Monday, January 19, 2009

ၾကံဳရ ဆံုရ..........

ဒီပိုစ့်ကို ဖတ်ပြီးပြောစရာရှိလာခဲ့ရင် နာနာသာပြောခဲ့၊ဆိုခဲ့ကြပါ..။ဒီလူ စိတ်မထားတတ်သေးဘူး။

ကျမနဲ့ မောင်ရှင်းသန့် နဲ့ လက်ဘက်ရည်အတူတူသောက်မယ်ဆိုပြီး ချိန်းလိုက်ကြတယ်။သူလာရမယ့် နေရာက နဲနဲဝေးတယ်ဆိုတော့ "ကဲ နင်အရင် အွန်လိုင်းကထွက်လိုက်၊ငါ အဲ့ဒိဆိုင်ကို ဆယ်ငါးမိနစ်အတွင်းရောက်မယ်"လို့ အတိအကျကြီးပြောခဲ့မိတယ်။အဲ့ဒိအချိန်က ညနေ ၅ နာရီပါ။

ကျမက စိတ်မြန်တယ်။စိတ်လဲ ပူတတ်တယ်။ပြောထားရင် ပြောထားတဲ့အချိန်ရောက်မှ၊ကိုယ်လဲ အဲ့ဒိအချိန်
ရောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ကြိုးစားပြီး သွားလေ့ရှိတယ်။ချိန်းထားတဲ့သူက ပြောထားတဲ့အချိန်မှာ မရောက်လာရင် ပထမဆုံးအနေနဲ့ စိတ်တိုတယ်။နောက်တော့ စိတ်ပူတယ်။ကိုယ့်အသက်တောင်ကိုယ်မပိုင်ပဲ လမ်းပေါ်လျှောက်နေရတာမှန်း ဘ၀တူတွေချင်းမို့သိတယ်။နောက်ပြီး ကိုယ့်ဘက်က နဲနဲလေးနောက်ကျသွားရင်
လဲ ငါ့ပဲ မစောင့်နိုင်လို့ပြန်သွားတာလားလို့ စိတ်ပူအားနာတယ်။ဒါကြောင့်မို့ အမြဲတမ်းလိုလို ကိုယ့်ဘက်ကနေ
အလိုမရှိအောင် လုပ်ပါတယ်။ခုလဲ ကျမသွားရမယ့်အချိန်ကို ကျမဘာသာတွက်ပြီး ထွက်သွားလိုက်ပါတယ်။
လမ်းမှာ အပိတ်အဆို့ခံရပါတယ်။ဒီလိုကြုံခဲ့ရတယ်။


ချိန်းထားတဲ့ လက်ဘက်ရည်ဆိုင်ရှိတဲ့လမ်းမနဲ့ အနီးဆုံးလမ်းပေါ်ကိုရောက်ဖို့ ကြားဖြတ်လမ်းလေးကနေ ကျမသွားတယ်။ဖြစ်ချင်တော့ အဲ့ဒိဖြတ်လမ်းရဲ့ ဟိုဘက်က တစ်ဖက်ပိတ်လမ်းတစ်ခုမှာ တရားပွဲတစ်ခုကျင်းပနေ
တယ်။ဘုန်းကြီးတရားမဟောသေးပါဘူး။တရားပွဲအတွက် ညနေစောင်းထဲက ပြင်ဆင်နေကြ ပုံကျပါတယ်။ ကြားဖြတ်လမ်းလေးကို ၀ါးလုံး ၂လုံးဆက်ပြီး ပိတ်ထားပါတယ်။ထုံးစံအတိုင်း ပွဲလမ်းသဘင်တိုင်း တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်များရှိတယ်ပေါ့။ကျမရှေ့က အစ်မကြီးတစ်ယောက်နဲ့ သူတို့အခြေအတင်ဖြစ်နေကြတယ်။
အစ်မကြီးက နောက်ဆုံးကျတော့ ဟုတ်တယ် အဲ့ဒိတရားပွဲကိုသွားမလို့ပဲ ဆိုပြီးခပ်တည်တည်နဲ့ပဲ ဖြတ်သွားတယ်။
ကဲ လာပါပြီ ကျမအလှည့်...။"သွားလို့မရဘူး" တဲ့ တစ်ခွန်းထဲပဲပြောပါတယ်။ပေစုတ်စုတ်နဲ့ မို့လို့သိပ်လဲ
အဖက်မလုပ်ချင်ဘူး ထင်ပါတယ်။ကျမကလဲလွယ်လွယ်နဲ့ တစ်ခုခုကိုလက်မခံတတ်တော့အခက်သားလားနော်။
"ဘာဖြစ်လို့လဲ" လို့ ခပ်ထေ့ထေ့ပဲမေးလိုက်တယ်။"တရားပွဲရှိတယ်"တဲ့။"တရားပွဲက မစရသေးဘူးမဟုတ်လား။
မနေ့ကလဲ ကျမသွားပြီးပြီ "လို့ ပြောလိုက်ပါတယ်။အဲ့ဒိနေ့တုန်းက ကျမဖိနပ်ကိုချွတ်ပြီး ကိုင်ပြီးမှ သွားတာပါ။

