Wednesday, April 22, 2009

ပြန်ရောက်ကြောင်းသတင်းပို့

၁၁ ညအိပ်၊၁၂ ရက်ခရီးကပြန်အဆုံးမှာ....လူရုပ်မပေါက်တဲ့ရုပ်နဲ့ လူတစ်ယောက် ရန်ကုန်မြေကို ပြန်ရောက်လာပြန်ပါပြီ..။

မြို့ပြရဲ့အငွေ့အသက်တွေကို တစ်ခါပြန်ခိုလှုံဖို့...အုံ့ဆိုင်းတဲ့မိုးတိမ်တွေကို တွဲလွဲခိုစီးပြီး မရေရာတဲ့ လူ့ဘ၀မနက်ဖန်ပေါင်းများစွာကို
တစ်ယောက်ထဲခပ်တည်တည်ကျော်ဖြတ်ဖို့ စိတ်ခံစားမှုအသစ်များနဲ့..... ငေးရင်း၊မောရင်း ပြန်လာခဲ့ချေပြီ...။

ခေတ်အကြောင်းစကားကြီးစကားကျယ်တွေပြောတတ်သေးတဲ့၊မျက်မှန်တစ်လက်နဲ့ ၊ပါးဖောင်းကြီးနဲ့....၊ကလေးရုပ်နဲ့...စူပုပ်တဲ့မျက်နှာတစ်ခုနဲ့ လူတစ်ယောက် မြို့ပြမှာ
စတည်းချဖို့ ပြန်လာခဲ့ပြန်ပြီ..။

Wednesday, April 08, 2009

ခရီးသွားမလို့ နှုတ်ဆက်ချင်တယ်....

သဘက်ခါ ၁၀ ရက်နေ့တွင် ကျမခရီးစထွက်ပါမည်..။မွန်တို့ဌာနေ ရာမညတိုင်းဘက်မှာ သင်္ကြန်တွင်း သွားနေမယ်....။
သင်္ကြန်ရာသီမှာ သင်္ကြန်ရဲ့အနှစ်သာရ အပြည့်အ၀မရပဲနဲ့ ....သင်္ကြန်ရဲ့ ရိုးရာတစ်ခုတလေမျှ မမြင်ရပဲနဲ့ ... သင်္ကြန်ရဲ့အငွေ့အသက်
တစ်စွန်းတစ်စမျှ မကြားရ၊မခံစားရပဲနဲ့ မျက်စိရှုပ်နားရှုပ်တွေနဲ့...မြူးကြွလှပလွန်းတဲ့
ခေတ်ရဲ့အမည်နာမ ခွဲခြားရခက်တဲ့ သင်္ကြန်ကို မခံစားနိုင်၊လက်မခံနိုင်တဲ့ကျမ ရန်ကုန်သင်္ကြန်ကိုရှောင်ချင်လို့..
ခရီးသွားတာပါ.....။နယ်မြို့လေးမှာရော..ဘယ်လောက်ထိသင်္ကြန်အငွေ့အသက်တွေပျောက်ဆုံးနေလိမ့်မလဲ...
ကျမမတွေးတတ်ပါ...။လက်တွေ့ကြုံမှပဲ...သိရတော့မယ်လေ။ခုတော့ ခရီးသွားရင်း အတွေ့အကြုံသစ်လေးတွေကိုရှာဖွေ
နေမိဦးမှာပါ..။

ဒီခရီးက မွန်ပြည်နယ် ဒုတိယအခေါက်ပါ..။ပထမတစ်ခေါက်တုန်းက ကျမနဲ့အတူသွားတဲ့သူငယ်ချင်းမပါတော့ဘူး။သူက
ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ ကျမမသိတော့ဘူး။ကျမနောက်တစ်ခေါက်ထပ်သွားမှာကိုသူမသိဘူး။
ဒီလိုနဲ့ပဲအချိန်ရဲ့ ပြောင်းလဲပေးမှုတွေကို လက်ခံချင်၊မခံချင်ချင်....လက်ခံနေရတာကပဲ..လူ့ဘ၀ပဲလား.....။

