Thursday, May 28, 2009

ဒီနေ့မြင်သမျှ.... ဒီနေ့ကြားသမျှ..ဒီနေ့တွေးမိသမျှ

နာနတ်တောဂုံးကျော်တံတားအောက်က ဗဟိုလမ်းမပေါ်မှာ၊အတိအကျဆိုဂုံးတံတားနဲ့ပရီမီယာဘီယာဆိုင်ကြား။ ဗဟိုလမ်းမရဲ့ ဘယ်ညာတစ်ဖက်တစ်ချက်ဆီမှာ...အပေါ်အင်္ကျီဗလာနဲ့..
ခါးဝတ်ပုဆိုးကိုခါးတောင် မြောင်အောင်ကျိုက်လို့..အမျိုးသားတွေဟာ...မိုးဖွဲဖွဲအောက်မှာ..လက်တွေကို မိုးပေါ်ထောင်ပြီး ဘာတွေများ တောင်းဆိုနေပါလိမ့်လို့ မြင်မြင်ချင်းမှာ အတွေးဝင်မိတယ်..။

ကိုယ့်အတွေးနဲ့ကိုယ်မို့ပါ..။တကယ်တော့ သူတို့က သူတို့အလုပ်သူတို့လုပ်ကြတာပါ။ရန်ကုန်မြို့မှာ ဘယ်နေရာမှ မတွေ့မိသေးတဲ့ ဓာတ်ဆီ၊ဒီဇယ်ရောင်းနည်း အသစ်ပါ။ကားလမ်းမရဲ့ တစ်ဝက်လောက်မှာ နေရာယူ၊ မတ်တပ်ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားကြီးကားငယ်ကို..လက်ညှိုးတစ်ထောင်ထောင်နဲ့...ဆီရောင်းဖို့ အော်ခေါ် နေကြတာပါ..။အကြမ်းအရမ်းမောင်းလာမယ့် ကားအန္တရယ်၊ကားပေါ်က ဆရာသမားများရဲ့ ဆဲရေးတိုင်းထွာသံ..
အဲ့ဒါတွေကို ဂရုစိုက်စိတ်ပူနေဖို့ မအားဘူး။ဆီရောင်းရဖို့ကသာ အဓိက။

************************************

အာရှတော်ဝင်ဆေးခန်းကြီးရဲ့...အထူးကြပ်မတ်ကုသဆောင်ရှေ့မှာ...မရိတ်တာကြာပြီဖြစ်တဲ့နှုတ်ခမ်းမွေးစစနဲ့..
အရောင်မထွက်တော့တဲ့ ပလေကပ်ပုဆိုးကိုဝတ်ထားတဲ့ အမျိုးသားတစ်ဦး။သူ့ရှေ့ကြမ်းပြင်ကိုမျှော်လင့်တကြီးနဲ့
ငေးစိုက်ကြည့်နေတယ်..။အခန်းထဲမှာတော့ ပက်လက်ဖြစ်နေတဲ့၊ပါးစပ်ဟောင်းလောင်းပွင့်အာနေတဲ့ လူမမာအဖိုးအိုတစ်ဦး..။

နောက်ပြီး ................

"အိုဆရာနော်..သူများကကိုယ့်ဆရာမို့....ကိုယ်နောက်တာ..။ဆရာကမကြိုက်လဲ နောက်ဘယ်တော့မှ မနောက်တော့ဘူး။ဘ၀ပဲ ဘ၀ပဲ...သိလား ဘ၀ပဲဆိုတာ ဘာပြောတာလဲကိုရော...ဘ၀နဲ့ချီပြီးမှတ်တယ်လို့ ပြောချင်တာ။"

ပါးစပ်ထဲကို ယင်ကောင်ဝင်ဥတော့မယ့်...လူမမာကရော ဘ၀တစ်ခုကူးတော့လေမလား..။တစ်နေ့ကို သုံးလေးသောင်းနီးပါး အခကြေးငွေယူတဲ့ ဆေးခန်းကြီးတွေရဲ့ သူနာပြုဆရာမလေး နဲ့ တာဝန်ကျဆရာဝန်ဆီက ကြားရတဲ့အသံတွေရယ်......။


