မနက်ဝေလီဝေလင်းမှာပဲ မော်လမြိုင်ကားကြီးဝင်းထဲကို ရောက်တယ်။ အရင်တုန်းကတော့ ဈေးချိုအရပ်မှာ ကားတွေအားလုံးရပ်နားကြတယ်လို့ မုဒုံသူ-သူငယ်ချင်းကပြောတယ်။ ခုတော့ အပြောင်းအလဲတွေ သိပ်လုပ်တတ်တဲ့ လူကြီးမင်းများရဲ့စေတနာကြောင့် မွန်ပြည်နယ်တွင်း သွားလာတဲ့ ကားတွေပဲ ဈေးချိုမှာ ကျန်ခဲ့ပြီး ရန်ကုန်နဲ့ဆက်သွယ်တဲ့ကားမှန်သမျှ အသစ်တည်ဆောက်ထားတဲ့ အဝေးပြေးကားဝင်းအသစ်မှာ ရပ်နားကြရတယ်။ အဲဒီအတွက် အခွန်အခတွေ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားတာတွေလည်း ရှိကောင်း ရှိမယ်ပေါ့။
လူလုံးမကွဲခင်အချိန်မှာ လေးဘီးကားစုတ်စုတ်လေးနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့မြို့ကလေးထဲ ကိုယ်တို့ သူငယ်ချင်း ၅ ယောက်ခြေဆန့်လို့နေမိခဲ့ပြီ။
၂ ညတာတည်းခိုရမယ့် ငွေမိုးဟိုတယ်ကိုရောက်တော့ ကိုယ်တွေ ကြိုတင်မှာထားတဲ့အခန်းထဲကလူတွေ check out မလုပ်သေးတဲ့အတွက် ၅ ယောက်သား ငူငူငေါင်ငေါင်နဲ့ ထိုင်နေကြရတယ်။ ကိုယ်ကတော့ အငြိမ်မနေနိုင်ဘူး။ မျက်နှာချင်းဆိုင်မှာ သံလွင်မြစ်ကြီး ရှိတယ်လေ။သံလွင်ဆီ သွားငေးနေလိုက်တယ်။
နောက်ပြီး သံလွင်နဲ့အပြိုင်လမ်းလျှောက်ပစ်လိုက်တာ လေးငါးမီတာလောက် ရောက်သွားခဲ့တယ်။
သံလွင်မြစ်နဲ့ မနက် ၆ နာရီ
မော်လမြိုင်ကမ်းနားလမ်းမကြီးအတိုင်း ကိုယ့်ခြေလှမ်းတွေက မရပ်မနား လျှောက်နေမိတယ်..။ ကိုယ့်ဘေးကပ်ရပ်မှာက တသွင်သွင်စီးနေတဲ့သံလွင်မြစ်ရယ်၊ တသုန်သုန်နွဲ့နေတဲ့ လေနုနုရယ်နဲ့အတူ ဘယ်ကို ဦးတည်မှန်းမသိဘဲ တစ်ယောက်တည်း လမ်းလျှောက်လို့။
*******************************
မော်လမြိုင်မြို့ရဲ့ နွေနေ့လည်ဟာ ရန်ကုန်နွေလိုကျွပ်ကျွပ်ပူလို့ မနေပါဘူး။ နေက ပူပြင်းတယ်။ ဒါပေမယ့် သစ်ပင်တွေရှိတယ်။ ခပ်လှမ်းလှမ်းမှာ တောင်တန်းတွေရှိတယ်။ ဒါကြောင့် တိုက်ခတ်လာတဲ့ လေကအေးမြမြနဲ့။ ဟိုတယ်မှာ ခဏတဖြုတ်နားကြပြီးတော့
မော်လမြိုင်ဈေးကြီးထဲလျှောက်လည်ဖြစ်ကြတယ်..။