ပထမတစ်ခေါက်တုန်းက သွားမယ်လို့ စီစဉ်ထားတာ ၅ယောက်မှာ..နောက်ဆုံးတော့ ကျမနဲ့ နောက်ထပ်တစ်ယောက်
အားလုံးပေါင်း ၂ ယောက်ပဲသွားဖြစ်တယ်..။အူလည်လည်နဲ့ ကားပေါ်တက်စီးပြီးရောက်သွားကြတာ..။ဟိုရောက်တော့လဲ
ဆံပင်ကောက်တဲ့ မွန်မက သူ့အလုပ်နဲ့သူ(အဲ့တုန်းကလဲ ဒီလိုအချိန်ပဲ..သူတို့အိမ်မှာ အလှူလုပ်တာ)ရှုပ်နေလေတော့
ကိုယ်တွေနှစ်ယောက်ထဲပဲ စက်ဘီးလေးတစ်စီးနဲ့ ကုန်းဆင်းကုန်းတက်တွေပေါတဲ့ မြို့ကလေးထဲမှာ ....မမောနိုင်၊မပန်းနိုင်
ကိုယ့်ဘာသာကိုလျှောက်လည်ကြတယ်..မှတ်မှတ်ရရ အဲ့ဒိတုန်းက ဒိုးလုံးရဲ့ အလိုတော်အတိုင်းသီချင်းခွေထွက်တဲ့အခိုက်ဆိုတော့
အဲ့ဒိခွေထဲက ဘုန်းကြီးပါစေ..သက်ရှည်စေ...အားလုံးစိတ်လဲ ချမ်းသာစေ...ဆိုတာကို ညည်းရင်းပေါ့..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကျောင်းတက်တုန်းက ကျမတို့သူငယ်ချင်း ၆ယောက်ပေါင်းဖြစ်ကြတယ်။မိန်းကလေးငါးယောက်၊ယောက်ျားလေး
တစ်ယောက် တွဲဖြစ်တာ..။အားလုံးက နယ်ကလာပြီးကျောင်းတက်ကြသူတွေချည်း။ကျမနဲ့ မိန်းကလေးတစ်ယောက်က
ဧရာဝတီက(ဧရာဝတီသူ ဗမာမ နှစ်ယောက်) ၊မွန်မလေး ၂ယောက်၊ကရင်မလေးတစ်ယောက်၊ကရင်လေးတစ်ယောက်
ကရင်မလေးကတော့ ကရင်ပြည်နယ်က၊ဘားအံက..။

၆ ယောက်လုံးသူ့အိမ်ကိုယ့်အိမ် လိုက်လည်ဖူးကြတယ်၊အားလုံး ခဏခဏအလည်ရောက်တဲ့ အိမ်က ကျမအိမ်ပေါ့..။

သူတို့အားလုံးက အမေ့လက်ရာဟင်းတွေကို သိပ်ကြိုက်ကြတယ်၊ကျမ မလေးလုပ်ချက်တဲ့ ဧရာဝတီချက် မုန့်ဟင်းခါးကို ကြိုက်ကြတယ်..။
ခရီးလဲ နီးတော့ကျမအိမ်ကိုတော့ ခဏခဏရောက်ဖြစ်တယ်..။ကျမကဘားအံကိုတစ်ခေါက်၊
မွန်ပြည်နယ်ကို ၁ ခေါက်လိုက်လည်ဖူးတယ်..။ဒါပေမယ့် နှစ်တွေကြာနေပြီဆိုတော့ ဘာမှမမှတ်မိတော့ပါဘူး။အမှတ်တရ ဓာတ်ပုံရိုက်တာတွေ ဘာတွေမလုပ်ခဲ့ဖူးဘူး။ခရီးထွက်နေတာကပဲ ပျော်စရာလို့ထင်ခဲ့တာ..။သွားနေရရင် ဘာမှမလိုအပ်တော့ဘူးလို့ ထင်နေခဲ့တဲ့အချိန်ပေါ့...။


ခုတော့...တန်ဖိုးထားမှုတွေလဲ ပြောင်းလဲလာခဲ့ပြီး လူတွေကိုမြင်တဲ့အမြင်၊အဖြစ်အပျက်တစ်ခုကို မြင်တဲ့အမြင်၊ မြင်ကွင်းတစ်ခုအပေါ်ထားတဲ့ စိတ်ခံစားမှု....ခေတ်အပေါ်ဇောက်ထိုးကြည့်တတ်မှု၊
အဲ့ဒါတွေနဲ့ ရောပြွန်းနေတဲ့ စိတ်ကြီးနဲ့ ကျမ...သွားဖူးတဲ့..သိပ်လဲပျော်ရွှင်ကြည်နူးခဲ့ရဖူးတဲ့
ခရီးတစ်ခုကို နောက်တစ်ခေါက်ခြေအချမှာ..ဘယ်လိုစိတ်ခံစားမှုတွေရလိမ့်....မ....လဲ.........