***************************************

ကမာရွတ်လှည်းတန်းလမ်းမဟာ အရင်ကနဲ့မတူတော့ဘူး။မြန်မာပြည်နဲ့ဝေးနေတဲ့သူတွေ ခုနေခါပြန်လာမိရင်...
ဟင် ..ဒါလားဟဲ့ လှည်းတန်းဆိုပြီး...တမော့တမော.....နဲ့...ငေးရင်းမောရင်း သတိကြီးစွာနဲ့ လမ်းလျှောက်တတ်ပါမှ
ဖြစ်မယ့်အထိ စည်ကားများပြားရှုပ်ထွေးပွေလီ လှပါတယ်..။

ရော်နာဒို၊မက်ဆီ၊အင်နီယေစတာစသဖြင့် သူတို့တွေဘောလုံးကစားကြတဲ့အခါမှာ ဘော်လုံးကို ဗယ်ဘက်ပဲ ထုတ်တော့မလို၊ညာဘက်ပဲထုတ်တော့မလို နဲ့ နောက်ဆုံးမှာ ဘော်လုံးကိုရှေ့ကိုအရင်ကန်ထုတ်တတ်တယ်။ ဒီလိုမှမဟုတ်လဲ ဘော်လုံးနောက်ကိုပဲ လိုက်တော့မလို အရင်ဆုံးကိုယ်ယောင်ပြတယ်။ပြီးကာမှ မလိုက်ပဲ ဘေးဘက်ကပွတ်ပြီးဆွဲတက်သွားတယ်..။အဲ့လိုမျိုးစတိုင်နဲ့ လမ်းလျှောက်တတ်ပါမှ...ကမာရွတ်လှည်းတန်းကို လာခဲ့လို့ရမယ်..။မဟုတ်ရင်တော့...ရေတစက်စက်ကျနေတဲ့ထီးတွေရဲ့ အစွန်းတွေနဲ့ ကိုယ့်မျက်လုံးထိုးမိကောင်း
ထိုးမိနိုင်တယ်။
ကိုယ်ကရှောင်နေရဲ့သားနဲ့ ဘုန်း...အင့်ဆိုပြီး တစ်ကိုယ်လုံးနီးပါးနဲ့ ၀င်ဆောင့်တာမျိုးလဲ ရှိတတ်တယ်။

ဆုတ်..ဆုတ်...ဆုတ်..။ပါကင်၊ပါကင်..ဟေး မြန်မြန်လျှောက်..ဒီမှာကားပါကင်....ဆိုတာမျိုးလေးတွေကလဲ နားဝင်ပီယံ...။

အဆိုးဆုံးကတော့ မြောက်ဥက္ကလာ-သိရိမင်္ဂလာဈေးသွားတဲ့ ၁၀၂ ဒိုင်နာနဲ့ မှော်ဘီ၊ပဲခူး၊တိုက်ကြီး-သိရိမင်္ဂလာဈေးသွားတဲ့ ဟိုင်းလက်စ်ကားလေးတွေပါ..။ကျောချမ်းတယ်ဆိုတာ ဘယ်လိုအချိန်မျိုးကို ခေါ်တာလဲ့ မသိပါ။ကမာရွတ်လှည်းတန်းလမ်းမပေါ်မှာတော့ တကယ်ကျောချမ်းစရာကောင်းပါတယ်။

ကားတိုက်ခံရမလိုဖြစ်ဦးမလား။အင်အားကြီးနဲ့ အင်အားငယ်..လမ်းပေါ်ကလမ်းလျှောက်သူတွေသာ အမနာပ အဆဲအဆိုခံရမယ်။ဘုကြည့်ပြန်မကြည့်မိပါစေနဲ့...။ကားပေါ်က ကားဆရာရော၊ကားနောက်လိုက်ပါ သံချောင်းကိုင်ပြီး ဆင်းလာပါလိမ့်မယ်..။သည်းခံခြင်းသည်သာ ကိုယ့်လက်နှက်၊ကိုယ့်ပိုင်ဆိုင်မှု.....။

