Thursday, September 23, 2010

အပြောင်းအလဲ နာရီများ

အခန်းအပြင်က မိုးရေစက်တွေကိုကြည့်ပြီး ဒီတနေ့စာကုန်လွန်ခဲ့ပြီးတဲ့နာရီတွေထဲကနေ အချို့နာရီတွေကို ကျနော် ပြန်နှုတ်ထားချင်မိသလိုဖြစ်လာသည်။ မိုးရေတွေထဲမှာ ကျနော်စိတ်တွေ စိုစွတ်ကုန်တော့သည်။

စိတ်ရောလူပါ အထိုင်ကျစေဖို့ဆို ကဗျာတပုဒ်ကို ဖတ်လိုက်ရင် နေသာသွားမလား။ ဒါမှမဟုတ်လဲ အက်ဆေး တပုဒ်ပေါ့။ သီချင်းတပုဒ်ဆိုလဲ နေသာထိုင်သာရှိ သွားမလား။ဒါနဲ့ ခင်မောင်တိုးတွေချည်းပဲ နားထောင်နေမိ သည်။
"ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ.... .. ဝေးခဲ့ပြီ... ပန်းခရမ်းပြာရေ......"
ဟူးး.... ထွက်လာသမျှ ဘာလို့များ ဝေးကွာခြင်းသီအိုရီတွေထဲက ရုန်းမထွက်နိုင်တဲ့သီချင်း တွေဖြစ်နေရသလဲ...။ ထို့ထက်ပိုတာကတော့ ဘာကြောင့် ပန်းခရမ်းပြာဖြစ်နေရသလဲ...။
ကျနော့်မှာလဲ ဒီနေ့နေ့လည်တုန်းက ခြေဆောင့် စိတ်ကောက်ပြီး ထွက်သွားတဲ့ ခရမ်းရောင်ပန်းကလေး တစ်ပွင့်ရှိသည်..။

+++++

"ကျမ မျက်စိရှေ့က ရှင်ထွက်သွားစမ်းပါ... " ပြောပြောဆိုဆို ကျနော့်ရှပ်အင်္ကျီစကိုဆွဲပြီး
"လာ ကျမ တံခါးလိုက်ဖွင့်ပေးမယ် " အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျနော့်ခန္ဒာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လို့နေသည်။ကျနော့်လက်တွေကို လက်ပိုက်ထားသလိုမျိုး ချုပ်ထားရသည်။ လက်တွေကို အဲ့လို ချုပ်ထိန်းမထားပါက ကျနော့်ရှေ့က အဲ့ဒီမိန်းမကို တခုခု နာကျင်သွားအောင် လုပ်မိလိမ့်မည်ထင်ပါသည်။

"မင်းက နှင်နေမှတော့ ငါကဘာအကြောင်းကြောင့်မှ ထွက်မသွားစရာ မရှိဘူးဘူးကွ" လို့ပြောပြီး ကျနော်ချာခနဲ လှည့်ထွက်ခဲ့ဖို့ ကောင်းသည်။ဘာလို့ဆို ဒါက သူ့အခန်းဖြစ်နေသည်လေ။ဧည့်သည်ကိုအိမ်ရှင်ကမှ နှင်နေပြီပဲ။ ကျနော်ဘာကြောင့် ထပ်ရှိနေဦးမလဲ...။

သူ့ပုံစံကြည့်ရတာ ကျနော့်ကို သူ့ဘ၀၊သူ့စိတ်၊သူ့နှလုံးသားထဲကနေ ထွက်သွားအောင် မောင်းနှင်ထုတ်နေပုံရပါ သည်။ သူမမျက်လုံးများက ထိုစကားများကိုပြောနေချိန်မှာ နှစ်နှစ်ကာကာ စိတ်ပါလက်ပါ ရှိလှသည်။

++++++

အဖြစ်အပျက်များက လွန်စွာမြန်ဆန်လှသည်မို့ ဘယ်အခိုက်အတန့်မှာ ခုလိုစိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို ရောက်သွားခဲ့လဲ ကျနော် စဉ်းစားလို့မရပါ။
ကျနော်ခန့်မှန်းရသလောက်တော့ ကျနော့်ဆီကို ၀င်လာတဲ့တယ်လီဖုန်းတခုကြောင့် ဖြစ်သည်။ တယ်လီဖုန်း ဆက်တဲ့ကိစ္စရော၊ဆက်တဲ့သူပါ ကျနော့်အတွက် အရေးမကြီးလှသည်မို့ ပေါ့ပေါ့တန်တန်သာ သဘောထား လိုက်ပါသည်။ သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။