ဈေးထဲက ကလေးတွေ ရေပက်ကြတယ်။ အိန္ဒိယလူမျိုး၊ ဗမာလူမျိုး၊ မွန်လူမျိုး၊ ကရင်လူမျိုး ကလေးအမျိုးစုံပဲ အကြိုနေ့မှာကတည်းက ရေပက်ကြတယ်။ ကိုယ်တို့အဖွဲ့က မျက်နှာစိမ်းတွေဆိုတော့ သူတို့က အားနဲ့ကို ဗွမ်းဗွမ်းနဲ့ပက်ကြတာ။ သူတို့အချင်းချင်း ပျော်ရွှင်အော်ဟစ်ပြီးပြောဆိုနေကြတဲ့ မွန်သံဝဲ၀ဲစကားသံတွေကို ကိုယ်တို့နားမလည်ကြဘူး။ ရယ်ရတာ တစ်ခု
ကြုံရသေးတယ်။ လက်သည်းဆိုးဆေးဖျက်ဖို့ ဂွမ်းတစ်ထုပ်ဝယ်ကြတော့ ဈေးရောင်းတဲ့မွန်မလေးက " ဂွမ်းတစ်ထုပ် တစ်ရာ " လို့ပြောတယ်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနဲ့က " ဂွမ်းတစ်ထောင့်တစ်ရာ " လို့ ကြားတယ်။ လက်သည်းဖျက်တဲ့ ဂွမ်းကိုပြောတာနော၊ ဟုတ်တယ်လေ တစ်ထောင့်တစ်ရာနဲ့။ တစ်ခုခုလွဲနေမှန်းတော့သိတယ်။။ သူကလည်း ရယ်၊ ကိုယ်တွေကလဲရယ်နဲ့ လိုရင်းကို မရောက်ဘူးဖြစ်နေတာအတော်ကြာ။ နောက်ဆုံး ကိုယ့်သူငယ်ချင်း မွန်မလေးရောက်လာပြီး ရှင်းပြမှပဲ ဇာတ်လမ်းက ပြီးလို့ရတယ်..။
**********************************
ဟိုးဘက်ခပ်လှမ်းလှမ်းမှာ မြင်နေရတာသံလွင်၊ ကျမဓာတ်ပုံရိုက်ဖို့နေရာယူထားတာက ကျိုက်သံလံဘုရားကုန်းတော်ပေါ့။ သံလွင်နဲ့ ဓာတ်ပုံရိုက်သူကြားက အနီရောင်အဆောက်အဦတွေက မော်လမြိုင်ထောင်ပါ။
မော်လမြိုင်မှာရှိတဲ့ဘုရားတွေကို သူငယ်ချင်းရဲ့မောင်လေးတွေရဲ့ ကုသိုလ်ယူပို့ဆောင်မှုနဲ့ ရောက်ခဲ့တယ်။
သိပ်စပ်စုချင်တဲ့ ကိုယ့်အဖို့တော့ အကြောင်းအရာတခုခုသိချင်လို့ မေးလိုက်လေတိုင်း ကျနော် မသိဘူးဗျ၊၊ ကျနော်မသိဘူးဗျနဲ့ပဲ အဖြေပြန်ရတာကိုတော့ မကျေနပ်ချင်ဘူး။ ဒါပေသည့် ဆိုင်ကယ်နဲ့ တနေကုန် လိုက်ပို့တာကိုပဲ ကျေးဇူးတင်ရဦးမှာ မဟုတ်လား။
သူတို့အခေါ် "တောင်ပေါ်တန်း" ဆိုတဲ့ မော်လမြိုင်တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ ဘုရားတွေအဆူဆူရှိတဲ့ တောင်ပေါ်ဆီလည်း ရောက်ဖြစ်ကြတယ်။ မော်လမြိုင်တက္ကသိုလ်နားက ပုဂ္ဂလိက ပျဉ်ထောင်အိမ် အဆောင်လေးတွေ နားရောက်တော့ သြော်... ဒီလိုမျိုးအိမ်လေးတွေမှာ လာနေပြီး စာရေးရရင် ဘယ်လောက်ကောင်းမလဲလို့ မမေ့မလျော့ တွေးမိသေးရဲ့။

ကျိုက်သံလံ ဘုရားပုံတော်ပါ။ မော်လမြိုင်မှာလည်တဲ့ ၂ ရက်လုံးမိုးအုံ့နေလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေပါဘူး။ စိတ်တိုင်းလည်းမကျဘူး။