ထို့အပြင်...ကျွန်ုပ်တို့ ဘာများတတ်နိုင်လိမ့်မည်နည်း...။

Tuesday, May 26, 2009

ဂဏန်းသင်္ချာ

9-3=5.5
(ကိုးအနှုတ်သုံးညီမျှခြင်း ငါးဒဿမငါး)

ကျမဆယ်တန်းတုန်းက သင်္ချာဂုဏ်ထူးရခဲ့တာ...အစစ်အမှန်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုသံသယ၀င်မိတယ်.။

အပြန်ပြန်အလှန်လှန်ကြိုးစားကြည့်ပြီးပြီ..။ဘာကြောင့် ၅ ဒဿမ ၅ ပဲရနေရတာပါလိမ့်ပေါ့..??????
(ဒီလောက်လွယ်တဲ့ ဂဏန်းသင်္ချာကိုလေ...)

အစ်ကိုတို့၊အစ်မတို့လဲ ၀ိုင်းစဉ်းစားပေးခဲ့ကြဦးနော်..။

Saturday, May 16, 2009

မုဒုံ ရက်စွဲများ

သင်္ကြန်အကျနေ့မှာ သူတို့တွေ အပြင်ထွက်လည်ဖြစ်ကြတယ်။မုဒုံသူရဲ့အဒေါ်က ကားစီစဉ်ပေးတယ်။အဲ့ဒိနေ့က မိုးကတဖွဲဖွဲရွာနေတယ်။စိတ်ရှိလက်ရှိ ခိုင်းချင်တိုင်းခိုင်းထားလို့ ကျနေတဲ့ ကားအကောင်းစားတွေ၊ ထော်လာဂျီ ယာဉ်တွေ၊သုံးဘီးတပ်ဆိုင်ကယ်တွေ၊အိတ်ဇောသံတဗျင်းဗျင်းနဲ့ ဆိုင်ကယ်တွေ..၊အီမိုလူငယ်တွေ.......။ အဲ့ဒါတွေကြည့်ပြီး စိတ်ကူးကိုရွက်လွှင့်မိခဲ့တာ....ကျိုက္ခမီရေလည်ဘုရားနဲ့ စက်စဲကမ်းခြေထိရောက်ခဲ့တယ်...။


ကျိုက္ခမီရေလည်ဘုရား


ကျိုက္ခမိရေလည်ဘုရားနားကလှမ်းမြင်ရတဲ့မြင်ကွင်းတစ်ခုပါ။
လှလဲသိပ်မလှသလို အဲ့ဒီကမြင်နေရတာဟာ ဘာမှန်းလဲသေချာမသိခဲ့ရပါဘူး။သို့ပေမယ့်အဲ့ဒိနေ့က မိုးတွေညိုပြီး
တစ်ယောက်ယောက်ကို လွမ်းနေတဲ့သူ့အတွက်တော့ ဒီမြင်ကွင်းကလဲ လွမ်းစရာပါပဲ။


စက်စဲကမ်းခြေအတွင်းသို့ မည်သည့်ကားမှ ၀င်ရောက်ခွင့်မရှိဆိုလို့ သူတို့တွေ ကားဆီကနေကမ်းခြေကိုရောက်ဖို့ ၅ မိနစ် လောက်လမ်းလျှောက်ခဲ့ရတယ်။ဒါပေသိ ဒီလိုကားကြီးတွေန့တော့ ဒီလိုတွေ့ရသေးတတ်တာပဲလေ။
ဘယ်သူတွေလဲ၊ဘယ်သူ့ကားလဲဆိုတာတော့ ချွင်းချက်အနေနဲ့ မပြောတော့ဘူးနော်၊


သံဖြူဇရပ်စစ်သင်းချိုင်းရှေ့က ကျောက်ထွင်းထားတဲ့စာ...။

ဒီမှတ်တိုင်ရဲ့ အသက်က ၂၂ ပဲရှိသေးတယ်။အသက် ၁၈ နှစ်ကနေစပြီး အသက် ၄၀ လောက်ထိအကြီးဆုံးလို့ ပြောလို့ရတဲ့ လူငယ်၊လူရွယ်တွေဟာ အဲ့ဒိရထားလမ်းမအတွက် သူတို့အသက်တွေရင်းခဲ့ရတယ်..။