အမှန်အတိုင်းပြောပြလိုက်တော့ သူဒေါသူပုန်ထပါသည်။ သူဒေါသက ချက်ချင်းအမြင့်ဆုံးအခြေအနေကို ရောက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဒေါသဒီဂရီက မြင့်တက်လာတာ ဖြစ်သည်။သူ ဒေါသ စထွက်ချိန်မှာ စကားတခွန်းပြောမည်။ကျနော်က ဖြေရှင်းမည်။ ပြောရင်း... သူ့အပြစ်တင်မှုတွေကို ဖြေရှင်းရင်း ဖြေရှင်းရင်းကနေ... ကျနော့်စကားတွေကြားကျနော့်ဘာသာ လှောင်ပိတ်မိ ပြီးထွက်မရတော့...။ အဲ့ဒီအခါမှ သူ့ဒေါသမီးလျှံများက အထွဋ်အထိပ်သို့ရောက်ကာ ဘယ်လိုမှ ငြှိမရ၊နှိုင်းမရတွေ ဖြစ်ကုန်တော့သည်။

++++++

မျက်လုံးကို အစွမ်းကုန်ပြူးထုတ်ထားပြီး အသံကိုအကျယ်ဆုံးထိ မြှင့်တင်ထားသော ထိုမိန်းမကို စိတ်ပျက်လက်ပျက် ကြည့်နေရင်းကပင် သူမရဲ့ အလှကိုကျနော်သတိပြုနေမိသောကြောင့် ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်မိသည်။
ပါးလျလျနှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်လို့ အဖြူဖတ်လေးတွေလန်နေသေးသည်။ ကျနော့်ဆီ ဖုန်းတခုဝင်လာပြီးနောက် သူနဲ့ကျနော်ကတောက်ကဆတ်ဖြစ်ကြတဲ့အချိန်က သူမအပြင်သွားဖို့ အလှပြင် နေချိန်မို့ မိတ်ကပ်လူးလက်စ သူမမျက်နှာက ကြည်လင်လို့နေသည်။ ခေါင်းလျှော်ထားတဲ့ဆံပင်တွေက စိုနေတုန်းပေမယ့် ငယ်ထိပ်နားတ၀ိုက်က ဆံပင်တွေတော့ ခြောက်နေပြီ။

လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်လောက်တုန်းက "မောင်..ကျမဆံပင်တွေကို စက်ဆွဲပေးဦးနော်" လို့ ကျနော့်ကို ပြောခဲ့တာ သူမမှ ဟုတ်ပါလေစ လို့ ကျနော် ကပျာကယာတွေးမိသည်။ သေးသေးလေးပေမယ့် ထိပ်ကလေးမှာ လုံးနေတဲ့ သူမနှာခေါင်းကို ဖြတ်ကနဲ လိမ်ဆွဲပြီး ကျနော့်ရင်ခွင်ထဲဆွဲထည့်ထားဖို့ စိတ်ကူးမိသည်။မဖြစ်နိုင်ပါ။ ကျနော်သူ့ကို ဆွဲဖက်လိုက်ရင် သူမက ကျနော့်ကို ကုတ်ဖဲ့ရိုက်ပုတ် မလုပ်ဘူးလို့ ပြောနိုင်ပါ့မလား...။ သူမအဲ့လိုလုပ်လာရင် ကျနော်ကရော စိတ်ကို ထိန်းထားနိုင်ပါ့မလား။

++++++

သို့နှင့်ပင် ကျနော်ထွက်လာခဲ့သည်။ဘယ်လောက်အတိုင်းတာထိ ထွက်သွားခိုင်းမှန်း ကျနော်မသိသော်ငြား ကျနော်ခြေလှမ်းများက သူ့ဘ၀ထဲကနေ ထွက်သွားနေတာဖြစ်သည်။ကျနော် အဲ့ဒီမိန်းမကို လည်ပြန်တောင် ငဲ့မကြည့်ချင်တော့ပါ...။

