ကြံချောင်းတစ်ချောင်းလို ပျော့ဖတ်နုံးခွေသွားတတ်တာ မင်းလဲ မြင်နေတာပဲလေ။

အခုလို မင်းကိုမှ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောရတဲ့အခါကျတော့ အရင်အခါတွေတိုင်းထက် ကိုယ်... ပိုလို့ ပင်ပန်းပါတယ်။ အဲ့ဒီ အတွက် တောင့်တာမိတာ တစ်ခုရှိကြောင်း ကိုယ် မင်းကိုဝန်ခံပါရစေ...။ ဟုတ်တယ်.. ကိုယ် ပုခုံးလေးတစ်ခုကို တောင့်တနေမိတယ်။ ကိုယ့်အပေါ် ဘာဝန်ထုပ်ဝန်ပိုးမှမဖြစ်စေတဲ့ ပုခုံးလေးတစ်ကိုပေါ့။ အဲ့ဒီ ပုခုံးလေးက အတုလေးပဲဖြစ်စေဦးတော့.. ကိုယ် မက်မက်မောမောကို လိုချင်နေမိပါတယ် ဒိုင်ယာရီရယ်...။

မှ...

မကြေးမုံ

=============



Saturday, December 24, 2011

***( ကြိုးစားပြီး)

ခဲရောင်အတုံးလေးချပြီး မေ့-ပျောက်ထားခဲ့တဲ့
မိတ်ဆွေဟောင်းတချို့နဲ့
*(ကြိုးစားပြီး)
စကားပြန်ပြောတယ်။

လတ်လတ်ဆတ်ဆတ် မိတ်ဆွေသစ်တချို့နဲ့
*(ကြိုးစားပြီး)
မိတ်ဖွဲ့တေးဆိုတယ်။

အလွန် သွေးချင်းနီးခဲ့တဲ့ ရဲဘော်တွေနဲ့
*(ကြိုးစားပြီး)
ပျော်အောင်နေတယ်။

နှစ်သက်ခဲ့ဖူးတဲ့ ၀တ္ထုဟောင်းတွေနဲ့
*(ကြိုးစားပြီး)
ခံစားရင်ခုန်တယ်။

ရူးမတတ် မှိုင်းမိခဲ့တဲ့ သီချင်းဟောင်းတွေနဲ့
*(ကြိုးစားပြီး)
ကိုယ့်နှလုံးသားကို နူးညံ့စေတယ်။

ဖတ်နေဆဲ မြန်မာပြည်ထုတ် ဂျာနယ်တချို့နဲ့
*(ကြိုးစားပြီး)
သတင်းဆာလောင်မှုကို ဖြေဖျောက်တယ်။
...
.....
........

ပြီးတော့ အတိုင်းမသိ ရိုးသားတက်ကြွခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကို
*(ကြိုးစားပြီး)
ပြန်လည်ရှာဖွေနေတယ်။

Mirror
24-12-2011