သင်္ကြန်ရဲ့ ပူပြင်းခြောက်သွေ့အထီးကျန်လှသော ညများကို မုဒုံမြို့မှာ ကုန်လွန်ခဲ့တယ်။


ဒါကတော့ ခရီးသွားဖို့ ၁ လလောက်အလိုထဲက ကြိုတင်ရင်ခုန်ခဲ့ရတဲ့ မုဒုံမြို့ရဲ့ သင်္ကြန်မောင်များဖြစ်ကြပါတယ်။

ဆိုင်ကယ်မှာ စတစ်ကာကပ်တာ၊ဆိုင်ကယ်ကို အိတ်ဇောဖြုတ်ပြီး တဗျင်းဗျင်းအသံမြည်အောင်လုပ်တာဟာ သူတို့မြို့သင်္ကြန်ဖက်ရှင်ရေစီးကြောင်းတစ်ခုလို ဖြစ်နေပြီ မုဒုံသူကတော့ပြောရဲ့၊

အားလုံးလိုလိုကလဲ မူးနေသလို၊ အော်ဟစ်ဆူပူနေကြတာမို့ အိမ်အပြင်ကိုထွက်ပြီးဓာတ်ပုံမရိုက်ရဲခဲ့ဘူး။ ဂျောက်ဂျက်သီချင်းထဲကအတိုင်းတွေ့သမျှ မိန်းကလေးကိုဘယ်သူလေးလဲလို့မေးကြတယ်။သူ့အတွေးဆီရောက်လာတာက သြော် ဒါလေလား ဂျောက်ဂျက်ရဲ့ ဘ၀၊ဒါလေလား ဂျောက်ဂျက်ရဲ့ မကျေနပ်ချက်တွေလို့လေ..။
ဒါကြောင့် ဓာတ်ပုံရဲ့အလည် တည့်တည့်မှာမှာ ဓာတ်မီးတိုင်ကြီးက ရောက်နေတယ်.. :)

ဒီလိုပြင်ဆင်ပြီး သင်္ကြန်ကျ ကြတယ်။

ဒီလောက်နဲ့ပဲနားပါဦးမယ်...။ကော်နက်ရှင်လဲကောင်းရင်၊ဓာတ်ပုံချိတ်လို့လဲအဆင်ပြေမယ်ဆိုရင်...
မုဒုံမြို့အဇင်းဆည်သွားခရီးနဲ့ မြ၀တီ၊မဲဆောက်ဘက် အမှတ်တရ၊နောက်ပြီး ပြာသိုအဖြစ်ဘ၀ပြောင်းသွားရှာတဲ့
ဘလော့ဂါမောင်မျိုးနဲ့ တွေ့ဖို့ကြိုးစားခန်းတွေပါ ဆက်ပါဦးမယ်..:)

မှတ်ချက်။ ။ကျမပိုစ့်တိုင်းမှာ ဆက်ဖတ်ချင်ရင်ဆိုတဲ့ Read more တွေပေါ်နေလို့ ကိုယ်တိုင် စိတ်အနှောက် အယှက်ဖြစ်ရပါတယ်။ဒါကိုပြင်နေတုန်းပဲ ရှိပါသေးတယ်။
မနေ့ညကလဲ ပြင်ဆင်ရင်းစမ်းသပ်မိလို့ ပိုစ့်တစ်ပုဒ်တခြားလူတွေဆီမှာ သွားပေါ်နေလို့ အားနာမိပါတယ်။
ဒီပိုစ့်မှာလဲ ပေါ်နေဦးမယ်ထင်ပါရဲ့။သည်းခံတော်မူကြပါကုန် :P