ရင်ခုန်စွာ.....

နောက်ပြီး

ဘလော့ဂ်ရပ်ဝန်းကိုသတိရစွာနဲ့...

ခတ္တနှုတ်ဆက်ခဲ့ပါတယ်..........။

Monday, April 06, 2009

အကြောင်းပြချက်လေးတော့ ပေးချင်တယ်........

ဟိုတစ်လောက...ဟိုတစ်လောကဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျမညီမလေး ညီညီ က ပြောပါတယ်
ဘလော့ဂ်စပေါ့ကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ တဲ့....။ကျမကို မေးခွန်းထုတ်ရင်း သူ့သူလဲ မေးနေတဲ့ပုံပါ။ ကျမက ":( " ဒါမျိုးလေးလုပ်ပြမိတယ်ထင်ရဲ့.။မမှတ်မိတော့ပါဘူး။မမှတ်မိတော့တဲ့ အကြောင်းအရာတွေသိပ်ကို
များပါတယ်..။ဥပမာ.မြန်မာ တယ်လီပို့က ဘယ်နေ့တွင် အင်တာနက်ကော်နက်ရှင် ပြန်ကောင်းပါမယ် လို့ကြေငြာထားတဲ့ရက်မျိုးဆို ပိုတောင် မမှတ်မိသေးဘူး။

ဘလော့ဂ်စပေါ့ကို မမြင်ရဘူးဆိုတော့ အကောင်အထည်လိုက်မမြင်ရတာကို ညီညီ ဆိုလိုတယ်လို့ထင်ပါတယ်။
ဟုတ်ရဲ့လေ..ကျော်ကာခွကာနဲ့ဆိုတော့ မြင်ရတာကလဲ အတုကြီး၊ဒီလိုကျော်တာ ခွတာက မကြေးမုံတို့ ခဏခဏညည်းချင်းဖွင့်လွန်းလို့ အားလုံးသိပြီးကြတဲ့အတိုင်း....ဒီဘာသာရပ်မှာ ကျွမ်းကျင်အဆင့်ပေါ့..။ဒါမယ့် စုံစုံလင်လင်မြင်ရသေးတယ်..။ခုတော့ မမြင်ရတော့ဘူး။အတုကြီးပဲ မြင်ရတယ်.. ထီကြေငြာတွေ၊ထီပေါက်ကြောင်း သတင်းတွေ...မလုံ့တလုံ ကောင်မလေးပုံတွေနဲ့..........အဲ့လို အတု ဘလော့ဂ်စပေါ့နဲ့ပဲ နှစ်ပါးသွားနေရတာ..။

နေပါစေ အတုကြီးနဲ့တော့ မတင်ဘူးကွာ..ဘာပိုစ့်မှ မတင်ဘူးကွာ ..ကဲ ဘာဖြစ်လဲ......ကိုယ့်သမီးလေးပဲ ချောက်ကပ်ကပ်နဲ့ပေါ့......။သူများဆီလဲ လိုက်မလည်နိုင်ဘူး။တချို့ဆီပုံးမှာ အော်လို့ရပြီး၊တချို့မှာအော်မရပါဘူး။
နောက်ပြီး ပိုစ့်ကိုမန့်ချင်တဲ့ စိတ်အာသီသကို ဆီပုံးမှာ အော်ရုံနဲ့လဲ မကျေနပ်နိုင်ပြန်တော့ ခက်သားလား။
မန့်မလို့လုပ်လိုက်တာနဲ့....လုံခြုံရေးဆိုင်ရာ မေးခွန်းတွေတသီကြီးနဲ့ တိုးဝှေ့နေရတယ်..။ဒါကြောင့် အားလုံး (အစ်ကို၊အစ်မ၊သူငယ်ချင်း၊မောင်လေး၊ညီမလေး)နားလည်ပေးကြပါလို့.......စာရေးပြီးပဲ တောင်းပန်ပါတယ်..။