"မရဘူးဗျာ...။ခင်ဗျားလဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပဲဗျာ..ဒီလောက်နားဝေးမယ် မထင်ပါဘူး" ဟောကွယ်...။
မရင့်ဘူးလား။"အိုကေ အိုကေ ဖြစ်တယ် ဖြစ်တယ်..ဒါမဲ့ မင်းအဲ့ဒိလောက်ထိတော့ စကားလုံးအကြီးကြီးတွေ
သုံးဖို့မလိုဘူးထင်တယ် " လို့ ကျမပြန်ပြောခဲ့ပါတယ်။(ကျမ အဲ့လိုပြောလိုက်တဲ့ အချိန်မှာပဲ သူ့ခပ်လှမ်းလှမ်းက အဖြူဝတ် ဆရာသမားများက လူငယ်မို့လို့ပြောနေတာဟေ့...လို့ မကြားတကြားပြောတယ်)အဲ့ဒိစကားက ပိုရင့်သီးလှတယ်လို့ ကျမထင်တယ်။ကျမကို ပြောတဲ့ သူလဲ လူငယ်ပါပဲ...။ကျမထက် ငယ်လှနဲနဲပေါ့..။ခုခေတ်မှာ အဲ့ဒါမျိုးတွေ သိပ်ပေါလှောနေတာတွေ့ရပါတယ်။

လူငယ်တွေဟာ သူတို့ကောင်းမယ်ထင်တာ၊အသစ်ဖြစ်မယ်ထင်တာတွေကိုတစုးတစိုက်လုပ်ကြပါတယ်။ပြောချင်
တာကိုပြောချင်သလိုပြောရဲတဲ့သတ္တိလဲရှိကြပါတယ်။ဒါမဲ့လူငယ်အချင်းချင်းရိုင်းပင်းကူညီမှု၊နားလည်ပေးမှု၊
လူငယ်အခွင့်အရေးအပေါ် တန်ဖိုးထားမှု၊တောင်းဆိုတတ်မှု၊ကိုယ့်ကိုယ်ကို အထူးသဖြင့် ကိုယ့်အခွင့်အရေးကို
တန်ဖိုးထားမှုအပေါ်မှာတော့ လိုအပ်နေတုန်းပဲလို့ ကျမထင်တယ်။လူအချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်မှ မရှိပဲနဲ့ အင်္ကျီဖြူလေးတကားကားနဲ့လုပ်နေလဲ .............။
ကဲ မပြောတော့ဘူးဗျာ...ပြောနေ ရှည်တယ်။နောက် အဖြစ်အပျက်တစ်ခုလေး ဆက်ချင်သေးတယ်။

ပြီးခဲ့တဲ့ သုံးရက်တုန်းက ကျမမြောက်ဥက္ကလာဘက်ရောက်တယ်။မယ်လမု ဘုရားပွဲကြီးက စည်လိုက်တာ။
၂ ဈေးနားက စလို့ မယ်လမုဘုရားနားထိ ပွဲဈေးတန်းကြီးမှ ဟီးလေးဟိုလေးကိုထလို့ပဲ....။ ပျော်စရာကောင်း မယ့်ပုံပါ။ပွဲဈေးသည်တွေ၊ဆိုင်ခန်းတွေ ချောက်ကပ်နေတာကလွဲရင်ပေါ့။
ဘုရားပွဲလှည့်တာလဲကြည့်ခဲ့ရသေးတယ်။ ထော်လာဂျီကို နောက်ဖက်က ကိုယ်ထည်ဖြုတ်ထားတဲ့
ယာဉ်ရှေ့မှာ မြတ်စွာဘုရားပန်းချီကားနဲ့....။အပေါ်မှာ ဘယ်ညာ Sound Box ဆယ့်နှစ်လုံးစီနဲ့။သားစိုးရဲ့ အရောနဲ့...။မျက်ထောက်နီ၊ရေစိုတဲ့ လူငယ်တွေနဲ့...။အဲ့ဒါ တခြားမဟုတ်။
ဘုရားလှည့်လည် အပူဇော်ခံတာ...........။

နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲတစ်ပွဲ စမ်းချောင်းဗဟိုလမ်းမ နားမှာ လုပ်နေတယ်။ကိုယ့်လမ်းကို ကိုယ်စားပြု စင်မြင့်ဖျော်ဖြေပွဲတွေနဲ့.။နေ့လည်ဘက်တုန်းကတော့ သိပ်ကိုအောင်မြင်နေတဲ့ ကျမဝေဖန်ခဲ့ဖူးတဲ့ ဟစ်ဟော့ပ်ပါရဲ့ သီချင်းသံကို ကြားရတယ်။ညဘက်ကျူရှင်ပြန်တော့ ကားအမိုးဖွင့်ပေါ်မှာ လှုပ်ခတ်နေတဲ့ ကောင်မလေးနှစ်ယောက်။အောက်က ကြည့်ရှုသူက ကြိတ်ကြိတ်တိုးစည်ကားသည်နဲ့.............။

ဆိုတော့ မနေ့ညကပဲ ကျမအရစ်ခံခဲ့ရတာလေးပြေးသတိရမိပြီး ဒီပိုစ့်လေးကို ရေးဖြစ်တယ်.......။
ပြောစရာရှိပြောခဲ့ကြနိုင်ပါသည်။

မြွေအရေခွံတပ် ဦးခေါင်း

လက်ရှိစိတ်ခံစားမှုအခြေအနေနဲ့ အဆင်ပြေဆုံး၊အထိဆုံးကဗျာတစ်ပုဒ်ပါ..။ကဗျာလဲမတင်ဖြစ်၊မမျှဖြစ်တာ
ကြာပြီနဲ့မို့...ဒီလထုတ်ချယ်ရီမှာ ပါတဲ့ကဗျာတစ်ပုဒ်ကို တင်ဖြစ်ပါတယ်။အားလုံးနားလည်လက်ခံပေးကြမယ်လို့ မျှော်လင့်ပါတယ်။


မြွေအရေခွံတပ် ဦးခေါင်း

ဒီနေ့
ပျော်ရွှင်မှုထိပ်ဆုံးစာရင်းမှာ
ကိုယ့်နာမည်ပါသလား။
တစ်ခုပြီးတစ်ခု မပြည့်နိုင်တဲ့ ကမ္ဘကြီးထဲ
ခပ်ထည့်မိတာနည်းနည်း
ခပ်သောက်မိတာများများ
ခပ်မိတာချင်း ခတ်ခဲ့မိတော့
အခက်သား။
အသက်မပါတဲ့ ဖဲအပွင့်ကိုဆက်ဆွဲ
ရွှေကိုရွှေနဲ့
ငွေကိုငွေနဲ့
ငါးစာတပ်ပြီး မျှားနေရတဲ့ မြစ်ပြင်ထဲမှာ
အာဟာရနဲ့ ထောက်ကူပေးထားရတဲ့ အရေပြား
နက်တယ်။
ကျောနံပါတ် ၁၀၉၊၁၁၀
ပြောင်းရွှေ့ကြေးလိုသလောက်ရတဲ့သူပဲ
ကိုယ်တိုင်ခြေထောက်နဲ့ ကစားရတာထက်
အပျော်အခလေးကြေးတင်လိုက်
အဲသလိုကစားနည်းကြိုက်သူဘေးမှာ
အိမ်မက်တွေ တွန့်ကြေနေရတာနဲ့
ဘယ်တော့မှ မမေ့နိုင်တော့ဘူးနဲ့
ဟုတ်လား ဆွီတီ။
ဆိုကတည်းက
ငါဟာ ငတုံးငအတစ်ကောင်ဆိုတာ
ဝန်ခံပါတယ်။
အမေ့အိမ်မှာ
ပြန်မပြောနားမထောင် ခြေလက်သုတ်သင်
ကျောလျားရှည်ကြီးနဲ့
ငါတော့ခက်တယ်တဲ့။
အမေမကြာခဏ
အော်ဟစ်ဆူခဲ့ရတဲ့ငါဟာ
အမေရှိရင် ထမင်းရှိတယ်။
အမေရှိရင် ငွေရှိတယ်။
အဆင်မပြေဘူးလား။
ဆိုမှတော့
ခုလို အဆင်မပြေချင်ရင်
ရေသောက်တာလည်း သွားကြားညှပ်တာပဲ။
မိုးထဲရေထဲ ဖိနပ်ပြတ်တယ်။
အချစ်မကြိုက်တဲ့ဆံပင် ရှည်ရှည်လာတယ်။
မီးစာလည်းကုန်ပြီ
ရေကလည်း ခန်းပြီ။
ငွေသံကြေးသံတစ်ချွင်ချွင်ဂီတနဲ့
မကခုန်နိုင်တဲံ ဒီနေ့
ဘောက်ဆူးမရတော့တဲ့ စားပွဲထိုးလေးကအစ
ရေခဲသေတ္တာထဲက တစ်ရေးနိုးလာတဲ့ အသားတစ်စ
မျက်နှာပေးမျိုး
" ဟေ့လူကြီး ခင်ဗျားဘာသောက်မှာလဲ"
ကျေးဇူးပြုပြီး
လူ့ပေါ်ကြော့တစ်ယောက်မှာလည်း
ပြုပြင်မှုယန္တရား မထားရဘူးလား။
ငါပေးခဲ့တဲ့ အချစ်နာမည်မပြောင်းလိုက်နဲ့ ကေသီ
ငါပေးခဲ့တဲ့ ကျောနံပါတ် ၂၃ အင်္ကျီပြန်မပေးခဲ့ပါနဲ့ ဂျော်နီ
ငါဖြောင့်ပေးခဲ့တဲ့ အချစ်ဆံပင် ပြန်မကောက်လိုက်ပါနဲ့ ဟန်နီ။
ပျံကျ ညနေခင်းလေးမှာ
ဝေ့၀ဲတိမ်းရှောင်သွားကြသော
လူမှုဘာသာဗေဒအခင်းအကျင်းများ
ဝမ်းနည်းလက်စလမ်းပေါ်
ပျော်ရွှင်မှုထမင်းဟင်းလေးများတွေ့ဖို့ရာ
ကျွန်တော် အိမ်ပြန်နောက်ကျပါမယ်
မေမေ။ ။