Saturday, May 09, 2009

ဥပဒေဆိုတာ ဘာလဲဗျာ

ကျမနေတဲ့ ရပ်ကွက်ထဲမှာ ဒီမနက်မှ မြင်ခဲ့ရတဲ့မြင်ကွင်းတစ်ခုပါ။

စမြင်မြင်ချင်းမှာက ဗမာအမျိုးသားတစ်ယောက်ကနိုင်ငံခြားသားတစ်ယောက်ရဲ့ မေးရိုးကိုဖျတ်ခနဲလှမ်းကိုင် လိုက်ပြီး မျက်နှာကိုလက်သီးနဲ့ ထိုးမလို့။ဒါပေမယ့် ဘေးနားကဗမာမ တစ်ယောက်က၀င်ဆွဲလိုက်တာနဲ့ မထိုးဖြစ် လိုက်ဘူး။အဲ့ဒိအချိန်မှာ ဗမာအမျိုးသားက ပြောလိုက်တာက "အဲ့ဒါဆိုခင်ဗျားပြောပေးလေ"တဲ့။ ဘာဖြစ်တာလဲ ...ဘာဖြစ်တာလဲ.။သေချာမသိပါ။လူတွေနဲနဲဝိုင်းအုံတာနဲ့အတူ သူတို့နားလဲ ကပ်မနေရဲတာနဲ့ သူတို့နဲ့ခပ်လှမ်းလှမ်းဆီကို ထွက်လာခဲ့တယ်။

ခဏနေတော့ သူတို့ သုံးယောက်က ၀ိုင်းကြည့်နေတဲ့လူအုပ်ကြီးကို ထားခဲ့ပြီးထွက်သွားတယ်။အမှန်တကယ်က
သုံးယောက်လုံးထွက်သွားတာမဟုတ်ဘူး။နိုင်ငံခြားသားရယ်၊ဗမာမရယ်က ထွက်သွားလို့ နောက်ကနေ ဗမာအမျိုးသားက လိုက်သွားတာ။ရှေ့က ၂ ယောက်ကအပြေးတပိုင်းနဲ့သွားတယ်။နောက်ကလူကလဲ မှီအောင်လိုက်တယ်။

ကျန်ခဲ့တဲ့လူအုပ်ထဲဆီက ကြားရတာက ကားခညှိမရလို့ ပြဿနာတက်ကြတာပါတဲ့..။

သူတို့ကျမမျက်စိရှေ့နေ ခဏပျောက်သွားတယ်။ ၁၀ မိနစ်လောက်အကြာမှာ ဗမာအမျိုးသားတစ်ယောက်ထဲ ပြန်လာတယ်။ဒေါသတွေ တထောင်းထောင်းထွက်လို့။ကျမ အစ်ကိုက သွားစပ်စုတယ်။သူပြန်လာတော့မှ စေ့ငုံအောင်ကြားရတော့တယ်။

အဖြစ်အပျက်က ဒီလိုပါ။ဗမာအမျိုးသားက taxi driver ။သူတို့ ၂ ယောက်ကတစ်မနက်လုံးသူ့ကားကို ငှားထားခဲ့ပါသတဲ့။ဈေးကိုလဲ လမ်းတိုလေးတွေ ဟိုသွားဒီသွားမို့လို့ ၅၅၀၀ ဆိုပြီးညှိနှိုင်းထားခဲ့ကြပါသတဲ့။

သူတို့လဲ ကားပေါ်ကဆင်းရော ကားဆရာက ၅၅၀၀ တောင်းပါတယ်။ဒါကို နိုင်ငံခြားသားက မပေးပဲ ၃၀၀၀ ပဲပေးပါတယ်တဲ့။"မင့်ကားက မီတာတပ်ထားတဲ့ကား။ဒီတော့ မီတာအတိုင်းအတွက်သင့်ကျပဲ ပေးမယ် "ဆိုပြီး ၃၀၀၀ ပဲပေးပါတယ်တဲ့။(မီတာက ၅၀ တစ်မီတာကို ဘယ်လောက်။စသဖြင့် ဒါမျိုးတွက်ကြတာလားတော့ မသိပါဘူး)ဒါကြောင့် ကားဆရာက စိတ်တိုပြီး ရန်ဖြစ်ကြတာပါပဲ။(ဒါတွေဟာကျမတို့ အစိုးရရဲ့ ပဲကြီးဟင်း သောက်ထား တဲ့အလုပ်တွေရဲ့ နောက်ဆက်တွဲတွေပါ)