စိတ်သည် ထူးဆန်းပေစွ...။

+++++

ဆေးလိပ်မီးကို ရဲကနဲ ရဲကနဲ နေအောင် ကျနော်ဖွာလိုက်သည်။ မိုးတွေက အပြင်မှာ သည်းသည်းထန်ထန်...။ ကျနော်တို့ ရန်ဖြစ်ကြတုန်းက သူမက အပြင်သွားမို့လုပ်နေတာ။ထီးမှ ပါသွားရဲ့လား။ သူမ သွားရမယ့် နေရာကိုရော ချောချောမွေ့မွေ့မှ ရောက်ရဲ့လား...။သွားတဲ့ကိစ္စရော အဆင်မှပြေရဲ့လား...။
ကျနော် မိန်းမကြီးတယောက်လို ပူပင်နေမိသည်။

သူ့ဆံပင်စိုစိုတွေကို ရေခြောက်အောင် မသုတ်ပဲ အိပ်ယာထဲဝင်အိပ်နေမလား...။စိတ်ဖိစီးမှုတွေများပြီး ဖြစ်နေတဲ့ ပါးစပ်ထဲက အနာတွေကများ အရမ်းနာနေမလား...။ ဆေးခန်းသွားဖို့ အင်မတန်ပျင်းတဲ့ သူမကို ကျနော်ပဲ ဆေးတွေကို အဆင်ပြေသလို တိုက်နေတာမို့ ခု ဘယ်ဆေးကို သူသောက်မလဲ... ကျနော့်ကိုရွဲ့ပြီး သောက်ရောသောက်ပါ့မလား....။ .....။

++++

လက်ထဲက ဆေးလိပ်ကိုကြည့်လိုက်တော့ အစီခံနားထိ တိုဝင်နေပြီ..။အပြင်ကိုငေးနေမိတဲ့ စိတ်တွေကို အခန်းထဲပြန်ခေါ်ထည့်....နောက်ပြီးတော့ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးခြေပြီး မာန်ဖီနေတဲ့ ခရမ်းရောင်ပန်းပွင့်လေးဆီ ကျနော့်ခြေလှမ်းတွေကို သယ်ဆောင်ခဲ့မိတော့သည်...။

စိတ်သည်ထူးဆန်းပေစွ..။


(မှတ်ချက်...။ နာရီတွေတင် ပြောင်းလဲတာမဟုတ်. ..စာရေးတဲ့သူလဲ ပြောင်းလဲနေတယ်။စက္ကန့်နဲ့အမျှပါပဲ..။
ဇေယျာလင်းစကားနဲ့ပြောရရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့တောင် ကိုယ့်ကိုယ်ကိုပြန်ရှာနေရတယ် ဆိုသလို အခိုက်အတန့်ခဏဆိုတော့... စာတွေလဲ မရေးဖြစ်၊ရေးဖြစ်လဲ အရာမထင်။ ဆိုတော့... သည်းခံပြီးဖတ်ကြဗျာ.)



Sunday, September 12, 2010

အလွမ်းသင့် နေ့လည်ခင်း

နေ့လည်နေ့ခင်းမှာ အလွမ်းတွေကို စိတ်ရှည်ရှည်နဲ့ ချည်နှောင်နေခဲ့မိ...။

ရပ်နေရာကနေ ကိုယ့်ခေါင်းပေါ်ကို မော့ကြည့်မိသည်။ဖြတ်သွားတဲ့ ရထားတွေ အစင်းပေါင်းများစွာ။ ၀င်လာလိုက်ကြ ပြန်ထွက် သွားလိုက်ကြ...။တချို့အစင်းတွေက ကိုယ်ထိုင်နေရာဘက်ဆီသို့ ဦးတည်လာကြပြီး တချို့ကကိုယ်နဲ့ ဝေးရာဆီ။ဘယ်လိုပဲဖြစ်ဖြစ် မြင်ကွင်းက လှတော့လှတာပါပဲ...။

ရထားတစင်းက ထွက်ခွာချိန်မှာ...ရထားတစင်းနောက်ထပ် ရောက်လာမယ်... ဆိုတာမျိုးလား...။ခရီးကဖြင့် ဝေးလွန်းလှသည်။

ဖြတ်သန်းကျင်လည်နေရာ ကိုယ့်အသက် ဂယ်ပေါက်ကလေးထဲမှာကျတော့ တချို့လူတွေက ကိုယ့်ဆီလာကြပြီး တချို့ကို ကိုယ်ကထားခဲ့။