တောင်ပေါ်တန်းက ဘုရားတန်ဆောင်းတစ်ခုမှာ ဘုရားဝတ်ပြုပြီး အလှူငွေထည့်တယ်။ အလှူခံတဲ့ ဂေါပက အဘ နဲ့ စကားတွေဖေါင်ဖွဲ့မိတဲ့ ကိုယ့်ကို သူငယ်ချင်းတွေက စိတ်မရှည်ကြဘူး။ ကိုယ်မြင်နိုင်တဲ့ နေရာတွေကနေ မျက်ရိပ်မျက်ကဲတွေပြပြီး လှမ်းခေါ်ကြတယ်။ အဘရဲ့ စကားပွဲပေါ်မှာ ဖိပြီးတင်ထားတဲ့ မှန်အကြည်အောက်မှာ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေအစုံရှိတယ်။ တပုံချင်းကို ဒီပုံက ဘယ်တုန်းက ဘယ်အခမ်းအနားမှာ ရိုက်ထားတာ၊ ဒီပုံက ဘယ်နိုင်ငံမှာ ရိုက်ထားတာစသဖြင့် ဂေါပက အဘက ရှင်းပြနေတာကြောင့် အချိန်ယူစကားပြောဖြစ်တာပါ။
စကားလက်စသပ်ခါနီးမှာ ပြောသွားတဲ့ စကားတစ်ခွန်းက " သမီးလေးရေ အဘတို့လည်း လွတ်လပ်ရေး တိုက်ပွဲတုန်းက တတ်အားသရွေ့တော့ ပါဝင်ခဲ့တာပဲ။ မပါဝင်လို့လဲမရဘူးလေ။ ဘာလို့ မပါဝင်လို့မရသလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကပြောတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ပြည့်တန်ဆာဆိုရင်တောင် ပြည့်တန်ဆာလည်း ကိုယ့်နိုင်ငံအတွက် ကျရာနေရာကနေ တော်လှန်တိုက်ခိုက်ရမှာပဲလို့ ဆိုထားတာကိုး။ ဒီတော့ ဒီလိုပဲ အဘတို့တွေလုပ်ခဲ့ရတာပါပဲ " ဆိုပြီး ဆို့နင့်နေတယ်။ သူ့စကားဆုံးတော့ လေးလံလွန်းလှတဲ့ ခြေလှမ်းတွေနဲ့ သူ့အနားက ထွက်လာခဲ့ရတယ်။
*****************************************
ဆက်ပါဦးမယ်.. :)
5 Responses to “ေမာ္လျမိဳင္ရက္စြဲမ်ား”
ဂေါပက ဦးလေးကြီး ရဲ့ ပုံကိုရော မှတ်တမ်း မတင်ခဲ့ဘူးလားဗျ ။
နောက်ဆက်တွဲ မော်လမြိုင်ခရီးစဉ်ကို လည်း မျှော်ပါအုံးမည်..... ။
မော်လမြိုင်ဈေးမှာ ၀ယ်ခဲ့တာကော ထည့်မရေးဘူးလား.. ဘာတွေများဝယ်ခဲ့ပါလိမ့်း)
မျှော်လင့်မထားဘဲ မြစ်သံလွင် ကိုတွေ့လိုက်ရတော့
ဟိုးးးးးးးးးးးးးး တချိန်က
သံလွင်ရေ တိုးတိုက်
ကမ်းပါး လှိုက်စား
ငှက်ဖျား ဖြစ်ခဲ့တာတွေ
ပြန်သတိတရ ရှိနေမိပါတယ်...။
ဆက်ရန်ကို မျှော်နေလျှက်
နော်မန် (88)
အစ်မအမျိုးသား ငယ်ငယ်တုန်းက နေခဲ့တာ တောင်ပေါ်တန်းမှာလေ။
များများရေးပါညီမ။ ဓါတ်ပုံတွေ မပါဘူးလား။
အလွမ်းပြေအောင် ပြချင်လို့။
း)
လွတ်လပ်ရေးတိုက်ပွဲက မပြီးသေးပါဘူး။
Post a Comment