စောနဒီ(မြစ်ကြီးနား)

Thursday, January 15, 2009

ပျော်ရွှင်စွာ ကြွားခြင်း

ဒီလင့်ခ်ကနေလဲ သွားလို့ရကြောင်းပါ..။
ကြွားတယ်လို့ပဲ သတ်မှတ်ကြပါ။ကျမလတ်တလော ရေးခဲ့တဲ့ပိုစ့်တစ်ခု၊စိတ်နဲ့ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့မော...ဒယ်..
ဆိုတဲ့ပိုစ့်ထဲက တချို့စာသားတွေကို ပြည်တွင်းအယ်ဒီတာတစ်ယောက်က တောင်းယူပြီး သူတို့ဂျာနယ်မှာ
ထည့်သွင်းဖော်ပြခဲ့တာပါ။ဒီနေ့မနက်ထွက်ပါတယ်။၅၀၀ ပေးပြီးဝယ်လိုက်ပါတယ်။အခေါက်ပေါင်းမြောက်မြားစွာ
ကျမပြန်ပြန်ဖတ်နေမိတယ်။ကျမရဲ့ပိုစ့်က စာပိုဒ် 2 ပိုဒ်လောက်ပဲယူသုံးထားတာပါ။မြန်မာမိုန်းကလေးတစ်ဦးရဲ့ အမြင်ဆိုပြီး သူသုံးထားတာတွေ့ရပါတယ်။

ဝမ်းသာလို့မဆုံးပါဘူး။ဒါတောင် ဂျာနယ်မှာပါတာမို့ပါ။တကယ်လို့ မဂ္ဂဇင်းတွေဘာတွေမှာသာပါလာရင် ကျမအငွေ့များပျံသွားမလား....:)

ဝမ်းသာရတဲ့အကြောင်းတွေက တကူးတကန့်ဝယ်နားထောင်တာမဟုတ်ဘဲ ဒီအသံတွေကြားရရုံနဲ့ ဒီလို
စိတ်ခံစားမှုတွေဖြစ်ရတယ်ဆိုတာ ကျမတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့အချက်နဲ့ ဒီလိုမျိုးဝိုင်းဝန်းပြီး
စည်းလုံးကြမယ်ဆိုရင် မကောင်းမှုတွေ ပါးရှားသွားလောက်တယ်လို့တွေးမိလို့ပါ..။