ကိုယ်ခုရပ်နားတဲ့ဘူတာအိုလေးမှာရော ဘယ်လောက်ကြာကြာ ရှိနိုင်ပါ့မလဲ။
တွေးမိတဲ့အခိုက် ရင်မခုန်နိုင်တော့ပေမယ့် ထွက်ခွာဖို့အလံစိမ်းထောင်ပြမယ့်အချိန်မှာ ကိုယ့်ဘက်က အသာတကြည် ရှိနေဖို့ပဲ လိုအပ်တာပါ..။

ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်အရှိတရားဖြစ်လို့....ကိုယ်ချစ်ခြင်းမေတ္တာက ကိုယ့်ဥစ္စာဓန ..။ပေးဝေရင်နှီးမိတာကလဲ ချစ်ခြင်း မေတ္တာတရားများသာ။ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။

ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။

စိတ်ထဲရွယ်စူးမိတာက ကိုယ်ကနောက်ဆုံးရထားလေးတစီး ဖြစ်ချင်ပြီး သူ့ ဘူတာလေးနားအရောက် ခပ်ကြာကြာလေး ခိုနားနိုင်ဖို့ ....။

Wednesday, August 25, 2010

.....

ဆံပင်တွေ ရှည်ပြန်ပြီ မေမေ..
အုန်းဆီလေး လိမ်းပြီး
ခေါင်းလေးဖြီးပေးပါဦး...။....။

mirror


Monday, August 23, 2010

အရိုးဆုံး စကားလုံးများ

ကျနော်တို့ ချစ်ကြတယ်...။
....။
ပွေ့ဖက်ကြတယ်
နမ်းမွှေးကြတယ်
ရီ(ရယ်)မောကြတယ်
သူ့မျက်ရည်တွေ ကျနော့်ရင်ဘတ်ပေါ် စီးဆင်းတယ်။

စိတ်ချင်းချိတ်ပြီး
အိပ်မက်ကမ္ဘာထဲ ညပေါင်းများစွာ ဖြတ်လျှောက်ကြတယ်။
ကြယ်တွေကို ရေတွက်ကြတယ်...။

ဝေးကွာတယ်။
နီးစပ်တယ်။
သူက ကျနော့်ကို နှင်လွှတ်ခဲ့တယ်။
ကျနော်က သူ့ကို ထားပစ်ခဲ့တယ်။

.....
....
ဒီလိုနဲ့...
ကျနော်တို့ ချစ်ကြတယ်..(လှုပ်ခတ်စွာ...တည်ငြိမ်စွာ..)
.....
......။

အလွမ်းနာနဲ့မှ...
ဆေးရုံတက်နေရသူ ကျနော့်အနား...
စကားလုံးတို့ က..မမြင်ကွယ်ရာထိ ပုန်းရှောင်ကြတဲ့အခါ.။
စာဖွဲ့ဖို့ရာ...မစွမ်းသာ..
...။

ရိုးရိုးလေးပဲ လွမ်းတဲ့အကြောင်း
ဒါဟာ..လွမ်းလွန်လွန်းလို့ ရေးတဲ့ စကားလုံး အစုအဖွဲ့များသာဖြစ်ကြောင်း...
သူ နှင့်တကွ
အများ....သိစေအပ်ပါတယ်။...။

mirror
(23.08.2010,On Bus No..197 )

Thursday, August 12, 2010

အပျင်းပြေ အပျော်ဖတ် ပိုစ့်

ဒီနေ့ ဟမ်းစတားပွဲစား လုပ်ဖြစ်တယ်။ကျောင်းကသူငယ်ချင်းက သူဂရုမစိုက်နိုင်တော့လို့ သူများပေးချင်တယ် ဆိုတဲ့ ဟမ်းစတားလေး နှစ်ကောင်ကို အိမ်က မိတ်ဆွေအကို ဆီ ယူလာပေးတာ။သူတို့နှစ်ဦးပါတဲ့ ခြင်းတောင်းလေး ဆွဲနေရင်းမှာ အသည်းတွေ တကျိကျိနဲ့ ယားနေတာ။ ဟမ်းစတားလေးတွေကို ညီညီတို့အိမ်မှာ တခါမြင်ဖူးတယ်။ဒါပေမယ့် သေချာအနားကို ကပ်မကြည့်ခဲ့ဘူး။ခုလဲကြောက်ပြီး ခြင်းတောင်းကို ကျွတ်ကျွတ် အိတ်နဲ့ အလုံပိတ်ပြီးကိုင်ထားမိတာ။အနားကတယောက်က သေကုန်ပါမယ်။သေကုန်ပါမယ် နဲ့ပြောမှ ဖွင့်ဖို့ သတိရတယ်။သူကတော့ အကောင်တွေ အတော်လေးချစ်သည်။အဲ့ဒီအကောင်လေးတွေမြင်ထဲက လှုပ်လှုပ် ရွရွကို ဖြစ်နေတာ..။