ကားဆရာအပြောအရဆိုရင်တော့ သူနဲ့သေချာညှိနှိုင်းခဲ့တဲ့ ဗမာမကလဲ ခုကျတော့ ဘာမှဝင်မပြောတော့ပဲ ကျနော်ကလဲ အင်္ဂလိပ်လိုမတတ်တော့ ဘယ်လိုသွားပြောမလဲ။အဲ့ဒါ သူတို့ကထွက်သွားမယ်ဆိုတော့ကျနော်က မော်တော်ပီကယ်ဆီ(ပရုပ်လုံး)ခေါ်သွားတာပါ။အဲ့ဒါကို ဆရာသမားများကလဲ "မင်းလဲ သူပြောတာ နားမလည်ဘူး။" "အေး ငါတို့လဲ နားမလည်ဘူး။ဒီတော့ ငါတို့လဲ ဖြေရှင်းမပေးနိုင်ဘူး။ သူပေးသလောက်ပဲ မင်းယူ" လို့ ဆိုလိုက်ပါသတဲ့..။

"ဥပဒေ ဆိုတာ ဘာလဲဗျာ " ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကားဆရာလေးခမျာထွက်သွားပါတော့တယ်...။
ကဲ.... "ဥပဒေဆိုတာ ဘာလဲ "....လို့....ဘယ်သူ့ကို ကျမတို့မေးလို့ရနိုင်မလဲ......။

Monday, April 27, 2009

မော်လမြိုင်ရက်စွဲများ

မနက်ဝေလီဝေလင်းမှာပဲ မော်လမြိုင်ကားကြီးဝင်းထဲကို ရောက်တယ်။ အရင်တုန်းကတော့ ဈေးချိုအရပ်မှာ ကားတွေအားလုံးရပ်နားကြတယ်လို့ မုဒုံသူ-သူငယ်ချင်းကပြောတယ်။ ခုတော့ အပြောင်းအလဲတွေ သိပ်လုပ်တတ်တဲ့ လူကြီးမင်းများရဲ့စေတနာကြောင့် မွန်ပြည်နယ်တွင်း သွားလာတဲ့ ကားတွေပဲ ဈေးချိုမှာ ကျန်ခဲ့ပြီး ရန်ကုန်နဲ့ဆက်သွယ်တဲ့ကားမှန်သမျှ အသစ်တည်ဆောက်ထားတဲ့ အဝေးပြေးကားဝင်းအသစ်မှာ ရပ်နားကြရတယ်။ အဲဒီအတွက် အခွန်အခတွေ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားတာတွေလည်း ရှိကောင်း ရှိမယ်ပေါ့။

လူလုံးမကွဲခင်အချိန်မှာ လေးဘီးကားစုတ်စုတ်လေးနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့မြို့ကလေးထဲ ကိုယ်တို့ သူငယ်ချင်း ၅ ယောက်ခြေဆန့်လို့နေမိခဲ့ပြီ။

၂ ညတာတည်းခိုရမယ့် ငွေမိုးဟိုတယ်ကိုရောက်တော့ ကိုယ်တွေ ကြိုတင်မှာထားတဲ့အခန်းထဲကလူတွေ check out မလုပ်သေးတဲ့အတွက် ၅ ယောက်သား ငူငူငေါင်ငေါင်နဲ့ ထိုင်နေကြရတယ်။ ကိုယ်ကတော့ အငြိမ်မနေနိုင်ဘူး။ မျက်နှာချင်းဆိုင်မှာ သံလွင်မြစ်ကြီး ရှိတယ်လေ။သံလွင်ဆီ သွားငေးနေလိုက်တယ်။
နောက်ပြီး သံလွင်နဲ့အပြိုင်လမ်းလျှောက်ပစ်လိုက်တာ လေးငါးမီတာလောက် ရောက်သွားခဲ့တယ်။