ဓာတ်ပုံတွေတင်ချင်တာလဲ...မတင်ရဘူး၊တင်ချင်တဲ့ရက်မှာ မတင်ရတဲ့အတွက် ခုတော့ mood ကမပါတော့ဘူး။
မိန်းထဲသွားရိုက်ထားတဲ့ ဓာတ်ပုံတွေရှိတယ်..။အလှအပ သွားရိုက်တာ...အလှအပ မရခဲ့ပဲ..အပျက်အစီးတွေပဲ ရခဲ့ပါတယ်..။နာဂစ်အကြွင်းအကျန် ပုံတွေပဲရခဲ့တယ်..။မြင်ရသလောက် တက္ကသိုလ်ရိပ်သာလမ်းမဘေးတစ်ဘက်တစ်ချက်ကိုပဲ ပြန်လည်ပြင်ဆင်းထားပြီး အထဲမှာတော့ အပျက်အစီးအားလုံးဟာ နာဂစ်မုန်တိုင်းနှစ်ခါလည်တော့မယ်...ဘာမှမပြင်ဆင်ရသေးပါဘူး။ ကျမအစ်ကို ကိုအောင်သာငယ့်အတွက် မန္တလေးဆောင်ကို ရိုက်ဖို့သိပ်အဆင်မပြေခဲ့ပါဘူး။မန္တလေးဆောင်အတွင်းသို့ လုံးဝ(လုံးဝ)မ၀င်ရ လို့ဆိုထားလို့ပါ..။နောက်ပြီးတော့ သူက မုခ်ဦးနဲ့ ကပ်ကပ်လေးဆိုတော့ လုံခြုံရေးတွေနဲ့ စကားပြောနေရမှာလဲ စိုးတာနဲ့..အဆင်ပြေသလောက်ပဲ ရိုက်ခဲ့ပါတယ်..။

ညနေစောင်းကြီးမှ ရိုက်တာဆိုတော့ပုံတွေကို သိပ်စိတ်တိုင်းမကျပါဘူး။ဒါကြောင့် ဘလော့ပေါ်မတင်တော့ဘူး။
အဲ...စကားတွေကပြောရင်းက ဘယ်တွေရောက်ကုန်ပြီလဲ မသိတော့ဘူး။လိုရင်းကတော့ ဓာတ်ပုံတင်ချင်ပေမယ့်
တင်မရဘူးပေါ့လေ..။

ဒီလောက်ပါပဲ..လာမလည်နိုင်တာ နားလည်ပေးဖို့ရယ်.....အဆင်ပြေရင် ဓာတ်ပုံတွေတင်မယ့်အကြောင်းရယ်.. လက်တို့ထားတာပါ...။အားလုံးကို ချစ်ခင်လေးစားစွာ........ဆားချက်ကြောင်းလေး ပြောလိုက်ပါတယ်.........။

Friday, March 27, 2009

ဝါသနာ ပဲဆိုပါတော့.....

ရာသီဥတုက ပူပြင်းလွန်းတယ်။ မဖြေချင့် ဖြေချင်နဲ့ ကလေးလုပ်ပြီး ဖြေနေရတဲ့ စာမေးပွဲတွေကလဲ များလွန်းလှတယ်။

သင်္ကြန်မတိုင်ခင် အမေ့ဆီ တစ်ချက်ပြန်လစ်ချင် သေးတယ်..။ လုပ်ချင်တဲ့ ဆန္ဒတွေ၊ လုပ်ရမဲ့ တာဝန်တွေကြားမှာ ကျမ စာမရေးဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတာ မမှတ်မိတော့။ ပြန်လည်မတွေးချင်တော့။

မနေ့တုန်းက စမ်းချောင်းဘက်က နက်ဆိုင်တစ်ဆိုင်မှာ သုံးနေရင်းက အမ်ပီတီက မပြောမဆို ဖြတ်တောက်ပစ်လိုက်တဲ့ အချိန်မှာ စိတ်ထဲလဲ ဘယ်လိုမှ ခံစားမနေတော့ဘူး။ အပြင်ဘက်ကို ငဲ့ကြည့်လိုက်တော့ မူလတန်းကျောင်းလေးတစ်ကျောင်း… အဲ့ဒီကျောင်းရှေ့မှာ ကလေးလေးတွေ ကစားနေကြတယ်။ ဆိုက္ကားဂိတ်က ဆိုက္ကားတွေကို ပတ်ပြေးပြီး ကစားနေကြတာ ဘာကစားနည်းလဲတော့ မသိဘူး၊ သူတို့ပျော်နေကြတယ်။ အပူအပင် ကင်းမဲ့တယ်။