လူငယ်တယောက်က လူငယ်ထုရဲ့ ယဉ်ကျေးမှုကို ပြန်လည်ဝေဖန်ထားတာပါ..။

Monday, January 12, 2009

ကွမ်းနုက ၀ါဝါ

ညတုန်းက ဘောလုံးပွဲတစ်ညလုံးကြည့်မယ်ဆိုပြီး အစ်ကိုလုပ်သူကို ညီမဖို့ကွမ်းယာအဆိမ့် 200ဖိုးဝယ်လာပေး
ခဲ့ဆိုပြီး မှာခဲ့လိုက်တယ်။တကယ်တမ်းတော့ ဘာဘောလုံးပွဲမှလဲ မကြည့်နိုင်တော့ပါဘူး၊မနေ့က တစ်နေ့လုံး မနက် ၇ ကနေတက်ရတဲ့ သင်တန်းဟာ ည ၈ နာရီမှပြီးတယ်။အင်တာနက်လေးခဏလာသုံးပြီးပြန်၊ကွမ်းလေး နှစ်ယာလောက်လဲ ၀ါးပြီးရော၊လူက ကျိုးသွားပြီ။မရတော့၊သွားတိုက်ပြီး အိပ်လိုက်ရတယ်။ကိုယ်လဲ ကွမ်းမစားတာကြာပြီးကာမှ ပြန်စားဖြစ်တော့ အရင်တုန်းက ဆေးလိပ်နဲ့လူများဆိုတဲ့ ပိုစ့်တစ်ပုဒ်ရေးဖူးတုန်းက သူငယ်ချင်းက "လုပ်ပါဦးကွမ်းအကြောင်းလေးလဲ နဲနဲပါးပါး.." လို့ပြောဖူးထားခဲ့တာ သတိရမိတယ်...။နဲနဲပါးပါးပဲ ရေးမယ်နော်..။အများကြီးဖတ်နေရရင် ပျင်းနေမှာ မြင်ယောင်ပြီး အားနာလို့..။


ကွမ်းစားတဲ့ မိသားစုကကြီးလာခဲ့တာ....

အမေက အဖေဆုံးပြီးနောက်ပိုင်း အသက် ၄၀ အရွယ်ထဲက ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်ခဲ့တာ။နင့်အဖေက ပြောဖူးတယ်။ငါ့ကိုသာပြတ်မယ်။ဆေးလိပ်ကိုတော့ မပြတ်နိုင်ဘူးတဲ့။ဒါပေမယ့်လဲ သေမယ့်ရောဂါရလာတော့
ဆေးလိပ်လဲပြတ်ခဲ့ရတာပါပဲ...ခုတော့ သူပြတ်တဲ့ဆေးလိပ်ကို ငါကဖြတ်မရတော့ဘူးလို့ ပြောတတ်တယ်..။
လွမ်းနေလို့များ ပြောတာလားလို့ကျမခုမှစဉ်းစားမိတယ်..။

နောက်တော့ ကျမအသက် 11 နှစ်မှာ ပုသိမ်ဆေးရုံမှာ ၂ လလောက်ဆေးရုံတက်ရတယ်။အဲ့တော့မှ အမေလဲ ဆေးလိပ်ပြတ်သွားတော့တယ်။ဆရာဝန်တွေဆဲမှာကိုသူကြောက်ပုံရတယ်။ဆေးရုံစတက်ခါစရက်တွေတုန်း
ကတော့ သူအပြင်ကိုထွက်ထွက်ပြီးခိုးခိုးသောက်ရှာတယ်။နောက်တော့ ကျမရောဂါကသည်းလာတော့ သူလဲ
ဆေးလိပ်သောက်ဖို့တောင် သတိမရတော့ဘူးထင်ပါ့ရဲ့..။အဲ့ဒိတုန်းကများဘယ်လောက်ထိဝမ်းနည်းဖို့
ကောင်းနေလိုက်မလဲ။အဖေ့တုန်းကလဲ ပုသိမ်ဆေးရုံရဲ့ နား၊နှာခေါင်း၊လည်ချောင်း ၀ါဒ့်မှာပဲတက်ခဲ့ရတာ။
ကျမကျတော့လဲ အဲ့ဒိဝါ့ဒ်မှာပဲ။တစ်ယောက်နဲ့တစ်ယောက်က ၇ နှစ်လောက်ပဲခြားတယ်..။အမေဟာ
ဘယ်လောက်ခြောက်ခြားနေလိုက်မလဲ။ဒီစာရေးနေရင်းက စဉ်းစားမိတယ်။

အဲ့ဒိသောကတွေကြောင့်ပဲထင်ရဲ့၊အမေလဲဆေးလိပ်လုံးလုံးပြတ်သွားတော့တာပဲ။ဒါပေမယ့်ကျမလဲဆေးရုံဆင်း
ပြီးရောဆေးလိပ်အစားထိုးပစ္စည်းကရောက်လာတော့တာပါပဲ..။.........ကွမ်း............။