သံလွင်မြစ်နဲ့ မနက် ၆ နာရီ

မော်လမြိုင်ကမ်းနားလမ်းမကြီးအတိုင်း ကိုယ့်ခြေလှမ်းတွေက မရပ်မနား လျှောက်နေမိတယ်..။ ကိုယ့်ဘေးကပ်ရပ်မှာက တသွင်သွင်စီးနေတဲ့သံလွင်မြစ်ရယ်၊ တသုန်သုန်နွဲ့နေတဲ့ လေနုနုရယ်နဲ့အတူ ဘယ်ကို ဦးတည်မှန်းမသိဘဲ တစ်ယောက်တည်း လမ်းလျှောက်လို့။

*******************************

မော်လမြိုင်မြို့ရဲ့ နွေနေ့လည်ဟာ ရန်ကုန်နွေလိုကျွပ်ကျွပ်ပူလို့ မနေပါဘူး။ နေက ပူပြင်းတယ်။ ဒါပေမယ့် သစ်ပင်တွေရှိတယ်။ ခပ်လှမ်းလှမ်းမှာ တောင်တန်းတွေရှိတယ်။ ဒါကြောင့် တိုက်ခတ်လာတဲ့ လေကအေးမြမြနဲ့။ ဟိုတယ်မှာ ခဏတဖြုတ်နားကြပြီးတော့
မော်လမြိုင်ဈေးကြီးထဲလျှောက်လည်ဖြစ်ကြတယ်..။

ဈေးထဲက ကလေးတွေ ရေပက်ကြတယ်။ အိန္ဒိယလူမျိုး၊ ဗမာလူမျိုး၊ မွန်လူမျိုး၊ ကရင်လူမျိုး ကလေးအမျိုးစုံပဲ အကြိုနေ့မှာကတည်းက ရေပက်ကြတယ်။ ကိုယ်တို့အဖွဲ့က မျက်နှာစိမ်းတွေဆိုတော့ သူတို့က အားနဲ့ကို ဗွမ်းဗွမ်းနဲ့ပက်ကြတာ။ သူတို့အချင်းချင်း ပျော်ရွှင်အော်ဟစ်ပြီးပြောဆိုနေကြတဲ့ မွန်သံဝဲ၀ဲစကားသံတွေကို ကိုယ်တို့နားမလည်ကြဘူး။ ရယ်ရတာ တစ်ခု
ကြုံရသေးတယ်။ လက်သည်းဆိုးဆေးဖျက်ဖို့ ဂွမ်းတစ်ထုပ်ဝယ်ကြတော့ ဈေးရောင်းတဲ့မွန်မလေးက " ဂွမ်းတစ်ထုပ် တစ်ရာ " လို့ပြောတယ်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနဲ့က " ဂွမ်းတစ်ထောင့်တစ်ရာ " လို့ ကြားတယ်။ လက်သည်းဖျက်တဲ့ ဂွမ်းကိုပြောတာနော၊ ဟုတ်တယ်လေ တစ်ထောင့်တစ်ရာနဲ့။ တစ်ခုခုလွဲနေမှန်းတော့သိတယ်။။ သူကလည်း ရယ်၊ ကိုယ်တွေကလဲရယ်နဲ့ လိုရင်းကို မရောက်ဘူးဖြစ်နေတာအတော်ကြာ။ နောက်ဆုံး ကိုယ့်သူငယ်ချင်း မွန်မလေးရောက်လာပြီး ရှင်းပြမှပဲ ဇာတ်လမ်းက ပြီးလို့ရတယ်..။

**********************************
ဟိုးဘက်ခပ်လှမ်းလှမ်းမှာ မြင်နေရတာသံလွင်၊ ကျမဓာတ်ပုံရိုက်ဖို့နေရာယူထားတာက ကျိုက်သံလံဘုရားကုန်းတော်ပေါ့။ သံလွင်နဲ့ ဓာတ်ပုံရိုက်သူကြားက အနီရောင်အဆောက်အဦတွေက မော်လမြိုင်ထောင်ပါ။