ငါ့လို လိုချင်တက်မက်မှု့တွေ မများဘူးလို့ တွေးမိတယ်။ ငါ့လို စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လဲ ဖြစ်မနေလောက်ဘူးလို့ တွေးမိတယ်..။ အဲ့ဒီ အတွေးကနေပဲ ဘာမဆိုင်၊ ညာမဆိုင် သူငယ်ချင်း မောင်မျိုးနဲ့ ညီမလေး နန်းညီ ရေးခိုင်းထားတဲ့ ဝါသနာအကြောင်းလေးကို ဘာတွေရေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။ ကျမဘာတွေ ဝါသနာပါခဲ့သလဲ.. ခုရော ဘာတွေကို ဝါသနာပါနေတုန်းပါလဲ…။

စဉ်းစားကြည့်မိတော့ ဝါသနာက များလွန်းပါတယ်…။


ငယ်စဉ်အခါက ~~


ငယ်စဉ်အခါတုန်းကလို့ ခွဲတမ်းတမ်းချလိုက်တော့… ကျမ ငယ်ငယ်တုန်းက ဝါသနာက အလွန်အမင်း ကစားခြင်းပါပဲ…။ တစ်နေကုန် မိုးလင်းလင်းချင်းကစပြီး မိုးစုန်းစုန်းချုပ်တဲ့အထိ ကျမ ကစားပါတယ်။ အငယ်ဆုံးဆိုတဲ့အတိုင်း အိမ်ရဲ့ ဘယ်အခန်းကဏ္ဍမှာမှ ကိုယ်ကမပါရတော့ စိတ်ကြိုက်ကစားခွင့် ရပါတယ်။ ခုလို နွေရာသီကျောင်းပိတ်ရက်တွေဟာ ကျမတို့လို တောကလေးတွေအတွက်တော့ အင်မတန် ပျော်စရာကောင်းတဲ့ အားလပ်ရက်ပါ။ မြို့ပြကလေးတွေနဲ့ နဲနဲမှ မတူပါဘူး။ ရေကူးသင်တန်းဆိုတာ ကျမတို့အတွက် အိမ်နောက်ဖေးက ချောင်းထဲမှာ။ ငုတ်ချည် ဖော်ချည် လုပ်လွန်းလို့.. အသက်လဲ ၁၀ နှစ်မှာ နားတစ်ဖက်လုံး ပိုးဝင်၊ ရောဂါရပြီး ရောဂါကုယူရတဲ့ အထိ ရေကူးခဲ့တာ။ တစ်နေကုန် တစ်နေကမ်း… ကျမဘယ်ရောက်နေလဲဆိုတာ အိမ်မှာနေတဲ့ အမေက မသိပါဘူး။ ညနေစောင်းလို့ … “ မိ…ရေ …” လို့ တစ်ရွာလုံးကြားအောင် အော်ခေါ်မှ အိမ်ကို အပြေးပြန်လာတတ်တယ်…။