ပုသိမ်ကအပြန်၊လွန်ခဲ့တဲ့ 13 နှစ်လောက်ထဲက ပုသိမ်ရွှေမုဠောဘုရားမှာဝယ်ခဲ့တဲ့ ကွမ်းအစ်ကြီးကခုချိန်ထိ
အိမ်မှာခန့်လို့၊ထည်လို့...။ထုံးတွေကလဲ အထစ်လိုက်၊အရစ်လိုက်နဲ့....။အမေ့သား၊ကျမအစ်ကိုလတ်ကလဲ
အင်မတန်ကွမ်းစားပါတယ်။သားအမိနှစ်ယောက် သိပ်လဲလိုက်ဖက်ညီတယ်။အမေလုပ်ပါဦး..တစ်ယာလောက်ဆို
လက်ထဲရောက်ပြီးသား။နောက်တော့ သူ့သားကမိန်းမလဲပိုးရော(လွန်ခဲ့တဲ့ ၃နှစ်လောက်က)သူပိုးတဲ့မိန်းကလေး
(ခုသူ့မိန်းမဖြစ်နေပါပြီ)ကကွမ်းမစားရဘူး၊ဘာဘူး၊ညာဘူးတွေလုပ်တယ်ထင်ပါ့။သူ့သားက ကွမ်းအစ်ကို
လှည့်မကြည့်တော့လို့ဆိုပြီး ကျမအမေမှာ ၀မ်းနည်းလိုက်ရတာ။
ကျမက အမေရယ်အမေ့သားအဲ့ကောင်မလေးကိုရကြည့်..ပြန်စားမှာ စိတ်မပူနဲ့လို့ကို ဖျောင်းဖျရတယ်။သူ့သားက မိန်းမစကားနားထောင်တာနဲ့ တစ်သက်လုံးစားလာတဲ့ကွမ်းကိုတောင်ဖြတ်ပြီလို့ ထင်ပြီးအမေက၀မ်းနည်းတာ။
ခုတော့လဲဒုံရင်းကဒုံရင်းပါပဲ..။ကလေးတစ်ယောက်လဲရပြီ။သူ့သားလေးကိုကွမ်းရွှက်ယူခိုင်း၊ကွမ်းသီးယူခိုင်းတဲ့
ဲ့အထိက ပြန်စားနေပီ။ခုတော့လဲ သားအမိနှစ်ယောက်ပြန်အဆင်ပြေနေကြပုံပဲ..။
ကျမက အမေရယ်..အသက်လဲကြီးပြီ..ကွမ်းစားတာလေးလျှော့ပါဦးဆို..အိုညည်းအေ..ကွမ်းစာတာက ဘာဥပါဒ်မှ
မဖြစ်ပါဘူး။အလွန်အကျွံမှမဟုတ်တာ..။ရုပ်လဲမဆိုးဘူး၊ဆေးလိပ်လို အနံ့လဲမထွက်ဘူး။ကြိုက်တတ်ရင် ကွမ်းနံ့က
မွှေးတောင်မွှေးသေးတယ်..ဆိုပဲ။တကယ်လဲ အမေကကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတာပါ..။
ကျမတစ်ခေါက်တစ်ကျင်းပြန်လို့ စားချင်တယ်ဆိုလဲ ဈေးသွားတာနဲ့ စမုံစပါးတွေ၊ဖာလာတွေ၊လေးညှင်းတွေ ၀ယ်ချလာပြီး ကျွေးတော့တာ...။ကျမစိတ်ထင် အမေယာကျွေးတဲ့ကွမ်းက တခြားကွမ်းတွေထက် ပိုဆိမ့်တယ်
လို့ထင်တယ်..။

ဧရာဝတီသူနဲ့ ကွမ်းယာဆိုတာခွဲမရတတ်ပါဘူးနော်....။

ကွမ်းစားတဲ့သူငယ်ချင်းတွေ....