သတ္တ၀ါတွေကို မချစ်တတ်ပါဘူး။အမေ့အိမ်မှာ ခွေးရော၊ကြောင် ရောရှိတယ်။ တခါမှ အစာမကျွေးဖူးဘူး။ အမေ နယ်ဖတ်ပေးပြီးသားကို သူတို့ပန်းကန်ထဲ သွားထည့်ဆိုရင်တောင် မထည့်ပေးဘူး။

နွားတွေလဲရှိတယ်။ ပြောရရင် နွားတွေကို နည်းနည်းချစ်သေးတယ်။ကိုယ်တို့အိမ်မှာ နွားတွေ အများကြီးရှိတယ်။ သူတို့တွေနေတဲ့ တင်းကုပ်က ကိုယ်တို့အိမ်ထက်တောင် မြင့်သေးတယ်။အပြေးကောင်းပြီး လှလဲလှတဲ့နွားကြီးရဲ့ နာမည်က "တိုင်းကျော်" တဲ့။တကယ်လဲ တိုင်းကျော်တယ်။( ကြွားတာ မဟုတ်ရး)) ...) ဧရာဝတီတိုင်း ကို ကျော်ပြီး မန္တလေးထိ ကုန်တင်ကားတွေနဲ့ တင်သွားပြီး နွားလှည်းပြိုင်ပွဲ သွားပြိုင်ကြတာ သူ ပါသွားတယ်။

သေချာတော့ မမှတ်မိတော့ပါ။ အကိုငယ် လိုက်သွားတာပဲ။ ပြန်လာတော့ ငွေဖလားကြီး ၂ လုံးပါလာတယ်။ ခုထိ အဲ့ဒိ ဖလားကြီးတွေ အိမ်မှာ ရှိသေးတယ်။ဒါပေမယ့်တိုင်းကျော်ကြီး အိမ်မှာ ရှိသေးလား၊မရှိတော့ဘူးလား။ ကိုယ်မမှတ်မိတော့ဘူး။ ဒီတခါ ဖုန်းဆက်ရင်တော့ မေးကြည့်ဦးမှ..။

နောက်တကောင် နာမည်က "ဇိမ်း" တဲ့။ ဘယ်လိုခံစားချက်နဲ့ အဲ့နာမည်ကို မှည့်ခဲ့သလဲ မပြောတတ်ပါ။ အရောင်က ဖြူဖြူလေး။ တို ငုတ်ငုတ်လေးတွေပေမယ့် သူ့ ချို လေးတွေက လှတယ်။အဆစ်အပေါက် အတော်လှတယ်။မြင်လိုက်တာနဲ့ လင်းနေတာ။တိုင်းကျော်က အနီ။ဇိမ်း က အဖြူ.. ။ သူတို့ နှစ်ယောက်ကို ပြိုင်လှည်းလေးနဲ့ တွဲပြီးမြင်ရတာ ကိုယ်တို့ တနယ်လုံးမှာ အလှဆုံး...။ဒါပေမယ့် အဲ့ဒီကောင် ဇိမ်း ပေါ့။ ကိုယ့်ကို ခွေ့တာ..။ လည်ပင်းနားကို ခွေ့တာ.. လဲကျသွားတာ ပုံလျက်သားပဲ။ သူ ထပ်လိုက်လာပြီး နင်းပါ နင်းလိုက်မှာ စိုးတာနဲ့ ဒရောသောပါး လူးလဲထရတယ်။သူ့ကို ကိုယ် မစ ပါဘူး။အိမ်နောက်ဖေးဘက်က သရက်ပင်တွေထဲက တပင်မှာ ကြိုးချည်ပေးနေတာကို ဘာမပြော၊ညာမပြောနဲ့ ၀င်ဆောင့်တာ.. ။ကြည့်မရဘူး ထင်ပါတယ်။ အဲ့ဒီထဲက သူ့နားကို ကိုယ်လုံးဝ မကပ်တော့ဘူး။