ငယ်ငယ်တုန်းက ကစားနည်းမျိုးစုံထဲမှာ စစ်တိုက်တမ်းနဲ့ နတ်က တမ်း ကစားတာကို အကြိုက်ဆုံးပါ..။ ကောက်ရိုးပုံကြီးတွေပေါ်မှာ ပုန်းပြီး စစ်တိုက်ရတာလောက် ပျော်စရာကောင်းတာ မရှိတော့ဘူး…။ နတ်က တမ်း ကစားတာကို ကျမ ဘာကြောင့် ဝါသနာထုံခဲ့လဲ… ခုပြန်စဉ်းစားလို့ကို မရတော့ပါ …။ အစ်ကို့ ပုဆိုးတွေကို ခါးမှာ တောင်ရှည်လို ပတ်ဝတ်ပြီး ခေါင်းမှာ အမေ့ သဘက်စကို တလူလူလွင့်အောင်ပေါင်းပြီး “ကိုကြီးကျော်” လို ကရတာ… ကုက္ကိုလ်ပင်စည် အပြတ်တွေကို နတ်ဆိုင်းဝိုင်းလိုလုပ်ပြီး တီးပေးတဲ့ သူငယ်ချင်းတွေနဲ့… ဟန်ကို ကျနေတာပဲ…။ ပြန်တွေးမိတော့ ရှက်ပြုံးတောင် ပြုံးမိပါသေးတယ်…။ ကျမစိတ်ထင်မမှားဘူးဆိုရင် ဗမာတပြည်လုံးမှာ နတ်ပွဲကို ကိုယ့်အိမ် ကိုယ့်ယာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတာ ကျမတို့အောက်ဘက် ဧရာဝတီတိုင်းမှာဘဲ ရှိမယ် ထင်ပါတယ်…။ (ဒါက စကားချပ်ပါ…)


နောက်ပိုင်းမှာတော့… အမေ့ရဲ့ … သမီးလူကြီးဖြစ်ပြီ … ကျောင်းစာကို ဂရုစိုက်ရမယ်…။ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော မနေရတော့ဘူးဆိုတဲ့ …တစ်ချက်လွှတ်အမိန့်နဲ့ ရှစ်တန်းနှစ်နွေက စပြီး အဲ့ဒီ ဝါသနာတွေ အကုန်းလုံးကို စွန့်လွှတ်ခဲ့ရတယ်…။

အဲ့ဒီ ဝါသနာတွေကို စွန့်လွှတ်ရလို့ ကျမ ဝမ်းမနည်းခဲ့ဘူး…။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျမ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေကို ကျောင်းစာအုပ်ကြားထဲမှာ ညှပ်ပြီး ခိုးဖတ်တတ်နေပြီ…။ ရေအိမ်ဝင်ရင်းနဲ့၊ ဒါမှမဟုတ် ညဘက်တစ်ယောက်ထဲ ဓါတ်မီးထိုးပြီးတော့ဖြစ်ဖြစ် ကျမ စာခိုးဖတ်နေပြီ…။

စာကို တကယ်ကို ခိုးဖတ်ခဲ့ရပါတယ်…။ ကျမ တက္ကသိုလ် စတက်တဲ့ အချိန်မှာ လတစ်လရဲ့ အစတိုင်းမှာ တစ်လစာ အသုံးစရိတ်ရောက်လာတိုင်း ဝတ္ထုစာအုပ်တွေ ဝယ်ပစ်နေမှန်း သိပေမယ့် မတားခဲ့တဲ့ အစ်ကိုက ကျမ အဲ့ဒီ အရွယ်တုန်းက စာဖတ်တာကို အပြင်းအထန် ကန့်ကွက်ခဲ့ဖူးတယ်…။ တွေ့တာနဲ့ကောက်လွှတ်ပစ်တတ်တယ်…။ ဒါပေမဲ့ … ကျမ ကလဲ…မရ… အရ ခိုးဖတ်တာပါပဲ…။


အဲ့ဒီ စပ်ကူးမတ်ကူးအရွယ် နောက်ထပ် ဝါသနာတစ်ခုက သီချင်းနားထောင်တာပါ…။ ကျမ ၇ တန်းနှစ်မှာထဲက အစ်ကို လုပ်သူက ကက်ဆက်တစ်လုံး ဝယ်ပေးထားပါတယ်…။ ကက်ဆက်ခွေ ကတော့မရှိခဲ့ပါဘူး…။ ကက်ဆက်ဝယ်တုန်းက အစ်ကို ဝယ်လာတဲ့ ခင်မောင်တိုး ရယ်၊ စိုင်းထီးဆိုင်ရယ် တွဲဆိုထားတဲ့ မြမြင့်မိုရ်မို့လား နဲ့ ပန်းချစ်သူ သီချင်းပါတဲ့ အခွေ တစ်ခွေထဲ ရှိတယ်…။ ဆိုတော့ … မြန်မာ့ အသံပဲ အားပေးရတာပေါ့လေ…။ အဲ့ဒီ အချိန်တုန်း ကျမရူးသွပ်ခဲ့တဲ့ သီချင်း သုံးပုဒ်ရှိပါတယ်…။