ကျမသူငယ်ချင်းတွေထဲမှာ ကွမ်းစားတတ်တဲ့သူ မရှိသလောက်ပါပဲ။ဟိုတစ်လောက စင်ကာပူကပြန်လာတဲ့
ကောင်ကဟာဖိုးဒီနင်ဟာလေ..မရှက်ဘူးလား..ပါးစပ်ကလဲ အရဲလိုက်နဲ့တဲ့ ဆိုပြီးကဲ့ရဲ့တာတောင်ခံရသေးတယ်။သူကတော့ ဘုရားစူးယောက်ျားလေးပါ..။နောက်ထပ်ကွမ်းစားတဲ့သူ ဘယ်သူတွေရှိမလဲ။
နယ်က ဘော်ဒါတွေအကုန်လုံးကတော့ စားကြတယ်။ဘလောဂ့်ဂါတွေထဲမှာဆို တောကျောင်းဆရာလဲစားတယ်၊
မောင်မျိုးလဲ စားတယ်(ထင်တယ်)ကိုငြိမ်းစုကြီးလဲ စားတယ်..။ကွမ်းလေးမြုံ့ရင်းမှ စာရေးရတာ ပိုအဆင်ပြေတယ်
ထင်ပါ့...။အိုင်ဒီယာကောင်းတွေထွက်တယ်ထင်ပါ့။

ကားဆရာတွေအတွက်တော့ ကွမ်းဝါးတာက အသက်စောင့်ဆေးတစ်ခုပဲ၊သူတို့က ကွမ်းလေးဝါးနေမှမငိုက်တာဆိုပဲ..။ကွမ်းလေးကြိတ်ကြိတ်ဝါးရင်းကပဲ မိုင်ပေါင်းသောင်းခြောက်ထောင်ခရီးဆန့်ကြတာ...။
သားရေးသမီးရေးရှာရ၊ဖွေရတာ။....။

ကျမအစ်ကို ၀မ်းကွဲတစ်ယောက်က ကျမတို့မြို့မှာ ကွမ်း၊ကွမ်းသီး၊ဆေး၊၄င်းနှင့်အထွေထွေဆိုပြီး ဆိုင်တစ်ဆိုင်
ဖွင့်ထားတယ်..။သူဆီရောက်လဲ ကျမက ကောက်ဝါးလိုက်တာပဲ။သူတော်တော်ပြေလည်နေတာတွေ့တော့
ဟာငါ့အစ်ကိုဘာတွေများဒီလောက်အဆင်ပြေနေလဲဗျ"ဆိုတော့"အင်..နင်ကလဲ..ခုခေတ်မှာကွမ်းမစားရင်
ခေတ်မမှီတော့ဘူးလေ."တဲ့..အင်းဒါလဲဟုတ်တာပဲ..။ကျမတစ်ခါတစ်လေစားလို့ပြောတာမဟုတ်ပါဘူး...ကဲ ခေတ်မှီရအောင် ခုပဲ ကောက်ဝါးလိုက်ကြပါစို့လား..........:)

Sunday, January 11, 2009

ခြံသုံးခြံကို လွမ်းမိတယ်

ဒီနေ့ညနေ၊(အမှန်တော့ညနေမဟုတ်တော့ပါ..ညဖြစ်နေပါပြီ)ကျူရှင်ကပြန်လာတော့ လပြည့်ကျော်တစ်ရက်ည
ရဲ့လကို ကျမတစ်ဝကြီးခံစားလိုက်ရတယ်...။ဒီအတွက် ကျေးဇူးတင်ရမှာက ကျမငှားလာတဲ့ကားဆရာပါ။
ွကျွန်းတောလမ်းတစ်လျောက်မောင်းလာပြီး ကားပွဲစားတန်းကိုဖြတ်လဲ ကျမနေရာရောက်တာကို ဆရာသမားက ဟံသာဝတီအ၀ိုင်းထိပတ်တော့ ကျမစိတ်ထဲ"အော်..ကြာလိုက်တာ.ဒီလူ့နှယ်." ပေါ့..။နောက်တော့မှ ကျေးဇူးပါ..ဦးလေးကြီးရယ်..ပေါ့။သူအဲ့လိုမောင်းခဲ့လို့ကျမအတွက်တွေးစရာနဲ့လွမ်းစရာအကြောင်းလေးတွေ
ဖြစ်ခဲ့ရတယ်...။


လရောင်ကို ပုန်းလျှိုးကွယ်လျှိုးဖြစ်စေတဲ့ မြို့ပြညတွေထဲကျမဖြတ်သန်းခဲ့ရတာ ကြာလှပြီ...။လရောင်ဆိုတာ ဘာလဲမသိတော့တာ အတော်ကြာခဲ့ပြီ၊တောင်ကြီးသွားတုန်းက တောင်ကြို၊တောင်ကြားက ထွက်ထွက်ချလာတဲ့
လကိုကြည့်ခဲ့ရတာ နောက်ဆုံးပဲ။ဒီနောက်တော့ ကိုယ်လဲသူ့ မေ့နေခဲ့။သူလဲ ကိုယ့်ကိုမျက်နှာမပြနိုင်ခဲ့ပါ...။