မော်လမြိုင်မှာရှိတဲ့ဘုရားတွေကို သူငယ်ချင်းရဲ့မောင်လေးတွေရဲ့ ကုသိုလ်ယူပို့ဆောင်မှုနဲ့ ရောက်ခဲ့တယ်။
သိပ်စပ်စုချင်တဲ့ ကိုယ့်အဖို့တော့ အကြောင်းအရာတခုခုသိချင်လို့ မေးလိုက်လေတိုင်း ကျနော် မသိဘူးဗျ၊၊ ကျနော်မသိဘူးဗျနဲ့ပဲ အဖြေပြန်ရတာကိုတော့ မကျေနပ်ချင်ဘူး။ ဒါပေသည့် ဆိုင်ကယ်နဲ့ တနေကုန် လိုက်ပို့တာကိုပဲ ကျေးဇူးတင်ရဦးမှာ မဟုတ်လား။

သူတို့အခေါ် "တောင်ပေါ်တန်း" ဆိုတဲ့ မော်လမြိုင်တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ ဘုရားတွေအဆူဆူရှိတဲ့ တောင်ပေါ်ဆီလည်း ရောက်ဖြစ်ကြတယ်။ မော်လမြိုင်တက္ကသိုလ်နားက ပုဂ္ဂလိက ပျဉ်ထောင်အိမ် အဆောင်လေးတွေ နားရောက်တော့ သြော်... ဒီလိုမျိုးအိမ်လေးတွေမှာ လာနေပြီး စာရေးရရင် ဘယ်လောက်ကောင်းမလဲလို့ မမေ့မလျော့ တွေးမိသေးရဲ့။


ကျိုက်သံလံ ဘုရားပုံတော်ပါ။ မော်လမြိုင်မှာလည်တဲ့ ၂ ရက်လုံးမိုးအုံ့နေလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေပါဘူး။ စိတ်တိုင်းလည်းမကျဘူး။

တောင်ပေါ်တန်းက ဘုရားတန်ဆောင်းတစ်ခုမှာ ဘုရားဝတ်ပြုပြီး အလှူငွေထည့်တယ်။ အလှူခံတဲ့ ဂေါပက အဘ နဲ့ စကားတွေဖေါင်ဖွဲ့မိတဲ့ ကိုယ့်ကို သူငယ်ချင်းတွေက စိတ်မရှည်ကြဘူး။ ကိုယ်မြင်နိုင်တဲ့ နေရာတွေကနေ မျက်ရိပ်မျက်ကဲတွေပြပြီး လှမ်းခေါ်ကြတယ်။ အဘရဲ့ စကားပွဲပေါ်မှာ ဖိပြီးတင်ထားတဲ့ မှန်အကြည်အောက်မှာ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေအစုံရှိတယ်။ တပုံချင်းကို ဒီပုံက ဘယ်တုန်းက ဘယ်အခမ်းအနားမှာ ရိုက်ထားတာ၊ ဒီပုံက ဘယ်နိုင်ငံမှာ ရိုက်ထားတာစသဖြင့် ဂေါပက အဘက ရှင်းပြနေတာကြောင့် အချိန်ယူစကားပြောဖြစ်တာပါ။

စကားလက်စသပ်ခါနီးမှာ ပြောသွားတဲ့ စကားတစ်ခွန်းက " သမီးလေးရေ အဘတို့လည်း လွတ်လပ်ရေး တိုက်ပွဲတုန်းက တတ်အားသရွေ့တော့ ပါဝင်ခဲ့တာပဲ။ မပါဝင်လို့လဲမရဘူးလေ။ ဘာလို့ မပါဝင်လို့မရသလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကပြောတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ပြည့်တန်ဆာဆိုရင်တောင် ပြည့်တန်ဆာလည်း ကိုယ့်နိုင်ငံအတွက် ကျရာနေရာကနေ တော်လှန်တိုက်ခိုက်ရမှာပဲလို့ ဆိုထားတာကိုး။ ဒီတော့ ဒီလိုပဲ အဘတို့တွေလုပ်ခဲ့ရတာပါပဲ " ဆိုပြီး ဆို့နင့်နေတယ်။ သူ့စကားဆုံးတော့ လေးလံလွန်းလှတဲ့ ခြေလှမ်းတွေနဲ့ သူ့အနားက ထွက်လာခဲ့ရတယ်။

*****************************************

ဆက်ပါဦးမယ်.. :)