ခိုင်ထူးရဲ့ ခတ္တာ၊ တူးတူးရဲ့ ကေသရီ နဲ့ စိုင်းဆိုင်မောဝ် ရဲ့ တောင်ပြာတန်းက သိတယ်… အဲ့ဒီ သီချင်းတွေကို ရုးသွပ်ခုံမင်စွာ … နားထောင်ခဲ့တဲ့ ကာလတွေပေါ့…။


အသက်လေး နဲနဲကြီးလာတာနဲ့အမျှ ဝါသနာတွေ ရှားပါးလာပြီး… ကိုယ်ဝါသနာပါတိုင်းလည်း မဖြစ်နိုင်တာတွေ များလာမှန်း ရိပ်စားမိလာတဲ့အခါ၊ နောက်တော့ လူတွေအများကြီးနဲ့နေရဖို့ ၊ သွားလာရဖို့ ယားယံလာတဲ့အခါမှာတော့ ကျမ ဝါသနာတွေကလဲ ပြောင်းလဲ လာခဲ့တယ်…။ ကိုယ်တစ်ယောက်ထဲနဲ့ တည်ဆောက်ဖန်တီးလို့ ရတဲ့ အခြေအနေမျိုးလေးတွေကပဲ ကျမဝါသနာတွေ ဖြစ်လာခဲ့တယ်…။


စာရေးခြင်းဝါသနာ…

တက္ကသိုလ် ပထမနှစ်မှာပဲ…ဝါသနာတူလေးတွေ စုပြီး ကဗျာ စာအုပ်လေး တစ်အုပ်ထုတ်ဖြစ် တယ်…။ အဲ့ဒီတုန်းကတော့ အချစ်အကြောင်း နုနုရွရွကဗျာလေးတွေ ကျမ ရေးဖြစ်ခဲ့တယ်… ဒုတိယနှစ်မှာလဲ တက်ထုတ်တယ်…။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ပြဿနာကြုံရပါတယ်…။ အကြောင်းက စပ်ဆော့ပြီး တခြားတက္ကသိုလ်တွေ အထိ ကဗျာစာအုပ် လိုက်ရောင်းမိလို့ပါ…။ ကျောင်းထဲမှာတင် တွန်းထိုးရောင်းရတာ အားမရသေးတော့ ရန်ကုန်က ကျေုာင်းတစ်ချို့ကို ရောက်ဖြစ်ကြတယ်…။

အီကို၊ ကွန်ပြူတာနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်တွေ အထိ ခြေဆန့်ခဲ့ကြတာ၊ တစ်အုပ်ကို ၂၀၀ နဲ့ ပျော်ပျော်ပါးပါး လိုက်ရောင်းကြတာ …။ ရောင်းတုန်းက ဇန်နဝါရီလ ၊ ဖေဖေါ်ဝါရီလ လဲရောက်ရော ကဗျာစာအုပ်လုပ်တဲ့လူတွေ ပါမောက္ခရုံးခန်းထဲ ရောက်ကြပါလေရော…။ အားလုံး မိန်းကလေးတွေချည်းပါ…။ ဖြစ်ချင်တော့ ပါမောက္ခချုပ်နဲ့ တွေ့ရတဲ့နေ့က ချစ်သူများနေ့ပါ…။ ကြောက်ရမှန်း မသိဘူး… တခွီခွီနဲ့ဟာ…။

မော်ကွန်းထိန်း အမျိုးသမီးကတော့ မျက်စောင်း တခဲခဲနဲ့ပေါ့…။ သူနဲ့ကတည့်တာ တစ်ကျောင်းလုံးမှာ… တစ်ယောက်ထဲသော ကျမတို့အခန်းထဲက ယောက်ျားလေးနဲ့ပဲ…အဆင် ပြေပြေ စကားပြောလို့ရပါတယ်…။ ကျန်တဲ့ မိန်းကလေးတွေ အားလုံးနဲ့ ဘယ်သူနဲ့ မှ သူနဲ့အဆင် မပြေဘူး…။ အဲဒီနေ့တုန်းကလဲ ခွီခွီလုပ်နေ၊ သူကလဲ မျက်စောင်းတွေ တဒိုင်းဒိုင်းနဲ့ …။ ပါချုပ်နဲ့ တွေ့တော့ သူလဲပါတာပေါ့…။ ပါချုပ်က တစ်ခွန်းထဲပြောပါတယ်…။ “ ခုတော့ ရပ်လိုက်ကြတော့…၊ ကဗျာစာအုပ်တွေလဲ ဆက်မရောင်းနဲ့တော့…၊ နောင်နှစ်ခါကျ ရင် ကျောင်းမဂ္ဂဇင်းထုတ်တော့မှ တစ်တပ်တအား ဝင်ပါကြတဲ့ …”