ခုတော့....လရောင်က ....လိပ်ခုံး၊ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်(၁)ဟောင်းတို့အနီးတစ်ဝိုက်မှာ ထိကပါး၊ရိကပါးနဲ့..။ပညာရေးတက္ကသိုလ်ကြီးကလဲ ထီးထီးမားမား၊ရေတမာတွေဝန်းလို့၊ရံလို့....။

ပြည်၊ပုဂံ၊တကောင်းဆောင်တွေရယ်...။လွမ်းမိတယ်..အဆောင်သူလေးရယ်..။
သူ့နောက်ဘက်မှာ ဘာတွေရှိနေမလဲ...။ပညာရေးတက္ကသိုလ်ကျောင်းသူတွေရဲ့ တခြားကျန်နေသေးတဲ့ အဆောင်တွေ..။ပြောရရင် ပညာရေးတက္ကသိုလ်တစ်ခုပဲ ကျောင်းသူ၊ကျောင်းသားဘ၀အရသာ အပြည့်အ၀ပေးနိုင်သေးတဲ့ကျောင်းပဲ။(မြို့ထဲမှာလဲရှိနေတဲ့ကျောင်း)စိတ်ထဲမှာတေးမှတ်ထားလိုက်တယ်..။
ဒီနှစ် ဆယ်တန်းဖြေမယ့်တူမလေးကို ဒီကျောင်းတက်ခိုင်းမယ်လို့...။

ခုချိန်ဆို အဆောင်ပေါ်ကကျောင်းသူတွေ စုဖွဲ့ပြီး နေကြာစေ့ တစ်ဖောက်ဖောက်နဲ့ လရောင်ကို အပူအပင်မဲ့..........။

လှလိုက်တာ...လိုက်လိုက်တာ..ရေတမာရယ်..၊လိုက်လိုက်တာ သထုံလမ်းရယ်...။

သူတို့ကြားထဲမှာ လနဲ့ညရဲ့ အလှကို ပျက်လောက်တဲ့စေတဲ့ ပုံဆိုးဆိုးနဲ့ ကျောင်းတစ်ကျောင်းလဲရှိနေဦးမယ်..
သူလဲလရောင်အောက်မှ စိုးထိတ်ကြောက်ရွံ့စွာ ရှိနေမလား။အဲ့ဒိကျောင်းလေးကိုလဲ ကျမလွမ်းမိပါတယ်..။
ကျမတက်ခဲ့ရတဲ့ကျောင်းပေါ့..။
ကျမရဲ့တက္ကသိုလ်ကျောင်းသူဘ၀ တစ်ဝက်လုံးကို အဲ့ဒိကျောင်းဆောင်ခပ်စုတ်စုတ်လေးထဲမှာ ကုန်ဆုံးခဲ့ရတာ...။
ကြက်ခြံ၊ဘဲခြံ၊၀က်ခြံတဲ့....။ဘယ်သူပေးသွားခဲ့တဲ့နာမည်တွေလဲ။အမှန်ဆို စပယ်၊ခရေ နဲ့စန္ဒကူး..
အဲ့လိုမျိုးလေးတွေမဖြစ်သင့်ဘူးလား...။ဒါပေမယ့်ကျမစိတ်ကူးထဲက နာမည်တွေနဲ့ မအပ်စပ်တဲ့အင်္ဂါရပ်တွေနဲ့
ဆိုတော့လဲသူတို့ပေးတဲ့ ကြက်ခြံ၊ဘဲခြံ၊၀က်ခြံပဲ..ပြည့်စုံလုံလောက်ပါပြီ..။

မေဂျာသုံးခု၊ခြံသုံးခြံ နဲ့ ခပ်စုတ်စုတ်ခုံလေးတွေနဲ့ တက်ခဲ့ရတဲ့ကျောင်း...၊ကျောင်းလို့ခေါ်သော်ရ၏ ဆိုတဲ့ကျောင်းမှာ ၄ နှစ်လောက်အချိန်ဖြုန်းခဲ့ရတဲ့ ၊အဲ့ဒိအချိန်တွေကို သိပ်နာကျင်ခဲ့ဖူးတဲ့ ကျောင်းသူလေး
တစ်ယောက်ကတော့ အဲ့ခြံလေးတွေနားကို တစ်ခေါက်လောက်တော့ ရောက်ချင်သေးတယ်..။
တစ်နေ့တော့ ရောက်မှာပေါ့လို့လဲ အားတင်းမိတယ်..။