နောက်.... နွားမကြီးနဲ့ နွားပေါက်ကလေး တွေလဲ ရှိသည်။ နွားမကြီး တခါသားပေါက်တိုင်း ကိုယ်တို့မှာ တခါစောင့်ကြည့်ပြီး ရင်ခုန်ရသည်။

ငယ်ငယ်တုန်းထဲက အမဲသားဆို ကိုယ်က လုံးဝ မစားဘူးတဲ့။ကလေးမို့ သံချချင်လို့ အမေက ထောပတ်နဲ့ အမဲသား နယ်ကျွေးရင် ထွေးထုတ်ပစ်သတဲ့။ဘာကြောင့်မှန်း မသိရ...။
နဲနဲခံစားတတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ့်ဘာသာကိုယ် မှတ်မိနေသည်။ "သားသတ်ကုန်းသို့.... မရုန်းဘဲ ညင်သာ....နှလုံးမရွှင်ပါသော်လည်း.... အားခဲလို့ တင်းကာလိုက်တာ...အိုကြီး အိုမ... အို..သနားစရာ့ နွားအလှညိုပြာ.. အနောက်က နေလုံး ပျောက်တော့မည့်ဆည်းဆာ..."....အဲ့ဒီသီချင်းကို ဟင်္သာတ ထွန်းရင်က ငိုသံပါလေးနဲ့ဆိုထားတာ..။အတော်လေးနှစ်သက်မိပြီး ဆိုညည်းဖြစ်တိုင်း မျက်ရည်တွေ တွေတွေကျနေတဲ့ နွားအိုကြီးတွေကို မျက်လုံးထဲမြင်လာသည်။"နုနယ်ငယ်စဉ်တုန်းက ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန် ပါ..။ ရွှံ့ဆိုသည်မှာ ကမ်ဗလာ၊နွံဆိုသည်ကား သူ့မွေ့ယာ.." .....
အို သနားစရာကောင်းလိုက်သည့် ဖြစ်ခြင်း...။သူ့မှာ သားသတ်ကုန်းကို မသွားလိုပါဘူးဟ ငြင်းလိုစိတ်၊ ရုန်းကန်လိုစိတ် မရှိတော့တာလား။ဒါမှမဟုတ် ငြင်းလို၊ရုန်းကန်ဖို့ကို အားမသန်လို့မာန်လျှော့ လိုက်လေသလား။ လိုက်ချင်လို့မဟုတ်ပေမယ့် အဲ့ဒီလမ်းမှာ သူ မရုန်းမိတော့ဘူးပေါ့..။

ပြီးတဲ့စနေ၊တနင်္ဂနွေတုန်းက ဖြတ်သွားဖြတ်လာနဲ့ လမ်းမပေါ်မှာ နွားပျိုလေးတွေမြင်တော့ cow ကို မြန်မာလို ဘယ်လိုပြောလို့ မြန်မာစကားမတတ်တဲ့သူ တယောက်ရဲ့ အမေးကို "နွား " လို့ပြောတော့.... ၀ဆွဲ သံပြောဖို့ ခက်တဲ့ သူတို့တွေက သဘောတကျ ရီမောကြသည်။နွားပျိုလေးတွေဆိုတော့ အသွေးအယောင်ကိုက လက်လက်ထနေသည်။ကွင်းပြင်ကျယ်ကြီးထဲမှာ ဇက်ကြောကြီးတွေစင်းပြီး မြက်နုလေးတွေ ငုံ့စားနေပုံက တကယ့် wild and free ပါပဲ..။

ဘာရယ် မဟုတ်ပါဘူး။ ဟမ်းစတားလေးတွေ ကို ကိုယ်ကြောက်တဲ့အကြောင်းစဉ်းစားရင်းကနေ အိမ်က နွားတွေ အကြောင်းထိ ရောက်ကုန်တာလေး ချလေးရမိတာပါ။ အပျင်းပြေ အပျော်ဖတ်ပေါ့...။

-----

မှတ်ချက်။ ။ နွားကြည့်ချင်သူတွေ ခုထဲက နာမည်စာရင်းပေးထားကြပါ..။ မယ်ရာပြန်တာနဲ့ အလည်ခေါ်ပါမယ်။