ပြန်လဲထွက်လာတော့ ပိုပြီး ခွီကြပြန်ရော …:)

တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်…။ ဘဝအပူအပင် အမောတွေလဲ မရှိဘူးပေါ့ …။


ခုလောလောဆယ်မှာ .....

ကျမ ဝါသနာက ဘာလဲဆိုတာ ကျမသေချာ တွေးလို့ မရတော့ပါဘူး …။ ဒါက အမှန်တရားပါ..။ တခါတလေမှာ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲ လုပ်ရတတ်တာ တွေ ရှိတတ်ပါတယ်…။ ဖြစ်ချင်တာတွေနဲ့ လုပ်နေရတာတွေနဲ့ တစ်ထပ်ထဲ ကျနေတဲ့ သူတချို့ကိုလဲ မြင်နေ၊ တွေ့နေရတယ်…၊ ဒါပေမဲ့ ဒါဟာ ကျမ အတွက်တော့ မဟုတ်သေးပါဘူး…။ လုပ်ချင်တဲ့ ဝါသနာတွေကို ခဏ နောက်ပို့ထားပြီး… လုပ်သင့်တာတွေကို ခုလောလောဆယ် လုပ်နေရပါသေးတယ်…။ အဲ့ဒီထဲမှာမှ ခုလောလောဆယ်လုပ်နေတဲ့ ဝါသနာ တစ်ခုကတော့ ဘလော့ဂ် ဆိုတဲ့ အလကားပဲ တင်ရတဲ့ စာမျက်နှာပေါ်မှာ ကျမ စာရေးနေပါတယ်…။

ဒီဝါသနာလေးတော့ ဆက်လက်ရှင်သန်ပြီး… တည်တံ့လိမ့်လို့ မျှော်လင့်မိပါတယ်…။ ဘာအနှောက်အယှက်မှ… ဝင်မလာခဲ့ရင်တော့ …ဒီဝါသနာလေး ဆက်ရှိနေပြီး… အစ်ကိုတွေ၊ အစ်မတွေကို ရေးချင်ရာရေးနေမိတဲ့ စာတွေနဲ့ နှိပ်စက်နေမိ ဦးမယ်လို့ …….:))


Tuesday, March 24, 2009

ဘယ်လိုကလိုက်ရမယ်မသိတဲ့ဇာတ်

သူ့ရဲ့ တစ်ဖက်ကမ်းခတ်တဲ့ ဘာသာရပ်ပါ..
အဲ့ဒိဘာသာရပ်မှာ ငါ့အတွက် ရီပိုဒ့်ကဒ်က
ဘယ်တုန်းကမှ သုညကနေအဆင့်တက်မလာခဲ့ဘူး
အဲ့လိုပဲ သူပြောသွားခဲ့တယ်..။

ဆိုတော့....
ဒီဇာတ်ကို ငါလိုက်လို့မမှီခဲ့ပါဘူး
ဒီဇာတ်ကို ဘယ်နားကနေ၀င်လို့ "က"လိုက်ရမယ်မှန်း မသိဘူးဖြစ်နေခဲ့တယ်..။
ဒီဇာတ်အတွက် ငါ့စိတ်ယာဉ်အလျင်က မတ်လအညာနွေလို ခြောက်သယောင်းလို့........။

အဖြစ်အပျက်က ဒီလိုပါ
ပလီတဲ့ အဲ့ဒိမြစ်ငါးရာ ရေယာဉ်ကြောမှာလေ.....
ကိုယ်မတတ်ကျွမ်းတဲ့ဘာသာရပ်တစ်ခုအတွက်
ငါက အစင်းသားနဲ့
ကိုယ့်ကိုယ်ကို အဆိပ်တက်နေစေခဲ့တာ..၇ နှစ်တောင်ကြာခဲ့ပြီ......။